အခန်း (၂၀၄၉-၂၀၅၀)
Vol. 205 Ch. 2049-2050
အခန်း (၂၀၄၉) ထိုက်ဆန်းကျောက်ဟွာတောင်
မဟာကရုဏာလက်ဝါးစောင်းသိုင်းကို အောင်မြင်စွာ ထုဆစ်ပုံဖော်ပြီးသွားသည်နှင့်အမျှ၊ ဖန့်ချန်၏ အတွင်းကမ္ဘာနယ်မြေသည် နောက်ထပ်တစ်ကြိမ် အခြေခံအုတ်မြစ် ပိုမိုနက်ရှိုင်းခိုင်မာလာခဲ့ပြန်သည်။
သို့သော်လည်း နတ်ဘုရားစွမ်းရည်များမှာ တစ်ခုပြီးတစ်ခု ပိုမိုများပြားလာသည့်အတွက်ကြောင့်၊ အတွင်းကမ္ဘာနယ်မြေတစ်ခုလုံးမှာ ပေါက်ကွဲထွက်လုမတတ် တင်းကျပ်ပြည့်သိပ်နေသော ခံစားချက်မျိုး ဖြစ်ပေါ်နေခဲ့၏။
ဖန့်ချန်သည် မိမိ၏ ကျင့်ကြံခြင်းအဆင့်မှာ မမြင့်မားသေးခြင်းကြောင့် ဖြစ်သည်ကို ချက်ချင်းပင် နားလည်သဘောပေါက်လိုက်သည်။
'နောက်နောင်ကျရင် နတ်ဘုရားစွမ်းရည်တွေကို ထပ်ပြီးတော့ ထုဆစ်ပုံဖော်ချင်သေးတယ်ဆိုရင်၊ အနည်းဆုံးတော့ စွမ်းအင်စုစည်းခြင်းအဆင့် အစောပိုင်းကာလဆီကို တက်လှမ်းနိုင်မှ ဖြစ်မယ်'
ဖန့်ချန်က တိုးတိုးလေး ရေရွတ်လိုက်သည်။
ချီယန်သူတော်စင်မှာမူ မျက်ရည်များ တဖြည်းဖြည်း စီးကျလာခဲ့ကာ၊ စိတ်နှလုံးထဲ၌ နက်ရှိုင်းစွာ စွဲထင်ကျန်ရစ်စေမည့် အတိတ်မှတ်ဉာဏ်များဆီသို့ နောက်ထပ်တစ်ကြိမ် ပြန်လည်ရောက်ရှိသွားရပြန်သည်။
"ဖန့်ငရဲမင်းကြီး…… မင်း တစ်ခုပြီးတစ်ခု စုစည်းကျင့်ကြံလိုက်တဲ့ ဒီနတ်ဘုရားစွမ်းရည် နှစ်မျိုးက၊ ဘာဖြစ်လို့ လူကို ဒီလောက်အထိ ရင်ဘတ်ထဲ နက်နက်ရှိုင်းရှိုင်း စွဲကျန်ရစ်စေရတာလဲ"
ချီယန်သူတော်စင်သည် ဖန့်ချန်ကို လှမ်းကြည့်လိုက်ရာ၊ သူ၏ မျက်ဝန်းအစုံထဲ၌ ဝေဝေဝါးဝါးဖြစ်ခြင်းနှင့် ထိတ်လန့်ကြောက်ရွံ့ခြင်း အရိပ်အယောင်များဖြင့် ပြည့်နှက်နေခဲ့ပြီး -
"တစ်မျိုးက မဟာကရုဏာဓားသိုင်း၊ နောက်တစ်မျိုးက မဟာကရုဏာလက်ဝါးစောင်းသိုင်းပဲ၊ ဒီနတ်ဘုရားစွမ်းရည် နှစ်မျိုးစလုံးမှာ လူတွေကို ကောင်းမွန်တဲ့ လမ်းကြောင်းပေါ်ဆီ ရောက်ရှိအောင် လမ်းညွှန်ပေးနိုင်တဲ့ အာနိသင်ရှိတယ်လေ"
ဖန့်ချန်က ဆိုလိုက်သည်။
"လူတွေကို ကောင်းမွန်တဲ့ လမ်းကြောင်းပေါ်ဆီ ရောက်ရှိအောင် လမ်းညွှန်ပေးတယ်"
ချီယန်သူတော်စင်မှာ အနည်းငယ်မျှ အံ့ဩမှင်တက်သွားရသည်။
ဒါက ဘယ်နေရာမှာ လူတွေကို လမ်းညွှန်ပေးနေတာလဲ၊ ဒါက အထင်အရှားပဲ 'လူတွေရဲ့ စိတ်နှလုံးကို မူးယစ်ယစ်မူးအောင် မန္တန်စုန်းအတတ်နဲ့ ပြုစားနေတာ' ရှင်းရှင်းကြီးပဲဥစ္စာ
နောက်ထပ် နှစ်ပေါင်းတစ်ရာ ကာလအတွင်းမှာတော့။
ဖန့်ချန်သည် တစ်ခါတရံတွင် ကရုဏာတောင်၌ စာအုပ်ဖတ်ရှုနေတတ်ပြီး၊ တစ်ခါတရံတွင်မူ မိမိ၏ ကျင့်ကြံခြင်းဂူဗိမာန်အတွင်းထဲ၌သာ ကျင့်ကြံအားထုတ်နေခဲ့သည်။
သူသည် စွမ်းအင်စုစည်းခြင်းအဆင့်အပေါ် နားလည်သဘောပေါက်မှုများကို အဆက်မပြတ် နက်ရှိုင်းအောင် လုပ်ဆောင်နေခဲ့ပြီး၊ တစ်နေ့နေ့တစ်ချိန်ချိန်တွင် အရာရာတိုင်း ရေစီးကြောင်းအတိုင်း သဘာဝကျကျ ဖြစ်ပေါ်လာကာ၊ မိမိဘာသာ ဆွဲငင်ခြင်းသူတော်စင်အဆင့်ဆီသို့ အောင်မြင်စွာ ဖောက်ထွက်နိုင်ရန် ကြိုးပမ်းနေခဲ့၏။
သူ့ကို အနည်းငယ် ထူးဆန်းစေသည်မှာ၊ မကြာခဏဆိုသလို မိမိထံ လာရောက်လည်ပတ်တတ်သော ချိုင်စစ်ရှို့နှင့် လုကျိုဝမ်တို့သည်၊ ဤနှစ်ပေါင်းတစ်ရာအတွင်း၌ လူလုံးပြသခြင်း အလွန်တရာ နည်းပါးသွားခဲ့ခြင်း ဖြစ်ပေသည်။
မကြာမီအချိန်မှာတင်၊ ဖန့်ချန်သည် ၎င်းတို့နှစ်ဦး ကောင်းကင်ငါးပါး စစ်မြေပြင်ထဲ၌ တော်တော်လေး ကောင်းမွန်တဲ့ အောင်မြင်မှု ရလဒ်တွေကို ရရှိခဲ့ကြတယ်ဆိုတာကို ကြားသိလိုက်ရသဖြင့်၊ စိတ်ထဲမှ အကြောင်းရင်းကို သဘောပေါက်သွားခဲ့တော့သည်။
နောက်ထပ် ရက်အနည်းငယ် ကြာပြီးတဲ့နောက်မှာ မေဒေါင်ကွမ်းက မိမိထံ လာရောက်စိန်ခေါ်လိမ့်မည်ဟု ထင်မှတ်ထားခဲ့သော်လည်း၊ မထင်မှတ်ဘဲ ထိုတစ်ဖက်လူမှာ လုံးဝ ပေါ်ပေါက်မလာခဲ့ချေ။
ဖန့်ချန်သည်လည်း အေးအေးလူလူ ရှိနေသည်ကို သဘောကျသဖြင့်၊ ဆက်လက်၍ စိတ်အေးချမ်းသာစွာဖြင့် တံခါးပိတ် ကျင့်ကြံအားထုတ်နေခဲ့သည်။
တစ်ချိန်တည်းမှာပင်၊ သူသည် ကရုဏာတောင်၏ စာကြည့်တိုက်မှာ နှစ်ပေါင်းတစ်ရာ ကုန်လွန်သွားတိုင်း၊ စာအုပ်အသစ်တစ်သုတ် ထပ်မံလဲလှယ်တတ်သည်ကို သတိပြုမိလိုက်သည်။
ဒီစာအုပ်တွေကို တစ်အုပ်ချင်းစီ သီးသန့်ကြည့်မယ်ဆိုရင်တော့၊ ဘာမှ ထူးခြားမှု မရှိသလို၊ တန်ဖိုးလည်း သိပ်မရှိလှပုံရပေသည်။
ဒါပေမဲ့ တစ်သုတ်လုံး အစုလိုက်အပြုံလိုက် ရှိနေတဲ့ စာအုပ်တွေအကုန်လုံး ပေါင်းစပ်လိုက်မယ်ဆိုရင်တော့၊ အဲဒီထဲမှာ ပါဝင်တဲ့ ဗဟုသုတတွေရဲ့ တန်ဖိုးက သာမန်လူတွေ စိတ်ကူးယဉ်လို့တောင် မရနိုင်လောက်အောင် ကြီးမားလှသည်။
ဖန့်ချန်သည် ထိုစာအုပ်များမှတစ်ဆင့်၊ အချို့သော လူမျိုးနွယ်စုကြီးများ၏ အားနည်းချက်များကိုပင် အသေးစိတ် သိရှိနားလည်သွားခဲ့ရပေသည်။
အချိန်ရက်စွဲများက တရွေ့ရွေ့ ကုန်လွန်သွားခဲ့၏။
နောက်ထပ် နှစ်ပေါင်းတစ်ရာ ကာလမှာလည်း မျက်စိတစ်မှိတ်အတွင်း ကုန်လွန်သွားခဲ့ပြန်ပြီ ဖြစ်သည်။
ကရုဏာတောင်
ဖန့်ချန်သည် စာသင်ခန်းဆီသို့ ရောက်ရှိလာခဲ့ရာ၊ ချိုင်စစ်ရှို့နှင့် လုကျိုဝမ်တို့မှာ မျက်နှာတစ်ခုလုံး နီမြန်းရွှန်းပကာ စိတ်လှုပ်ရှားတက်ကြွနေသော ပုံစံဖြင့်၊ လင်းဖုန်းတို့အဖွဲ့နှင့် တစ်စုံတစ်ခုကို မြိုင်မြိုင်ဆိုင်ဆိုင် ပြောဆိုနေကြသည်ကို မြင်တွေ့လိုက်ရသည်။
ဖန့်ချန် ရောက်ရှိလာသည်ကို မြင်တွေ့လိုက်ရသောအခါ၊ ၎င်းတို့နှစ်ဦးသည် အိန္ဒြေရရဖြင့်သာ ပြုံးပြလိုက်ပြီး ခေါင်းညိတ်ပြလိုက်ကြရာ၊ နှုတ်ဆက်စကား ဆိုလိုက်သည့် သဘောပင် ဖြစ်ပေသည်။
မကြာမီအချိန်မှာပင်၊ ရှုဆရာကြီးသည် စာသင်ခန်းအတွင်းဆီသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းဝင်ရောက်လာခဲ့သည်။
"နှစ်ပေါင်းသုံးရာ ကုန်လွန်သွားခဲ့ပြီ၊ ဒါက မင်းတို့တွေ ဒီတစ်ခေါက် ပေးဆောင်ရမယ့် ရွှေဟွေးတံဆိပ်ပြားတွေပဲ၊ ယူထားလိုက်ကြ"
ရှုဆရာကြီးသည် အပိုစကားများ အများကြီး ပြောဆိုခြင်း မရှိဘဲ၊ ဖန့်ချန်တို့ သုံးဦးစလုံးကို ရွှေဟွေးတံဆိပ်ပြား အပြားသုံးဆယ်စီ အသီးသီး ပေးအပ်လိုက်ပြီးနောက်၊ စကားအနည်းငယ် ထပ်မံမှာကြားကာ၊ လှည့်ထွက်သွားခဲ့တော့သည်။
"လင်းဖုန်းစီနီယာအစ်ကို…… ဒီရွှေဟွေးတံဆိပ်ပြားတွေကို ဘယ်နေရာမှာ သွားပြီးတော့ ပေးဆောင်ရမှာလဲခင်ဗျာ"
ချိုင်စစ်ရှို့သည် မိမိလက်ထဲရှိ လေးလံလှသော ရွှေဟွေးတံဆိပ်ပြားများကို ကြည့်ကာ၊ စိတ်နှလုံးထဲ၌ ချက်ချင်းပင် ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားရတော့သည်။
"ထိုက်ဆန်းကျောက်ဟွာတောင်"
လင်းဖုန်းက တည်ငြိမ်အေးဆေးစွာဖြင့် ဆိုလိုက်သည်။
"အဲဒီဘက်မှာ စောင့်ကြပ်နေတဲ့ ဆရာတစ်ဦး ရှိတယ်၊ မင်းတို့တွေ ရွှေဟွေးတံဆိပ်ပြားတွေကို အဲဒီစောင့်ကြပ်နေတဲ့ ဆရာ့ဆီ အပ်နှံလိုက်ရင် ရပြီ၊ မင်းတို့ရဲ့ ဘာသာရပ်နဲ့ ဘယ်ကနေ လာတယ်ဆိုတဲ့ နောက်ခံကိုပါ သေသေချာချာ တင်ပြဖို့ မမေ့နဲ့ဦး"
ထိုက်ဆန်းကျောက်ဟွာတောင်
ချိုင်စစ်ရှို့နှင့် လုကျိုဝမ်တို့၏ မျက်နှာအမူအရာမှာ မသိမသာ ပြောင်းလဲသွားခဲ့ရသည်။ ၎င်းတို့ ရွှေဟွေးကျောင်းတော်ဆီသို့ ရောက်ရှိလာခဲ့သည်မှာ ဤမျှလောက် ကြာမြင့်နေပြီ ဖြစ်သော်လည်း၊ ဤတောင်အကြောင်းကို ကြားဖူးခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်ပေရာ၊ အစောင့်အကြပ် ဆရာတစ်ဦးကို တွေ့မြင်ခွင့်ရမည့် အခွင့်အရေး ရှိသည်ဟု တွေးတောမိလိုက်သည်နှင့်၊ ၎င်းတို့နှစ်ဦးစလုံး၏ စိတ်နှလုံးထဲ၌ ရင်ခုန်စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်သွားရတော့သည်။
"ဖန့်ညီလေး…… ထိုက်ဆန်းကျောက်ဟွာတောင်က စောင့်ကြပ်နေတဲ့ ဆရာက၊ ငါတို့ ကရုဏာတောင်အပေါ် သိပ်ပြီးတော့ အမြင်မကြည်လှဘူး၊ မင်း အဲဒီကို ရောက်တဲ့အခါကျရင် စကားနည်းနည်းပဲပြောပြီး အလုပ်ကိုပဲ အာရုံစိုက်ဖို့ မှတ်ထားပါ၊ ရွှေဟွေးတံဆိပ်ပြားတွေ ပေးပြီးတာနဲ့ ငါတို့ ချက်ချင်း ပြန်ကြမယ်"
လင်းဖုန်းသည် ဖန့်ချန်အပေါ် ဆက်ဆံသည့်အခါ၌မူ လုံးဝကို ကွဲပြားခြားနားသော သဘောထားမျိုးဖြင့်၊ အသေးစိတ် သေသေချာချာ မှာကြားနေခဲ့သည်။
ချိုင်စစ်ရှို့နှင့် လုကျိုဝမ်တို့ ထိုမြင်ကွင်းကို မြင်တွေ့လိုက်ရသောအခါ၊ စိတ်ထဲမှနေ၍ မကျေမနပ်ဖြင့် နှုတ်ခမ်းတစ်ချက် တွန့်ကွေးလိုက်ကြတော့သည်။
"ဖန့်အစ်ကို…… ဒါဆိုရင် ငါတို့တွေ အတူတူပဲ တစ်ခေါက်လောက် သွားကြတာပေါ့"
လုကျိုဝမ်က ဖိတ်ခေါ်လိုက်သည်။
ဖန့်ချန်ကလည်း သဘာဝကျကျပင် သဘောတူလိုက်၏။
၎င်းတို့ သုံးဦးစလုံး ကရုဏာတောင်မှ ထွက်ခွာလာခဲ့ကြပြီးနောက်၊ လင်းဖုန်း မှာကြားခဲ့သော လမ်းကြောင်းအတိုင်း ပျံသန်းလာခဲ့ကြတော့သည်။
ထိုက်ဆန်းကျောက်ဟွာတောင် တည်ရှိရာ အရပ်မျက်နှာမှာ အနည်းငယ် ထူးခြားဆန်းပြားလှသဖြင့်၊ အတွင်းကမ္ဘာနယ်မြေကို မောင်းနှင်ပြီးမှသာ ရောက်ရှိနိုင်မည် ဖြစ်ပေရာ၊ ၎င်းတို့ သုံးဦးစလုံးသည် မိမိတို့၏ အတွင်းကမ္ဘာနယ်မြေအတွင်းဆီသို့ အသီးသီး ခိုအောင်းဝင်ရောက်လိုက်ကြပြီး၊ အတွင်းကမ္ဘာ ဟင်းလင်းပြင်ထဲမှနေ၍ ခရီးနှင်လာခဲ့ကြတော့သည်။
"ဖန့်ချန်…… ငါတို့တွေ မဆုံဖြစ်တာ နှစ်ပေါင်း နှစ်ရာလောက် ရှိသွားပြီ ထင်တယ်နော်"
ချိုင်စစ်ရှို့သည် ဖန့်ချန်၏ အတွင်းကမ္ဘာနယ်မြေ တံခါးဝကြီးကို လှမ်းကြည့်လိုက်ကာ၊ အနည်းငယ်မျှ အားကျသက်ပြင်းချလျက် ဆိုလိုက်သည်။
"ဟုတ်တယ်၊ နှစ်ပေါင်း နှစ်ရာလောက်တောင် မဆုံဖြစ်ကြဘူးပဲ၊ မင်းတို့နှစ်ဦးစလုံး ဒီနှစ်ပေါင်း နှစ်ရာအတွင်းမှာ ဘာတွေ အလုပ်ရှုပ်နေကြတာလဲ"
ဖန့်ချန်က ပြုံး၍ မေးမြန်းလိုက်သည်။
လုကျိုဝမ်က -
"ဘာမှ အလုပ်မရှုပ်ပါဘူး၊ ငါတို့တွေ ကောင်းကင်ငါးပါး စစ်မြေပြင်ဆီကို နှစ်ကြိမ်တောင် သွားခဲ့သေးတယ်၊ တကယ်ကို ပြောရဦးမယ်၊ တိုးတက်မှုတွေ ရရှိချင်တယ်ဆိုရင်တော့၊ အဆက်မပြတ် တခြားလူတွေနဲ့ လက်ရည်စမ်း တိုက်ခိုက်နေဖို့ လိုအပ်တာပဲ။
ကရုဏာတောင်ရဲ့ နည်းလမ်းကတော့၊ တကယ့်ကိုပဲ ငါတို့လိုလူတွေကို တဖြည်းဖြည်း ဆုတ်ယုတ်သွားအောင်ပဲ လုပ်ဆောင်နေတာ"
ဖန့်ချန်ကမူ ထိုစကားအပေါ် ဟုတ်သည်မဟုတ်သည်ကို ဝေဖန်ပြောဆိုခြင်း မပြုခဲ့ချေ။
"ဒါတွေတင်မကသေးဘူး၊ ငါတို့နှစ်ယောက်စလုံး စွမ်းဆောင်ရှင်များအဖွဲ့ထဲကိုလည်း ဝင်ရောက်ခဲ့ပြီးပြီ၊ မော့စီနီယာအစ်ကိုကြီးကို မှတ်မိသေးတယ်မလား။
အဲဒီတုန်းက ငါတို့ကို လှောင်ပြောင် သရော်ခဲ့တဲ့ လူသားမျိုးနွယ်စု သူတော်စင်တစ်ပိုင်းလေ၊ အခုဆိုရင် ငါတို့တွေ အထင်လွဲမှားမှုတွေကို အကုန်လုံး ဖြေရှင်းပြီးသွားကြပြီဖြစ်လို့၊ အတူတူပဲ စွမ်းဆောင်ရှင်များအဖွဲ့ရဲ့ အဖွဲ့ဝင်တွေ ဖြစ်နေကြပြီ။
မော့စီနီယာအစ်ကိုကြီးက ငါတို့ကို တခြားမျိုးနွယ်စုတွေရဲ့ ကျောင်းတော်တွေဆီပါ ခေါ်သွားပြီးတော့၊ ပညာရပ်ချင်း နှီးနှောဖလှယ် တိုက်ခိုက်ခိုင်းခဲ့သေးတယ်၊ တိုတောင်းလှတဲ့ နှစ်ပေါင်း နှစ်ရာအတွင်းမှာတင်၊ ငါတို့ရဲ့ စွမ်းအားတွေက တော်တော်လေးကို တိုးတက်မြင့်မားလာခဲ့ပြီ"
လုကျိုဝမ်က ဆက်လက်၍ ပြောဆိုနေခဲ့သည်။
ထပ်ပြီးတော့ စွမ်းဆောင်ရှင်များအဖွဲ့လား
ဖန့်ချန်သည် လုကျိုဝမ်နှင့် ချိုင်စစ်ရှို့တို့မှာလည်း သာမန်ဘဝကနေ ဆင်းသက်လာကြသူများ ဖြစ်ပုံရပြီး၊ ဘာနောက်ခံ အဆက်အသွယ်မျှ ရှိမနေကြသည်ကို တွေးတောမိလိုက်သည်၊ ယခင်တုန်းက မော့ရှယ်သည် မိမိအား အဖွဲ့ထဲသို့ ဝင်ရောက်ရန် စည်းရုံးသိမ်းသွင်းခဲ့သော်လည်း မိမိက သဘောမတူခဲ့ခြင်းကြောင့်၊ ခန့်မှန်းရသည်မှာ နောက်ပိုင်းကျမှ ၎င်းတို့နှစ်ဦးကို အဖွဲ့ထဲသို့ ဆွဲခေါ်လိုက်ခြင်း ဖြစ်ပေလိမ့်မည်။
"ဖန့်ချန်…… ငါ မော့စီနီယာအစ်ကိုကြီးဆီကနေ ကြားဖူးတယ်၊ အဲဒီတုန်းက သူ မင်းကို စည်းရုံးခဲ့ပေမဲ့၊ မင်းက သဘောမတူခဲ့ဘူးဆို "
လုကျိုဝမ်က ထပ်မံ၍ မေးမြန်းလိုက်ပြန်သည်။
ဖန့်ချန်က ပြုံးလျက်ဖြင့် -
"ငါက လူပျင်းတစ်ယောက်မလို့ပါ"
"……ဒါလည်း ဟုတ်တာပါပဲ……"
လုကျိုဝမ်နှင့် ချိုင်စစ်ရှို့တို့သည် ဤအချက်အပေါ် တော်တော်လေးကို သဘောတူညီကြပေသည်။
မဟုတ်ရင် ဘာဖြစ်လို့ ၎င်းတို့တွေ ကောင်းကင်ငါးပါး စစ်မြေပြင်ဆီကို နှစ်ကြိမ်တောင် ဆက်တိုက် သွားရောက်နေခဲ့ကြချိန်မှာ၊ ဖန့်ချန်ကတော့ အခုထက်ထိ ကရုဏာတောင်ရဲ့ လိမ်ညာလှည့်ဖြားတဲ့ စကားတွေကို နားထောင်ပြီးတော့၊ ကျင့်ကြံခြင်းဂူဗိမာန်ထဲမှာပဲ အောင်းနေတာ ဒါမှမဟုတ် တောင်ပေါ်တက်ပြီး စာအုပ်ဖတ်နေတာမျိုးပဲ လုပ်နေရတာလဲ။
ဒီလိုမျိုး လုပ်နေလို့ကော ဘာတိုးတက်မှုမျိုး ရရှိနိုင်မှာမလို့လဲ။
"ဖန့်ချန်…… အမှန်အတိုင်းပြောရရင် မင်းလည်း ကောင်းကင်ငါးပါး စစ်မြေပြင်ဆီကို သွားသင့်တယ်၊ ကရုဏာတောင်မှာပဲ အမြဲတမ်း ပုန်းအောင်းနေမယ်ဆိုရင်တော့၊ လူက လုံးဝကို အသုံးမကျတဲ့လူ ဖြစ်သွားလိမ့်မယ်"
လုကျိုဝမ်က တိုက်တွန်းပြောဆိုလိုက်သည်။
"လက်ရှိခေတ်ရဲ့ ပါရမီရှင်တွေနဲ့ သွားရောက် လက်ရည်စမ်း တိုက်ခိုက်မှသာ၊ မိမိရဲ့ လိုအပ်ချက်တွေကို ပြန်လည်ဖြည့်ဆည်းနိုင်မှာ၊ ဒီလိုမျိုး တိုက်ခိုက်ရင်းနဲ့ အသက်ဆုံးရှုံးသွားခဲ့ရရင်တောင်မှ၊ ပိုပြီးတော့ အင်အားကြီးမားတဲ့ ကြီးမြတ်တဲ့ မျိုးနွယ်စုကြီးတွေဆီမှာ ဝင်စားခွင့် ရရှိနိုင်သေးတယ်"
"မှန်တယ်၊ ငါတို့တွေက ဘာပဲဖြစ်ဖြစ် ရွှေဟွေးကျောင်းတော်ထဲကို ဝင်ရောက်ခွင့်ရထားတဲ့ ပါရမီရှင်တွေပဲဥစ္စာ၊ အသက်ဆုံးရှုံးသွားခဲ့ရင်တောင်မှ စိတ်ကြိုက် ဝင်စားခြင်း ခံရမှာ မဟုတ်ဘူး"
ချိုင်စစ်ရှို့ကလည်း ဆိုလိုက်သည်။
ဖန့်ချန်ကမူ ပြန်လည်ချေပခြင်း မပြုခဲ့သလို၊ စကားလည်း ထပ်မံ၍ မဆက်တော့ချေ။
၎င်းတို့နှစ်ဦးသည် ထိုအခြေအနေကို မြင်တွေ့လိုက်ရသောအခါ၊ ဖန့်ချန်အနေဖြင့် ဤအကြောင်းအရာကို ဆက်လက်၍ ဆွေးနွေးလိုခြင်း မရှိတော့သည်ကို သိရှိသွားကြသဖြင့်၊ အခြားသောအကြောင်းအရာများကိုသာ ပြောင်းလဲ၍ စကားစမြည် ပြောဆိုလိုက်ကြတော့သည်။
"ပြီးခဲ့တဲ့ ကောင်းကင်ငါးပါး စစ်မြေပြင်တုန်းက၊ မေဒေါင်ကွမ်းက တကယ့် ကြောက်စရာကောင်းတဲ့ ပြိုင်ဘက်တစ်ယောက်နဲ့ ဆုံခဲ့ရတယ်လေ၊ သူ တကယ်ကို ကံဆိုးသွားခဲ့တာပဲ၊ အသေအလဲကို အရိုက်ခံလိုက်ရတာဖြစ်လို့၊ စစ်ပွဲပြီးသွားတဲ့နောက်မှာ နှစ်ပေါင်းများစွာကြာအောင် ပြန်လည်ကုသမှု ခံယူခဲ့ရသေးတယ်။
ဒါပေမဲ့ အဲဒီတစ်ခေါက် ရှုံးနိမ့်သွားခဲ့ပြီးတဲ့နောက်မှာတော့၊ သူက အရှက်ကို အရင်းပြုပြီး ပိုမိုကြိုးစားအားထုတ်လာခဲ့တာ သိသာပါတယ်၊ ဒီတစ်ခေါက် ကောင်းကင်ငါးပါး စစ်မြေပြင်မှာဆိုရင် သူက ဆယ်ပွဲဆက်တိုက်တောင် အနိုင်ရရှိခဲ့တာ၊ ကိုးဆလက်သီး နတ်ဘုရားစွမ်းရည်ကလည်း ပိုပြီးတော့ အစွမ်းထက်လာခဲ့ပြီ။
ကျောင်းတော်ကို စတင်ဝင်ရောက်လာစအချိန်ကနဲ့ ယှဉ်မယ်ဆိုရင်တော့၊ အခုဆိုရင် လုံးဝကို ကောင်းကင်နဲ့မြေကြီးလို ကွာခြားသွားခဲ့ပြီ"
ချိုင်စစ်ရှို့က သတိပေးသည့်အနေဖြင့် ဆိုလိုက်သည်။
"ဖန့်ချန်…… မင်းနဲ့ငါတို့က ဘာပဲဖြစ်ဖြစ် ကရုဏာတောင်ရဲ့ တပည့်တွေချည်းပဲမလို့၊ ငါတို့ မင်းကို သတိမပေးခဲ့ဘူးလို့ မပြောနဲ့ဦး၊ ဒီတစ်ခေါက် ရွှေဟွေးတံဆိပ်ပြားတွေ အပ်နှံပြီးသွားတာနဲ့၊ သူ မင်းဆီကို လာပြီးတော့ ပြဿနာရှာဖို့ လာရောက်စိန်ခေါ်လိမ့်ဦးမယ် ထင်တယ်"
"ဘာမှမဖြစ်ပါဘူး"
ဖန့်ချန်က ပြုံး၍ ဆိုလိုက်သည်။
၎င်းတို့နှစ်ဦး၏ အကြည့်များမှာ အတွင်းကမ္ဘာနယ်မြေ၏ တံခါးဝကြီးကို ဖြတ်ကျော်လျက် တစ်ဦးကိုတစ်ဦး လှမ်းကြည့်လိုက်ကြရာ၊ နှစ်ဦးစလုံး၏ မျက်ဝန်းများထဲ၌ သဘောပေါက်နားလည်သွားသည့် အရိပ်အယောင် အသီးသီး ဖြတ်ပြေးသွားခဲ့ကြသည်။
၎င်းတို့၏ အမြင်အရဆိုလျှင်၊ ဖန့်ချန်သည် လက်ရှိအချိန်၌ အတင်းအကျပ် ဟန်ဆောင်အောင့်အီးနေခြင်းသာ ဖြစ်ပေလိမ့်မည်။
၎င်းတို့အနေဖြင့် သေသေချာချာ ခံစားသိရှိနိုင်သည်မှာ၊ ဖန့်ချန်သည် ဤနှစ်ပေါင်း နှစ်ရာအတွင်း၌ ဘာတိုးတက်မှုမျှ ရှိမနေခဲ့ခြင်း ဖြစ်ပြီး၊ အပြန်အလှန်အားဖြင့် မေဒေါင်ကွမ်း၏ တိုးတက်မှုနှုန်းမှာမူ၊ အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းလှပေသည်။
သို့မဟုတ်ရင်လည်း ၎င်းတို့နှင့် သက်တူရွယ်တူ ကျောင်းသားအသစ်များထဲ၌၊ ကောင်းကင်ငါးပါး စစ်မြေပြင်ဆီသို့ မပြတ်မကွက် သွားရောက်ခဲ့ကြသောလူများနှင့်၊ အဲဒီထဲမှာ သေဆုံးမသွားခဲ့ကြတဲ့လူတွေ အားလုံးကတော့၊ အခြေခံအားဖြင့် အလွန်တရာ ကြီးမားလှတဲ့ တိုးတက်မှုတွေကို ရရှိထားကြတာချည်းပဲ ဖြစ်သည်။
ဒါက ရွှေဟွေးကျောင်းတော်ရဲ့ ကြီးမားလှတဲ့ အစွမ်းသတ္တိပဲ ဖြစ်ပေသည်။
ယခင်တုန်းက ၎င်းတို့သည် သူတော်စင်တစ်ပိုင်းအဆင့်မှာ ရှိနေခဲ့ကြစဉ်က၊ အစောကတည်းက ရှေ့ဆက်မတိုးနိုင်ဘဲ အတားအဆီးများဖြင့် ပိတ်ဆို့ခံထားခဲ့ရခြင်း ဖြစ်သည်။
ယခုအချိန်၌ စွမ်းအင်စုစည်းခြင်းအဆင့် အစောပိုင်းကာလဆီသို့ တက်လှမ်းနိုင်ခြင်း မရှိသေးသော်လည်း၊ အကြိမ်ကြိမ်အခါခါ မိမိတို့၏ အကန့်အသတ်များကို ကျော်ဖြတ်ကာ၊ တိုးတက်မြင့်မားမှုများကို ရရှိနေကြဆဲ ဖြစ်ပေသည်။
စကားစမြည် ပြောဆိုနေကြစဉ်မှာပင်၊ ပတ်ဝန်းကျင်၌ တစ်ခုပြီးတစ်ခု ပိုမိုများပြားလာသော အတွင်းကမ္ဘာနယ်မြေများမှာ အဆက်မပြတ် ပေါ်ပေါက်လာခဲ့ကြတော့၏။
လူတိုင်းသည် တံခါးဝကြီးကို ဖြတ်ကျော်လျက် တစ်ဦးကိုတစ်ဦး လှမ်းမျှော်ကြည့်ရှုနေကြသော်လည်း၊ ဘာအဆက်အသွယ်မျှတော့ မလုပ်ဆောင်ခဲ့ကြချေ။
နေ့တစ်ဝက်ခန့် ကြာမြင့်ပြီးနောက်၊ တိမ်တိုက်များနှင့် မြူခိုးများ ရစ်ဆိုင်းနေသော နတ်ဘုရားတောင်ကြီးတစ်တောင်သည် လူတိုင်း၏ မျက်စိရှေ့မှောက်ဆီသို့ ဖြည်းညှင်းစွာ ရောက်ရှိလာခဲ့တော့သည်။
လူတိုင်းသည် ဆက်လက်၍ မောက်မာရဲတင်းခြင်း မပြုဝံ့ကြတော့ဘဲ၊ တစ်ဦးပြီးတစ်ဦး မိမိတို့၏ အတွင်းကမ္ဘာနယ်မြေထဲမှ ထွက်ခွာလိုက်ကြတော့သည်။
အခန်း (၂၀၅၀) မင်းကများ တိုက်ခိုက်ဖို့ ကြောက်ရွံ့နေတာလား
အတွင်းကမ္ဘာနယ်မြေထဲမှ ထွက်ခွာလာကြသည်နှင့်တစ်ပြိုင်နက်၊ ချိုင်စစ်ရှို့နှင့် လုကျိုဝမ်တို့သည် ရင်းနှီးကျွမ်းဝင်သော လူအများအပြားကို လှမ်းမြင်တွေ့လိုက်ရသဖြင့်၊ တစ်ဦးပြီးတစ်ဦး မြိုင်မြိုင်ဆိုင်ဆိုင် နှုတ်ဆက်လိုက်ကြတော့သည်။
ထိုလူများထဲမှ အတော်များများကလည်း ဖန့်ချန်ကို သိရှိနားလည်ထားကြသဖြင့်၊ မသိမသာဖြင့် စူးစမ်းလိုစိတ်ပြင်းပြစွာဖြင့် အကဲခတ်ကြည့်ရှုလိုက်ကြသော်လည်း၊ မည်သူမျှ ရှေ့သို့တိုးကာ မိတ်ဆွေဖွဲ့ရန် စိတ်ဆန္ဒမရှိကြချေ။
ဘာပဲဖြစ်ဖြစ် အတိတ်နှင့် ပစ္စုပ္ပန်မှာ မတူညီတော့ချေ၊ ကျောင်းတော်သို့ စတင်ဝင်ရောက်လာစအချိန်က ဖန့်ချန်၏ အစွမ်းသတ္တိများမှာ ၎င်းတို့ကို အံ့ဩချီးကျူးမိစေခဲ့သည်မှာ မှန်ပေသည်။
သို့သော်လည်း လက်ရှိအချိန်၌မူ ၎င်းတို့ထဲမှ မည်သူမဆို၊ အတိတ်တုန်းက ဖန့်ချန်ထက် ပိုမိုအစွမ်းထက်နေပြီ မဟုတ်ပါလား။
လူသားဟူသည် သန်မာသော အင်အားကြီးပုဂ္ဂိုလ်များကိုသာ ရိုသေကြောက်ရွံ့တတ်ကြပြီး၊ အစဉ်အမြဲ တိုးတက်မြင့်မားနေသော တည်ရှိမှုများကိုသာ လေးစားအားကျတတ်ကြပေသည်။
သို့သော်လည်း ရှေ့သို့မတိုးဘဲ တစ်နေရာတည်း၌သာ တုံ့ဆိုင်းနေပြီး၊ မိမိတို့၏ နောက်ကွယ်ဆီသို့ပင် အဝေးကြီး ရောက်ရှိသွားခဲ့ပြီဖြစ်သော အားနည်းသူများကိုမူ၊ မည်သူမျှ ရိုသေလေးစားနေကြမည် မဟုတ်ချေ။
ချိုင်စစ်ရှို့နှင့် လုကျိုဝမ်တို့သည် ထိုရင်းနှီးကျွမ်းဝင်သော သူငယ်ချင်းတစ်အုပ်နှင့် စကားစမြည်ပြောဆိုရာတွင် အလွန်တရာ စိတ်ပါဝင်စားနေကြသဖြင့်၊ အတူတကွ ပူးပေါင်းလျက် ထိုက်ဆန်းကျောက်ဟွာတောင်ဆီသို့ လျှောက်လှမ်းသွားကြတော့ရာ၊ ဖန့်ချန်ကို လုံးဝကို မေ့လျော့နေခဲ့ကြပုံရပေသည်။
ဖန့်ချန်ကမူ ထိုအခြေအနေကို စိတ်ထဲ၌ ထားခြင်းမရှိဘဲ၊ တစ်ဦးတည်းသာ သီးသန့်ခရီးနှင်ရန် ရွေးချယ်လိုက်သည်။
ဒီတစ်ခေါက် ရွှေဟွေးတံဆိပ်ပြား လာရောက်ပေးဆောင်ကြသောလူများမှာ၊ ဤကျောင်းသားသစ် နှစ်သုတ်စလုံးမှ လူများဖြစ်ကြပြီး၊ စည်းမျဉ်းစည်းကမ်းများအရ နှစ်ပေါင်းသုံးရာ ပြည့်တိုင်းတစ်ကြိမ် ရွှေဟွေးတံဆိပ်ပြားများကို လာရောက်အပ်နှံကြရခြင်း ဖြစ်သည်။
ထိုလူအုပ်ထဲ၌ မော့ရှယ်၊ ဝေရွှင်တို့ကဲ့သို့ ဖန့်ချန်ထက် တစ်သုတ်စော၍ ရောက်ရှိလာခဲ့ကြသော စီနီယာကျောင်းသားဟောင်းကြီးများလည်း ပါဝင်နေခဲ့ကြရာ၊ ၎င်းတို့၏ ကျင့်ကြံခြင်းအခြေခံနှင့် အခြေခံအုတ်မြစ်များမှာ တကယ့်ကိုပဲ သေးသေးမွှားမွှား လျှော့တွက်၍မရနိုင်ချေ။
လူအုပ်ကြီးသည် ထိုက်ဆန်းကျောက်ဟွာတောင်၏ တောင်ခြေဆီသို့ ချောချောမွေ့မွေ့ဖြင့် ရောက်ရှိလာခဲ့ကြပြီး၊ တောင်ပေါ်သို့ တက်လှမ်းရန် ပြင်ဆင်လိုက်ကြစဉ်မှာပင်၊ တားမြစ်ချက်မန္တန်စည်းတစ်ခုက ၎င်းတို့၏လမ်းကို ပိတ်ဆို့တားဆီးထားသည်ကို တွေ့ရှိလိုက်ရတော့သည်။
"မင်းတို့တွေ မလောကြပါနဲ့ဦး၊ ခဏနေရင် စီနီယာအစ်ကို ဒါမှမဟုတ် စီနီယာအစ်မတွေ တောင်ပေါ်ကနေ ဆင်းလာပြီး ငါတို့ကို ခေါ်သွားလိမ့်မယ်"
ကျောင်းသားဟောင်းကြီးတစ်ဦးသည် ကျောင်းသားသစ်များ ဘာလုပ်ရမှန်းမသိ ဖြစ်နေကြသည်ကို မြင်တွေ့လိုက်ရသောအခါ၊ ပြုံးလျက်ဖြင့် သတိပေး စကားဆိုလိုက်သည်။
"စီနီယာအစ်ကို…… ဒီနေရာမှာလည်း ကျင့်ကြံအားထုတ်နေကြတဲ့ စီနီယာအစ်ကိုတွေနဲ့ စီနီယာအစ်မတွေ ရှိနေသေးတာလားခင်ဗျာ"
တစ်စုံတစ်ယောက်က စူးစမ်းလိုစိတ်ပြင်းပြစွာဖြင့် မေးမြန်းလိုက်သည်။
"ဒါကတော့ သေချာပေါက်ပေါ့၊ ငါတို့ လူသားမျိုးနွယ်စုကျောင်းတော်ရဲ့ အစောင့်အကြပ်ဆရာကလည်း၊ တောင်ကိုဖွင့်ပြီး တပည့်တွေကို လက်ခံသင်ကြားပေးတာပဲလေ၊ ဒါပေမဲ့ ကျောင်းသားသစ် ဆယ်သုတ်လောက် ကုန်လွန်သွားခဲ့ရင်တောင်မှ၊ အစောင့်အကြပ်ဆရာရဲ့ မျက်စိကျခြင်းကို ခံရတဲ့လူ တစ်ယောက်တောင် ရှိချင်မှရှိတာ"
ထိုကျောင်းသားဟောင်းကြီးက အသာအယာ ပြုံးလျက် ဆိုလိုက်၏။
လူအုပ်ကြီး၏ စိတ်နှလုံးထဲ၌ တိတ်တဆိတ် အံ့ဩမှင်တက်သွားရတော့သည်။
ကျောင်းသားသစ် ဆယ်သုတ်၊ တစ်သုတ်လျှင် နှစ်ပေါင်းငါးရာ ဖြစ်သဖြင့်၊ ဆိုလိုသည်မှာ နှစ်ပေါင်းငါးထောင်ခန့် ကုန်လွန်သွားခဲ့ရင်တောင်မှ၊ အစောင့်အကြပ်ဆရာ၏ တပည့်အဖြစ် ဝင်ရောက်ခွင့်ရမည့်လူ တစ်ယောက်မျှ ပေါ်ပေါက်လာခြင်း မရှိနိုင်ဘူးဟူ၍ မဟုတ်ပါလား။
"ဒီလိုမျိုးဖြစ်တာကလည်း တကယ်ကိုပဲ သဘာဝကျပါတယ်၊ အစောင့်အကြပ်ဆရာက ကောင်းကင်နိမိတ်ဖြစ်စဉ် သူတော်စင်တစ်ဦးလေ၊ ဒီလိုမျိုး ပုဂ္ဂိုလ်ကြီးက ဟင်းလင်းပြင် အမြင့်ဆုံးမဟာမိတ်အဖွဲ့ထဲမှာဆိုရင်တောင်မှ၊ တကယ့်ကိုပဲ အင်အားကြီးမားတဲ့ ပုဂ္ဂိုလ်ကြီးတစ်ဦး ဖြစ်နေပြီမလို့၊ ဘယ်လိုလုပ်ပြီးတော့ တပည့်တွေကို လွယ်လွယ်ကူကူ လက်ခံပါ့မလဲ"
"အစောင့်အကြပ်ဆရာရဲ့ တပည့်အဖြစ် ဝင်ရောက်ခွင့်ရထားကြတဲ့ စီနီယာအစ်ကိုတွေနဲ့ စီနီယာအစ်မတွေက၊ ဘယ်လောက်အထိ ကြီးမားလှတဲ့ အရှိန်အဝါမျိုးတွေ ရှိနေကြမလဲဆိုတာကို မသိရဘူးနော်"
ကောင်းကင်ငါးပါး စစ်မြေပြင်က ခွဲဝေပေးအပ်လိုက်သော ပြိုင်ဘက်များမှာ အဆင့်အတန်း တူညီကြသူများသာ ဖြစ်ကြသဖြင့်၊ ထို့ကြောင့် ဤကျောင်းသားသစ်များ သို့မဟုတ် ကျောင်းသားဟောင်းများ ဖြစ်ကြပါစေ၊ စွမ်းအင်စုစည်းခြင်းအဆင့် အစောပိုင်းကာလဆီသို့ တက်လှမ်းနိုင်ခြင်း မရှိသေးသရွေ့တော့၊ ကောင်းကင်ငါးပါး စစ်မြေပြင်ထဲ၌ ထိုစီနီယာအစ်ကိုကြီးများနှင့် ဆုံတွေ့ခွင့် ရရှိနိုင်မည် မဟုတ်ချေ။
ဥပမာအားဖြင့် ချိုင်စစ်ရှို့နှင့် လုကျိုဝမ်တို့ နှစ်ဦးသည်လည်း ထိုနည်းအတိုင်းပင် ဖြစ်ပေသည်။
၎င်းတို့သည် စွမ်းဆောင်ရှင်များအဖွဲ့၏ အဖွဲ့ဝင်များ ဖြစ်ကြသော်လည်း၊ လက်ရှိအချိန်၌ ဆက်သွယ်မှုအရှိဆုံးဖြစ်သော ကျင့်ကြံခြင်းအဆင့် အမြင့်မားဆုံးပုဂ္ဂိုလ်မှာ၊ မော့ရှယ်တို့အဆင့်လောက်သာ ရှိသေးခြင်း ဖြစ်သည်။
ထိုက်ရှီဝမ်ကျန်းတို့လို အဆင့်မျိုးကိုမူ၊ ၎င်းတို့အနေဖြင့် အနီးကပ် ချဉ်းကပ်ရန် အရည်အချင်း မရှိကြသေးချေ။
ထိုက်ဆန်းကျောက်ဟွာတောင်ဘက်မှ တပည့်များမှာမူ၊ အထင်အရှားပင် ထိုက်ရှီဝမ်ကျန်းတို့ထက် အဆပေါင်းများစွာ ပိုမိုအစွမ်းထက်ကြသူများ ဖြစ်ပေသည်။
၎င်းတို့သည် အနီးကပ် ချဉ်းကပ်ဖို့ နေနေသာသာ၊ ပုံမှန်အားဖြင့် ကြားပင်မကြားဖူးကြချေ။
"ငါ ကြားမိတာကတော့လေ…… ကျိုကျီတောင်က ဝေဆရာကြီးက…… ခန့်မှန်းရသလောက်တော့ ထိုက်ဆန်းကျောက်ဟွာတောင်ကနေ ဆင်းသက်လာတာ ထင်တယ်"
တစ်စုံတစ်ယောက်က မိမိယခင်က ဘယ်ကနေ ကြားလာခဲ့မှန်းမသိသော အတင်းအဖျင်းစကားများကို တိုးတက်တိုးတိုးဖြင့် တိတ်တဆိတ် မျှဝေလိုက်သည်။
ဤသတင်းစကားကြောင့်၊ ဤနေရာရှိ တပည့်များအားလုံး၏ စိတ်နှလုံးထဲ၌ တုန်လှုပ်ခြောက်ခြားသွားရတော့သည်။
စိတ်ထဲမှနေ၍ အစောင့်အကြပ်ဆရာ၏ အဆင့်အတန်းအပေါ်၊ ပိုမို၍ ရိုသေလေးစား အားကျသွားရတော့သည်။
ရုတ်တရက် အချိန်နာရီဝက်ခန့် ကုန်လွန်သွားခဲ့ပြီးနောက်။
ကျောင်းသားသစ် နှစ်သုတ်ထဲမှ စွမ်းအင်စုစည်းခြင်း သူတော်စင်အဆင့်ဆီသို့ မတက်လှမ်းရသေးသော တပည့်များမှာ အခြေခံအားဖြင့် အကုန်လုံး စုံလင်စွာ ရောက်ရှိလာခဲ့ကြပြီ ဖြစ်သည်။
ဖန့်ချန်သည်လည်း လူအုပ်ကြီးထဲ၌ မေဒေါင်ကွမ်း၊ ကျိလင်တို့အဖွဲ့ကို လှမ်းမြင်တွေ့လိုက်ရသည်။
တစ်ဖက်လူကလည်း ဖန့်ချန်ကို လှမ်းမြင်တွေ့သွားပုံရပေသည်။
"မေအစ်ကို…… ဒီတစ်ခေါက်ကျရင်တော့၊ မင်း သူ့ကို တကယ့်ကိုပဲ အသေအလဲ တိုက်ခိုက်နှိမ်နင်းပစ်နိုင်မှာ သေချာပါတယ်"
ကျိလင်၏ နှုတ်ခမ်းထောင့်စွန်းမှာ မသိမသာ ပင့်တက်သွားခဲ့ပြီး -
"ဒါပေမဲ့ ငါတို့တွေ အစကတည်းက သဘောတူထားကြတဲ့အတိုင်းပဲ၊ ဒီတစ်ခေါက်မှာတော့ ငါ့ကို အရင်ဆုံး ရှေ့သို့ထွက်ခွင့် ပြုပါဦး"
"မင်း ခုတင်တင်တင်ပဲ ကိုးဆလက်သီးကို နားလည်သဘောပေါက်ထားတာလေ၊ နောက်ထပ် နှစ်ပေါင်းတစ်ရာလောက် ထပ်ပြီးတော့ အခြေခံခိုင်မာအောင် မလုပ်ချင်တော့ဘူးလား"
မေဒေါင်ကွမ်းက အသာအယာ ပြုံးလျက် ဆိုလိုက်သည်။
"မလိုတော့ပါဘူး၊ ငါ စုံစမ်းထောက်လှမ်းကြည့်ပြီးပြီ၊ သူက ဒီနှစ်ပေါင်းသုံးရာအတွင်းမှာ၊ တကယ်ကိုပဲ ကောင်းကင်ငါးပါး စစ်မြေပြင်ဆီကို တစ်ကြိမ်တောင် မသွားခဲ့ဖူးဘူး၊ ကရုဏာတောင်မှာပဲ စာအုပ်တွေကို သေအောင် ဖတ်နေခဲ့တာ ဒါမှမဟုတ် ကျင့်ကြံခြင်းဂူဗိမာန်ထဲမှာပဲ စွမ်းအင်စုစည်းခြင်းရဲ့ ဆန်းကြယ်မှုတွေကို ခံစားနေခဲ့တာလေ။
သူ ဘယ်လိုလုပ်ပြီးတော့ သိနိုင်ပါ့မလဲ၊ ကောင်းကင်ငါးပါး စစ်မြေပြင်ထဲမှာ တခြားလူတွေနဲ့ တစ်ပွဲ လက်ရည်စမ်း တိုက်ခိုက်လိုက်ရတာက၊ ကျင့်ကြံခြင်းဂူဗိမာန်ထဲမှာ နှစ်ပေါင်းများစွာကြာအောင် အသည်းအသန် ကျင့်ကြံနေရတာထက် ပိုပြီးတော့ အကျိုးကျေးဇူးတွေ အများကြီး ရရှိစေတယ်ဆိုတာကို"
ကျိလင်၏ နှုတ်ခမ်းထောင့်စွန်းမှာ ပိုမို၍ ပင့်တက်သွားခဲ့ပြီး -
"ဒီတစ်ခေါက်မှာတော့၊ ငါ နှစ်ပေါင်းသုံးရာခန့်က အရှက်ရခဲ့မှုကို၊ အကုန်လုံး အပြီးတိုင် ဆေးကြောပစ်မယ်"
"ဒါလည်း ကောင်းတာပဲ"
မေဒေါင်ကွမ်းက ဖြည်းညှင်းစွာ ခေါင်းညိတ်ပြလိုက်ပြီး -
"ကိုယ့်ကိုယ်ကိုယ် မသိလိုက်ဘဲ၊ သူက ငါ့ကို ကြီးမားလှတဲ့ စိတ်ခံစားမှုမျိုးတွေ မပေးစွမ်းနိုင်တော့ဘူးပဲ၊ အကယ်၍ မင်းသာ သူ့ကို အနိုင်ယူနိုင်ခဲ့မယ်ဆိုရင်၊ ငါတို့နဲ့ သူတို့ကြားက ရန်ငြိုးတွေကလည်း ပြီးဆုံးသွားပြီလို့ ပြောလို့ရတာပေါ့၊ အဲဒီနောက်ပိုင်းကျရင်တော့ စိတ်အေးလက်အေးနဲ့ပဲ ကျင့်ကြံအားထုတ်ကြတာပေါ့၊ ဒီကိစ္စကို စိတ်ထဲမှာ ထည့်မနေတော့ဘူး"
၎င်းတို့နှစ်ဦး၏ စကားစမြည် ပြောဆိုသံများကို၊ ပတ်ဝန်းကျင်ရှိ ကျိုကျီတောင်မှ တပည့်များလည်း ကြားသိလိုက်ရသော်လည်း၊ ၎င်းတို့နှစ်ဦး လေကြီးမိုးကြီး ပြောဆိုနေကြသည်ဟု မည်သူမျှ မထင်မှတ်ကြချေ။
ဤနှစ်များအတွင်း၌၊ လူတိုင်း၏ တိုးတက်မှုနှုန်းမှာ လူတိုင်း ကိုယ်တိုင် မျက်ဝါးထင်ထင် မြင်တွေ့ထားကြရခြင်း ဖြစ်ပေသည်။
ကျိလင်သည် ချက်ချင်းပင် ဖန့်ချန်၏ ရှေ့မှောက်ဆီသို့ လျှောက်လှမ်းလာခဲ့ကာ၊ စိန်ခေါ်စာကို ထုတ်ပြန်လိုက်တော့သည်။
"ဖန့်ချန်…… ရွှေဟွေးတံဆိပ်ပြားတွေ အပ်နှံပြီးသွားတာနဲ့၊ ငါ မင်းနဲ့ တစ်ပွဲ တိုက်ခိုက်ချင်တယ်"
"ဒါက ကျိုကျီတောင်က ကျိလင် မဟုတ်လား"
"ခန့်မှန်းရတာကတော့ ဒီတစ်ခေါက် ကောင်းကင်ငါးပါး စစ်မြေပြင် ပြီးသွားတဲ့အခါမှာ၊ သူလည်း ကျိုကျီတောင်မှာ ကိုးဆလက်သီး နတ်ဘုရားစွမ်းရည်ကို နားလည်သဘောပေါက်သွားခဲ့ပုံရတယ်"
"ဒီနတ်ဘုရားစွမ်းရည်ရဲ့ စွမ်းပကားက တကယ်ကို မဆိုးလှဘူးနော်၊ အစောဆုံးတုန်းကတော့ ထိုက်ဆန်းကျောက်ဟွာတောင်ကနေ ဆင်းသက်လာခဲ့တာလို့ ကြားဖူးတယ်……"
လူတိုင်း၏ မျက်ဝန်းများမှာ လှုပ်ရှားသွားခဲ့ကြတော့သည်။
ချိုင်စစ်ရှို့နှင့် လုကျိုဝမ်တို့သည်လည်း တစ်ဦးကိုတစ်ဦး လှမ်းကြည့်လိုက်ကြသော်လည်း၊ ရှေ့သို့တိုးကာ ဤကိစ္စရပ်ထဲ၌ ဝင်ရောက်ပတ်သက်ရန် စိတ်ကူးမရှိကြချေ။
"နောက်မှပဲ ပြောကြတာပေါ့"
ဖန့်ချန်က အသာအယာ ခေါင်းညိတ်ပြလိုက်သည်။
ကျိလင်သည် ဖန့်ချန်က တိုက်ရိုက် ပြန်လည်သဘောတူခြင်း မပြုသည်ကို မြင်တွေ့လိုက်ရသော်လည်း ဒေါသဖြစ်ခြင်း မရှိဘဲ၊ နှာခေါင်းတစ်ချက် ရှုံ့လျက်ဖြင့် အနည်းငယ်မျှ နှိမ်ချသရော်သော လှောင်ပြုံးတစ်ခုကိုသာ ထုတ်ဖော်လိုက်ပြီး -
"ဒီတစ်ပွဲကိုတော့၊ မင်း သေချာပေါက် ရှောင်လွှဲလို့ရမှာ မဟုတ်ဘူး"
စကားပြောပြီးသည်နှင့်၊ သူသည် လှည့်ထွက်သွားခဲ့ကာ ကျိုကျီတောင်၏ လူအုပ်ကြီးရှိရာဆီသို့ ပြန်လည်ရောက်ရှိသွားခဲ့တော့သည်။
တစ်ချိန်တည်းမှာပင်၊ တောင်ခြေရှိ တားမြစ်ချက်မန္တန်စည်းမှာ တဖြည်းဖြည်းချင်း ပွင့်ဟသွားခဲ့ကာ၊ လူငယ်တစ်ဦးသည် ထိုနေရာမှ လျှောက်လှမ်းထွက်ပေါ်လာခဲ့ပြီး၊ လူတိုင်း၏ ရှေ့မှောက်ဆီသို့ ရောက်ရှိလာခဲ့သည်။
လူတိုင်းသည် ပေါ့ဆရဲတင်းခြင်း မပြုဝံ့ကြတော့ဘဲ၊ တစ်ဦးပြီးတစ်ဦး မျက်နှာတစ်ခုလုံး ရိုသေကိုင်းညွတ်ခြင်း အရိပ်အယောင်များဖြင့် ဖုံးလွှမ်းသွားကြရတော့သည်။
အဘယ်ကြောင့်ဆိုသော် ထိုလူငယ်၏ ခန္ဓာကိုယ်ထက်မှ ထွက်ပေါ်နေသော အငွေ့အသက်များမှာ၊ ၎င်းတို့၏ ဆရာများထက်ပင် အားနည်းခြင်း မရှိတော့သောကြောင့် ဖြစ်ပေသည်။
ဒါက တကယ့် ကမ္ဘာကြီးသူတော်စင် ပုဂ္ဂိုလ်ကြီးတစ်ဦး ဖြစ်ပေသည်။
"ဆရာက ဒီနေ့ မင်းတို့ကို တွေ့ဆုံဖို့ အချိန်မအားဘူး၊ ရွှေဟွေးတံဆိပ်ပြားတွေကို ငါ့ဆီပဲ အပ်နှံလိုက်ကြရင် ရပြီ"
ထိုလူငယ်က တည်ငြိမ်အေးဆေးစွာဖြင့် ဆိုလိုက်၏။
လူအုပ်ကြီး၏ စိတ်နှလုံးထဲ၌ အတိုင်းထက်အလွန် စိတ်ပျက်အားငယ်သွားကြရတော့သည်၊ မိမိတို့မျက်စိဖြင့် ကောင်းကင်နိမိတ်ဖြစ်စဉ် သူတော်စင်ကြီးကို မြင်တွေ့ခွင့်ရလိမ့်မည်ဟု ထင်မှတ်ထားခဲ့သော်လည်း၊ မထင်မှတ်ဘဲ ထိုတစ်ဖက်လူမှာ လုံးဝ ပေါ်ပေါက်လာခြင်း မရှိချေ။
ဒီတစ်ခေါက် အခွင့်အရေးကို လွဲချော်သွားခဲ့ပြီဖြစ်သဖြင့်၊ ၎င်းတို့အနေဖြင့် နောက်ထပ် နှစ်ပေါင်းသုံးရာတိုင်တိုင် ဆက်လက်၍ စောင့်ဆိုင်းကြရဦးမည် မဟုတ်ပါလား။
လူအုပ်ကြီးသည် တစ်ဦးပြီးတစ်ဦး ရှေ့သို့တိုးကာ ရွှေဟွေးတံဆိပ်ပြားများကို အပ်နှံလိုက်ကြပြီး၊ မိမိတို့၏ ဘာသာရပ်နောက်ခံကိုပါ တင်ပြလိုက်ကြသည်။
ဖန့်ချန်တို့ သုံးဦး၏ အလှည့်ဆီသို့ ရောက်ရှိလာခဲ့သောအခါ၊ ထိုလူငယ်၏ သဘောထားမှာ အထင်အရှားပင် ပြောင်းလဲသွားခဲ့ရသည်။
"မင်းတို့ သုံးယောက်စလုံးက ကရုဏာတောင်ကလား"
"မှန်ပါတယ်ခင်ဗျာ"
လုကျိုဝမ်က ချက်ချင်းပင် ရိုသေကျိုးနွံစွာဖြင့် ပြန်လည်ဖြေကြားလိုက်သည်။
"ကရုဏာတောင်လား ဟက်"
လူငယ်က ပြုံးလျက်ဖြင့် လက်ကို ဝှေ့ယမ်းလိုက်ကာ၊ ၎င်းတို့ သုံးဦး အပ်နှံလိုက်သော ရွှေဟွေးတံဆိပ်ပြားများမှာ အမှားအယွင်းမရှိသည်ကို အတည်ပြုပြီးနောက်၊ ၎င်းတို့ သုံးဦးကို နောက်သို့ ဆုတ်ခွာသွားရန် အချက်ပြလိုက်တော့သည်။
ချိုင်စစ်ရှို့နှင့် လုကျိုဝမ်တို့၏ စိတ်နှလုံးထဲ၌ အနည်းငယ်မျှ ထိတ်လန့်တုန်လှုပ်သွားကြရသော်လည်း၊ ကံကောင်းထောက်မစွာဖြင့် ထိုတစ်ဖက်လူမှာ ပြဿနာရှာခြင်း မရှိဘဲ၊ သဘောထား အနည်းငယ်မျှ အေးစက်ခက်ထန်နေရုံသာ ရှိပေသည်။
ရွှေဟွေးတံဆိပ်ပြားများအားလုံးကို သိမ်းဆည်းပြီးသွားခဲ့ပြီ ဖြစ်သော်လည်း၊ ထိုလူငယ်မှာ ချက်ချင်းပင် ထွက်ခွာသွားခြင်း မရှိဘဲ၊ တည်ငြိမ်စွာဖြင့် ဆိုလိုက်သည်။
"ခုတင်ပဲ ငါ မြင်တွေ့လိုက်ရတာကတော့၊ ဒီနေရာမှာ တိုက်ခိုက်လက်ရည်စမ်းချင်နေကြတဲ့လူ နှစ်ယောက် ရှိနေတယ် ထင်တယ်"
လူအုပ်ကြီးမှာ အနည်းငယ်မျှ မှင်တက်သွားကြရပြီးနောက်၊ ထူးဆန်းဆန်းပြားလှသော မျက်နှာအမူအရာများဖြင့် ဖန့်ချန်နှင့် ကျိလင်တို့ရှိရာဆီသို့ လှမ်းမျှော်ကြည့်ရှုလိုက်ကြတော့သည်။
ကျိလင်သည်လည်း မိမိတို့၏ ကိစ္စရပ်မှာ မိမိရှေ့မှောက်ရှိ ကမ္ဘာကြီးသူတော်စင်ကြီး၏ ပါးစပ်ဖျားမှ ထွက်ပေါ်လာလိမ့်မည်ဟု ထင်မှတ်မထားခဲ့သဖြင့်၊ ချက်ချင်းပင် အနည်းငယ်မျှ ပျာပျာသလဲ ဖြစ်သွားရတော့သည်။
"မပျာနဲ့၊ ဒီစီနီယာအစ်ကိုကြီးက အထင်အရှားပဲ ငါတို့ဘက်ကလူပဲဥစ္စာ"
မေဒေါင်ကွမ်းက စိတ်အာရုံချင်း ဆက်သွယ်လျက် အသံလှမ်းပို့လိုက်သည်။
ကျိလင်သည် ထိုအခါကျမှ စိတ်ကို ပြန်လည်တည်ငြိမ်အောင် ထိန်းချုပ်လိုက်နိုင်ပြီး၊ ထို့နောက်တွင်တော့ ဆိုင်းမတွဘဲ ရှေ့သို့တက်လှမ်းကာ လက်ယှက်ဂါရဝပြုလိုက်ရင်း -
"စီနီယာအစ်ကိုကြီး…… ကျွန်တော်က ကရုဏာတောင်က ဖန့်ချန်နဲ့ တိုက်ခိုက်လက်ရည်စမ်းချင်လို့ပါ"
"ငါလည်း တောင်ပေါ်ကနေ မဆင်းလာခဲ့တာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်လို့၊ မင်းတို့ကျောင်းသားသစ်တွေရဲ့ အစွမ်းသတ္တိတွေက ဘယ်လိုမျိုး ရှိနေကြလဲဆိုတာကို မသိရဘူး၊ ဒါဆိုရင်လည်း ငါ့ရဲ့ရှေ့မှောက်မှာတင် တစ်ပွဲလောက် တိုက်ခိုက်ပြကြတာပေါ့"
လူငယ်က တည်ငြိမ်စွာဖြင့် ဆိုလိုက်၏။
ကျိလင်သည် အပိုစကားများ တစ်ခွန်းမျှ ထပ်မံပြောဆိုခြင်း မပြုတော့ဘဲ၊ ချက်ချင်းပင် ဖန့်ချန်ရှိရာဆီသို့ လျှောက်လှမ်းလာခဲ့ကာ -
"ဖန့်ချန်…… စီနီယာအစ်ကိုကြီးကိုယ်တိုင် စကားမိန့်ကြားလိုက်ပြီပဲ၊ မင်းကများ တိုက်ခိုက်ဖို့ ကြောက်ရွံ့နေတာလား"
သူ လျှောက်လှမ်းလာသည်နှင့်အမျှ၊ ခန့်မှန်းရခက်လှသော အားကောင်းလှသည့် အတွင်းကမ္ဘာနယ်မြေမှာ သူ၏ နောက်ကွယ်ဆီ၌ တဖြည်းဖြည်းချင်း ပွင့်ဟလာခဲ့တော့သည်။
အတွင်းကမ္ဘာနယ်မြေ၏ အစွမ်းသတ္တိများမှာ ကျိလင်၏ ခန္ဓာကိုယ်အတွင်းဆီသို့ အဆက်မပြတ် စီးဆင်းဝင်ရောက်လာခဲ့ကြပြီး၊ သူ၏ အငွေ့အသက်များမှာလည်း တရိပ်ရိပ်ဖြင့် မြင့်တက်လာခဲ့ပြီ ဖြစ်သည်။
နှစ်ပေါင်းသုံးရာခန့်ကနှင့် နှိုင်းယှဉ်ကြည့်လိုက်မည်ဆိုလျှင်၊ သူသည် အနည်းဆုံးတော့ ခုနစ်ဆ သို့မဟုတ် ရှစ်ဆခန့် ပိုမိုအစွမ်းထက်လာခဲ့ပြီ ဖြစ်ပေသည်။