ခွေးကောင်းလျှင် လမ်းမပိတ်
Vol. 43 Ch. 428
အစ်ကိုကြီးချန် အသက်ပြန်ရှင်လာသောအခါ တစ်ဖက်ဂဏန်းမျိုးနွယ်စု စစ်တပ်၏ ခုနစ်ပုံ၊ ရှစ်ပုံခန့်မှာ သေဆုံးနေလေပြီ။ သုံးရက်နှင့် သုံးညတိုင်တိုင် ပြင်းထန်စွာတိုက်ခိုက်ခဲ့ကြပြီးနောက် ဂဏန်းမျိုးနွယ်စု ဧကရာဇ်တစ်ပိုင်းသည်လည်း တစ်ကိုယ်လုံး ဒဏ်ရာဗရပွဖြင့် သနားစဖွယ်ဖြစ်နေပြီး သူ၏စွမ်းအားများ ကုန်ခမ်းလုနီးပါးဖြစ်နေလေသည်။ သူ၏ အင်မော်တယ်နိုင်ငံတော်၊ မိစ္ဆာခန္ဓာကိုယ်နှင့် မိစ္ဆာဝိညာဉ်ပါ ပြင်းထန်စွာ ထိခိုက်ပျက်စီးသွား၏။
"သောက်မိုးပြာနဂါးမျိုးနွယ်"
"ဒါကို မိစ္ဆာတစ်သောင်းနန်းတော်ဆီ အစီရင်ခံပြီး သူတို့ကို အပြစ်ပေး အရေးယူခိုင်းရမယ်"
"သူတို့တစ်မျိုးလုံးကို အမြစ်ပြတ်သုတ်သင်ပစ်မယ်"
ဂဏန်းမျိုးနွယ်စု ဧကရာဇ်တစ်ပိုင်းသည် ဒေါသအမျက်ချောင်းချောင်းထွက်နေသည်။ သူ အနိုင်ရရှိခဲ့သော်လည်း လုံးဝစိတ်မချမ်းမြေ့နိုင်ခဲ့ချေ။ ဤအဓိပ္ပာယ်မရှိသောတိုက်ပွဲအတွင်း သူ့လက်အောက်ငယ်သားအများအပြား ကျဆုံးခဲ့ပြီး သူ့ဒဏ်ရာများမှာလည်း နှစ်သန်းပေါင်းဆယ်ချီကြာသည့်တိုင်အောင် ပြန်လည်သက်သာလာလိမ့်မည်မဟုတ်။ ယခုအချိန်တွင် သူ၏အဆက်အသွယ်များကို အသုံးပြုလျှင်ပင် မိစ္ဆာတစ်သောင်းညီလာခံသည် သူနှင့် လုံးဝမသက်ဆိုင်တော့။ ယခုအချိန်တွင် ဧကရာဇ်တစ်ပိုင်း အစေပိုင်းအဆင့်တစ်ပါးကပင် သူ့ကို အလွယ်တကူ အနိုင်ယူနိုင်လေသည်။
"မိုးပြာနဂါးမျိုးနွယ်... မင်းတို့နဲ့ ငါနဲ့ကတော့ တစ်ယောက်ယောက်သေမှပဲအဆုံးသတ်မယ်"
အစ်ကိုကြီးချန် သေဆုံးပြီးနောက် ကျန်ရစ်ခဲ့သော ခန္ဓာကိုယ်အကြွင်းအကျန်များကိုကြည့်ရင်း သူ့မျက်လုံးများထဲ၌ ရက်စက်ကြမ်းကြုတ်မှုများ ဖြတ်ပြေးသွားပြီး ၎င်းတို့ကို ပြာအဖြစ် ကြိတ်ခြေပစ်ရန် ပြင်လိုက်သည်။ ထို့နောက် ၎င်းခန္ဓာကိုယ်အကြွင်းအကျန်များထံမှ တောက်ပသော အလင်းတန်းများ ရုတ်တရက် ထွက်ပေါ်လာပြီး အကောင်းပကတိအတိုင်းရှိနေသော မိုးပြာနဂါး အစစ်အမှန်ခန္ဓာကိုယ်ကြီးက သူရှေ့မှောက်၌ ပြန်လည်ပေါ်ပေါက်လာ၏။
"အဲလိုလား... ဒါဆိုရင် နောက်တစ်ခေါက် ပြန်စကြတာပေါ့"
"မင်း... မင်းက ဘယ်လိုလုပ် အသက်ရှင်နေသေးတာလဲ"
ဂဏန်းမျိုးနွယ်စု ဧကရာဇ်တစ်ပိုင်းသည် အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားခဲ့သော်လည်း အစ်ကိုကြီးချန်ကမူ သူ့ကိုပြန်မဖြေခဲ့ချေ။ စနစ်က သူ့ကို အတွင်းကမ္ဘာထဲသို့ ဝင်ခွင့်မပေးခဲ့သဖြင့် သူသည် စိတ်ပျက်ဒေါသထွက်နေခဲ့သည်။
"သေစမ်း"
သူသည် နောက်ထပ်တစ်ကြိမ် အစွမ်းကုန်တိုက်ခိုက်တော့သည်။ ကျန်နေသေးသော ဂဏန်းမျိုးနွယ်စုမှ မိစ္ဆာဘုရင်များသည်လည်း သူတို့၏ စုတ်ပြတ်သတ်နေသော ခန္ဓာကိုယ်များကိုဆွဲဆန့်ကာ သူ့ကို ဝိုင်းရံလာကြ၏။ နှစ်ဖက်စလုံးအကြား နောက်ထပ်တစ်ကြိမ် ပြင်းထန်သောတိုက်ပွဲကြီးတစ်ခု ထပ်မံပေါက်ကွဲသွားပြန်သည်။
သို့သော်လည်း ဤတစ်ကြိမ်တွင်မူ အခြေအနေက လုံးဝဥဿုံ ပြောင်းလဲသွားလေပြီ။ တစ်ဖက်က စွမ်းအားများ ကုန်ခမ်းလုနီးပါးဖြစ်နေသော်လည်း အခြားတစ်ဖက်ကမူ အကောင်းပကတိအတိုင်း သွေးအပြည့်ဖြစ်နေရာ အစ်ကိုကြီးချန်သည် သိုးအုပ်ထဲသို့ ကျားတစ်ကောင် ဝင်မွှေသည့်အလား အညှာတာကင်းမဲ့စွာဖြင့် လိုက်လံသတ်ဖြတ်လေ၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် ဂဏန်းမျိုးနွယ်စု ဧကရာဇ်တစ်ပိုင်းသည် ဆက်လက်မတောင့်ခံနိုင်တော့ချေ။ နောက်ဆုံးကျန်ရှိနေသော ဂဏန်းမျိုးနွယ်စု ကျွမ်းကျင်သူ သတ်ဖြတ်ခံလိုက်ရသောအခါ သူသည် ဆက်လက်မခုခံနိုင်တော့ဘဲ အသက်လုကာ ထွက်ပြေးသွားတော့သည်။
"ကယ်ကြပါဦး"
"မြန်မြန်... ငါ့ကို ကယ်ကြပါဦး"
ဧကရာဇ်တစ်ပိုင်းတစ်ပါး၏ အရှိန်အဟုန်က အလွန်အမင်း လျင်မြန်လှသော်လည်း အစ်ကိုကြီးချန်၏ မိုးပြာနဂါးသည် အရှိန်အဟုန်ပိုင်းတွင် အကျွမ်းကျင်ဆုံးဖြစ်နေသည်။ သူ ဝေးဝေးမပြေးရသေးမီ လိုက်လံဖမ်းဆီးခံလိုက်ရပြီး မည်သို့မျှ ပြန်လည်တုံ့ပြန်နိုင်စွမ်းမရှိတော့ဘဲ တရစပ် အရိုက်ခံလိုက်ရလေ၏။
ဂိုဏ်းချုပ်ကျန်းသည် စနစ်က ဤတစ်ကြိမ်တွင် အထူးအစီအစဉ် မလုပ်ပေးခဲ့သည်ကို နောက်ဆုံး၌ နားလည်သွားသည်။ စနစ်၏ဆုံးဖြတ်ချက်အရ သူသာ အကောင်းပကတိအတိုင်း သွေးအပြည့်နှင့် ပြန်လည်ရှင်သန်လာမည်ဆိုလျှင် နောက်ဆက်တွဲတိုက်ပွဲမှာ သေချာပေါက် အနိုင်ရရှိလိမ့်မည်။ ၎င်းက မိစ္ဆာတစ်သောင်းညီလာခံတွင် ကျန်ချီပါဝင်စဉ်က ဆက်တိုက်တိုက်ခိုက်ရသဖြင့် အင်အားကုန်ခမ်းနေချိန် ချီလင်မျိုးနွယ်စုမှ ကျွမ်းကျင်သူတစ်ယောက်နှင့် တွေ့ဆုံခဲ့ရခြင်းနှင့် ဆင်တူသည်။
သူတို့၏ ခွန်အားများက မူလကတည်းကပင် ဆင်တူနေရာ သူတို့၏ခန္ဓာကိုယ်အခြေအနေက တိုက်ပွဲအပေါ် သက်ရောက်မှု အလွန်ကြီးမား၏။ အစ်ကိုကြီးချန်သည် ကြီးမားသော တန်ဖိုးတစ်ခုမျှ ပေးဆပ်ရခြင်းမရှိဘဲ ဂဏန်းမျိုးနွယ်စု ဧကရာဇ်တစ်ပိုင်း၏ မိစ္ဆာခန္ဓာကိုယ်ကို ရိုက်ခွဲပစ်နိုင်ခဲ့သည်။ တစ်ဖက်လူ၏ အင်မော်တယ်နိုင်ငံတော်သည်လည်း ဉာဏ်အလင်းပွင့် အင်မော်တယ်သစ်ပင်၏ ရေတွက်၍မရနိုင်သော တိုက်ခိုက်မှုများအောက်တွင် ပျက်စီးသွားလေသည်။
အနိုင်ရရှိပြီးနောက် သူသည် အချိန်ဆွဲမနေဘဲ အဖိုးတန်ဆုံး ပုလဲနှစ်လုံး အပါအဝင် ပုလဲများကို မရပ်မနားသိမ်းဆည်းပြီးနောက် ဂဏန်းမျိုးနွယ်စု ဧကရာဇ်တစ်ပိုင်း၏ လက်မကြီးများကိုပါ သိမ်းဆည်းလိုက်၏။ ၎င်းတို့က အင်မော်တယ်ရတနာများ သန့်စင်ရန်အတွက် အလွန်ကောင်းမွန်သော ပစ္စည်းများဖြစ်ပြီး တန်ဖိုးအလွန်ကြီးသည်။ နောက်ဆုံးတွင် ခေတ္တမျှရှာဖွေပြီးနောက် သူသည် မိစ္ဆာဝိညာဉ်အမြုတေ သန်းဆယ်ချီကို ရှာဖွေတွေ့ရှိခဲ့ပြီး၊ ထိုအခါမှသာ ချီလင်မျိုးနွယ်စုမှ ချီမုန်အဖြစ်သို့ ပြန်ပြောင်းလိုက်၏။ သူသည် ရေမျက်နှာပြင်ထက်သို့ တဖြည်းဖြည်း ချဉ်းကပ်လာခဲ့ပြီး အောင်နိုင်သူတစ်ယောက်အလား ဂုဏ်ယူဝင့်ကြွားစွာဖြင့် ထွက်ခွာရန် ပြင်လိုက်သည်။
"နင် ဒါကို ဘယ်လိုလုပ်လိုက်တာလဲ"
တိုက်ပွဲအတွင်း တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သော ဆန်းလင်သည် ဝေခွဲမရဖြစ်မှုကို ဆက်လက်၍ မအောင့်အီးနိုင်တော့ချေ။
"နင် အဲဒီဂဏန်းမျိုးနွယ်စု ဧကရာဇ်တစ်ပိုင်းကို အဲလိုမျိုး ယှဉ်ပြိုင်တိုက်ခိုက်နိုင်တာကို ငါမအံ့ဩပါဘူး"
"ဒါပေမဲ့ နင် မနိုင်သင့်ဘူးလေ"
"ငါထင်တာတော့ နင် တစ်ခေါက်သေသွားသေးတယ်..."
"ငါက ဘယ်လိုလုပ်ပြီး သေမှာလဲ"
အစ်ကိုကြီးချန်သည် သူ၏ ပြန်လည်ရှင်သန်နိုင်စွမ်းကို ထုတ်မပြောဘဲ ဒီအတိုင်း ပေါ့ပေါ့ပါးပါးပင် ကြွားဝါလိုက်သည်။
"ငါ့မှာ တိုက်ပွဲဝင်ခန္ဓာကိုယ်ရှိလို့ပါ၊ ဒဏ်ရာ ဘယ်လောက်ပဲ ပြင်းထန်ပါစေ... ပြန်သက်သာတာက ပိုပြီးမြန်ဆန်တယ်။ ပြီးတော့ အသက်အန္တရာယ် စိုးရိမ်ရတဲ့အထိ ဒဏ်ရာရရင် အကောင်းပကတိအတိုင်း ပြန်ဖြစ်သွားနိုင်တယ်"
"ဒီလိုမျိုး အံ့ဩစရာကောင်းတဲ့ ခန္ဓာကိုယ် ရှိလို့လား"
ဆန်းလင် အံ့ဩသွားသည်။
"ဒါက ကောင်းကင်ကြီးကို အလွန်အမင်း ဆန့်ကျင်လွန်းရာ မကျဘူးလား"
"ဒါက ငါ့ရဲ့ စိတ်နေသဘောထား ကောင်းမွန်လို့... ငါ့မှာ ဒီလိုမျိုး ထူးခြားတဲ့ခန္ဓာကိုယ် ရှိနေတာ မဟုတ်ဘူးလား"
ဆန်းလင်သည် သူ၏ စိတ်နေသဘောထားနှင့် ပတ်သက်၍ ပြောသမျှကို လုံးဝယုံကြည်မည်မဟုတ်။
"နင် ဘာဖြစ်လို့ မိစ္ဆာတစ်သောင်း ညီလာခံကို ပါဝင်ချင်ရတာလဲဆိုတာ ငါနောက်ဆုံးတော့ နားလည်သွားပြီ၊ နင့်ရဲ့ခန္ဓာကိုယ်က အဲဒီညီလာခံအတွက် သီးသန့်ဖန်တီးထားသလိုပဲ"
မိစ္ဆာတစ်သောင်း ညီလာခံတွင် ကြားထဲ၌ အနားယူရန် အခွင့်အရေးမရှိဘဲ ရှုံးထွက်ပွဲစဉ်များကို ဆက်တိုက်ယှဉ်ပြိုင်ရခြင်းဖြစ်သည်။ ခွန်အားချင်းကွာခြားချက်က အလွန်ကြီးမားလျှင် ကိစ္စမရှိသော်လည်း ခွန်အားချင်းတူညီနေပါက ယနေ့ ဂဏန်းမျိုးနွယ်စု ဧကရာဇ်တစ်ပိုင်းကဲ့သို့ပင်၊ အနိုင်ရရှိခဲ့လျှင်ပင် ခန္ဓာကိုယ်အခြေအနေက သိသိသာသာကျဆင်းသွားမည်။
"နှမြောစရာကောင်းတာက... နင့်ရဲ့ ကျင့်ကြံခြင်းအဆင့်အတန်းက နည်းနည်းနိမ့်ကျနေသေးတာပဲ"
သူမသည် ရုတ်တရက် နောက်ထပ်တစ်ကြိမ် နှမြောတသ ဖြစ်သွားပြန်သည်။
"နင်သာ ဧကရာဇ်တစ်ပိုင်း ဖြစ်ခဲ့မယ်ဆိုရင်... ပထမနေရာရဖို့ အခွင့်အရေးရှိမှာ"
လက်ရှိတွင် အစ်ကိုကြီးချန်သည် လျင်မြန်ခြင်းနိယာမ၏ နိယာမနှလုံးသားထံမှ ကောင်းချီးပေးမှုကိုသာ ရရှိထားခြင်းဖြစ်ပြီး ပေါင်းစပ်မှုအဆင့်က မမြင့်မားသေးချေ။ ၎င်းအပြင် အခြားသော ကဏ္ဍအားလုံးတွင် သူက အဆင့်ကိုး အင်မော်တယ်ဘုရင် အဆင့်တွင်သာ ရှိနေသေးသည်။ မိစ္ဆာတစ်သောင်း ညီလာခံက ထိပ်သီး ၃၂ ယောက်စာရင်းထဲ ရောက်ရှိသွားသောအခါ ပြိုင်ဘက်အားလုံးက တစ်ပြေးညီ ဧကရာဇ်တစ်ပိုင်း နှောင်းပိုင်းအဆင့်များဖြစ်ကြပြီး သူတို့အားလုံးက ဧကရာဇ်တစ်ပိုင်း နှောင်းပိုင်းအဆင့်တွေထဲတွင် ထူးချွန်ထက်မြက်သူများဖြစ်၏။
သူတို့က တော်ဝင်သွေးမျိုးဆက်များဖြစ်စေ ရှေးဟောင်း မိစ္ဆာမျိုးနွယ်စုများဖြစ်စေ သူတို့၏ နက်ရှိုင်းလှသော ကံတရားကြောင့် အခွင့်အရေးများစွာ ရရှိထားကြသည့် မိစ္ဆာမျိုးနွယ်စု ပါရမီရှင်များ ဖြစ်ကြသည်။ ထိုအချိန်ကျလျှင် ကျင့်ကြံခြင်းအဆင့်အတန်း ကွာခြားချက်ကို ကျော်ဖြတ်ရန် အလွန်ခက်ခဲသွားမည်။
အစ်ကိုကြီးချန်က တွေးလိုက်မိသည်။
မင်းက စိုးရိမ်လွန်နေပြီ...
အဲဒီ ဒဏ်ရာအပြင်းအထန်ရရင် ပြန်ကောင်းလာတတ်တဲ့ ခန္ဓာကိုယ်ဆိုတာက ငါ ဒီအတိုင်း လျှောက်လုပ်ပြောလိုက်တာပဲဥစ္စာ...
မိစ္ဆာတစ်သောင်း ညီလာခံနဲ့ ပတ်သက်လို့ကတော့.အဆိုးဆုံးဖြစ်လာရင် ငါ နောက်ထပ် အကြိမ်အနည်းငယ်လောက် ထပ်သေပြီး ပထမနေရာရတဲ့အထိ သေပစ်လိုက်ရုံပေါ့...
သူတို့ ရေမျက်နှာပြင်သို့ ချဉ်းကပ်လာစဉ် ဆန်းလင်က ရုတ်တရက် အလန့်တကြား အော်ဟစ်လိုက်တော့သည်။
"မကောင်းတော့ဘူး... မဟာဧကရာဇ် ရွှမ်းကွေ့ ရောက်လာပြီ"
အစ်ကိုကြီးချန်သည် ချီမုန်၏ပုံစံကို ဆက်လက်ထိန်းသိမ်းထားရင်း အဝေးမှချဉ်းကပ်လာသော ကြောက်မက်ဖွယ်ကောင်းသည့်ဖိအားကို လျင်မြန်စွာ ခံစားလိုက်ရသည်။ သူ ရေမျက်နှာပြင်ထက်သို့ တက်လှမ်းရန် ပြင်လိုက်စဉ် သူ့ခေါင်းထက်၌ အဆုံးအစမရှိ၊ အတိုင်းအဆမရှိ ကျယ်ပြောလှသော လေထဲတွင်မျောလွင့်နေသည့် ကုန်းမြေထုကြီးတစ်ခုကို တွေ့ရှိလိုက်ရ၏။ ထိုအရာက မဟာဧကရာဇ် ရွှမ်းကွေ့၏ ခန္ဓာကိုယ်ကြီး ဖြစ်ပေသည်။
"ချီမုန်"
"တကယ့်ကို မင်းပဲကိုး"
မဟာဧကရာဇ် ရွှမ်းကွေ့၏ အက်ကွဲကွဲအသံကြီးက မိုးခြိမ်းသံကဲ့သို့ ဟိန်းထွက်လာရာ ပင်လယ်ဧရိယာတစ်ခုလုံးကို ဆက်တိုက်တုန်ဟီးသွားစေပြီး၊ ထိုတုန်ခါမှုများကြောင့် ရေတွက်၍မရနိုင်သော ပင်လယ်ရေများသည် ရေမြားများအဖြစ်ပြောင်းလဲကာ ကောင်းကင်ထက်သို့ ပျံတက်သွားသည်။
"မင်းက ပုလဲတွေကို လုယူဖို့အတွက် ဆဲ့ဖန်ကို တကယ်ပဲ သတ်ပစ်လိုက်တာလား၊ တကယ့်ကို သတ္တိကောင်းလှချည်လား"
သူသည် ဆဲ့ဖန် ထွက်ပြေးသွားသည့်အချိန်ကျမှသာ ဤတိုက်ပွဲကို သတိပြုမိခဲ့ခြင်းဖြစ်သည်။ ထို့နောက်တွင် သူက ဂဏန်းမျိုးနွယ်စု၏ ပိုင်နက်နယ်မြေသို့ သွားရောက်စုံစမ်းခဲ့ပြီး ချီမုန် ရောက်ရှိလာကြောင်း သိရှိခဲ့ရ၏။ အပျက်အစီးပုံဖြစ်နေသော ကမာမျိုးနွယ်စု၏ စုဝေးရာနေရာကို မြင်တွေ့လိုက်ရသောအခါ သူသည် အလွန်တုန်လှုပ်သွားသည်။ ဆဲ့ဖန် သေဆုံးသွားခဲ့ပြီဖြစ်ပြီး ပုလဲများအားလုံးလည်း ပျောက်ကွယ်သွားလေပြီ။ ယခုအခါ တိုက်ပွဲအတွင်းရှိနေခဲ့ကြောင်း ထင်ရှားလှသော ချီမုန်ကို မြင်တွေ့လိုက်ရသဖြင့် သူသည် စဉ်းစားနေစရာမလိုဘဲ ဘာဖြစ်ခဲ့သလဲဆိုတာကို သိရှိလိုက်ပြီဖြစ်သည်။
"မင်းတို့ ချီလင်မျိုးနွယ်စုတွေ ရူးကုန်ကြပြီလား"
"ငါ မင်းကို ရွှမ်းလင်းတောင်ဆီ အခုချက်ချင်းခေါ်သွားပြီး မင်းတို့ရဲ့ မဟာဧကရာဇ်နှစ်ပါးကို ကိုယ်တိုင်ကိုယ်ကျ စစ်ဆေးမေးမြန်းခိုင်းရမယ်"
"ဒါက ငါတို့ ရွှေပင်လယ် မိစ္ဆာမျိုးနွယ်စုတွေနဲ့ ဆက်ဆံရေးဖြတ်တောက်ဖို့ ကြိုးစားတာလား"
ဒေါသထွက်နေသော မဟာဧကရာဇ် ရွှမ်းကွေ့သည် ချီမုန်ကို သတ်ဖြတ်ရန် ရည်ရွယ်ချက် လုံးဝမရှိသေးချေ။ ချီလင်မျိုးနွယ်စုက လက်ရှိတွင် အထွတ်အထိပ်အခြေအနေသို့ ရောက်ရှိနေပြီး သူသည် အားလုံးကို မျက်နှာပျက်အောင် မလုပ်ရဲပေ။ တစ်ခါလုပ်မိလိုက်သည်နှင့် နောက်ဆုတ်ရန် လမ်းစရှိတော့မည်မဟုတ်။ သူက ချီမုန်ကိုခေါ်ဆောင်သွားပြီး ရှင်းလင်းချက်တစ်ခု တောင်းဆိုရန်သာ လိုလားနေသည်။
သို့သော်လည်း အစ်ကိုကြီးချန်က ဤအခွင့်အရေးကို ပေးမည်လော။ သူ ချီမုန်အဖြစ် ပြောင်းလဲခဲ့ရခြင်း၏ ရည်ရွယ်ချက်က သွေးခွဲရန်အတွက် မဟုတ်ပါလား။
ပထမဦးစွာ ရွှေပင်လယ် မိစ္ဆာမျိုးနွယ်စုနှင့် ချီလင်မျိုးနွယ်စု၊ ဤမဟာမိတ်များအကြား ဆက်ဆံရေးကို သွေးခွဲရန်ဖြစ်သည်။ သူသာ ထိပ်တိုက်ဖြေရှင်းရန် ခေါ်ဆောင်ခြင်းခံလိုက်ရပါက သူ၏ရုပ်ဖျက်ထားမှုက ပေါ်သွားပေလိမ့်မည်။
"ဟဲဟဲ... မင်းလို လိပ်အိုကြီးက ငါ့ရဲ့ ချီလင်မျိုးနွယ်စုရဲ့ ခွေးတစ်ကောင် သက်သက်ပဲဥစ္စာကို၊ မင်းက ဒီလိုမျိုး မွန်မြတ်တဲ့သခင်လေးကို ဖမ်းဆီးဖို့တောင် ထိုက်တန်လို့လား"
"ခွေးကောင်းက လမ်းမပိတ်ဘူး"
"ဖယ်စမ်း"
အမှောင်ရိပ်ထဲတွင် ပုန်းကွယ်နေသော ဆန်းလင်သည် တဟားဟား ရယ်မောမိလုမတတ် ဖြစ်သွားသည်။ သူမသည် အစ်ကိုကြီးချန်၏ သွေးခွဲလိုသောရည်ရွယ်ချက်ကို မြင်တွေ့ခဲ့သော်လည်း ထိုစကားလုံးများက အလွန်အမင်း ရိုင်းစိုင်းလွန်းလှသည် မဟုတ်ပါလား။ မဟာဧကရာဇ် ရွှမ်းကွေ့က မိစ္ဆာဧကရာဇ်တစ်ပါး ဖြစ်သော်လည်း သူ့ကို လိပ်အိုကြီးနှင့် ခွေးတစ်ကောင်ဟု အော်ဟစ်ခေါ်ဆိုလိုက်သည်။ နဂါးမျိုးနွယ်စု သူတို့၏ အထွတ်အထိပ် အခြေအနေတုန်းကပင် ဤကဲ့သို့သော ကိစ္စမျိုးကို လုံးဝမလုပ်ဆောင်ခဲ့ဖူးချေ။
အစတည်းကပင် ဒေါသအမျက်ချောင်းချောင်းထွက်နေခဲ့သော မဟာဧကရာဇ် ရွှမ်းကွေ့သည် ချက်ချင်း ပေါက်ကွဲသွားတော့သည်။
"ကောင်းတယ်... ကောင်းတယ်"
သူ၏ မိစ္ဆာဧကရာဇ်၏ ဖိအားများသည် မည်သည့်ဖုံးကွယ်မှုမျှမရှိဘဲ ချက်ချင်းထွက်ပေါ်လာ၏။
"မင်းတို့ ချီလင်မျိုးနွယ်စုတွေက တကယ့်ကို အဆုံးစွန်အထိကို မာနထောင်လွှားလွန်းကြတာပဲ"
"မင်းက ငါ့ကို ဒီလိုမျိုး စော်ကားရဲတယ်ပေါ့လေ"
"ဒါဆိုရင်တော့ သေပေတော့"
ခဏအတွင်းမှာပင် အလွန်အမင်း လှိုင်းထန်နေသော ပင်လယ်ဧရိယာကြီးတစ်ခုလုံးသည် သံပြားကြီးတစ်ခုအလား အစိုင်အခဲဖြစ်သွားလေသည်။