← Chapters

အခန်း (၅၃၁-၅၃၂)

Vol. 39 Ch. 531-532

အခန်း (၅၃၁-၅၃၂)

Vol. 39 Ch. 531-532

အခန်း ( ၅၃၁ ) - အိပ်မောကျသွားခြင်း၊ အခေါင်းတဆာ၏ ဇာစ်မြစ်နှင့် ကောင်းကင်ဘုံများ၏ ပြင်ပ

‎

‎

‎

‎ယနေ့ ရှူလောင်နှင့် စကားပြောခွင့်ရလိုက်ခြင်းက ကုချန်အား ကောင်းကင်ဘုံများ၏ အနက်ရှိုင်းဆုံး လျှို့ဝှက်ချက်များစွာကို သိရှိခွင့်ရစေခဲ့၏။ ထိုလျှို့ဝှက်ချက်များသည် သူ၏ အနာဂတ် ကျင့်ကြံခြင်းလမ်းကြောင်းတွင် သေချာပေါက် အလွန်အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လာမည် ဖြစ်သည်။

‎

‎

‎" အရှင် ပြောစရာတစ်ခုခု ကျန်သေးလား "

‎

‎

‎ကုချန်သည် ရှူလောင်ကို ကြည့်ကာ ထပ်မံ မေးမြန်းလိုက်၏။

‎

‎

‎" မရှိတော့ပါဘူး "

‎

‎

‎သစ်ပင်ငယ်လေးမှာ လှုပ်ခတ်သွားကာ ရှူလောင်၏အသံ ထွက်ပေါ်လာလေသည်။

‎

‎

‎" ငါ အိပ်စက်ခြင်းထဲ ဝင်သွားတော့မယ်... ငါကံကောင်းရင်တော့ နှစ်တစ်ရာနေရင် တစ်ခါလောက် နိုးလာလိမ့်မယ်... မင်းမှာ တခြား မေးစရာရှိရင် အဲဒီအချိန်ကျမှ မေးတော့ "

‎

‎

‎ထိုသို့ပြောပြီးနောက် ရှူလောင်၏ နတ်ဝိညာဉ် ကိန်းအောင်းနေသော သစ်ပင်ငယ်လေးသည် မှေးမှိန်စွာ တောက်ပလာပြီး အရွက်များ တုန်ခါသွားကာ အရောင်ငါးမျိုး ဝိညာဉ်အရည် အားလုံးကို စုပ်ယူလိုက်လေသည်။ ထိုအရည်များသည် သစ်ပင်ငယ်လေးကို လွှမ်းခြုံကာ နေရာအနှံ့ ပျံ့နှံ့သွားလျက် သစ်ပင်ငယ်လေး တစ်ခုလုံးကို အပြည့်အဝ ဖုံးအုပ်သွားတော့သည်။ အိပ်စက်ခြင်းအခြေအနေသို့ ဝင်ရောက်သွားသည့်အလား မည်သည့် အငွေ့အသက်မျှ ယိုစိမ့်ထွက်လာခြင်း မရှိတော့ပေ။

‎

‎

‎ကုချန်ပင်လျှင် သစ်ပင်ငယ်လေးထံမှ အလွန်တရာ အားနည်းသော အသက်လှိုင်း အနည်းငယ်ကိုသာ ခံစားနိုင်တော့သည်။

‎

‎

‎ရှူလောင်၏ လက်ရှိ အခြေအနေကို ကြည့်လျက် ကုချန်မှာ သက်ပြင်းမချဘဲ မနေနိုင်ခဲ့ပေ။ ရှူလောင်သည် ယခင်က သူ၏အသက်ကို ဆွဲဆန့်ရန် ဤနည်းလမ်းကို အသုံးမပြုချင်ခဲ့သည်မှာလည်း အံ့သြစရာ မဟုတ်တော့ပေ။

‎

‎

‎ဤနည်းလမ်းက အရောင်ငါးမျိုး ဝိညာဉ်အရည် ကုန်ခမ်းမှုကို များစွာ နှေးကွေးစေနိုင်သော်လည်း သူကိုယ်တိုင်ကတော့ အသက်မဲ့သော အိပ်စက်ခြင်းအခြေအနေသို့ ဝင်ရောက်သွားရမည်ဖြစ်ရာ အသိစိတ်လွတ်ကာ သေဆုံးနေခြင်းနှင့် မခြား ဖြစ်နေမည် ဖြစ်သည်။

‎

‎

‎ဤအခြေအနေသည် အတိတ်က အဆုံးမဲ့ကမ္ဘာရှိ တားမြစ်နယ်မြေများမှ အရှင်သခင်များ၏ အခြေအနေနှင့် ဆင်တူလေသည်။

‎

‎

‎ထိုအရှင်သခင်များသည် အင်မော်တယ်အဖြစ် တက်လှမ်းနိုင်ရန်အတွက် ကိုယ့်ကိုယ်ကိုယ် ချိပ်ပိတ်ကာ အသိစိတ်လွတ်သောအခြေအနေဖြင့် နှစ်ထောင်သောင်းချီကြာအောင် အိပ်မောကျနေရန် ဝန်မလေးခဲ့ကြပေ။

‎

‎

‎သို့သော် ထိုအရှင်သခင်များ ဤသို့ လုပ်ဆောင်ရန် ဆန္ဒရှိခဲ့ခြင်း၏ အကြောင်းရင်းမှာ သူတို့၏ ရင်ထဲတွင် အင်မော်တယ်အဖြစ် တက်လှမ်းလိုသည့် စွဲလမ်းမှု ရှိနေသောကြောင့်ဖြစ်ပြီး ကောင်းကင်ချောက်ကမ်းပါးကြီး ပွင့်လာမည့် အချိန်ကောင်းကို စောင့်ဆိုင်းကာ အင်မော်တယ်အဖြစ် တက်လှမ်းနိုင်မည်ဟု ယုံကြည်ထားသောကြောင့်သာ ဤသို့ အိပ်မောကျနေရန် လိုလားခဲ့ကြခြင်း ဖြစ်သည်။

‎

‎

‎သို့သော် ရှူလောင်သည်ကော။

‎

‎

‎သူသည် ကွေ့ရွှီးနယ်မြေထဲသို့ ကျရောက်ခဲ့ပြီးဖြစ်ရာ အနာဂတ်ရှိရန် မဖြစ်နိုင်တော့ဘဲ ဖြည်းညင်းစွာ အိပ်စက်ခြင်းအခြေအနေထဲသို့ နစ်မြုပ်သွားရန်သာ ရှိတော့သည်။

‎

‎

‎ဤကဲ့သို့သော အခြေအနေမျိုးတွင် သူကိုယ်သူ ချိပ်ပိတ်၍ နှစ်သိန်းသန်းချီကြာအောင် ရှင်သန်နေခဲ့လျှင်တောင် ဘာအဓိပ္ပာယ် ရှိမည်နည်း။ သူသည် မည်သည့်မျှော်လင့်ချက်ကိုမျှ မမြင်ရသည်ဖြစ်ရာ သေလိုက်ရသည်ကမှ ပို၍ ချမ်းသာရာ ရပေလိမ့်မည်။

‎

‎

‎ယခုမူကား ကုချန်နှင့် တွေ့ဆုံပြီး ကုချန်၌ သူ့ကို ကယ်တင်နိုင်စွမ်း ရှိကြောင်း သိလိုက်ရသောအခါမှသာ ထိုမျှော်လင့်ချက် ရောင်ခြည်လေး တစ်တန်းကို ဆုပ်ကိုင်နိုင်ရန် ရှူလောင်မှာ အိပ်မောကျရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

‎

‎

‎ကုချန်သည် သူ၏လက်ဖဝါးကို မြှောက်ကာ သစ်ပင်ငယ်လေးကို ဂရုတစိုက် သိမ်းဆည်းလိုက်၏။

‎

‎

‎အိမ်တစ်အိမ်မှာ သက်ကြီးရွယ်အိုတစ်ယောက် ရှိနေတာက ရတနာတစ်ခု ပိုင်ဆိုင်ထားသလိုပဲ။

‎

‎

‎ရှူလောင်၏ဇာစ်မြစ်မှာ အလွန်တရာ လျှို့ဝှက်ဆန်းကြယ်ကာ တာအိုအရှင်သခင်အဆင့်၏ လျှို့ဝှက်ချက်များကိုပင် ကောင်းစွာ နားလည်ထား၏။ သူသည် လက်ရှိတွင် ကုချန်အတွက် မည်သည့် တိုက်ခိုက်ရေးအကူအညီမျှ မပေးနိုင်သော်လည်း သူ၏မေးခွန်းများကို ဖြေကြားပေးနိုင်စွမ်း ရှိခြင်းကပင် မည်သည့် တိုက်ခိုက်ရေးစွမ်းအားထက်မဆို ပို၍ အရေးကြီးနေပေသည်။

‎

‎

‎ထို့ပြင် ရှူလောင် ယခုလေးတင် ဖွင့်ဟခဲ့သော လျှို့ဝှက်ချက်များက ကုချန်အား အခြားသော ကိစ္စရပ်တစ်ခုကို တွေးတောမိစေခဲ့သည်။

‎

‎

‎ယင်းမှာ ဟွမ်ကျိုအာနှင့် လျှို့ဝှက်ဆန်းကြယ်သော ခေါင်းတလားတို့၏ ဇာစ်မြစ်ပင် ဖြစ်သည်။

‎

‎

‎ယခင်က လူသားဧကရာဇ်သည် ဟွမ်ကျိုအာအတွက် နိမိတ်ဖတ်ပေးခဲ့ဖူး၍ သူ၏ဇာစ်မြစ်သည် ပစ္စုပ္ပန်ကမ္ဘာနှင့် မသက်ဆိုင်သလို အတိတ်နှင့်လည်း မသက်ဆိုင်၊ အနာဂတ်နှင့်လည်း မသက်ဆိုင်ကြောင်း ဟောကိန်းထုတ်ခဲ့ဖူးသည်။

‎

‎

‎အချိန်မြစ်ကြီးမှာ ကျယ်ပြော၍ အဆုံးအစမရှိဘဲ ကောင်းကင်ဘုံများနှင့် အဆုံးမဲ့ကမ္ဘာများ၏ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် နှစ်ကာလများ အားလုံးကို လွှမ်းခြုံထား၏။

‎

‎

‎သို့တိုင်အောင် ထိုအချိန်မြစ်ထဲတွင် ဟွမ်ကျိုအာ၏ အရိပ်အယောင် အနည်းငယ်မျှပင် မရှိခဲ့ပေ။

‎

‎

‎ထိုအချိန်က ကုချန်သည် လူသားဧကရာဇ်၏ ဟောကိန်းမှာ ဘာကိုဆိုလိုသနည်းဟု နားမလည်နိုင်ဘဲ စိတ်ရှုပ်ထွေးနေခဲ့ရ၏။ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် သုံးပါးလုံးနှင့် မသက်ဆိုင်လျှင် သူ မည်သည့်နေရာက လာနိုင်မည်နည်း။

‎

‎

‎ထိုစဉ်က ကုချန်သည် လူသားဧကရာဇ်၏ နိမိတ်ဖတ်ခြင်း မှားယွင်းသွားခဲ့လေသလား ဟုပင် တွေးခဲ့မိသည်။

‎

‎

‎သို့သော် ယခုကြည့်ရသည်မှာ ထိုအချိန်က ကုချန်၏ အမြင်အာရုံနှင့် ဗဟုသုတ မလုံလောက်ခဲ့သောကြောင့်သာ ဟွမ်ကျိုအာ၏ဇာစ်မြစ်ကို မခန့်မှန်းနိုင်ခဲ့ခြင်းပင်။

‎

‎

‎ဟွမ်ကျိုအာနှင့်၊ သူနှင့်အတူ ရောက်ရှိလာသော လျှို့ဝှက်ဆန်းကြယ်သည့် ခေါင်းတလားတို့ နှစ်ခုလုံးသည် အဆုံးမဲ့ကမ္ဘာများ၏ ပြင်ပမှ လာရောက်ခဲ့ခြင်း ဖြစ်နိုင်ချေ ရှိမနေဘူးလော။

‎

‎

‎လျှို့ဝှက်ဆန်းကြယ်သော ခေါင်းတလားသည် ဟွမ်ကျိုအာကို သယ်ဆောင်ကာ အဆုံးမဲ့ကမ္ဘာများ၏ ပြင်ပမှ ပြုတ်ကျလာ၍ လက်ရှိ ကပ်စက်ဝန်း၏ ကောင်းကင်ဘုံများသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

‎

‎

‎သို့သော် အကြောင်းရင်း မသိရဘဲ ဟွမ်ကျိုအာသည် သူ၏မှတ်ဉာဏ်များ ဆုံးရှုံးသွားခဲ့ကာ ဘာတွေဖြစ်ခဲ့သည်ကို မမှတ်မိတော့ပေ။

‎

‎

‎ဟွမ်ကျိုအာနှင့် လျှို့ဝှက်ဆန်းကြယ်သော ခေါင်းတလားတို့ နှစ်ခုလုံးသည် ဤကပ်စက်ဝန်း၏ ကောင်းကင်ဘုံများ ပြင်ပမှ လာရောက်ခဲ့ခြင်းဖြစ်ရာ အချိန်မြစ်ထဲတွင် သူတို့၏ အရိပ်အယောင်များ ကျန်ရှိမနေခြင်းမှာ သဘာဝကျ၏။ ဤနည်းဖြင့်ဆိုလျှင် အရာအားလုံးမှာ ယုတ္တိရှိသွားပြီ ဖြစ်သည်။

‎

‎

‎ဒါဆိုလျှင် ဟွမ်ကျိုအာသည် ရှူလောင်ပြောသကဲ့သို့ အဆုံးမဲ့ကမ္ဘာများ ပြင်ပမှ တာအိုအရှင်သခင် တစ်ပါး၏ မျိုးဆက်များ ဖြစ်နေမည်လော။

‎

‎

‎သူ့တွင် တာအိုကို သက်သေပြနိုင်မည့် အလားအလာ ရှိနေသောကြောင့် ဤကပ်စက်ဝန်းအတွင်း သူ အောင်မြင်စွာ တာအိုသက်သေပြနိုင်မည်ဟု မျှော်လင့်ချက်ဖြင့် အဆုံးမဲ့ကမ္ဘာများ ပြင်ပမှ တာအိုအရှင်သခင် တစ်ပါးက ဤကပ်စက်ဝန်းထဲသို့ စေလွှတ်လိုက်ခြင်း ဖြစ်နိုင်သည်။

‎

‎

‎ထို့ပြင် အစကတည်းက သူသည် ကံကြမ္မာ မဟာတာအိုနှင့် ရင်းနှီးမှုရှိကြောင်း ပြသခဲ့ကာ ၎င်း၏မျက်နှာသာပေးမှုကို ရရှိခဲ့၏။ သူ အနာဂတ်တွင် အင်မော်တယ်ဧကရာဇ်အဆင့်သို့ တက်လှမ်းနိုင်ခဲ့လျှင်တောင် ကံကြမ္မာ မဟာတာအိုကို ကျိန်းသေပေါက် ကျင့်ကြံလိမ့်မည် ဖြစ်သည်။ ဤသည်မှာ တာအိုအရှင်သခင်များမှ သူတို့၏မျိုးဆက်များအတွက် မဟာတာအိုကို ကြိုတင် ရွေးချယ်ပေးထားလေ့ရှိသည်ဟု ရှူလောင် ယခုလေးတင် ပြောခဲ့သည်နှင့် အတိအကျ ကိုက်ညီနေလေသည်။

‎

‎

‎ဒါပေမဲ့ အဲဒီလျှို့ဝှက်ဆန်းကြယ်တဲ့ ခေါင်းတလားကကော ဘာလဲ။

‎

‎

‎အဲဒါက ဟွမ်ကျိုအာကို တာအိုလမ်းကြောင်းပေါ်မှာ ကာကွယ်ပေးဖို့ အဆုံးမဲ့ကမ္ဘာတွေ ပြင်ပက တာအိုအရှင်သခင် တစ်ပါးက ဒီကပ်စက်ဝန်းထဲကို ထည့်ပေးလိုက်တဲ့ ကာကွယ်ရေးပစ္စည်းတစ်ခု ဖြစ်နေမလား။

‎

‎

‎မဟုတ်သေးပါဘူး။

‎

‎

‎ကုချန်သည် စဉ်းစားတွေးတောလျက် မျက်မှောင်ကျုံ့လိုက်မိ၏။

‎

‎

‎သူသည် ယခင်က ထိုလျှို့ဝှက်ဆန်းကြယ်သော ခေါင်းတလားအတွင်း၌ ကောင်းကင်ဘုံများနှင့် အဆုံးမဲ့ကမ္ဘာများ အားလုံးကို လွှမ်းခြုံထားပုံရသော တောက်ပသည့် ကျောက်စိမ်းဖြူ လက်ဝါးကြီးကို အကြိမ်ကြိမ် မြင်တွေ့ခဲ့ဖူးသည်။

‎

‎

‎ထိုတောက်ပသော ကျောက်စိမ်းဖြူ လက်ဝါးကြီး၏ ပိုင်ရှင်သည် ကုချန်၏ စိတ်ကူးထက် များစွာ ကျော်လွန်နေသော ကြီးကျယ်ခမ်းနားသည့် တည်ရှိမှုတစ်ခု ဖြစ်ကြောင်းမှာ သံသယဖြစ်ဖွယ် မရှိပေ။ ရှူလောင်ထံမှ တာအိုအရှင်သခင်များနှင့် ပတ်သက်သော ဒဏ္ဍာရီများကို သိရှိပြီးနောက်တွင်ပင် ထိုတောက်ပသော ကျောက်စိမ်းဖြူ လက်ဝါးကြီး၏ ပိုင်ရှင်သည် ထိုတာအိုအရှင်သခင်အဆင့် တည်ရှိမှုများထက်ပင် ပို၍ အစွမ်းထက်နိုင်သေးသည်ဟု သူ ယုံကြည်နေဆဲပင်။

‎

‎

‎ထို့ပြင် ထိုလျှို့ဝှက်ဆန်းကြယ်သော ခေါင်းတလားသည် ထိုတောက်ပသော ကျောက်စိမ်းဖြူ လက်ဝါးကြီး၏ ပိုင်ရှင်နှင့် ခွဲခြား၍မရသော ဆက်နွယ်မှုတစ်ခု ရှိနေသည်မှာ ထင်ရှားလှပေသည်။

‎

‎

‎ကုချန် မှတ်မိနေသေး၏။ ထိုတောက်ပသော ကျောက်စိမ်းဖြူ လက်ဝါးကြီးကို သူ ပထမဆုံး မြင်တွေ့ခဲ့ရစဉ်က ထိုလက်ကြီးသည် ကောင်းကင်ဘုံများကို ဖြတ်သန်းကာ ခေါင်းတလားဆီသို့ ဆန့်ထုတ်လာသည်နှင့်အတူ 'နောက်ဆုံးတော့ ရှာတွေ့ပြီ' ဟူသော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

‎

‎

‎ထိုအချိန်က ကုချန် မြင်တွေ့ခဲ့ရသော မြင်ကွင်းများတွင် ဟွမ်ကျိုအာ ရှိမနေခဲ့ပေ။

‎

‎

‎ခေါင်းတလားထဲတွင် ကိုယ့်ကိုယ်ကိုယ် မြှုပ်နှံခဲ့သူမှာလည်း ဟွမ်ကျိုအာ လုံးဝ မဟုတ်ခဲ့ချေ။

‎

‎

‎ကုချန်၏ခန့်မှန်းချက်အရ ဟွမ်ကျိုအာသည် နောက်ပိုင်းမှ မသိနိုင်သော ကံကြမ္မာ အခွင့်အရေးတစ်ခုကြောင့် ဤလျှို့ဝှက်ဆန်းကြယ်သော ခေါင်းတလားနှင့် ဆက်နွယ်မှု ဖြစ်ပေါ်လာခဲ့ပြီး ကောင်းကင်တားမြစ်နယ်မြေထဲသို့ မျောပါလာစဉ် အတူတကွ ပါလာခဲ့ခြင်း ဖြစ်နိုင်လေသည်။

‎

‎

‎ထို့ကြောင့် လက်ရှိ အတည်ပြုနိုင်သည့် တစ်ခုတည်းသော အရာမှာ ဟွမ်ကျိုအာသည် ဤကပ်စက်ဝန်း၏ ကောင်းကင်ဘုံများ ပြင်ပမှ လာရောက်သူ အဖြစ်နိုင်ဆုံးဆိုသည့် အချက်ပင် ဖြစ်သည်။

‎

‎

‎လျှို့ဝှက်ဆန်းကြယ်သော ခေါင်းတလားနှင့် သူ၏ဆက်နွယ်မှုကိုမူ ဆုံးဖြတ်၍ မရနိုင်သေးပေ။

‎

‎

‎မည်သို့ပင်ဆိုစေကာမူ ထိုခေါင်းတလားသည် အဆုံးမဲ့ကမ္ဘာများ ပြင်ပမှ ထိုကြီးကျယ်ခမ်းနားသော တည်ရှိမှုကြီးမှ ဟွမ်ကျိုအာအတွက် ပေးအပ်လိုက်သော တာအိုရယူခြင်း ပစ္စည်းတစ်ခုသာ အမှန်တကယ် ဖြစ်ခဲ့လျှင် အစကနေ အဆုံး အကျိုးကျေးဇူး အားလုံးနီးပါးက အဘယ်ကြောင့် ကုချန်ထံသို့ ရောက်ရှိလာရသနည်း။

‎

‎

‎ကောင်းကင်ဘုံအလုံးစုံ အမှန်တရား နားလည်ခြင်း၊ မဟာတာအိုတစ်သောင်း ပြီးပြည့်စုံသော နေရာတွင် တာအိုကို ရယူခြင်း၊ အချိန်နှင့်လေဟာနယ် ပျက်သုဉ်းခြင်း ကျင့်စဉ်.....

‎

‎

‎ဤအကျိုးကျေးဇူးများသည် မည်သို့ပင် ကြည့်စေကာမူ ဟွမ်ကျိုအာ ရရှိခဲ့သော ကံကြမ္မာ မဟာတာအို ကျင့်စဉ်ထက် များစွာ သာလွန်နေလေသည်။

‎

‎

‎ထိုခေါင်းတလားသည် အမှန်တကယ်ပင် ဟွမ်ကျိုအာ၏ တာအိုရယူခြင်း ပစ္စည်းတစ်ခုသာ ဖြစ်ခဲ့လျှင် ဤအကျိုးကျေးဇူးများ အားလုံး ကုချန်၏ လက်ထဲသို့ ရောက်ရှိလာရန် အကြောင်းရင်း မရှိပေ။

‎

‎

‎သူ၏စိတ်ထဲတွင် အတွေးများစွာ ပြည့်နှက်လာသဖြင့် ကုချန်မှာ အချိန်အတန်ကြာသည်အထိ စနစ်တကျ မစီစဉ်နိုင်ဘဲ ဖြစ်နေရ၏။

‎

‎

‎သို့သော် ဟွမ်ကျိုအာသည် အဆုံးမဲ့ကမ္ဘာများ ပြင်ပမှ ဧည့်သည်တစ်ဦး ဖြစ်ကြောင်း အတည်ပြုနိုင်ပြီး သူသည် အနာဂတ်တွင် ကံကြမ္မာ မဟာတာအိုကို သေချာပေါက် ကျင့်ကြံမည်ဖြစ်ကြောင်း သိလိုက်ရလျှင်တောင် ကုချန်၏စိတ်နှလုံးမှာ တည်ငြိမ်နေဆဲဖြစ်ကာ ကျိန်းသေပေါက် ဟွမ်ကျိုအာနှင့် တာအိုအတွက် ယှဉ်ပြိုင်ရန် ရည်ရွယ်ချက် လုံးဝ မရှိခဲ့ပေ။

‎

‎

‎သူသည် လက်ရှိခေတ်တွင် ပြိုင်ဘက်ကင်းခြင်းကိုသာ လေးစားတန်ဖိုးထား၍ သူ ကျင့်ကြံလိုသော မဟာတာအိုကိုသာ ကျင့်ကြံမည် ဖြစ်သည်။

‎

‎

‎သူသည် အနာဂတ်တွင် အင်မော်တယ်ဧကရာဇ်အဆင့်သို့ တက်လှမ်းနိုင်ခဲ့၍ အခြား တာအိုအရှင်သခင်များနှင့် အမှန်တကယ် ထိပ်တိုက်တွေ့ခဲ့ရလျှင်ကော ဘာဖြစ်သနည်း။

‎

‎

‎ကြီးထွားလာဖို့ သူ့ကို အချိန်တစ်ခုသာ ပေးလိုက်စမ်းပါ။ တာအိုအရှင်သခင်ဆိုရင်တောင် နိုင်လို့မရတဲ့သူ မဟုတ်နိုင်ပါဘူး!

‎

‎အခန်း ( ၅၃၂ ) - ကုချန်၏ စီစဉ်မှု၊ အမြင့်ဆုံးရတနာနှင့် တည်နေရာသို့ ရောက်ရှိခြင်း

‎

‎

‎

‎ရှူလောင်ကို သိမ်းဆည်းပြီးနောက် ကုချန်သည် ဤပျက်စီးနေသော စကြာဝဠာမှ ထွက်ခွာကာ ဝေလငါးကြီးရှိရာ စကြာဝဠာဆီသို့ ပြန်သွားခဲ့၏။

‎

‎

‎" ဝူး...! "

‎

‎

‎ကုချန် ပြန်လာသည်ကို မြင်သောအခါ ဝေလငါးကြီးသည် ချက်ချင်း အသံပြုကာ ချဉ်းကပ်လာသည်မှာ ကုချန် သူ့ကို ဤနေရာတွင် စွန့်ပစ်သွားမည်ကို ကြောက်ရွံ့နေဟန် ရှိသည်။

‎

‎

‎ကုချန်သည် ဝေလငါးကြီး၏ခေါင်းကို ပုတ်ပေးလိုက်ပြီးနောက် ပြောဆိုလိုက်၏။

‎

‎

‎" ငါ့ကို ဒီမှာပဲ စောင့်နေ... ဘယ်မှမသွားနဲ့... ကွေ့ရွှီးနယ်မြေ ပိတ်သိမ်းသွားတဲ့အခါ ငါ မင်းကို သေချာပေါက် ခေါ်ထုတ်သွားမယ် "

‎

‎

‎မည်သို့ပင်ဆိုစေကာမူ ဤဝေလငါးကြီးသည် သူ့အတွက် အလုပ်တစ်ခု လုပ်ပေးနေစဉ် ကွေ့ရွှီးနယ်မြေထဲသို့ မတော်တဆ ကျရောက်သွားခဲ့ခြင်းဖြစ်ရာ ကုချန်သည် ကျိန်းသေပေါက် ဘာမှမလုပ်ဘဲ လက်ပိုက်ကြည့်နေမည် မဟုတ်ပေ။

‎

‎

‎သို့သော် ကွေ့ရွှီးနယ်မြေထဲတွင် အဆုံးမဲ့ အန္တရာယ်များ ပြည့်နှက်နေကာ နတ်ဆိုးဧကရာဇ်အဆင့် တည်ရှိမှုများပင်လျှင် သတိထားနေရသည်ဖြစ်ရာ ကုချန်သည် သေချာပေါက် ဝေလငါးကြီးကို ခေါ်ဆောင်ကာ ကွေ့ရွှီးနယ်မြေထဲသို့ စူးစမ်းရှာဖွေရန် မသွားနိုင်ပေ။

‎

‎

‎အလုံခြုံဆုံးသော ရွေးချယ်မှုမှာ ဝေလငါးကြီးကို ဤနေရာ၌ စောင့်နေစေပြီး ကွေ့ရွှီးနယ်မြေ ပိတ်သိမ်းလုနီးချိန်မှသာ ပြန်လာ၍ ခေါ်ဆောင်သွားရန်ပင် ဖြစ်သည်။

‎‌

‎

‎" ဝူး...! ဝူး...! "

‎

‎

‎ကုချန်၏အစီအစဉ်ကို ကြားသောအခါ ဝေလငါးကြီးသည် ခေါင်းကို ဆက်တိုက် ညိတ်ပြလေသည်။

‎

‎

‎တကယ်တမ်းတွင်လည်း ဤကျိန်စာသင့်နေသော နေရာ၌ ၎င်းသည် လျှောက်မသွားရဲပေ။ ဤပျက်စီးနေသော စကြာဝဠာထဲတွင် ကယ်ဆယ်မှုကို စောင့်ဆိုင်းနေခြင်းက အကောင်းဆုံး ရွေးချယ်မှုဖြစ်ကြောင်း သံသယဝင်စရာ မလိုပေ။

‎

‎

‎ဝေလငါးကြီးအား ညွှန်ကြားပြီးနောက် ကုချန်သည် ထိုနေရာမှ ထွက်ခွာကာ ရှာနာနတ်ဆိုးဧကရာဇ် ရှိနေသည့် ဦးတည်ရာဘက်သို့ ဆက်လက် သွားရောက်ခဲ့လေသည်။

‎

‎

‎ယခု အရေးအကြီးဆုံး တာဝန်မှာ ရှာနာနတ်ဆိုးဧကရာဇ်နှင့် အရင်ဆုံး သွားရောက်ပူးပေါင်းရန်ပင် ဖြစ်သည်။

‎

‎

‎........

‎

‎

‎ဒုတိယကိုယ်ပွားမှ ကွေ့ရွှီးနယ်မြေကို စူးစမ်းရှာဖွေနေချိန်၌ပင်.....

‎

‎

‎ကုချန်၏ခန္ဓာကိုယ်အစစ်သည် ရှောင်လင်ဧကရီ ပေးထားသော တည်နေရာအမှတ်အသားများအတိုင်း အဆုံးမဲ့ကမ္ဘာမှ ထွက်ခွာကာ ဟွမ်သွမ့်ပင်လယ်၏ အနက်ရှိုင်းဆုံးနေရာသို့ ရောက်ရှိလာခဲ့လေသည်။

‎

‎

‎" ဒီနေရာက တကယ်ကို ဝေးလွန်းတယ် "

‎

‎

‎ကုချန်သည် ရှောင်လင်ဧကရီ ပေးထားသော တည်နေရာ အမှတ်အသားများကို စစ်ဆေးကြည့်လိုက်ရာ ဟွမ်သွမ့်ပင်လယ်၏ ပိုမိုနက်ရှိုင်းသော နေရာများဆီသို့ ညွှန်ပြနေသေးကြောင်း တွေ့ရသဖြင့် သက်ပြင်းချလိုက်မိလေသည်။

‎

‎

‎သို့သော် တစ်ချိန်တည်းမှာပင် ရှောင်လင်ဧကရီ ရရှိခဲ့သော ဝိညာဉ်တစ်သောင်း တာအိုကျမ်းသည် မည်သို့သော မြင့်မြတ်သည့် ရတနာဖြစ်မည်နည်းဟု သူ တွေးတောနေမိ၏။

‎

‎

‎ရှောင်လင်ဧကရီ၏ စကားအရ သူသည် ပျောက်ဆုံးနေသော ဝိညာဉ်တစ်သောင်း တာအိုကျမ်း၏ အပိုင်းတစ်ဝက်ကိုသာ ရရှိနိုင်ပါက အင်မော်တယ်ဧကရာဇ်အဆင့်သို့ တက်လှမ်းနိုင်မည့် အခွင့်အရေးကို လှမ်းမြင်နိုင်မည်ဟု ဆိုခဲ့သည်။

‎

‎

‎ယခင်က ဤအချက်နှင့် ပတ်သက်၍ ထူးဆန်းမှု တစ်စုံတစ်ရာကို ကုချန် မတွေ့ခဲ့ပေ။

‎

‎

‎သို့သော် ရှူလောင်ထံမှ လျှို့ဝှက်ချက်များစွာကို ယခုလေးတင် သိရှိပြီးနောက်တွင်မူ အင်မော်တယ်ဧကရာဇ်အဆင့်အထက်ရှိ တာအိုအရှင်သခင်အဆင့်သို့ တက်လှမ်းရန် မည်မျှ ခက်ခဲကြောင်း သူ နောက်ဆုံးတွင် သဘောပေါက်သွားခဲ့လေသည်။

‎

‎

‎ကပ်စက်ဝန်း တစ်ခုအတွင်း တာအိုအရှင်သခင်အဆင့်သို့ တက်လှမ်းနိုင်သူမှာ တစ်ပါး၊ နှစ်ပါးမျှသာ ရှိနိုင်ပြီး တကယ်ကို သန်းထောင်ချီတွင်မှ တစ်ဦးသာ ဖြစ်လေသည်။

‎

‎

‎တာအိုအရှင်သခင်အဆင့်သို့ ရောက်ရှိနေပြီဖြစ်သော တည်ရှိမှုများပင်လျှင် သူတို့၏ မျိုးဆက်များအတွက် ပြင်ဆင်မှုများစွာ ပြုလုပ်ပေး၍ ကပ်စက်ဝန်းတစ်ခုထဲသို့ စေလွှတ်လိုက်လျှင်တောင် သူတို့၏မျိုးဆက်များ တာအိုအရှင်သခင်အဆင့်သို့ တက်လှမ်းနိုင်မည်ဟု အာမခံချက် လုံးဝ မရှိကြချေ။

‎

‎

‎ယခုမူကား ဝိညာဉ်တစ်သောင်း တာအိုကျမ်း၏ အပိုင်းတစ်ဝက်ကို ရယူရုံမျှဖြင့် ရှောင်လင်ဧကရီအား တာအိုအရှင်သခင်အဆင့်သို့ တက်လှမ်းနိုင်မည့် အခွင့်အရေးကို လှမ်းမြင်စေနိုင်သည်တဲ့လော။

‎

‎

‎ဤသည်ကို ကြည့်ခြင်းအားဖြင့် ဝိညာဉ်တစ်သောင်း တာအိုကျမ်းသည် ပြိုင်ဘက်ကင်းသော မြင့်မြတ်သည့် ရတနာတစ်ခုဖြစ်ကြောင်း ထင်ရှားနေပေသည်။

‎

‎

‎ဖြစ်နိုင်သည်မှာ ဤဝိညာဉ်တစ်သောင်း တာအိုကျမ်းသည် ဤကပ်စက်ဝန်း၏ ကောင်းကင်ဘုံအတွင်းမှ မွေးမြူဖြစ်တည်လာသော မြင့်မြတ်သည့်ရတနာတစ်ခု မဟုတ်ဘဲ လျှို့ဝှက်ဆန်းကြယ်သော ခေါင်းတလားကဲ့သို့ပင် အဆုံးမဲ့ကမ္ဘာများ ပြင်ပရှိ လျှို့ဝှက်ဆန်းကြယ်သော နေရာမှ လာရောက်ခဲ့ခြင်း ဖြစ်နိုင်ပေသည်။

‎

‎

‎မည်သို့ပင်ဆိုစေ တာအိုအရှင်သခင်အဆင့်သို့ တက်လှမ်းနိုင်ရန် ကူညီပေးနိုင်သော မြင့်မြတ်သည့်ရတနာတစ်ခု၏ တန်ဖိုးမှာ စဉ်းစားကြည့်ရုံဖြင့်ပင် နားလည်နိုင်သော အရာမျိုး ဖြစ်လေသည်။

‎

‎

‎ထို့ပြင် ဝိညာဉ်တစ်သောင်း တာအိုကျမ်းသည် မည်ကဲ့သို့သော မြင့်မြတ်သည့်ရတနာမျိုး ဖြစ်ကြောင်းကို သဘောပေါက်ပြီးနောက် ကုချန်သည် သူ၏သတိထားမှုကို တိတ်တဆိတ် မြှင့်တင်လိုက်၏။

‎

‎

‎ထိုကဲ့သို့သော မြင့်မြတ်သည့်ရတနာမျိုး တည်ရှိနေသည့် တားမြစ်နယ်မြေဆိုသည်မှာ သေချာပေါက် သာမန်မဟုတ်နိုင်ရာ ဤခရီးစဉ်၏ အခက်အခဲများနှင့် အတားအဆီးများမှာ သူ၏ စိတ်ကူးထက် ကျော်လွန်နေနိုင်ပေသည်။

‎

‎

‎အချိန် မည်မျှ ကြာသွားသည် မသိပေ။

‎

‎

‎နောက်ဆုံးတွင် ရှောင်လင်ဧကရီ ပေးထားသော တည်နေရာအမှတ်အသားများတွင် မှတ်တမ်းတင်ထားသည့် နေရာသို့ ကုချန် ရောက်ရှိလာခဲ့လေသည်။

‎

‎

‎ဤနေရာသည် အဆုံးအစမရှိ ကျယ်ပြောလှသော ဟွမ်သွမ့်နယ်မြေ ဖြစ်နေဆဲပင်။ အဆုံးမဲ့ ဟွမ်သွမ့်ချီများ ရိုက်ခတ်နေပြီး သက်ရှိအရိပ်အယောင်များ မရှိသကဲ့သို့ စကြာဝဠာကြယ်များပင် မရှိပေ။ ၎င်းသည် အမှန်တကယ် သေဆုံးတိတ်ဆိတ်နေသော ဟွမ်သွမ့်နယ်မြေ ဖြစ်လေသည်။

‎

‎

‎သူ၏ရှေ့ရှိ မြင်ကွင်းကို ကြည့်ရင်း ကုချန်မှာ မျက်မှောင်ကျုံ့လိုက်မိ၏။

‎

‎

‎ဤနေရာတွင် ရှောင်လင်ဧကရီ ပြောခဲ့သော အင်မော်တယ်ဧကရာဇ် တားမြစ်နယ်မြေ၏ ဝင်ပေါက်ကို သူ မမြင်တွေ့ရပေ။ နေရာမှာ ဗလာကျင်းနေ၍ ဘာမှ မရှိချေ။

‎

‎

‎ရှောင်လင်ဧကရီ ပေးခဲ့သော တည်နေရာ အမှတ်အသားများ မှားယွင်းနေလေသလော။

‎

‎

‎ကုချန်သည် ခဏမျှ တွေးလိုက်မိသော်လည်း ချက်ချင်းပင် ထိုသို့မဖြစ်နိုင်ကြောင်း ခံစားလိုက်ရ၏။

‎

‎

‎ရှောင်လင်ဧကရီသည် ဤကိစ္စကို အလွန်အလေးထားသလို ဝိညာဉ်တစ်သောင်း တာအိုကျမ်းသည်လည်း သူ အင်မော်တယ်ဧကရာဇ်အဆင့်ကို ကျော်လွန်တက်လှမ်းနိုင်မည့် အခွင့်အရေးနှင့် သက်ဆိုင်နေ၏။ ဤကဲ့သို့သော ကိစ္စမျိုးတွင် ရှောင်လင်ဧကရီမှာ မည်သို့ အမှားအယွင်း ပြုလုပ်မည်နည်း။

‎

‎

‎သို့မဟုတ် ဤနေရာတွင် သူ မရှာတွေ့သေးသော ဖုံးကွယ်နေသည့် ဝင်ပေါက်တစ်ခု ရှိနေလေမလော။

‎

‎

‎ကုချန်သည် စိတ်ကို တည်ငြိမ်အောင်ထားကာ ရှောင်လင်ဧကရီ ပေးထားသော တည်နေရာအမှတ်အသားများက ညွှန်ပြနေသည့် နေရာတစ်ဝိုက်ကို မည်သည့် ထောင့်ချိုးကိုမျှ လွတ်မသွားစေဘဲ ဂရုတစိုက် စတင် စူးစမ်းရှာဖွေလိုက်လေသည်။

‎

‎

‎ထိုသို့ စူးစမ်းရှာဖွေလိုက်သည်နှင့် ထင်ထားသည့်အတိုင်းပင် သူ အမှန်တကယ် တစ်စုံတစ်ခုကို ရှာဖွေတွေ့ရှိသွားခဲ့၏။

‎

‎

‎ဤတည်နေရာအမှတ်အသားများအတွင်းရှိ နေရာတစ်နေရာတွင် ရှည်လျားကျဉ်းမြောင်းကာ မှောင်မိုက်နေသော အက်ကွဲကြောင်းတစ်ခုသည် ဟွမ်သွမ့်ချီ တိမ်တိုက်တစ်ခုအတွင်း၌ တိတ်ဆိတ်စွာ တည်ရှိနေလေသည်။

‎

‎

‎ဤလေဟာနယ် အက်ကွဲကြောင်းမှာ ပေအနည်းငယ်မျှသာ ရှည်လျားကာ မကြီးမားသည့်အပြင် ဟွမ်သွမ့်ချီများ၏ ဖုံးအုပ်ထားမှုကြောင့်ပါ လုံးဝ မမြင်နိုင်ဖြစ်ခဲ့ခြင်း ဖြစ်လေသည်။

‎

‎

‎သို့သော် ကုချန်အား အနည်းငယ် ထိတ်လန့်သွားစေသောအရာမှာ ထိုအချက်ပင်။

‎

‎

‎သူ၏မျက်စိရှေ့တည့်တည့်တွင် ထိုလေဟာနယ် အက်ကွဲကြောင်း တည်ရှိနေသည်ကို မြင်နေရသော်လည်း ၎င်းထံမှ မည်သည့် အငွေ့အသက်ကိုမျှ သူ အာရုံမခံနိုင်သေးပေ။

‎

‎

‎ဤသည်မှာ လုံးဝ ယုတ္တိမရှိချေ။ ယုတ္တိရှိရှိဆိုလျှင် လေဟာနယ် အက်ကွဲကြောင်းပင်ဖြစ်စေ အခြားအရာများပင်ဖြစ်စေ၊ ၎င်းတို့အားလုံးတွင် ကိုယ်ပိုင် အငွေ့အသက်များ ရှိကြ၏။ အသက်မဲ့နေသော အရာများပင်လျှင် ကုချန်၏ နတ်ဝိညာဉ်အာရုံဖြင့် ဖြတ်သန်းစူးစမ်းလိုက်သောအခါ အာရုံခံစားမှု အချို့တော့ ပေးစွမ်းပေသည်။

‎

‎

‎သို့သော် ဤလေဟာနယ် အက်ကွဲကြောင်းမှာ ဤနေရာတွင် မရှိနေသကဲ့သို့ပင်။ ကုချန်၏ နတ်ဝိညာဉ်အာရုံက တစ်လက်မချင်း ဖြတ်သန်းသွားသည့်တိုင်အောင် ၎င်း၏ တည်ရှိမှု အရိပ်အယောင် အနည်းငယ်ကိုမျှကိုပင် သူ အာရုံမခံနိုင်ခဲ့ချေ။

‎

‎

‎ကုချန်သည် အသေအချာ စိုက်ကြည့်လိုက်ပြီးနောက် ထိုကျဉ်းမြောင်းသော လေဟာနယ် အက်ကွဲကြောင်းသည် အနီးအနားရှိ အရာအားလုံးကို မျိုချနေသည့် တွင်းနက်ကြီးတစ်ခုနှင့် တူနေကြောင်း သဘောပေါက်သွားခဲ့၏။ အလင်းရောင်နှင့် အာရုံခံနိုင်စွမ်းများပင်လျှင် ၎င်း၏ မျိုချမှုမှ လွတ်မြောက်ရန် ခက်ခဲနေကာ ၎င်း၏ပတ်လည်တွင်လည်း အာရုံခံနိုင်စွမ်းများကို ဖယ်ကြဉ်ထားသည့် 'အလင်းကင်းမဲ့ နယ်မြေ' တစ်ခု ဖြစ်ပေါ်နေ၏။

‎

‎

‎မည်သို့ပင်ဆိုစေ အာရုံခံနိုင်စွမ်းများပင်လျှင် မျိုချခံရသည်ဆိုပါက ဤလေဟာနယ် အက်ကွဲကြောင်း၏ တည်ရှိမှုကို မည်သို့ ရှာဖွေတွေ့ရှိနိုင်မည်နည်း။

‎

‎

‎အကယ်၍ ရှောင်လင်ဧကရီ၏ တည်နေရာအမှတ်အသားများသာ မရှိခဲ့ဘဲ ဤကဲ့သို့ ကော်ဇောဖြန့်သကဲ့သို့ အသေးစိတ် ရှာဖွေမှုမျိုးသာ မပြုလုပ်ခဲ့လျှင် ကုချန်သည် ဤနေရာကို လုံးဝ ရှာတွေ့ခဲ့မည် မဟုတ်ချေ။

‎

‎

‎ဤနေရာသည် အစကတည်းက ဟွမ်သွမ့်ပင်လယ်၏ အနက်ရှိုင်းဆုံးနေရာတွင် ရှိနေသည်ဖြစ်ရာ နှစ်သန်းပေါင်း၊ ကုဋေပေါင်းများစွာ ကြာသည့်တိုင်အောင် မည်သည့် သက်ရှိတစ်ဦးမျှ ဤနေရာကို ရှာတွေ့လိမ့်မည် မဟုတ်ပေ။

‎

‎

‎သက်ရှိတစ်ဦးဦးမှ ဤနေရာကို ရှာတွေ့ခဲ့လျှင်တောင် ဤလေဟာနယ် အက်ကွဲကြောင်း၏ တည်ရှိမှုကို လုံးဝ ရှာတွေ့နိုင်မည် မဟုတ်ချေ။

‎

‎

‎ဤသည်က ရှောင်လင်ဧကရီ ပြောခဲ့သော အင်မော်တယ်ဧကရာဇ် တားမြစ်နယ်မြေ၏ ဝင်ပေါက်ပင်လော။

‎

‎

‎ကုချန်မှ အသက်အောင့်လိုက်ရာ အဆုံးမဲ့ဓားမှာ သူ၏လက်ဖဝါးထဲတွင် တိတ်တဆိတ် ထွက်ပေါ်လာလေသည်။

‎

‎

‎သူသည် သတိကို အမြင့်ဆုံးထားလျက် လေဟာနယ် အက်ကွဲကြောင်းဆီသို့ သတိကြီးစွာဖြင့် ချဉ်းကပ်သွားလေသည်။ ဤနေရာအထိ ရောက်လာပြီးပြီဖြစ်ရာ ဤလေဟာနယ် အက်ကွဲကြောင်းမှာ မည်မျှပင် ထူးဆန်းကာ ကြောက်မက်ဖွယ် ကောင်းနေပါစေ သူ နောက်တစ်လှမ်းမျှ ဆုတ်မည် မဟုတ်ပေ။

‎

‎

‎ကုချန် လေဟာနယ် အက်ကွဲကြောင်းအနီးသို့ ရောက်ရှိသွားသောအခါ ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခု ပေါ်ထွက်လာခဲ့၏။

‎

‎

‎အဆုံးအစမရှိသော စုပ်ယူမှု အားပြင်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာကာ ကုချန်ကို လေဟာနယ် အက်ကွဲကြောင်းဆီသို့ အကြမ်းပတမ်း ဆွဲငင်သွားလေသည်။

‎

‎

‎ထိုကြောက်မက်ဖွယ်ကောင်းသော ဆွဲငင်အားကို ကုချန်မှာ လုံးဝ ခုခံနိုင်စွမ်း မရှိခဲ့ပေ။ သူသည် လေဟာနယ် အက်ကွဲကြောင်းထဲသို့ ပြုတ်ကျသွားသည်ကို အကူအညီမဲ့စွာဖြင့် ငြိမ်နေရုံသာ တတ်နိုင်တော့၏။

‎

‎

‎ဆွဲငင်အားကြောင့် သူ လေဟာနယ် အက်ကွဲကြောင်းထဲသို့ ဆွဲသွင်းခံလိုက်ရသောအခါ သူ၏ရှေ့မှ မြင်ကွင်းအားလုံးမှာ ပျောက်ကွယ်သွား၍ အလွန်တရာ နက်ရှိုင်းသော လေဟာနယ်ဟင်းလင်းပြင်သာ ကျန်ရှိတော့ကြောင်း ချက်ချင်း တွေ့လိုက်ရလေသည်။

‎

‎

‎မှန်သည်။ ၎င်းမှာ ဘာမှမရှိသော ဟင်းလင်းပြင်ဖြစ်၏။ အမည်းရောင်ပင် မဟုတ်ဘဲ အမည်းရောင်ထက်ပင် ပို၍ လွန်ကဲသော လေဟာနယ်ကြီး ဖြစ်လေသည်။

‎

‎

‎ဤဘာမှမရှိခြင်းဟူသော ခံစားချက်က ကုချန်၏အသိစိတ်ကိုပင် ဝေဝါးသွားစေလုနီးပါး ဖြစ်စေ၍ သူ၏တည်ရှိမှုကိုပင် မေ့လျော့ကာ ဤအစွန်းရောက် လေဟာနယ်ဟင်းလင်းပြင်ကြီးထဲသို့ ပေါင်းစပ်ဝင်ရောက်သွားစေရန် ဖန်တီးနေလေသည်။

‎

‎

‎ကံကောင်းထောက်မစွာဖြင့် သူသည် သူ၏မူလစိတ်ဆန္ဒကို ခိုင်မြဲစွာ ဆုပ်ကိုင်ထား၍ ဤအဆုံးမရှိသော ဘာမှမရှိခြင်းဟူသော ခံစားချက်ကြီးကို ခုခံတွန်းလှန်နိုင်ခဲ့လေသည်။

‎

All Chapters