← Chapters

မိစ္ဆာလောက၏ အခင်းအကျင်း

Vol. 43 Ch. 423

မိစ္ဆာလောက၏ အခင်းအကျင်း

Vol. 43 Ch. 423

ချီမုန်၏ အကူအညီတောင်းခံမှုသည် ဆန်းကျိနှင့် ဆန်းချုံးတို့ထံမှ ထောက်ခံမှုကို မရရှိခဲ့ရုံသာမက သူတို့ကပင် ထပ်မံဝိုင်းရံလိုက်ကြလေသည်။ မိုးပြာနဂါးချိုင့်ဝှမ်းအတွင်းရှိ ဧကရာဇ်တစ်ပိုင်း ခုနစ်ပါးစလုံးက သူ့ကိုဝိုင်းရံပိတ်ဆို့ထားကြ၏။ ကျန်ရသော နဂါးဘုရင်တစ်ရာကျော်ကလည်း စစ်ပွဲအတွက် အပြည့်အဝပြင်ဆင်ထားကြရင်း အပြင်ဘက် ပတ်ပတ်လည်ကို အခိုင်အမာ စောင့်ကြပ်ထားကြသည်။

"မင်းတို့အားလုံး ရူးသွားကြပြီလား"

ချီမုန် စိတ်ဓာတ်များ လုံးဝပျက်စီးသွားခဲ့ရပြီး သူ့ပတ်ဝန်းကျင်ကိုကြည့်ကာ လည်ချောင်းကွဲမတတ် အော်ဟစ်လိုက်တော့သည်။

"မင်းတို့ မိုးပြာနဂါးချိုင့်ဝှမ်းက ငါတို့ ချီလင်မျိုးနွယ်စုနဲ့ အဆုံးအဖြတ်စစ်ပွဲဆင်နွှဲဖို့ ရည်ရွယ်နေတာလား"

ဆန်းကျိက အေးစက်စွာ ပြောဆိုလိုက်သည်။

"ငါတို့မျိုးနွယ်စုရဲ့ ဧကရာဇ်ရဲ့ ဆုံးဖြတ်ချက်က... မိုးပြာနဂါးချိုင့်ဝှမ်းတစ်ခုလုံးရဲ့ ဆုံးဖြတ်ချက်ပဲ"

ယီခုန်းကလည်း မဆိုင်းမတွပင် ဝင်ရောက်ပြောဆိုလိုက်သည်။

"သူက မင်းတို့ကို အမြစ်ပြတ်ချေမှုန်းပစ်ချင်တယ်ဆိုရင်... ငါတို့က ဝိုင်းဝန်းကူညီပေးရမှာပေါ့"

တကယ့်ကို ကောင်းမွန်လှပေသည်။

ကျန်းချန်သည် နဂါးမျိုးနွယ်စုအပေါ် ပို၍ပို၍ သဘောကျလာ၏။ သူတို့က တကယ့်ကို သူ၏ စရိုက်နှင့် ကိုက်ညီလွန်းလှသည်။ သို့သော်လည်း ထိုခဏတွင်ပင် ဆန်းလင်က အသံလွှင့်ချက်တစ်ခု ပေးပို့လာသည်။

"သူတို့ကို မသတ်တာက အကောင်းဆုံးပဲ"

"ဘာလို့လဲ"

ကျန်းချန် မျက်မှောင်ကြုတ်လိုက်သည်။

"အစ်မကြီး... ခုနက သူတို့ပြောတာကို အစ်မကြီးလည်း ကြားတယ်မဟုတ်လား။ အင်မော်တယ်မဟာမိတ်အဖွဲ့အတွက်နဲ့ သူတို့က နဂါးမျိုးနွယ်စုကို မိစ္ဆာလောကကနေတောင် အပယ်ခံဖြစ်အောင် လုပ်ချင်နေတာလေ။ ဒီလို အမှိုက်တွေကိုချန်ထားပြီး ဘာလုပ်မှာလဲ"

"ဒါတင်မကသေးဘူး... သူတို့က လွန်ခဲ့တဲ့ နှစ်ပေါင်းသောင်းချီက အင်မော်တယ်-မိစ္ဆာစစ်ပွဲတုန်းကလည်း ဘေးကနေ လက်ပိုက်ကြည့်နေခဲ့ကြတာ"

ယခုတစ်ကြိမ်တွင်မူ အမှန်တကယ် သတ်ဖြတ်လိုသောစိတ် ပြင်းထန်နေသည်။ ထို့အပြင် ဤချီလင်အနည်းငယ်ကို သတ်ဖြတ်ပြီးနောက်တွင် သူသည် ပစ္စည်းအချို့ကိုလည်း လုယက်နိုင်ဦးမည်မဟုတ်ပါလော။

ဆန်းလင်က ညင်သာစွာ ပြောဆိုလိုက်သည်။

"ငါက ပထမမျိုးဆက် မိုးပြာနဂါးဧကရီပဲ... မင်းထက်တောင် ပိုပြီး စိတ်အနှောင့်အယှက် ဖြစ်ရသေးတယ်"

"ဒါပေမယ့် ငါတို့သာ သူတို့ကို သတ်လိုက်ရင် ချီလင်မျိုးနွယ်စုနဲ့ ဆက်ဆံရေးပျက်ပြားသွားလိမ့်မယ်၊ ပြီးတော့ စစ်ပွဲကြီးတစ်ခုကလည်း သေချာပေါက်ဖြစ်လာလိမ့်မယ်"

ကျန်းချန်ကမူ ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။

"အဲဒါက ဘာဖြစ်လဲ... အဆိုးဆုံးကတော့ ငါတို့ သူတို့ကိုပါ အမြစ်ပြတ်ချေမှုန်းပစ်လိုက်ရုံပေါ့"

သူ၏စနစ်ဖြင့်ဆိုလျှင် ဤကမ္ဘာပေါ်တွင် သူရန်မစဝံ့သော တည်ရှိမှုဟူ၍မရှိ။ သူ၏ရန်သူများ ပိုမိုအင်အားကြီးထွားလာရန်ပင် တိတ်တဆိတ် မျှော်လင့်နေခဲ့သေးသည်။

"အိုး... ဒီလောက်တောင် လေလုံးထွားနေတာလား"

ဆန်းလင် ပထမတော့ အံ့အားသင့်သွားသော်လည်း နောက်ပိုင်းတွင်မူ သူမ၏လေသံက ပြောင်းလဲလာသည်။

"ချီလင်မျိုးနွယ်စုရဲ့ မိစ္ဆာဧကရာဇ် နှစ်ပါး၊ ဧကရာဇ်တစ်ပိုင်း ခုနစ်ဆယ်ကျော်နဲ့ မိစ္ဆာဘုရင် တစ်ထောင်ကျော်ပါဝင်တဲ့ အင်အားစုက... မင်းကိုမခြောက်လှန့်နိုင်ဘူးပေါ့ ဟုတ်လား"

ကျန်းချန် သူ၏ရင်ကိုကော့လိုက်ပြီး ပြတ်ပြတ်သားသားပြောလိုက်သည်။

"ငါတို့မျိုးဆက်က ဘယ်တုန်းကမှ အင်အားကြီးတဲ့ ရန်သူတွေကို မကြောက်ခဲ့ဘူး... သေခြင်းတရားဆိုတာက အသေးအဖွဲလေးပဲ"

"တောက် တောက် တောက်..."

ဆန်းလင်က နောက်ပြောင်ကျီစယ်သောလေသံဖြင့် ပြောလိုက်သည်။

"မင်းရဲ့ အစ်မကို လူအလို့ ထင်နေတာလား။ မင်းမှာ တစ်ခုခု ထူးခြားတဲ့ဝှက်ဖဲရှိနေရမယ်ဆိုတာကို ငါမသိဘူးလို့ထင်နေလား"

ဤအစ်မကြီးက တကယ့်ကို ထက်မြက်လွန်းလှရာ သူမကိုလှည့်စားရန် မလွယ်ကူချေ။

ကျန်းချန်မှာ အိုးတိုးအမ်းတန်းဖြင့် သူ၏နှာခေါင်းကိုသာ ပွတ်လိုက်ရတော့သည်။

"အဟမ်း... ငါ့မှာ လျှို့ဝှက်ချက်အချို့ ရှိခွင့်မရှိဘူးလား"

ဆန်းလင်က ဝမ်းနည်းဖွယ်လေသံဖြင့် ပြောလိုက်သည်။

"မင်းက တကယ့်ကို မင်းရဲ့အစ်မကို ဝမ်းနည်းအောင်လုပ်တာပဲ... ငါ့ကိုတောင် ဖုံးကွယ်ထားသေးတယ်"

ကျန်းချန်သည် သူမက တမင်တကာကျီစယ်နေခြင်းမှန်းသိထား၍သာ စိတ်ထဲမထားခဲ့ခြင်းဖြစ်သည်။

"ငါမှားပါတယ်... ငါမှားပါတယ်"

သူက မှားပါသည်ဟု ဝန်ခံနေသော်လည်း စနစ်၏အကြောင်းကိုမူ ကျိလင်းဟန်အပါအဝင် မည်သူ့ကိုမျှ မည်သည့်အခါမျှ ထုတ်ဖော်ပြောပြလိမ့်မည်မဟုတ်။ ဆန်းလင်က ထိုကိစ္စကို လက်လွှတ်လိုက်ပြီး ဆက်လက်ပြောသည်။

"မင်း ချီလင်မျိုးနွယ်စုကိုခုခံဖို့ ဘယ်လိုနည်းလမ်းတွေရှိနေလဲဆိုတာ ငါမသိပေမယ့်၊ မင်း လုပ်နိုင်ရင်တောင်မှ အခုအချိန်က သူတို့နဲ့ ဆက်ဆံရေးဖြတ်တောက်ဖို့ အချိန်မဟုတ်သေးဘူး"

"ချီလင်မျိုးနွယ်စုကို အမြစ်ပြတ်ချေမှုန်းလို့မရဘူးလား"

"လွန်ခဲ့တဲ့ နှစ်ပေါင်းသန်းပေါင်းများစွာက ဆိုရင်တော့... မင်းမှာ အင်အားရှိသရွေ့ သူတို့ကို အမြစ်ပြတ်ချေမှုန်းပစ်တာက အဆင်ပြေလိမ့်မယ်။ ဒါပေမယ့် အခုတော့ အဲဒီလိုလုပ်လို့မရတော့ဘူး"

"မိစ္ဆာလောကမှာ အင်မော်တယ်လောကစတင်ကတည်းက ပေါ်ပေါက်လာခဲ့တဲ့ အဓိကမျိုးနွယ်စုကြီးသုံးခုရဲ့ မိစ္ဆာဧကရာဇ်တွေရှိတယ်... အဲဒါတွေကတော့ နဂါး၊ ဖီးနစ်နဲ့ ချီလင်တို့ပဲ"

"ဒီအကြောင်းရင်းကြောင့်ပဲ... ဒီမျိုးနွယ်စုကြီးသုံးခုရဲ့ မိစ္ဆာဧကရာဇ်တွေဟာ အခြားသော မိစ္ဆာဧကရာဇ်တွေထက် ပိုမိုအင်အားကြီးမားကြပြီး သူတို့ရဲ့ အဆင့်အတန်းကလည်း အခြားမျိုးနွယ်စုတွေထက် ပိုမိုမြင့်မားကြတယ်"

ကျန်းချန် သူ နားလည်ကြောင်း ပြသရန်အတွက် ခေါင်းညိတ်ပြလိုက်သည်။ ၎င်းက ရှေးယခင် စကားအတိုင်းပင်... သူတို့က စောစီးစွာ မွေးဖွားလာခဲ့ကြခြင်းသာ။

မိစ္ဆာဧကရာဇ်များအဖြစ် မွေးဖွားလာခဲ့ကြပြီး နိယာမတရားများ၏ နှလုံးသားက သူတို့ကို သခင်အဖြစ် တက်ကြွစွာ ရွေးချယ်ခဲ့ကြခြင်းဖြစ်ရာ... ဤကဲ့သို့ ကောင်းကင်ဘုံက ပေးသနားထားသော အခွင့်အရေးကို မည်သူက ယှဉ်ပြိုင်နိုင်ပါဦးမည်နည်း။

ဆန်းလင် သက်ပြင်းတစ်ချက် ညင်သာစွာ ချလိုက်သည်။

"ဒါပေမယ့် အင်မော်တယ်-မိစ္ဆာစစ်ပွဲအတွင်းမှာ... ငါတို့ နဂါးမျိုးနွယ်စုက လုံးဝ ဆုတ်ယုတ်ပျက်စီးသွားခဲ့ပြီး ရွှမ်မင်တစ်ယောက်တည်းသာ တောင့်ခံထားနိုင်တော့တယ်။ ဖီးနစ်မျိုးနွယ်စုကလည်း ငါတို့နဲ့အတူတူပဲ"

"အမှောင်ဖီးနစ် ဧကရာဇ်နဲ့ မီးဖီးနစ် ဧကရာဇ်တို့ဟာ တစ်ယောက်ပြီးတစ်ယောက် ကျဆုံးသွားခဲ့ကြတယ်။ အခုဆိုရင် နှင်းခဲဖီးနစ် ဧကရာဇ်တစ်ပါးတည်းသာ ခက်ခက်ခဲခဲတောင့်ခံထားရတာ။ သူတို့မျိုးနွယ်စုအတွင်းက ကျွမ်းကျင်သူတွေကလည်း ဆယ်ပုံတစ်ပုံတောင် မကျန်တော့ဘဲ သူတို့ရဲ့အတိတ်က ဂုဏ်သိက္ခာတွေလည်း ကွယ်ပျောက်ခဲ့ရပြီ"

"ဒါကြောင့်... လွန်ခဲ့တဲ့ နှစ်ပေါင်းသန်းပေါင်းများစွာကတည်းက ချီလင်မျိုးနွယ်စုဟာ မိစ္ဆာမျိုးနွယ်စုပေါင်းများစွာရဲ့ လွှမ်းမိုးချုပ်ကိုင်သူဖြစ်လာခဲ့တာ"

"လက်ရှိ မိစ္ဆာနန်းတော်တစ်သောင်းကိုလည်း သူတို့ရဲ့ ကြိုးပမ်းအားထုတ်မှုတွေနဲ့တင် တည်ဆောက်ခဲ့တာဖြစ်ပြီး အဆက်ဆက်သော မိစ္ဆာအရှင်သခင်တွေကလည်း ချီလင်မျိုးနွယ်စုရဲ့ ဧကရာဇ်နှစ်ပါးကပဲ အလှည့်ကျတာဝန်ယူခဲ့ကြတာ"

ကျန်းချန် ဝင်မပြောဘဲ မနေနိုင်ချေ။

"ဒါဆိုရင် ငါတို့က ချီလင်မျိုးနွယ်စုကို ပိုပြီးတော့တောင် ဖျက်ဆီးပစ်ရဦးမှာပေါ့... ပြီးတော့ နဂါးမျိုးနွယ်စုရဲ့ လွှမ်းမိုးချုပ်ကိုင်မှုကို ပြန်လည်ရယူလိုက်ရင် တကယ့်ကို အံ့သြဖို့ကောင်းမနေဘူးလား"

"ဒါက မင်းထင်သလောက် မရိုးရှင်းဘူး"

"ချီလင်မျိုးနွယ်စုက မိစ္ဆာလောကမှာ အကြီးမားဆုံးအင်အားစု ဖြစ်နေပြီ။ ဒီနေ့ မိစ္ဆာလောကမှာရှိနေတဲ့ မိစ္ဆာဧကရာဇ် တစ်ဆယ့်ခုနစ်ပါးထဲက... အနည်းဆုံးဆယ်ပါးက သူတို့ကိုထောက်ခံကြတာ"

"ငါတို့သာ ချီလင်မျိုးနွယ်စုနဲ့ စစ်ပွဲစတင်လိုက်ရင်... ဒီမိစ္ဆာဧကရာဇ်တွေနဲ့ သူတို့ရဲ့နောက်ကွယ်က မျိုးနွယ်စုတွေအားလုံးက စစ်ပွဲကြီးထဲကို ရောက်ရှိလာကြလိမ့်မယ်"

ကျန်းချန်အနေဖြင့် ဒါဆိုရင် ချီလင်မျိုးနွယ်စုကို ထောက်ခံထားတဲ့ အဲဒီ မိစ္ဆာဧကရာဇ် ဆယ်ပါးကိုပါ အမြစ်ပြတ်ချေမှုန်းပစ်လိုက်ရုံပေါ့ဟု ပြောချင်နေ၏။

သို့သော်လည်း ဆန်းလင်ကမူ သူ့အတွေးများကို ကြိုတင်ခန့်မှန်းထားခဲ့သည့်အလား...

"အလုံးစုံသောစစ်ပွဲကြီး စတင်တာနဲ့... မိစ္ဆာလောကတစ်ခုလုံး ငြိမ်းချမ်းတော့မှာမဟုတ်ဘူး။ မျိုးနွယ်စုအားလုံးက စစ်ပွဲထဲကိုဆွဲသွင်းခံရပြီး အဆုံးမဲ့ အချင်းချင်းသတ်ဖြတ်မှုတွေ ဖြစ်ပွားလာလိမ့်မယ်၊ အဲဒီအချိန်ကျရင် အင်မော်တယ်လောကနဲ့ မိစ္ဆာလောကတွေက အခွင့်ကောင်းယူပြီး ကျူးကျော်လာကြမှာ"

"အဲဒီအချိန်ကျရင် ပျက်စီးသွားမှာက မိစ္ဆာမျိုးနွယ်စုတစ်ခုလုံး ဖြစ်လိမ့်မယ်... မင်းသတ်ချင်တဲ့ လူနည်းနည်းတင် မဟုတ်တော့ဘူး"

"မင်း ရပ်တန့်ချင်ရင်တောင်... ရပ်တန့်နိုင်တော့မှာ မဟုတ်ဘူး..."

ကျန်းချန် တိတ်ဆိတ်သွားသည်။

အချို့သောအရာများကို ရိုးရှင်းသော သတ်ဖြတ်မှုတစ်ခုတည်းဖြင့် မဖြေရှင်းနိုင်မှန်း သူ ပထမဆုံးအကြိမ်အဖြစ် သဘောပေါက်သွား၏။ အတိုင်းအတာတစ်ခုအထိဆိုလျှင် မည်သည့် ကျပန်းဆုံးဖြတ်ချက်မဆို ကြီးမားလှသော ကွင်းဆက်တုံ့ပြန်မှုများကို ဖြစ်ပေါ်စေနိုင်သည်။ သူ့အနေဖြင့် မိစ္ဆာမျိုးနွယ်စု၏အန္တရာယ်ကို လျစ်လျူမရှုထားပါက... သို့သော်လည်း သူက ယခုအခါတွင် နဂါးမျိုးနွယ်စု၏ ခေါင်းဆောင်ဖြစ်နေပြီဖြစ်ရာ မည်သို့များ လျစ်လျူရှုထားနိုင်ပါဦးမည်နည်း။

ဤဧကရာဇ်ရာထူးနေရာက တကယ့်ကို ထိုင်ရတာ မလွယ်ကူလှချေ။

သူသည် သက်ပြင်းတစ်ချက်ကို အဝေးသို့ မှုတ်ထုတ်လိုက်ပြီး ဖြည်းညှင်းစွာ ပြောလိုက်သည်။

"ငါနားလည်ပါပြီ။ ချီလင်မျိုးနွယ်စုကို ဖျက်ဆီးပစ်ဖို့အတွက်... ငါတို့က အရင်ဆုံး မိစ္ဆာလောကမှာရှိနေတဲ့ သူတို့ရဲ့ လွှမ်းမိုးချုပ်ကိုင်မှုကို ဖြိုခွဲပစ်ရမယ်။ သူတို့ရဲ့အမြစ်တွေကို ဖြတ်တောက်ပစ်ပြီး သူတို့ရဲ့ မဟာမိတ်အားလုံးကို ဆုံးရှုံးသွားအောင်လုပ်၊ သူတို့ကို အထီးကျန်ပြီး ကူရာကယ်ရာမဲ့ဖြစ်အောင်လုပ်ရမယ်"

"အဲဒီနေ့ရောက်လာတဲ့အခါ... သူတို့ကိုဖျက်ဆီးပစ်ဖို့ လွယ်သွားမယ်"

ဆန်းလင်က ချီးကျူးလိုက်သည်။

"မှန်တာပေါ့... မင်းရဲ့နားလည်နိုင်စွမ်းက မဆိုးလှပါဘူး"

"ငါက ပုံမှန်ဆိုရင် အဲဒီလောက်အထိ အများကြီးမတွေးချင်လို့ပါ"

သူက သူတို့ကို မသတ်တော့ပါက လွှတ်ပေးရန်မှတစ်ပါး အခြားရွေးချယ်စရာမရှိ။

သို့သော်လည်း... သူတို့ကို လွှတ်ပေးမည်ဆိုလျှင်ပင်၊ ဤမျှလောက် လွယ်လွယ်ကူကူဖြင့် လွှတ်ပေး၍မရနိုင်ချေ။

ကျန်းချန်သည် ဆန်းကျိနှင့် ယီခုန်းကဲ့သို့သော ဧကရာဇ်တစ်ပိုင်းများထံသို့ တိတ်တဆိတ် အသံလွှင့်လိုက်သည်။

"ဒီကောင်တွေကို လောလောဆယ် သတ်ဖို့အဆင်မပြေဘူး။ သူတို့ကို နည်းနည်းလောက် ခြောက်လှန့်ပြီး အကျိုးအမြတ်အချို့ကို တောင်းဆိုလိုက်ပြီးမှ လွှတ်ပေးလိုက်"

ဤနဂါးမျိုးနွယ်စု၏ အဆင့်မြင့်အဖွဲ့ဝင်များကလည်း ချီလင်မျိုးနွယ်စုနှင့် စစ်ပွဲဖြစ်ပွားပါက အကျိုးဆက်များက မည်မျှအထိပြင်းထန်မှန်း သိရှိထားကြသည်။ ကျန်းချန်က လွန်ခဲ့သောအချိန်က ဆုံးဖြတ်ချက်တစ်ခုချမှတ်ခဲ့၍သာ သူတို့အနေဖြင့် လွယ်လွယ်ကူကူဆန့်ကျင်ရန် မဝံ့ရဲခဲ့ကြ။ သူဤသို့ပြောသည်ကို ကြားလိုက်ရသည့်အခါ သူတို့အားလုံး စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချနိုင်ခဲ့ကြသည်။

"ကောင်းပါပြီ"

"ငါတို့ ဘာလုပ်ရမလဲဆိုတာ သိပါပြီ"

နဂါးနန်းတော်သို့ ပြန်လည်ရောက်ရှိလာပြီးနောက် ကျန်းချန်သည် အင်မော်တယ်လောကဘက်မှ အခြေအနေများကို မည်သို့ကိုင်တွယ်ရမည်ကို စတင်တွက်ချက်လေ၏။ အကောင်းဆုံးအဖြေမှာ ဝူကျိဂူဗိမာန်မှ ထိုအင်မော်တယ်ဧကရာဇ်သုံးပါးစလုံးကို တိုက်ရိုက်သတ်ဖြတ်ပစ်ရန်ဖြစ်သည်။

သို့သော်လည်း အင်မော်တယ်လောကက အလွန်ကျယ်ပြန့်ပြီး အင်မော်တယ်ဧကရာဇ်များကလည်း ဖမ်းရခက်၏။ သူတို့ကို လိုက်လံရှာဖွေလျှင်လည်း သေချာပေါက်တွေ့ရလိမ့်မည်မဟုတ်ချေ။ သူတို့ မည်သည့်အချိန်တွင် တိုက်ခိုက်လာမည်ကို သိရှိနိုင်ရန်အတွက် သူသည် ဆန်းချုံး၊ ယီခုန်း၊ မိုယန်နှင့် နဂါးဘုရင်တစ်ရာကျော်ကို စေလွှတ်လိုက်ပြီး အင်မော်တယ်-မိစ္ဆာတောင်တန်း၏ ရှေ့တန်းစစ်မျက်နှာသို့သွားကာ အင်မော်တယ်လောက၏ အခြေအနေများကို စုံစမ်းခိုင်းလိုက်သည်။ ရက်အနည်းငယ် ကြာပြီးနောက်တွင် ကျန်းချန်သည် သတင်းအချက်အလက်များကို လက်ခံရရှိ၏။

"ချန်ကျိုးလို့ အမည်ရတဲ့ ဧကရာဇ်တစ်ပိုင်း တစ်ယောက်ကလည်း... ဝူကျိဂူဗိမာန်နဲ့ ကြီးမားတဲ့ရန်ငြိုးရှိခဲ့တယ်လို့ကြားတယ်"

"မကြာသေးခင်က... သူရဲ့ သွားလာလှုပ်ရှားမှုတွေကို သေခြင်းတရားနယ်မြေထဲမှာ တွေ့ရှိခဲ့ရပြီး၊ အခုတော့ လေကျိ၊ ဇီတျန်နဲ့ ချန်ယွင်ဆိုတဲ့ အင်မော်တယ်ဧကရာဇ် သုံးပါးစလုံးက သူ့နောက်ကို လိုက်ဖမ်းဖို့ အဲဒီနေရာကို ရောက်ရှိနေကြတယ်"

"သူတို့တွေ အချိန်တိုအတွင်းမှာ ဒီဘက်ကို လာနိုင်ကြဦးမှာ မဟုတ်ဘူး"

"ဘာ... ဧကရာဇ်တစ်ပိုင်း ချန်ကျိုး ဟုတ်လား"

ကျန်းချန် စိတ်ပျက်လက်ပျက်ဖြစ်သွားသည်။

ဤအဖြူရောင်အမွေးအတောင် ဓားသူတော်စင်က ဤမျှလောက် တိုက်တိုက်ဆိုင်ဆိုင် ပေါ်ပေါက်လာရတာလဲ။ အစ်ကိုကြီးချန်က ထိုအင်မော်တယ်ဘုရင်နှစ်ပါးကို သတ်ဖြတ်ခဲ့ခြင်းမှာ စစ်ပွဲတစ်ခုကို စောင့်ဆိုင်းနေခဲ့ခြင်းသာ။

ထိုအင်မော်တယ်ဧကရာဇ်သုံးပါးက အစ်ကိုကြီးရဲ့သားကောင်တွေဖြစ်တာမို့... မင်းက လာပြီး အာရုံစိုက်မှုကို လုယူဖို့မကြိုးစားနဲ့...

သူသည် စိတ်ထဲမှသာ တိတ်တဆိတ် ဆုတောင်းလိုက်ရတော့သည်။

"ဧကရာဇ်တစ်ပိုင်းက အင်မော်တယ်ဧကရာဇ်ကို သေချာပေါက် ယှဉ်နိုင်မှာမဟုတ်ဘူး... ငါ့အနေနဲ့ စွမ်းဆောင်ပြဖို့ အခွင့်အရေး ရှိနေသေးတယ်"

အင်မော်တယ်လောကဘက်မှ သတင်းများမလာမီတွင် မိစ္ဆာနန်းတော်တစ်သောင်းထံမှ ဆုံးဖြတ်ချက်ကို အရင်ဆုံး လက်ခံရရှိသည်။

All Chapters