အခန်း (၄၃၂)
Vol. 44 Ch. 432
အခန်း(၄၃၂)
“ကောင်းကင်ဇာစ်မြစ်အဆင့် ကျင့်ကြံသူငါးယောက်”
စင်မြင့်ပေါ်တွင် ပုံရိပ်ငါးခု ရုတ်တရက်ပေါ်လာသည်။
“ဆန်းကြယ်မြင်ကွင်းကျောင်းတော်က တာအိုကျင့်ကြံသူ ချင်ဖုန်းလား။ သူ ကောင်းကင်ဇာစ်မြစ် သတ္တမအဆင့်ကို ရောက်သွားပြီလား။ အခုမှ အသက်ခြောက်ဆယ်ပဲ ရှိသေးတာ။ တကယ့်ကို ရှားမှရှား လူငယ်ပါရမီရှင်ပဲ”
“ချင်ဖုန်းက အထင်ကြီးစရာ ကောင်းပေမဲ့ နေမင်းတောင်တန်းက စုန့်ယန်ရှို့က ပိုတောင် သန်မာသေးတယ်။ သူက နှစ်နှစ်ပဲ ပိုကြီးပေမဲ့ ကျင့်ကြံခြင်းအဆင့်မှာတော့ နှစ်ဆင့်တောင် ပိုမြင့်တယ်”
“…”
လူအုပ်ကြီး အပူတပြင်း ဆွေးနွေးနေကြပြီး သူတို့အကြည့်က စင်မြင်ပေါ်မှ မောက်မာသည့် လူငယ်လေးအပေါ်သို့ ကျရောက်သွား၏။
လူတိုင်းက ပြဇာတ်ကို သဘောတကျ ကြည့်နေကြတော့သည်။
ဖုန်းမိသားစုဝင်များ မလွယ်ကူသလို ခံစားရသောကြောင့် ကြည့်ရှူသူ စင်မြင့်ပေါ် တောင်ပင်လယ်နဂါးနန်းတော်မှ ပါရမီရှင်ကို ကြည့်လိုက်၏။
ကံမကောင်းစွာပင် ထိုပါရမီရှင် ဝင်ပါမည့် အရိပ်အယောင် မပြချေ။
“ကောင်လေး မင်းအရည်အချင်းကို ပြ။ ငါတို့လို ပါရမီရှင်တွေကို အုပ်စုလိုက် စိန်ခေါ်ဖို့ မင်းကို ဘယ်သူက သတ္တိများ ပေးထားလဲ ကြည့်ဦးမယ်”
စုန့်ယန်ရှို့ လေးနက်စွာ ပြောသည်။
သူ အခြားသူများနှင့် ပူးပေါင်းရမည်ကို မနှစ်သက်သော်လည်း ဤလူငယ်လေးက အလွန်မာနကြီးနေ၍ သူ့ကို အရင် သင်ခန်းစာပေးရပေမည်။
“ပါရမီရှင်တွေလား”
ယဲ့ပေရွှမ် နားမလည်နိုင်စွာ မေးသည်။
“ခင်ဗျားတို့ အားလုံး အဲ့ဂုဏ်ပုဒ်နဲ့ ထိုက်တန်တယ်ထင်လား”
သူ့စကားအဆုံးတွင် တာအိုပေါင်းစည်းခြင်းအဆင့် ဖိအားတစ်ခု ထွက်ပေါ်လာပြီး ပြိုင်ပွဲကွင်းကို လွှမ်းခြုံသွားသည်။
ထိုဖိအားအောက်တွင် သူတို့အားလုံး မျက်နှာပျက်သွားကြပြီး မယုံကြည်နိုင်စွာ ငေးကြည့်နေကြ၏။
သူက သူတို့အားလုံးထက် ငယ်ရွယ်သော်လည်း ကျင့်ကြံမှုအဆင့်က သူတို့ထက်များစွာ မြင့်မားသည်။
တာအိုကျင့်ကြံသူ ချင်ဖုန်း လက်သီးဆုပ်ကာ ပြောသည်။
“ကျွန်တော်က ဆန်းကြယ်မြင်ကွင်းကျောင်းတော်က ချင်ဖုန်းပါ။ တာအိုရောင်းရင်းရဲ့ နာမည် ဘယ်သူလဲဆိုတာ မေးခွင့် ရှိမလား။ အခုလို အသက်ရွယ်မှာ ဒီလောက်ထိ အင်အားကို ပိုင်ဆိုင်ထားဖို့ဆိုတော့ ရွှမ်ထျန်းရဲ့ ထိပ်သီးပါရမီရှင်ဖြစ်ရမယ်”
“ကျုပ်က ယဲ့ပေရွှမ်”
ယဲ့ပေရွှမ် သူ့ကိုယ်သူ မိတ်ဆက်လိုက်၏။
“တာအိုရောင်းရင်း ချင်ဖုန်း ခင်ဗျား ကျုပ်ကို အရမ်းမြှောက်လွန်းနေပြီ။ ကျုပ်က မဟာပဏ္ဍိတမိုးမြေအောက်မှာ နှစ်နှစ်ဆယ်ကြာ ကျင့်ကြံခဲ့တဲ့ အမည်မသိ ကျင့်ကြံသူလေးပါ။ ကျုပ် စီနီယာအစ်ကိုနှစ်ယောက်ရဲ့ တောက်ပမှုကို မျက်မြင်ကိုယ်တွေ မြင်ရတိုင်း ကျုပ်ကိုယ်ကျုပ် နိမ့်ကျတယ်ခံစားရတယ်။ ကျုပ်က ပါရမီရှင်အဆင့်မဟုတ်သေးပါဘူး”
လူတိုင်း လေအေးတစ်သုတ် ရှူသွင်းလိုက်ကြ၏။
မဟာပဏ္ဍိတမိုးမြေသည် သူတော်စင်များကို အနိုင်ယူနိုင်သူဖြစ်ပြီး မဟာပဏ္ဍိတများကြား ဒဏ္ဍာရီတစ်ခုအလား။ မဟာပဏ္ဍိမိုးမြေ ဒုတိယဟုပြောလျှင် မည်သူမှ ပထမဟု မပြောရဲ။
အကယ်၍ ထိုစကားကို အခြားသူများ ပြောလျှင် လေလုံးထွားသည်ဟုသာ ထင်မှတ်ကြပေမည်။
သို့သော် စီနီယာအစ်ကိုနှစ်ယောက်ဆိုသူ အကြောင်းတွေးမိသောအခါ ထိုပြောဆိုချက်က လုံးဝပြောင်းလဲသွားတော့၏။
ဖုန်းမိသားစုဝင်များ လုံးဝမှင်တက်သွားကြသည်။
ဖုန်းအဖေ သူ့သမီးကို ကြည့်ကာ မေးသည်။
“ချုံးယွီ ဘာလို့ သမီးလက်တွဲဖော်က မဟာပဏ္ဍိတမိုးမြေရဲ့ တိုက်ရိုက်တပည့်ဆိုတာ မပြောတာလဲ”
“အဖေ သမီးကို ပြောဖို့ အခွင့်အရေးမပေးဘူးလေ”
ဖုန်းချုံးယွီ ကြောက်ရွံ့စွာ ပြန်ဖြေပြီး သူမ မိခင်ကို ခိုးကြည့်လိုက်သည်။
ဖုန်းအမေ တင်းမာသော မျက်နှာထားဖြင့် ပြောသည်။
“ဟုတ်တယ်။ ချုံးယွီ အိမ်ရောက်တည်းက ရှင် သူ့ကို ဘယ်တုန်းက စကားအကောင်းပြောလို့လဲ။ ကျွန်မ ရှင့်ကို ပြောချင်ပေမဲ့ ပေရွှမ် နာမည်ထွက်တာနဲ့ ရှင်က ပိတ်ပြောတော့တာပဲ”
ဖုန်းအဖေ “...”
မိသားစု စကားဝိုင်းကို ဖုန်းမျိုးနွယ်မှ လူတိုင်း တစ်လုံးမကျန် ကြားလိုက်ရသဖြင့် သူတို့အမူအရာများ ထူးဆန်းသွားကြ၏။
ထိုအထဲတွင် သနားစရာအကောင်းဆုံသူမှာ ဖုန်းယန်ရှန်းပင်။ သူ့ရှေ့က မြင်ကွင်းကိုကြည့်ကာ တွေးမိသည်။
‘ဒါဆို ဒီတစ်လျှောက်လုံး အရူးဖြစ်လာတာ ငါပေါ့”
စင်ပေါ်က ကျင့်ကြံသူများ မှင်တက်သွားကြ၏။
ယခုအခါ သူတို့ တိုက်ရမလို ပြန်ဆင်းရမလို ဖြစ်သွားကြသည်။ ခွန်အားအရလည်း မယှဉ်နိုင်၊ နောက်ခံအရလည်း မယှဉ်နိုင်သဖြင့် သူတို့ လုံးဝ ချေမှုန်း ခံလိုက်ရသည်။
ထိုအခိုက် စုန့်ယန်ရှို့ လက်သီးဆုပ်ကာ ပြောသည်။
“မဟာပဏ္ဍိတမိုးမြေက လမ်းစဉ်အကုန်လုံးကို ကျွမ်းကျင်ပြီး ရှေးခေတ်ရော လက်ရှိခေတ်ကိုပါ နှံ့စပ်သိမြင်တယ်လို့ ဆိုကြပါတယ်။ တာအိုရောင်းရင်း ကျွန်တော့်ကို လမ်းညွှန်မှုပေးနိုင်မလား”
ယဲ့ပေရွှမ် နှုတ်ခမ်းများ အနည်းငယ် ကွေးတက်သွားသည်။ သူ့ရှေ့က လူကို အမြင်သစ်ဖြင့် ကြည့်လိုက်မိ၏။ ထိုလူက သူ့ဆရာကို ဦးစွာ ချီးကျူးပြီးမှ လမ်းညွှန်မှုတောင်းခံသည်။ အတော်လေး ပါးနပ်ပေသည်။
“ရတယ်”
ယဲ့ပေရွှမ် တည်ငြိမ်စွာ ပြောသည်။
“ဝမ်တောက်ကျောင်းတော် တပည့်တွေထဲမှ ခင်ဗျားတို့လိုအဆင့်က ကျင့်ကြံသူတွေ အများကြီး ရှိပါတယ်။ ဒီနေ့ ကျုပ်တို့ စင်မြင့်ပေါ်မှာ တွေ့ရတာကတော့ ရေစက်ပေါ့”
စုန့်ယန်ရှို့ ပျော်ရွှင်သွားတော့သည်။ သူလေးစားစွာ ပြော၏။
“ကျေးဇူးတင်ပါတယ် စီနီယာယဲ့”
၎င်းကို ကြားသောအခါ ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများ၏ အမူအရာ ပြောင်းလဲသွားပြီး စုန့်ယန်ရှို့ကို ကြည့်လာကြသည်။
ဖြောင့်မတ်ပြီး ဂုဏ်သရေမြင့်သော အမျိုးသားလေးက ယခုလို လုပ်မည်ဟု သူတို့မထင်မှတ်ထား။ သူတို့ ထိုသူကို မှားယွင်းအကဲဖြတ်မိခြင်းပေ။
တာအိုရောင်းရင်းချင်ဖုန်း ပြောသည်။
“စီနီယာ ကျွန်တော့်ကိုလည်း လမ်းညွှန်ပေးလို့ရမလား”
“ရတယ်”
ယဲ့ပေရွှမ် ပြောလိုက်သည်။
“ကျွန်တော့်ကိုလည်း လမ်းညွှန်ပေးပါ”
“စီနီယာ ကျွန်တော့်ကိုလည်း...”
“…”
တစ်ခဏအတွင်း ပြိုင်ပွဲကွင်းက ပြောင်းလဲသွားသည်။ အိမ်ထောင်ဖက်ရှာသည့် သိုင်းပြိုင်ပွဲသည် လမ်းညွှန်မှုတောင်းခံသည့် ကွင်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။
ဖုန်းမိသားစု အမူအရာ ပြောင်းလဲသွားသည်။ ဤရလဒ်က သူတို့ထင်ထားသည်ထက် ကျော်လွန်သွား၏။
ကြည့်ရှူနေသူများသည် စိတ်လှုပ်ရှားနေကြသည်။ သူတို့ ပါရမီရှင်များကို ကြည့်ရှူချင်၍ လာရောက်ကြခြင်းပင်။
ယခုအခါ ယဲ့ပေရွှမ် သူ့အင်အားကို ပြသမည်ဖြစ်၍ သူတို့ ပျော်နေတော့သည်။ အချို့ဆို လမ်းညွှန်မှုတောင်းခံချင်စိတ်များပင် ပေါက်နေကြ၏။
မည်သို့ပင်ဆိုစေ ယဲ့ပေရွှမ်သည် ဝမ်တောက်ကျောင်းတော်၏ အကြီးအကဲဖြစ်သည်။ ထိုကဲ့သို့ လူတစ်ဦးထံမှ လမ်းညွှန်မှု ရရှိခြင်းသည် သေချာပေါက် အကျိုးအမြတ်ရှိပေသည်။
“ကောင်းပြီ မင်းတို့အားလုံး တစ်ပြိုင်တည်း တက်ခဲ့”
ယဲ့ပေရွှမ် ပြောရင်း ကောင်းကင်ပေါ် ခုန်တက်သွား၏။
စင်မြင်ပေါ်မှ ကျင့်ကြံသူများ ကောင်းကင်ပေါ်သို့ ပျံတက်သွားကြပြီး အတူတကွ တိုက်ခိုက်လိုက်ကြသည်။
ဘုန်း
သူတို့ တိုက်ခိုက်မှုများသည် ဝတ်ရုံစကိုပင် မထိခင် ထိုသူ့ခန္ဓာကိုယ်ပေါ်မှ ဟုန်မန်အလင်းတန်းများထံမှ တားဆီးခံလိုက်ရသည်။
ယဲ့ပေရွှမ် တည်ငြိမ်စွာ ပြောသည်။
“စုန့်ယန်ရှို့ မင်းရဲ့ မဟာစုန့်ယန်လက်သီးက အနှစ်သာရ ကင်းမဲ့နေတယ်။ ငါ့အမြင်ရဆို မဟာစုန့်ယန်လက်သီးဆိုတာ ဒီလိုမျိုးဖြစ်သင့်တယ်”
သူ လက်ဝါးတစ်ချက် ရိုက်ထုတ်သည်။ ထိုတိုက်ခိုက်မှုသည် စုန့်ယန်ရှို့၏ လက်သီးနှင့် ကွဲပြားပြီး စွမ်းအားနှင့် အနှစ်သာရသည် လုံးဝ မတူညီသည့်အဆင့်ပေ။
လက်ဝါးသည် စုန့်ယန်ရှို့ထံ မရောက်မီ ပျက်ပြယ်သွားပြီး ထိုသူသည် အတွင်းမှ နက်နဲမှုကို တိတ်တဆိတ် နားလည်ဆင်ခြင်လိုက်သည်။
“တာအိုရောင်းရင်းချင်ဖုန်း”
စကားပြောနေရင်း ယဲ့ပေရွှမ် ဟုန်မန်ဖန်ဆင်းခြင်းအနှစ်သာရများ ပါဝင်သော ဓားချီတစ်ခု သရုပ်ဖော်ပြီး အခြားသူများကိုပါ ဆက်လက်လမ်းညွှန်၏။
ခဏအကြာတွင် သူတို့အားလုံး ဦးညွှတ်လိုက်သည်။
“လမ်းညွှန်မှုပေးလို့ ကျေးဇူးတင်ပါတယ် စီနီယာယဲ့။ ကျွန်တော့်တို့ စီနီယာကို အရှုံးပေးပါတယ်။ စီနီယာယဲ့နဲ့ သခင်မလေးဖုန်းတို့ အိုအောင်မင်းအောင် ပေါင်းဖက်နိုင်ပါစေ”
ယဲ့ပေရွှမ် လက်သီးဆုပ်ကာ စင်မြင့်ပေါ်သို့ ပြန်ဆင်းသက်သွား၏။
ရင်ပြင်ထဲမှ လူအုပ်ကြီး မှင်တက်သွားကြ၏။ ယဲ့ပေရွှမ် နည်းစနစ်များကို တစ်ပြိုင်နက် ထုတ်ပြလာမည်ဟု မည်သူမျှ မထင်ထားကြ။
‘သူလည်း ခေတ်တစ်ခေတ်မှာ တစ်ယောက်ထွန်းပေါက်တဲ့ ပါရမီရှင်လား’
သူတို့နှလုံးသားထဲတွင် သိချင်စိတ်များ တောက်လောက်နေသော်လည်း မည်သူမှ ထုတ်မမေးရဲချေ။
ယဲ့ပေရွှမ် စင်မြင့်ပေါ်တွင် တိတ်ဆိတ်စွာ ရပ်နေပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်၏။
“ကျုပ်ကို တိုက်ခိုက်ချင်သေးတဲ့သူ ရှိလား”
တောင်ပင်လယ်နဂါးနန်းတော်နေရာတွင်
လူငယ်လေးသည် သူ့နောက်က အရပ်ရှည်ရှည်လူတစ်ဦးနှင့် အကြည့်ချင်းဖလှယ်လိုက်သည်။
ထိုလူက ချက်ချင်း နားလည်သွားပြီး လူငယ်လေးကို ဦးညွှတ်ကာ စင်မြင့်ပေါ်သို့ တက်သွားသည်။
သူ ပေါ်လာပြီးနောက် ကြေညာသည်။
“ကျုပ်က တောင်ပင်လယ်နဂါးနန်းတော်က အောက်တင်းပါ။ တာအိုမိတ်ဆွေယဲ့ စွမ်းရည်ကို မြင်ချင်လို့ နဝမမင်းသားကိုယ်စား ရောက်လာတာပါ။ တကယ်လို့ ဒီကိစ္စကို မတရားဘူးလို့ ခံစားရရင် ဝမ်တောက်ကျောင်းတော်က ကျွမ်းကျင်သူတစ်ယောက်ကို အစားထိုးနိုင်ပါတယ်”
သူ ပြောနေတုန်း ပရိတ်သတ်များကြား ပွက်လောရိုက်သွားတော့၏။
“အောက်တင်းလား။ သူက တောင်ပင်လယ်နဂါးနန်းတော်က မြို့စားပိလန်၊ ပီပိုတပ်ရဲ့ စစ်သူကြီးပဲ”
“နဂါးနန်းတော်က ငြိမ်မနေတော့ဘူးထင်တယ်။ ဝမ်တောက်ကျောင်းတော်က ဘယ်သူ ပါမယ်ထင်လဲ”
“…”
ယဲ့ပေရွှမ် သူ့ကို ဂရုတစိုက် စစ်ဆေးကာ ပြောသည်။
“အကူအညီ မလိုသေးဘူး။ ဒီပြိုင်ကွင်းက ကျဉ်းလွန်းတယ်။ ခင်ဗျားနဲ့ ကျုပ် လွတ်လွတ်လပ်လပ် တိုက်ခိုက်လို့မရဘူး။ ကောင်းကင်ပေါ်မှာ တိုက်ရင်ရော ဘယ်လိုလဲ”
သူ့စကားအဆုံး ရင်ပြင်ကြီး တိတ်ဆိတ်သွားတော့၏။