အခန်း (၂၀၄၃-၂၀၄၄)
Vol. 205 Ch. 2043-2044
အခန်း (၂၀၄၃) တစ်ပုံပြ၍ ကိုးပုံဝှက်ခြင်း
သူတော်စင် ချီယန်သည် ထိုနေ့၌ ဝတ်စုံဖြူဝတ် အကြီးကဲအား တွေ့မြင်လိုက်ရပြီးနောက်ပိုင်းတွင် ဖန့်ချန်ကို အချိန်ကာလတစ်ခု ကွာခြားပြီးမှသာ တစ်ခါတစ်ရံ တွေ့မြင်နိုင်တော့သည်။
သူသည် ဖန့်ချန် မည်သည့်နေရာတွင် ရောက်ရှိနေမှန်းကို လုံးဝ မသိရှိရချေ။ မဟာမိတ်အဖွဲ့၏ နယ်မြေပြင်ပ၌ လွင့်ပါးတိမ်းရှောင်နေဆဲလား သို့မဟုတ် မဟာမိတ်အဖွဲ့သို့ ပြန်လည်ရောက်ရှိနေပြီလား ဆိုသည်ကိုလည်း မသိရပေ။
ယခုအခါ အတွင်းကမ္ဘာနယ်မြေထဲ၌ နောက်ထပ်တစ်ကြိမ် ထူးခြားသော အပြောင်းအလဲများ ဖြစ်ပေါ်လာပြီး နတ်ဘုရားစွမ်းရည်အသစ်တစ်ခုမှာလည်း ကမ္ဘာမြေပြင်အထက်၌ ထုဆစ်ပုံဖော်ခြင်း ခံရတော့မည် ဖြစ်ရာ အတွင်းကမ္ဘာနယ်မြေ၏ အခြေခံအုတ်မြစ်ကို ပိုမို၍ ခိုင်မာနက်နဲသွားစေသဖြင့် ချီယန်၏ စိတ်ထဲ၌ မရေမတွက်နိုင်သော ခန့်မှန်းချက်များ မလွဲဧကန် ဖြစ်ပေါ်လာရတော့သည်။
နောက်ထပ် စက္ကန့်အနည်းငယ်အတွင်း သူသည် ဖန့်ချန်က အတွင်းကမ္ဘာနယ်မြေ တံခါးဝပြင်ပမှ လျှောက်လှမ်းဝင်ရောက်လာသည်ကို တွေ့မြင်လိုက်ရ၏။
ဖန့်ချန်သည် သူ့ကို ဂရုစိုက်မနေတော့ဘဲ အတွင်းကမ္ဘာနယ်မြေ၏ ကောင်းကင်ယံထက်သို့ မော့ကြည့်လိုက်ရုံမျှသာ ပြုလုပ်လိုက်သည်။
အကြောင်းရင်းမရှိဘဲ ဆွေးမြည့်တုန်လှုပ်ဖွယ် ကောင်းသော စိတ်မကောင်းခြင်း ခံစားချက်တစ်ရပ်သည် သူတို့နှစ်ဦးစလုံး၏ စိတ်နှလုံးထဲသို့ အလုံးအရင်းနှင့် တိုးဝင်လာခဲ့တော့သည်။
ကောင်းကင်ယံထက်၌ ဆန်းကြယ်လှသော ဓားဆန္ဒ စွမ်းအင်တစ်ခုသည် ဖြည်းညှင်းစွာ စုစည်းတည်ဆောက်နေပုံရသည်။
ထိုအချိန်နှင့် တစ်ပြိုင်နက်တည်းမှာပင် အခြားသော နတ်ဘုရားစွမ်းရည်များအားလုံးသည်လည်း လှုပ်ခတ်သက်ဝင်လာကြ၏။
သူတော်စင် ချီယန်သည် ရုတ်တရက် တစ်စုံတစ်ခုကို အာရုံခံမိသွားပြီး မသိစိတ်အတိုင်း လက်ကိုမြှောက်၍ ပါးပြင်ကို ပွတ်သပ်လိုက်ရာ ပါးပြင်ထက်၌ မျက်ရည်များဖြင့် စိုစွတ်နေပြီ ဖြစ်ကြောင်း သိလိုက်ရတော့သည်။
"ငါ... ငါ ဘာဖြစ်လို့ ငိုနေရတာလဲ။ ဒါက ဘယ်လိုမျိုး နတ်ဘုရားစွမ်းရည်လဲ"
သူတော်စင် ချီယန် အကြီးအကျယ် တုန်လှုပ်ခြောက်ခြားသွားရသည်။
သူသည် သူတော်စင်အဆင့်သို့ ရောက်ရှိခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်ရာ ငိုကြွေးခြင်း၏ ခံစားချက်ကို မမှတ်မိတော့လောက်အောင်ပင် ဖြစ်နေခဲ့ပြီ ဖြစ်သည်။
သူသည် တိုက်ခိုက်ခြင်း ခံရသည့် အချိန်၌လည်းကောင်း၊ ဤအတွင်းကမ္ဘာနယ်မြေထဲ၌ ဖိနှိပ်ချုပ်ချယ်ခြင်း ခံထားရသည့် အချိန်၌လည်းကောင်း တစ်ခါမျှ မငိုကြွေးခဲ့ဖူးချေ။
သို့သော် ယခုအချိန်တွင်မူ သူ ငိုကြွေးနေမိချေပြီ။
ငိုကြွေးနေမိရုံတင်မကဘဲ သူ၏ စိတ်နှလုံးထဲ၌လည်း နှစ်ပေါင်းများစွာအတွင်း သူ ဖြတ်သန်းခဲ့ဖူးသော အကြောင်းအရာများ၊ ကိစ္စရပ်များ တစ်ခုပြီးတစ်ခု ရုတ်တရက် ပေါ်ပေါက်လာရတော့၏။
ယခင်က ထိုအကြောင်းအရာများသည် သူ့အတွက် အရေးမပါသော အသေးအဖွဲ ကိစ္စရပ်များသာ ဖြစ်ခဲ့သော်လည်း ယခုအချိန်တွင်မူ ထိုအကြောင်းအရာများကြောင့် နောင်တရခြင်း၊ မိမိကိုယ်မိမိ အပြစ်တင်ခြင်း၊ စိတ်မကောင်းဖြစ်ခြင်း ဝေဒနာများကို ပြင်းထန်စွာ ခံစားနေရသည်။
ဤကဲ့သို့သော စိတ်ခံစားမှုများ ပြင်းထန်လာသောကြောင့်သာ သူ၏ မျက်ဝန်းများထဲမှ မျက်ရည်များ စီးကျလာရခြင်း ဖြစ်ပေသည်။
"ဘာဖြစ်လို့ ငါက စိတ်မကောင်း ဖြစ်နေရတာလဲ"
သူတော်စင် ချီယန်သည် မသိစိတ်အတိုင်း ဖန့်ချန်ကို လှမ်းကြည့်လိုက်ရာ ဖန့်ချန်မှာမူ ထိုမျှလောက် ပြင်းထန်သော သက်ရောက်မှုမျိုး ခံရပုံမပေါ်သည်ကို တွေ့လိုက်ရသည်။
နောက်ထပ် နေ့ဝက်ခန့် ကုန်လွန်သွားသောအခါ ထိုဓားဆန္ဒ စွမ်းအင်သည် လုံးဝဥဿုံ စုစည်းတည်ဆောက်ခြင်း ပြီးဆုံးသွားခဲ့ပြီး နတ်ဘုရားဓားတစ်စင်းအဖြစ် ပြောင်းလဲကာ အတွင်းကမ္ဘာနယ်မြေ၏ ကောင်းကင်ယံထက်၌ စိုက်ထူလျက် တည်ရှိနေတော့၏။
ထိုအချိန်နှင့် တစ်ပြိုင်နက်တည်းမှာပင် ရှစ်မျက်နှာအရပ် ဓားကျမ်း သည်လည်း နတ်ဘုရားဓားတစ်စင်းအဖြစ် အလားတူ ပြောင်းလဲသွားခဲ့ပြီး ဤဓား၏ ဘေးနား၌ နတ်ဘုရားစွမ်းရည် အရှိန်အဝါများကို အဆက်မပြတ် ထုတ်လွှတ်နေကာ အခြားသော နတ်ဘုရားစွမ်းရည်များကဲ့သို့ပင် အသစ်ထုဆစ်ပုံဖော်လိုက်သော နတ်ဘုရားစွမ်းရည်ကို လေ့လာစောင့်ကြည့်နေကြပုံရသည်။
"သူတော်စင် ချီယန်…… ခုနတင်က မင်း ဘယ်လိုမျိုး ခံစားချက်ကို အနက်ရှိုင်းဆုံး ခံစားလိုက်ရလဲ"
ဖန့်ချန်က ရုတ်တရက် လှမ်း၍ မေးမြန်းလိုက်သည်။
"စိတ်မကောင်းဖြစ်တာနဲ့... မိမိကိုယ်မိမိ အပြစ်တင်မိတာလား"
သူတော်စင် ချီယန်က မသိစိတ်အတိုင်း ပြန်လည်ဖြေကြားလိုက်သည်။
"အင်း…… မှန်တာပေါ့၊ စိတ်မကောင်းဖြစ်တာနဲ့ မိမိကိုယ်မိမိ အပြစ်တင်မိတဲ့ ခံစားချက်တွေကမှ သန်မာတဲ့ ယောကျာ်းတစ်ယောက်ကို မျက်ရည်ကျအောင် ပြုလုပ်နိုင်တာပဲ"
ဖန့်ချန်က သာယာစွာ ခေါင်းညိတ်လိုက်ပြီး -
"ကြည့်ရသလောက် မင်း ငယ်ငယ်တုန်းက အမှားတွေ အများကြီး လုပ်ခဲ့ဖူးပုံရတယ်၊ ယခု မဟာကရုဏာဓားသိုင်းရဲ့ စွမ်းအားအောက်မှာ မိမိရဲ့ အမှားတွေကို မြင်လာရလို့ စိတ်မကောင်းဖြစ်တာနဲ့ မိမိကိုယ်မိမိ အပြစ်တင်တတ်တဲ့ စိတ်တွေ ပေါ်လာတာပဲ"
"မဖြစ်နိုင်တာ…… အဲဒီကိစ္စတွေက အရင်တုန်းက ငါ့အတွက်တော့ လုံးဝ စိတ်ထဲထားစရာ မလိုတဲ့ အရာတွေပဲလေ၊ ဘယ်လိုလုပ်ပြီးတော့……"
သူတော်စင် ချီယန်က မိမိဘာသာ ရေရွတ်နေမိကာ -
"မဟာကရုဏာဓားသိုင်း…… ဒါက ဘယ်လိုမျိုး နတ်ဘုရားစွမ်းရည်လဲ၊ ငါ့ရဲ့ စိတ်အာရုံကိုတောင်မှ ဒီလောက်အထိ သက်ရောက်မှု ရှိစေနိုင်တာလား"
"ပြန်ရုပ်သိမ်းစို့"
ဖန့်ချန်က တိုးညှင်းစွာ ရေရွတ်လိုက်သည်။
နောက်ထပ် စက္ကန့်အနည်းငယ်အတွင်း နတ်ဘုရားစွမ်းရည်များအားလုံး ပျောက်ကွယ်သွားခဲ့ကြပြီး အတွင်းကမ္ဘာနယ်မြေ၏ ကောင်းကင်ယံထဲသို့ ပြန်လည်ဝင်ရောက်သွားခဲ့ကြတော့၏။
သို့သော် သူတော်စင် ချီယန် ခံစားလိုက်ရသော သက်ရောက်မှုမှာမူ ဆက်လက်၍ တည်ရှိနေဆဲပင် ဖြစ်သည်။
နတ်ဘုရားစွမ်းရည်ကို ပြန်လည်ရုပ်သိမ်းလိုက်ပြီ ဖြစ်သော်လည်း သူ၏ မျက်နှာထက်၌ ဇဝေဇဝါ ဖြစ်နေသည့် အရိပ်အယောင်များဖြင့် ပြည့်နှက်နေဆဲ ဖြစ်ပေ၏။
'အော်…… လူတွေကို သူတော်ကောင်းတရားဘက် ရောက်အောင် ဒီလိုမျိုး လမ်းညွှန်ပေးတာကိုး'
ဖန့်ချန်က သာယာစွာ ခေါင်းညိတ်လိုက်သည်။
တခြားလူတစ်ယောက်နှင့် လက်ရည်စမ်း တိုက်ခိုက်နေသည့် အချိန်တွင် ရန်သူသည် အကြောင်းရင်းမျိုးစုံကြောင့် မိမိကိုယ်မိမိ အပြစ်တင်စိတ်များ ဝင်ရောက်ကာ စိတ်မကောင်းဖြစ်မှုများထဲ၌ နစ်မြုပ်သွားမည်ဆိုပါက ထိုခဏအတွင်းမှာတင် တိုက်ခိုက်လိုစိတ်များ ချက်ချင်းပင် ကွယ်ပျောက်သွားပေလိမ့်မည်။
"လူတစ်ယောက် လာနေတယ်"
သူတော်စင် ချီယန်က ရုတ်တရက် မျက်ရည်စများကို သုတ်လိုက်ပြီး အတွင်းကမ္ဘာနယ်မြေ တံခါးဝပြင်ပသို့ လှမ်းကြည့်လိုက်၏။
ယခုအချိန်တွင် လူတစ်ယောက်သည် အတွင်းကမ္ဘာနယ်မြေထဲသို့ ဝင်ရောက်ရန် ပြင်ဆင်နေပုံရသော်လည်း ထိုသူသည် အတင်းအဓမ္မ ကျူးကျော်ဝင်ရောက်ခြင်း မပြုဘဲ ယဉ်ကျေးပျူငှာစွာဖြင့် တံခါးခေါက်နေခြင်း ဖြစ်ပေသည်။
ဖန့်ချန်သည် ချက်ချင်းပင် အတွင်းကမ္ဘာနယ်မြေ တံခါးကို ဖွင့်လှစ်လိုက်ပြီး ရောက်ရှိလာသောသူကို အတွင်းသို့ ဖိတ်ခေါ်လိုက်တော့သည်။
"ဆရာရှု"
ဖန့်ချန်က လက်အုပ်ချီ၍ နှုတ်ဆက်လိုက်သည်။
"ဒီမြစ်က မင်းရဲ့ ကောင်းကင်နိမိတ်ဖြစ်စဉ် မြစ် မဟုတ်လား"
ရှုဆန်းက ပတ်ဝန်းကျင်ကို တစ်ချက် လှည့်ပတ်ကြည့်ရှုလိုက်ပြီး သာယာစွာ ခေါင်းညိတ်ကာ ကောင်းကင်နိမိတ်ဖြစ်စဉ် မြစ်အပေါ်၌ အကြည့်ကျရောက်သွားပြီး ပြုံး၍ မေးမြန်းလိုက်သည်။
"ဟုတ်ပါတယ်ခင်ဗျာ"
ဖန့်ချန်က အနည်းငယ် ခေါင်းညိတ်ပြလိုက်သည်။
သူတော်စင် ချီယန်သည် ဘေးနား၌ ရပ်တန့်နေရင်း မိမိရှေ့မှောက်ရှိ ရှုဆန်းကို တိတ်တဆိတ် လေ့လာကြည့်ရှုနေမိရာ တစ်ဖက်လူ၏ ကိုယ်ပေါ်မှ အငွေ့အသက် အရှိန်အဝါများသည် ထိုချင်းဝူဆန့်ထက်ပင် ပိုမို၍ နက်နဲဆန်းကြယ်ကာ အတိုင်းအဆမရှိ နက်ရှိုင်းနေပုံရကြောင်း ခံစားလိုက်ရသည်။
သူ၏ စိတ်နှလုံးထဲ၌ အတိုင်းထက်အလွန် အံ့ဩတုန်လှုပ်သွားရတော့၏။
ဤဖန့်ငရဲမင်းသည် ဤမျှလောက် အစွမ်းထက်သော ကျွမ်းကျင်သူတစ်ဦး၏ လက်အောက်၌ တပည့်ခံထားရခြင်း ဖြစ်ပေသလား။ ယင်းက သက်သေပြနေသည်မှာ သူသည် မဟာမိတ်အဖွဲ့၏ အမြင့်ဆုံးအဆင့်အတွင်း၌ ရောက်ရှိနေခြင်း ဖြစ်ပေလိမ့်မည်။
"မင်းက မဟာကရုဏာဓားသိုင်းကို နားလည်သဘောပေါက်သွားခဲ့ရုံတင်မကဘဲ အတွင်းကမ္ဘာနယ်မြေထဲမှာပါ ထုဆစ်ပုံဖော်နိုင်ခဲ့ပြီပေါ့ ဟုတ်လား"
ရှုဆန်းက သူတော်စင် ချီယန်ကို တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက် ဖန့်ချန်ဘက်သို့ လှည့်၍ မေးလိုက်၏။
"ဟုတ်ပါတယ် ဆရာ"
"ကောင်းပြီ…… ကရုဏာတောင်က စည်းမျဉ်းကို မင်းကို နည်းနည်းပြောပြရမယ်၊ ငါတို့ ကရုဏာတောင်က ကိစ္စရပ်တွေကို လုပ်ဆောင်တဲ့နေရာမှာ တစ်ပုံပဲပြပြီး ကိုးပုံကို ဝှက်ထားရစမြဲပဲ"
ရှုဆန်းက တည်ငြိမ်စွာ ဆိုလိုက်၏။
"တစ်ပုံပြပြီး ကိုးပုံဝှက်ရမယ် ဟုတ်လား"
ဖန့်ချန်၏ စိတ်အာရုံ လှုပ်ရှားသွားသည်။
"မှန်တာပေါ့"
ရှုဆန်းက သာယာစွာ ခေါင်းညိတ်လိုက်ပြီး လက်နှစ်ဖက်ကို နောက်ပစ်ကာ ခြေလှမ်းအနည်းငယ် လျှောက်လှမ်းလိုက်ရင်း -
"ကောင်းကင်ငါးပါးအောက်မှာ အစွမ်းထက်တဲ့သူတွေ အများကြီး ပေါ်ထွက်နေကြတာပဲ၊ ငါတို့ ကရုဏာတောင်ကတော့ သူတော်ကောင်းတရား စာပေတွေကိုပဲ စိတ်ရောကိုယ်ပါ ဖတ်ရှုချင်တာ ဖြစ်ပြီး အဲဒီအစွမ်းထက်တဲ့သူတွေနဲ့ အားပြိုင်တိုက်ခိုက်ဖို့ ဆန္ဒမရှိဘူး။
ဒါကြောင့် သဘာဝအတိုင်းပဲ မိမိရဲ့ အစွမ်းအစကို လျှို့ဝှက်ထားတတ်ဖို့ လိုအပ်တယ်၊ ဒါကြောင့် ကရုဏာတောင်ရဲ့ ထိပ်တန်းနတ်ဘုရားစွမ်းရည် သုံးရပ်ကို မဖြစ်မနေ အခြေအနေမျိုးကလွဲလို့ လုံးဝဥဿုံ အစွမ်းကုန် ထုတ်ဖော်အသုံးပြုခြင်း မပြုရဘူး။
မဖြစ်မနေ တစ်ပုံပဲပြပြီး ကိုးပုံကို ဝှက်ထားရမယ်၊ ဒါမှသာ ငါတို့တွေ ဘေးအန္တရာယ်ကင်းကင်းနဲ့ အခြေချ နေထိုင်နိုင်မှာ ဖြစ်ပြီး တခြားလူတွေရဲ့ ချောင်းမြောင်းငြိုးတေးခြင်းကို မခံရမှာ ဖြစ်တယ်"
"ဆရာ…… ဒါဆိုရင် တစ်ဝက်ပဲပြပြီး ကိုးပုံခွဲ ဝှက်ထားရင်ကော"
ဖန့်ချန်က တစ်ဆင့်တက်၍ မေးမြန်းလိုက်ကာ
"ဒီလိုမျိုးဆိုရင် ရလား"
ရှုဆန်းက ပြုံး၍ ခေါင်းညိတ်ပြလိုက်ပြီး -
"မင်းက သင်ကြားရလွယ်ကူတဲ့သူပဲ၊ အကယ်၍ မင်းက တစ်ပုံမှမပြဘဲ ဆယ်ပုံလုံးကို တိုက်ရိုက် ဝှက်ထားနိုင်မယ်ဆိုရင်တော့ ကရုဏာတောင်ရဲ့ အကောင်းဆုံး တပည့်တစ်ယောက် ဖြစ်လာမှာပဲ"
သူက ခေတ္တမျှ ရပ်တန့်လိုက်ပြီးမှ -
"မင်းနဲ့အတူ ကရုဏာတောင်ကို တပည့်ခံခဲ့တဲ့ လေးယောက်ထဲမှာ ရွမ်ပုထုံကတော့ သူ့ရဲ့ ဆက်ဆံရေး အဆက်အသွယ်တွေကို အသုံးချပြီး ကျိုကျီတောင်ရဲ့ လက်အောက်မှာ တပည့်ခံသွားပြီ။
ချိုင်စစ်ရှို့နဲ့ လုကျိုဝမ်တို့ကျတော့ စာမဖတ်ချင်ကြတာမို့လို့ ကျင့်ကြံခြင်းဂူဗိမာန်ထဲမှာပဲ စိတ်နှစ်ပြီး အသည်းအသန် ကျင့်ကြံနေကြတယ်။
ဒီသုံးယောက်ကတော့ အခြေခံအားဖြင့် ကရုဏာတောင်ရဲ့ တရားဝင် တပည့်ဖြစ်လာဖို့ အရည်အချင်း မရှိကြတော့ဘူး၊ ဒါကြောင့် မင်းတစ်ယောက်တည်းပဲ ကျန်တော့တယ်။
မင်းအနေနဲ့ သေသေချာချာ ကြိုးစားအားထုတ်ရမယ်၊ လောလောဆယ်တော့ ဒီပညာသင်နှစ် ကနဦးကာလကို အရင်ဆုံး ဖြတ်ကျော်ဖို့ လိုအပ်သလို ပညာသင်နှစ် ကနဦးကာလအတွင်းမှာပဲ စွမ်းအင်စုစည်းခြင်း သူတော်စင်အဆင့်ကို တက်လှမ်းနိုင်အောင် ကြိုးစားပါ။
အဲဒီအချိန်ကျမှသာ မင်းက တရားဝင် တပည့်တစ်ယောက် ဖြစ်လာမှာ ဖြစ်တယ်"
ဖန့်ချန် အခွင့်အရေးကို ကြည့်ကာ လှမ်း၍ မေးမြန်းလိုက်သည်။
"ဆရာ…… တပည့်က အခုလောလောဆယ် အတားအဆီးတစ်ခုဆီ ရောက်နေသလို ခံစားနေရပါတယ်၊ ဒီအတားအဆီးကို ဘယ်လိုမျိုး ချိုးဖျက်ပြီးတော့ စွမ်းအင်စုစည်းခြင်း သူတော်စင်အဆင့်ကို တက်လှမ်းရမလဲ"
"စွမ်းအင်စုစည်းခြင်း အဆင့်ဆိုတာ သူတော်စင်အဆင့်ကို ဝင်ရောက်တဲ့ ပထမဦးဆုံး အကြီးမားဆုံး အတားအဆီးပဲ၊ မင်းရဲ့ ပါရမီက ဘယ်လောက်ပဲ ကောင်းနေပါစေ ပညာသင်နှစ် ကနဦးကာလရဲ့ နှစ်တစ်ထောင်အတွင်းမှာ ဒီအတားအဆီးကို ဖြတ်ကျော်နိုင်ခြင်း မရှိတာမျိုး ဖြစ်နိုင်တယ်။
ဒီလမ်းစဉ်မှာ ဖြတ်လမ်းတွေ ရှိနေပေမယ့် ဖြတ်လမ်းတစ်ခုချင်းစီတိုင်းကတော့ မင်းအတွက် အတိုင်းအတာတစ်ခုအထိ နောက်ဆက်တွဲ ဆိုးကျိုးတွေကို ခံစားရစေလိမ့်မယ်။
ကောင်းကင်ငါးပါး စစ်မြေပြင်ကို သွားပြီး တိုက်ခိုက်ရင်းနဲ့ ကျင့်ကြံခြင်းကို မြှင့်တင်မယ့် လမ်းစဉ်လည်း အပါအဝင်ပေါ့။
ဒါကြောင့် မင်းအနေနဲ့ စိတ်အေးလက်အေးနဲ့ မိမိရဲ့ အတွင်းကမ္ဘာနယ်မြေရဲ့ ဆန်းကြယ်မှုတွေကိုသာ ဆည်းပူးလေ့လာပြီး သဘာဝအတိုင်း စွမ်းအင်စုစည်းခြင်း သူတော်စင်အဆင့်ကို တက်လှမ်းတာက အကောင်းဆုံးပဲ။
ဒါမှသာ မင်းအတွက် အပြင်ပန်းမှာ သူတော်စင်ဖြစ်ပြီး အတွင်းပိုင်းမှာ ဘုရင်ဖြစ်မယ့် သူတော်စင်လမ်းစဉ် ကို လျှောက်လှမ်းနိုင်မယ့် အခွင့်အရေး ရှိလာမှာ ဖြစ်တယ်"
ရှုဆန်းက စကားပြောပြီးနောက် ဖန့်ချန်၏ အတွင်းကမ္ဘာနယ်မြေကို ထပ်မံကြည့်ရှုလိုက်ပြီး မသိစိတ်အတိုင်း အနည်းငယ် ခေါင်းယမ်းလိုက်ကာ -
"မင်းရဲ့ နေရာက ခြောက်ကပ်လွန်းနေတယ်၊ ကျွန်စစ်သည်အချို့ကို ဝယ်ယူပြီးတော့ ဒီနေရာမှာ မွေးမြူထားလို့ ရတယ်၊ သူတို့က မင်းအတွက် အတွင်းကမ္ဘာနယ်မြေကို ဖြည်းဖြည်းချင်း တိုးချဲ့ဖွင့်လှစ်ပေးလိမ့်မယ်။
တစ်ခါတရံ တခြားလူတွေနဲ့ လက်ရည်စမ်း တိုက်ခိုက်တဲ့အခါကျရင်လည်း ဒီကျွန်စစ်သည်တွေက မင်းကို အကူအညီ အနည်းငယ် ပေးနိုင်ပါသေးတယ်။ ငါက ဒီဘက်ပိုင်းက လူအချို့နဲ့ ရင်းနှီးတယ်၊ မင်းကို မိတ်ဆက်ပေးဖို့ လိုအပ်သလား"
"တပည့်ကတော့ အေးအေးဆေးဆေး နေရတာကိုပဲ ပိုပြီးတော့ သဘောကျပါတယ်"
ဖန့်ချန် အနည်းငယ် စဉ်းစားလိုက်ပြီးနောက် ယဉ်ကျေးစွာဖြင့် ငြင်းပယ်လိုက်သည်။
"ဒါဆိုလည်း ကောင်းပြီ"
ရှုဆန်းကလည်း ထပ်မံ၍ စကားအများကြီး မဆိုတော့ဘဲ လှည့်ထွက်သွားခဲ့တော့သည်။
လာခြင်းနှင့် သွားခြင်းမှာ အိမ်နီးနားချင်းဆီ အလည်လာသကဲ့သို့ ရိုးရှင်းလှပေသည်။
ရှုဆန်း ထွက်ခွာသွားပြီးနောက် ဖန့်ချန်သည် ကရုဏာတောင်၏ ရည်ရွယ်ချက်ကို တဖြည်းဖြည်းနှင့် ပိုမို၍ နားလည်သဘောပေါက်လာခဲ့ရ၏။
'မဆန်းတော့ပါဘူး…… လုကျိုဝမ်တို့ အားလုံးက ကရုဏာတောင်ရဲ့ ထိပ်တန်းနတ်ဘုရားစွမ်းရည် သုံးရပ်ရဲ့ စွမ်းအားက မကောင်းဘူးလို့ ပြောကြတာ၊ ကရုဏာတောင်ရဲ့ လက်အောက်မှာ တပည့်ခံရမယ်ဆိုတော့ တစ်ယောက်မှ သဘောမတူချင်ကြဘူး'
ဖန့်ချန်၏ စိတ်ထဲ၌ ချီးကျူးအံ့ဩမိသွားသည်။
ဒါက ကရုဏာတောင်ရဲ့ နတ်ဘုရားစွမ်းရည်တွေက ညံ့ဖျင်းနေလို့ မဟုတ်ပါဘူး။
ယင်းက ကရုဏာတောင်ရဲ့ 'တစ်ပုံပြပြီး ကိုးပုံဝှက်ရမယ်' ဆိုတဲ့ စည်းမျဉ်းက လူတွေကို အကြီးအကျယ် ဝေခွဲမရ ဖြစ်အောင် မျက်စိလည်စေလို့ပဲ ဖြစ်ပေသည်။
ရွှေဟွေးကျောင်းတော်အတွင်းရှိ အမှန်တရားကို မသိရှိကြသောသူ အများအပြားမှာ ဤလျှို့ဝှက်ချက်ကို သိရှိကြလိမ့်မည် မဟုတ်ချေ။
သို့သော် ဆရာအများစုမှာမူ ဤအချက်ကို သိရှိကြပုံရပေသည်။
မဟုတ်လျှင် ထိုနေ့က တစ်စုံတစ်ယောက်သည် နှမြောတောင့်တသော လေသံဖြင့် ဆရာရှုဆန်းကို လာရောက်ဖျောင်းဖျနေလိမ့်မည် မဟုတ်ချေ။
ထိုသူသည် ရှုဆန်း၏ လက်အောက်ရှိ တပည့်များ ကောင်းကင်ငါးပါး စစ်မြေပြင်သို့ သွားရောက်ကာ ရွှေဟွေးကျောင်းတော်အတွက် နိုင်ပွဲများ ဆောင်ကြဉ်းပေးနိုင်ရန် မျှော်လင့်နေခြင်း ဖြစ်သည်မှာ ထင်ရှားလှပေသည်။
"ဖန့်ငရဲမင်း…… ခုနက ပုဂ္ဂိုလ်က ဘယ်သူလဲ"
သူတော်စင် ချီယန်က ရိုရိုသေသေဖြင့် တုန်တုန်လှုပ်လှုပ် လှမ်း၍ မေးမြန်းလိုက်တော့သည်။
အခန်း (၂၀၄၄) တိုက်ခိုက်သတ်ဖြတ်တာတွေက ငါတို့နဲ့မအပ်စပ်ဘူး
"ရွှေဟွေးကျောင်းတော်ရဲ့ ဆရာပဲလေ"
ဖန့်ချန်က ပြုံး၍ ခပ်အေးအေး ပြောလိုက်သည်။
"ရွှေဟွေးကျောင်းတော်"
သူတော်စင် ချီယန်၏ မျက်ဝန်းများထဲ၌ ဝေဝေဝါးဝါး ဇဝေဇဝါ ဖြစ်သွားသည့် အရိပ်အယောင်များ ပေါ်ထွက်လာ၏။
"မဟာမိတ်အဖွဲ့ရဲ့ အစွမ်းအထက်ဆုံး ကျောင်းတော်ကြီး နှစ်ခုထဲက တစ်ခုပေါ့"
ဖန့်ချန်က ဆိုသည်။
"……"
သူတော်စင် ချီယန်သည် တစ်ခဏမျှ ဆွံ့အလျက် မှင်တက်သွားရတော့သည်။
မဟာမိတ်အဖွဲ့၏ အစွမ်းအထက်ဆုံး ကျောင်းတော်ကြီး နှစ်ခုထဲက တစ်ခု ဟုတ်လား။
အစွမ်းအထက်ဆုံး ဆိုတဲ့ စကားလုံးကို သုံးနှုန်းနိုင်တယ်ဆိုရင်……
သူသည် မိမိတစ်ခါမျှ မကြားဖူးခဲ့သော ဤကျောင်းတော်ကြီးက အဘယ်မျှလောက်အထိ အစွမ်းထက်သည့် အဆင့်အတန်းမျိုး ဖြစ်နေမည်ကိုပင် တွေးတောပုံဖော်၍ မရနိုင်တော့ချေ။
"ငါက နဝရတ်နန်းဆောင် အကြောင်းကိုပဲ ကြားဖူးတာ၊ ရွှေဟွေးကျောင်းတော် အကြောင်းကိုတော့ တစ်ခါမှ မကြားဖူးဘူး…… ဖန့်ငရဲမင်း တစ်ခုခု မှားယွင်းပြီး နားလည်နေတာများလား၊ အစွမ်းအထက်ဆုံး ဆိုတဲ့ စကားလုံးကိုတော့ စည်းမဲ့ကမ်းမဲ့ သုံးလို့မရဘူးနော်"
သူတော်စင် ချီယန်က တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် ရယ်မောကာ ပြောလိုက်၏။
"နဝရတ်နန်းဆောင်လား။ ငါလည်း ကြားဖူးပါတယ်၊ အဲဒါက တန်လင်ကျောင်းတော် လက်အောက်ခံ နန်းဆောင် သုံးဆယ့်ခြောက်ခုထဲက တစ်ခုပဲ မဟုတ်လား"
ဖန့်ချန်က စဉ်းစားတွေးတောသကဲ့သို့ ခေါင်းညိတ်လိုက်ပြီး -
"ရွှေဟွေးကျောင်းတော်ရဲ့ အခြေခံအုတ်မြစ်က တန်လင်ကျောင်းတော်ထက် အများကြီး ပိုပြီးတော့ အားနည်းပါတယ်၊ သူ့လက်အောက်မှာ နန်းဆောင် ကိုးခုပဲ ရှိတာလေ။
ဒါပေမဲ့ ကျောင်းသား အတော်များများကတော့ ဒီနန်းဆောင် ကိုးခုကနေတစ်ဆင့် ရွှေဟွေးကျောင်းတော်ကို တက်လှမ်းခွင့် ရရှိခဲ့ကြတာပဲ"
သူ့လက်အောက်ခံ နန်းဆောင် သုံးဆယ့်ခြောက်ခုထဲက တစ်ခု ဟုတ်လား။
"ဟော်ဆွေ့မျိုးနွယ်စုရဲ့ အမာခံတပည့် အများစုကတော့ အခြေခံအားဖြင့် တန်လင်ကျောင်းတော်ရဲ့ လက်အောက်မှာ တပည့်ခံထားကြတာ"
"အကိုင်းအခက် အနွယ်ဝင် တပည့်တွေကျတော့ ရွှေဟွေးကျောင်းတော်ရဲ့ လက်အောက်မှာ တပည့်ခံကြတယ်၊ ဒီတစ်ခါ ငါနဲ့အတူ ကျောင်းတော်ကို ဝင်ရောက်ခဲ့တဲ့သူတွေထဲမှာလည်း ဟော်ဆွေ့မျိုးနွယ်စုရဲ့ အကိုင်းအခက် အနွယ်ဝင် အတော်များများ ပါဝင်နေတာပဲ"
"မင်း ထင်တာတော့…… သူတို့တွေက ငါ့ကို ရှန်းဟုန်ရဲ့ အရှင်သခင် ဆိုတာ ရိပ်မိနိုင်ကြမလား"
ဖန့်ချန်က ပြုံး၍ မေးလိုက်၏။
သူတော်စင် ချီယန်၏ မျက်နှာထားမှာ ဇဝေဇဝါ ဖြစ်နေဆဲပင်၊ သို့သော် ခေတ္တမျှ ကြာပြီးနောက်တွင်မူ သူက ခေါင်းမာစွာ ပြောဆိုနေဆဲ ဖြစ်ကာ -
"ဟော်ဆွေ့မျိုးနွယ်စုရဲ့ အခြေခံအုတ်မြစ်က…… မင်းရဲ့ တစ်ကိုယ်ရေ အစွမ်းအစနဲ့ဆိုရင် အခုထက် ဆယ်ဆ၊ အဆတစ်ရာ ပိုပြီးတော့ သန်မာလာရင်တောင်မှ ခုခံနိုင်ဖို့ ခဲယဉ်းလိမ့်ဦးမယ်"
"ဒါကလည်း ဟုတ်တာပဲ၊ ဒါပေမဲ့ ငါ့မှာ အခု အချိန်တွေ အများကြီး ရှိနေပြီလေ၊ သူတို့က အလင်းထဲမှာ ရှိပြီး ငါက အမှောင်ထဲမှာ ရှိနေတာဆိုတော့ အခွင့်အရေးကို ကြိုတင်ပြီး လက်ဦးမှု ရယူထားနိုင်ပြီပဲ"
ဖန့်ချန်က ပြုံးလိုက်ပြီးနောက် အတွင်းကမ္ဘာနယ်မြေထဲမှ လျှောက်လှမ်းထွက်ခွာသွားခဲ့ရာ သူတော်စင် ချီယန် တစ်ယောက်တည်းသာ လေထဲ၌ ကြောင်တောင်တောင်ဖြင့် ကျန်ရစ်ခဲ့တော့သည်။
"သခင်လေးချင်ရယ် သခင်လေးချင်…… မင်းက ဘာဖြစ်လို့ ရှန်းဟုန်ရဲ့ ကျန်ရစ်သူတွေမှာ ဒီလိုမျိုး နည်းလမ်းတွေ ရှိနေသေးမှန်း မသိရတာလဲ…… မြက်ရိုင်းတွေကို ဘယ်လောက်ပဲ မီးရှို့ရှို့ မကုန်နိုင်ပါဘူးလား၊ နွေဦးလေညင်း သုန်သုန်တိုက်ခတ်ရင် ပြန်ပြီးတော့ ရှင်သန်လာဦးမှာပဲ……"
……
နောက်ထပ် ကုန်လွန်သွားသော နှစ်အနည်းငယ်အတွင်း ဖန့်ချန်သည် ရှုဆန်း မှာကြားခဲ့သည့်အတိုင်းသာ လုပ်ဆောင်ခဲ့သည်။
သူသည် အလွန်ပင် လျှို့လျှို့ဝှက်ဝှက် နေထိုင်ခဲ့၏။ ပထမဦးဆုံး နှစ်တစ်ရာ အချိန်အပိုင်းအခြား ပြည့်မြောက်သွားသဖြင့် ကောင်းကင်ငါးပါး စစ်မြေပြင်သို့ သွားရောက်ရမည် ဖြစ်သော်လည်း သူ သွားရောက်ခြင်း မပြုခဲ့ချေ။
ရှုဆန်းက သူ့အတွက် ဤရွှေဟွေးတံဆိပ်ပြား အကြွေးကို ပေးချေပေးလိမ့်မည်ကို သူ သိရှိထားပြီး ဖြစ်သည်။
ထိုကာလအတွင်း သူသည် ရံဖန်ရံခါ အချိန်အနည်းငယ် ထုတ်ယူကာ ကရုဏာတောင်ဘက်သို့ သွားရောက်၍ ကျမ်းစာများကို အဖန်ဖန်အထပ်ထပ် ရွတ်ဖတ်ပူဇော်လေ့ ရှိ၏။
တစ်ခါတရံတွင် ချိုင်စစ်ရှို့နှင့် လုကျိုဝမ်တို့သည်လည်း သူ့ထံသို့ လာရောက်လည်ပတ်တတ်ကြပြီး ဖန့်ချန်ကို အပြင်သို့ ခေါ်ဆောင်ကာ အတူတကွ သောက်စားမူးယစ်လျက် ပွင့်ပွင့်လင်းလင်း စကားစမြည် ပြောဆိုတတ်ကြသည်။
သူတို့နှစ်ဦး၏ စိတ်ဓာတ် တက်ကြွမှုမှာ အလွန်ပင် ကောင်းမွန်လှရာ ပူပင်သောကကင်းဝေးသော နေ့ရက်များကို မည်သူမဆို အလွန် သက်တောင့်သက်သာ ဖြတ်ကျော်နိုင်ကြမည် ဖြစ်ပေသည်။
"ညီအစ်ကိုဖန့်…… မင်း သိပြီးပြီလား၊ ရွမ်ပုထုံက ကျိုကျီတောင်ဘက်ကို ခိုလှုံသွားပြီတဲ့ဟေ့၊ ဟဲဟဲ"
ချိုင်စစ်ရှို့က မိမိအတွက် အရက်တစ်ခွက် ငှဲ့လိုက်ရင်း မချိပြုံး ပြုံးကာ မနေနိုင်ဘဲ ပြောလိုက်သည်။
"ဒီတစ်ခါ သူ ကောင်းကင်ငါးပါး စစ်မြေပြင်ကို သွားတာ၊ ကြားရသလောက်တော့ အနိုင်အနည်းငယ် ရခဲ့ပေမယ့် အရှုံးလည်း ရှိခဲ့တယ်တဲ့၊ ရွှေဟွေးတံဆိပ်ပြား တစ်ခုမှ မရခဲ့တဲ့အပြင် ရွှေဟွေးတံဆိပ်ပြားတွေတောင် ပြန်ပြီး အကြွေးတင်နေသေးတယ်လေ။ ကျိုကျီတောင်ကသာ သူ့အတွက် အကြွေးဆပ်မပေးရင် သူ ဒီနေ့ရက်တွေကို ဘယ်လိုမျိုး ဖြတ်ကျော်မလဲဆိုတာ ငါ ကြည့်ချင်သေးတယ်"
လုကျိုဝမ်ကလည်း သက်ပြင်းတစ်ချက်ချလျက် -
"ငါ မကြာသေးခင်က အချိန်ရတုန်း ကောင်းကင်ငါးပါးနန်းဆောင် ဘက်ကို တစ်ခေါက် သွားခဲ့တယ်၊ ငါတို့ ကျောင်းသားသစ်တွေထဲက လူ တစ်ဒါဇင်ကျော်လောက်ရဲ့ နာမည်တွေက မီးခိုးရောင် ပြောင်းသွားပြီ။
ကျန်တဲ့သူတွေလည်း…… ကြည့်ရသလောက် အဆင်မပြေကြပုံပဲ။
ဒါပေမဲ့ ချန်းရွှေဘုရားနယ်မြေ ၊ ခွေရွှေမျိုးနွယ်စု က ဟိုလေးယောက်ကတော့ နည်းလမ်းတွေ မဆိုးလှဘူး၊ အားလုံး ကောင်းမွန်တဲ့ ရလဒ်တွေ ရရှိခဲ့ကြတယ်။
ဟော်ဆွေ့မျိုးနွယ်စုက အကိုင်းအခက် အနွယ်ဝင် ကျောင်းသားအချို့လည်း မဆိုးလှဘူး။ ကျန်တဲ့လူတွေကျတော့……"
သူက တခြားလူများ၏ ဒုက္ခရောက်မှုကို ဝမ်းသာအားရ ဖြစ်နေသည့် မျက်နှာထားဖြင့် ခေါင်းယမ်းလိုက်ကာ -
"ငါတို့လောက် ဘယ်မှာ စိုပြည်အဆင်ပြေပါ့မလဲ"
ဖန့်ချန်က နားထောင်ရင်း ခေါင်းညိတ်လိုက်ပြီး -
"မှန်တာပေါ့၊ ငါတို့တွေကပဲ ပိုပြီးတော့ စိုပြည်အဆင်ပြေတာ၊ ဆရာရှုက အားလုံးကို တာဝန်ယူပေးထားတာဆိုတော့ ပညာသင်နှစ် ကနဦးကာလအတွင်းမှာ ရွှေဟွေးကျောင်းတော်ကနေ အထုတ်ခံရမှာကို စိုးရိမ်စရာ မလိုတော့ဘူးပေါ့"
"ငါ အကြားအမြင်တစ်ခု ရနေတယ်၊ ငါတို့တွေ နေ့တိုင်း စိတ်အေးလက်အေးနဲ့သာ ကျင့်ကြံအားထုတ်နေမယ်ဆိုရင် ဒီပညာသင်နှစ် ကနဦးကာလအတွင်းမှာ စွမ်းအင်စုစည်းခြင်း သူတော်စင်အဆင့်ကို အနှေးနဲ့အမြန် တက်လှမ်းနိုင်လိမ့်မယ် "
လုကျိုဝမ်က လက်ထဲမှ အရက်ခွက်ကို မြှောက်လိုက်ပြီး မျက်ဝန်းများထဲ၌ တောက်ပသော အလင်းတန်းများ ဖြာထွက်လျက် -
"သူငယ်ချင်းတို့…… ခွက်ချင်းတိုက်ကြစို့၊ ငါတို့တွေ ရွှေဟွေးကျောင်းတော်မှာ ဆက်ပြီး နေထိုင်ခွင့် အရည်အချင်း ရရှိသွားတဲ့နေ့ကျရင် နောက်ပိုင်းမှာ အရှိန်အဟုန်နဲ့ တိုးတက်အောင်မြင်တော့မှာပဲ "
ဖန့်ချန်နှင့် ချိုင်စစ်ရှို့တို့က အတူတကွ ခွက်ချင်းတိုက်လိုက်ကြသည်။
မလှမ်းမကမ်းနေရာမှ ရုတ်တရက် လှောင်ပြုံး ရယ်မောသံတစ်ခု ထွက်ပေါ်လာ၏။
လုကျိုဝမ်နှင့် ချိုင်စစ်ရှို့တို့ အတူတကွ လှမ်းကြည့်လိုက်ရာ စိမ်းသက်သော လူစိမ်းတစ်ဦးက သူတို့နှစ်ဦးကို စိုက်ကြည့်ကာ လှောင်ပြုံး ပြုံးနေသည်ကို တွေ့လိုက်ရသည်။
ခုနတင်က လှောင်ပြုံး ရယ်မောသံမှာ ဤသူ့ထံမှ ထွက်ပေါ်လာခြင်း ဖြစ်ပေသည်။
ထိုသူ၏ ဘေးနား၌လည်း အခြားသော လူနှစ်ဦး သုံးဦးခန့် ထိုင်နေကြသေးသည်။
ဤနေရာ၌ မဏ္ဍပ်များနှင့် အဆောင်ဆောင်သော ပြာသာဒ်ဆောင်များစွာ တည်ရှိပြီး ရှုခင်းများလည်း အလွန် လှပတင့်တယ်လှရာ ယင်းက ပုံမှန်အားဖြင့် လူသားမျိုးနွယ်စု ကျောင်းတော်မှ ကျောင်းသားများ အပန်းဖြေရန်နှင့် တရားဓမ္မ ဆွေးနွေးရန်အတွက် မကြာခဏ စုဝေးလေ့ရှိသော နေရာ ဖြစ်ပေသည်။
"မိတ်ဆွေ…… ဘာဖြစ်လို့ လှောင်ရယ်နေတာလဲ"
လုကျိုဝမ်က ချက်ချင်းပင် လှမ်း၍ မေးမြန်းလိုက်သည်၊ သူသည် လွန်ခဲ့သော နှစ်တစ်ရာခန့်က ရွှေဟွေးကျောင်းတော်သို့ စတင်ဝင်ရောက်ခဲ့စဉ်ကကဲ့သို့ စိုးရိမ်တကြီးနှင့် သတိကြီးစွာ ထားနေခြင်းမျိုး မရှိတော့ချေ။
နှစ်တစ်ရာ ကျင့်ကြံခြင်းက သူ့အား ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကို အဆမတန် တိုးပွားစေခဲ့ပြီ ဖြစ်သည်။
"မင်းတို့ ကရုဏာတောင်က ကျောင်းသားတွေထဲမှာ ပညာသင်နှစ် ကနဦးကာလကို ဖြတ်ကျော်နိုင်တဲ့သူက လက်ချိုးရေလို့ရလောက်အောင်ကို နည်းပါးလွန်းပါတယ်၊ ငါသိသလောက်တော့ လွန်ခဲ့တဲ့ ကျောင်းသားအပတ်စဉ် ငါးခုအတွင်းမှာ တစ်ယောက်မှ ပညာသင်နှစ် ကနဦးကာလကို မဖြတ်ကျော်နိုင်ခဲ့ကြဘူး"
တစ်ဖက်လူက ပြုံး၍ ဆို၏။
"မင်းတို့ သုံးယောက်က ဘာအခြေခံနဲ့ ပညာသင်နှစ် ကနဦးကာလကို မလွဲဧကန် ဖြတ်ကျော်နိုင်ပြီးတော့ အရှိန်အဟုန်နဲ့ တိုးတက်အောင်မြင်မယ်လို့ တွေးတောနေကြတာလဲ"
ကျောင်းသားအပတ်စဉ် တစ်ခုသည် နှစ်ငါးရာ ဖြစ်ရာ၊ လွန်ခဲ့သော အပတ်စဉ် ငါးခုဆိုသည်မှာ နှစ်ပေါင်း နှစ်ထောင်ငါးရာပင် ဖြစ်သည်။
တစ်ဖက်လူက ကရုဏာတောင်တွင် နှစ်ပေါင်း နှစ်ထောင်ငါးရာအတွင်း မည်သူမျှ ပညာသင်နှစ် ကနဦးကာလကို မဖြတ်ကျော်နိုင်ခဲ့ဟု ပြောဆိုခြင်းမှာ ဖန့်ချန်၏ အမြင်အရ အမှန်တကယ်ပင် ယုံကြည်စိတ်ချရပေသည်။
အဘယ်ကြောင့်ဆိုသော် ကရုဏာတောင်၏ ဤကဲ့သို့သော ပုံစံအရ ကျောင်းသားများကို ကောင်းကင်ငါးပါး စစ်မြေပြင်သို့ သွားရောက်ကာ တိုက်ခိုက်ရင်း ကျင့်ကြံခြင်းကို မြှင့်တင်ရန် တိုက်တွန်းခြင်း မရှိသဖြင့် ယင်းက စွမ်းအင်စုစည်းခြင်း သူတော်စင်အဆင့်သို့ တက်လှမ်းရန် ခက်ခဲမှုကို သွယ်ဝိုက်သောနည်းဖြင့် အဆမတန် မြင့်တက်သွားစေသောကြောင့် ဖြစ်ပေ၏။
"အော် မိတ်ဆွေရဲ့ ဆိုလိုချက်က ငါတို့ သုံးယောက်က ပညာသင်နှစ် ကနဦးကာလကို မဖြတ်ကျော်နိုင်ဘူးပေါ့ ဟုတ်လား။ မသိရသေးဘူး…… မိတ်ဆွေက ရွှေဟွေးကျောင်းတော်မှာ နှစ်ပေါင်း ဘယ်လောက်ကြာအောင် ကျင့်ကြံနေပြီလဲ၊ စွမ်းအင်စုစည်းခြင်း သူတော်စင်အဆင့် ဖြစ်နေပြီလား။ ဘာအခြေခံနဲ့ တခြားလူတွေကို စည်းမဲ့ကမ်းမဲ့ ဝေဖန်ပုတ်ခတ်ရဲတာလဲ"
လုကျိုဝမ်က နှာခေါင်းတစ်ချက် ရှုံ့လိုက်သည်။
"ငါက စွမ်းအင်စုစည်းခြင်း သူတော်စင်အဆင့် မဟုတ်သေးပေမယ့်၊ မင်းတို့ထက်တော့ ကျောင်းသားအပတ်စဉ် တစ်ခု ပိုပြီး စောပါတယ်၊ မင်းတို့ရဲ့ စီနီယာအစ်ကိုလို့ သတ်မှတ်လို့ရတာပေါ့။ စီနီယာအစ်ကိုတစ်ယောက်အနေနဲ့ ဂျူနီယာညီငယ်တွေကို ဘာဖြစ်လို့ ဝေဖန်လို့ မရရမှာလဲ။
ဂျူနီယာညီငယ်တွေက မကျေနပ်ဘူးဆိုရင်လည်း ငါတို့တွေ အင်္ကျီလက်စ ပင့်တင်ပြီးတော့ လက်ရည်စမ်း ကြည့်ကြမလား။
အော်…… ဟုတ်သားပဲ၊ မင်းတို့က ကရုဏာတောင်ကပဲ၊ သူတော်ကောင်းတရား စာပေတွေကိုပဲ စိတ်ရောကိုယ်ပါ ဖတ်ရှုချင်ကြတာလေ။ ဒီလိုမျိုး အယူအဆကြောင့်ပဲ ကရုဏာတောင်ရဲ့ ထိပ်တန်းနတ်ဘုရားစွမ်းရည် သုံးရပ်ကတောင် ကြောက်စရာကောင်းလောက်အောင်ကို ပျော့ညံ့လွန်းနေတာ။
ငါ မင်းတို့ကို လက်ရည်စမ်းဖို့ ရှာဖွေတာက မင်းတို့ကို အနိုင်ကျင့်ရာ ရောက်နေလိမ့်မယ်၊ ဟားဟားဟား"
တစ်ဖက်လူက အကျယ်ကြီး အော်ဟစ်ရယ်မောလိုက်ရာ သူ့ဘေးနားရှိ လူများအားလုံးသည်လည်း အတူတကွ လိုက်လံရယ်မောကြတော့သည်။
လုကျိုဝမ်နှင့် ချိုင်စစ်ရှို့တို့၏ မျက်နှာများ ချက်ချင်းပင် အသည်းခိုက်မတတ် ညိုမည်းသွားရပြီး၊ ချိုင်စစ်ရှို့မှာမူ မနေနိုင်တော့ဘဲ ထရပ်လိုက်ကာ ထိုသူ့ကို လက်ညှိုးထိုးလျက် -
"ဒါဆိုရင်လည်း လက်ရည်စမ်း ကြည့်ကြတာပေါ့"
နှစ်ပေါင်းတစ်ရာအတွင်း သူသည် ဂူဗိမာန်၏ ဆန်းကြယ်မှုကို အဆက်မပြတ် အသုံးချကာ စွမ်းအင်များကို စုပ်ယူအားဖြည့်ခဲ့သဖြင့် မိမိ၏ ကျင့်ကြံခြင်းအဆင့်မှာ မူလကထက် အဆမတန် ပိုမို၍ တိုးတက်မြင့်မားနေပြီ ဖြစ်ပေသည်။
"သူငယ်ချင်းတို့…… ဆရာ့ရဲ့ စကားကို မေ့သွားကြပြီလား။ ငါတို့က သူတော်ကောင်းတရား စာပေတွေကိုပဲ စိတ်ရောကိုယ်ပါ ဖတ်ရှုရမှာလေ၊ တိုက်ခိုက်သတ်ဖြတ်တာတွေက ငါတို့နဲ့ မအပ်စပ်ပါဘူး"
ဖန့်ချန်က ပြုံး၍ သတိပေးစကား ဆိုလိုက်ပြီးနောက် ချိုင်စစ်ရှို့၏ အင်္ကျီလက်စကို ဆွဲကိုင်ကာ သူ့ကို ပြန်လည်ထိုင်ခိုင်းလိုက်၏။
ထို့နောက် မလှမ်းမကမ်းမှ ထိုသူ့ကို လှမ်း၍ ပြုံးပြလိုက်ကာ -
"စီနီယာအစ်ကို…… အစ်ကိုတို့က အစ်ကိုတို့ အရက်ကို သောက်ကြပါ၊ ငါတို့ကလည်း ငါတို့ စကားကို ပြောကြပါ့မယ်"
တစ်ဖက်လူသည် ဖန့်ချန်၏ ဤကဲ့သို့သော သဘောထားကို မြင်တွေ့လိုက်ရသောအခါ ကရုဏာတောင်၏ လုပ်ထုံးလုပ်နည်းကို သိရှိနားလည်သွားပုံရပြီး လှောင်ပြုံး အနည်းငယ် ပြုံးလိုက်ရုံမျှသာ ပြုလုပ်ကာ ဆက်လက်၍ ပြဿနာရှာရန် ရည်ရွယ်ချက် မရှိတော့ချေ။
သို့သော် ကွက်တိ ထိုအချိန်တွင်ပင် လူတစ်စုသည် ဤဘက်သို့ လျှောက်လှမ်းလာကြသည်။
သူတို့ ပေါ်ပေါက်လာခြင်းက ကျောင်းသားအတော်များများ၏ အကြည့်များကို ချက်ချင်းပင် ဆွဲဆောင်သွားခဲ့တော့သည်။
"ကျိုကျီတောင်က လူတွေ လာနေကြပြီ"
"ကြားရသလောက်တော့ ဒီတစ်ခါ ကျောင်းသားသစ်တွေထဲမှာ ကျိုကျီတောင်ရဲ့ စွမ်းဆောင်ရည်က အတောက်ပဆုံးပဲတဲ့"
"အမှန်ပဲ၊ ကောင်းကင်ငါးပါး စစ်မြေပြင်မှာ ကျိုကျီတောင်က ကျောင်းသားသစ် အတော်များများ အကြီးအကျယ် တောက်ပခဲ့ကြတယ်၊ အဲဒီအထဲက တစ်ယောက်ဆိုရင် နှစ်တစ်ရာတောင် မပြည့်သေးတဲ့ အချိန်အတွင်းမှာ ကိုးဆလက်သီးသိုင်း ကို နားလည်သဘောပေါက်သွားပြီး အတွင်းကမ္ဘာနယ်မြေထဲမှာ ထုဆစ်ပုံဖော်နိုင်ခဲ့လို့ အစွမ်းအစတွေ အဆမတန် တိုးတက်သွားခဲ့တယ်လေ "
လူတိုင်းက တိုးတိုးတိတ်တိတ် ရေရွတ်နေကြတော့သည်။
ဖန့်ချန်တို့ သုံးဦး မျက်လွှာပင့်၍ လှမ်းကြည့်လိုက်ကြရာ ချိုင်စစ်ရှို့နှင့် လုကျိုဝမ်တို့၏ မျက်နှာထားများ ချက်ချင်းပင် သိသိသာသာ ပြောင်းလဲသွားရတော့၏။
ဤလူစုထဲ၌ ရင်းနှီးသောလူ အများအပြား ပါဝင်နေသည်။
ဥပမာအားဖြင့် ဝူချုံး၊ ချင်ထောင်၊ မေဒါင်ကွမ်း၊ ကျိလင်၊ ရွမ်ပုထုံ……
ထို့ပြင် ကနဦးက ကောင်းကင်ငါးပါးနန်းဆောင်၏ ပြင်ပ၌ ထိုက်ရှီဝမ်ကျန်းနှင့် ရယ်မောမြူးထူးစွာ စကားပြောဆိုနေခဲ့သော လူသားမျိုးနွယ်စု သူတော်စင်တစ်ပိုင်း ဝေရွှင် လည်း ပါဝင်နေ၏။
ကျိုကျီတောင်၏ ဆရာမှာ မျိုးရိုးအမည် ဝေ ဟု အမည်ရပြီး ဤပုဂ္ဂိုလ်နှင့် မျိုးရိုးတူနေသည်ကို တွေးတောမိသောအခါ။
အမှန်တကယ်ပင် ချိုင်စစ်ရှို့တို့နှစ်ဦးသည် ယင်း၏ နောက်ကွယ်မှ မရိုးရှင်းမှုကို ရိပ်မိသွားကြပြီ ဖြစ်သည်။
ရန်သူအချင်းချင်း ဆုံတွေ့ကြသည် ဖြစ်ရာ မျက်ဝန်းများမှာ အမျက်ဒေါသဖြင့် နီမြန်းလာကြတော့၏၊ ကျိလင်နှင့် မေဒေါင်ကွမ်းတို့သည် ဖန့်ချန်ကို မြင်တွေ့လိုက်ရုံမျှဖြင့် သူတို့၏ အကြည့်များသည် ထက်မြက်လှသော သံဓားမြှောင်များအဖြစ် ပြောင်းလဲကာ ဖန့်ချန်၏ ခန္ဓာကိုယ်ပေါ်မှ အသားတစ်တုံးကို လှီးဖြတ်ပစ်ချင်သည့်အလား ပြင်းထန်လှပေတော့သည်။