အခန်း (၄၄၀)
Vol. 44 Ch. 440
အခန်း (၄၄၀)
“ဦးလေးခူ ခင်ဗျား ကျွန်တော့်ကို ချီးမွမ်းလွန်းနေပါပြီ။ ကျွန်တော်တို့တွေ တိုက်ကွက်အနည်းငယ် ဖလှယ်ရုံသက်သက်ပါပဲ”
ရှောင်ချန်း အနိုင်ရမှုကြောင့် မာနထောင်လွှားခြင်းမရှိ နွေးထွေးပြီး နှစ်လိုဖွယ်ကောင်းသော အပြုံးဖြင့် ပြောလိုက်သည်။
ဓားပညာကျောင်းတော်မှ လူတိုင်းမှာ သူ့စွမ်းရည်အပေါ် လုံးဝ လေးစားသွားသည်။
“မြင်မြတ်သားတော်ရှောင် မင်းရဲ့ဓားလမ်းစဉ်က ပြိုင်ဘက်ကင်းပါပေတယ်။ ပြိုင်ဘက်ကင်းဓားသမားဆိုတဲ့ ဂုဏ်ပုဒ်နဲ့ တကယ်ကို ထိုက်တန်ပါတယ်”
ကျောင်းအုပ်ကြီး လူတိုင်းကို ကြည့်လိုက်သည်။
“ငါ မင်းတို့ကို အမြဲပြောခဲ့ဖူးတယ်မလား။ ငါတို့ထက် ပိုပြီးသန်မာတဲ့သူ အမြဲရှိနေသလို ကောင်းကင်အထက်မှာလည်း နောက်ထပ် ကောင်းကင်တစ်ခုအမြဲရှိတယ်လို့။ အခုကော ငါ့စကားကို ယုံကြပြီလား”
သာမန်ရက်များတွငါ ဤကဲ့သို့ စကားလုံးများသည် အထင်သေးသည့် အကြည့်များကိုသာ ရရှိလိမ့်မည်ဖြစ်သည်။
သူတို့အမြင်တွင်မူ ရွှမ်ထျန်းဓားဂိုဏ်းမှ ပါရမီရှင်များထဲတွင် တကယ့်ပါရမီရှင် တစ်ယောက် သို့မဟုတ် နှစ်ယောက်ခန့်သာ သူတို့ကို သာလွန်နိုင်လိမ့်မည်ဟု ထင်မှတ်ထားကြသည်။
သို့သော်လည်း ရှောင်ချန်းက သူတို့အသိအမြင်များကို လုံးဝ ရိုက်ချိုးဖျက်ဆီးပစ်လိုက်၏။
နီဗားနားရှင်သန်ခြင်းအဆင့်ဖြင့် ဓားလမ်းစဉ်၏ တာအိုအနှစ်သာရကို နားလည်သဘောပေါက်ထားခြင်းမျိုး သူတို့တစ်ခါမျှ မမြင်တွေ့ဖူးခဲ့ကြချေ။
အကြီးအကဲခူ လက်သီးဆုပ်၍ ဂါရဝပြုလိုက်သည်။
“မြင်မြတ်သားတော်ရှောင် မင်းမှာ အချိန်ရှိမယ်ဆိုရင် ငါတို့ကျောင်းတော်က တပည့်တွေကို ဓားကျင့်ကြံခြင်းနဲ့ ပတ်သက်ပြီး လမ်းညွှန်ပြသပေးဖို့ ဆန္ဒရှိပါ့မလား”
“ဒါပေါ့ ရှိတာပေါ့”
ရှောင်ချန်း ပြန်ဖြေလိုက်သည်။ သူ ဤနေရာသို့ ဓားတာအိုအား အပြန်အလှန် ဖလှယ်ရန်နှင့် ပိုမိုထက်မြက်အောင် လေ့ကျင့်ရန် လာခဲ့ခြင်းဖြစ်ရာ ဓားအကြောင်း ဆွေးနွေးခြင်းနှင့် သူတစ်ပါးကို သင်ကြားပြသပေးခြင်းသည်လည်း ကျင့်ကြံခြင်း ပုံစံတစ်မျိုးပင်။
ထို့နောက် ကျောင်းအုပ်ကြီး ဆက်၍ဆိုလိုက်သည်။
“အားလုံးပဲ ဒီနေရာက စကားပြောဖို့ မသင့်တော်ဘူး။ ငါတို့တွေ ကျောင်းတော်ခန်းမဆီ ရွှေ့ကြရအောင်”
“ဟုတ်ကဲ့ပါ”
လူစုသည် တပြိုင်နက်တည်း ပြန်လည်ထူးကြပြီး ဝမ်းသာအားရဖြင့် ကျောင်းတော်အတွင်းသို့ ဝင်သွားကြတော့သည်။
ဓားပညာကျောင်းတော်သည် များသောအားဖြင့် ဂုဏ်သရေရှိ ဧည့်သည်တော်များကို လက်ခံတွေ့ဆုံလေ့ရှိသည့် လမင်းကြည့်တောင်ထိပ်တွင် ရှောင်ချန်းနှင့် အခြားသူများ နေရာယူလိုက်ကြလေ၏။
ထို့နောက် ကျောင်းအုပ်ကြီး အသံလုံအတားအဆီး တစ်ခုကို ချလိုက်ပြီး ရောက်ရှိနေသူအားလုံးကို မှာကြားလိုက်သည်။
“အားလုံးပဲ မြင်မြတ်သားတော်ရှောင်နဲ့ ပတ်သက်ပြီး ဒီနေ့ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေကို လျှို့ဝှက်ထားပေးကြပါ”
ဤစကားကြောင့် ရှောင်ချန်း အနည်းငယ် ဇဝေဇဝါဖြစ်သွားပြီး ကျောင်းအုပ်ကြီးကို စူးစမ်းလိုစိတ်ဖြင့် ကြည့်လိုက်မိသည်။
အကြီးအကဲခူ လက်သီးဆုပ်ကာ မေးလိုက်သည်။
“ကျောင်းအုပ်ကြီး ခင်ဗျားက မြင်မြတ်သားတော်ရှောင်ကို နောက်ခြောက်လအကြာမှာ ကျင်းပမဲ့ ရှီးယွဲ့တောင်တန်းရဲ့ ဓားဆွေးနွေးပွဲမှာ ကျုပ်တို့ကျောင်းတော်ကိုယ်စားပြုအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဖိတ်ခေါ်ဖို့ စီစဉ်နေတာလား”
“အတိအကျပဲ”
ကျောင်းအုပ်ကြီး ပြန်ဖြေလိုက်ပြီး ရှောင်ချန်းဘက်သို့ လှည့်ကာ ရှင်းပြသည်။
“ပွင့်ပွင့်လင်းလင်း ပြောရရင် ဓားဒေသမှာ အနှစ်ခြောက်ဆယ်တိုင်း ရှီးယွဲ့တောင်တန်းရဲ့ ဓားဆွေးနွေးပွဲကို ကျင်းပလေ့ရှိတယ်။ ပထမဆုရတဲ့ အဖွဲ့အစည်းက ဓားဧကရာဇ်ကမ်းပါးထဲကို ဝင်ရောက်ပြီး တာအိုကိုကျင့်ကြံနိုင်ဖို့ နေရာ ဆယ်ခု ရရှိတယ်”
“ဓားဧကရာဇ်ကမ်းပါးထဲကို ဝင်ရောက်ခွင့်ရတဲ့ ကျင့်ကြံသူတိုင်းဟာ အကြီးအကျယ် ပြောင်းလဲတိုးတက်သွားလေ့ရှိတယ်လေ။ ဘွဲ့ထူးခံအရှင်အဆင့် ကျင့်ကြံသူအများအပြားဟာ အဲဒီနေရာမှာတင် မဟာပဏ္ဍိတအဆင့်ကို ဖောက်ထွက်နိုင်ခဲ့ကြတယ်”
“ခေတ်အဆက်ဆက်မှာတော့ အမြဲတမ်း ပထမဆု ရရှိခဲ့တာက ရွှမ်ထျန်းဓားဂိုဏ်းပဲ။ အချိန်ကြာလာတာနဲ့အမျှ သူတို့ဟာ ဓားဒေသရဲ့ ငြင်းပယ်လို့မရတဲ့ ခေါင်းဆောင် ဖြစ်လာခဲ့ကြတယ်။ ဒီတစ်ခေါက် မင်းကိုယ်တိုင် ဒီကို ရောက်နေတဲ့အချိန်မှာ ငါတို့တွေကို ကူညီပေးဖို့ တောင်းဆိုချင်ပါတယ်”
ရှောင်ချန်းသည် မူလက ဓားဒေသတွင် ကောင်းမွန်သော စမ်းသပ်လေ့ကျင့်ရေးနယ်မြေများ ရှိမရှိ မေးမြန်းရန် စီစဉ်ထားခြင်းဖြစ်သော်လည်း ကံကြမ္မာက သူ့ရှေ့သို့ အခွင့်အလမ်းတစ်ခု ကြိုတင်၍ ယူဆောင်လာပေးခဲ့ပြီဖြစ်ရာ သူ တွန့်ဆုတ်မနေဘဲ သဘောတူလိုက်သည်။
“ဒါကို ကျွန်တော့်တာဝန်အဖြစ်ပဲ မှတ်ယူလိုက်ပါ”
ခန်းမအတွင်းရှိ လူတိုင်း သိသိသာသာပင် စိတ်လှုပ်ရှားသွားကြတော့၏။
“မြင်မြတ်သားတော်ရှောင်းသာ ပါဝင်မယ်ဆိုရင် ငါတို့ရဲ့ ဓားပညာကျောင်းတော်က ပထမဆုကို သေချာပေါက် ဆွတ်ခူးနိုင်မှာပဲ”
“ဟုတ်တယ် လောကကြီးက ကျုပ်တို့ကျောင်းတော်ရဲ့ စွမ်းအားကို မြင်တွေ့ရမဲ့ အချိန်ရောက်ပြီ”
“…”
ရှောင်ချန်းမှာ နှုတ်ဆိတ်နေသော်လည်း သူ့မျက်ဝန်းများထဲတွင်မူ မျှော်လင့်ချက်အရိပ်အယောင်များ ဖြတ်ပြေးနေ၏။
‘ဓားဒေသက ဓားကျင့်ကြံသူတို့... ငါ့ကို စိတ်ပျက်အောင် မလုပ်ကြပါနဲ့’
“အလုပ်ကိစ္စတွေ ပြီးသွားပြီဆိုတော့”
ကျောင်းအုပ်ကြီး ပျော်ရွှင်စွာ ပြောလိုက်သည်။
“ခမ်းနားတဲ့ ညစာစားပွဲ တစ်ခုကို ပြင်ဆင်ခိုင်းလိုက်ကြစို့။ ဒီညတော့ ငါတို့တွေ မြင်မြတ်သားတော်ရှောင်နဲ့အတူ ဝိုင်ကောင်းကောင်း သောက်ကြရမယ်”
ကျောင်းအုပ်ကြီး ပြုံးလိုက်သည်။
“မြင်မြတ်သားတော်ရှောင် မင်း ဝိုင်သောက်တတ်တယ်မလား”
ရှောင်ချန်း တဟားဟား ရယ်မောလိုက်သည်။
“ဝိုင်သောက်တာက ကျွန်တော့်တို့ မြှောင်တောင်ရဲ့ ရှေးရိုးစွဲအစဉ်အလာတစ်ခုပဲ။ ဒီညတော့ ကျွန်တော်တို့တွေ မူးတဲ့အထိ မနားတမ်း သောက်ကြတာပေါ့”
ကျောင်းအုပ်ကြီး ကျယ်လောင်စွာ ရယ်မောလိုက်၏။
“စကားကတော့ ဟုတ်နေပြီ။ ကောင်းတယ်။ မမူးမချင်း မနားကြေးပဲ”
တစ်ချိန်တည်းတွင် လူရိုင်းဒေသ
ဘီလူးနတ်ဘုရားကျောင်းတော်၌
ကောင်းကင်ပျံတောင်ထိပ်ပေါ်ရှိ နေရာရွှေ့ပြောင်းခြင်းအစီအရင် ပြင်ပတွင်
ခန္ဓာကိုယ် ထွားကျိုင်းလှသော ကျင့်ကြံသူတစ်စုသည် မြေပြင်ပေါ်တွင် ဟိုတစ်စ ဒီတစ်စ လဲကျနေကြလေ၏။
ပတ်ဝန်းကျင်ရှိ တပည့်များသည် သူတို့ရှေ့မှ မာနထောင်လွှားနေသော လူငယ်ကို စိုက်ကြည့်နေကြသည်။ အားလုံးက ဒေါသထွက်နေကြသော်လည်း စကားတစ်ခွန်းမျှ မပြောရဲကြချေ။
ဤကောင်က သည်းခံရခက်လောက်အောင် မာနကြီးလွန်းလှပြီး သူတို့ဘီလူးနတ်ဘုရားကျောင်းတော်အပေါ် အနည်းငယ်မျှ ရိုသေလေးစားမှု မရှိချေ။ သို့သော် သူက အင်မတန်သန်မာလွန်းနေသဖြင့် သူတို့ လုံးဝ မယှဉ်နိုင်ကြပေ။
“မြင်မြတ်သားတော်ချောင် ခုနက ငါတို့တွေဘက်က ပေါ့ဆသွားမိတာပါ။ ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်”
ကတုံးနှင့် အကြီးအကဲတစ်ဦး စိတ်ပျက်လက်ပျက် အမူအရာဖြင့် ပြောလိုက်သည်။
“စီနီယာ ခင်ဗျားတို့ ကျောင်းတော်ရဲ့ ခန္ဓာကျင့်ကြံခြင်း နည်းစနစ်တွေက နည်းနည်းတော့ လိုအပ်ချက်ရှိနေသေးတယ်လို့ထင်တယ်”
ချောင်ရို့ချန် လူတစ်ဖက်သားကို လက်သီးယားလာစေမည့် လှောင်ပြုံးလေးဖြင့် ခပ်ဖွဖွ ပြောလိုက်၏။
“မြင်မြတ်သားတော်ချောင် ပြောတာ အမှန်ပါပဲ။ မင်းရဲ့ ခန္ဓာကျင့်ကြံခြင်း နည်းလမ်းတွေအပေါ် အကြံဉာဏ်အချို့လောက် မျှဝေပေးဖို့ ဆန္ဒရှိမလား”
ဘီလူးနတ်ဘုရားကျောင်းတော်၏ ကျောင်းအုပ်ကြီး အလွန်အမင်း မကျေမနပ် ဖြစ်နေသော်လည်း ဘာမှမပြောနိုင်ချေ။ အကြောင်းမူကား သူတို့ဘီလူးတစ်ဆယ့်ရှစ်ပါးအစီအရင်သည် ဤလူငယ်၏ လက်သီးတစ်ချက်တည်းဖြင့် အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားသောကြောင့်ပင်။
အဆင့်တက်ခါစ မဟာပဏ္ဍိတတစ်ယောက်ပင် သူ့လက်သီးကြောင့် မြေပြင်ပေါ်သို့ ပစ်လဲသွားရ၏။
ကျောင်းတော်သည် မူလက ဝမ်တောက်ကျောင်းတော်၏ မြင့်မြတ်သားတော်ကို အစွမ်းပြပြီး နှိမ်နင်းရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။
ဤနေရာသည် ဆန်းကြယ်ကောင်းကင်ဒေသ မဟုတ်ကြောင်းနှင့် မြင်မြတ်သားတော် ဖြစ်နေလျှင်ပင် ကျောင်းတော်၏ နည်းစနစ်များကို လေ့လာလိုပါက သူတို့စည်းမျဉ်းများကို နာခံရမည်ဖြစ်ကြောင်း နားလည်စေရန် ဖြစ်သည်။
သို့သော်လည်း ရောက်ရှိလာသူမှာ ဤမျှအထိ ကြောက်မက်ဖွယ်ကောင်းနေလိမ့်မည်ဟု သူတို့ လုံးဝ မထင်ထားခဲ့ကြပေ။ လက်သီးသက်သက်ဖြင့်သာ သူတို့ကို အပြတ်အသတ် အနိုင်ယူသွားခဲ့သဖြင့် မည်သူမျှ စကားတစ်ခွန်းပင် မဟရဲတော့ချေ။
ပထမတွင် မဟာပဏ္ဍိတကျို့ထျန်းသည် ဝမ်တောက်ကျောင်းတော်မှ လာသော သတင်းများကို နှာခေါင်းရှုံ့ခဲ့ဖူး၏။ ဤတစ်ခေါက် လာရောက်လည်ပတ်သူမှာ ခန္ဓာကျင့်ကြံခြင်းကို အထူးပြုသော မြင်မြတ်သားတော်တစ်ယောက်ဖြစ်ကြောင်း ကြားသိရချိန်တွင် ဖြစ်သည်။
သူ့အမြင်တွင် ဝမ်တောက်ကျောင်းတော်၏ ခန္ဓာကျင့်ကြံခြင်းနည်းစနစ်မှာ ဘီလူးနတ်ဘုရားကျောင်းတော်၏ နည်းစနစ်ကို လုံးဝ မယှဉ်နိုင်ဟု ထင်မှတ်ထား၏။
သူတို့ခန္ဓာကျင့်ကြံခြင်းနည်းစနစ်သည် သွေးမျိုးဆက်ကို နိုးထစေနိုင်ပြီး နောက်ဆုံးတွင် ကျင့်ကြံသူအား ဘီလူးဝိညာဥ်နတ်ဘုရား အဖြစ်သို့ ပြောင်းလဲပေးနိုင်သည့် နတ်ဘုရားအဆင့်ရှိသော နည်းလမ်းတစ်ခုပေ။
ချောင်ရို့ချန် ဆိုလိုက်သည်။
“ကိစ္စမရှိပါဘူး။ ဒါပေမဲ့ ခင်ဗျားတို့က ကျွန်တော့်ကို လက်ဗလာနဲ့ ဒီအတိုင်းထိုင်ပြီး အရာအားလုံးကို ရှင်းပြခိုင်းဖို့ မျှော်လင့်နေတာလား”
ပတ်ဝန်းကျင်ရှိ လူများ ကြောင်အန်းအန်း ဖြစ်သွားကြသည်။ သူတို့ ထိုလူငယ်လေးမှာ သူတို့ကို ထပ်မံ၍ လှောင်ပြောင်တော့မည်ဟု ထင်မှတ်ထားကြသော်လည်း သူ့လေသံမှာ ရုတ်တရက် ပြောင်းလဲသွားခဲ့၏။
မဟာပဏ္ဍိတကျို့ထျန်း တဟားဟား ရယ်မောလိုက်သည်။
“အာ ဒါက ငါ့ဘက်က ပေါ့ဆသွားတာပဲ။ ကြွပါ... မြင်မြတ်သားတော်ချောင်”
ထို့နောက် သူ ဘေးနားရှိ ကြီးကြပ်သူဖြင့် အကြည့်ချင်း ဖလှယ်လိုက်ရာ ထိုသူ ချက်ချင်းပင် နားလည်သွားပြီး ညစာစားပွဲ ပြင်ဆင်ရန် ထွက်ခွာသွားတော့သည်။
နာရီဝက်ခန့် ကြာပြီးနောက်
လှိုင်းကြည့်တောင်ထိပ်တွင် စားပွဲကို ကျင်းပသည်။
နွဲ့နှောင်းလှပသော အမျိုးသမီးတပည့်အချို့ ဧည့်သည်တော်များကို တစ်ဦးချင်းစီအား ဝိုင်များကို လိုက်လံငှဲ့ပေးနေကြ၏။
ကျောင်းအုပ်ကြီး သူ့ခွက်ကို မြှောက်ကာ ဆိုလိုက်သည်။
“မြင်မြတ်သားတော်ချောင် ဒီနေ့ ငါတို့တွေ အချင်းချင်းမသိခင်မှာ နားလည်မှုလွဲသွားကြတာပါ။ ငါ့အနေနဲ့ ဧည့်ဝတ်ကျေအောင်လို့ ဒီပထမဆုံးခွက်နဲ့ ဂါရဝပြုပါရစေ”
“ဟုတ်ပါပြီ”
ချောင်ရို့ချန် ခွက်ကို မြှောက်ကာ တစ်ငုံ သောက်လိုက်သည်။ ထို့နောက် ချက်ချင်းပင် ပြန်ထွေးထုတ်လိုက်တော့၏။
“ဖူး”
ထိုလုပ်ရပ်တစ်ခုတည်းကပင် ရောက်ရှိနေသူအားလုံး၏ မကျေနပ်သော အကြည့်များကို ဖိတ်ခေါ်လိုက်သကဲ့သို့ ဖြစ်သွားပြီး မဟာပဏ္ဍိတကျို့ထျန်း၏ မျက်နှာပင် မည်းမှောင်သွားသည်။
ချောင်ရို့ချန် ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။
“ကျောင်းအုပ်ကြီး လူရိုင်းဒေသရဲ့ ဝိုင်တွေအားလုံးက ဒီလောက်အထိ ညံ့ဖျင်းတာလား။ ခင်ဗျားက မဟာပဏ္ဍိတတစ်ယောက်ပဲကို။ ခင်ဗျားရဲ့ အဆင့်အတန်းနဲ့ ထိုက်တန်တာကို သောက်သင့်တာပေါ့။ ကျွန်တော် ဝမ်တောက်ကျောင်းတော်ကနေ ယူလာတဲ့ သူတော်စင်ဝိုင်အိုးအချို့ ရှိတယ်။ မြည်းကြည့်လိုက်စမ်းပါ”
သူက မည်သူ၏ မျက်နှာအမူအရာကိုမှဂရုမစိုက်ဘဲ သိုလှောင်လက်စွပ်ထဲမှ ဝိုင်အိုးတစ်အိုးကို ထုတ်ယူကာ သူတို့ရှေ့တွင် အဖုံးကို ဖွင့်လိုက်သည်။
တစ်ခဏချင်းမှာပင် မွှေးကြိုင်လှသော ရနံ့များသည် ဝင်းတစ်ခုလုံးကို ပြည့်နှက်သွားပြီး လူတိုင်း၏ မျက်နှာအမူအရာများသည် ဒေါသထွက်နေရာမှ လုံးဝ မူးယစ်ရီဝေဟန်သို့ ပြောင်းလဲသွားကြတော့၏။
ချောင်ရို့ချန် မတ်တပ်ရပ်လိုက်ပြီး ခြေတစ်လှမ်းဖြင့် ကျောင်းအုပ်ကြီး၏ ဘေးနားသို့ ရောက်ရှိသွားကာ သူတော်စင်ဝိုင်အား သူ့ခွက်ထဲသို့ လောင်းထည့်ပေးလိုက်သည်။
“ကျောင်းအုပ်ကြီး ကျွန်တော်က ပွင့်ပွင့်လင်းလင်း ပြောတတ်လို့ စိတ်မရှိပါနဲ့”
ကျို့ထျန်း မူလက သူ့ကို ဆူပူကြိမ်းမောင်းရန် ပြင်ဆင်ထားသော်လည်း ဝိုင်၏ မွှေးရနံ့က သူ့အာရုံကို ချက်ချင်း ဖမ်းစားသွားပြီး စိတ်အစဉ်ကို လှုံ့ဆော်သွားသည်။
“တော်ပြီ။ တော်ပြီ။ အပြင်ကို မဖိတ်စေနဲ့ကွ”
ချောင်ရို့ချန် အပြည့် လောင်းထည့်ပေးလိုက်၏။
ကျို့ထျန်းမှာ သူ့ခွက်ကို ငုံ့ကြည့်ပြီး ပြောလိုက်သည်။
“ဒီဝိုငိက ရို့ချန်ကိုယ်တိုင် သေသေချာချာ ငှဲ့ပေးတာဆိုတော့ ငါ မြည်းစမ်းကြည့်ရတာပေါ့”
သူ ဝိုင်ကို တစ်ကျိုက်တည်းဖြင့် မော့သောက်လိုက်တော့သည်။
‘ဟား’
အလွန်အမင်း နှစ်သက်သဘောကျသည့် အမူအရက ကျို့ထျန်း၏ မျက်နှာတွင် ပျံ့နှံ့သွားသည်။
“ရို့ချန် မင်းပြောတာ တကယ်မှန်တယ်။ ငါ အရင်က သောက်ခဲ့ဖူးတဲ့ ဝိုင်တွေအားလုံးက အမှိုက်တွေချည်းပဲ”