မိစ္ဆာတစ်သောင်း ညီလာခံ
Vol. 43 Ch. 425
"မိစ္ဆာတစ်သောင်း ညီလာခံ ဟုတ်လား"
ဆန်းကျိနှင့် အခြားသူများ တင်ပြလာသော မိစ္ဆာလောက၏ အစီရင်ခံစာများထဲတွင် ဤစာလုံးလေးလုံးက အမြင်သာဆုံးဖြစ်နေသည်။ အစ်ကိုကြီးချန်အနေဖြင့် ဤညီလာခံနှင့်ပတ်သက်၍ အနည်းငယ်မှတ်မိနေ၏။ မိစ္ဆာလောကထဲသို့ မဝင်ရောက်မီက ဧကရာဇ်တစ်ပိုင်းယွမ်ရွှီက ရွှေနဂါးဘုရင် အောက်ရန်သည် ထိုမိစ္ဆာတစ်သောင်း ညီလာခံအတွက် ပြင်ဆင်ရန် တံခါးပိတ်ကျင့်ကြံနေကြောင်း ပြောပြခဲ့ဖူးသည်။
ဆန်းကျိက တည်ကြည်လေးနက်စွာဖြင့်ပြောသည်။
"မှန်ပါတယ်... မိစ္ဆာနန်းတော်တစ်သောင်းရဲ့ မြေကမ္ဘာအဖွဲ့ခွဲက ဧကရာဇ်တစ်ပိုင်း ၃၂ ပါးကို ဒီမိစ္ဆာတစ်သောင်း ညီလာခံကနေပဲ ရွေးချယ်တာ"
"မြေကမ္ဘာအဖွဲ့ခွဲထဲကို ဝင်ရောက်နိုင်မှသာ မိစ္ဆာလောကထဲမှာ စကားပြောခွင့်ရှိမှာဖြစ်ပြီး... စိတ်ကြိုက်စေခိုင်းရမယ့် အမြောက်စာတွေအဖြစ် ဆက်ဆံခံရမှာ မဟုတ်ဘူး"
"အခုတစ်ကြိမ် ကောင်းကင်အဖွဲ့ခွဲရဲ့ မိစ္ဆာဧကရာဇ်က ငါတို့ မိုးပြာနဂါးမျိုးနွယ်စုကို မိစ္ဆာလောကကနေ အတင်းအကျပ် နှင်ထုတ်ခဲ့သလိုမျိုးပေါ့... အမှန်တကယ်တော့ သူတို့က ဆန်းချုံး၊ ယီခုန်းနဲ့ မော့ရန်တို့ကိုပဲ နှင်ထုတ်နိုင်တာ၊ ငါ့ကိုတော့ နှင်ထုတ်လို့မရဘူး"
"မိစ္ဆာဧကရာဇ်ကတောင် ငါ့ရဲ့မြေကမ္ဘာအဖွဲ့ခွဲ အဖွဲ့ဝင်ရာထူးကို ရုပ်သိမ်းပစ်ဖို့ အာဏာမရှိပါဘူး"
"ငါ့ကို နှင်ထုတ်နိုင်မယ့် တစ်ခုတည်းသောနည်းလမ်းက... ငါ့ရဲ့မြေကမ္ဘာအဖွဲ့ခွဲ အဖွဲ့ဝင်သက်တမ်းကုန်ဆုံးမယ့်နေ့ကို စောင့်ရမှာပဲ"
သူက ခေါင်းကိုခါယမ်းကာ သက်ပြင်းထပ်ချလိုက်သည်။
"ဒါပေမယ့်လည်း... နောက်ထပ် မိစ္ဆာတစ်သောင်း ညီလာခံက နီးကပ်နေပြီဆိုတော့၊ ငါတို့ ဒီရာထူးကို ဆက်ပြီးထိန်းသိမ်းထားနိုင်ဖို့ မသေချာတော့ဘူး..."
ဤရာထူးက အလွန်အမင်း အရေးကြီးပုံရ၏။ မိစ္ဆာလောကတွင် ဆက်လက်နေထိုင်ရန် ရည်ရွယ်ထားသရွေ့ ပထမဆုံးအနေဖြင့် ရာထူးတစ်ခုကို မဖြစ်မနေရယူထားရမည်။ မိစ္ဆာဧကရာဇ်များသာ ကောင်းကင်အဖွဲ့ခွဲထဲသို့ ဝင်ရောက်နိုင်ခြင်းဖြစ်ရာ အစ်ကိုကြီးချန်၏ လက်ရှိကျင့်စဉ်အဆင့်က မလုံလောက်သေးချေ။
"မြေကမ္ဘာအဖွဲ့ခွဲထဲကို ဘယ်လိုဝင်ရမှာလဲ"
"တိုက်ခိုက်ပြီး လုယူရတာပေါ့"
"တိုက်ခိုက်ရမှာလား"
အစ်ကိုကြီးချန် ပြုံးလိုက်သည်။ သူက ရွေးချယ်တင်မြှောက်ရခြင်းမျိုးဟု ထင်မှတ်ထားခဲ့သဖြင့် တကယ့်ကို ရှုပ်ထွေးလိမ့်မည်ဟု စိုးရိမ်နေခဲ့ခြင်းဖြစ်သည်။ မိစ္ဆာမျိုးနွယ်စုပီပီ... ဤပုံစံက သူ့အကြိုက်နှင့်ကွက်တိပင်။
သူ့ဘေးနားရှိ ယီခုန်းက ခေါင်းညိတ်ကာ ပြောလိုက်သည်။
"မိစ္ဆာတစ်သောင်း ညီလာခံက နှစ်ပေါင်းသန်းတစ်ထောင်မှာတစ်ကြိမ် ကျင်းပတာ။ မျိုးနွယ်စုတစ်ခုစီက ဧကရာဇ်တစ်ပိုင်း တစ်ပါးစီပဲ စေလွှတ်ပြီး ပါဝင်ဆင်နွှဲခွင့်ရှိတယ်။ အကယ်၍ တိုက်ခိုက်ပြီး ထိပ်တန်း ၃၂ ယောက်စာရင်းထဲ ဝင်သွားရင်... မြေကမ္ဘာအဖွဲ့ခွဲထဲကို အလိုအလျောက် ရွေးချယ်ခံရမှာ"
"ပထမနေရာကိုရသွားရင်ရော"
ဆန်းချုံးက လေးနက်သောအသံဖြင့် ပြောလိုက်သည်။
"ဒါဆိုရင်တော့ မြေကမ္ဘာအဖွဲ့ခွဲရဲ့ အရှင်သခင်ဖြစ်လာပြီး... မြေကမ္ဘာအဖွဲ့ခွဲတစ်ခုလုံးကို အမိန့်ပေးစေခိုင်းနိုင်မှာဖြစ်သလို မိစ္ဆာဧကရာဇ် ၁၇ ပါးထက် မနိမ့်ကျတဲ့ အာဏာကို ပိုင်ဆိုင်လိမ့်မယ်"
မော့ရန်က နှမြောတသစွာဖြင့် ပြောလိုက်သည်။
"နှမြောစရာပဲ... ပြီးခဲ့တဲ့ညီလာခံတုန်းက အစ်ကိုကြီးဆန်းကျိက တတိယနေရာအထိ တိုက်ခိုက်နိုင်ခဲ့ပေမယ့်... ချီလင်မျိုးနွယ်စုရဲ့ ချီယွမ်ကို ရှုံးနိမ့်ခဲ့တယ်"
ဆန်းကျိက မည်သည့်လှုပ်ရှားမှုမျှ မပြုလုပ်ရသေးသော်လည်း ကျန်းချန်အနေဖြင့် သူ၏ အားကောင်းလှသော အရှိန်အဝါကို ခံစားမိနေသည်။ သူ့တပည့်များထဲမှ မည်သူမျှ ဆန်းကျိ၏ ပြိုင်ဘက်ဖြစ်မည်မဟုတ်ဟု ထင်မိသည်။
"ချီယွမ်က အဲဒီလောက်တောင် အားကောင်းတာလား"
ယီခုန်းက ခါးသီးစွာဖြင့် ပြောလိုက်သည်။
"သူက အားကောင်းတာတော့ မှန်ပါတယ်... ဒါပေမယ့် အဓိကပြဿနာက အဲဒါကမတရားလို့ပဲ"
"ဘာဖြစ်လို့လဲ"
"ဒီတိုက်ပွဲကြီးက နားရက်မရှိဘဲ ဆက်တိုက်ယှဉ်ပြိုင်ရတဲ့ ပွဲစဉ်တွေဖြစ်နေတာ။ အစ်ကိုကြီးဆန်းကျိက သွေးချောင်းစီးတိုက်ပွဲတွေကို ဆက်တိုက်ရင်ဆိုင်ခဲ့ရပြီး တိုက်ပွဲတိုင်းက ကောင်းကင်နဲ့ မြေကြီးကို တုန်ဟည်းစေခဲ့တာကြောင့် အပြင်းအထန်ဒဏ်ရာရရှိခဲ့တယ်။ တစ်ဖက်မှာတော့ ချီယွမ်ရင်ဆိုင်ခဲ့ရတဲ့ ပြိုင်ဘက်အများစုက ချီလင်မျိုးနွယ်စုရဲ့ မဟာမိတ်တွေဖြစ်ပြီး... သူ့ကိုအရှုံးပေးခဲ့ကြတာ"
ကျန်းချန် ချက်ချင်းသဘောပေါက်သွား၏။
နောက်ဆုံးတွင် သူတို့နှစ်ဦးဆုံတွေ့သည့်အခါ ဆန်းကျိက အင်အားကုန်ခမ်းနေပြီဖြစ်ပြီး တစ်ဖက်လူကမူ ဆံပင်တစ်ပင်တောင် မပျက်စီးသေးချေ။ ဤသို့ဆိုလျှင် မည်ကဲ့သို့ တိုက်ခိုက်နိုင်ပါတော့မည်နည်း။
တစ်ဖက်လူက လမ်းတစ်လျှောက်လုံး ကော်ဇောနီခင်းပြီး ပို့ဆောင်ပေးခြင်းကို ခံခဲ့ရတာပဲ။ စည်းမျဉ်းများကို ဤကဲ့သို့ သတ်မှတ်ထားခြင်းက ချီလင်မျိုးနွယ်စု၏လက်ချက်ဖြစ်မည်မှာ သေချာပေသည်။
မော့ရန်က ထပ်လောင်းပြောဆိုလိုက်သည်။
"ပြီးခဲ့တဲ့ ညီလာခံရဲ့ ရှေ့တစ်ကြိမ်တုန်းကလည်း အစ်ကိုကြီး ဆန်းချုံးက သတ္တမနေရာမှာတင် ရပ်တန့်ခဲ့ရတယ်၊ ဒါကလည်း ဒီအကြောင်းရင်းကြောင့်ပဲ"
ကျန်းချန်က မေးမြန်းလိုက်သည်။
"ငါတို့ မိုးပြာနဂါးမျိုးနွယ်စုက လက်ရှိမှာ မိစ္ဆာလောကကနေ နှင်ထုတ်ခံထားရတာဆိုတော့... ဒီညီလာခံမှာ ပါဝင်ဆင်နွှဲဖို့ အရည်အချင်းရှိသေးရဲ့လား"
"ရတာပေါ့"
ဆန်းကျိက ဂုဏ်ယူစွာဖြင့် ပြောလိုက်သည်။
"နောက်ထပ် ညီလာခံမပြီးမချင်း... ငါက မြေကမ္ဘာအဖွဲ့ခွဲရဲ့ အဖွဲ့ဝင်တစ်ဦးအဖြစ် သတ်မှတ်ခံထားရဆဲမလို့ ပါဝင်ဆင်နွှဲဖို့အတွက် ဘယ်မျိုးနွယ်စုဝင်ကိုမဆို ထောက်ခံပေးပိုင်ခွင့် ရှိတယ်"
သူ ပါဝင်ဆင်နွှဲခွင့်ရသရွေ့ အခြားအရာအားလုံးက ကိုင်တွယ်ဖြေရှင်းရန် လွယ်ကူသွားပေလိမ့်မည်။ သို့သော်လည်း ရှိနေကြသော နဂါးမျိုးနွယ်စုဝင်များကမူ ဤမျှလောက် အကောင်းမမြင်နိုင်ကြချေ။
"ဟူး... နှမြောစရာကောင်းတာကတော့... မြေကမ္ဘာအဖွဲ့ခွဲထဲကို ဝင်ရောက်ဖူးတဲ့ ဘယ်ဧကရာဇ်တစ်ပိုင်းမဆို နှစ်ပေါင်းသန်းငါးထောင်အတွင်းမှာ ထပ်ပြီးပါဝင်ခွင့် မရှိတော့တာပဲ"
ထိုစဉ်က ချီလင်မျိုးနွယ်စု၏ ဝင်ရောက်စွက်ဖက်မှုနှင့် ကြိုးကိုင်မှုအောက်တွင် သတ်မှတ်ခဲ့သော အထူးစည်းမျဉ်းတစ်ခုဖြစ်သည်။ ဤကဲ့သို့သော စည်းမျဉ်းများအောက်တွင် စွမ်းအားရှင်ကြီးနှစ်ပါး ပိုင်ဆိုင်ထားသော မိုးပြာနဂါးမျိုးနွယ်စုကဲ့သို့ မျိုးနွယ်စုများက မြေကမ္ဘာအဖွဲ့ခွဲ၏ရာထူးကို အမြဲတစေ သိမ်းပိုက်ထားနိုင်ခြင်း မရှိတော့ချေ။ နှစ်ပေါင်းသန်းငါးထောင်အတွင်း သူတို့အနေဖြင့် အများဆုံးနှစ်ကြိမ်သာ ရာထူးရယူထားနိုင်၏။ ဤအကြောင်းကြောင့်ပင် ပါရမီရှင်အောက်ရန် ပြန်လည်ရောက်ရှိလာခြင်းက ရွှေနဂါးမျိုးနွယ်စုကို ဤမျှလောက် စိတ်လှုပ်ရှားစေခဲ့ခြင်းဖြစ်သည်။
သို့သော် ချီလင်မျိုးနွယ်စုကမူ မတူညီချေ။ သူတို့တွင် ဧကရာဇ်တစ်ပိုင်း ခုနစ်ဆယ်ကျော်ရှိ၏။ မည်သို့ပင် ကြည့်ပါစေ သူတို့သည် အားကောင်းသော ကျွမ်းကျင်သူ အနည်းဆုံး ဆယ်ဂဏန်းခန့်ကို အမြဲတစေ ရှာဖွေနိုင်စမြဲဖြစ်ရာ ထိုမြေကမ္ဘာအဖွဲ့ခွဲရာထူးက သူတို့မိသားစုအတွက် သီးသန့်ဖယ်ထားသော နေရာတစ်ခုကဲ့သို့ ဖြစ်နေခဲ့သည်။
"အစ်ကိုကြီး ဆန်းချုံးနဲ့ ဆန်းကျိတို့ကတော့... အခုတစ်ကြိမ် မပါနိုင်တော့ဘူး"
"နောက်တစ်ကြိမ်ကျရင်တော့... ကိုယ့်ကိုယ်ကိုယ်အားကိုးရတော့မယ်"
မိစ္ဆာလောကတစ်ခုလုံးက ကျွမ်းကျင်သူများဖြင့် ပြည့်နှက်နေသည်။
နဂါး၊ ဖီးနစ် နှင့် ချီလင် မျိုးနွယ်စုသုံးခုတည်းတင်... ရွှေနဂါး၊ မိုးပြာနဂါး၊ မီးဖီးနစ်၊ ရေခဲဖီးနစ်၊ မင်ချီလင်၊ ကျောက်စိမ်းချီလင် စသဖြင့် အဖွဲ့ခွဲများစွာရှိ၏။ ဤမျိုးနွယ်စုများ၏ အခြေခံအုတ်မြစ်များက မိုးပြာနဂါးမျိုးနွယ်စုထက် မနိမ့်ကျကြချေ။ ကျားမျိုးနွယ်စု၊ မျောက်မျိုးနွယ်စု၊ လိပ်နက်မျိုးနွယ်စုနှင့် ပိုးမွှားမျိုးနွယ်စု ကဲ့သို့သော အခြားမျိုးနွယ်စုများသည်လည်း... သမိုင်းတစ်လျှောက်တွင် ကျွမ်းကျင်သူအများအပြား ပေါ်ထွက်ခဲ့ဖူးသည်။
ယီခုန်း၊ မော့ရန်နှင့် အခြားသူများအနေဖြင့် အနိုင်ရရန် အခွင့်အလမ်း မရှိသလောက်ပင်။
ဆန်းကျိ၏ အခြေအနေက စိတ်ဓာတ်ကျနေသလိုဖြစ်နေသော်လည်း သူက စိတ်ဓာတ်ကို ပြန်လည်မြှင့်တင်ကာ ပြုံး၍ပြောလိုက်သည်။
"မင်းတို့အားလုံး ကြိုးစားကြရမယ်။ အခုတစ်ကြိမ်မှာ ဧကရာဇ်နှစ်ပါးစလုံးက စောင့်ကြည့်နေမှာဖြစ်လို့... ငါတို့ မိုးပြာနဂါးမျိုးနွယ်စုရဲ့မျက်နှာကို မပျက်စေနဲ့"
ဆန်းချုံးကလည်း အားပေးစကားပြောလေသည်။
"အတတ်နိုင်ဆုံး ကြိုးစားကြပါ"
ယီခုန်း၊ မော့ရန်နှင့် အခြားသော ဧကရာဇ်တစ်ပိုင်း ငါးပါးက လေးနက်စွာဖြင့် ခေါင်းညိတ်ပြလိုက်ကြသည်။
"ငါတို့ ငါးယောက်ထဲက အားအကောင်းဆုံးတစ်ယောက်ကို အမြန်ဆုံးရွေးချယ်ပြီး... ထိပ်တန်း ၃၂ ယောက်စာရင်းထဲဝင်နိုင်ဖို့ သေချာပေါက် အသက်ပေးတိုက်ခိုက်သွားပါ့မယ်"
မြေကမ္ဘာအဖွဲ့ခွဲတွင် နေရာတစ်နေရာသာ ဆက်လက်ထိန်းသိမ်းထားနိုင်သရွေ့ သူတို့အတွက် စကားပြောခွင့် ရှိနေဦးမည်ဖြစ်သည်။ ၎င်းက သူတို့အတွက် အလွန်အရေးကြီးသည်။ ကျန်းချန်အနေဖြင့် သူတို့၏ သနားစရာကောင်းလှသော အခြေအနေကိုကြည့်ကာ မရယ်ဘဲမနေနိုင်တော့ချေ။
"မင်းတို့တွေ ရွေးချယ်နေဖို့ မလိုတော့ဘူး... အခုတစ်ကြိမ်မှာ ငါကိုယ်တိုင်ပါဝင်မယ်"
ထိုမြေကမ္ဘာအဖွဲ့ခွဲ၏ အရှင်သခင်ရာထူးကို ရယူနိုင်မည့် ယုံကြည်ချက် ရှိနေသည် မဟုတ်ပါလား။ သူ ဤရာထူးကို ရရှိသွားသည်နှင့် အရာအားလုံးက အလွန်ကောင်းမွန်သွားပေလိမ့်မည်။
"အာ..."
"ဧကရာဇ်... ကိုယ်တိုင် ပါဝင်ဆင်နွှဲမလို့လား"
"ဒါက... ဒါက နည်းနည်းတော့ မသင့်တော်ဘူး မဟုတ်လား"
ဆန်းကျိရော ယီခုန်းပါ အနည်းငယ် နားမလည်နိုင် ဖြစ်သွားခဲ့ရသည်။
"ဘာက မသင့်တော်တာလဲ"
ကျန်းချန် မျက်ခုံးပင့်ကာ မေးလိုက်သည်။
"ငါ့ရဲ့ အဆင့်အတန်းကမြင့်လွန်းလို့ ပါလို့မရဘူးလို့ ပြောချင်တာလား"
ဆန်းကျိက သူ၏ အဆင့်အတန်းက မိုးပြာနဂါးမျိုးနွယ်စုတွင် အမြင့်မြတ်ဆုံး ဖြစ်သော်လည်း မိစ္ဆာတစ်သောင်း ညီလာခံတွင်မူ ပုံမှန်သာဖြစ်ကြောင်း ပြောလိုခဲ့သည်။
ပါဝင်ဆင်နွှဲခြင်းက ပြဿနာမဟုတ်သော်လည်း၊ အဓိကအချက်က...
"ဧကရာဇ်က... အခုထိ ဧကရာဇ်တစ်ပိုင်းအဆင့်ကို မရောက်သေးဘူးလေ"
သူတို့က ကျန်းချန်၏ အနာဂတ်ကို တန်ဖိုးထားကြခြင်းဖြစ်ပြီး သူ၏ လက်ရှိအခြေအနေကို မဟုတ်ချေ။ ထို့ကြောင့် သူတို့က သူ၏ စွမ်းအားကို မယုံကြည်ကြပေ။
"ဧကရာဇ်တစ်ပိုင်းအဆင့်ကို မရောက်သေးရင်... ပါဝင်ခွင့်ပိတ်ထားလို့လား"
"ဒါကတော့ မဟုတ်ပါဘူး... ငါ့ရဲ့ ထောက်ခံချက် ရှိနေသရွေ့တော့၊ နဂါးအရှင်သခင် အဆင့်ကတောင် ပါဝင်လို့ရပါတယ်"
"ဒါဆိုရင် ရပြီလေ... ဒါက ငါ့ရဲ့ ဆုံးဖြတ်ချက်ပဲ၊ မင်းတို့တွေ ကောင်းကောင်း ပူးပေါင်းဆောင်ရွက်ပေးဖို့ပဲ လိုတယ်"
ကျန်းချန်က ကန့်ကွက်မှုအားလုံးကို ပယ်ချလိုက်ပြီး မိမိကိုယ်ကိုယ် ပါဝင်မည့် ကိုယ်စားလှယ်လောင်းအဖြစ် တိုက်ရိုက် ရွေးချယ်လိုက်တော့သည်။ ဆန်းကျိ၊ ဆန်းချုံးနှင့် ယီခုန်းတို့ကလည်း မလွန်ဆန်နိုင်ကြသဖြင့် လက်ခံလိုက်ကြရုံမှတစ်ပါး အခြားမရှိတော့ချေ။
"ငါကတော့ မိစ္ဆာတစ်သောင်း ညီလာခံမှာ မင်းရဲ့ စွမ်းဆောင်ရည်ကို ရုတ်တရက် စိတ်ဝင်စားမိသွားပြီ"
သူတို့ ထွက်ခွာသွားပြီးနောက် ဆန်းလင်က ထပ်မံ၍ စကားဆိုလာ၏။ သူမက ခပ်ဖွဖွ ရယ်မောလိုက်ပြီး ပြောလိုက်သည်။
"ဒီအခွင့်အရေးကိုသုံးပြီး... မင်းရဲ့ ဝှက်ဖဲတွေကို မြင်တွေ့ရနိုင်သလို၊ မင်းရဲ့ စွမ်းအားအစစ်အမှန်ကိုပါ ညှစ်ထုတ်နိုင်မလားဆိုတာ ကြည့်ရတာပေါ့"
ကျန်းချန်ကမူ သူမအနေဖြင့် တစ်သက်လုံး မြင်တွေ့ရလိမ့်မည်မဟုတ်ကြောင်း တွေးလိုက်မိသည်။ အဘယ်ကြောင့်ဆိုသော် သူကိုယ်တိုင်ပင် သူ၏ အကန့်အသတ်က ဘယ်နေရာမှာမှန်း မသိရှိသောကြောင့် ဖြစ်သည်။
"ဒါနဲ့... ချီလင်မျိုးနွယ်စုက ပုလဲတွေကို တကယ်ပဲ အလွန်အမင်း နှစ်သက်ကြတာလား"
ချီမုန်ကဲ့သို့သော ချီလင်မျိုးနွယ်စုဝင်များ ရောက်ရှိလာစဉ်က သူသည် အသေးစိတ်အချက်တစ်ခုကို သတိပြုမိခဲ့သည်။ ထိုချီလင်မျိုးနွယ်စုဝင်တိုင်း၏ ခန္ဓာကိုယ်တွင် ပုလဲလုံးများဖြင့် ဖုံးလွှမ်းနေ၏။ သူတို့၏ လည်ပင်း၊ ခြေလက်များနှင့် ဦးခေါင်းထိပ်များတွင်... အရွယ်အစားမျိုးစုံရှိသော ရောင်စုံပုလဲလုံးများစွာက အပြိုင်အဆိုင် လင်းလက်နေကြသည်။ နဂါးမျိုးနွယ်စုက ရွှေ၊ ငွေ နှင့် ကျောက်သံပတ္တမြားများကို နှစ်သက်သည်ဟူသောအသိဖြင့် ဤအချက်ကို သူ အမှန်တကယ် လက်ခံနိုင်၏။ ဒါက မျိုးနွယ်စုတစ်ခု၏ ဝါသနာတစ်ခုသာ ဖြစ်နိုင်ပေသည်။
"မှန်ပါတယ်... ချီလင်တွေက ပုလဲကို ငုံထားတတ်ကြတယ်လေ။ သူတို့တွေက အရင်တုန်းက ပုလဲတွေအတွက် ငါတို့နဲ့ တိုက်ခိုက်ခဲ့ကြသေးတာ"
"မကြာသေးမီ နှစ်တွေအတွင်း ငါတို့ နဂါးမျိုးနွယ်စု ဆုတ်ယုတ်လာခဲ့ပြီးတဲ့နောက်... ပုလဲအများစုကို သူတို့ပဲရသွားတာ"
ကျန်းချန်က စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်သည်။
"ပုလဲတွေက အောက်လောကမှာ အတွေ့ရများတာပဲလေ... အင်မော်တယ်လောကကနေ ပုလဲတွေ မထွက်ဘူးလား"