ပူးပေါင်းဆောင်ရွက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်
Vol. 43 Ch. 422
မိုးပြာနဂါးမျိုးနွယ်စု၏ သေအတူရှင်အမျှ ရင်ဆိုင်သွားမည်ဟူသော စိတ်ဓာတ်မှာ ချီးကျူးစရာကောင်းလှသော်လည်း အစ်ကိုကြီးချန်အနေဖြင့် အာရုံစိုက်မှုအားလုံးကို သူတစ်ယောက်တည်းသာ သိမ်းပိုက်ထားချင်ပေသည်။ ဤအစ်ကိုကြီးသည် သူ၏ဒုက္ခများကို အခြားသူများနှင့် ခွဲဝေခံစားရန် မည်သည့်အခါမျှ မလိုအပ်ချေ။
"မင်းတို့ သိတဲ့အတိုင်းပဲ... တစ်ယောက်လုပ်ရင် တစ်ယောက်ပဲ တာဝန်ယူရတယ်မလား"
သူသည် သူ၏ရင်ဘတ်ကို ပုတ်ပြလိုက်သည်။
"မင်းတို့မှာ ဘာပဲရှိရှိ... ငါ့ဆီကိုပဲ အကုန်ပုံချလိုက်စမ်းပါ"
ဆန်းကျိ၊ ဆန်းချုံး၊ ယီခုန်းနှင့် အခြားသော နဂါးမျိုးနွယ်စုဝင်များအားလုံး စိတ်လှုပ်ရှားသွားကြသည်။ ဒုက္ခရောက်ချိန်တွင် တာဝန်အားလုံးကို ကိုယ်တိုင်ထမ်းပိုးပြီး အခြားသူများကို မပတ်သက်စေချင်ခြင်း... ဒါက တကယ့်ကို ဧကရာဇ်တစ်ပါးရဲ့ စံပြအမူအရာပဲ။
"ဧကရာဇ်... ငါတို့ မကြောက်ပါဘူး"
"မှန်တယ်... ငါတို့ အတူတူ ရင်ဆိုင်ကြရအောင်..."
အတူတူရင်ဆိုင်ရအောင် ဟုတ်လား...
ချီး...
အစ်ကိုကြီးချန် ခေါင်းကိုက်သွားသည်။
မင်းတို့တွေက ဘာလို့ ဒီလောက် သွေးဆူလွယ်နေကြရတာလဲ။
ငါ့ကို တစ်ယောက်တည်း အေးအေးဆေးဆေး လူပေါ်လူဇော်လုပ်ခွင့် ပေးလို့မရဘူးလား။
"မင်းကိုယ်တိုင် ဝန်ခံလိုက်ပြီပဲ"
သူတို့၏ ဆန့်ကျင်ဘက်တွင်ရှိနေသော ချီမုန်က နောက်ဆုံးတော့ မင်းဝန်ခံလိုက်ပြီပေါ့ဟု ပြောဆိုနေသည့်အလား ခက်ထန်သောအမူအရာမျိုး ပြုလုပ်လိုက်သည်။
"လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးသောင်းက... အစုအပြုံလိုက် မကျဆုံးစေဖို့အတွက် မိစ္ဆာနန်းတော်တစ်သောင်းနဲ့ အင်မော်တယ်မဟာမိတ်အဖွဲ့တို့ဟာ သဘောတူညီချက်တစ်ခု ထားခဲ့ကြတယ်"
"အဲဒီအချိန်ကစပြီး နှစ်ဖက်စလုံးရဲ့ ပဋိပက္ခအဆင့်အတန်းကို ကန့်သတ်ထားခဲ့ကြတာ။ အင်မော်တယ်ဧကရာဇ်တွေနဲ့ မိစ္ဆာဧကရာဇ်တွေဟာ အချင်းချင်းတိုက်ခိုက်ခွင့်မရှိသလို ဧကရာဇ်တစ်ပိုင်းတွေကလည်း သတိကြီးစွာထားပြီး လှုပ်ရှားရတယ်"
"ဒါပေမယ့် မင်းကတော့... ဝူကျိဂူဗိမာန်ကို မင်းသဘောနဲ့မင်း တိုက်ခိုက်ခဲ့ပြီး ပဋိပက္ခကို အင်မော်တယ်ဧကရာဇ်အဆင့်အထိ မြှင့်တင်ပစ်ခဲ့ကာ ဒီသဘောတူညီချက်ကို ရိုက်ချိုးဖျက်ဆီးပစ်ခဲ့တယ်"
"မင်း ဘာလို့ အခုထိ တရားဥပဒေအတိုင်း အပြစ်ပေးခံဖို့ ဝန်မခံသေးတာလဲ"
သူ၏ စကားလုံးများကြောင့် အစ်ကိုကြီးချန် ရယ်ချင်သွားသည်။
အစုအပြုံလိုက် မကျဆုံးစေဖို့ ဟုတ်လား...
ဒါက အင်မော်တယ်ဧကရာဇ်များနှင့် မိစ္ဆာဧကရာဇ်များ ဆက်လက်တိုက်ခိုက်နေကြပါက သူတို့ကိုယ်တိုင် သေဆုံးသွားရမှာကိုကြောက်ရွံ့နေကြ၍သာ။ ၎င်းက ငြိမ်းချမ်းရေးအတွက်ဆိုလျှင် နှစ်ပေါင်းသောင်းချီကြာအောင် အင်မော်တယ်ဘုရင်များ၊ မိစ္ဆာဘုရင်များ၊ အင်မော်တယ်အရှင်သခင်များနှင့် မိစ္ဆာအရှင်သခင်များကြားတွင် အဆက်မပြတ် ပဋိပက္ခများ ရှိနေမည်မဟုတ်။ ထို့အပြင် သူသည် ထိုစဉ်တုန်းက မည်သည့်အရာများဖြစ်ပျက်ခဲ့သည်ကို သိရှိထားလေပြီ။
လူသားမျိုးနွယ်စု အင်အားကြီးထွားလာစဉ်က သူတို့သည် မိစ္ဆာမျိုးနွယ်စု၊ ဝိညာဉ်မျိုးနွယ်စုနှင့် အခြားသောအုပ်စုများကို အမြစ်ပြတ်ချေမှုန်းပစ်ရန် ရည်ရွယ်ခဲ့ကြသည်။ သို့သော်လည်း လူသားမျိုးနွယ်စုက တစ်ပွဲပြီးတစ်ပွဲ အောင်ပွဲခံလာသည်နှင့်အမျှ အင်မော်တယ်များနှင့် မိစ္ဆာများကြားတွင် အတွင်းပိုင်းကွဲပြားမှုများက ပိုမိုကြီးမားလာ၏။ အင်မော်တယ်များနှင့် မိစ္ဆာများက အတူတကွ ယှဉ်တွဲမနေထိုင်နိုင်ကြချေ။
နောက်ဆုံးတွင် သူတို့သည် အင်မော်တယ်လောကနှင့် မိစ္ဆာလောကဟူ၍ လုံးဝကွဲထွက်သွားခဲ့ပြီး အင်မော်တယ်လောကအပေါ် လွှမ်းမိုးချုပ်ကိုင်နိုင်ရန်အတွက် အချင်းချင်းတိုက်ခိုက်ကြတော့သည်။ ထိုအချိန်မှစ၍ အင်မော်တယ်လောကနှင့် မိစ္ဆာလောက နှစ်ခုစလုံးက ဧကရာဇ်အဆင့်ကျင့်ကြံသူများကို အလွယ်တကူ အသုံးမပြုရန် မိစ္ဆာလောကနှင့် သဘောတူညီချက်များ လက်မှတ်ရေးထိုးခဲ့ကြခြင်းမှာ အဓိကအားဖြင့် မသေချင်ကြ၍သာ။
သူ့ရှေ့တွင် ဝရမ်းပြေးတစ်ယောက်ကို ဖမ်းဆီးတော့မည့်အလား အမူအရာများပြုလုပ်နေကြသော လူအနည်းငယ်ကိုကြည့်ပြီး သူက ခေါင်းကိုခါယမ်းလိုက်သည်။
"တကယ်တော့... မင်းတို့ ဒီနေ့ ဒီနေရာကို ရောက်လာတာကို ငါ တော်တော်လေး အံ့သြမိတယ်"
သူ့အကြည့်က အင်မော်တယ်ဘုရင်နှစ်ပါးထံသို့ ကျရောက်သွား၏။
"ငါ တော်တော်လေး သိချင်မိတယ်... အင်မော်တယ်မဟာမိတ်အဖွဲ့က ဘာလို့ အင်မော်တယ်ဘုရင်နှစ်ပါးတည်းကိုပဲ စေလွှတ်ခဲ့ရတာလဲ"
သူတို့က သူ့ကို အထင်သေးနေကြတာလား...
သူက ဧကရာဇ်တစ်ပိုင်း အများအပြားကိုတောင် ရှင်းလင်းပစ်ခဲ့ပြီးဖြစ်ရာ သူတို့အနေဖြင့် အနည်းဆုံး အင်မော်တယ်ဧကရာဇ် အနည်းငယ်လောက်ကိုတော့ စေလွှတ်သင့်သည်မဟုတ်လော။
သို့သော်လည်း သူမသိသည်မှာ အင်မော်တယ်ဧကရာဇ်များက မလာချင်ကြ၍မဟုတ်ဘဲ လာ၍မရနိုင်သောကြောင့်ဖြစ်သည်။
အင်မော်တယ်-မိစ္ဆာတောင်တန်း၏ ခံစစ်စည်းတွင် နိယာမအတားအဆီးတစ်ခုရှိနေပြီး ၎င်းက လောကနှစ်ခုကြားရှိ သဘောတူညီချက်ကြောင့် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ အကယ်၍ အင်မော်တယ်ဧကရာဇ်တစ်ပါးသာ နယ်စပ်ကိုဖြတ်ကျော်လိုက်မည်ဆိုပါက ၎င်းက အတားအဆီးကို ရိုက်ချိုးဖျက်ဆီးပစ်ရာရောက်လိမ့်မည်ဖြစ်ပြီး အလုံးစုံစစ်ပွဲကြီးတစ်ခု စတင်ခြင်းကိုဆိုလို၏။
၎င်းသည် အင်မော်တယ်မဟာမိတ်အဖွဲ့အနေဖြင့် မမြင်တွေ့ချင်သောရလဒ်တစ်ခုဖြစ်သည်။ ထို့ကြောင့် အင်မော်တယ်ဧကရာဇ် လေကျိ မည်မျှပင် အမျက်ဒေါသထွက်နေပါစေ သူက မိစ္ဆာနန်းတော်တစ်သောင်းနှင့် စေ့စပ်ညှိနှိုင်းရန်အတွက် အင်မော်တယ်ဘုရင်နှစ်ပါးကိုသာ အရင်ဆုံးစေလွှတ်ရ၏။
"မင်းက ကိုယ့်အပြစ်ကိုယ် ဝန်ခံပြီးပြီဆိုတော့... အခုအချိန်မှာ ဘာပဲပြောပြော အလကားပါပဲ"
"မင်း ဘာလို့ အခုထိ လက်နက်ချ အဖမ်းမခံသေးတာလဲ"
"ဟက်..."
အစ်ကိုကြီးချန် ရုတ်တရက်ပင် နားလည်ရခက်သော အဓိပ္ပာယ်မျိုးဖြင့် ပြုံးလိုက်သည်။
"မင်းတို့က ငါ ဝူကျိဂူဗိမာန်ကို အမြစ်ပြတ်ချေမှုန်းပစ်ခဲ့မှန်း သိနေမှတော့..."
"ဘာလို့ အခုထိ ထွက်မပြေးကြသေးတာလဲ"
ချီမုန်၏ မျက်ဝန်းများ အကြီးအကျယ် ပြောင်းလဲသွားခဲ့သော်လည်း အရာအားလုံးက နောက်ကျသွားလေပြီ။ ထိုခဏတွင်ပင် အစ်ကိုကြီးချန် ရှိနေခဲ့သောနေရာမှ ပျောက်ကွယ်သွား၏။ ကောင်းကင်ယံထက်တွင် မီးလျှံတစ်ချက် တောက်လောင်သွားပြီး ၎င်းနှင့်အတူ အင်မော်တယ်နိုင်ငံတော်နှစ်ခု ပြိုကွဲပျက်စီးသွားသည့်အသံနှင့်အတူ ဦးခေါင်းနှစ်လုံး ကောင်းကင်ယံထက်သို့ လွင့်ပျံသွားတော့သည်။
ဖြစ်စဉ်တစ်ခုလုံးက လျှပ်စီးလက်သကဲ့သို့မြန်ဆန်၏။ သူတို့အားလုံးက အင်မော်တယ်ဘုရင်အဆင့်တွင်သာ ရှိနေကြသော်လည်း အစ်ကိုကြီးချန်၏ ရှေ့မှောက်တွင်မူ ထိုအင်မော်တယ်ဘုရင်နှစ်ပါးက အဆင့်တစ်ခုလုံး နိမ့်ကျနေသည့်အလား ခံစားလိုက်ရသည်။ စွမ်းအားကွာဟချက်က တကယ့်ကို ကြီးမားလွန်း၏။ သူတို့၏ အင်မော်တယ်နိုင်ငံတော်များကို မထုတ်ဖော်နိုင်မီ ပြိုလဲပျက်စီးသွားခဲ့သည်။
ဆန်းကျိနှင့် ဆန်းချုံးတို့ပင်လျှင် ဤမြင်ကွင်းကို ချက်ချင်းတုံ့ပြန်နိုင်စွမ်း မရှိခဲ့ကြ။ သူတို့ ထပ်မံကြည့်ရှုလိုက်သည့်အခါတွင်မူ ကွင်းပြင်ထဲတွင် ပြာအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီဖြစ်သော အလောင်းနှစ်လောင်းသာကျန်၏။ အစ်ကိုကြီးချန်ကမူ သူ၏ မူလနေရာသို့ အချိန်အတော်ကြာကတည်းက ပြန်လည်ရောက်နေပြီဖြစ်ပြီး သူ့ဓားကိုဓားအိမ်ထဲသို့ ပြန်လည်ထည့်သွင်းလိုက်ကာ ဟန်ထုတ်လိုက်သေးသည်။
"မင်း... မင်း သူတို့ကို သတ်လိုက်တာလား"
ချီမုန် မှင်တက်သွားခဲ့ပြီး စကားပါထစ်သွားသည်။ ဤနှစ်ယောက်က အင်မော်တယ်မဟာမိတ်အဖွဲ့၏ အဖွဲ့ဝင်များဖြစ်၏။ အင်မော်တယ်လောကရှိ အင်မော်တယ်ဘုရင်တိုင်းက အင်မော်တယ်မဟာမိတ်အဖွဲ့ထဲသို့ ဝင်ရောက်နိုင်ကြသည်မဟုတ်။
အကယ်၍ တစ်ယောက်ယောက်က အင်မော်တယ်မဟာမိတ်အဖွဲ့ထဲသို့ ဝင်ရောက်နိုင်ခဲ့ပြီဆိုပါက အင်မော်တယ်လောကရှိ ထိပ်တန်းအင်အားစုအားလုံး၏ ကျောထောက်နောက်ခံကို ရရှိထားခြင်းဖြစ်သည်။ ၎င်းသည် သူတို့ချီလင်မျိုးနွယ်စုက ထိုအင်မော်တယ်ဘုရင်နှစ်ပါးအပေါ် ဤမျှအထိ ယဉ်ကျေးပျူငှာစွာဆက်ဆံခဲ့ရသည့် အကြောင်းအရင်းပင်... သူတို့ကို စော်ကားခြင်းက အင်မော်တယ်မဟာမိတ်အဖွဲ့ကို စော်ကားခြင်းနှင့်အတူတူဖြစ်သည်။
သို့သော်လည်း ယခုတော့... ထိုလူနှစ်ယောက်က ဤကဲ့သို့ လွယ်လွယ်ကူကူဖြင့် သေဆုံးသွားလေပြီ။
အစ်ကိုကြီးချန်က သဘာဝကျကျပင် ခေါင်းညိတ်ပြလိုက်သည်။
"အင်းလေ... မင်းတို့မျက်စိရှေ့တင်ပဲမဟုတ်လား"
ချီမုန် သူ့စိတ်ထဲမှ အဓိပ္ပာယ်မရှိလှသော ခံစားချက်များကို ဖော်ပြရန်အတွက် စကားလုံး ရှာမတွေ့နိုင်ဖြစ်နေ၏။ သူ့လည်ပင်းတွင် ဆွဲထားသော ပုတီးစေ့များကိုခါယမ်းလိုက်ပြီး ဒေါသတကြီး အော်ဟစ်လိုက်တော့သည်။
"သူတို့က မိစ္ဆာနန်းတော်တစ်သောင်းနဲ့ စေ့စပ်ညှိနှိုင်းဖို့ အင်မော်တယ်မဟာမိတ်အဖွဲ့ကိုယ်စား ရောက်လာကြတာလေ... မင်းက ဘယ်လိုများ သူတို့ကိုသတ်ပစ်ဝံ့တာလဲ"
အစ်ကိုကြီးချန် သူ၏ လက်နှစ်ဖက်ကို ဖြန့်ပြလိုက်ပြီး အပြစ်ကင်းစင်ဟန် ဆောင်လိုက်သည်။
"မင်းတို့ကိုယ်တိုင်ပဲ အသတ်ခံဖို့ ငါ့ဆီကို လာပို့ပေးခဲ့တာမဟုတ်ဘူးလား"
ချီမုန်အနေဖြင့် နောက်ပိုင်းတွင် ဤကိစ္စကို အင်မော်တယ်မဟာမိတ်အဖွဲ့ထံ မည်သို့ရှင်းပြရမည်ကို စိုးရိမ်ပူပန်နေရပြီဖြစ်ရာ ဤစကားကိုကြားလိုက်ရသည့်အခါတွင်မူ ရူးသွပ်လုနီးပါး ဖြစ်သွားတော့သည်။
"ငါက ဘယ်တုန်းက မင်းကို သူတို့ကိုသတ်ခိုင်းခဲ့လို့လဲ။ ငါ့ကိုလာပြီးမစွပ်စွဲနဲ့"
အစ်ကိုကြီးချန် သွားဖြဲပြလိုက်သည်။
"မင်း သေချာပေါက် လုပ်ခဲ့တာပဲ။ ငါ ဝူကျိဂူဗိမာန်ကို အမြစ်ပြတ်ချေမှုန်းနိုင်မှန်းသိရက်နဲ့ မင်းက ဒီသိုးငယ်လေးနှစ်ကောင်ကို ငါ့ဆီကို အသတ်ခံဖို့ ခေါ်လာပေးခဲ့တာလေ... ဒါက ငါ့ကို သတ်ပစ်ဖို့ သတိပေးနေတာနဲ့ မတူဘူးလား။ ငါက မင်းတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုအတွက် တကယ်ပဲ ကျေးဇူးတင်ရဦးမှာ"
"ဟားဟားဟား... မှန်တယ်... မှန်တယ်... မှန်တယ်"
မူလက ရုတ်တရက် သတ်ဖြတ်မှုကြောင့် အံ့အားသင့်နေခဲ့ကြသော ဆန်းကျိနှင့် အခြားသော နဂါးမျိုးနွယ်စုဝင်များအားလုံး ယခုအခါတွင် သဘောကျကာ ရယ်မောနေကြတော့သည်။
"ချီလင်မျိုးနွယ်စုက ဧကရာဇ်သတ်ဖြတ်ဖို့အတွက် သူတို့ကို ကိုယ်တိုင်ကိုယ်ကျ ခေါ်ဆောင်လာပေးခဲ့တာပဲ"
"ချီလင်မျိုးနွယ်စုရဲ့ အစီအစဉ်က တကယ့်ကို ကောင်းမွန်လှတာပဲ။ ရန်သူရဲ့ယုံကြည်မှုကိုရယူပြီးမှ သူတို့ကို ထောင်ချောက်ထဲမျှားခေါ်လာခဲ့တာ... တကယ့်ကို လှလှပပလုပ်ဆောင်နိုင်ခဲ့တာပဲ"
"နှစ်ပေါင်းများစွာကြာအောင် အရိုးမရှိသလိုမျိုး နေထိုင်လာခဲ့တဲ့ ချီလင်မျိုးနွယ်စုက အခုတော့ တစ်ခေါက်လောက် အရိုးမာလာလိမ့်မယ်လို့ ဘယ်သူကထင်ထားမှာလဲ..."
သူတို့ကတော့ အမှန်တရားက ဤသို့မဟုတ်မှန်း သိထားကြသည်။ ချီလင်မျိုးနွယ်စုအနေဖြင့် အင်မော်တယ်မျိုးနွယ်စုနှင့် ဆက်ဆံရေး ပျက်ပြားမခံဝံ့ချေ... ဤသို့ တမင်တကာပြောဆိုနေခြင်းမှာ ချီမုန်ကို စိတ်ပျက်အောင် လုပ်ဆောင်နေခြင်းသာ။
"အားလုံး ပါးစပ်ပိတ်ထားစမ်း"
ထိုချီလင်မျိုးနွယ်စုဝင် ကျွမ်းကျင်သူအနည်းငယ်က အလွန်အမင်း ဒေါသထွက်သွားကြပြီး သူတို့ကို သတ်ပစ်ချင်စိတ်များ ပေါက်လာသည်။ သို့သော်လည်း ဤနေရာတွင် သူတို့မလုပ်ရဲကြသေးချေ။ မိုးပြာနဂါးမျိုးနွယ်စု၏ ဘိုးဘေးနယ်မြေအတွင်းတွင် နဂါးများအားလုံးက အထူးစွမ်းအားမြှင့်တင်မှုများကို ရရှိထားကြသည်။ ထို့အပြင် ဆန်းကျိနှင့် ဆန်းချုံးဟူသော ဧကရာဇ်တစ်ပိုင်း နှစ်ပါးတည်းနှင့်တင် သူတို့ကိုနှိမ်နင်းရန် လုံလောက်သည်။
"ကောင်းပြီ... အလွန်ကောင်းတယ်... မင်းတို့ မိုးပြာနဂါးမျိုးနွယ်စုက မိစ္ဆာလောကမှာ ဆက်ပြီးမရှင်သန်ချင်တော့ဘူးပေါ့"
"အရေးကြီးတဲ့ သံတမန်တွေကို ခွင့်ပြုချက်မရှိဘဲ သတ်ဖြတ်ပြီး မိစ္ဆာလောကရဲ့ အလုံးစုံသော အခြေအနေကို ဖျက်ဆီးပစ်တာကြောင့်... မိစ္ဆာနန်းတော်တစ်သောင်းက မင်းတို့တွေကို သေချာပေါက် သုတ်သင်ရှင်းလင်းပစ်လိမ့်မယ်"
"အခုကစပြီး မိစ္ဆာနန်းတော်တစ်သောင်းဆီကနေ ဘာကာကွယ်မှုမျိုးကိုမှရရှိဖို့ မျှော်လင့်မနေနဲ့တော့... လူသားမျိုးနွယ်စုရဲ့ အင်မော်တယ်ဧကရာဇ်တွေရဲ့ သတ်ဖြတ်ခြင်းကိုပဲ စောင့်ဆိုင်းနေလိုက်ကြတော့"
ပြင်းထန်လှသော စကားလုံးများကို ပြောဆိုပြီးနောက် ချီမုန်က အမိန့်ပေးလိုက်သည်။
"သွားကြစို့"
အစ်ကိုကြီးချန်ကမူ သူတို့၏ လမ်းကိုပိတ်လိုက်သည်။
"မင်းတို့ကို ဘယ်သူက ထွက်သွားခွင့်ပေးလို့လဲ"
ချီမုန်၏ နှလုံးသား တုန်ခါသွားခဲ့ရပြီး ကျန်သောချီလင်မျိုးနွယ်စုဝင် အနည်းငယ်၏ မျက်နှာအမူအရာများလည်း အကြီးအကျယ်ပြောင်းလဲသွားသည်။
"မင်း ဘာဆိုလိုတာလဲ။ မင်းက ငါတို့ကိုပါ သတ်ပစ်ချင်နေတာလား"
"ငါက ဘာလို့မသတ်ရဲရမှာလဲ"
အစ်ကိုကြီးချန် သူ၏ ပုခုံးကို တွန့်ပြလိုက်သည်။
"မင်းပဲ ခုနတင် ပြောခဲ့တယ်လေ... ငါက ဝူကျိဂူဗိမာန်ကို အမြစ်ပြတ်ချေမှုန်းခဲ့တာလို့"
"ငါက သူတို့ကိုတောင် အမြစ်ပြတ်ချေမှုန်းဝံ့ရင် ချီလင်နည်းနည်းလောက်ကို ဘာလို့မသတ်ရဲရမှာလဲ"
သူသည် ဟုန်ကျွယ်အင်မော်တယ်ဓားကို ဖြည်းညှင်းစွာ ထုတ်ယူလိုက်ပြီး သူ၏သတ်ဖြတ်လိုသော အငွေ့အသက်များကို လုံးဝဖုံးကွယ်ထားခြင်းမရှိ။
"မင်း... မင်း ရူးနေတာလား"
ချီမုန် နောက်ဆုံးတွင်မူ ယခုတစ်ကြိမ် မိုးပြာနဂါးချိုင့်ဝှမ်းသို့ လာရောက်ရှာဖွေခြင်းက မည်မျှအထိ မိုက်မဲခဲ့မှန်း သဘောပေါက်သွားလေပြီ။
မှန်ပေသည်... ထိုအဓိကတရားခံက ဝူကျိဂူဗိမာန်ကိုတောင် အမြစ်ပြတ်ချေမှုန်းဝံ့သူဖြစ်သည်။ သူ့ကို လွန်ခဲ့သော နှစ်ပေါင်းသောင်းချီအတွင်း အင်မော်တယ်လောကရှိ နံပါတ်တစ် ရက်စက်ကြမ်းကြုတ်သူဟု ခေါ်ဆိုနိုင်၏။ သာမန်အခြေအနေမျိုးတွင် ဆိုပါက ထိုကဲ့သို့သော လူစားမျိုးနှင့် ဝေးဝေးတွင်သာ နေထိုင်သင့်သည်။
သူကမူ ထိုသူကိုအပြစ်တင်ရန်အတွက် မိုက်မဲစွာဖြင့် ပြေးဝင်လာခဲ့ခြင်းဖြစ်ရာ ကိုယ့်ကိုယ်ကိုယ်သေကြောင်းကြံစည်နေခြင်းနှင့် ဘာကွာခြားပါဦးမည်နည်း။ သူသည် မျှော်လင့်ချက်မဲ့နေသော အခြေအနေတွင် အခြားသော နဂါးမျိုးနွယ်စုဝင်များထံမှသာ အကူအညီတောင်းခံရတော့သည်။
"ဆန်းကျိ... ဆန်းချုံး... မင်းတို့ မိုးပြာနဂါးချိုင့်ဝှမ်းက တကယ်ပဲ မိစ္ဆာမျိုးနွယ်စုတစ်ခုလုံးကို ရန်သူအဖြစ် သတ်မှတ်တော့မှာလား"