အခန်း (၄၃၈)
Vol. 44 Ch. 438
အခန်း (၄၃၈)
“ဒါပေါ့ မဟုတ်ဘူး”
ချူဖုန်း တိုက်ရိုက်ပင် ပြန်ဖြေလိုက်သည်။
“ရှောင်ချန်းနဲ့ တာ့ချန်းတို့ တခြားတိုက်ကြီး(ဒေသကြီး)တွေကို သွားပြီး လေ့ကျင့်နိုင်ဖို့ ဆရာ့ကို နေရာပြောင်း အစီအရင်ကို ဖွင့်ပေးဖို့ လာတောင်းဆိုတာပါ”
သူ ပုံမှန်အာလာပသလာပ စကားများ ပြောမနေဘဲ လိုရင်းကိုသာ ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။
ကျောင်းအုပ်ကြီး ထိုစကားကို ကြားသောအခါ ခေါင်းကိုအသာအယာ ညိတ်လိုက်သည်။
“ရှောင်ချန်းနဲ့ ရိုချန်၊ အဲဒီလူရှုပ်လေးနှစ်ယောက်က ရွှမ်ထျန်းတိုက်ကြီးရဲ့ ထိပ်သီးပါရမီရှင်တွေထဲမှာ ပါနေပြီပဲ။ အဆင့်တက်ခါစ မဟာပဏ္ဍိတတွေတောင် သူတို့ကို မယှဉ်နိုင်ကြဘူး။ အခွင့်အလမ်းတွေ ရှာဖွေဖို့ တခြားဒေသတစ်ခုကို သွားရောက်တာက တကယ်ပဲ ပညာရှိတဲ့ ရွေးချယ်မှုတစ်ခု ဖြစ်လိမ့်မယ်။ ဒီတစ်ခေါက် မင်းတို့ ဘယ်နှစ်ယောက်သွားဖို့ စီစဉ်ထားလဲ”
ရှောင်ချန်း ပြန်ဖြေလိုက်သည်။
“ဆရာဘိုးဘိုး ကျွန်တော်တို့ လေးယောက် သွားပါမယ်”
သူ တပည့်ဖြစ်သူ ရှီးမန်ယဲ့၊ လွီယွဲ့အာနှင့် မဟာပဏ္ဍိတ ရီရှန်းတို့ကို ခေါ်ဆောင်သွားရန် စီစဉ်ထားသဖြင့် စုစုပေါင်း လေးယောက် ဖြစ်သည်။
ချောင်ရို့ချန်ကလည်း ထပ်မံ၍ ဆိုလိုက်သည်။
“ဆရာဘိုးဘိုး ကျွန်တော်လည်း လေးယောက် ခေါ်သွားပါမယ်”
“ကောင်းပြီလေ”
ကျောင်းအုပ်ကြီး ချက်ချင်းပင် သဘောတူလိုက်သည်။ ဆန်းကြယ်ကောင်းကင်ဒေသသည် ရွှမ်ထျန်းလောကတစ်ခုလုံးတွင် အလုံးစုံသော အင်အား၌ ထိပ်သီးသုံးခုအတွင်း ပါဝင်ပြီး မဟာပဏ္ဍိတများပါ လိုက်ပါစောင့်ရှောက်မည်ဖြစ်သဖြင့် လူငယ်နှစ်ဦး မည်သည့်ဒေသသို့ပင် သွားရောက်ပါစေ သေရေးရှင်ရေး အန္တရာယ်နှင့် ကြုံတွေ့ရမည် မဟုတ်ချေ။
“မြောက်ပိုင်းဒေသ၊ ဆန်းကြယ်ဒေသ၊ ဓားဒေသ၊ ကောင်းကင်ဒေသ၊ အောင်ပွဲဒေသ၊ နဂါးဒေသ၊ လူရိုင်းဒေသ၊ ကျယ်ပြန့်ဒေသနှင့် အပျက်အစီးဒေသဆိုပြီး ရှိတယ်”
ရှောင်ချန်း ပထမဆုံး စကားဆိုသည်။
“တပည့် ကြားရတာကတော့ ဓားဒေသဟာ ဓားကျင့်ကြံသူတွေကို အရာအားလုံးထက် ပိုပြီး ရိုသေလေးစားကြတယ်လို့ သိရပါတယ်။ သူတို့ဓားတာအိုက ဘယ်လိုရှိလဲဆိုတာ သွားပြီး ကြည့်ချင်ပါတယ်”
ချောင်ရို့ချန် ဆက်၍ပြောလိုက်သည်။
“တပည့်ကတော့ လူရိုင်းဒေသကို သွားချင်ပါတယ်။ သူတို့ ခန္ဓာကိုယ်နဲ့ ကျွန်တော့်ခန္ဓာကိုယ် ဘယ်သူက ပိုပြီး သန်မာလဲဆိုတာ ကြည့်ချင်လို့ပါ”
ကျောင်းအုပ်ကြီးက ရယ်မောလိုက်၏။
“မင်းတို့နှစ်ယောက်က ကြိုတင်ပြင်ဆင်မှုတွေ ကောင်းကောင်းလုပ်လာခဲ့ကြတာပဲ။ ကောင်းပြီလေ။ သွားပြီး ပြင်ဆင်စရာရှိတာ ပြင်ဆင်ကြချေ။ အခုကစလို့ သုံးရက်မြောက်တဲ့နေ့ မင်းတို့ရွေးချယ်ထားတဲ့ ဒေသတွေဆီကို သွားမဲ့ နေရာရွှေ့ပြောင်းခြင်းအစီအရင်တွေကို ငါကိုယ်တိုင် ဖွင့်ပေးမယ်”
“ကျေးဇူးတင်ပါတယ် ဆရာဘိုးဘိုး”
သူတို့နှစ်ဦးစလုံး တပြိုင်နက်တည်း ဦးညွှတ်လိုက်ကြသည်။
ကျောင်းအုပ်ကြီး လက်ကိုဝှေ့ယမ်းကာ ဆိုလိုက်သည်။
“ဒီလို ဂါရဝပြုနေဖို့ မလိုပါဘူး။ သွားပြီး ပြင်ဆင်ကြတော့။ ငါ မင်းတို့ဆရာနဲ့ စကားပြောစရာရှိသေးတယ်”
“ဟုတ်ကဲ့ပါ”
တပည့်နှစ်ဦးစလုံး ပြန်ထူးပြီး ထွက်ခွာသွားကြတော့၏။
ချူဖုန်း ကျောင်းအုပ်ကြီးအတွက် လက်ဖက်ရည်ကို ငှဲ့ပေးရင်း ပြုံးလျက် မေးလိုက်သည်။
“ဆရာ ကျွန်တော်နဲ့ ဘာကိစ္စ ဆွေးနွေးချင်လို့လဲ”
ကျောင်းအုပ်ကြီး လက်ဖက်ရည်ကို တစ်ငုံချင်း ဖြည်းညှင်းစွာ သောက်ပြီးမှ စကားဆိုသည်။
“မင်း သူတော်စင်အဆင့်ကို ရောက်ဖို့ သိပ်မလိုတော့ဘူး မဟုတ်လား”
ချူဖုန်းကခေါင်းညိတ်ပြလိုက်၏။
“ကျောင်းအုပ်ကြီးရဲ့ အမြင်က အမြဲတမ်း စူးရှနေတုန်းပါပဲ။ ကျွန်တော် ပြီးပြည့်စုံတဲ့အဆင့်ကို ရောက်ဖို့ တစ်ဝက်ကျော်လောက် ဖြတ်သန်းပြီးပါပြီ”
“ဒါဆိုရင် မင်း သူတော်စင်အဆင့်ကို ရောက်ပြီးတဲ့နောက် မင်းလျှောက်မယ့် လမ်းစဉ်အကြောင်းကိုကော စဉ်းစားပြီးပြီလား”
ကျောင်းအုပ်ကြီး လက်ဖက်ရည်ခွက်ကို အသာအယာ ကစားရင်း ခပ်ဖွဖွပြုံးကာ မေးလိုက်သည်။
ချူဖုန်း ပခုံးတွန့်လိုက်၏။
“ကျွန်တော်ကတော့ တစ်သက်လုံး သောင်းပြောင်းပညာရပ်ဌာန ရဲ့ ဌာနမှူးအဖြစ်ပဲ နေသွားချင်ပါတယ်။ တခြား ရည်မှန်းချက်တွေ မရှိပါဘူး”
ကျောင်းအုပ်ကြီး တဟားဟား ရယ်မောလိုက်၏။
“မင်းကတော့ အမြဲတမ်း သက်တောင့်သက်သာ နေဖို့ အိပ်မက်မက်နေတာပဲ။ ငါကတော့ တစ်နေ့ကျရင် မင်း ငါ့နေရာကို ဆက်ခံလိမ့်မယ်လို့ မျှော်လင့်ထားတာ။ ဒါမှမဟုတ်ရင် မင်း တခြားဒေသတစ်ခုက ကျောင်းတော်တစ်ခုရဲ့ အကြီးအကဲ ဖြစ်ရတာကို ပိုသဘောကျမလား”
ချူဖုန်း၏ မျက်နှာအမူအရာက စဉ်းစားတွေးတောဟန် ပြောင်းလဲသွားသည်။
“ဆရာ ဒါက အနာဂတ်ကိစ္စပါ။ ကျွန်တော် သူတော်စင်တစ်ယောက် ဖြစ်လာပြီးမှ ထပ်ပြောကြတာပေါ့”
“ကောင်းပြီလေ”
ကျောင်းအုပ်ကြီး ပြောလိုက်သည်။
“မင်း အေးအေးချမ်းချမ်း နေနိုင်တုန်းလေး နေထားလိုက်ဦးပေါ့”
သူ ထိုအကြောင်းအရာကို ဆက်မပြောတော့ဘဲ ချူဖုန်းနှင့်အတူ ပေါ့ပေါ့ပါးပါး ဆော့ကစားရန် စစ်တုရင်ခုံတစ်ခုကိုသာ ထုတ်လိုက်တော့သည်။
သုံးရက်တာ အချိန်သည် မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့၏။ ထိုနေ့ မွန်းတည့်ချိန်တွင် ချူဖုန်းသည် သောင်းပြောင်းပညာရပ်ဌာနမှ အဖွဲ့ဝင်များကို ခေါ်ဆောင်၍ ပြင်ပရေးရာဌာနတည်ရှိရာ တောင်ထိပ်သို့ ဦးဆောင်ကာ ရောက်ရှိလာသည်။
ကျောင်းအုပ်ကြီးသည် ကျောင်းတော်၏ အဆင့်မြင့်ပုဂ္ဂိုလ်များနှင့်အတူ ထိုနေရာတွင် ကြိုတင်စောင့်ဆိုင်းနေသည်။
“ကျောင်းအုပ်ကြီးနဲ့ အကြီးအကဲတို့ကို နှုတ်ခွန်းဆက်သပါတယ်”
ချူဖုန်း ဦးညွှတ်နှုတ်ဆက်လိုက်သည်။
“ဂါရဝပြုနေဖို့ မလိုပါဘူး”
ကျောင်းအုပ်ကြီး ပြုံးလျက် ပြန်ပြောသည်။
“ဓားဒေသနဲ့ လူရိုင်းဒေသကို သွားမဲ့ နေရာပြောင်း အစီအရင်တွေ အဆင်သင့်ဖြစ်နေပြီ။ ရှောင်ချန်း၊ တာ့ချန် မင်းတို့ ထွက်ခွာနိုင်ပြီ”
“ဟုတ်ကဲ့”
ရှောင်ချန်းနှင့် ချောင်ရို့ချန်တို့နှစ်ဦးစလုံး တွန့်ဆုတ်နေသည့် အရိပ်အယောင် လုံးဝမပြကြချေ။
သူတို့ဆရာ အမြဲပြောလေ့ရှိသကဲ့သို့ပင်။ ခေတ္တခဏ လမ်းခွဲရခြင်းသည် နောင်အနာဂတ်တွင် ပိုမိုကြီးကျယ်သော ပြန်လည်ဆုံဆည်းမှုကို သေချာစေရန်အတွက်သာ။
မကြာမီမှာပင် ရှောင်ချန်းနှင့် ချောင်ရို့ချန်တို့ မိမိတို့၏ အဖော်များနှင့်အတူ သက်ဆိုင်ရာ နေရာရွှေ့ပြောင်းခြင်းအစီအရင်များအတွင်းသို့ လှမ်းဝင်လိုက်ကြသည်။
ဒေသများအကြား ကူးပြောင်းခြင်းသည် အလွန်အမင်း များပြားလှသော ဝိညာဉ်ကျောက်တုံးများကို လိုအပ်သော်လည်း ဝမ်တောက်ကျောင်းတော်၏ ချမ်းသာကြွယ်ဝမှုနှင့် အရင်းအမြစ်များအတွက် ထိုကုန်ကျစရိတ်မှာ ပြောပလောက်အောင် မရှိချေ။
အစီအရင်မှ အလင်းတန်းများ မှေးမှိန်သွားသည်နှင့် ရှောင်ချန်း၊ ချောင်ရို့ချန်နှင့် သူတို့အဖွဲ့များ အမြင်အာရုံထဲမှ ပျောက်ကွယ်သွားကြတော့သည်။
ချူဖုန်း ဗလာဖြစ်ကျန်ခဲ့သော အစီအရင်နေရာကို ကြည့်ပြီး တိုးညှင်းစွာ ရေရွတ်လိုက်၏။
“အဲဒီလူရှုပ်လေးနှစ်ယောက် ဒေသတွေအားလုံးမှာ သူတို့နာမည်ကို ကျော်ကြားအောင် လုပ်နိုင်ပါစေလို့ မျှော်လင့်ရတာပဲ”
ကျောင်းအုပ်ကြီးသည် ချူဖုန်းထံမှ ဤကဲ့သို့သော အမူအရာမျိုးကို တွေ့ရခဲသဖြင့် ရယ်မောလိုက်သည်။
“ဘာလဲ မင်း တပည့်တွေအပေါ် ယုံကြည်မှုမရှိဘူးလို့ ပြောချင်တာလား”
ချူဖုန်းက ခေါင်းခါပြလိုက်သည်။
“မဟုတ်ဘူး။ ကျွန်တော်က သူတို့ ပြန်လာတဲ့အချိန်ကျရင် ဘယ်လောက်တောင် သန်မာလာမလဲဆိုတာကို သိချင်ရုံသက်သက်ပါ”
ကျောင်းအုပ်ကြီး ကျီစယ်သည့် လေသံဖြင့် တဟားဟား ရယ်မောလိုက်သည်။
“ဒါဆိုရင်တော့ မင်းကိုယ်တိုင်လည်း ကြိုးကြိုးစားစား ကျင့်ကြံထားဖို့ လိုလိမ့်မယ်။ မင်းတပည့်နှစ်ယောက်က မဟာပဏ္ဍိတတွေအဖြစ် ပြန်လာချိန်မှာ မင်းက ဒီအတိုင်းပဲ ရှိနေသေးရင် သူတို့ဆရာတစ်ယောက်အနေနဲ့ မျက်နှာပျက်စရာ ဖြစ်လိမ့်မယ်”
ချူဖုန်း အဓိပ္ပာယ်ပါပါ ပြုံးလိုက်၏။
“စိတ်ချပါ ဆရာ။ ကျွန်တော် အဲဒီလူရှုပ်လေးနှစ်ယောက်ကို ကျွန်တော့်ထက် သာလွန်သွားအောင် ခွင့်ပြုမှာ မဟုတ်ပါဘူး”
အနည်းငယ် ပေါ့ပေါ့ပါးပါး စကားပြောဆိုပြီးနောက် အားလုံး လူစုခွဲသွားကြတော့သည်။
ဓားဒေသ
ဓားကျင့်ကြံခြင်းကသာ ဖိနှိပ်လွှမ်းမိုးထားသည့် နေရာတစ်ခု။
ဤနေရာတွင် ကျင့်ကြံသူ ဆယ်ယောက်ရှိလျှင် ကိုးယောက်မှာ ဓားကျင့်ကြံသူများသာ။
ဓားကျင့်ကြံသူအများစုသည် အနည်းငယ်မျှ စိန်ခေါ်ခံရရုံဖြင့် သူတို့ဓားကို ဆွဲထုတ်တတ်ကြပြီး ဓားဒေသကြီးတွင် အငြင်းပွားမှုများနှင့် တိုက်ပွဲများမှာ အဆုံးမရှိချေ။
ဝမ်တောက်ကျောင်းတော်၏ ဤဒေသပေါ်ရှိ ကျောင်းခွဲဖြစ်သော ဓားပညာကျောင်းတော်သည် ဓားဒေသတွင် အင်အားအကြီးဆုံးဖြစ်သော ရွှမ်ထျန်းဓားဂိုဏ်း ပြီးလျှင် ဒုတိယအင်အားအကြီးဆုံး အဖွဲ့အစည်း ဖြစ်သည်။
ဤအချိန်တွင် ဓားသယ်ဆောင်ခြင်းတောင်တန်း၏ ထိပ်ဖျား၌ ဓားပညာကျောင်းတော်၏ ကျောင်းအုပ်ကြီးသည် အကြီးအကဲအချို့၊ ပါရမီရှင်လူငယ်အချို့နှင့်အတူ နေရာ ရွှေ့ပြောင်းခြင်းအစီအရင်ပြင်ပတွင် မတ်တပ်ရပ်နေခဲ့သည်။
သူတို့ထဲမှ တစ်ဦးချင်းစီသည် ထက်မြက်ပြီး ပြတ်သားသော ရုပ်ရည်သွင်ပြင်များ ရှိကြကာ သူတို့လှုပ်ရှားမှုတိုင်းတွင် ဖြတ်တောက်နိုင်စွမ်းရှိသော ဓားကဲ့သို့ အရှိန်အဝါများ ဖြာထွက်နေ၏။
ဆံပင်နှင့် မုတ်ဆိတ်မွေးများ ဖြူဆွတ်နေသော အသက်ကြီးပိုင်း အမျိုးသားတစ်ဦး စိတ်မရှည်ဟန်ဖြင့် ပြောလိုက်သည်။
“ကျောင်းအုပ်ကြီး ကျွန်တော်တို့ ဓားပညာကျောင်းတော်က ဝမ်တောက်ကျောင်းတော် ဌာနခွဲတစ်ခု ဖြစ်ပေမဲ့ ဒါက နည်းနည်းတော့ လွန်ကဲမနေဘူးလား။ ဝမ်တောက်ကျောင်းတော်က နီဗားနားရှင်သန်ခြင်းအဆင့်ပဲရှိတဲ့ မြင့်မြတ်သားတော်တစ်ယောက်ကိုပဲ လွှတ်တာလေ။ ကျွန်တော်တို့တွေ ဒီလောက်အထိ ခမ်းခမ်းနားနား ကြိုဆိုဖို့ တကယ်ပဲ လိုအပ်လို့လား”
“ဟုတ်တယ်”
ခက်ထန်သော မျက်နှာထားနှင့် အခြားလူငယ်တစ်ဦး အေးစက်စွာ ပြောလိုက်သည်။
“သူက နီဗားနားရှင်သန်ခြင်းအဆင့်က မြင့်မြတ်သားတော် ဖြစ်နေရင်တောင် တာအိုပေါင်းစည်းခြင်းအဆင့် ရှိတဲ့ ဓားအမွေခံ ဖြစ်တဲ့ ကျွန်တော့်ထက် ပိုပြီး သန်မာချင်မှ သန်မာမှာပါ”
ကျောင်းအုပ်ကြီး၏ မျက်နှာအမူအရာက ချက်ချင်း တင်းမာသွားသည်။
“တိတ်စမ်း မင်းတို့ပြောနေတဲ့ ဝမ်တောက်ကျောင်းတော်က ပါရမီရှင်က ဒီခေတ်ကာလမှာ အင်အားအကြီးဆုံး မဟာပဏ္ဍိတရဲ့ တိုက်ရိုက်တပည့်ကွ။ သူ့ပါရမီက အံ့မခန်းပဲ။ ဆယ်စုနှစ်အနည်းငယ်အတွင်းမှာတင် သူက အပြင်စည်းတပည့်အဆင့်ကနေ မြင့်မြတ်သားတော်အဆင့်အထိ တက်လှမ်းနိုင်ခဲ့တာ။ သူ့ရဲ့ ခွန်အားနဲ့ နားလည်သဘောပေါက်မှုက သာမန်လူတွေထက် အဆပေါင်းများစွာ သာလွန်တယ်။ ပိုပြီး အရေးကြီးတာက သူကလည်း ဓားကျင့်ကြံသူတစ်ယောက်ပဲ။ သူရောက်လာတဲ့အခါ မင်းတို့ မာနတွေကို ထိန်းထားကြစမ်း။ ငါ့ကို မျက်နှာမပျက်စေနဲ့”
ထိုလူစုက ချက်ချင်းပင် လက်သီးဆုပ်ကာ ဦးညွှတ်လိုက်ကြသည်။
“ကျွန်တော်တို့ ကျောင်းအုပ်ကြီးရဲ့ အမိန့်ကို နာခံပါ့မယ်”
သို့သော်လည်း သူတို့စိတ်ထဲတွင်မူ မကျေနပ်မှုများစွာ ရှိနေကြပြီး အချို့မှာ ရောက်ရှိလာမည့် မြင့်မြတ်သားတော်၏ စွမ်းရည်ကို စမ်းသပ်ရန် စိန်ခေါ်ရန်ပင် ကြိုတင်ပြင်ဆင်နေကြပြီဖြစ်၏။
တခဏအတွင်း ဓားသယ်ဆောင်ခြင်းတောင်ထိပ်ရှိ လေထုသည် တင်းမာ တိတ်ဆိတ်သွားသည်။
ကျောင်းအုပ်ကြီးမှာ ထိုသူတို့၏ စိတ်ကူးကို အထင်းသား မြင်နေရသည်။
သို့သော် သူ ထပ်မံ၍ ဆူပူကြိမ်းမောင်းခြင်း မပြုတော့ချေ။
သူတို့ကို ဒုက္ခအနည်းငယ် ကြုံတွေ့ခွင့်ပေးလိုက်မည်။ ထိုသို့ကြုံမှသာ သူတို့ထက် ပိုသန်မာသူ အမြဲရှိနေကြောင်းနှင့် ကောင်းကင်၏ အထက်တွင် နောက်ထပ် ကောင်းကင်တစ်ခု အမြဲရှိကြောင်း သူတို့ နားလည်သွားကြပေလိမ့်မည်။
“ကျောင်းအုပ်ကြီး၊ နေရာ ယရွှေ့ပြောင်းခြင်းအစီအရင်က အလင်းတွေ ထွက်ပေါ်လာပြီ။ ဝမ်တောက်ကျောင်းတော်က မြင့်မြတ်သားတော် ရောက်လာပါပြီ”
စူးရှကျယ်လောင်သော အော်ဟစ်သံက တောင်ပေါ်ရှိ တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်၏။
အားလုံးက အစီအရင်ဘက်သို့ လှည့်ကြည့်လိုက်ကြပြီး မြင့်မြတ်သားတော်တွင် မည်သည့် ထူးခြားမှုမျိုး ရှိနေသလဲဆိုသည်ကို သိလိုစိတ်ပြင်းပြနေကြသည်။
ခဏအကြာတွင် တောက်ပလှသော အလင်းတန်းများ မှေးမှိန်သွားသည်။
အစီအရင်အတွင်း လူလေးဦး ပေါ်လာခဲ့ပြီး အမျိုးသား သုံးဦးနှင့် အမျိုးသမီး တစ်ဦးပင်။
သူတို့အနက် ဓားကဲ့သို့ ထက်မြက်သော မျက်ခုံးများနှင့် ကြယ်တာရာများပမာ တောက်ပသော မျက်ဝန်းများရှိသည့် ဝတ်ရုံနက်ဝတ် လူငယ်မှာ လူတိုင်း၏ အကြည့်ကို ဖမ်းစားထားသည်။
သူ မည်သည့် အရှိန်အဝါကိုမျှ ထုတ်ဖော်မထားသော်လည်း တည်ငြိမ်သော သူ့အကြည့် ဖြတ်သန်းသွားရာ နေရာတိုင်းက ဓားကျင့်ကြံသူများသည် သူ့ကို ဆန့်ကျင်ရန် မသိစိတ်အရ တွန့်ဆုတ်သွားကြ၏။
ဓားပညာကျောင်းတော်၏ ဓားအမွေခံပင် သူ့ကိုယ်သူ မထိန်းနိုင်ဘဲ အနည်းငယ် တုန်လှုပ်သွားကာ စိတ်ထဲမှ တွေးလိုက်မိသည်။
‘ဘယ်လိုတောင် ကြောက်စရာကောင်းတဲ့ ခွန်အားမျိုးလဲ’
“မျိုးဆက်သစ် ရှောင်ချန်း ဓားပညာကျောင်းတော်ရဲ့ လေးစားရပါသော စီနီယာများကို ဂါရဝပြုပါတယ်”
ရှောင်ချန်း ရှေ့သို့ လှမ်းထွက်လိုက်ပြီး လက်သီးဆုပ်ကာ နှုတ်ဆက်လိုက်သည်။
ဓားပညာကျောင်းတော်၏ ကျောင်းအုပ်ကြီး နွေးထွေးစွာ ပြုံးလိုက်၏။
“တူလေးရှောင် မင်းရောက်လာတာ ငါတို့ကျောင်းတော်အတွက် ဂုဏ်ယူစရာပါပဲ”
ရှောင်ချန်း နှိမ့်ချစွာ ပြန်ပြောလိုက်သည်။
“စီနီယာ ကျွန်တော့်ကို မြှောက်ပင့်လွန်းနေပါပြီ။ ကျွန်တော် ဒီမှာ အချိန်နည်းနည်းလောက် အနှောင့်အယှက်ပေးမိတော့မှာမလို့ ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်”
ကျောင်းအုပ်ကြီး လက်ကို ဝှေ့ယမ်းလိုက်သည်။
“မဟုတ်တာ။ ဓားပညာ ကျောင်းတော်နဲ့ ဝမ်တောက်ကျောင်းတော်က မိသားစုတစ်ခုတည်းပဲ
။ တူလေးရှောင် အထဲကို ကြွပါဦး”
“စီနီယာ အရင်ကြွပါ”
ရှောင်းချန် ယဉ်ကျေးစွာ ပြန်ပြောလိုက်သည်။
သို့သော် သူတို့နှစ်ဦးစလုံး မလှုပ်ရှားရသေးမီ လူအုပ်ကြီးထဲမှ အထူအပါးနားမလည်သော အသံတစ်သံ ထွက်ပေါ်လာခဲ့၏။
“ကျောင်းအုပ်ကြီး ဒါ နည်းနည်းတော့ မသင့်တော်ဘူး မဟုတ်လား”
ချက်ချင်းပင် ရှောင်ချန်း အပါအဝင် လူတိုင်း စကားပြောလိုက်သူကို ကြည့်လိုက်၏။