အခန်း (၄၃၅)
Vol. 44 Ch. 435
အခန်း (၄၃၅)
“အင်မော်တယ်ခန္ဓာ”
“ချောင်ရို့ချန် တကယ်ပဲ အင်မော်တယ်ခန္ဓာကို နိုးထထားတာပဲ။ ဝမ်တောက်ကျောင်းတော်ရဲ့ မြင့်မြတ်သားတော်နှစ်ပါးထဲက တစ်ပါး ပီသပါပေတယ်။ ပါရမီက ရှောင်ချန်းထက် ဘယ်နေရာမှာမှမနိမ့်ကျဘူး”
“…”
အင်မော်တယ်အလင်းတန်းများ တစ်ကိုယ်လုံးလွှမ်းခြုံထားသည့် ချောင်ရို့ချန်ကို ဘေးမှကြည့်ရှုနေသူ လူအုပ်ကြီး ငေးမောရင်း အံ့ဩတုန်လှုပ်သံများ ဆက်တိုက်ထွက်ပေါ်လာကြသည်။
ဤမြင်ကွင်းကို မြင်လိုက်ရမှသာ ဖုန်းမိသားစုဝင်များသည် ယခင်က ရင်တမမဖြစ်နေခဲ့ရသော စိတ်များ နောက်ဆုံးတွင် အေးချမ်းသွားရတော့၏။
ချောင်ရို့ချန်မှာ အင်မော်တယ်ခန္ဓာကို နိုးထထားရာ ကျင့်ကြံအဆင့်ချင်း မတူညီသော ပြိုင်ဘက်များကို ကျော်လွန်၍ စိန်ခေါ်နိုင်စွမ်း ရှိသွားပြီဖြစ်သည်။
ဤတိုက်ပွဲ၏ အရှုံးအနိုင် ရလဒ်ကား မသေချာသေးချေ။
ဤသည်ကို မြင်သောအခါ ရှောင်ချန်း ထိန်းချန်မထားတော့ဘဲ သူ့ခန္ဓာကိုယ်မှ အင်မော်တယ်အလင်းတန်းများ စတင်ဖြာထွက်လာသည်။
သူတို့နှစ်ဦးထံမှ ထွက်ပေါ်လာသော အင်မော်တယ်အလင်းတန်းများသည် ကောင်းကင်ယံတွင် တစ်ဦးကိုတစ်ဦး အပြန်အလှန် ရစ်ပတ်ကာ တောက်ပနေလေ၏။
သအားကောင်းလှသော အရှိန်အဝါများမှာ မီးဖီးနစ်တောင်ကြားတစ်ခုလုံးကို လွှမ်းခြုံသွားတော့သည်။
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ အဖြူအမည်း မဟာပဏ္ဍိတနှစ်ပါး၏ မျက်နှာအမူအရာမှာလည်း တည်တံ့လေးနက်သွားကြ၏။
“သူတို့ နာမည်ဂုဏ်သတင်းက အလကားရတာ မဟုတ်ဘူးပဲ”
မဟာပဏ္ဍိတပိုင်ယန် တည်ငြိမ်စွာ ပြောလိုက်သည်။
“မင်းတို့နှစ်ယောက်က မျိုးဆက်တစ်ခုလုံးကို ဖိနှိပ်ထားနိုင်တယ်လို့ လူတိုင်းပြောကြတာ မဆန်းပါဘူး။ မြင်ရသလောက် ဒီဂုဏ်သတင်းက တကယ်ပဲ ထိုက်တန်ပါတယ်။ ဒီလိုဖြစ်နေမှတော့ ငါတို့ကလည်း လက်တွန့်နေမှာ မဟုတ်တော့ဘူး”
ထိုသို့ပြောပြီးနောက် သူ ဘေးနားရှိ မဟာပဏ္ဍိတဟေးရွှေကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူတို့ကိုယ်ရောင်ကိုယ်ဝါများက ဖျတ်ခနဲ လှုပ်ရှားသွားကာ ကောင်းကင်ယံတွင် ခြေသည်းငါးချောင်းပါ အဖြူအမည်း စစ်မှန်နဂါးနှစ်ကောင် ပေါ်လာသည်။
အားကောင်းလှသော နဂါးအရှိန်အဝါနှင့် နတ်ဘုရားအလင်းတန်းတို့မှာ ကောင်းကင်ယံတွင် ထိပ်တိုက်ရင်ဆိုင်နေကြလေတော့၏။
တိုက်ပွဲပင်မစရသေးမီ အောက်တွင် ကြည့်ရှုနေကြသော လူအုပ်ကြီး စိုးရိမ်ထိတ်လန့်စိတ်များ ဝင်ရောက်နေပြီဖြစ်သည်။
“ဝေါင်း”
မဟာပဏ္ဍိတပိုင်ယန် ချောင်ရို့ချန်ထံသို့ နဂါးမီးတောက်ကို ပထမဦးဆုံး မှုတ်ထုတ်လိုက်သည်။
စူးရှတောက်ပနေသော အလင်းတန်းများ ထွက်ပေါ်နေသည့် နဂါးမီးတောက် ဖြတ်သန်းသွားရာ နေရာတိုင်းတွင် အရာအားလုံးသည် ပြာအဖြစ်သို့ ပြောင်းလဲသွားပြီး ကောင်းကင်မှ တိမ်တိုက်များပင် လွင့်စင်ပျောက်ကွယ်သွား၏။
ချောင်ရို့ချန် လက်ပိုက်လျက် မလှုပ်မယှက် ရပ်နေပြီး ပြန်လည်တိုက်ခိုက်ရန် ရည်ရွယ်ချက်မရှိ နဂါးမီးကို သူ့ခန္ဓာကိုယ်ပေါ်သို့ ကျရောက်စေလိုက်သည်။
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ လူတိုင်း၏ စိတ်ထဲတွင် အတွေးတစ်ခု တပြိုင်နက် ဖြတ်ပြေးသွားကြ၏။
“ပြိုင်ဘက်ကင်းလက်သီးအရှင်က သိပ်ကို မာနထောင်လွှားလွန်းနေတာ မဟုတ်ဘူးလား”
သို့သော်လည်း မကြာမီပင် ထိုအဖြူရောင်နဂါးမီးတောက်သည် ချောင်ရို့ချန်ကို ဝန်းရံထားသည့် အင်မော်တယ်အလင်းတန်းကိုပင် ဖောက်ထွက်နိုင်ခြင်း မရှိကြောင်း သူတို့ သတိပြုမိသွားကြသည်။
ချောင်ရို့ချန် ပြုံးလျက် ပြောလိုက်သည်။
“စီနီယာ နည်းနည်းလောက် ပိုပြီး အားစိုက်သင့်တယ်။ ကျွန်တော် တောင့်ခံနိုင်သေးတယ်ဗျ”
မဟာပဏ္ဍိတပိုင်ယန်၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုသော အငွေ့အသက်များ ပေါ်လာပြီး သူ့နောက်ကွယ်တွင် စစ်မှန်နဂါးဓမ္မပုံရိပ်တစ်ခု ပေါ်ထွက်လာသည်။
ဓမ္မပုံရိပ် ပေါ်လာသည့် အခိုက်တွင် သူ့အရှိန်အဝါသည်လည်း အထွတ်အထိပ်သို့ ရောက်ရှိသွားလတော့၏။
“ကမ္ဘာဖျက်နဂါးမီးလျှံ”
နဂါးဓမ္မပုံရိပ်သည် ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး မဟာပဏ္ဍိတပိုင်ယန်နှင့်အတူ နဂါးမီးတောက်ကို မှုတ်ထုတ်လိုက်သည်။
နဂါးမီးတောက် နှစ်ခုမှာ အတူတကွ ပေါင်းစပ်သွားပြီး အဆင့်မြင့်ဖျက်ဆီးခြင်း အရှိန်အဝါများ ပါဝင်သည့် အလင်းတန်းကြီးအဖြစ် ပြောင်းလဲကာ အောက်သို့ ကျဆင်းလာခဲ့သည်။
၎င်းက မျက်စိတစ်မှိတ်အတွင်းမှာပင် ချောင်ရို့ချန်ကို လုံးဝ ဝါးမြိုသွားတော့၏။
‘ပြီးသွားပြီလား’
ဤအတွေးသည် ကျင့်ကြံသူများ၏ စိတ်ထဲတွင် ဖြတ်ပြေးသွားသည်။
အတန်ကြာမှ နဂါးမီးလျှံများ ကွယ်ပျောက်သွား၏။
ချောင်ရို့ချန် ကောင်းကင်ယံတွင် ဒဏ်ရာတစ်စုံတစ်ရာမရဘဲ မတ်မတ်ရပ်နေဆဲဖြစ်ပြီး ပြောလိုက်သည်။
“စီနီယာ ခင်ဗျားရဲ့ နဂါးမီးတောက်က ဒီအဆင့်ပဲလား။ ကျွန်တော် အရင်က သောက်ခဲ့ဖူးတဲ့ မဟာပဏ္ဍိတရဲ့ အလောင်းဆေးလုံးလောက်တောင် ဖိအားမပေးနိုင်ပါလား”
မဟာပဏ္ဍိတပိုင်ယန် အလွန်အမင်း ဒေါသထွက်သွားသည်။ သူ့နဂါးမီးတောက်တွင် မီးလျှံတာအို၏ အနှစ်သာရများ ပါဝင်နေပြီး မဟာပဏ္ဍိတအဆင့်အောက်တွင် မည်သူမျှ တောင့်ခံနိုင်ခြင်း မရှိကြောင်း သူသိထား၏။
ချောင်ရို့ချန်တွင် ရတနာတစ်စုံတစ်ရာ ရှိနေလျှင်ပင် ဒဏ်ရာ လုံးဝမရဘဲ နေနိုင်ရန်မှာ မဖြစ်နိုင်ပေ။
“စီနီယာ နှုတ်ဆိတ်နေတာက သဘောတူတယ်လို့ အဓိပ္ပာယ်ရတာပဲ။ ကောင်းပြီ။ ကစားပွဲကတော့ အခုပဲ ပြီးသင့်ပြီ။ စီနီယာကို ကျွန်တော်တို့ သောင်းပြောင်းပညာရပ်ဌာရဲ့ နည်းလမ်းတွေကို သက်သေပြဖို့ အချိန်တန်ပြီ”
“ပြိုင်ဘက်ကင်း”
ချောင်ရို့ချန် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး သူ့နောက်ကွယ်တွင် ထူးခြားဆန်းပြားသော ဧရာမဓမ္မပုံရိပ်ကြီး တစ်ခု ပေါ်ထွက်လာသည်။
“တာအိုအနှစ်သာရ”
မဟာပဏ္ဍိတပိုင်ယန် ချောင်ရို့ချန်၏ နောက်ကွယ်မှ ဓမ္မပုံရိပ်ကို ကြည့်ပြီး အလန့်တကြား ရေရွတ်လိုက်မိသည်။
“မင်း တကယ်ပဲ တာအိုအနှစ်သာရကို နားလည်သဘောပေါက်ထားတာလား”
ချောင်ရို့ချန် ပြုံးလျက် ပြောလိုက်သည်။
“စီနီယာ ခင်ဗျား နဂါးနန်းတော်မှာ နေခဲ့တာ ကြာလွန်းလို့ ကျွန်တော့် အကြောင်းတွေကို မကြားဖူးတာ သဘာဝကျပါတယ်။ ဒီနေ့တော့ ဂျူနီယာက ခင်ဗျားကို အံ့ဩတုန်လှုပ်စရာ အသေးစားလေးတစ်ခုနဲ့ မိတ်ဆက် ပေးပါရစေ”
“ပြင်းထန်တာအို နတ်ဘုရားလက်သီး”
ချောင်ရို့ချန် ပြောပြောဆိုဆိုနှင့်ပင် သူ့လက်ကို မြှောက်ကာ ပြင်းထန်စွာ ထိုးနှက်လိုက်သည်။
ဝုန်း
လေလှိုင်းကြောင့် အသံထက်မြန်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
ထိုလက်သီးကို ထိုးလိုက်သည့် အခိုက်တွင် ကောင်းကင်နှင့် မြေကြီးမှာ အရောင်အသွေး ပြောင်းလဲသွားတော့၏။
လက်သီးတစ်ချက်တည်းက ကောင်းကင်တစ်ခုလုံးကို ကြီးမားသော အပေါက်ကြီးတစ်ခုဖြစ်အောင် ဖောက်ခွဲပစ်နိုင်သည့်အလား။
လက်သီးဓမ္မပုံရိပ် မရောက်လာသေးသော်လည်း ပြိုင်ဘက်ကင်းလက်သီးအရှိန်အဝါ ရောက်ရှိလာသည်။
လက်သီးချက်ကို မြင်လိုက်ရသောအခါ စစ်မှန်နဂါးအသွင်ဖြင့် ရှိနေသည့် မဟာပဏ္ဍိတပိုင်ယန် နေရာတွင် လုံးဝ တောင့်တင်းသွားသည်။
သူ့စိတ်ထဲတွင် အတွေးတစ်ခု ဖြတ်ပြေးသွား၏။
‘ငါသာ လက်သီးနဲ့ အထိုးခံရရင် မသေရင်တောင် ဒုက္ခိတဖြစ်သွားလိမ့်မယ်’
အခြေအနေကို မြင်သဖြင့် မဟာပဏ္ဍိတဟေးရွှေ ဝင်ရောက်စွက်ဖက်ရန် ကြံရွယ်သော်လည်း ရှောင်ချန်း၏ အကြည့်ကြောင့် တားဆီးခြင်း ခံလိုက်ရသည်။
“စီနီယာ ခင်ဗျား ပြိုင်ဘက်က ကျွန်တော်ပါ။ စိတ်ချ တာ့ချန်းမှာ သတ်ဖြတ်လိုတဲ့ စိတ်ဆန္ဒမရှိပါဘူး”
ရှောင်ချန်း ပြုံးလျှက် သူ့လက်ထဲမှ ဓားဖြင့် မဟာပဏ္ဍိတဟေးရွှေကို ချိန်ရွယ်လိုက်သည်။
သူ့စကား ဆုံးသည်နှင့် ကောင်းကင်ယံမှ ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာတော့လေ၏။
မဟာပဏ္ဍိတပိုင်ယန်၏ စစ်မှန်နဂါးဓမ္မပုံရိပ်မှာ ချောင်ရို့ချန်၏ လက်သီးတစ်ချက်ကြောင့် အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားသည်။
ချောင်ရို့ချန်၏ လက်သီးသည် မဟာပဏ္ဍိတပိုင်ယန်ကို ထိလုနီးပါး ဖြစ်နေချိန်တွင် ကောင်းကင်ယံ၌ ရုတ်တရက် ရပ်တန့်သွား၏။
ချောင်ရို့ချန် ခပ်ဖွဖွပြုံးလျက် သူ့လက်သီးကို ပြန်ရုပ်သိမ်းလိုက်သည်။
“အဘိုးကြီး ခင်ဗျား ရှုံးသွားပြီ။ နောက်တစ်ခါ ကျွန်တော်တို့သောင်းပြောင်းပညာရပ်ဌာနက တပည့်တွေနဲ့ တွေ့ရင် ပုန်းနေဖို့ သတိရလိုက်ပါ”
“မင်းရဲ့ ကရုဏာအတွက် ကျေးဇူးတင်ပါတယ် တာအိုမိတ်ဆွေချောင်။ ဒီအဘိုးကြီးကတော့ နောင်အနာဂတ်မှာ မဟာပဏ္ဍိတမိုးမြေနဲ့ ဘယ်တော့မှ ရန်သူဖြစ်မှာ မဟုတ်ပါဘူး”
မဟာပဏ္ဍိတပိုင်ယန် ကြောက်စိတ်မပြယ်သေးဘဲ ပြောလိုက်သည်။
တပည့်တစ်ယောက်ပင် ဤမျှ သန်မာနေပါက မဟာပဏ္ဍိတမိုးမြေမှာ မည်မျှအထိ အစွမ်းထက်မည်နည်း။
သူ ပိုမိုကျင့်ကြံအားထုတ်ရဦးမည်ဖြစ်ပြီး ဒုတိယမြှောက် တာအိုအနှစ်သာရကို နားလည်သဘောပေါက်ရန် ကြိုးပမ်းရပေလိမ့်မည်။
ခုနကတင် သူ ချောင်ရို့ချန် နားလည်သဘောပေါက်ထားသော တာအိုအနှစ်သာရမှာ မိမိထက် သာလွန်နေကြောင်း ထင်ရှားစွာ ခံစားလိုက်ရသည်။
ပိုင်ယန်တွင် ဒဏ်ရာမတွေ့မှ မဟာပဏ္ဍိတဟေးရွှေ စိတ်ထဲမှ သက်ပြင်းချနိုင်တော့၏။ ရှောင်ချန်းကို ကြည့်သည့် သူ့အကြည့်တွင် ထိတ်လန့်စိုးရိမ်မှုများ ပို၍ ပါဝင်လာသည်။
ချောင်ရို့ချန် သူ့အစ်ကိုဖြစ်သူကို အလွယ်တကူ အနိုင်ယူနိုင်ခဲ့တည်းက ရှောင်ချန်း သူ့ကို အနိုင်ယူမည်မှာလည်း သေချာပါ၏။
“စီနီယာ ခင်ဗျား ကြောက်နေတာတော့ မဟုတ်ဘူးမလား”
မဟာပဏ္ဍိတဟေးရွှေ၏ မျက်လုံးများထဲတွင် ကြောက်ရွံ့မှုများ ဖြတ်ပြေးသွားသည်ကို မြင်သဖြင့် ရှောင်ချန်းက ပြုံးကာ မေးလိုက်သည်။
“ငါတို့ နဂါးမျိုးနွယ်ရဲ့ အဘိဓာန်မှာ ကြောက်တယ်ဆိုတဲ့ စကားလုံး မရှိဘူး”
မဟာပဏ္ဍိတဟေးရွှေမှာ တုံ့ဆိုင်းသွားပြီးနောက် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
“ရေနက်နတ်ဘုရား ငါ့ကို ကူညီပါ”
သူ့စကားအဆုံးတွင် ကောင်းကင်ယံ၌ မည်းမှောင်သော တံခါးကြီးတစ်ခု ပွင့်လာသည်။ နဂါးငွေ့တန်းတစ်ခုပမာ အမည်းရောင်ရေတံခွန်ကြီးတစ်ခု မဟာပဏ္ဍိတဟေးရွှေကို ဝန်းရံလျက် ထိုးဆင်းလာ၏။
ရှောင်ချန်း အမည်းရောင်ရေများထဲမှ ထွက်ပေါ်လာသော နတ်ဘုရားအလင်းတန်းကို ကြည့်ပြီး ပြုံးလျက် ပြောလိုက်သည်။
“စီနီယာက နတ်ဘုရားရေကို ဆင့်ခေါ်နိုင်လိမ့်မယ်လို့ မထင်ထားမိဘူး။ ဒီနေ့တော့ ခင်ဗျားနဲ့ကျွန်တော် စိတ်ကြိုက် တိုက်ခိုက်လို့ရပြီပေါ့”
ပြောပြောဆိုဆိုနှင့် သူ လက်ထဲမှ ဓားကို ပေါ့ပေါ့ပါးပါးပင် ဝှေ့ယမ်းလိုက်သည်။
ချလွင်
စူးရှတောက်ပသော ဓားအလင်းတန်းတစ်ခု လက်သွား၏။
ကောင်းကင်နှင့် မြေကြီးအကြားတွင် ကန့်လန့်ဖြတ် ဓားစွမ်းအင်တစ်ခု အောက်သို့ ကျဆင်းလာသည်။
ဗုန်း
ထိုဓားချက်သည် အမည်းရောင်ရေပေါ်သို့ ကျရောက်သွားပြီးနောက် အသံကျယ်ကြီး ထွက်ပေါ်လာ၏။
မဟာပဏ္ဍိတဟေးရွှေနှင့် သူ့အမည်းရောင်ရေများမှာ တစ်ခဏချင်းမှာပင် နောက်သို့ လွင့်စင်သွားခဲ့ရသည်။
“ခန္ဓာကျင့်ကြံသူ လား”
ရှောင်ချန်း၏ မျက်လုံးများထဲတွင် စိတ်လှုပ်ရှားမှုများ ပေါ်လာသည်။
“ဒီလိုဆိုရင်တော့ ကျွန်တော့်ဓားချက်ကြောင့် ခင်ဗျား မတော်တဆ သေသွားမှာကို စိုးရိမ်စရာမလိုတော့ဘူးပေါ့”
ဤသည်ကို ကြားရသောအခါ မဟာပဏ္ဍိတဟေးရွှေ၏ ခန္ဓာကိုယ်မှာ တုန်လှုပ်သွား၏။
‘ဒီကောင်လေးက စကားလေးတစ်ခွန်းလောက်တောင် အကောင်းမပြောနိုင်ဘူးလား’
ချွင်၊ ချွင်၊ ချွင်
ရှောင်ချန်း သူ့လက်ထဲမှ ဓားကို ပေါ့ပေါ့ပါးပါး ဆက်တိုက်ဝှေ့ယမ်းလိုက်ရာ ဓားချက်များက မဟာပဏ္ဍိတဟေးရွှေ အပေါ်သို့ ပေါက်ကွဲသံများနှင့်အတူ ကျရောက်သွားသည်။
ရှောင်ချန်း၏ တည်ငြိမ်မှုနှင့် နှိုင်းယှဉ်ပါက မဟာပဏ္ဍိတဟေးရွှေမှာ တစ်ကိုယ်လုံး ချွေးစေးများဖြင့် ရွှဲနစ်နေ၏။
အောက်တွင် ရှိနေကြသော ပရိသတ်များမှာလည်း ဆွံ့အ ကြောင်အန်းအန်း ဖြစ်နေကြ၏။
သူတို့ ယခင်က တိုက်ပွဲနှစ်ခုမှာ တစ်ဖက်သတ် ဖိနှိပ်ခြေမှုန်းမည့် တိုက်ပွဲများဖြစ်လိမ့်မည်ဟု ခန့်မှန်းထားကြသော်လည်း ယခုတွင် ဖိနှိပ်ခံနေရသူများက ထင်ထားသည်နှင့် မတူချေ။
ဓားချက်ပေါင်း ဆယ်ဂဏန်းခန့် ပြီးနောက် ရှောင်ချန်း အကြည့်သည် တည်ကြည်သွားပြီး သူ့လက်ထဲမှ ဓားကို ရှေ့သို့ ထိုးနှက်လိုက်သည်။
“ဓားတစ်သောင်းတို့အပြန်”
တစ်ခဏချင်းမှာပင် ကောင်းကင်ယံတစ်ခုလုံးတွင် ဓားမိုးများဖြင့် ပြည့်နှက်သွားလေတော့သည်။