← Chapters

အခန်း (၄၃၄)

Vol. 44 Ch. 434

အခန်း (၄၃၄)

Vol. 44 Ch. 434

အခန်း (၄၃၄)

“မဟာပဏ္ဍိတနှစ်ယောက်ပဲ”

ယဲ့ပေ့ရွှမ်သည် သူ့ရှေ့မှောက်တွင် ရှိနေသော တစ်ဦးနှင့်တစ်ဦး ထပ်တူကျလုနီးပါး တူညီနေသော အဖြူရောင်နှင့် အနက်ရောင်ဝတ်ဆင်ထားသည့် အဘိုးအိုနှစ်ဦး ကြည့်ရင်း ဖြည်းညှင်းစွာ ပြောလိုက်သည်။

“မှန်တယ်”

အနက်ရောင်ဝတ်ရုံဝတ် အဘိုးအို ပထမဆုံး တုံ့ပြန်လိုက်သည်။

“လူငယ်လေး မင်းက သန်မာပါတယ်၊၊ ဒါပေမဲ့ ငါတို့နှစ်ယောက်ရဲ့ ရှေ့မှာတော့ မင်း အစွမ်းက မလုံလောက်သေးဘူး။ မင်းရဲ့ နောက်က အင်အားစုကို ထွက်လာခိုင်းလိုက်ပါ”

ယဲ့ပေ့ရွှမ် ရိုသေလေးစားစွာ လက်သီးဆုပ်ပြီး ဂါရဝပြုလိုက်သည်။

“စီနီယာနှစ်ယောက်ရဲ့ အမည်ကို သိပါရစေ”

အနက်ရောင်ဝတ်ရုံဝတ် အဘိုးအို တည်ငြိမ်စွာ ပြောလိုက်သည်။

“ငါတို့က အမြွှာညီအစ်ကိုတွေပဲ၊၊ မဟာပဏ္ဍိတအဆင့်ကို အတူတူ တက်လှမ်းခဲ့ကြတာ။ လူတွေက ငါတို့ကို မဟာပဏ္ဍိတအမြွှာလို့ ခေါ်ကြတယ်”

သူ့စကား ဆုံးသည်နှင့် ရင်ပြင်တစ်ခုလုံးတွင် အံ့ဩတုန်လှုပ်သံများ ဆူညံသွားသည်။

“ဒီနေ့ ဒီနေရာမှာ တောင်ပင်လယ်ရဲ့ ဟေးရွှေနဲ့ ပိုင်ယန်ဆိုတဲ့ မဟာပဏ္ဍိတနှစ်ဦးကို တွေ့ရလိမ့်မယ်လို့ ထင်မထားခဲ့ဘူး”

“လွန်ခဲ့တဲ့ နှစ်တစ်ရာလောက်က သူတို့နှစ်ယောက် ပူးပေါင်းပြီး ပင်လယ်နတ်ဆိုးတစ်ကောင်ကို နှိမ်နင်းခဲ့ပြီးကတည်းက လူရှေ့ကို တစ်ခါမှ ထွက်မလာကြတော့ဘူး။ တောင်ပင်လယ် နဂါးနန်းတော်က နဝမဧကရာဇ်မြေးတော်ကို ကာကွယ်ဖို့အတွက် အဲ့နှစ်ယောက်လုံးကို တကယ် လွှတ်လိုက်လိမ့်မယ်လို့ မယုံနိုင်စရာပဲဟေ့”

“ကောလာဟလတွေက အမှန်ပဲ ထင်တယ်။ သူက တကယ်ကို အနာဂတ် သူတော်စင်တစ်ပါးရဲ့ အရည်အချင်းမျိုး ရှိတာပဲ”

“…”

ဖုန်းမိသားစုဝင်များသည် တောင်ပင်လယ် နဂါးနန်းတော်မှ မဟာပဏ္ဍိတနှစ်ဦးအထိ စေလွှတ်လိမ့်မည်ဟု မျှော်လင့်မထားခဲ့ကြပေ။

အကယ်၍ ယဲ့ပေ့ရွှမ်တွင် အစွမ်းထက်သော မဟာမိတ်များ မရှိပါက အခြေအနေမှာ တကယ်ကို စိုးရိမ်စရာ ဖြစ်လာပေလိမ့်မည်။

နဝမဧကရာဇ်မြေးတော်နှင့် ယဲ့ပေ့ရွှမ်၊ နှစ်ဦးအနက် မည်သူမဆို ယဲ့ပေ့ရွှမ်ကိုသာ ရွေးချယ်ကြမည် ဖြစ်သည်။ အမှန်စင်စစ် သူသည် ယခုခေတ်ကာလ၏ အကြီးမြတ်ဆုံးသော မဟာပဏ္ဍိတ၏ တိုက်ရိုက်တပည့် ဖြစ်နေသောကြောင့်ပင်။

နဝမဧကရာဇ်မြေးတော်တွင် သူတော်စင်ဖြစ်လာမည့် အလားအလာ ရှိနိုင်သော်လည်း သူတော်စင်လမ်းစဉ်မှာ ရှည်လျားပြီး မရေရာလှပေ။

ဖုန်းအဖေက သူ့သမီးဘက်သို့ လှည့်ကာ အသံတိုးတိုးဖြင့် မေးလိုက်သည်။

“ရှောင်ယွီ တူလေးပေ့ရွှမ်က ဒီတစ်ခေါက် ဝမ်တောက်ကျောင်းတော်ကနေ ဘယ်လို ကျွမ်းကျင်သူမျိုးကို ဖိတ်ခေါ်ထားတာလဲ”

ဖုန်းချုံးယွီ ခပ်ဖွဖွ ပြုံးလိုက်သည်။

“အဖေ စိတ်မပူပါနဲ့။ စီနီယာအစ်ကိုယဲ့ ဖိတ်ခေါ်ထားတဲ့ သူတွေက ပြိုင်ဘက်ကင်းတွေပါ”

ဖုန်းအဖေ ဆက်လက် မမေးမြန်းနိုင်မီ စင်မြင့်ထက်မှ ယဲ့ပေ့ရွှမ် စကားဆိုလိုက်သည်။

“စီနီယာတို့က ဝမ်တောက်ကျောင်းတော်ရဲ့ အစွမ်းကို မြင်တွေ့ချင်တယ်ဆိုမှတော့ ဒီဂျူနီယာက လိုက်လျောရမှာပေါ့”

စကား ဆုံးသည်နှင့် သူ စင်မြင့်ဆီသို့ ပျံတက်သွားလိုက်သည်။ သူ စကားပင် မပြောရသေးမီမှာပင် မဟာပဏ္ဍိတရီရှန်းနှင့် မဟာပဏ္ဍိတ‌ကျန်းယန်တို့ ချူဖုန်း၏ နောက်ကွယ်တွင် ပေါ်လာကြသည်။

ချူဖုန်း ပြောလိုက်သည်။

“ရှောင်ချန်း၊ တာ့ချန်း မင်းတို့နှစ်ယောက်စလုံး ကိုယ် ဘယ်လောက်အထိ သန်မာလာလဲဆိုတာ သိချင်နေတာ ကြာပြီ မဟုတ်လား။ တိုက်တိုက်ဆိုင်ဆိုင်ပဲ... လွန်ခဲ့တဲ့ နှစ်တစ်ရာတည်းက မဟာပဏ္ဍိတ ဖြစ်ခဲ့တဲ့ အဘိုးကြီးနှစ်ယောက် ဒီမှာ ရှိနေတာပဲ။ သွားပြီး ခြေလက်နည်းနည်း လှုပ်ရှားလိုက်ကြဦး”

“ဟုတ်ကဲ့”

ရှောင်ချန်းနှင့် ချောင်ရို့ချန်တို့ တစ်ပြိုင်နက်တည်း ပြန်လည်ဖြေကြားလိုက်ကြပြီး သူတို့မျက်နှာများတွင် စိတ်လှုပ်ရှားမှုများ အထင်းသား ပေါ်လွင်နေ၏။

ယဲ့ပေ့ရွှမ် တိုက်ခိုက်နေသည်ကို အတော်ကြာအောင် စောင့်ကြည့်နေခဲ့ရသဖြင့် သူတို့လက်များမှာ တိုက်ခိုက်ချင်စိတ်ကြောင့် ယားယံနေကြသည်။

သူတို့ အချင်းချင်း ကြည့်လိုက်ကြပြီး စင်မြင့်ထက်သို့ တစ်ပြိုင်နက်တည်း သက်ဆင်းလိုက်ကြ၏။

ထိုသူနှစ်ဦး ဆင်းသက်လာသည်ကို မြင်သောအခါ မဟာပဏ္ဍိတအမြွှာနှစ်ဦး မျက်မှောင်အနည်းငယ် ကြုတ်သွားသည်။

မဟာပဏ္ဍိတဟေးရွှေ အေးစက်စွာ ပြောလိုက်သည်။

“ဝမ်တောက်ကျောင်းတော်မှာ လူကုန်သွားလို့ နီဗားနားရှင်သန်ခြင်းအဆင့်က ဂျူနီယာနှစ်ယောက်ကို လွှတ်လိုက်တာလား”

ချောင်ရို့ချန် ဒေါသ မထွက်ပေ။ ထိုအစား သူက တည်ငြိမ်စွာ ပြုံးလိုက်သည်။

“ကျွန်တော့်ရဲ့ ဆရာက ခင်ဗျားတို့နှစ်ယောက်ကို ကိုယ်တိုင်လှုပ်ရှားပြီး တိုက်ခိုက်မယ်ဆိုရင် အားနည်းသူကို နှိပ်စက်တာ ဖြစ်သွားလိမ့်မယ်။ ကျွန်တော်နဲ့ စီနီယာအစ်ကို နှစ်ယောက်တည်းတင် လုံလောက်တာထက်တောင် ပိုပါသေးတယ်”

သူ့အသံမှာ တည်ငြိမ်အေးဆေးနေပြီး ရိုးရှင်းသောအမှန်တရားတစ်ခုကို ပြောဆိုနေသကဲ့သို့ပင်။

သို့သော်လည်း နားထောင်နေကြသူများအတွက် ထိုစကားမှာ မခံမရပ်နိုင်လောက်အောင် မောက်မာလွန်းပြီး စော်ကားရာ ရောက်နေတော့၏။

မဟာပဏ္ဍိတ ဟေးရွှေနှင့် ပိုင်ယန်တို့နှစ်ဦး ပြန်လည် မတုံ့ပြန်နိုင်မီမှာပင် ဘေးမှ စောင့်ကြည့်နေသူများသည် ထိုစကားသံ၏ပိုင်ရှင်ကို မှတ်မိသွားကြပြီး အံ့ဩတုန်လှုပ်ကာ အသက်ရှူမှားသွားကြသည်။

“ချောင်ရို့ချန် သူက ဝမ်တောက်ရဲ့ မြင့်မြတ်သားတော်၊ ပြိုင်ဘက်ကင်းလက်သီးအရှင်ချောင်ရို့ချန်ပဲ”

“သူတင်မကဘူး။ ပြိုင်ဘက်ကင်းဓားသမား ရှောင်ချန်းလည်း ဒီရောက်နေတာပဲ”

“မဟာပဏ္ဍိတမိုးမြေရဲ့ တပည့်တွေက မိသားစုတစ်ခုလို စည်းလုံးကြတယ်လို့ ပြောကြတယ်။ ဒီနေ့ ကြည့်ရတာ ကောလာဟလတွေက အမှန်ပဲဟ”

“မင်းတို့အားလုံး အရေးကြီးတဲ့အချက်တစ်ခု လွတ်နေတယ်။ တကယ်လို့ ချောင်ရို့ချန်ကော ရှောင်ချန်းပါ ဒီမှာ ရှိနေတယ်ဆိုရင် မဟာပဏ္ဍိတမိုးမြေ ကိုယ်တိုင်လည်း ဒီနေရာမှာ ရှိနေတယ်လို့ ဆိုလိုတာပဲ”

ထိုစကားအဆုံး၌ ဆူညံပွက်လောရိုက်နေသော ရင်ပြင်ကြီး ချက်ချင်း ငြိမ်သက်သွားခဲ့သည်။

စင်မြင့်ထက်ရှိ မဟာပဏ္ဍိတ ဟေးရွှေနှင့် ပိုင်ယန်နှစ်ဦးပင် မှင်တက်သွားရလေ၏။

စင်မြင့်ထက်ရှိ လူရိပ်လေးခုမှလွဲ၍ ကျန်ရှိနေသော လူများသည် ဝမ်တောက်ကျောင်းတော်မှ အဖွဲ့ဝင်များ ထိုင်နေကြသော ပွဲကြည့်စင်ဘက်သို့ ကြည့်လာကြ၏။

သေမျိုးလောကသို့ သက်ဆင်းလာသော နတ်ဘုရားတစ်ပါးပမာ ကျော့ရှင်းတင့်တယ်လှသော အမျိုးသားတစ်ဦး နောက်ကွယ်တွင် ယဲ့ပေ့ရွှမ် ရိုသေလေးစားစွာ မတ်တပ်ရပ်နေသည်ကို မြင်လိုက်ရသောအခါ လူတိုင်း၏ စိတ်ထဲတွင် အတွေးတစ်ခုတည်း ပေါ်လာသည်။ ဤသူကား တစ်ချိန်က သူတော်စင်နှစ်ပါးကိုပင် နှိမ်နင်းခဲ့ဖူးသည့် မဟာပဏ္ဍိတမိုးမြေပေ။

ဖုန်းမိသားစုဝင်များသည်လည်း မဟာပဏ္ဍိတမိုးကြိုး ဝမ်တောက်ကျောင်းတော်မှ ထိုလူငယ်ထံသို့ အဘယ့်ကြောင့် သွားရောက် ဂါရဝပြုခဲ့ကြောင်းကို သဘောပေါက်သွားကြတော့၏။

ဆိုရလျှင် သူက ယခုခေတ်ကာလ၏ အထူးချွန်ဆုံးနှင့် အသန်မာဆုံးသော မဟာပဏ္ဍိတ ဖြစ်သောကြောင့်ပင်။

ဖုန်းမိသားစုတွင် သူတော်စင်အဆင့်သို့ တက်လှမ်းနိုင်စွမ်းရှိသော မဟာပဏ္ဍိတတစ်ဦး ရှိနေလင့်ကစား သူတို့နှင့် ရှေ့မှောက်ရှိ အမျိုးသားအကြား ကွာဟချက်မှာ ကြီးမားလွန်းလှပြီး တိုင်းတာ၍ပင် မရနိုင်ပေ။

လူအုပ်ထဲမှ တစ်စုံတစ်ယောက် ရုတ်တရက် အော်ဟစ်လိုက်သည်။

“ကျွန်တော်တို့ မဟာပဏ္ဍိတမိုးမြေကို ဂါရဝပြုပါတယ်”

ချက်ချင်းဆိုသလိုပင် ပတ်ဝန်းကျင်ရှိ လူများသည်လည်း ထိုနည်းတူ လိုက်လံလုပ်ဆောင်ကြရင်း ချူဖုန်းရှိရာဘက်သို့ ဦးညွှတ် ဂါရဝပြုကြတော့သည်။

“ကျွန်တော်တို့ မဟာပဏ္ဍိတမိုးမြေကို ဂါရဝပြုပါတယ်”

“အားလုံးပဲ ယဥ်‌ကျေးလွန်း‌နေပါပြီ”

ချူဖုန်း တည်ငြိမ်စွာ ပြောလိုက်သည်။

“ကျွန်တော်က ဒီအတိုင်းပွဲလာကြည့်တာပါပဲ။ ဆက်လုပ်ကြပါ”

သူ ပေါ့ပေါ့ပါးပါး ပြောဆိုလိုက်သော်လည်း ဖုန်းမိသားစု၏ သမီးပျိုမှာ ယဲ့ပေ့ရွှမ်နှင့် လက်ထပ်ရန် ကံပါလာခဲ့ပြီဖြစ်ကြောင်း လူတိုင်း ကောင်းစွာ သိရှိသွားကြသည်။

စင်မြင့်ထက်ရှိ မဟာပဏ္ဍိတနှစ်ဦးမှာ ယခုအခါ အကျပ်အတည်းတစ်ခုတွင် ပိတ်မိနေတော့သည်။ အကယ်၍ သူတို့သာ ဂျူနီယာနှစ်ဦးကို အနိုင်ရရှိခဲ့မည်ဆိုပါက မဟာပဏ္ဍိတမိုးမြေ ကိုယ်တိုင် ဝင်ရောက်စွက်ဖက်လာနိုင်ပြီး အကယ်၍ သူတို့ အရှုံးပေးလိုက်မည်ဆိုပါကလည်း သူတို့ ဂုဏ်သိက္ခာမှာ လုံးဝ ပျက်စီးသွားပေလိမ့်မည်။

ရှောင်ချန်း သူတို့၏ ဝေခွဲမရဖြစ်နေမှုကို ရိပ်မိပုံရပြီး ပြုံးလျက် ပြောလိုက်သည်။

“စီနီယာတို့ စိတ်ချပါ။ ဆရာက ကျွန်တော်တို့ရဲ့ တိုက်ပွဲထဲကို ဝင်ရောက်စွက်ဖက်မှာ မဟုတ်ပါဘူး”

“တကယ်လား”

မဟာပဏ္ဍိတဟေးရွှေ သတိကြီးစွာ မေးလိုက်သည်။

သူ့စကား မဆုံးမီမှာပင် ချူဖုန်း၏ တည်ငြိမ်သောအသံက ထပ်မံထွက်ပေါ်လာခဲ့သည်။

“အကယ်၍ ခင်ဗျားတို့နှစ်ယောက်က ကျွန်တော့်ရဲ့တပည့်တွေကို အနိုင်ယူနိုင်ရင် ဒီနေ့ကိစ္စမှာ ကျွန်တော် ဝင်မစွက်ဖက်ဘူး”

စောင့်ကြည့်နေသူများသည် မယုံကြည်နိုင်လောက်သော မျက်နှာအမူအရာများဖြင့် အသက်ကို ပြင်းထန်စွာ ရှူသွင်းလိုက်ကြသည်။

ပွဲကြည့်စင်ထက်တွင် စိတ်ခံစားချက်များမှာ ရှုပ်ထွေးနေ၏။

ဖုန်းမိသားစုဝင်များသည် စိုးရိမ်ပူပန်သော မျက်နှာထားများ ဖြစ်နေကြသည်။

ဖုန်းအဖေ အသံကို နှိမ့်ကာဆိုလိုက်သည်။

“ရှောင်ယွီ မဟာပဏ္ဍိတမိုးမြေက ငါတို့ ဖုန်းမိသားစုအပေါ် မကျေမနပ် ဖြစ်နေတာလား”

ဖုန်းချုံးယွီ ခပ်ဖွဖွ ပြုံးလိုက်သည်။

“အဖေ စိတ်မပူပါနဲ့။ စီနီယာအစ်ကိုကြီးနဲ့ ဒုတိယအစ်ကိုတို့က အဲဒီ အဘိုးကြီးနှစ်ယောက်ကို လုံးဝ မရှုံးပါဘူး”

“…”

ဖုန်းအဖေ ဆွံအသွားပြီး ရှောင်ယွီတစ်ယောက် ဝမ်တောက်ကျောင်းတော်သို့ ဝင်ရောက်သွားပြီးနောက်တွင် လုံးဝ ပြောင်းလဲသွားကာ အလွန်အမင်း ယုံကြည်ချက်များ ပြည့်နှက်နေတော့သည်ဟု သူ့စိတ်ထဲတွင် တွေးတောနေမိလေ၏။

တစ်ချိန်တည်းတွင် တောင်ပင်လယ် နဂါးနန်းတော်မှ ကျင့်ကြံသူများမှာ အူမြူးနေကြသည်။

နဝမဧကရာဇ်မြေးတော် စိတ်ထဲတွင် ကျေနပ်စွာ တွေးလိုက်သည်။

‘ဒီနေ့တော့ ဖုန်းချုံးယွီက ငါ့အပိုင် ဖြစ်ရမယ်။ နီဗားနားရှင်သန်ခြင်းအဆင့် ကျင့်ကြံသူနှစ်ယောက်က ဘာ ခြိမ်းခြောက်မှု မရှိပါဘူး’

ကျန်ရှိနေသော ကျင့်ကြံသူများသည်လည်း ဖြစ်ပေါ်လာတော့မည့် ပွဲကောင်းကို စိတ်အားထက်သန်စွာ စောင့်ကြည့်လိုကြသဖြင့် စိတ်ဝင်တစား ရှိနေကြသော မျက်နှာအမူအရာများ ဖြစ်နေကြသည်။

စင်မြင့်ထက်တွင်မူ ဟေးရွှေနှင့် ပိုင်ယန်တို့မှာ မဟာပဏ္ဍိတမိုးမြေက ဤမျှအထိ သတ္တိရှိလိမ့်မည်ဟု မျှော်လင့်မထားခဲ့ကြပေ။

အခြေအနေက ထိုသို့ ဖြစ်လာခဲ့သဖြင့် သူတို့သည်လည်း ငယ်ရွယ်သူများကို နှိပ်စက်သည်ဟု လှောင်ပြောင်ခံရမည့်အရေးကို ကြောက်ရွံ့မနေတော့ပေ။

ပိုင်ယန် ပထမဆုံး စကားဆိုလိုက်သည်။

“ငါနဲ့ ငါ့ညီက ဘယ်တုန်းကမဆို အမြဲတမ်း ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တာ။ ငါတို့ထဲက ဘယ်သူက သူ့ပြိုင်ဘက်ကို အရင်ဆုံး အနိုင်ယူနိုင်မလဲဆိုတာ ကြည့်ကြသေးတာပေါ့”

“သဘောတူတယ်”

ရှောင်ချန်းသည် ရှေ့သို့ တစ်လှမ်းလှမ်းကာ ကောင်းကင်ယံသို့ ပျံတက်သွားပြီး ချောင်ရို့ချန်လည်း သူ့နောက်မှ ကပ်လျက် လိုက်ပါသွားခဲ့သည်။

ဟေးရွှေနှင့် ပိုင်ယန်တို့သည်လည်း အချိန်ဆွဲမနေခဲ့ကြပေ။ မျက်စိတစ်မှိတ်အတွင်းမှာပင် လူရိပ်လေးခု ဝေဟင်ထက်တွင် အပြန်အလှန် မျက်နှာချင်းဆိုင် ရပ်တန့်လိုက်ကြ၏။

ရှောင်ချန်း ချောင်ရို့ချန်ဘက်သို့ ခေါင်းလှည့်လိုက်သည်။

“တာ့ချန်း မင်း ဘယ်သူ့နဲ့ ပြိုင်ချင်လဲ။ မင်းကို အရင်ဆုံး ရွေးချယ်ခွင့် ပေးမယ်”

ချောင်ရို့ချန် အဖြူရောင်ဝတ်ဆင်ထားသော မဟာပဏ္ဍိတပိုင်ယန်ကို လက်ညှိုးထိုးပြလိုက်သည်။

“အဘိုးကြီး ခင်ဗျားရဲ့ ဘွဲ့နာမည်က ပိုင်ယန် (မီးတောက်ဖြူ) ဆိုတော့ ခင်ဗျားက မီးစွမ်းအင်မှာ ကျွမ်းကျင်မှာပဲ။ ကျွန်တော်တို့ အပြန်အလှန် လက်ရည်စမ်းကြည့်ကြရင် ဘယ်လိုလဲ”

ပိုင်ယန် မကျေမနပ် ဖြစ်သွားသော်လည်း ရှေ့သို့ တစ်လှမ်းလှမ်းလိုက်ပြီး တည်ငြိမ်သော မျက်နှာထားဖြင့် ဆိုလိုက်သည်။

“မင်းသဘောအတိုင်းပဲ ဂျူနီယာလေး”

ရှောင်ချန်းက သူ့ဓားကို ဖြည်းညှင်းစွာ ဆွဲထုတ်လိုက်ပြီး မဟာပဏ္ဍိတဟေးရွှေထံသို့ ချိန်ရွယ်လိုက်သည်။

“စီနီယာ ကျေးဇူးပြုပြီး လမ်းညွှန်ပေးပါ”

“ကျေးဇူးပြုပြီး”

မဟာပဏ္ဍိတဟေးရွှေ၏ အသံ ဆုံးသွားသည်နှင့်တပြိုင်နက် ကြီးကျယ်ခမ်းနားသော တိုက်ပွဲကြီးမှာ စတင်လေတော့၏။

All Chapters