အခန်း (၂၀၄၇-၂၀၄၈)
Vol. 205 Ch. 2047-2048
အခန်း (၂၀၄၇) မင်း သဘောပေါက်ပြီလား
မကြာမီအချိန်အတွင်းမှာပင်၊ ထိုကြီးမြတ်လှသည့် ပုဂ္ဂိုလ်ကြီးများအဖွဲ့သည် နောက်ဆုံး၌ အစီအစဉ်တစ်ခုကို သေသေချာချာ တိုင်ပင်ဆွေးနွေး၍ ချမှတ်လိုက်ကြတော့သည်။
ကရုဏာတောင်မှ ကျန်းတောက်ယွဲ့က ရှေ့ထွက်ကာ ဒိုင်လုပ်၍ အလောင်းအစားပွဲတစ်ခုကို ဖွင့်လှစ်လိုက်၏။
လောင်းကြေးထပ်ရမည့်အရာမှာ ဖန့်ချန်နှင့် မေဒေါင်ကွမ်းတို့ကြားထဲက အနိုင်အရှုံး ရလဒ်ပင် ဖြစ်ပေသည်။
၎င်းအပြင် မည်မျှကြာလျှင် နိုင်မည်၊ မည်မျှကြာလျှင် ရှုံးမည်၊ ဘယ်နှစ်ကွက်နှင့် နိုင်မည်၊ ဘယ်နှစ်ကွက်နှင့် ရှုံးမည်ဟူ၍လည်း အသေးစိတ် သတ်မှတ်ပေးထားသေး၏။
သို့သော် လျော်ကြေးနှုန်း အပိုင်းတွင်မူ၊ ဖန့်ချန်၏ လျော်ကြေးနှုန်းက နည်းပါးပြီး၊ မေဒေါင်ကွမ်း၏ လျော်ကြေးနှုန်းက ပိုမိုမြင့်မားနေပေသည်။
လူတိုင်းက အနည်းငယ် တွေးတောတွက်ချက်ကြည့်လိုက်ကြပြီးနောက်၊ ၎င်းတို့နှစ်ဦးကြားထဲက အနိုင်အရှုံး ရလဒ်မှာ အမှန်တကယ်တော့ တစ်ဖက် ငါးဆယ်ရာခိုင်နှုန်းစီသာ ရှိသည်ဟု ခံစားလိုက်ကြရသည်။
ယခုကဲ့သို့ ဖန့်ချန်၏ လျော်ကြေးနှုန်း နည်းပါးနေရခြင်းမှာ၊ ကရုဏာတောင်၏ သူတော်ကောင်းတရား စာပေများက တကယ်ကိုပင် မည်သည့်နေရာ၌မျှ အသုံးမဝင်သောကြောင့် ဖြစ်ပေသည်။
ထို့နောက်တွင်တော့ သူတော်စင်တစ်ပိုင်းများ၊ ထိုမျှမက သူတော်စင်အဆင့်ရှိသူများပါ တစ်ဦးပြီးတစ်ဦး လောင်းကြေးထပ်ခြင်းကို စတင်ပြုလုပ်ကြတော့သည်။
ရွှေဟွေးတံဆိပ်ပြား များမှာ တစ်ပြားပြီးတစ်ပြား ကျန်းတောက်ယွဲ့၏ လက်ထဲသို့ အဆက်မပြတ် ပေးအပ်ခြင်း ခံနေရတော့သည်။
လောင်းကြေးထပ်သည့် အကြိမ်တိုင်းကိုလည်း အသံကျယ်ကြီးဖြင့် ကြေညာပေးနေသည်။
"ကျိလင်…… မေဒေါင်ကွမ်း အနိုင်ရရှိဖို့အတွက်၊ ရွှေဟွေးတံဆိပ်ပြား သုံးပြား လောင်းပါတယ်"
"ဝူချုံး…… ဖန့်ချန် အနိုင်ရရှိဖို့အတွက်၊ ရွှေဟွေးတံဆိပ်ပြား ငါးပြား လောင်းပါတယ်"
"ချင်ထောင်…… လောင်းတာကတော့……"
ဖန့်ချန်သည် ကာယကံရှင်တစ်ဦး အနေဖြင့်၊ စိတ်ဝင်တစားဖြင့် တိတ်တဆိတ် တွက်ချက်ကြည့်လိုက်၏။
လျော်ကြေးနှုန်း ပြဿနာကြောင့်၊ မေဒေါင်ကွမ်း နိုင်လိမ့်မည်ဟု လောင်းကြေးထပ်သူ အဆမတန် ပိုမိုများပြားနေပေသည်။
'ဒီတစ်ခါ အလောင်းအစားပွဲမှာ၊ အနည်းဆုံးတော့ ရွှေဟွေးတံဆိပ်ပြား တစ်ထောင်ကျော်လောက် ပါဝင်ပတ်သက်နေတာပဲ။ အကယ်၍ ငါသာ ဒီပွဲကို နိုင်အောင် တိုက်ခိုက်လိုက်မယ်ဆိုရင်၊ စီနီယာအစ်ကိုကြီးအနေနဲ့ တစ်ဆယ်ရာခိုင်နှုန်း၊ နှစ်ဆယ်ရာခိုင်နှုန်းလောက် အမြတ်အစွန်း ရရှိသွားဖို့က ဘာပြဿနာမှ မရှိနိုင်ဘူး'
ဖန့်ချန်၏ စိတ်ထဲ၌ အပိုင်တွက်ချက်မှုတစ်ခု ရှိသွားခဲ့ပြီ ဖြစ်သည်။
မျက်နှာချင်းဆိုင်ရှိ မေဒေါင်ကွမ်းသည်လည်း တွက်ချက်နေပုံရပြီး၊ အကယ်၍ သူသာ အနိုင်ရရှိသွားခဲ့မည်ဆိုပါက ကရုဏာတောင်အနေဖြင့် ရွှေဟွေးတံဆိပ်ပြား အမြောက်အမြားကို အရှုံးပြရတော့မည် ဖြစ်ကြောင်း နောက်ဆုံး၌ တွက်ချက်မိသွားသဖြင့်၊ သူ၏ စိတ်နှလုံးထဲ၌ မနေနိုင်ဘဲ ပျော်ရွှင်မြူးထူးသွားတော့သည်။
"ကဲ…… တော်လောက်ပြီ၊ မင်းတို့နှစ်ဦး စတင် တိုက်ခိုက်လို့ရပါပြီ"
ရွှေရှင်း၏ အသံသည် ခန့်ညားထည်ဝါလှသော အတွင်းကမ္ဘာနယ်မြေထဲမှ ထွက်ပေါ်လာခဲ့သည်။
မေဒေါင်ကွမ်း၏ စိတ်ဓာတ်များ ချက်ချင်းပင် တက်ကြွသွားခဲ့ပြီး၊ သူသည် ဟောဟောဒိုင်းဒိုင်း ဖြစ်နေသော အတွင်းကမ္ဘာ စွမ်းအင်များကို မဆိုင်းမတွဘဲ လှုံ့ဆော်လိုက်ကာ၊ လက်သီးတစ်ချက်ကို ပြင်းထန်စွာ လွှဲယမ်း၍ ထိုးနှက်လိုက်တော့၏!
ကိုးဆလက်သီးသိုင်း
ယခုအချိန်၌ မေဒေါင်ကွမ်း ပြသလိုက်သော အရှိန်အဟုန်မှာ၊ လွန်ခဲ့သော နှစ်တစ်ရာခန့်ကထက် အဆပေါင်းများစွာမက ပိုမိုမြင့်မား တိုးတက်လာခဲ့ပြီ ဖြစ်သည်။
အထူးသဖြင့် သူ ကိုးဆလက်သီးသိုင်းကို ထိုးနှက်လိုက်သည့်အခါတွင်၊ ဖျက်ဆီးခြင်း အငွေ့အသက်များ ပြည့်နှက်နေသော လက်သီးအရှိန်အဟုန်ကြောင့်၊ ဤနေရာရှိ သူတော်စင်တစ်ပိုင်း အများအပြားပင် စိတ်နှလုံးထဲ၌ ထိတ်လန့်တုန်လှုပ် သွားကြရတော့သည်။
"သူ့ရဲ့ စွမ်းရည်က အများကြီး တိုးတက်လာတာပဲ"
"ဒီလက်သီးရဲ့ စွမ်းအားကတော့…… ငါ့ရဲ့ အတွင်းကမ္ဘာနယ်မြေနဲ့ဆိုရင်တောင်မှ၊ တောင့်ခံနိုင်ဖို့ မသေချာဘူး"
မူလက ပွဲကောင်းကြည့်ရန်သာ ရည်ရွယ်ထားကြသော အချို့သော သူတော်စင်တစ်ပိုင်းများသည်၊ မေဒေါင်ကွမ်း၏ စွမ်းရည်များက ယခုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းလောက်အောင် တိုးတက်လာသည်ကို သတိပြုမိသွားကြပြီးနောက်၊ တစ်ဦးပြီးတစ်ဦး တည်ကြည်လေးနက်သွားကြရပြီး၊ စိတ်နှလုံးထဲ၌ အနည်းငယ်မျှရှိသော အန္တရာယ်ရှိသည့် ခံစားချက်များ ပိုမို၍ ဝင်ရောက်လာကြတော့သည်။
"တကယ်ကို ပြင်းထန်တဲ့ အငွေ့အသက်ပဲ"
ချိုင်စစ်ရှို့နှင့် လုကျိုဝမ်တို့သည် အချင်းချင်း ကြည့်ရှုလိုက်ကြရာ၊ နှစ်ဦးစလုံး၏ မျက်ဝန်းများထဲ၌ မယုံကြည်နိုင်ခြင်း အရိပ်အယောင်များကို မြင်တွေ့လိုက်ကြရ၏။
တိုတောင်းလှသော နှစ်ပေါင်းတစ်ရာအတွင်းမှာတင်၊ တစ်ဖက်လူ၏ စွမ်းရည်က ယခုကဲ့သို့ အဆမတန် မြင့်မားတိုးတက်လာလိမ့်မည်လော။
ယင်းက ၎င်းတို့နှစ်ဦးထက် သိသိသာသာကြီးကို ပိုမိုသန်မာနေခဲ့ပြီ ဖြစ်သည်။
'တိုက်ခိုက်ရင်းနဲ့ပဲ ကျင့်ကြံခြင်းကို မြှင့်တင်ရမယ်ဆိုတာ တကယ်ပဲလား…… ဒါပေမဲ့ ဘာဖြစ်လို့ စီနီယာအစ်ကိုကြီးတို့ကျတော့ ကရုဏာတောင်မှာ စာအုပ်ဖတ်ရုံမျှတင်၊အခုလို ကျင့်ကြံခြင်း အဆင့်အတန်းကို ရောက်ရှိသွားကြတာလဲ……'
၎င်းတို့နှစ်ဦး၏ စိတ်နှလုံးထဲ၌ သံသယစိတ်များ အနည်းငယ် ဖြစ်ပေါ်လာရတော့သည်။
ရွမ်ပုထုံသည်လည်း မေဒေါင်ကွမ်း၏ နည်းလမ်းများကို မြင်တွေ့လိုက်ရသဖြင့်၊ သူ၏ မျက်ဝန်းများထဲ၌ အားကျမနာလိုခြင်း၊ မနာလိုဝန်တိုခြင်းများအပြင်၊ မိမိကိုယ်တိုင် ကျိုကျီတောင်ဘက်သို့ ပြောင်းရွှေ့ခိုလှုံခဲ့သည့် လုပ်ရပ်အပေါ်၌လည်း ကံကောင်းလှသည်ဟု တိတ်တဆိတ် တွက်ချက်မိသွားတော့သည်။
သူသည် မိမိ၏ လက်သီးကို ဖြည်းညှင်းစွာ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်ကာ -
'ငါသာ ကျင့်ကြံခြင်းကို ကြိုးစားအားထုတ်မယ်ဆိုရင်၊ နောက်ထပ် နှစ်ပေါင်း ရာချီကြာပြီးတဲ့နောက်မှာ၊ ငါလည်းပဲ အရိုးလဲအရေလဲ အသွင်ပြောင်းလဲသွားနိုင်မှာပဲ '
ထိုအချိန်တွင်၊ ကြောက်မက်ဖွယ်ကောင်းသော ကိုးဆလက်သီးသိုင်းသည် ကောင်းကင်တုန်ဟည်းမတတ် ကြီးမားလှသော စွမ်းပကားများနှင့်အတူ၊ ဖန့်ချန်၏ အတွင်းကမ္ဘာနယ်မြေဆီသို့ ပြင်းထန်စွာ ရိုက်ခတ်သွားခဲ့ပြီ ဖြစ်သည်။
ဘုန်း
ဖန့်ချန်၏ အတွင်းကမ္ဘာနယ်မြေသည် ပြင်းထန်စွာ တုန်ခါသွားခဲ့ရပြီး၊ တောင်ပြိုလဲတော့မည့်အလား ခံစားချက်မျိုး ဖြစ်ပေါ်လာစေကာ၊ မကြာမီအချိန်အတွင်းမှာပင် ပြိုလဲပျက်စီးတော့မည့်ပုံ ပေါ်နေတော့သည်။
"ဟားဟားဟား…… သူ့ရဲ့ စွမ်းရည်က တကယ်ကိုပဲ ဘာမှ တိုးတက်မလာဘူးပဲ "
"လွန်ခဲ့တဲ့ နှစ်ပေါင်း ရာချီတုန်းကတော့ သူက မေဒေါင်ကွမ်းနဲ့ အခြားသော အဆင့်တူ ကျင့်ကြံသူအချို့ကို ဖိနှိပ်ပြီး တိုက်ခိုက်နိုင်ခဲ့တာ၊ လွတ်လွတ်လပ်လပ် ရှိခဲ့သေးတယ်လေ၊ ယခုအခါမှာတော့ နှစ်ပေါင်းတစ်ရာအတွင်းမှာတင်၊ တခြားလူတွေရဲ့ ကျော်တက်ခြင်းကို ခံလိုက်ရပြီ"
"ညီအစ်ကိုမေ…… ကြိုးစားထားဦးဟေ့"
သူတော်စင်တစ်ပိုင်း အချို့သည် မျက်နှာတစ်ခုလုံး ဝမ်းသာအားရ ဖြစ်နေကြသည့် အရိပ်အယောင်များဖြင့်၊ မေဒေါင်ကွမ်းကို အားပေးကူညီ စကားဆိုလိုက်ကြ၏။
၎င်းတို့မှာ လွန်ခဲ့သော နှစ်ပေါင်း ရာချီတုန်းက မေဒေါင်ကွမ်းနှင့်အတူ၊ ဖန့်ချန်၏ လက်အောက်၌ ရှုံးနိမ့်ခဲ့ဖူးသော သူတော်စင်တစ်ပိုင်းများ ဖြစ်ကြပေသည်။
ယခုအခါ ယခင်က ထိပ်တန်းကျွမ်းကျင်သူကြီးတစ်ဦးမှာ ယခုကဲ့သို့ အသုံးမကျသော အခြေအနေမျိုး ဖြစ်ပေါ်နေသည်ကို မြင်တွေ့လိုက်ရသဖြင့်၊ တကယ်ကိုပင် စိတ်ကျေနပ်စရာ ကောင်းလှပေသည်။
ကျိလင်သည်လည်း ထိုအချိန်၌ သူ၏ ခန္ဓာကိုယ်ကို မတ်မတ်ရပ်လိုက်ပြီး၊ သူ၏ မျက်ဝန်းများထဲ၌ ပြင်းထန်သော အလင်းတန်းများ အဆက်မပြတ် လှုပ်ရှားနေတော့သည်။
ဖန့်ချန်၏ အတွင်းကမ္ဘာနယ်မြေထဲ၌၊ မြောက်မြားစွာသော နတ်ဘုရားစွမ်းရည်များသည် မူလက ပြန်လည်ခုခံ တိုက်ခိုက်လိုကြသော်လည်း၊ ကောင်းကင်ဖြစ်စဉ်မြစ်ဝှမ်း ၏ ဖိနှိပ်ခြင်းကို ပြင်းထန်စွာ ခံလိုက်ရသဖြင့်၊ ဓာတ်ကြီးငါးပါးထိန်းချုပ်ခြင်း အတတ်ပညာ တစ်ခုတည်းဖြင့်သာ အတွင်းကမ္ဘာနယ်မြေ၏ တည်ငြိမ်မှုကို ထိန်းသိမ်းနေရတော့သည်။
ချီယန်သူတော်စင် သည် ပြင်ပကမ္ဘာ၏ မြင်ကွင်းကို ဝေဝေဝါးဝါး မြင်တွေ့နေရသဖြင့်၊ ကောင်းကင်ဖြစ်စဉ်မြစ်ဝှမ်း၏ ဖိနှိပ်ခြင်းကို ခံထားရသော ထိုနတ်ဘုရားစွမ်းရည်များကို မသိမသာ လှမ်းကြည့်လိုက်ပြီး၊ အံ့ဩမှင်တက်စွာဖြင့် ဆိုလိုက်သည်။
"မင်းက ဘာဖြစ်လို့ အားနည်းချင်ယောင် ဆောင်နေရတာလဲ"
ဖန့်ချန်က သူ့ကို ဂရုမစိုက်ဘဲ၊ အခြေအနေကိုသာ သေသေချာချာ ထိန်းချုပ်နေခဲ့သည်။
အချိန်အနည်းငယ် ကုန်လွန်သွားခဲ့ပြီးနောက်၊ ကိုးဆလက်သီးသိုင်း၏ ကမ္ဘာပျက်စီးစေနိုင်သော စွမ်းအားများမှာ ဖြည်းဖြည်းချင်း ချေဖျက်ခြင်းကို ခံလိုက်ရတော့သည်။
ဖန့်ချန်၏ အတွင်းကမ္ဘာနယ်မြေမှာ ပြင်းထန်သော ဖျက်ဆီးခြင်းကို ခံထားရသည့်ပုံ ပေါ်နေခဲ့ပြီး၊ ခန့်ညားထည်ဝါလှသော တံခါးဝကြီးမှာလည်း ပျက်စီးယိုယွင်းနေသည့်ပုံ ပေါ်နေခဲ့ပြီ ဖြစ်သည်။
သူကိုယ်တိုင်ပင်လျှင်၊ ယခုအချိန်၌ မျက်နှာတစ်ခုလုံး ချွေးစေးများဖြင့် ပြည့်နှက်နေတော့သည်။
မေဒေါင်ကွမ်းမှာ မျက်နှာတစ်ခုလုံး နီမြန်းကာ စိတ်လှုပ်ရှားနေခဲ့ပြီး၊ အကျယ်ကြီး အော်ဟစ်ရယ်မောလိုက်ကာ -
"မင်း ဘာဖြစ်လို့ ပြန်မတိုက်တာလဲ မင်းရဲ့ ဓာတ်ကြီးငါးပါးထိန်းချုပ်ခြင်း အတတ်ပညာကို နောက်ထပ်တစ်ကြိမ် ပြန်ပြီးတော့ သုံးဦးလေ နှစ်ပေါင်းတစ်ရာကြာအောင် မတွေ့ရတာ၊ ငါ အဲဒီစွမ်းရည်တွေကို တကယ်ကို လွမ်းဆွတ်နေတာ "
ဖန့်ချန်က စကားတစ်ခွန်းမျှ မဆိုသော်လည်း၊ နောက်တစ်စက္ကန့်တွင် ငါးရောင်ခြယ်နတ်နဂါးကြီးသည် အတွင်းကမ္ဘာနယ်မြေထဲမှ တိုက်ရိုက် တိုးထွက်လာခဲ့ပြီး၊ တစ်ဖက်လူဆီသို့ ပြင်းထန်စွာ တိုက်ခိုက်သွားခဲ့တော့သညာ။
မေဒေါင်ကွမ်း ထိုအခြေအနေကို မြင်တွေ့လိုက်ရသောအခါ၊ နောက်ထပ်တစ်ကြိမ် အတွင်းကမ္ဘာ စွမ်းအင်များကို လှုံ့ဆော်လိုက်ပြီး၊ ကိုးဆလက်သီးသိုင်းကို ထိုးနှက်လိုက်ပြန်သည်။
နှစ်ဦးစလုံးသည် ပြင်းထန်စွာ အကြိတ်အနယ် စတင်တိုက်ခိုက်ကြတော့သည်။
သို့သော် မေဒေါင်ကွမ်းက သိသိသာသာကြီးကို အသာစီးရနေခဲ့ပေသည်။
"သူ ကရုဏာတောင်ကို ဝင်ရောက်သွားတာက၊ တကယ်ကိုပဲ ပါရမီနဲ့ အရည်အချင်းတွေကို ဖြုန်းတီးပစ်လိုက်တာပဲ"
ဝူချုံးက မျက်မှောင်ကြုတ်လိုက်ပြီး၊ ဖန့်ချန်ကို လှမ်းကြည့်လိုက်သည့် မျက်ဝန်းများထဲ၌ ယခင်ကကဲ့သို့သော လေးစားအားကျမှုများ လုံးဝ မရှိတော့ချေ။
မိမိတို့ရှေ့မှောက်ရှိ ပုဂ္ဂိုလ်မှာ၊ စည်းရုံးသိမ်းသွင်းရန် မလိုအပ်တော့ချေ။
တစ်ဖက်လူ အချိန်မီ သတိဝင်လာပြီး၊ အခြားသော တောင်ကုန်းတစ်ခုဆီသို့ ပြောင်းရွှေ့သွားလျှင်တော့ တစ်မျိုးပေါ့။
"သွားပါပြီ…… သူတို့ကြားထဲက ကွာခြားချက်က ဘာဖြစ်လို့ ဒီလောက်အထိ ကြီးမားသွားရတာလဲ……"
ချိုင်စစ်ရှို့သည် မသိမသာဖြင့် လုကျိုဝမ်ကို လှမ်းကြည့်လိုက်သည်။
လုကျိုဝမ်၏ မျက်နှာထားမှာ ညိုမည်းနေခဲ့ပြီး -
"ဒါက မေဒေါင်ကွမ်း ကိုးဆလက်သီးသိုင်း နတ်ဘုရားစွမ်းရည်ကို နားလည်သဘောပေါက်သွားလို့ပဲ။
ဒီနတ်ဘုရားစွမ်းရည်ရဲ့ စွမ်းပကားက တကယ်ကို မညံ့လှဘူး၊ မေဒေါင်ကွမ်းကို မူလကထက် အဆပေါင်းများစွာမကတဲ့ တိုက်ခိုက်ရေးစွမ်းရည်တွေကို ပေါက်ကွဲထွက်လာစေနိုင်တာ။
ဖန့်ချန်ကတော့ ဓာတ်ကြီးငါးပါးထိန်းချုပ်ခြင်း အတတ်ပညာတစ်ခုတည်းကိုပဲ ထုဆစ်ပုံဖော်ထားတာလေ၊ ဘယ်လိုမျိုး ယှဉ်ပြိုင်နိုင်ပါ့မလဲ"
"ဒါဆိုရင် ငါတို့နှစ်ယောက်လည်း……"
၎င်းတို့နှစ်ဦးသည်လည်း နှစ်ပေါင်းတစ်ရာ အချိန်ကို ဖြုန်းတီးပစ်လိုက်ရပြီး၊ အခြားလူများမှာ ယခုကဲ့သို့ အရှိန်အဟုန်ဖြင့် တိုးတက်နေကြသော်လည်း၊ မိမိတို့မှာမူ ယခင်ကထက် ခန္ဓာကိုယ် အနည်းငယ်မျှသာ သန်မာလာသည်ကို တွေးတောမိလိုက်ကြသည့်အခါ၊ ကြီးမားလှသော အန္တရာယ်ရှိသည့် ဖိအားများကို ခံစားလိုက်ကြရတော့သည်။
"မဖြစ်ဘူး…… ငါတို့တွေလည်း ကောင်းကင်ငါးပါး စစ်မြေပြင်ကို သွားရမယ်"
၎င်းတို့နှစ်ဦးစလုံးသည် တစ်ပြိုင်နက်တည်း စကားဆိုလိုက်ကြသည်။
"ကောင်းကင်ငါးပါး စစ်မြေပြင်ကို သွားမယ်ဆိုရင်တော့၊ ဆရာကြီး ပေးသနားထားတဲ့ ရွှေဟွေးတံဆိပ်ပြားတွေကို အသုံးပြုပြီးတော့၊ အခြား တောင်ကုန်းတွေရဲ့ နတ်ဘုရားစွမ်းရည်တွေကို သွားရောက် နားလည်သဘောပေါက်အောင် လုပ်ဆောင်လိုက်တာ ပိုပြီးတော့ မကောင်းဘူးလား"
ချိုင်စစ်ရှို့၏ စိတ်အာရုံ လှုပ်ရှားသွားပြီး၊ မျှော်လင့်ချက် ပြည့်နှက်နေသော မျက်ဝန်းများဖြင့် လုကျိုဝမ်ကို လှမ်းကြည့်လိုက်သည်။
ယခုကဲ့သို့သော ကိစ္စရပ်မျိုးကို သူတစ်ယောက်တည်း မလုပ်ရဲသော်လည်း၊ အကယ်၍ တစ်စုံတစ်ယောက်က သူနှင့်အတူ လိုက်ပါလုပ်ဆောင်ပေးမည်ဆိုပါက ဘာမှ ပြဿနာမရှိချေ။
"ဒီလိုမျိုးဆိုရင်တော့…… လည်း ရနိုင်တာပဲ……"
လုကျိုဝမ်က တွေးတောမြော်မြင်လိုက်၏။
ရွှေဟွေးကျောင်းတော်၏ လူသားမျိုးနွယ်စု ကျောင်းတော်ကြီးသည် တောင်ကုန်းအသီးသီး ခွဲခြားထားပြီး ဆရာများလည်း ခွဲခြားထားသော်လည်း၊ နတ်ဘုရားစွမ်းရည်များကို သွားရောက် နားလည်သဘောပေါက်သည့် အပိုင်းတွင်မူ မည်သည့် ကန့်သတ်ချက်မျှ မရှိချေ၊ လုံလောက်သော ရွှေဟွေးတံဆိပ်ပြားများ ရှိနေရုံမျှဖြင့် ရရှိနိုင်ပေသည်။
ထိုမျှမက၊ အခြားသော လူမျိုးစု ကျောင်းတော်ကြီးများဆီသို့ သွားရောက်ကာ နတ်ဘုရားစွမ်းရည်များကို နားလည်သဘောပေါက်အောင် လုပ်ဆောင်နိုင်ခွင့်ပင် ရှိသေးသည်။
ထိုအချိန်တွင်၊ ဖန့်ချန်နှင့် မေဒေါင်ကွမ်းတို့၏ တိုက်ပွဲသည်လည်း အဆုံးသတ်ပိုင်းသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
မေဒေါင်ကွမ်းသည် အပြတ်အသတ် အသာစီးရနေသော အရှိန်အဟုန်ဖြင့်၊ လက်သီးတစ်ချက်ပြီးတစ်ချက် ဖန့်ချန်ဆီသို့ ပြင်းထန်စွာ ထိုးနှက်လိုက်သည်။
မကြာမီအချိန်အတွင်းမှာပင် ဖန့်ချန်၏ အတွင်းကမ္ဘာနယ်မြေကို လုံးဝ မီးကျိုးပြာကျဖြစ်အောင် ခြေမှုန်းပစ်နိုင်တော့မည်ကို မြင်တွေ့လိုက်ရသဖြင့်၊ သူ၏ မျက်ဝန်းများထဲမှ လှောင်ပြုံးရိပ်များမှာ ပိုမို၍ ရူးသွပ်လာတော့သည်။
လူတိုင်းက အနိုင်အရှုံး ရလဒ် ထွက်ပေါ်လာခဲ့ပြီဟု ထင်မှတ်နေကြစဉ်မှာပင်၊ ရုတ်တရက် နက်မှောင်လှသော အလင်းတန်းတစ်ခုသည် လျှပ်တပြက်အတွင်း တိုးထွက်လာခဲ့ပြီး၊ မေဒေါင်ကွမ်း၏ အတွင်းကမ္ဘာနယ်မြေ တံခါးဝကို ချက်ချင်းပင် ဖောက်ထွင်းပစ်လိုက်ကာ၊ တစ်ကိုယ်လုံး အတွင်းကမ္ဘာ စွမ်းအင်များ ဝန်းရံနေသော မေဒေါင်ကွမ်း၏ ခန္ဓာကိုယ်ထက်၌ သွေးပေါက်ဝကြီးတစ်ခုကို ချန်ရစ်သွားခဲ့တော့သည်။
မေဒေါင်ကွမ်းသည် မိမိ၏ ရင်ဘတ်ကို မယုံကြည်နိုင်ခြင်းများစွာဖြင့် စိုက်ကြည့်လိုက်ပြီး၊ သူ ခေါင်းကို ပြန်လည်မော့လိုက်သည့် အချိန်တွင်တော့၊ ငါးရောင်ခြယ်နတ်နဂါးကြီးသည် နောက်ထပ်တစ်ကြိမ် ဝါးမြိုရန် ရောက်ရှိလာခဲ့ပြီ ဖြစ်ပေသည်။
ဘုန်း ဘုန်း ဘုန်း
အချိန်အနည်းငယ် ကုန်လွန်သွားခဲ့ပြီးနောက်၊ မေဒေါင်ကွမ်းသည် ပြန်လည်ခုခံနိုင်စွမ်း မရှိတော့သဖြင့်၊ လုံးဝ ရှုံးနိမ့်သွားခဲ့ရတော့သည်။
အတွင်းကမ္ဘာနယ်မြေတစ်ခုသည် ၎င်းတို့နှစ်ဦးကြားထဲသို့ ကာကွယ်ပေးလိုက်ပြီး၊ ၎င်းတို့နှစ်ဦး၏ နောက်ထပ်တစ်ကြိမ် တိုက်ခိုက်မှုများကို တားဆီးပေးလိုက်လေသည်။
လူတိုင်းသည် အချင်းချင်း ဆွံ့အစွာဖြင့် ကြည့်ရှုလိုက်ကြပြီး၊ မိမိတို့၏ ရွှေဟွေးတံဆိပ်ပြားများကို မေဒေါင်ကွမ်းအပေါ်၌ ပုံအော၍ လောင်းကြေးထပ်ထားကြသော သူတော်စင်တစ်ပိုင်းများသည်၊ ယခုအချိန်၌ မျက်ရည်ပင် မထွက်နိုင်တော့ချေ။
၎င်းတို့သည် ဤကိစ္စရပ်မှာ မည်သို့ ဖြစ်ပွားသွားရခြင်း ဖြစ်သည်ကို တွေးတော၍ မရနိုင်ကြချေ။
ဘာဖြစ်လို့ အစဉ်တစိုက် အသာစီးရနေခဲ့တဲ့ မေဒေါင်ကွမ်းက၊ ရုတ်တရက်ကြီး ရှုံးနိမ့်သွားရတာလဲ။
"ဒါက မဖြစ်နိုင်တာ……"
မေဒေါင်ကွမ်းသည် ကြမ်းပြင်ထက်၌ ဒူးထောက်လျက်၊ ခေါင်းကိုမော့ကာ ဖန့်ချန်ကို စိုက်ကြည့်နေပြီး၊ သူ၏ မျက်ဝန်းများထဲ၌ မကျေမနပ် ဖြစ်နေသည့် အရိပ်အယောင်များဖြင့် ပြည့်နှက်နေတော့သည်။
"တိုက်ခိုက်သတ်ဖြတ်တာတွေက ကောင်းတဲ့ကိစ္စတစ်ခု မဟုတ်ပါဘူး၊ မင်း သဘောပေါက်ပြီလား"
ဖန့်ချန်က ဆိုလိုက်သည်။
"ငါ မင်းရဲ့……"
မေဒေါင်ကွမ်းသည် နောက်ဆုံးတွင် အောင့်အီးသည်းခံလိုက်ပြီး၊ ထိုဆဲရေးတိုင်းထွာမည့် စကားလုံးများကို ထုတ်ဖော်မပြောဆိုလိုက်ချေ။
သူသည် အလွန်အမင်း အရှက်ရမှုကိုသာ ခံစားနေရ၏။ လွန်ခဲ့သော နှစ်တစ်ရာတုန်းကလည်း တစ်ဖက်လူ၏ လက်အောက်၌ ရှုံးနိမ့်ခဲ့ဖူးပြီး၊ ယခု နှစ်ပေါင်းတစ်ရာ ကုန်လွန်သွားသည့်အချိန်တွင်လည်း၊ သူသည် နောက်ထပ်တစ်ကြိမ် တစ်ဖက်လူ၏ လက်အောက်၌ ရှုံးနိမ့်ခဲ့ရပြန်သည်။
မိမိကြောင့် ကျိုကျီတောင်အနေဖြင့် ကရုဏာတောင်ဆီသို့ ရွှေဟွေးတံဆိပ်ပြား အမြောက်အမြားကို ရှုံးပေးလိုက်ရတော့မည်ကို တွေးတောမိလိုက်သည့်အခါ၊ သူ၏ အရှက်ရမှုများမှာ ထိတ်လန့်တုန်လှုပ်ခြင်းများအဖြစ်သို့ ပြောင်းလဲသွားရတော့သည်။
ဝေရွှင်က မိမိတို့ရှေ့မှောက်ရှိ ထိုမြင်ကွင်းကို ကြည့်ကာ၊ အသာအယာ ခေါင်းယမ်းလိုက်ပြီး -
"မေဒေါင်ကွမ်းက အလွန်အမင်း ပေါ့ဆသွားခဲ့တာပဲ၊ တစ်ဖက်လူကို အထင်သေးမိသွားလို့သာ၊ အခုလိုမျိုး ရှုံးနိမ့်သွားရတာ ဖြစ်လိမ့်မယ်"
'ပေါ့ဆမှုကြောင့် ရှုံးနိမ့်သွားတာလား'
လူတိုင်းက တွေးတောဆင်ခြင်လျက် ခေါင်းညိတ်ပြလိုက်ကြပြီး၊ အားလုံးသည် မေဒေါင်ကွမ်း၏ ဤတိုက်ပွဲကို သတိပေးချက်တစ်ခုအဖြစ် မှတ်ယူလိုက်ကြကာ၊ နောင်ပိုင်းတွင် တခြားလူများနှင့် လက်ရည်စမ်းသည့်အခါ ယခုကဲ့သို့ အလွန်အမင်း ပေါ့ဆခြင်းမျိုး လုံးဝ မဖြစ်ပွားစေရန် မိမိကိုယ်မိမိ သတိပေးလိုက်ကြတော့သည်။
အခန်း (၂၀၄၈) စွမ်းဆောင်ရှင်များအဖွဲ့
"ကျန်းတောက်ယွဲ့…… ဒီတစ်ခေါက်လည်း နင့်ရဲ့ ကံတရားက တကယ်ကို မဆိုးလှဘူးပဲ"
ခန့်ညားထည်ဝါလှသော အတွင်းကမ္ဘာနယ်မြေ တံခါးဝကြီးထဲမှ၊ ရွှေရှင်း၏ အသံ ထွက်ပေါ်လာခဲ့ပြီး၊ ထိုအသံထဲ၌ ဒေါသဖြစ်ခြင်း၊ ဝမ်းသာခြင်း အရိပ်အယောင်များ လုံးဝ မပါဝင်ဘဲ တည်ငြိမ်အေးဆေးမှု သက်သက်သာ ရှိနေခဲ့ပေသည်။
"ဘာဖြစ်လို့လဲဆိုတော့ ငါတို့ ကရုဏာတောင်က လူတွေက သူတော်ကောင်းတရား စာပေတွေကို ဖတ်ရှုရတာ ကြိုက်နှစ်သက်ကြလို့လေ၊ ကံတရားကတော့ အစဉ်အမြဲ ကောင်းမွန်နေတာပါပဲ"
ကျန်းတောက်ယွဲ့၏ အသံထဲ၌ စနောက်ကျီစယ်လိုသည့် အရိပ်အယောင် အနည်းငယ် ပါဝင်နေ၏။
တစ်ဖက်လူက ဘာမျှ ပြန်လည်ပြောဆိုခြင်း မပြုတော့ဘဲ၊ ထို့နောက်တွင်တော့ နှစ်ဦးစလုံးသည် လောင်းကြေးထပ်ပွဲ၏ လွှဲပြောင်းပေးအပ်ခြင်း ကိစ္စရပ်များကို ပြီးမြောက်အောင် လုပ်ဆောင်လိုက်ကြတော့သည်။
၎င်းနောက်တွင်တော့ ခန့်ညားထည်ဝါလှသော အတွင်းကမ္ဘာနယ်မြေများမှာ တစ်ခုပြီးတစ်ခု ဟင်းလင်းပြင်ထဲသို့ တဖြည်းဖြည်းချင်း ကွယ်ပျောက် သွားကြရတော့သည်။
"ဖန့်လေး…… ဒီရွှေဟွေးတံဆိပ်ပြား အပြားနှစ်ဆယ်က၊ စီနီယာအစ်ကိုကြီးက မင်းကို ပေးခိုင်းလိုက်တာ"
လင်းဖုန်းသည် ဖန့်ချန်၏ လက်ထဲသို့ ရွှေဟွေးတံဆိပ်ပြား အပြားနှစ်ဆယ်ကို အပ်နှံပေးလိုက်ပြီးနောက်၊ သူသည်လည်း ချက်ချင်းပင် လှည့်ထွက်သွားခဲ့လေသည်။
ချိုင်စစ်ရှို့နှင့် လုကျိုဝမ်တို့ ထိုမြင်ကွင်းကို မြင်တွေ့လိုက်ရသောအခါ၊ မျက်ဝန်းများထဲ၌ အားကျမနာလိုခြင်း အရိပ်အယောင်များဖြင့် ပြည့်နှက်သွားရတော့၏။
"သူက ဒီပွဲကနေ ရွှေဟွေးတံဆိပ်ပြား အပြားနှစ်ဆယ်တောင် အမြတ်ထွက်သွားတာလား "
ကျိလင်သည် မကျေမနပ်ဖြစ်စွာဖြင့် မိမိ၏ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်ပြီး၊ စိတ်နှလုံးထဲ၌ ပြင်းထန်စွာ ဒေါသထွက်နေတော့သည်။
ဝေရွှင်သည် ဤအချိန်၌ စိတ်ဓာတ်ကျဆင်းနေသော မေဒေါင်ကွမ်း၏ ရှေ့မှောက်ဆီသို့ လျှောက်လှမ်းလာခဲ့ကာ -
"မင်း ဘာဖြစ်လို့ ရှုံးနိမ့်သွားရတာလဲဆိုတာကို သိလား"
မေဒေါင်ကွမ်းသည် မိမိ၏ ခေါင်းကို ဖြည်းညှင်းစွာ မော့လိုက်ရာ၊ သူ၏ မျက်ဝန်းများထဲ၌ နောင်တရခြင်း အရိပ်အယောင်များဖြင့် ပြည့်နှက်နေခဲ့ပြီး -
"ကျွန်တော် ရန်သူကို အထင်သေးမိသွားတာပါ၊ သူ့ရဲ့ အတွင်းကမ္ဘာနယ်မြေထဲမှာ နတ်ဘုရားစွမ်းရည် တစ်မျိုးတည်းကိုပဲ ထုဆစ်ပုံဖော်ထားတာ မဟုတ်ဘူးဆိုတာကို၊ ကျွန်တော် အစကတည်းက သိထားသင့်တာ"
"မှန်တယ်၊ မင်း ရန်သူကို အထင်သေးမိသွားတာပဲ၊ အမှန်တကယ်တော့ မင်းရဲ့ လက်ရှိ အခြေခံအုတ်မြစ် အရည်အချင်းတွေနဲ့ဆိုရင်၊ သူ့ကို အနိုင်ယူဖို့က ဘာမှ မခက်ခဲပါဘူး။
ဒါပေမဲ့ ဘာမှမဖြစ်ဘူး၊ အချိန်တွေက အများကြီး ကျန်ပါသေးတယ်၊ အခြေခံကျင့်ကြံခြင်း ကာလအတွင်းမှာ၊ မင်းမှာ သူ့ကို စိန်ခေါ်ပြီး လက်ရည်စမ်းခွင့်ရမယ့် အခွင့်အရေးတွေ မြောက်မြားစွာ ရှိနေပါသေးတယ်"
ဝေရွှင်က ပြုံးလျက် ဆိုလိုက်၏။
"ဒီတစ်ခေါက်မှာတော့ မင်းကြောင့်မလို့ စီနီယာအစ်မ ရွှေရှင်းမှာ ရွှေဟွေးတံဆိပ်ပြား တော်တော်များများ အရှုံးပြသွားခဲ့ရပြီ၊ နောက်တစ်ကြိမ်ကျရင်တော့၊ စီနီယာအစ်မအတွက် အရင်းအနှီးရော အမြတ်ပါ အကုန်လုံး ပြန်ပြီးတော့ ရှာဖွေပေးရမယ်၊ နားလည်လား"
"ဝမ်းကွဲအစ်ကို…… ကျွန်တော် နားလည်ပါပြီ "
မေဒေါင်ကွမ်းက ခေါင်းကို ပြင်းထန်စွာ ညိတ်ပြလိုက်ပြီး၊ ဖန့်ချန်တို့၏ အတွင်းကမ္ဘာနယ်မြေများ ဟင်းလင်းပြင်ထဲသို့ ကွယ်ပျောက်သွားသည်ကို မြင်တွေ့လိုက်ရသည့်အခါ၊ သူ၏ မျက်ဝန်းအစုံမှာ အလွန်အမင်း ပြတ်သားတည်ကြည် သွားတော့သည်။
……
ဤသေးငယ်လှသော ကိစ္စရပ်လေး ပေါ်ပေါက်လာခဲ့ခြင်းကြောင့်၊ ချိုင်စစ်ရှို့နှင့် လုကျိုဝမ်တို့သည်လည်း စကားစမြည်ပြောဆိုရန် စိတ်ပါဝင်စားမှု မရှိကြတော့ဘဲ၊ တစ်ဦးပြီးတစ်ဦး နှုတ်ဆက်ကာ ထွက်ခွာသွားကြတော့သည်။
ဖန့်ချန်သည်လည်း ထွက်ခွာရန် ပြင်ဆင်လိုက်စဉ်မှာပင်၊ အတွင်းကမ္ဘာ ဟင်းလင်းပြင်ထဲမှ ထွက်ပေါ်လာသော မေဒေါင်ကွမ်းသည် ရှေ့သို့တိုးလာကာ သူ၏ လမ်းကို ပိတ်ဆို့၍ တားဆီးလိုက်သည်။
"ငါတို့တွေ ခုတင်တင်တင်ပဲ တစ်ပွဲ တိုက်ခိုက်ပြီးသွားတာ မဟုတ်ဘူးလား"
ဖန့်ချန်က အံ့ဩတကြီးဖြင့် ဆိုလိုက်သည်။
"ဒါက နောက်ထပ်တစ်ပွဲ ထပ်ပြီးတော့ တိုက်ခိုက်ချင်သေးလို့လား"
ပတ်ဝန်းကျင်ရှိ လူသားမျိုးနွယ်စုမှ သူတော်စင်တစ်ပိုင်းများသည် စိတ်ဝင်တစားဖြင့် ဤဘက်ဆီသို့ လှမ်းမျှော်ကြည့်ရှု လိုက်ကြတော့သည်။
မေဒေါင်ကွမ်းကမူ ခေါင်းကို ခါယမ်းလိုက်ပြီး -
"နောက်ထပ်တစ်ပွဲ တိုက်ခိုက်ရမှာကတော့ သေချာပေါက်ပဲ၊ ဒီတစ်ခေါက်မှာတော့ ငါ ပေါ့ဆသွားခဲ့လို့ပါ၊ ငါ့ကိုယ်ငါ နှစ်ပေါင်းတစ်ရာ တင်းကျပ်စွာ အပြစ်ပေးလိုက်ဦးမယ်၊ နှစ်ပေါင်းတစ်ရာ ကြာပြီးတဲ့နောက်၊ နောက်တစ်ကြိမ် ကောင်းကင်ငါးပါး စစ်မြေပြင် ပြီးသွားတဲ့အခါကျရင်၊ ငါ မင်းနဲ့ နောက်ထပ်တစ်ပွဲ ထပ်ပြီးတော့ တိုက်ခိုက်မယ်"
"လင်းဖုန်းစီနီယာအစ်ကိုလည်း ပြောခဲ့ဖူးပါတယ်၊ ငါတို့ ကရုဏာတောင်မှာ လူတွေကို ကောင်းမွန်တဲ့ လမ်းကြောင်းပေါ်ဆီ ရောက်ရှိအောင် လမ်းညွှန်ပေးရမယ့် တာဝန်ရှိတယ်တဲ့၊ ဒါကြောင့်မလို့ မင်းရဲ့ စိန်ခေါ်မှုကို ငါ သဘောတူပါတယ်၊ ဒီတစ်ခေါက် ရှုံးနိမ့်မှုကို ကြုံတွေ့ပြီးတဲ့နောက်မှာတော့၊ မင်းအနေနဲ့ ပြန်သွားပြီး စိတ်အေးလက်အေးနဲ့ ရွှေဟွေးကျောင်းတော်ရဲ့ စာအုပ်အမျိုးမျိုးကို သေသေချာချာ ဖတ်ရှုနိုင်လိမ့်မယ်လို့ ငါ မျှော်လင့်ပါတယ်"
ဖန့်ချန်က အသာအယာ ခေါင်းညိတ်ပြလိုက်သည်။
မေဒေါင်ကွမ်းသည် စိတ်ထဲရှိ ဆဲရေးတိုင်းထွာမည့် စကားလုံးများကို အတင်းအကျပ် အောင့်အီးသည်းခံလိုက်ကာ၊ နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး ဝေရွှင်တို့အဖွဲ့ရှိရာဆီသို့ လှည့်ပြန်သွားခဲ့တော့သည်။ ၎င်းတို့သည်လည်း ဆက်လက်၍ စိတ်ပါဝင်စားမှု မရှိကြတော့ပုံရသဖြင့်၊ ထိုင်ရာမှထကာ ဤနေရာမှ ထွက်ခွာသွားကြတော့သည်။
"ဖန့်ညီလေး"
ပွဲကောင်းကြည့်နေသော လူသားမျိုးနွယ်စု သူတော်စင်တစ်ပိုင်းတစ်ဦးသည် ထိုအခြေအနေကို မြင်တွေ့လိုက်ရသောအခါ၊ ထိုင်ရာမှထ၍ လျှောက်လှမ်းလာခဲ့သည်။
သူသည် ယခင်က ချိုင်စစ်ရှို့နှင့် လုကျိုဝမ်တို့ကို လှောင်ပြောင် သရော်ခဲ့သော စီနီယာ သူတော်စင်တစ်ပိုင်းကြီး ဖြစ်ပေသည်၊ ခန့်မှန်းရသည်မှာ ဝေရွှင်နှင့် အပတ်စဉ် တူညီပုံရပြီး၊ ခန္ဓာကိုယ်ထက်မှ အငွေ့အသက်များမှာလည်း သူ့ထက် မနိမ့်ကျချေ။
"စီနီယာအစ်ကိုကြီးမှာ ဘာများ လမ်းညွှန်စရာ ရှိလို့လဲခင်ဗျာ"
ဖန့်ချန်က ယဉ်ကျေးပျူငှာစွာဖြင့် ပြုံး၍ မေးမြန်းလိုက်သည်။
"ပထမဆုံးအနေနဲ့ ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ပါရစေဦး၊ ငါက ဒီပုကျွင်းတောင် ရဲ့ တပည့်တစ်ဦးပါ၊ ဟွာထျန်းနတ်ဘုရားနယ်မြေ က လာတာ၊ အမည်ကတော့ မော့ရှယ် ပါ"
"မင်းနဲ့ တူညီတာကတော့၊ ငါတို့တွေ အားလုံးက သာမန်လူသားမျိုးနွယ်စု ဘဝကနေ ဆင်းသက်လာကြတာပဲ၊ ကြီးမြတ်တဲ့ မျိုးနွယ်စုကြီးတွေရဲ့ သားသမီးတွေ မဟုတ်ကြဘူး၊ မဟုတ်ရင်လည်း ငါတို့ရဲ့ မျိုးနွယ်စုတွေက အခုခေတ်မှာတော့ လုံးဝကို ကွယ်ပျောက် ဆုတ်ယုတ်သွားခဲ့ပြီလို့ ပြောရမှာပဲ"
မော့ရှယ်က ပြုံးလျက် ဆိုလိုက်၏။
"ဥပမာ ငါဆိုရင်၊ အောက်ခြေအဆင့်ကနေ တစ်ဆင့်ပြီးတစ်ဆင့် တက်လှမ်းလာခဲ့ရတာ၊ အဆက်မပြတ် ရွေးချယ်ခြင်း ခံရတယ်၊ တိုက်ခိုက် လက်ရည်စမ်းခဲ့ရတယ်၊ နောက်ဆုံးကျမှ ရွှေဟွေးကျောင်းတော်ရဲ့ လက်အောက်ခံ နန်းတော်ကိုးခုထဲက တစ်ခုဆီကို ဝင်ရောက်ခွင့် ရရှိခဲ့တာ၊ နောက်မှာတော့ လွန်ခဲ့တဲ့ နှစ်ပေါင်းငါးရာတုန်းက သာမန်လူတွေ စိတ်ကူးယဉ်လို့တောင် မရနိုင်တဲ့ သေတွင်းထဲက ရုန်းထွက်ရတဲ့ တိုက်ပွဲကြီးတစ်ခုကို ဖြတ်သန်းပြီးမှ၊ ရွှေဟွေးကျောင်းတော်ရဲ့ တပည့်တစ်ဦး ဖြစ်လာခဲ့ရတာ"
ဖန့်ချန်၏ စိတ်အာရုံ လှုပ်ရှားသွားခဲ့ပြီး၊ ပြုံးလျက် ဆိုလိုက်သည်။
"ဒါဆိုရင် ကျွန်တော့်ရဲ့ ကံတရားက ပိုပြီးတော့ ကောင်းမွန်တာပဲ၊ ကျိမိသားစုရဲ့ မိတ်ဆက်ပေးမှုကြောင့် ဒီနေရာကို ရောက်ရှိလာခွင့် ရခဲ့တာ"
"ငါ သိပါတယ်၊ ရွှေဟွေးကျောင်းတော်ရဲ့ တပည့်တစ်ဦး ဖြစ်နေသရွေ့တော့၊ သူ့ရဲ့ နောက်ကွယ်က မိသားစုမှာ ကျောင်းသားတွေကို မိတ်ဆက်ပေးခွင့်ရှိတဲ့ အခွင့်အရေး ရှိနေတာပဲ။
ကျိမိသားစုမှာလည်း ယခင်က ရွှေဟွေးကျောင်းတော်မှာ လာရောက် ကျင့်ကြံဖူးတဲ့လူ ရှိခဲ့တယ်လေ၊ အခြေခံကျင့်ကြံခြင်း ကာလကို မဖြတ်ကျော်နိုင်ခဲ့ရင်တောင်မှ၊ ဒီလိုမျိုး အထူးအခွင့်အရေးကတော့ ရှိနေတုန်းပဲ။
ငါ့လိုမျိုးပဲပေါ့၊ နောင်ပိုင်းမှာ ငါသာ အခြေခံကျင့်ကြံခြင်း ကာလကို မဖြတ်ကျော်နိုင်ခဲ့ရင်တောင်မှ၊ နောင်အနာဂတ်မှာ တပည့်တွေကို ထောက်ခံချက်ပေးပြီး ခေါ်ယူနိုင်ခွင့်ရှိတဲ့ အခွင့်အရေး ရှိလာမှာပဲ"
မော့ရှယ်က အသာအယာ ခေါင်းညိတ်ပြလိုက်သညာ။
ဖန့်ချန်သည် မိမိရှေ့မှောက်ရှိ ပုဂ္ဂိုလ်ကြီးမှာ အဘယ်ကြောင့် ရှေ့သို့တိုးကာ စကားလာရောက် ပြောဆိုနေရခြင်း ဖြစ်သည်ကို သေချာစွာ နားမလည်နိုင်သေးသဖြင့် -
"မော့စီနီယာအစ်ကို…… အကယ်၍ အခြားကိစ္စရပ်တွေ မရှိတော့ဘူးဆိုရင်၊ ကျွန်တော် ကရုဏာတောင်ကို ပြန်ပြီးတော့ စာအုပ်ဖတ်ရပါဦးမယ်၊ မကြာသေးခင်ကပဲ စာကြည့်တိုက်ထဲမှာ စာအုပ်အသစ်တွေ ထပ်ပြီးတော့ လဲလှယ်ထားတယ်လို့ ကြားရတယ်၊ တကယ်ကို စိတ်ဝင်စားစရာ ကောင်းလှပါတယ်"
"ငါ ခုတင်တင်တင်ပဲ မြင်တွေ့လိုက်ရတယ်လေ၊ ယွင်ကျဲနတ်ဘုရားနယ်မြေ ရဲ့ ခွေရွှေ မျိုးနွယ်စုက ဝူချုံးက မင်းကို စည်းရုံးသိမ်းသွင်းချင်နေတာ။
ဟော်ဆွေ့ မျိုးနွယ်စုရဲ့ မျိုးနွယ်စုခွဲက ချင်ထောင်ကလည်း မင်းနဲ့ အနည်းငယ်မျှ ရင်းနှီးကျွမ်းဝင်မှု ရှိပုံရတယ်။
ဝေမိသားစုကတော့ ဒီနှစ်ခုကို မယှဉ်နိုင်ရင်တောင်မှ၊ အားနည်းတဲ့ မိသားစုတစ်ခုတော့ မဟုတ်ဘူး၊ ကောင်းကင်နိမိတ်ဖြစ်စဉ် သူတော်စင် တစ်ဦး နောက်ကွယ်မှာ အခိုင်အမာ ရှိနေတယ်လို့ ကြားရတယ်။
မင်းက သာမန်ဘဝကနေ ဆင်းသက်လာပြီးတော့၊ သူတို့တွေနဲ့ ပတ်သက်ဆက်နွှယ်မှုတွေ ရှိနေတာက၊ နောင်အနာဂတ် မင်းရဲ့ ကျင့်ကြံခြင်း လမ်းကြောင်းအတွက် အနှောင့်အယှက်တွေ သေချာပေါက် ဖြစ်လာစေလိမ့်မယ်"
မော့ရှယ်က ပြုံးလျက် ဆိုလိုက်၏။
"ငါကတော့ ဒီလိုမျိုး တွေးတောမိတယ်၊ ငါတို့လို သာမန်လူသားမျိုးနွယ်စု သားသမီးတွေအနေနဲ့၊ ထိပ်ဆုံးကို တက်လှမ်းချင်တယ်ဆိုရင်တော့၊ အချင်းချင်း စုစည်းပြီးတော့ အုပ်စုဖွဲ့ထားဖို့ လိုအပ်တယ်။
မင်း စွမ်းဆောင်ရှင်များအဖွဲ့ အကြောင်းကို ကြားဖူးလား"
"စွမ်းဆောင်ရှင်များအဖွဲ့ ကျွန်တော် မကြားဖူးပါဘူး"
ဖန့်ချန်က ဆိုလိုက်သည်။
"အခုတော့ မင်း သိသွားပြီပေါ့၊ စွမ်းဆောင်ရှင်များအဖွဲ့ထဲမှာ ရှိနေတဲ့လူတွေ အားလုံးက ငါတို့လိုမျိုး ဘဝတူတွေချည်းပဲ၊ ယခင်က စီနီယာကြီးတွေအနေနဲ့ ငါတို့လိုလူတွေ လူမှုဆက်ဆံရေး အပိုင်းမှာ၊ အခြေခံအုတ်မြစ် အပိုင်းမှာ နစ်နာမှုတွေ မရှိစေဖို့နဲ့၊ တကယ့် ကြီးမြတ်တဲ့ မျိုးနွယ်စုကြီးတွေရဲ့ သားသမီးတွေကို ယှဉ်ပြိုင် တိုက်ခိုက်နိုင်စွမ်း ရှိစေဖို့အတွက်၊ ဒီစွမ်းဆောင်ရှင်များအဖွဲ့ကို တည်ထောင်ခဲ့ကြတာ"
မော့ရှယ်က ပြုံးလျက် ဆိုလိုက်၏။
"မင်းရဲ့ ပါရမီအရည်အချင်းက မညံ့လှသလို၊ နည်းလမ်းတွေကလည်း ပြောင်မြောက်လှတယ်၊ ဘဝနောက်ခံကလည်း ငါတို့နဲ့ အတူတူပဲဆိုတော့၊ ငါတို့ရဲ့ စွမ်းဆောင်ရှင်များအဖွဲ့ထဲကို ဝင်ရောက်ဖို့ ဆန္ဒရှိလား။
အကယ်၍ မင်းသာ စွမ်းဆောင်ရှင်များအဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦး ဖြစ်လာခဲ့မယ်ဆိုရင်၊ မေဒေါင်ကွမ်းလိုမျိုး ပြဿနာတွေကို နောင်ပိုင်းမှာ စိတ်ပူစရာ လုံးဝ မလိုတော့ဘူး"
'ဒီလူသားမျိုးနွယ်စု ကျောင်းတော်ကြီးအတွင်းထဲက ပဋိပက္ခတွေက၊ ငါ ထင်ထားတာထက်တောင်မှ ပိုပြီးတော့ ပြင်းထန်နေပါလား'
ဖန့်ချန်၏ စိတ်အာရုံ အနည်းငယ် လှုပ်ရှားသွားခဲ့ပြီးနောက်၊ ပြုံးလျက်ဖြင့် ယဉ်ကျေးစွာ ငြင်းပယ်လိုက်သည်။
"ရှုဆရာကြီး ပြောခဲ့ဖူးပါတယ်၊ အခြေခံကျင့်ကြံခြင်း ကာလအတွင်းမှာတော့၊ ကျွန်တော့်အနေနဲ့ ပြင်ပကမ္ဘာရဲ့ ဘယ်လိုကိစ္စရပ်တွေကိုမျှ ဂရုစိုက်စရာ မလိုဘူးတဲ့၊ ကရုဏာတောင်မှာပဲ စိတ်အေးလက်အေးနဲ့ စာအုပ်ဖတ်နေရင် ရပြီတဲ့"
"ဒါဆိုရင်လည်း ပြီးတာပါပဲ"
မော့ရှယ်က ဆက်လက်၍ တိုက်တွန်းပြောဆိုခြင်း မပြုတော့ဘဲ၊ သူ၏ သူငယ်ချင်းများ ရှိရာဆီသို့ ပြန်လည်လျှောက်လှမ်းသွားကာ အရက်သောက်လျက် စကားစမြည် ဆက်လက် ပြောဆိုနေတော့သည်။
ဖန့်ချန်သည် ကရုဏာတောင်ဆီသို့ တစ်ဟုန်ထိုး ပြန်လည်ရောက်ရှိလာခဲ့ပြီး၊ ရရှိထားသော ရွှေဟွေးတံဆိပ်ပြား အပြားနှစ်ဆယ်ကို အသုံးပြု၍ အခြားသော နတ်ဘုရားစွမ်းရည် နှစ်မျိုးကို သွားရောက် နားလည်သဘောပေါက်အောင် လုပ်ဆောင်ရန်အတွက် လောဆောခြင်း မပြုဘဲ၊ စာကြည့်တိုက်ဆီသို့ ပထမဆုံး သွားရောက်လိုက်သည်။
ခုတင်တင်တင်တင်ကပဲ လင်းဖုန်းက သူ့ကို အသံလှမ်းပို့ခဲ့ပြီး၊ စာကြည့်တိုက်ထဲက စာအုပ်တွေကို အသစ်လဲလှယ်ထားတယ်လို့ ပြောခဲ့ဖူးသဖြင့်၊ သူ အမှန်တကယ် ဟုတ်မဟုတ်ကို သွားရောက်ကြည့်ရှုလိုခြင်း ဖြစ်ပေသည်။
"တကယ်ပဲ စာအုပ်အသစ်တွေ လဲလှယ်ထားတာပဲလား"
ဖန့်ချန်သည် စာအုပ်စင်တန်းများကို တစ်ခုပြီးတစ်ခု လှမ်းမျှော်ကြည့်ရှုလိုက်ရာ၊ သူ၏ မျက်ဝန်းအစုံထဲ၌ ပြင်းထန်သော အလင်းတန်းများ လှုပ်ရှားသွားခဲ့တော့သည်။
ဒီစာအုပ်တွေထဲက အချို့ကတော့ ဟင်းလင်းပြင် အမြင့်ဆုံးမဟာမိတ်အဖွဲ့ ရဲ့ အကြောင်းအရာတွေကို ရေးသားထားတာ ဖြစ်ပေသည်။
အချို့ကတော့ ပုံပြင်ဇာတ်လမ်းလေးတွေ ဖြစ်ကြသည်။
အချို့ကတော့ လူသားမျိုးနွယ်စုရဲ့ လျှို့ဝှက်ချက်အချို့ကို ရေးသားထားတာ ဖြစ်ပြီး၊ အမှန်တကယ် ဟုတ်မဟုတ်ကိုတော့ မသိရချေ။
အချို့ကတော့ အခြားသော ပြင်ပမျိုးနွယ်စုကြီးတွေနဲ့ ပတ်သက်ဆက်နွှယ်နေခဲ့သည်။
နောက်ထပ် လအနည်းငယ်အတွင်းမှာတင်၊ ဖန့်ချန်သည် မိမိကိုယ်ကိုယ် စာကြည့်တိုက်အတွင်းထဲ၌သာ အချိန်ကုန်ဆုံးစေခဲ့၏။
အချိန်မည်မျှ ကုန်လွန်သွားခဲ့သည်ကို မသိရဘဲ၊ ဖန့်ချန်သည် နောက်ဆုံးစာအုပ်တစ်အုပ်ကို ဖြည်းညှင်းစွာ ချထားလိုက်တော့သည်။
ရုတ်တရက် ယခုနှစ်များအတွင်း မိမိ စုပ်ယူလေ့လာခဲ့ဖူးသော စာအုပ်များထဲက ဗဟုသုတ အသိပညာများကို ပြန်လည်တွေးတော ခြုံငုံသုံးသပ်ကြည့်လိုက်ရာ၊ မိမိကိုယ်တိုင်ပင် မသိလိုက်ဘဲ ဟင်းလင်းပြင် အမြင့်ဆုံးမဟာမိတ်အဖွဲ့အပေါ် နားလည်သဘောပေါက်မှုများမှာ၊ ခုတင် ရောက်ရှိလာစအချိန်ကကဲ့သို့ ဝေဝေဝါးဝါး မဟုတ်တော့ဘဲ၊ ဤနေရာ၌ ရာစုနှစ်ချီကြာအောင် နေထိုင်လာခဲ့သော ဒေသခံတစ်ဦးအလား ဖြစ်ပေါ်နေခဲ့ပြီ ဖြစ်သည်။
ရွှေဟွေးတံဆိပ်ပြား အပြားနှစ်ဆယ်ကို ကိုင်ဆောင်လျက်၊ ဖန့်ချန်သည် နတ်ဘုရားစွမ်းရည်နန်းတော် ဆီသို့ နောက်ထပ်တစ်ကြိမ် ရောက်ရှိလာခဲ့ပြန်သည်။
ဒီတစ်ခေါက်မှာတော့ သူသည် မဟာကရုဏာလက်ဝါးစောင်းသိုင်း ကို ရွေးချယ်၍ နားလည်သဘောပေါက်အောင် ကျင့်ကြံရန် ဆုံးဖြတ်လိုက်တော့သည်။
လုပ်ငန်းစဉ်မှာ ယခင်တုန်းကနှင့် ဘာမျှ ကွာခြားချက် မရှိဘဲ၊ တစ်ကြိမ်တည်းဖြင့်ပင် အောင်မြင်စွာ နားလည်သဘောပေါက် သွားခဲ့ရပြန်သည်။
နတ်ဘုရားစွမ်းရည်နန်းတော်အတွင်းထဲ၌ မြောက်မြားစွာသော လူရိပ်လူခြေများ တစ်ဦးပြီးတစ်ဦး ပေါ်ပေါက်လာခဲ့ကြသည်။
"ထပ်ပြီးတော့ တစ်ကြိမ်တည်းနဲ့ အောင်မြင်အောင် နားလည်သဘောပေါက်သွားပြန်ပြီလား"
တစ်စုံတစ်ယောက်က မျက်နှာတစ်ခုလုံး အံ့ဩချီးကျူးရိပ်များဖြင့် -
"ဖန့်ညီလေး ကတော့ တကယ်ကိုပဲ ကရုဏာတောင်နဲ့ ရေစက်ရှိပုံရတယ်နော်"
ကျန်းတောက်ယွဲ့က -
"မင်းတို့ထဲက လူတော်တော်များများဟာ၊ အခုဆိုရင် ဖန့်ညီလေးရဲ့ ကျော်တက်ခြင်းကို ခံလိုက်ရပြီ။
လင်းဖုန်း…… မင်းလည်း ကြိုးစားအားထုတ်ဖို့ လိုအပ်နေပြီ၊ ဒီလောက်အထိ နှစ်ပေါင်းများစွာ ကုန်လွန်သွားခဲ့တာတောင်မှ၊ မင်းက နတ်ဘုရားစွမ်းရည် တစ်မျိုးတည်းကိုပဲ နားလည်သဘောပေါက်ထားသေးတယ်၊ ဒါက ဘယ်လိုမျိုး ဖြစ်နိုင်ပါ့မလဲ"
လင်းဖုန်းက မျက်နှာတစ်ခုလုံး အရှက်ရရိပ်များဖြင့် -
"စီနီယာအစ်ကိုကြီး…… ကျွန်တော် ကြိုးစားအားထုတ်ပါ့မယ်ဗျာ"
……
အတွင်းကမ္ဘာနယ်မြေ
ချီယန်သူတော်စင်သည် ဟင်းလင်းပြင်ထဲ၌ နောက်ထပ်တစ်ကြိမ် နတ်ဘုရားစွမ်းရည်တစ်ခု တဖြည်းဖြည်းချင်း ထုဆစ်ပုံဖော်ခြင်း ခံနေရသည်ကို ကြည့်ကာ၊ မိမိ၏ နှုတ်ခမ်းထောင့်စွန်းကို မသိမသာ တွန့်ကွေးလိုက်ရတော့သည်။