ရွှေပင်လယ် မိစ္ဆာမျိုးနွယ်စု
Vol. 43 Ch. 426
"အရင်တုန်းကတော့ ဒါက အင်မော်တယ်လောကရဲ့ သာမန်ဖြစ်ရိုးဖြစ်စဉ် တစ်ခုပါပဲ"
ဆန်းလင်က အတိတ်ကို ပြန်ပြောင်းသတိရရင်း ပြောလိုက်သည်။
"အဲဒီတုန်းက သမုဒ္ဒရာထဲမှာ ကမာမျိုးနွယ်စုနဲ့ ခရုကမာမျိုးနွယ်စုတွေ ရှိခဲ့ကြတယ်၊ သူတို့အားလုံးက ပုလဲတွေကို ထုတ်လုပ်နိုင်ကြတာပေါ့"
"ဒါပေမဲ့ သူတို့က အားနည်းကြတယ်၊ အားအကောင်းဆုံး ကျင့်ကြံသူကတောင် ရွှေအင်မော်တယ်အဆင့်ပဲ ရှိတာ။ အင်မော်တယ်-မိစ္ဆာ စစ်ပွဲကြီးအတွင်းမှာ သူတို့တွေ အကြီးအကျယ် ချေမှုန်းဖျက်ဆီးခံခဲ့ရတယ်"
"အခုခေတ်မှာတော့ မိစ္ဆာလောကထဲမှာ ခရုကမာမျိုးနွယ်စုက မျိုးတုန်းပျောက်ကွယ်သွားခဲ့ပြီဖြစ်ပြီး... ကမာမျိုးနွယ်စုရဲ့ အလွန်သေးငယ်တဲ့ အစိတ်အပိုင်းလေးပဲ ကျန်ရှိတော့တယ်"
"အင်မော်တယ်လောကနဲ့ မိစ္ဆာလောကထဲက သမုဒ္ဒရာတွေမှာဆိုရင်... ဒီမျိုးနွယ်စုနှစ်စုက မရှိတော့တာ ကြာလှပြီ"
"ဒါ့အပြင် အချိန်တွေ ကြာလာတာနဲ့အမျှ ပုလဲအများစုက ပျက်စီးကုန်ကြတာကြောင့်... ပုလဲတွေက ပိုပိုပြီး ရှားပါးတန်ဖိုးကြီးလာတာပေါ့"
သူမတွင် သူမ၏ မူလဝိညာဉ်အစအနလေးသာ ကျန်ရှိတော့သော်လည်း ဤနှစ်များတစ်လျှောက်လုံး တည်ရှိနေခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် မိုးပြာနဂါးချိုင့်ဝှမ်းအတွင်း ဆွေးနွေးခဲ့ကြသည့် အကြောင်းအရာအားလုံးကို သူမ သိရှိနေ၏။
ကျန်းချန်၏ စိတ်နှလုံးက လှုပ်ရှားသွားခဲ့ပြီး မေးမြန်းလိုက်သည်။
"ချီလင်မျိုးနွယ်စုရဲ့ ပုလဲတွေက... ကမာမျိုးနွယ်စုဆီကနေ လာတာလား"
"မှန်တယ်... ကမာမျိုးနွယ်စုကို ဂဏန်းမျိုးနွယ်စုက အုပ်ချုပ်တာဖြစ်ပြီး၊ ဂဏန်းမျိုးနွယ်စုကတော့ ဧကရာဇ် ရွှမ်ကွေ့ရဲ့ လက်အောက်ခံ မဟာမိတ်မျိုးနွယ်စု ဖြစ်ခဲ့တာ အမြဲတမ်းပဲ"
"ဧကရာဇ် ရွှမ်ကွေ့က ချီလင်မျိုးနွယ်စုဘက်ကနေ ရပ်တည်နေတာလား"
ဆန်းလင်က ပြန်လည်ဖြေကြားခဲ့သည်။
"သူက ချီလင်မျိုးနွယ်စုရဲ့ စည်းရုံးသိမ်းသွင်းမှုကို ပထမဆုံး ခံခဲ့ရတဲ့သူတွေထဲက တစ်ယောက်ပဲ၊ ဖြစ်နိုင်တာကတော့ ဒီပုလဲတွေကလည်း အကြောင်းရင်းတစ်ခု ဖြစ်လိမ့်မယ်"
ချီလင်မျိုးနွယ်စုတွင် ပုလဲများက ကျင့်ကြံခြင်းအရင်းအမြစ်များထက်ပင် ပိုမိုတန်ဖိုးကြီးမားသော ဇိမ်ခံပစ္စည်းများ ဖြစ်ကြပေသည်။ တစ်ခုတည်းသော ထုတ်လုပ်ရာဒေသကို... သူတို့၏ ထိန်းချုပ်မှုအောက်သို့ သေချာပေါက် သွတ်သွင်းထားရမည် မဟုတ်ပါလား။
ကျန်းချန်က အကြောဆန့်လိုက်ရင်း ပြောလိုက်သည်။
"ကြည့်ရတာတော့... အဲဒီနေရာကိုသွားဖို့ လိုအပ်နေပြီပဲ။ ငါက တကယ့်ကို အလုပ်ကြိုးစားတဲ့သူပဲ"
မိုးပြာနဂါးဧကရီကမူ စိတ်ထဲ၌ နှာခေါင်းရှုံ့လိုက်မိသည်။
နင်က ဘာအလုပ်တွေ လုပ်နေလို့လဲ။ ငါ့တစ်သက်မှာ နင့်လောက်အပျင်းကြီးပြီး လှဲနေရတာကို ကြိုက်တဲ့သူတစ်ယောက်မှ မမြင်ဖူးသေးဘူး...
"မင်းက အဲဒီနေရာကို ထိန်းချုပ်ပြီး... အဲဒီပုလဲတွေကိုသုံးပြီး ချီလင်မျိုးနွယ်စုကို အညံ့ခံခိုင်းဖို့ ရည်ရွယ်နေတာတော့ မဟုတ်ပါဘူးနော်"
"အဲဒါဆိုရင်တော့... မင်း အတွေးလွန်နေတာပဲလို့ပဲ ငါပြောနိုင်တော့မယ်၊ မောင်လေး"
သူမ၏ ရယ်မောသံထဲတွင် လှောင်ပြောင်မှုအရိပ်အယောင် အနည်းငယ် ပါဝင်နေသည်။
"ပုလဲတွေက သူတို့အတွက် တန်ဖိုးရှိတာ မှန်ပေမယ့်... အဆုံးမှာတော့ ဒါတွေက ဇိမ်ခံပစ္စည်းတွေသက်သက်ပဲ၊ မရှိမဖြစ်လိုအပ်ချက်တွေ မဟုတ်ဘူး"
"ဒါတွေက မျိုးနွယ်စုတစ်ခုရဲ့လားရာကို သက်ရောက်မှုရှိစေဖို့ မလုံလောက်ဘူး"
သူမ၏ အမြင်တွင်မူ၊ ကျန်းချန်အနေဖြင့် ချီလင်မျိုးနွယ်စုကို အမှန်တကယ် ဖြိုလှဲလိုပါက သူလက်ရှိတွင် ပထမဆုံးလုပ်ဆောင်သင့်သည်မှာ မျိုးနွယ်စုကြီးများက သူ့ကို ထောက်ခံလာစေရန် လှည့်လည်စည်းရုံးရမည်။ အထူးသဖြင့် ချီလင်မျိုးနွယ်စုဘက်သို့ ဝင်မသွားသေးသည့် မျိုးနွယ်စုကြီးများ... ဥပမာအားဖြင့် ဖီးနစ်မျိုးနွယ်စု၊ ကျားမျိုးနွယ်စု၊ မျောက်မျိုးနွယ်စု စသည်ဖြင့်...
သို့သော်လည်း၊ ကျန်းချန်တွင် ထိုကဲ့သို့သောအစီအစဉ်များ ရှိပုံမရချေ။
မိစ္ဆာလောကက ကျယ်ပြောလှပြီး သမုဒ္ဒရာများစွာရှိသည်။ ထိုအထဲတွင် အကျော်ကြားဆုံးက ရွှေပင်လယ်နှင့် ငွေပင်လယ်တို့ ဖြစ်ကြပြီး... ဧကရာဇ် ရွှမ်ကွေ့နှင့် ဧကရာဇ် ကွန်းဖန်တို့က အသီးသီးအုပ်ချုပ်ကြသည်။ နှစ်ဦးစလုံး၏လက်အောက်တွင် ရေအောက်မိစ္ဆာမျိုးနွယ် အင်အားစု အမြောက်အမြား ရှိနေကြပြီး သူတို့၏စွမ်းအားကို လျှော့တွက်၍မရချေ။
ဆယ်ရက်ကြာပြီးနောက်... ဂိုဏ်းချုပ်ကျန်းသည် ရွှေပင်လယ်၏ ကောင်းကင်ထက်၌ ပေါ်လာသည်။ အောက်ဘက်ရှိ အဆုံးအစမရှိသော ရွှေရောင်လှိုင်းလုံးများကို ငုံ့ကြည့်ရင်း သူ့ရင်ထဲ၌ ရဲရင့်စွန့်စားလိုစိတ်များနှင့်အတူ ကဗျာဆန်သော စိတ်ကူးစိတ်သန်းများ ရုတ်တရက် ပေါ်ပေါက်လာ၏။
"အို... ရွှေရောင်လှိုင်းလုံးတွေ၊ ရေတွေအများကြီးပဲ"
"ငါ... ကျန်းချန်၊ တစ်ငုံမှ မသောက်နိုင်ဘူး"
လမ်းတစ်လျှောက်လုံး သူ့နောက်သို့ လိုက်ပါလာခဲ့သော ဧကရာဇ်မ၏ ဝိညာဉ်အစအနလေးမှာ အငိုက်မိသွားသည်။
"မင်း တစ်ခုခုကို မန္တန်ရွတ်ဆိုနေတာလား"
ကျန်းချန်က နှမြောတသစွာဖြင့် ခေါင်းခါယမ်းလိုက်သည်။
"ငါ ကဗျာရွတ်နေတာ။ မင်းက ငါ့ရဲ့ စိတ်ကူးစီးဆင်းမှုကို ဖြတ်တောက်လိုက်တာပဲ။ ဟူး... စိတ်ကူးစိတ်သန်းတွေ ပျောက်ဆုံးသွားပြီ"
"ခေတ်အဆက်ဆက် လက်ရာမြောက်မယ့် ကဗျာတစ်ပုဒ်က... ဒီလိုမျိုးပဲ သန္ဓေသားဘဝမှာတင် သေဆုံးသွားခဲ့ရပြီ"
"ငါ့အပြစ် ဟုတ်လား"
မိုးပြာနဂါးဧကရီအနေဖြင့် သူ့ကို ပထမဆုံးအကြိမ်အဖြစ် ရိုက်နှက်ချင်စိတ် ပေါက်သွားသည်။
"ငါတို့ ပြန်ရောက်တဲ့အခါ... မိုးပြာနဂါးချိုင့်ဝှမ်းက လူတိုင်းကို မင်းရဲ့ လက်ရာမြောက်ကဗျာကို နေ့တိုင်း ရွတ်ဆိုခိုင်းလိုက်မယ်။ စိတ်မပူနဲ့"
ကျန်းချန်၏ မျက်နှာအမူအရာ ပြောင်းလဲသွား၏။
"အဲဒီလိုမျိုး လုပ်ဖို့ မလိုပါဘူး..."
ဒါက လူသိရှင်ကြား နှိပ်ကွပ်တာပဲ။
"သေချာပေါက် လိုအပ်တာပေါ့"
သူတို့နှစ်ဦး အပြန်အလှန် စနောက်နေကြသည်။ ကျန်းချန်က ချီလင်မျိုးနွယ်စုမှ ချီမုန်၏ပုံစံအဖြစ် ပြောင်းလဲလိုက်၏။ အခြားနည်းလမ်းမရှိချေ၊ လက်ရှိတွင် မိုးပြာနဂါးမျိုးနွယ်စုက မိစ္ဆာလောကမှ နှင်ထုတ်ခံထားရခြင်း ဖြစ်သည်။ အကယ်၍ သူသာ မိုးပြာနဂါး အစစ်အမှန်ခန္ဓာကိုယ်ဖြင့် ဆင်းသက်သွားပါက... မငြိမ်းချမ်းနိုင်ပေ။
အရိပ်ထဲရှိ ဧကရာဇ်မ၏ ဝိညာဉ်အစအနလေးက အံ့အားသင့်စွာဖြင့် စကားဆိုလာသည်။
"မင်း ဒါကို ဘယ်လိုလုပ်လိုက်တာလဲ။ မင်းရဲ့ အရှိန်အဝါကအစ ချီမုန်နဲ့ တစ်ထေရာတည်း တူညီနေတာပဲ"
ဤကဲ့သို့သော ရုပ်ဖျက်အတတ်ပညာများက အင်မော်တယ်များအတွက် သာမန်မျှသာ။ သို့သော် အဓိကပြဿနာမှာ အရှိန်အဝါနှင့် အင်မော်တယ်ဝိညာဉ်၏ ဝိသေသလက္ခဏာများက မတူညီကြခြင်း ဖြစ်ရာ... စေ့စေ့စပ်စပ် အာရုံခံကြည့်ရုံမျှဖြင့် အပြစ်အနာအဆာကို တွေ့ရှိနိုင်သည်။ သို့သော်လည်း ကျန်းချန်၏ လက်ရှိ ရုပ်ဖျက်မှုကမူ သူကိုယ်တိုင် တိုက်ခိုက်ခြင်းမပြုသရွေ့ မည်သူမျှ ခွဲခြားနိုင်လိမ့်မည်မဟုတ်ချေ။ အလွန်အံ့ဩစရာကောင်းလှသည်။
"မင်းရဲ့ အစ်ကိုကြီးက ဘယ်အချိန်မဆို ဒီလိုမျိုး ထူးခြားနေကျပဲ"
ကျန်းချန်က စိတ်ကြီးဝင်စွာဖြင့် ကြွားဝါလိုက်ပြီးနောက် နက်ရှိုင်းသော ပင်လယ်အောက်သို့ ငုပ်လျှိုးဝင်ရောက်သွားလေသည်။ အချိန်အတော်ကြာအောင် ငုပ်လျှိုးပြီးနောက်... မှောင်မိုက်နက်ရှိုင်းသော ပင်လယ်ရေလွှာများကို ဖြတ်သန်းသွားခဲ့စဉ်၊ ရှေ့ရှိဧရိယာက ရုတ်တရက် လင်းထိန်သွား၏။ စည်ကားပြီး ခမ်းနားထည်ဝါလှသော ရေအောက်ကမ္ဘာကြီးက သူ့မျက်စိရှေ့၌ ပေါ်လာသည်။
ရေအောက်နန်းတော်များက အဝေးတွင် ဝေဝေဝါးဝါး ပေါ်နေပြီး ရောင်စုံသန္တာကျောက်တန်းများက အပြိုင်အဆိုင် လှပနေကြသည်။ကြီးမားလှသော ရေအောက်လမ်းမကြီးများ အပြန်အလှန် ဖြတ်သန်းနေကြပြီး မျက်စိတစ်ဆုံးအထိ ဆန့်တန်းနေ၏။ အမျိုးမျိုးသော ရေအောက်မိစ္ဆာမျိုးနွယ်စုဝင်များ နေရာအနှံ့ လမ်းလျှောက်သွားလာနေကြသည်ကို မြင်တွေ့ရပြီး... လုံးဝ ကမ္ဘာသစ်တစ်ခု ဖြစ်လေသည်။
သူ အနည်းငယ် အာရုံခံကြည့်လိုက်ပြီးနောက်... ဤနေရာရှိ ငါး၊ ပုစွန်နှင့် ဂဏန်းများသည် ယေဘုယျအားဖြင့် မြင့်မြတ်အင်မော်တယ်အဆင့်ထက် မြင့်မားကြပြီး တစ်ချက်ကြည့်ရုံမျှဖြင့် ရေတွက်၍မရနိုင်လောက်အောင်များပြားကြောင်း သိရှိလိုက်ရသည်။ သူပေါ်လာမှုက ရုတ်ရုတ်သဲသဲ ဖြစ်သွားစေခဲ့သည်။
"ဒါ... ချီလင်မျိုးနွယ်စုပဲ"
"သူတို့ ဘာအတွက် လာကြတာလဲ"
"ဖြစ်နိုင်တာကတော့ ပုလဲတွေအတွက် ထင်တယ်"
"သနားစရာကောင်းတဲ့ ကမာမျိုးနွယ်စုလေး..."
သူတို့က အဝေးတွင် ရှိနေကြသော်လည်း ဤဆွေးနွေးပြောဆိုသံများက ကျန်းချန်၏နားထဲမှ လွတ်မြောက်မသွားခဲ့ချေ။ သူ အနည်းငယ် ဝေခွဲမရဖြစ်သွားသည်။ ကမာမျိုးနွယ်စုက အဲဒီလောက်တောင် သနားစရာကောင်းနေလို့လား။ ခဏအကြာတွင်... ဂဏန်းမျိုးနွယ်စုမှ ဧကရာဇ်တစ်ပိုင်း တစ်ပါးက မိစ္ဆာဘုရင် အနည်းငယ်နှင့်အတူ ရောက်ရှိလာသည်။
"အာ... စီနီယာ ချီမုန် ဖြစ်နေတာပဲ"
"စီနီယာ ဒီကို ဘာအကြောင်းကိစ္စကြောင့် ကြွရောက်လာတာလဲဆိုတာ သိပါရစေ"
ကျန်းချန်က အချိန်ဆွဲမနေဘဲ လက်ကို ဝှေ့ယမ်းကာ ပြောလိုက်သည်။
"ငါ့ကို ကမာမျိုးနွယ်စုဆီ ခေါ်သွားပေး"
"အာ... အထဲကိုဝင်ပြီး ခဏလောက် မထိုင်ချင်ဘူးလား"
ကျန်းချန်က လမ်းမများကို ရှင်းလင်းရန် အလုပ်ရှုပ်နေကြသော အဝေးမှ ပုစွန်စစ်သည်များနှင့် ဂဏန်းစစ်သူကြီးများကို ကြည့်လိုက်သည်။ လမ်းမပေါ်ရှိ ရေအောက်မိစ္ဆာမျိုးနွယ်စုများ အားလုံး မောင်းထုတ်ခံနေရသော်လည်း ထိုမြင်ကွင်းက သိပ်ပြီး ရှုပ်ထွေးမနေခဲ့ချေ။ သိသာထင်ရှားသည်မှာ ချီလင်မျိုးနွယ်စု ရောက်လာတိုင်း ဤကဲ့သို့ လုပ်ဆောင်လေ့ရှိသဖြင့် လူတိုင်း ယဉ်ပါးနေကြခြင်းဖြစ်သည်။
"ဘာထိုင်နေမှာလဲ... အလုပ်ကိစ္စပဲ သွားရအောင်"
"ဟုတ်ကဲ့... ဟုတ်ကဲ့... ဟုတ်ကဲ့..."
ဂဏန်းမျိုးနွယ်စု ဧကရာဇ်တစ်ပိုင်းက စိတ်ဆိုးခြင်းမရှိဘဲ ဖော်လံဖားပြုံးပြလိုက်သည်။ ချီလင်မျိုးနွယ်စုက သူတို့၏ အကြီးမားဆုံး ပုလဲဝယ်ယူသူ ဖြစ်သည့်အပြင် လက်ရှိမိစ္ဆာလောက၏ ဦးဆောင်မျိုးနွယ်စုဖြစ်ရာ မျက်နှာလိုမျက်နှာရလုပ်ရမည် မဟုတ်ပါလား။
ခမ်းနားထည်ဝါသော ရေအောက်ယာဉ်ကြီးကိုစီးနင်းရင်း ကျန်းချန်သည် ကမာမျိုးနွယ်စု၏ စုဝေးရာနေရာသို့ မကြာမီဆိုက်ရောက်လာသည်။ သေချာကြည့်လိုက်လျှင် ဂဏန်းမျိုးနွယ်စုနှင့် ပုစွန်မျိုးနွယ်စုမှ ကျွမ်းကျင်သူများက အပြန်အလှန် ကင်းလှည့်နေကြ၏။ သူတို့သည် ယေဘုယျအားဖြင့် မိစ္ဆာအရှင်မြတ်အဆင့်တွင်ရှိကြပြီး မိစ္ဆာဘုရင်ဆယ်ဂဏန်းကျော်ရှိသည်။ အကြောင်းမသိသူတစ်ဦး ဝင်လာပါက ဤနေရာကို အရေးကြီးသော ခံတပ်ကြီးတစ်ခုဟု ထင်မှတ်သွားပေလိမ့်မည်။
ဂဏန်းမျိုးနွယ်စု ဧကရာဇ်တစ်ပိုင်းက လမ်းပြပေးနေသဖြင့် ကျန်းချန်သည် အတားအဆီးမရှိ ဝင်ရောက်နိုင်ခဲ့သည်။ ဤနေရာရှိ အလင်းရောင်က အပြင်ဘက်ထက် အဆတစ်ရာမက ပိုမိုလင်းထိန်နေပြီး လုံးဝဖြူဖွေးနေ၏။ ပုံမှန်ကျင့်ကြံသူတစ်ဦး ဝင်လာပါက သူတို့သည် ဘာကိုမျှမြင်တွေ့နိုင်လိမ့်မည်မဟုတ်။
လမ်းတစ်လျှောက်တွင် ကျန်းချန်သည် ရေနွေးငွေ့များထွက်နေသော ကြီးမားပြီးပွင့်လင်းမြင်သာသည့် ဘဲဥပုံစံ အင်မော်တယ်ရတနာများကို မြင်တွေ့ခဲ့ရသည်။ ထိုပုံးတစ်ခုစီ၏အတွင်း၌ ကမာမျိုးနွယ်စုဝင်တစ်ဦးစီ မျောလွင့်နေပြီး သတိမေ့နေပုံရ၏။ ဆန်းလင်၏ အသံကူးပြောင်းခြင်းက သူ၏နားထဲသို့ဝင်လာသည်။
"ကမာမျိုးနွယ်စုက ဒီလောက်အထိ ကျဆင်းသွားလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး"
"ငါ အထင်မမှားဘူးဆိုရင်... ဒီပုံးတွေက ပုလဲထုတ်လုပ်မှုကို အရှိန်မြှင့်ဖို့အတွက် သီးသန့်အသုံးပြုတဲ့ အရာတွေပဲ"
"သူတို့တွေက လုံးဝကို လမ်းလျှောက်နေတဲ့ အလောင်းကောင်တွေ ဖြစ်ကုန်ကြပြီ..."
ကျန်းချန်က တိတ်တဆိတ် ခေါင်းညိတ်လိုက်သည်။
"ဟဟ... ဒီတစ်ကြိမ်မှာတော့ ကောင်းမွန်တဲ့ ပစ္စည်းအတော်များများ ထွက်လာတယ်ဗျ"
ဂဏန်းမျိုးနွယ်စု ဧကရာဇ်တစ်ပိုင်းက လမ်းတစ်လျှောက်လုံး စိတ်လှုပ်ရှားတက်ကြွနေသည်။
"အကယ်၍ စီနီယာသာရောက်မလာဘူးဆိုရင်... ကျွန်တော်တို့က ဒါတွေကို မိစ္ဆာတစ်သောင်း ညီလာခံမှာ ရွှမ်လင်တောင်နဲ့ ကုန်သွယ်ဖို့ ပို့ဆောင်ဖို့ ပြင်ဆင်နေတာ"
"အို... အဲဒီလိုလား။ ဘယ်လိုကောင်းတဲ့ပစ္စည်းတွေရှိလို့လဲ"
"ကျေးဇူးပြုပြီး ကြည့်ရှုပေးပါ"
ဂဏန်းမျိုးနွယ်စု ဧကရာဇ်တစ်ပိုင်းက မန္တန်တစ်ခုရွတ်ဆိုလိုက်ရာ ရှေ့ရှိ ကြီးမားလှသော ခရုကမာပုံစံ အင်မော်တယ်ရတနာက ဖြည်းညှင်းစွာပွင့်ဟသွားခဲ့ပြီး အတွင်း၌ တောက်ပနေသော ပုလဲပေါင်းထောင်သောင်းချီ၍ ရှိနေသည်။ ဤပုလဲများအားလုံးက ဖြူဖွေးနေပြီး အကြီးဆုံးက လက်သီးဆုပ်အရွယ်အစားရှိကာ အသေးစားများက ခိုးဥအရွယ်အစားရှိ၏။ လူသားလောကတွင်ဆိုလျှင် တကယ့်ကို ရှားပါးရတနာများ ဖြစ်ကြမည်ဖြစ်သော်လည်း ကျင့်ကြံခြင်းအတွက်မူ မည်သည့်အထောက်အကူမျှမပြုချေ။
ကျန်းချန်က တစ်ချက်ကြည့်လိုက်ပြီးနောက် စိတ်မဝင်စားတော့ပေ။
"ဒါကိုပဲ မင်းက ကောင်းတဲ့ပစ္စည်းလို့ ခေါ်တာလား"
သူက တမင်တကာ နှာခေါင်းရှုံ့လျက် ပြောလိုက်သည်။
"ကြည့်ရတာတော့... ငါ ဒီတစ်ကြိမ်မှာ အလဟဿ ခရီးတစ်ခု လာခဲ့ရတာပဲ"