အခန်း (၄၃၃)
Vol. 44 Ch. 433
အခန်း (၄၃၃) ယဲ့ပေ့ရွှမ်၏ အစွမ်း
“အဆင့်ကျော်စိန်ခေါ်ပွဲ နောက်တစ်ခုပဲကွ။ မဟာပဏ္ဍိတမိုးမြေရဲ့ တပည့်တွေအားလုံးက ဒီလောက်အထိ သတ္တိ ရှိကြတာလား”
“ကြည့်ရတာ ယဲ့ပေ့ရွှမ်ကလည်း ဟိုပါရမီရှင်လူထူးဆန်း နှစ်ယောက် လျှောက်ခဲ့တဲ့ လမ်းစဉ်အတိုင်း လျှောက်ဖို့ ရည်ရွယ်ထားပုံပဲ။ သူ တကယ်ပဲ အောင်မြင်နိုင်ပါ့မလား”
“…”
ယဲ့ပေ့ရွှမ်း၏ စကားကို ကြားသောအခါ မြို့စားပိလန် မျက်ဝန်းအစုံတွင် အေးစက်သော အရောင်အဝါတစ်ခု ဖြတ်ပြေးသွားလေ၏။
“မင်းကိုယ်မင်း အတော်လေး ယုံကြည်ချက်ရှိနေတာပဲ။ ဒါဆိုလည်း မင်း ဘယ်လောက်အထိ စွမ်းဆောင်နိုင်လဲဆိုတာ ငါကိုယ်တိုင် ကြည့်ရသေးတာပေါ့”
အသံ ဆုံးသည်နှင့်တစ်ပြိုင်နက် သူ ခြေတစ်လှမ်းလှမ်း၍ ဝေဟင်သို့ တက်လှမ်းလိုက်ရာ သူ၏ ပုံသဏ္ဌာန်သည် မီးဖီးနစ်တောင်ကြား အထက်သို့ ချက်ချင်းဆိုသလို ရောက်သွားတော့လေ၏။
ယဲ့ပေ့ရွှမ်းသည်လည်း ထိုနည်းတူပင် ကောင်းကင်ယံသို့ ပျံတက်သွားသည်။
ထိုသူနှစ်ဦးသည် အကွာအဝေးတစ်ခုမှနေ၍ အပြန်အလှန် မျက်နှာချင်းဆိုင်ကာ ရပ်တန့်လိုက်ကြသည်။ ယဲ့ပေ့ရွှမ်က သူ့ကျင့်ကြံခြင်းအရှိန်အဝါကို ပထမဆုံး ထုတ်ဖော်လိုက်၏။
စွမ်းအင်များ ဆက်တိုက်ဆိုသလို အရှိန်အဟုန်ပြင်းစွာ လှိုင်းထလာသည်နှင့် ခရမ်းရောင်နတ်ဘုရားအလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံသွားတော့သည်။
ဤတိုက်ပွဲ၏ ရည်ရွယ်ချက်မှာ တစ်ကမ္ဘာလုံးတွင် သူ၏ နာမည်ကျော်ကြားစေရန် သက်သက်မျှမဟုတ်ဘဲ ဖုန်းမိသားစု၏ ရှေ့မှောက်တွင် သူ့အစွမ်းကို သက်သေပြရန်အတွက်လည်း ဖြစ်နေ၏။
သူ စတင်လှုပ်ရှားရန် ရွေးချယ်ခဲ့ပြီးဖြစ်သဖြင့် သူ၏ စွမ်းအားအပြည့်အဝကို ထုတ်ဖော်ပြသမည်သာ။
“နတ်ဘုရားခန္ဓာ”
“ယဲ့ပေ့ရွှမ် မဟာပဏ္ဍိတမိုးမြေရဲ့ တိုက်ရိုက်တပည့် ဖြစ်ရုံတင်မကဘူး နတ်ဘုရားခန္ဓာကိုပါ နိုးထထားတာပဲ”
“…”
ဤမြင်ကွင်းကို မြင်သောအခါ မြို့စားပိလန် မပေါ့ဆရဲတော့ပေ။ သူ့ပြိုင်ဘက်က နတ်ဘုရားခန္ဓာကို နိုးထထားနိုင်ပြီး ယခုအခြေအနေ၌ပင် သူ့ကို စိန်ခေါ်ရဲသည်ဆိုပါက ထိုသူ၏ အစွမ်းက သာမန်ထက် များစွာ သာလွန်နေသည်ဟု အဓိပ္ပာယ်ရလေ၏။
သူသည် ကိုယ်ကို လှည့်လိုက်ပြီး သူ့ဖြစ်တည်မှု အစစ်အမှန်ဖြစ်သော ရေနဂါး အသွင်သို့ ပြောင်းလဲလိုက်သည်။
ထိုရေနဂါး ပေါ်လာသည့် အခိုက်အတန့်တွင် အလွန်တရာ ပြင်းထန်လှသော နဂါးအရှိန်အဝါမှာ မီးဖီးနစ်တောင်ကြားတစ်ခုလုံးသို့ ပျံ့နှံ့သွားလေတော့၏။
ထိုနေရာရှိ ကျင့်ကြံသူများသည်လည်း ဤကြီးမားလှသော ဖိအားအောက်တွင် အလိုအလျောက်ပင် တုန်ရင်သွားကြလေ၏။
“ရှောင်ယွီ ပေ့ရွှမ် အန္တရာယ်ရှိနိုင်မလား”
နဂါးအရှိန်အဝါကို ခံစားမိပြီးနောက် ဖုန်းအမေ၏ မျက်နှာအမူအရာ ပြောင်းလဲသွားကာ သူမ အနာဂတ် သမက်လောင်းအတွက် စိုးရိမ်ပူပန်မှုများ မြင့်တက်လာသည်။
ဖုန်းချုံးယွီ ပြုံးကာ ဆိုလိုက်သည်။
“အမေ... စိတ်အေးအေးထားပါ။ မဟာပဏ္ဍိတတစ်ယောက် ဝင်မစွက်ဖက်သရွေ့ ဘယ်သူမှ စီနီယာအစ်ကိုယဲ့ကို မနှိမ်နင်းနိုင်ပါဘူး။ တကယ်လို့ မဟာပဏ္ဍိတတစ်ယောက် တိုက်ခိုက်လာရင်တောင် စီနီယာအစ်ကိုယဲ့က သူတို့ကို အနိုင်ယူနိုင်ပါသေးတယ်”
ဤစကားကို ကြားသောအခါ ဖုန်းအဖေသည် အံ့ဩတုန်လှုပ်သွားသော မျက်နှာအမူအရာဖြင့် မေးလိုက်တော့သည်။
“ရှောင်ယွီ မင်း အဖေကို နောက်ပြောင်နေတာလား”
ဖုန်းချုံးယွီ ပြန်ဖြေလိုက်သည်။
“အဖေ ကိုယ်တိုင် မြင်ရမှာပါ”
သူတို့ စကားပြောနေကြစဉ် ကောင်းကင်ယံရှိ တိုက်ခိုက်သူနှစ်ဦးအရှိန်အဝါများမှာ အထွတ်အထိပ်သို့ ရောက်ရှိသွား၏။
“လှိမ့်ဝင်စေ ပြာလဲ့လှိုင်းတံပိုးများ”
မြို့စားပိလန်သည် ဟိန်းဟောက်သံနှင့်အတူ ယဲ့ပေ့ရွှမ်ထံသို့ ဦးတည်ကာ ကြီးမားလှသော ရေလှိုင်းကြီးတစ်ခုကို မှုတ်ထုတ်လိုက်သည်။
ယဲ့ပေ့ရွှမ်းကလည်း ထိန်းထားခြင်း မရှိတော့ပေ။ ဟုန်မန်ကြေးမှုံမှာ သူ့လက်ထဲတွင် ပေါ်လာသည်။
စူးရှတောက်ပသော အလင်းတန်းတစ်ခုသည် ဟုန်မန်ကြေးမှုံအတွင်းမှ ထွက်ပေါ်လာပြီး ကောင်းကင်ယံသို့ တည့်တည့်မတ်မတ် ထိုးဖောက်ဝင်ရောက်သွားသည်။
ကြီးမားလှသော တွင်းနက်ကြီးတစ်ခု ကောင်းကင်တွင် ပေါ်ထွက်လာပြီး လှိုင်းလုံးကြီးများကို လုံးဝ ဝါးမြိုပစ်လိုက်လေတော့၏။
ဟုန်မန်ကြေးမှုံမှ ထွက်ပေါ်လာသော အလင်းရောင်မှာ အပြင်ဘက်သို့ ဆက်လက်၍ ပျံ့နှံ့သွားပြီး ထိုအလင်းရောက်ရှိရာ နေရာတိုင်းတွင် မိုးမြေပင် ပြောင်းလဲသွားရ၏။
မြို့စားပိလန် မသိလိုက်မသိဘာသာဖြင့် ထိုအလင်းတန်း၏ အတွင်းသို့ ရောက်သွားသည်။
ထူးခြားသော အန္တရာယ်ရှိသည့် ခံစားချက်တစ်ခု သူ့နှလုံးသားကို ရိုက်ခတ်သွားသည်။
သူက လှုပ်ရှားရန် ကြိုးစားလိုက်သော်လည်း ခန္ဓာကိုယ်မှာ လုံးဝ တောင့်တင်းနေပြီး အနည်းငယ်မျှပင် မလှုပ်ရှားနိုင်တော့ကြောင်း ထိတ်လန့်ဖွယ်ရာ သိရှိလိုက်ရသည်။
“ဝေါင်း”
မြို့စားပိလန် မိုးခြိမ်းသံကဲ့သို့ ဟိန်းဟောက်လိုက်ပြီး သူ့တစ်ကိုယ်လုံးကို စိမ်းပြာရောင်အလင်းတန်းတစ်ခုဖြင့် လွှမ်းခြုံလိုက်သည်။
သို့သော်လည်း ထိုသို့လုပ်လိုက်သော်လည်း မလှုပ်ရှားနိုင်သေးပေ။
ထိုအခိုက်တွင် သူသည် စင်းတီတုံးပေါ်ရှိ အသားတုံးတစ်ခုကဲ့သို့ ဖြစ်နေပြီး ပြိုင်ဘက်၏ စိတ်ကြိုက် စီရင်ခြင်းကို လုံးဝ ခံရတော့မည့်အတိုင်းပင်။
“မင်း ငါ့ကို ဘာလုပ်လိုက်တာလဲ”
ယဲ့ပေ့ရွှမ် တည်ငြိမ်စွာ ပြောလိုက်သည်။
“ကျွန်တော် ခင်ဗျားကို ဘာမှမလုပ်ဘူး။ ဟုန်မန်ကြေးမှုံရဲ့ အလင်းကျရောက်တဲ့နေရာတိုင်းမှာ သူ့ပိုင်နက်ကမ္ဘာတစ်ခုကို ဖန်တီးပေးတယ်လေ။ ဒီကမ္ဘာထဲမှာတော့ ကျွန်တော်က အရှင်သခင်ပဲ။ ခင်ဗျား ဒီထဲကနေ ရုန်းမထွက်နိုင်သရွေ့တော့ ခင်ဗျားရဲ့ ကံကြမ္မာက သတ်မှတ်ပြီးသား ဖြစ်သွားပြီ”
သူ့အသံ ဆုံးသွားသည်နှင့် တစ်နေရာလုံးမှာ တိတ်ဆိတ်ငြိမ်သက်သွားသည်။
လူတိုင်း၏ ယဲ့ပေ့ရွှမ်အပေါ် ကြည့်သည့် အကြည့်များမှာ ချက်ချင်း ပြောင်းလဲသွားပြီး ရိုသေလေးစားမှုများနှင့် ကြောက်ရွံ့တုန်လှုပ်မှုများ ဒွန်တွဲနေတော့၏။
ဝါရင့်ကျင့်ကြံသူကြီးများပင် ချီးကျူးကာ သက်ပြင်းချလိုက်ကြသည်။
“ငယ်ရွယ်ပေမယ့် တကယ်ကို အားကိုးထိုက်တယ်။ တကယ်ကို ကြောက်စရာကောင်းလောက်အောင် တော်တာပဲ”
အချို့သော ကျင့်ကြံသူလူငယ်များက စူးစမ်းလိုစိတ်ဖြင့် မေးမြန်းကြ၏။
“စီနီယာ ဒါဆို ယဲ့ပေ့ရွှမ်က ပြိုင်ဘက်ကင်းအဆင့်ကို ရောက်သွားပြီပေါ့။ ဟုန်မန်အလင်းတန်းထဲမှာ သူ့ကို အနိုင်ယူဖို့ နည်းလမ်း လုံးဝမရှိတော့ဘူးလား”
ဝါရင့်ကျင့်ကြံသူတစ်ဦး လေးနက်စွာ ပြန်ဖြေလိုက်သည်။
“မဖြစ်နိုင်တာတော့ မဟုတ်ဘူး။ ဒါပေမဲ့ ဆန္ဒကို နားလည်သဘောပေါက်ရာမှာ သူ့ထက် သာလွန်ဖို့ လိုအပ်တယ်။ ဒါပေမဲ့ မြို့စားပိလန် နားလည်သဘောပေါက်ထားတဲ့ ဆန္ဒက ယဲ့ပေ့ရွှမ်ထက် နိမ့်ကျနေတော့ သူ ရိုက်သမျှခံရမဲ့ အခြေအနေပဲ ရှိတယ်”
“မြို့စားတစ်ယောက်ရဲ့ ဆန္ဒကတောင် ယဲ့ပေ့ရွှမ်ကို မကျော်လွန်နိုင်ဘူးဆိုတော့ သူ့ရဲ့ ကိုယ်ပိုင်ဆန္ဒက ပြီးပြည့်စုံတဲ့အဆင့်ကို ရောက်နေပြီလို့ ဆိုလိုတာလား”
လူငယ်တစ်ယောက် တိုးတိုးလေး ရေရွတ်လိုက်ပြီး ၎င်းကို ကြားလိုက်ရသော အနီးနားရှိ လူများသည် တုန်လှုပ်ချောက်ချားသွားကာ သူတို့ နှလုံးသားများ တုန်ရင်သွားကြသည်။ ယဲ့ပေ့ရွှမ်သည် အလွန်အမင်း အစွမ်းထက်လွန်းလှပေ၏။
ဟုန်မန်အလင်းတန်းအတွင်းတွင် မြို့စားပိလန်မှာ ဆက်လက်ရုန်းကန်နေဆဲပင်။
ခဏမျှ ကြာပြီးနောက် သူက လက်မြှောက်လိုက်တော့လေ၏။
“ငါ ရှုံးပါပြီ”
သူ့ထက် ငယ်ရွယ်သော မျိုးဆက်သစ်လူငယ်တစ်ဦးကို အရှုံးပေးရန် အလွန်တရာ ဝန်လေးနေသော်လည်း အရှုံးကို ဝန်ခံခြင်းက ရှက်စရာမဟုတ်ကြောင်း သူ နားလည်ထားသည်။ ဤနေရာတွင် အသက်ဆုံးရှုံးရသည်ထက်စာလျှင် အရှုံးပေးလ်ုက်သည်က ပို၍ ကောင်းလေ၏။
“ခွင့်လွှတ်ပါ စီနီယာ”
ယဲ့ပေ့ရွှမ် ပြောပြောဆိုဆိုနှင့် ဟုန်မန်ကြေးမှုံကို ဖြည်းညှင်းစွာ သိမ်းဆည်းလိုက်ပြီးနောက် စင်မြင့်ထက်သို့ ပြန်လည်ဆင်းသက်လိုက်သည်။
ဤတစ်ကြိမ်တွင်မူ သူက ဘာမှ ထပ်မပြောတော့ဘဲ မျက်လုံးကို မှိတ်ထားလိုက်ကာ နောက်ထပ် စိန်ခေါ်မည့်သူကို ငြိမ်သက်စွာ စောင့်ဆိုင်းနေတော့သည်။
ချောင်ရို့ချန်သည် ယခုလေးတင် ဖြစ်ခဲ့သော တိုက်ပွဲကို ကြည့်ရင်း သူ့မျက်နှာတွင် နှမြောတသဖြစ်ရသည့် အမူအရာတစ်ခု ဖြတ်ပြေးသွားလေ၏။
“နှမြောစရာပဲ။ ဂျူနီယာညီလေးယဲ့က အခု အရေးကြီးတဲ့ ကိစ္စတွေနဲ့ အလုပ်ရှုပ်နေတာ။ မဟုတ်ရင်တော့ ငါ့ရဲ့ လက်သီးတစ်ချက်က သူ့ဟုန်မန်ကမ္ဘာကို ရိုက်ခွဲနိုင်မလားဆိုတာ တကယ် သိချင်မိတယ်”
ချူဖုန်း ဘာမှမပြောပေ။ သူ ဤကောင်လေးမှာ တွေ့သမျှ သန်မာသော ပြိုင်ဘက်တိုင်းနှင့် လက်ရည်စမ်းချင်နေသည့် တိုက်ပွဲရူးတစ်ယောက် ဖြစ်ကြောင်း သိထားသည်။
သူတို့အနီးတွင် ရှိနေသော ရှောင်ချန်း ပြောလိုက်သည်။
“ဂျူနီယာညီလေး အချိန်ရရင် ငါတို့ နောက်တစ်ခေါက် ထပ်ပြီး လက်ရည်စမ်းကြတာပေါ့”
“မလုပ်ပါရစေနဲ့။ ဒီနှစ်တွေတစ်လျှောက်လုံး စီနီယာအစ်ကို့ကို ကျွန်တော် တစ်ခါမှ မနိုင်ခဲ့ဘူး”
ချောင်ရို့ချန် သက်ပြင်းချရင်း တိုးတိုးလေး ညည်းတွားလိုက်မိလေ၏။
“ချန်း ရှိနေမှတော့ ရို့ချန်က ဘာလို့ ရှိနေဖို့ လိုဦးမှာလဲ”
[မူရင်းတရုတ်စကားပုံ ကျိုးယွီရှိနေမှတော့ ကျူးကော့လျန် ဘာလို့ ရှိနေဖို့ လိုဦးမှာလဲ]
“ဟားဟားဟား”
ချူဖုန်းမှာ မရယ်ဘဲ မနေနိုင်တော့။ သူ လက်ဖက်ရည်ခွက်ကို ချရင်း ပြုံးလျက် ဆိုသည်။
“တာ့ချန်း မင်း တစ်ခေါက်လောက်ပဲဖြစ်ဖြစ် စာအုပ်တစ်အုပ်ကို သေချာလေး မဖတ်နိုင်ဘူးလား”
ချောင်ရို့ချန် ပြန်ပြောသည်။
“ဒါပေမဲ့ ဆရာ ဒါ ဆရာ ကိုယ်တိုင် အမြဲတမ်း ပြောလေ့ရှိတဲ့ စကား မဟုတ်ဘူးလား”
“ဟုတ်တယ် ငါ ပြောတာမှန်တယ်။ ဒါပေမဲ့ အဲဒီစကားလုံးက ဒီလိုနေရာမျိုးမှာ သုံးရတာ မဟုတ်ဘူး”
သူတို့ သုံးယောက် အေးအေးလူလူ စကားပြောနေကြစဉ် မြို့စားပိလန်မှာ ရှက်ရွံ့နေသော မျက်နှာထားဖြင့် တောင်ပင်လယ် နဂါးနန်းတော် သို့ ပြန်ရောက်လာလေ၏။
“နဝမဧကရာဇ်မြေးတော် ကျွန်တော်မျိုး သခင့်ကို မျက်နှာပျက်စေခဲ့ပါပြီ”
ဧကရာဇ်မြေးတော်က ပြုံးကာဆိုလိုက်၏။
“မဟာပဏ္ဍိတမိုးမြေတပည့်တွေက သာမန် ပါရမီရှင်တွေနဲ့ နှိုင်းယှဉ်လို့ရတဲ့သူတွေ မဟုတ်ဘူး။ ကြည့်ရတာ ဖုန်းမိသားစုက သူတို့ အနာဂတ်သမက်လောင်းအတွက် ငါတို့ကို ခြေနင်းတုံးအဖြစ် သုံးဖို့ ကြံစည်ထားပုံပဲ”
ဖုန်းမိသားစုဝင်များ နားမထိုင်းကြသဖြင့် ထိုစကားများကို သဘာဝကျကျပင် ကြားလိုက်ရ၏။ သူတို့မျက်နှာအမူအရာများ ညှိုးမှိန်သွားကြသည်။ အကယ်၍ ယဲ့ပေ့ရွှမ်မှာ ဤမျှအထိ ငယ်ရွယ်ပြီး သန်မာသည်ကို ကြိုတင်သိရှိခဲ့ပါက သူတို့ ဤကဲ့သို့ အဓိပ္ပာယ်မရှိသော အစီအစဉ်များကို ပြုလုပ်ခဲ့မည် မဟုတ်ပေ။
ယခုမူ သူတို့သည် ကျောက်တုံးကို မြှောက်ပြီး မိမိခြေထောက်ကို မိမိ ပြန်ထုမိသကဲ့သို့ ခံစားနေရလေ၏။
“ဒါပေမဲ့လည်း...”
နဝမဧကရာဇ်မြေးတော်က တမင်တကာ စကားကို ဖြတ်လိုက်သည်။
“ငါက ဖုန်းမိသားစုကို သူတို့အလိုအတိုင်း အလွယ်တကူ ဖြစ်ခွင့်ပေးမှာ မဟုတ်ဘူး။ ဦးလေးနှစ်ယောက်ကို ဒုက္ခပေးရတော့မယ်။ လှုပ်ရှားပေးဖို့ တောင်းဆိုပါတယ်”
“ကောင်းပါပြီ….ကောင်းပါပြီ”
ကွဲပြားခြားနားသော အသံနှစ်သံသည် တစ်ပြိုင်နက်တည်း ထွက်ပေါ်လာပြီးနောက် အဖြူနှင့် အမည်းပုံရိပ်နှစ်ခုမှာ နဝမ ဧကရာဇ်မြေးတော်၏ နောက်ကွယ်တွင် ပေါ်လာ၏။
ဤနေရာသို့ မလာရောက်မီကပင် သူ့မျိုးနွယ်စုသည် ဖုန်းမိသားစု၏ သမီးပျိုနှင့် လက်ထပ်နိုင်ရန်အတွက် မည်သည့်တန်ဖိုးကိုမဆို ပေးဆပ်ပါဟု သူ့ကို အမိန့်ပေးထားသည်။
အကယ်၍ အောင်မြင်ခဲ့မည်ဆိုပါက သူတို့ကလေးမှာ မွေးရာပါ နတ်ဘုရားခန္ဓာနှင့် မွေးဖွားလာမည် ဖြစ်သဖြင့် သူ့အဆင့်အတန်းသည်လည်း များစွာ မြင့်မားလာမည် ဖြစ်သည်။
ထိုပုံရိပ်နှစ်ခုမှာ သိုင်းစင်မြင့်ထက်တွင် တိတ်တဆိတ် ပေါ်လာခဲ့၏။ သူတို့ တညီတညွတ်တည်း ပြောလိုက်ကြသည်။
“လူငယ်လေး... မင်း နောက်ကွယ်က အစောင့်အရှောက်ကို ထွက်လာခိုင်းလိုက်ပါ။ မဟုတ်ရင်တော့ မင်းလို တာအိုပေါင်းစည်းခြင်းနယ်ပယ် ကျင့်ကြံသူလေးက ငါတို့ရဲ့ ပြိုင်ဘက် လုံးဝ ဖြစ်လာမှာ မဟုတ်ဘူး”
ထိုစကားများကြောင့် လူတိုင်း၏ အာရုံစိုက်မှုသည် တိုက်ပွဲစင်မြင့်ထက်သို့ နောက်တစ်ကြိမ် ပြန်လည်ရောက်ရှိသွားပြီး ယဲ့ပေ့ရွှမ်သည်လည်း သူ့မျက်လုံးများကို ပြန်လည်၍ ဖြည်းညှင်းစွာ လိုက်တော့သည်။