← Chapters

အခန်း (၄၃၆)

Vol. 44 Ch. 436

အခန်း (၄၃၆)

Vol. 44 Ch. 436

အခန်း(၄၃၆)

“မြင့်မြတ်သားတော်ရှောင်က ဓားတာအိုမှာ ပြိုင်ဘက်ကင်းပါတယ်။ ဒီလူအိုကြီး အရှုံးပေးပါတယ်”

ဓားတစ်သောင်းအလင်းတန်းများ ကျဆင်းလာပြီးနောက် မဟာပဏ္ဍိတဟေးရွှမ် အတော်လေး သနားစရာကောင်းသည့် အခြေအနေသို့ ရောက်သွားပြီး သူ့မျက်လုံးများတွင် အံ့ဩမှုများ ပြည့်နှက်လျက် အားပျော့စွာ ပြောသည်။

“စီနီယာ ကျွန်တော့်ကို မြှောက်လွန်းနေပါပြီ”

ရှောင်ချန်း အနားပေါ် ဆားမသိပ်သလို တစ်ဖက်၏ စကားကိုလည်း မငြင်းဆန်ပေ။

ရင်ပြင်သည် အပ်ကျသံကြားရလောက်သည်အထိ တိတ်ဆိတ်သွား၏။

ဝမ်တောက်ကျောင်းတော်၏ မြင့်မြတ်သားတော်နှစ်ဦး ဂုဏ်သတင်းအကြောင်း သူတို့ ကြားဖူးသော်လည်း ယနေ့ ကိုယ်တိုင် မြင်တွေ့လိုက်ရမှ မည်မျှ ကြောက်မက်ဖွယ် ကောင်းမှန်း သိလိုက်ရသည်။

ထိုနှစ်ယောက်ကို ပါရမီရှင်ဟူ၍ သတ်မှတ်၍ပင် မလောက်တော့ချေ။ မြို့းစားအဆင့်ဖြင့် မဟာပဏ္ဍိတတစ်ပါးကို အနိုင်ယူခြင်းသည် ရွှမ်ထျန်းတိုက်ကြီးတစ်လျှောက် တစ်ခါမှ မဖြစ်ဖူးသောအရာပင်။

လက်ရှိမျိုးဆက်တစ်ခုလုံးကို ဖိနှိပ်နိုင်စွမ်းရှိသည့် ကောင်းကင်သားတော် ပါရမီရှင်ပေ။

ဤအဆင့် ခွန်အားဖြင့်ဆိုလျှင် ရွယ်သူများကြားတွင် မည်သူမှ သူတို့ကို ယှဉ်မတိုက်နိုင်လောက်။

မဟာပဏ္ဍိတတစ်ပါး သို့မဟုတ် သူတော်စင်တစ်ပါးဖြစ်လာခြင်းသည် သူတို့အတွက်တော့ အချိန်တစ်ခုသာ လို၏။ ထို့ပြင် သူတို့တွင် ကံကြမ္မာသားတော်၏ ဘုန်းကံမျိုးရှိသဖြင့် နောက်နှစ်ဆယ်သန်းလောက်ဆို အင်မော်တယ်ဧကရာဇ်များ ဖြစ်လာလျှင် အံ့ဩစရာပင် မဟုတ်ချေ။

ကြည့်ရှုသူစင်မြင့်ပေါ်တွင် ဖုန်းမိသားစုဘိုးဘေး ကောင်းကင်ပေါ်က လူငယ်လေးနှစ်ဦးကို ကြည့်ပြီး ပြောသည်။

“ငါအိုသွားပြီ။ ငါအိုသွားပြီဆိုတာ ဝန်ခံရတော့မယ်”

သူတို့နှစ်ဦး ဆင်းသက်လာပြီး ပတ်ဝန်းကျင်ကို တစ်ချက်ဝှေ့ကြည့်သည်။

ချောင်ရို့ချန် စကားစပြောသည်။

“ဘယ်သူ တိုက်ချင်သေးလဲ”

မည်သူမှ ပြန်မဖြေချေ။

မဟာပဏ္ဍိတများပင် တိုက်ခိုက်ရန် သတ္တိမရှိပေ။ သူတို့သာ တိုက်ခိုက်ပြီး လူငယ်နှစ်ဦးကို ရှုံးနိမ့်သွားပါက မျက်နှာပျက်စရာ ဖြစ်သွားပေလိမ့်မည်။

လူတိုင်းတွင် အဆင့်အတန်းတစ်ခု ရှိထားပြီး၍ မည်သူမှ လူငယ်လေးများအတွက် အနင်းခံ ကျောက်တုံးတစ်ခု မဖြစ်ချင်ပါပေ။

လက်ဖက်ရည်တစ်ခွက်စာ သောက်ချိန် ကြာပြီးနောက်

မည်သူမှ ရှေ့မထွက်လာသည်ကို မြင်သောအခါ ချောင်ရို့ချန် ရေရွတ်သည်။

“နှမြောစရာပဲ။ နောက်ထပ် နည်းနည်းလောက် ထပ်တိုက်ခိုက်ရဦးမယ်ထင်တာ။ ပြီးသွားမယ်လို့ မထင်ထားဘူး”

မဟာပဏ္ဍိတအုပ်စု “...”

သူတို့ ရှေ့သို့ ပြေးတက်ပြီး ကောင်လေးများကို ရိုက်နှက်ချင်သော်လည်း သူတို့စိတ်က ထိုဒေါသကို ဖိနှိပ်ပေးထားပြီး စင်မြင့်ကိုသာ တိတ်တဆိတ်ကြည့်နေ၏။

သို့သော် ရှောင်ချန်းသည် ဖုန်းမိသားစုမှ လူများကို ကြည့်ကာ ပြောသည်။

“ရလဒ်ကို အခုကြေညာလို့ရပြီလား”

ထိုသည်ကို ကြားသော် ဖုန်းမိသားစုဘိုးဘေး အနည်းငယ် ထူးဆန်းသည်ဟု ခံစားရသော်လည်း မတ်တပ်ထရပ်လိုက်၏။ သူ အသံတိုးတိုးဖြင့် ကြေညာလိုက်သည်။

“ကြွရောက်လာကြပါသော ဂုဏ်သရေရှိ ဧည့်သည်တော်တို့ခင်ဗျာ ဝမ်တောက်ကျောင်းတော်က ပါရမီရှင်တွေကို စိန်ခေါ်ချင်တဲ့သူ ရှိပါသလား။ မရှိဘူးဆိုရင်တော့ ကျုပ်တို့ဖုန်းမိသားစု တိုက်ရိုက်မျိုးဆက် သမီးဖြစ်သူကို ဝမ်တောက်ကျောင်းတော်က ပါရမီရှင်ယဲ့ပေရွှမ်နဲ့ လက်ထပ်ပေးမယ်လို့ ကြေညာလိုက်ပါတယ်”

ခဏတာ တိတ်ဆိတ်သွားပြီးနောက် ဖုန်းမိသားစုဘိုးဘေး နောက်ဆုံး ရလဒ်ကို ကြေညာ၏။

“သတို့သားလောင်း ရွေးချယ်တဲ့ သိုင်းပြိုင်ပွဲကြီးရဲ့ နောက်ဆုံး အနိုင်ရရှိသူကတော့ ဝမ်တောက်ကျောင်းတော်က ယဲ့ပေရွှမ် ဖြစ်ပါတယ်”

စကားအဆုံးတွင် ပြိုင်ပွဲသို့ တက်ရောက်လာသော ဧည့်သည်တိုင်း ချီးကျူးစကား ဆိုကြသည်။

“သားမက်ကောင်းတစ်ယောက်ကို ရသွားလို့ ဂုဏ်ပြုပါတယ်ဗျာ”

“ဟုတ်တာပေါ့။ ဟုတ်တာပေါ့”

ယခုအခါ ကိစ္စရပ်များ ပြီးပြတ်သွားသဖြင့် လူတိုင်း ရန်လိုမှုများကို ဖယ်ရှားလိုက်ကြသည်။

မည်သို့ပင်ဆိုစေ ဖုန်းမိသားစု တိုက်ရိုက်မျိုးဆက် သမီးသည် ခင်ပွန်း ရသွားခဲ့ချေပြီ။

သူတို့ ဆက်လက်၍ ရန်ငြိုးထားနေပါက အရူးများနှင့် မခြားနားတော့ပေ။

ရှောင်ချန်းနှင့် ချောင်ရို့ချန် စင်မြင့်ပေါ်သို့ ပြန်ဆင်းလာ၏။

ယဲ့ပေရွှမ် ရှေ့သို့တက်လာပြီး ဦးညွှတ်လိုက်၏။

“စီနီယာအစ်ကိုတို့ ကူညီပေးလို့ ကျေးဇူးတင်ပါတယ်”

“ငါတို့က မိသားစုတွေပဲ။ ယဉ်ကျေးနေဖို့ မလိုဘူး”

ရှောင်ချန်း ပြုံးကာ ပြောသည်။

ချောင်ရို့ချန် တက်ကြွစွာ ပြောသည်။

“ဂျူနီယာညီလေးယဲ့ ဒီတစ်ကြိမ် မင်းကျေးဇူးကြောင့် ငါတို့ မဟာပဏ္ဍိတနှစ်ပါးနဲ့ တိုက်ခိုက်ခွင့်ရတာ။ ငါတို့ ကမ္ဘာကြီးထဲ နောက်တစ်ခါ နာမည်ကြီးပြီ”

ချူဖုန်း ပြုံး၏။

“ကောင်းပြီ။ ကိစ္စက ဒီမှာ အဆုံးသတ်ပြီ။ မီးဖီးနစ်တောင်ကြားမှာ ရက်နည်းနည်းလောက် နေရအောင်။ နောက်ပြီးရင်တော့ မင်းတို့ ငါနဲ့ ပြန်လိုက်မလား အပြင်ထွက်လေ့ကျင့်မလားဆိုတာ ရွေးချယ်ချည်။ ဆရာ ဝင်မစွက်ဖက်ဘူး”

“ဟုတ်ကဲ့”

လူတိုင်း ပြန်ဖြေကြားပြီးနောက် လေပေါတော့၏။

ခဏအကြာ၌ ဖုန်းမိသားစုဘိုးဘေး လူတစ်စုကို ဦးဆောင်ကာ ချူဖုန်းတို့ထံ ရောက်လာသည်။

“ဒီနှိမ့်ချတဲ့ အဘိုးကြီးက မဟာပဏ္ဍိတမိုးမြေကို ဂါဝရပြုပါတယ်”

ဖုန်းမိသားစုဘိုးဘေး မျက်နှာပေါ်တွင် လေးစားသည့် အမူအရာများ ပေါ်လွင်နေသည်။

ချူဖုန်း ပြုံးကာ ပြော၏။

“တာအိုရောင်းရင်း နေ...နေ...အဲဒါတွေ လုပ်မနေနဲ့။ အခုကစပြီး ဖုန်းမျိုးနွယ်နဲ့ ကျုပ်တို့ဟာ အိမ်ထောင်တစ်ခုကြောင့် အမျိုးအနွယ် ဖြစ်သွားပြီ။ ခင်ဗျားတို့ ပြဿနာတစ်ခုခု ကြုံရရင် ပေရွှမ်ကနေတစ်ဆင့် ကျုပ်ကို လာပြောလှည့်”

သူ့စကားသည် ယဲ့ပေရွှမ်ကို သံသယမရှိ ထောက်ပံ့ပေးလိုက်ခြင်းသာ။

သူတို့နှစ်ဦး အိမ်ထောင်ရေးသည် သူတို့ ကိုယ်ရေးကိုယ်တာအပြင် အင်အားစုနှစ်ခုကြားမှ ဆက်နွယ်ချက်တစ်ခုလည်း ဖြစ်၏။

၎င်းကို ကြားသောအခါ ဖုန်းမိသားစုခေါင်းဆောင် ပြုံးလိုက်သည်။

“ဟုတ်တာပေါ့။ မဟာပဏ္ဍိတမိုးမြေ ကျုပ်တို့ ဖုန်းမိသားစုမှာ တည်းသွားပါဦး”

“ကောင်းပြီ”

ချူဖုန်း လေသံကို အထက်စီးက မပြောချေ။

သိပ်မကြာခင် လူအုပ်ကြီး၏ အကြည့်အောက်တွင် အဖွဲ့နှစ်ဖွဲ့သည် ရင်ပြင်မှ ထွက်သွားတော့သည်။

သိုင်းပြိုင်ပွဲသို့ လာရောက်ပါဝင်သူများကြား တောင်ပင်လယ်နဂါးနန်းတော်၏ နဝမမင်းသားတစ်ယောက်သာ စိတ်ပျက်အားငယ်နေသည်။

သူ မူလက ဖုန်းမိသားစု တိုက်ရိုက်မျိုးဆက် သမီးဖြစ်သူကို လက်ထပ်ပြီး သူ့အနာဂတ်အထောက်အပံ့အတွက် ဖန်တီးမည်ဟု တွေးထား၏။

သို့သော် ယဲ့ပေရွှမ်ဆိုသူ ပေါ်လာပြီး အစီအစဉ်များကို ဖျက်ဆီးပစ်မည်ဟု မထင်ထားပေ။

မဟာပဏ္ဍိတဟေးရွှယ် အပြစ်ရှိဟန်ဖြင့် ပြောသည်။

“နဝမမင်းသား ကျွန်တော်တို့ အရည်အချင်းမရှိလို့ မင်းသားကို မကူညီပေးနိုင်ခဲ့တာပါ။ ကျွန်တော့်တို့ကို အပြစ်ပေးပါ”

နဝမမင်းသား လက်ခါကာ ပြောသည်။

“ဘိုးဘေးတို့ ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ပါနဲ့။ ဒီလိုတွေ ဖြစ်လာမယ်လို့ ကျွန်တော်တို့လည်း မထင်ထားဘူးလေ။ နဂါးနန်းတော်ကိုပဲ ပြန်ကြရအောင်”

တောင်ပင်လယ်နဂါးနန်းတော်မှ ကျင့်ကြံသူများလည်း မီးဖီးနစ်တောင်ကြားမှ ထွက်ခွာသွားတော့သည်။

ရှုံးနိမ့်သူများကို မည်သူမှ အထူးတလှည်မှတ်မထားချေ။ တောင်ပင်လယ်နဂါးနန်းတော်အဖွဲ့ ထွက်ခွာခြင်းသည် ကျန်သည့် ကျင့်ကြံသူများအပေါ် သက်ရောက်မှု မရှိချေ။

ညနက်လာသည်။

မီးဖီးနစ်တောင်ကြား ဖီးနစ်ငိုကြွေးခန်းမ၌

မီးရောင်များ ထိန်လင်းနေပြီး ဆူညံသံများ ထွက်ပေါ်နေ၏။

သိုင်းပြိုင်ပွဲသို့ တက်ရောက်လာသော အင်အားစုများသည် ဤပွဲသို့ တက်ရောက်ကြသည်။

ချူဖုန်းသည် သူ့တပည့်သုံးဦးနှင့်အတူ ဖုန်းမိသားစု အရေးကြီးပုဂ္ဂိုလ်များ ခြံရံလျက် စားပွဲတစ်လုံးတည်းတွင် ထိုင်နေသည်။

ဝိုင်သုံးချီ သောက်သုံးပြီးနောက်

ဖုန်းမိသားစုဘိုးဘေး ပြောတော့သည်။

“ဌာနမှူးချူ ပေ့ရွှမ်နဲ့ ချုံးယွီတို့ လက်ထပ်ပွဲကို စီစဉ်ထားပြီဆိုတော့ ကျုပ်တို့ သူတို့အတွက် ရက်ကောင်းရက်မြတ်ရွေးသင့်ပြီထင်လား”

“သေချာတာပေါ့။ ဖုန်းမိသားစုမှ မိသားစုဓလေ့ ဒါမှမဟုတ် အစဉ်အလာတွေ ရှိလား”

ချူဖုန်း ပြုံးလိုက်၏။

ဖုန်းမိသားစုဘိုးဘေး ပြောသည်။

“မူလကတော့ ကျုပ်တို့ ဖုန်းမိသားစုက အိမ်ပါသမက်တစ်ယောက် ရှာမလို့။ ဒါပေမဲ့ ပေ့ရွှမ်က အရမ်းထူးချွန်တော့ သူ့ကိုအိမ်ပါသမက်အဖြစ် တောင်းဆိုဖို့က ကျုပ်တို့ အရှက်မရှိရာ ကြတယ်။ သူတို့နှစ်ယောက် သုံးလအတွင်း လက်ထပ်ဖို့ပဲ မျှော်လင့်ပါတယ်”

ထိုစကားကြောင့် ယဲ့ပေရွှမ် စိတ်လှုပ်ရှားသွားသော်လည်း အနည်းငယ် စိတ်ရှုပ်သွားသည်။

မည်သို့ပင်ဆိုစေ သူ့နှစ်ဘဝနားလည်ထားမှုအရ ဖုန်းမိသားစုသည် သူတို့သမီးကို လက်ထပ်ပေးရန် ယခုလို အလျင်မလိုသင့်ပေ။

ချူဖုန်း ဤလက်ထပ်ပွဲနှင့်ပတ်သက်၍ တစ်ခုခုမှားယွင်းနေကြာင်း သတိထားမိသွားသည်။ သူ ဝိုင်တစ်ငုံ‌သောက်လိုက်ပြီး စမ်းသပ်သည့်သဘောဖြင့် မေးသည်။

“တာအိုရောင်းရင်းဖုန်း သုံးလအတွင်းက မလောလွန်းဘူးလား။ ပြင်လို့ဆင်လို့ ပြီးပါ့မလား။ ဘာပဲဖြစ်ဖြစ် ကျုပ်က ရွှမ်ထျန်းတိုက်ကြီးပေါ်မှာ ထိပ်သီးကျွမ်းကျင်သူလေ။ လက်ထပ်ပွဲက အရမ်းရိုးရှင်းနေရင် ကျုပ်တို့ အလှောင်မခံရနိုင်ဘူးလား”

ဖုန်းမိသားစုဘိုးဘေး သူ အင်မတန်လောသွားကြောင်း သတိထားမိသွားပြီး လေသံကို ပြောင်းသည်။

“တာအိုရောင်းရင်း ပြောတာဟုတ်တယ်။ ဒါပေမဲ့ ဒီလူအိုကြီး တစ်နှစ်အတွင်း လက်ထပ်ပွဲကို ပြီးမြောက်စေချင်တယ်”

ချူဖုန်း ပြုံးလိုက်၏။

“ဒါပေမဲ့ လာမဲ့နှစ်တွေမှာ ပေရွှမ်က တာအိုအနှစ်သာရကို နားလည်သဘောပေါက်အောင် လုပ်ရမယ်။ သူ သုံးနှစ်ကနေ ငါးနှစ်လောက်ထိ အားမယ် မထင်ဘူး။ တာအိုရောင်းရင်း ခဏလောက် စောင့်ပေးလို့ မရဘူးလား”

ပုံမှန်ဆိုလျှင် ဖုန်းမိသားစုသည် ပျော်သွားမည်ဖြစ်သော်လည်း ယခု သူတို့အမူအရာများက အတော်လေး ထူးဆန်းသွား၏။

ဖုန်းမိသားစုဘိုးဘေး အခက်တွေ့စွာ ပြောသည်။

“ပေရွှမ် မင်းအရင် လက်ထပ်လိုက်လို့ မရဘူးလား”

ယဲ့ပေရွှမ် ပြောလိုက်၏။

“မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ စီနီယာ ကျွန်တော့်ကို အကြောင်းပြချက်လေး ပြောပြသင့်တယ်မလား”

All Chapters