အခန်း (၅၃၃-၅၃၄)
Vol. 39 Ch. 533-534
အခန်း ( ၅၃၃ ) - အမည်မသိနယ်မြေ၊ အင်မော်တယ်ဧကရာဇ်တို့၏ ရုပ်အလောင်းများနှင့် ဧကရာဇ်ကို စားသုံးခြင်း
အမှောင်ထုထက် ပိုမိုနက်ရှိုင်းသောအရာမှာ အဆုံးမဲ့ လေဟာနယ်ဟင်းလင်းပြင်ပင် ဖြစ်သည်။
၎င်းသည် သက်ရှိအားလုံး၊ စကြာဝဠာအားလုံးနှင့် အဆုံးမဲ့တာအိုများ အားလုံး တည်ရှိမနေတော့သည့် 'ဘာမှမရှိခြင်း' အခြေအနေတစ်ရပ် ဖြစ်နေကာ အချိန်နှင့် ဟင်းလင်းပြင်ဟူသော သဘောတရားများပင် ပျောက်ကွယ်နေလေပြီ။
အကယ်၍ ကုချန်သာ သူ၏စိတ်နှလုံးထဲတွင် ရှင်းလင်းသည့် အသိစိတ်လေးတစ်ခုကို အချိန်မီ မထိန်းသိမ်းထားနိုင်ခဲ့ပါက သူသည်လည်း ဤအဆုံးမဲ့ လေဟာနယ်ထဲတွင် သေဆုံးကာ တာအိုအဖြစ် ပျော်ဝင်သွားနိုင်ချေ ရှိလေသည်။
သို့သော် ကံကောင်းထောက်မစွာဖြင့် သူသည် ဤဘာမှမရှိခြင်းဟူသော ခံစားချက်ကို ခုခံနိုင်ခဲ့သည်။
အချိန်ဟူသော သဘောတရား ကင်းမဲ့နေသည့် ဤနေရာတွင် အချိန်မည်မျှ ကြာသွားသည်ကို မသိနိုင်ပေ။ မျက်စိတစ်မှိတ်အတွင်းလည်း ဖြစ်နိုင်သလို နှစ်ထောင်ပေါင်းများစွာလည်း ဖြစ်နိုင်လေသည်။
ထိုအချိန်တွင် ကုချန်၏မြင်ကွင်းထဲသို့ အလင်းစက်ကလေးတစ်ခု ဝင်ရောက်လာ၏။ ထိုအခါ အဆုံးမဲ့ ကန္တာရဆန်မှုနှင့် ဘာမှမရှိခြင်းဟူသော ခံစားချက်တို့ နောက်ဆုံးတွင် ပျောက်ကွယ်သွားခဲ့လေသည်။
သူ၏အာရုံငါးပါး ပြန်လည်ဝင်ရောက်လာပြီးနောက် ကုချန်သည် သူ၏ခန္ဓာကိုယ်ကို ပြန်လည် ထိန်းချုပ်နိုင်သွားခဲ့၏။
" ဒီနေရာက ဘယ်နေရာလဲ "
ကုချန်သည် မျက်လုံးများကို ကျဉ်းမြောင်းလျက် ပတ်ဝန်းကျင်ကို အကဲခတ်လိုက်ရာ အဆုံးအစမရှိသော မီးခိုးညိုရောင် မြေပြင်ကျယ်ကြီးပေါ်သို့ သူပင် မသိလိုက်ဘဲ ရောက်ရှိသွားကြောင်း တွေ့လိုက်ရ၏။ မျက်စိတစ်ဆုံးတွင် ကောင်းကင်နှင့် မြေကြီးမှာ အရောင်တူညီနေကာ ကောင်းကင်နှင့် မြေကြီးကြားတွင် လွင့်မျောနေသော ဟွမ်သွမ့်မြူခိုးများမှလွဲ၍ အခြား မည်သည့်အရာမျှ ရှိမနေပေ။
ကုချန်သည် သူ မည်သည့်နေရာသို့ ရောက်နေမှန်း မသိသဖြင့် သတိကြီးစွာဖြင့်သာ ဆက်လက်သွားလာ၍ ဤထူးဆန်းသော ကမ္ဘာကြီး၏ အနက်ရှိုင်းဆုံးနေရာဆီသို့ ဝင်ရောက်သွားလေတော့သည်။
ဆယ့်ငါးမိနစ်ခန့်အကြာတွင် မပြောင်းမလဲ တည်ရှိနေခဲ့သော မြင်ကွင်းများအားလုံးမှာ နောက်ဆုံး၌ ပြောင်းလဲသွားခဲ့၏။
ကမ္ဘာကြီး၏ အစွန်းတစ်ဖက်တွင် နယ်မြေတစ်ခုလုံးကို ပိုင်းခြားထားသော အတားအဆီးတစ်ခု ဝေဝေဝါးဝါး ပေါ်ထွက်လာကာ ကုချန်၏ လမ်းကြောင်းကို ပိတ်ဆို့ထားလေသည်။ ထိုဝေဝါးသော အတားအဆီး၏ အနောက်ဘက်တွင် တစ်စုံတစ်ခု လှုပ်ရှားနေပုံရကာ ထိုနေရာရှိ ဟွမ်သွမ့်ချီများကို ဂယက်လှိုင်းများ ဖြစ်ပေါ်နေစေ၏။
ဒါက.....
ထိုအတားအဆီး၏ အနောက်ဘက်တွင် ဘာရှိနေသလဲဆိုတာကို ကုချန် ရှင်းလင်းစွာ မမြင်ရသေးမီမှာပင် အလွန်တရာ ကျောချမ်းဖွယ်ကောင်းသော မြင်ကွင်းတစ်ခုကို သူ ချက်ချင်း မြင်တွေ့လိုက်ရလေသည်။
ထိုဝေဝါးသော အတားအဆီး၏ အရှေ့ဘက်တွင် တောင်တန်းများ တစ်ခုပြီးတစ်ခု ရှည်လျားစွာ သွယ်တန်းနေသကဲ့သို့ ရှိနေ၏။
သို့သော် သူ သေချာကြည့်လိုက်သောအခါ ၎င်းတို့မှာ တောင်တန်းများ လုံးဝ မဟုတ်ကြောင်း သဘောပေါက်သွားခဲ့သည်။ ၎င်းတို့မှာ ကြီးမားကျယ်ပြန့်လှသော ရုပ်အလောင်းကြီးများ ဖြစ်နေကြသည်။
တောင်တန်းများကဲ့သို့ ကြီးမားလှသော ရုပ်အလောင်းကြီးများသည် ထိုဝေဝါးသော အတားအဆီးရှေ့တွင် အထပ်ထပ် စုပုံနေကြသည်မှာ မရေမတွက်နိုင်သော နှစ်ကာလများစွာကတည်းက သေဆုံးနေခဲ့သည့်အလား တောင်တန်းများကဲ့သို့ ငြိမ်သက်နေကြလေသည်။
ထိုရုပ်အလောင်းများကို မြင်သောအခါ ကုချန်၏ သူငယ်အိမ်များမှာ အနည်းငယ် ကျုံ့သွား၍ အံ့ဩတုန်လှုပ်စွာ အသက်ရှူမှားသွားခဲ့ရ၏။
အကြောင်းမှာ ထိုကြီးမားကျယ်ပြန့်လှသော ရုပ်အလောင်းကြီးများထံမှ အင်မော်တယ်ဧကရာဇ်အဆင့်၏ အငွေ့အသက် အနည်းငယ်ကို သူ ခံစားလိုက်ရသောကြောင့်တည်း။
ဤရုပ်အလောင်းများ၏ ပိုင်ရှင်များ အားလုံးသည် သူတို့ သက်ရှိထင်ရှားရှိစဉ်က အင်မော်တယ်ဧကရာဇ်အဆင့် တည်ရှိမှုများသာ ဖြစ်ကြသည်။ ထိုအင်မော်တယ်ဧကရာဇ်အဆင့် ရုပ်အလောင်းများမှာ ရာဂဏန်း၊ ထောင်ဂဏန်းမျှသာမကဘဲ မရေမတွက်နိုင်အောင်ပင် များပြားလှပေသည်။
ကုချန်၏စိတ်နှလုံးမှာ ပြင်းထန်စွာ တုန်လှုပ်သွားခဲ့၏။
ဤသည်မှာ သူ၏ဘဝတစ်သက်တာတွင် သူ မြင်တွေ့ခဲ့ရသမျှထဲ၌ ထိတ်လန့်စရာအကောင်းဆုံး မြင်ကွင်းတစ်ခုပင် ဖြစ်လေသည်။ မရေမတွက်နိုင်သော အင်မော်တယ်ဧကရာဇ် ရုပ်အလောင်းများသည် ထိုဝေဝါးသော အတားအဆီးရှေ့တွင် အမှိုက်များကဲ့သို့ သာမန်ကာလျှံကာ စုပုံခံထားရလေသည်။
အဆုံးမဲ့ကမ္ဘာများ အားလုံးကို ပေါင်းလိုက်လျှင်ပင် အင်မော်တယ်ဧကရာဇ် မည်မျှ ရှိမည်နည်း။ အင်မော်တယ်နယ်မြေနှင့် နတ်ဆိုးနယ်မြေ နှစ်ခုလုံးကို ပေါင်းလိုက်လျှင်တောင် အလွန်ဆုံးမှ ဒါဇင်အနည်းငယ်ခန့်သာ ရှိမည်ပင်။
သို့သော် ယခု ဤလျှို့ဝှက်ဆန်းကြယ်သော နေရာတွင်မူ အင်မော်တယ်ဧကရာဇ်အဆင့် ရုပ်အလောင်း အရေအတွက်မှာ တွက်ဆ၍ပင် မရနိုင်အောင် များပြားနေလေသည်။
ဒီအင်မော်တယ်ဧကရာဇ်အဆင့် ရုပ်အလောင်းတွေက ဘယ်ကနေ ရောက်လာတာလဲ။
ကုချန်သည် ရင်ထဲမှ တုန်လှုပ်မှုကို အတင်းအကြပ် ဖိနှိပ်ထားလိုက်ကာ ထိုအင်မော်တယ်ဧကရာဇ်အဆင့် ရုပ်အလောင်းများကိုသာ စူးစိုက်ကြည့်လိုက်၏။
ဤအင်မော်တယ်ဧကရာဇ်အဆင့် တည်ရှိမှုများ၏ ရုပ်အလောင်းများ အားလုံးသည် ရှေးဟောင်း ဝတ်ရုံများကို ဝတ်ဆင်ထားကြကြောင်း သူ တွေ့လိုက်ရသည်။ အချို့သော အင်မော်တယ်ဧကရာဇ် ရုပ်အလောင်းများ၏ မျက်ခုံးကြားတွင် သေစေနိုင်သော ဒဏ်ရာတစ်ခုစီ ရှိနေကြသည်။
သို့သော် အခြားသော ရုပ်အလောင်းများတွင်မူ ခန္ဓာကိုယ်၏ မည်သည့်နေရာတွင်မျှ ဒဏ်ရာအနာတရ အရိပ်အယောင် မရှိသည့်အပြင် သူတို့၏ မျက်နှာအမူအရာများမှာလည်း ထာဝရ အိပ်မောကျသွားသည့်အလား အလွန်တရာ အေးချမ်းနေကြလေသည်။
မျက်ခုံးကြားတွင် သေစေနိုင်သော ဒဏ်ရာရှိသည့် အင်မော်တယ်ဧကရာဇ် ရုပ်အလောင်းများမှာတော့ ကုချန်အား ယခင် ကွေ့ရွှီးနယ်မြေတွင် မြင်တွေ့ခဲ့ရသော အင်မော်တယ်ဧကရာဇ် ရုပ်အလောင်းများကို ပြန်လည် သတိရသွားစေခဲ့သည်။
ဤအင်မော်တယ်ဧကရာဇ် ရုပ်အလောင်းများအားလုံးဟာ အတိတ်က မရေမတွက်နိုင်သော ကပ်စက်ဝန်းများမှလာ၍ စုပုံနေခြင်းများလော။
ယခင်က ကွေ့ရွှီးနယ်မြေထဲတွင် ရှိနေစဉ်က ကွေ့ရွှီးနယ်မြေသည် အဆုံးအစမရှိ ကျယ်ပြောလှသော်လည်း အဘယ်ကြောင့် ပျက်စီးနေသော စကြာဝဠာများကိုသာ မြင်တွေ့ရပြီး အင်မော်တယ်ဧကရာဇ်အဆင့် ရုပ်အလောင်းများကို သိပ် မတွေ့ရသနည်းဟု သူ အံ့ဩခဲ့မိ၏။
ထိုအင်မော်တယ်ဧကရာဇ်အဆင့် ရုပ်အလောင်းများ အားလုံးသည် သူ၏ရှေ့ရှိ ဤနေရာတွင် စုပုံနေခြင်းများလော။
ဒါပေမဲ့ ဒီနေရာက ဘယ်နေရာလဲ။ ပြီးတော့ ဒါက ကွေ့ရွှီးနယ်မြေနဲ့ ဘာများ ပတ်သက်နေသလဲ။
ကုချန်သည် ခဏမျှ တွေးတောလိုက်၍ သူ၏ကိုယ်ပွားနှစ်ခုကို ဆက်သွယ်ရန် ကြိုးစားကြည့်လိုက်သော်လည်း သူတို့နှင့် ဆက်သွယ်၍ မရနိုင်သေးကြောင်း တွေ့လိုက်ရသည်။
ဤသည်က ဤနေရာမှာ ကွေ့ရွှီးနယ်မြေနှင့် အတူတူ မဟုတ်ကြောင်းကို သွယ်ဝိုက်၍ ညွှန်ပြနေပေသည်။
အကြောင်းမှာ အကယ်၍ နေရာတစ်ခုတည်းသာ ဖြစ်ခဲ့လျှင် အနည်းဆုံးတော့ ကုချန်၏ ခန္ဓာကိုယ်အစစ်သည် နတ်ဆိုးနယ်မြေမှတစ်ဆင့် ကွေ့ရွှီးနယ်မြေထဲသို့ ဝင်ရောက်သွားသော သူ၏ ဒုတိယကိုယ်ပွားနှင့် ဆက်သွယ်နိုင်လိမ့်မည် ဖြစ်သောကြောင့်ပင်။
ယခု ဆက်သွယ်မှု မရရှိခြင်းက ကုချန်၏ ခန္ဓာကိုယ်အစစ် ဝင်ရောက်လာသော ဤလျှို့ဝှက်ဆန်းကြယ်သည့် နေရာသည် အနည်းဆုံးတော့ လောလောဆယ်တွင် ကွေ့ရွှီးနယ်မြေနှင့် မည်သည့် ဆက်နွယ်မှုမျှ မရှိကြောင်းကို သက်သေပြနေလေသည်။
" ရှောင်လင်ဧကရီ... ခင်ဗျားက ကျွန်တော့်ကို တကယ် အလုပ်ကြီးတစ်ခု ပေးလိုက်တာပဲ "
ကုချန်သည် ခါးသက်စွာ ပြုံးလိုက်မိ၏။ ဤမျှများပြားသော အင်မော်တယ်ဧကရာဇ်အဆင့် ရုပ်အလောင်းများကို ကြည့်ခြင်းအားဖြင့် သူတို့သည် သေဆုံးပြီးနောက်မှ ဤနေရာသို့ သယ်ဆောင်ခံရခြင်းလား သို့မဟုတ် ဤနေရာသို့ ရောက်ရှိပြီးနောက်မှ အကြောင်းရင်း တစ်စုံတစ်ရာကြောင့် သေဆုံးသွားကြခြင်းလား ဆိုသည်ကို မည်သူကမျှ အာမမခံနိုင်ပေ။
သို့ရာတွင် မည်သည့်အကြောင်းကြောင့်ပင် ဖြစ်စေကာမူ တစ်ခုတည်းသော သေချာသည့် အရာမှာ ဤနေရာ၏ အန္တရာယ် ကြီးမားမှု အဆင့်သည် ကုချန် စိတ်ကူးထားသည်ထက် လုံးဝကို ကျော်လွန်နေခြင်းပင် ဖြစ်သည်။
အင်မော်တယ်ဧကရာဇ် တားမြစ်နယ်မြေ ဆိုသည့် အမည်နှင့် တကယ်ကို ကိုက်ညီလှပေသည်။
ကုချန်သည် အသက်အောင့်လိုက်ကာ မိမိကိုယ်ကို တည်ငြိမ်အောင်ထား၍ စူးစမ်းရှာဖွေရန် ပြင်ဆင်လိုက်၏။
သို့သော် သူ ရှေ့သို့ တစ်လှမ်းမျှ မတက်ရသေးမီမှာပင် သူ၏ခြေလှမ်းများမှာ ရုတ်တရက် ရပ်တန့်သွားခဲ့လေသည်။
အကြောင်းမှာ ဝေဝါးနေသော အတားအဆီး၏ အနောက်ဘက်တွင် ဟွမ်သွမ့်မြူခိုးများ လှိုင်းထန်လာကာ အမည်မသိ တည်ရှိမှု တစ်ခုခု လှုပ်ရှားလာသည်ကို ကုချန် မြင်လိုက်ရသောကြောင့်ပင်။
နောက်တစ်ခဏတွင် ထိုဝေဝါးနေသော အတားအဆီး၌ အက်ကွဲကြောင်း တစ်ခု ရုတ်တရက် ပေါ်ထွက်လာခဲ့၏။
ထို့နောက် ချက်ချင်းဆိုသလိုပင် မရေမတွက်နိုင်သော အင်မော်တယ်ဧကရာဇ် ရုပ်အလောင်းများသည် စွမ်းအားတစ်ခု၏ ဆွဲငင်ခြင်းကို ခံလိုက်ရသည့်အလား ထိုအက်ကွဲကြောင်းဆီသို့ ပြေးဝင်သွားကြလေသည်။
" ဝုန်း...! "
နောက်ဆုံးတွင် ဒါဇင်နှင့်ချီသော အင်မော်တယ်ဧကရာဇ် ရုပ်အလောင်းများ အားလုံးသည် ဝေဝါးနေသော အတားအဆီးရှိ အက်ကွဲကြောင်းထဲသို့ ထိုးဆင်းသွားကြကာ အတားအဆီး၏ အနောက်ဘက်ရှိ ကမ္ဘာထဲသို့ ကျရောက်သွားကြလေသည်။
ထို့နောက် အတားအဆီးမှာ ရုတ်တရက် ပိတ်သွား၍ ၎င်း၏ အနောက်ဘက်မှနေ၍ ကြက်သီးမွေးညင်းထဖွယ် ကောင်းသော တဂျွတ်ဂျွတ် ဝါးစားနေသည့် အသံများ ထွက်ပေါ်လာလေတော့သည်။
ဤဝေဝါးနေသော အတားအဆီး၏ အနောက်ဘက်တွင် သက်ရှိများ ရှိနေကာ ယခု ထိုသက်ရှိများက အင်မော်တယ်ဧကရာဇ်အဆင့် တည်ရှိမှုများ၏ ရုပ်အလောင်းများကို စားသုံးနေကြသည်လော။
အတားအဆီး အနောက်ဘက်မှ ထွက်ပေါ်လာသသည့် သဲ့သဲ့မျှ ဝါးစားသံများကို နားထောင်ရင်း ကုချန်၏ရင်ထဲတွင် ထိတ်လန့်တုန်လှုပ်မှု တစ်ခုကို ခံစားလိုက်ရ၏။
ဤနေရာသည် တကယ်ကို ထူးဆန်းလွန်းလှသည်။ မရေမတွက်နိုင်အောင် အင်မော်တယ်ဧကရာဇ် ရုပ်အလောင်းများ စုပုံလျက်ရှိနေကာ ၎င်းတို့ကို စားသုံးနေသည်ဟု သံသယရှိရသော အမည်မသိ တည်ရှိမှုများလည်း ရှိနေလေသည်။
အင်မော်တယ်ဧကရာဇ်အဆင့် တည်ရှိမှု တစ်ခု၏ ရုပ်အလောင်းတွင် ပါဝင်သော အနှစ်သာရသည် သာမန် အင်မော်တယ်ပစ္စည်းများထက်ပင် များစွာ သာလွန်လှရာ အင်မော်တယ်ဘုရင်အဆင့် နတ်ဘုရားလက်နက်များပင်လျှင် နှိုင်းယှဉ်၍ မရနိုင်ပေ။ သို့မဟုတ်ပါက ထိုအင်မော်တယ်ဧကရာဇ်အဆင့် ရုပ်အလောင်းများသည် ကပ်စက်ဝန်း အပြောင်းအလဲများကို ဖြတ်ကျော်၍ ကွေ့ရွှီးနယ်မြေထဲတွင် ဆက်လက် တည်ရှိနေနိုင်မည် မဟုတ်ချေ။
သို့သော် ယခုအခါ အထွတ်အထိပ် အင်မော်တယ်ပစ္စည်းများနှင့် နှိုင်းယှဉ်နိုင်သော ဤအင်မော်တယ်ဧကရာဇ်အဆင့် ရုပ်အလောင်းများသည် အမည်မသိ တည်ရှိမှုများ၏ အစားအစာအဖြစ် သတ်မှတ်ခံရကာ ဝါးစားခံနေရလေသည်။
ထို့အပြင် ကျောချမ်းစရာ အကောင်းဆုံးအချက်မှာ အတားအဆီး အနောက်ဘက်သို့ ပြုတ်ကျသွားသော အင်မော်တယ်ဧကရာဇ်အဆင့် ရုပ်အလောင်းမှာ တစ်ခုတည်း မဟုတ်ခြင်းပင် ဖြစ်သည်။
အနည်းဆုံး ဒါဇင်နှင့်ချီသော အင်မော်တယ်ဧကရာဇ် ရုပ်အလောင်းများ အားလုံး ထိုအတားအဆီး အနောက်ဘက်ရှိ ကမ္ဘာထဲသို့ ပြုတ်ကျသွားသည်ကို ကုချန် ယခုလေးတင် သူ၏ကိုယ်ပိုင်မျက်စိဖြင့် မြင်တွေ့ခဲ့ရ၏။
ဤသည်က ထိုဝေဝါးနေသော အတားအဆီး အနောက်ဘက်တွင် အင်မော်တယ်ဧကရာဇ်အဆင့် ရုပ်အလောင်းများကို စားသုံးနေသည့် တည်ရှိမှုမှာ တစ်ကောင်ထက်ပိုပြီး ရှိနေကြောင်းကို သွယ်ဝိုက်၍ သက်သေပြနေသည် မဟုတ်ပါလော။
အခန်း ( ၅၃၄ ) - အတားအဆီးအတွင်း ဝင်ရောက်ခြင်း၊ ဧကရာဇ်သတ်ကွင်းနှင့် ကျောချမ်းဖွယ် မြင်ကွင်း
ဤရှာဖွေတွေ့ရှိမှုက ကုချန်ကို သတိထားမိသွားစေခဲ့သည်။
အင်မော်တယ်ဧကရာဇ်အဆင့် ရုပ်အလောင်းများသည် ဤနေရာတွင် အချိန်မည်မျှကြာအောင် စုပုံနေခဲ့မှန်း မသိနိုင်ကြောင်း ထင်ရှားလှသည်။ သို့သော် ကုချန် ရောက်လာသည်နှင့် တစ်ပြိုင်နက် မီးခိုးရောင် အတားအဆီး အနောက်ဘက်ရှိ အမည်မသိ တည်ရှိမှုက အင်မော်တယ်ဧကရာဇ် ရုပ်အလောင်းများကို စားသုံးနေသည်ကို တွေ့လိုက်ရရာ ဤသည်မှာ တစ်ကြိမ်တစ်ခါမျှသာ ဖြစ်ပျက်ခြင်းမဟုတ်ဘဲ မကြာခဏ ဖြစ်ပွားလေ့ရှိကြောင်း ညွှန်ပြနေပေသည်။
ထိုအတားအဆီး အနောက်ဘက်ရှိ အမည်မသိ တည်ရှိမှုသည် ဤရှည်လျားလှသော နှစ်ကာလများတစ်လျှောက် အင်မော်တယ်ဧကရာဇ် ရုပ်အလောင်းများကို မရေမတွက်နိုင်အောင် စားသုံးခဲ့ပြီးဖြစ်ကာ ထိုသို့ စားသုံးပြီးသည့်တိုင်အောင် ဤနေရာတွင် ဤမျှများပြားသော အင်မော်တယ်ဧကရာဇ် ရုပ်အလောင်းများ စုဆောင်းမိနေဆဲ ဖြစ်သည်။
" ဝိညာဉ်တစ်သောင်း တာအိုကျမ်းက ဒီအတားအဆီးရဲ့ အနောက်ဘက်မှာ ရှိနေတာလား "
ကုချန်သည် မီးခိုးရောင် အတားအဆီးကို ကြည့်ကာ တီးတိုး ရေရွတ်လိုက်၏။
ဤအတားအဆီး၏ အနောက်ဘက်တွင် စိတ်ကူး၍ပင်မရနိုင်သော အန္တရာယ်များ ရှိနေသည်မှာ ထင်ရှား၍ ရှောင်လင်ဧကရီ လိုအပ်နေသော ဝိညာဉ်တစ်သောင်း တာအိုကျမ်း၏ အောက်ပိုင်းတစ်ဝက်မှာလည်း ၎င်း၏အနောက်ဘက်တွင် ရှိနေနိုင်ချေ အလွန်မြင့်မားလှသည်။
ထိုကျမ်းစာသည် အင်မော်တယ်ဧကရာဇ် ရုပ်အလောင်းတစ်ခုနှင့်အတူ အတားအဆီး အနောက်ဘက်သို့ ပြုတ်ကျသွားခဲ့ခြင်း ဖြစ်နိုင်ချေများကာ ထိုရုပ်အလောင်းမှာ အမည်မသိ တည်ရှိမှု၏ စားသုံးခြင်းကို ခံလိုက်ရသော်လည်း ဝိညာဉ်တစ်သောင်း တာအိုကျမ်းဟာတော့ ထိုနေရာတွင် ကျန်ရစ်ခဲ့ခြင်း ဖြစ်နိုင်သည်။
တကယ်ကို ခေါင်းကိုက်စရာပဲ!
ကုချန် သူ၏နဖူးကို ပွတ်သပ်လိုက်၏။ ဝိညာဉ်တစ်သောင်း တာအိုကျမ်းကို ရယူရန်အတွက် ထိုအတားအဆီး အနောက်ဘက်ရှိ ကမ္ဘာထဲသို့ သူ ဝင်ရောက်ရမည်မှာ သေချာသွားပေပြီ။
ဖြစ်နိုင်မည်ဆိုလျှင် ကုချန်သည် ဤရှုပ်ထွေးမှုများထဲသို့ မပါဝင်ချင်ပေ။ သို့သော် ကံမကောင်းစွာဖြင့် ဝိညာဉ်တစ်သောင်း တာအိုကျမ်း တည်ရှိရာ နေရာသည် ကုချန် ရှာဖွေနေသော မဟာတာအိုတစ်သောင်း ပြီးပြည့်စုံခြင်း နေရာလည်း ဖြစ်နေနိုင်ချေ ရှိသည်။ မည်သည့်အကြောင်းကြောင့်ပင် ဖြစ်စေ သူ သွားရောက် စူးစမ်းရမည်သာ ဖြစ်သည်။
သို့မဟုတ်ပါက သူ၏ခန္ဓာကိုယ်အစစ်သည် ပြီးပြည့်စုံသော စစ်မှန်သည့် အင်မော်တယ်အဆင့်တွင်သာ ဆက်လက် ရပ်တန့်နေမည်ဖြစ်၏။ ဤသည်ကို ကုချန် လုံးဝ သည်းခံနိုင်မည် မဟုတ်ပေ။
" ကံကောင်းလို့ ငါ့ဆီမှာ ဒီနိဗ္ဗာန်ဖီးနစ်ငှက်မွေး ရှိနေတာပဲ... အမှားတစ်ခါ လုပ်ခွင့်ရထားတယ် "
ကုချန်သည် သူ၏လက်ဖဝါးထဲမှ တောက်ပသော ကြက်သွေးရောင် ဖီးနစ်ငှက်မွေးကို ကိုင်ထားလျက် အနည်းငယ် စိတ်သက်သာရာ ရသွား၏။
ဤဖီးနစ်ငှက်မွေးဖြင့် သူသည် သေရာမှ တစ်ကြိမ် ပြန်လည်ရှင်သန်နိုင်မည့် အခွင့်အရေးကို ရရှိမည်ဖြစ်သည်။ စူးစမ်းရှာဖွေစဉ်အတွင်း တစ်ခုခု မှားယွင်းသွားလျှင်ဖြစ်စေ၊ ခုခံ၍မရနိုင်သော အန္တရာယ်နှင့် ကြုံတွေ့ရလျှင်ဖြစ်စေ သူသည် အရာအားလုံးကို ဆုံးရှုံးသွားမည် မဟုတ်ဘဲ အစကနေ ပြန်လည်စတင်နိုင်မည့် အခွင့်အရေး နောက်တစ်ကြိမ် ရရှိဦးမည် ဖြစ်သည်။
ကုချန်သည် အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ကာ သတိထားလျက် ခိုင်မာသော သန္နိဋ္ဌာန်ဖြင့် ရှေ့သို့ လှမ်းသွားလိုက်၏။ ဤမြူခိုးများ ဖုံးလွှမ်းနေသော အတားအဆီးကို ဖြတ်ကျော်ရန် နည်းလမ်း ရှိမရှိကို သူ ကြည့်ချင်ပေသည်။
မကြာမီမှာပင် ကုချန်သည် တောင်လိုပုံနေသော အင်မော်တယ်ဧကရာဇ် ရုပ်အလောင်းများရှေ့သို့ ရောက်ရှိလာခဲ့သည်။ သူသည် ရုပ်အလောင်းများကို ကွေ့ပတ်ကာ အတားအဆီးဆီသို့ သတိကြီးစွာဖြင့် ချဉ်းကပ်သွား၍ စူးစမ်းကာ ဖွင့်လှစ်နိုင်ရန် ၎င်းပေါ်သို့ လက်ကို တင်လိုက်လေသည်။
သို့သော် သူ့အား အံ့အားသင့်စေသည်မှာ သူ၏ နတ်ဝိညာဉ်အာရုံသည် လက်ဖဝါးမှတစ်ဆင့် မီးခိုးရောင် အတားအဆီးထဲသို့ စီးဝင်သွားသောအခါ ပင်လယ်ထဲ ပစ်ချလိုက်သည့် ရွှံ့နွားရုပ်တစ်ကောင်ကဲ့သို့ ဖြစ်သွားခဲ့ရကာ ထိုအတားအဆီးကို မည်သည့်အရာဖြင့် ဖွဲ့စည်းထားသည်ကို လုံးဝ ခွဲခြမ်းစိတ်ဖြာ၍ မရနိုင်ခဲ့ပေ။
ကုချန်သည် မျက်မှောင်ကျုံ့လိုက်၍ လက်ဖဝါးဖြင့် ဖြည်းညင်းစွာ အားသုံးကာ အတားအဆီးကို အကြမ်းပတမ်း ချိုးဖျက်ရန် ကြိုးစားလိုက်၏။
သို့သော် ရလဒ်မှာ မကောင်းခဲ့ပေ။
လက်ဖဝါးထဲသို့ စွမ်းအားမည်မျှပင် ထည့်သွင်းစေကာမူ သူ့ရှေ့ရှိ အတားအဆီးသည် ကျော်လွှား၍မရနိုင်သော တောင်ကြီးတစ်လုံးကဲ့သို့ လုံးဝ လှုပ်ခါသွားခြင်း မရှိချေ။
အတားအဆီးကို အတင်းအဓမ္မ ချိုးဖျက်ရန် ကြိုးစားခြင်းက လက်တွေ့မကျကြောင်း ပေါ်လွင်နေ၏။ ထို့ကြောင့် ကုချန်သည် သူ၏လက်ကို ပြန်ရုပ်လိုက်လေသည်။
သူ၏ ယခင် ကြိုးစားမှုများမှ ဤအတားအဆီးကို အကြမ်းပတမ်း အားသုံး၍ ချိုးဖျက်၍မရကြောင်း သိသာနေ၏။ သူ၏ကိုယ်ပွားသုံးခုကို ပေါင်းစည်းကာ အင်မော်တယ်ဧကရာဇ်အဆင့် တိုက်ခိုက်ရေးစွမ်းအားကို ယာယီ ရယူမည်ဆိုလျှင်တောင် အရာရောက်မည် မဟုတ်ပေ။
ထို့အပြင် ထိုအတားအဆီးသည် အဆုံးအစမရှိ ကောင်းကင်နှင့် မြေကြီးကို ဆက်စပ်ထားကာ ဖြတ်သန်းရန် အပေါက် လုံးဝ မချန်ထားခဲ့ပေ။
ထို့ကြောင့် ယခုအခါ ထိုအတားအဆီးကို ဖြတ်ကျော်ရန် တစ်ခုတည်းသော နည်းလမ်းသာ ကျန်ရှိတော့သည်။
ယခင်က အတားအဆီးအတွင်းသို့ ဆွဲငင်မျိုချခံလိုက်ရသော အင်မော်တယ်ဧကရာဇ် ရုပ်အလောင်း ဒါဇင်နှင့်ချီတို့ကို ကုချန် တွေးတောလိုက်မိ၏။ အတားအဆီး အနောက်ဘက်ရှိ အမည်မသိ တည်ရှိမှုက အင်မော်တယ်ဧကရာဇ် ရုပ်အလောင်းများကို ထပ်မံစားသုံးမည့်အချိန်ကို စောင့်ဆိုင်း၍ ရုပ်အလောင်းများနှင့်အတူ အတားအဆီး အနောက်ဘက်ရှိ ကမ္ဘာထဲသို့ လိုက်ပါဝင်ရောက်ရန်သာ သူ တတ်နိုင်ပေလိမ့်မည်။
ဤနည်းလမ်းက ဖြစ်နိုင်ချေရှိဆုံးဖြစ်သော်လည်း အလွန်တရာ အန္တရာယ်များလှ၏။ အကြောင်းမှာ အင်မော်တယ်ဧကရာဇ် ရုပ်အလောင်းများနှင့်အတူ အတားအဆီး အနောက်ဘက်သို့ ဝင်ရောက်ခြင်းက လှုပ်ရှားရခက်ခဲသည့် အခြေအနေမျိုး ဖြစ်စေနိုင်ပြီး အတားအဆီး အနောက်ဘက်တွင် အင်မော်တယ်ဧကရာဇ် ရုပ်အလောင်းများကို စားသုံးနေသည့် တည်ရှိမှုမှ သူ့ကို ရန်သူအဖြစ် သတ်မှတ်ရန် အလားအလာ များသောကြောင့်ပင်။
သို့သော် ယခုအခြေအနေတွင် ပိုကောင်းသော ရွေးချယ်စရာ ရှိမနေတော့ပေ။
ကုချန် ခေတ္တမျှ စဉ်းစားလိုက်သော်လည်း အခြားနည်းလမ်းကို ရှာမတွေ့သဖြင့် ခြေပိုက်ထိုင်ချလိုက်ကာ အင်မော်တယ်ဧကရာဇ် ရုပ်အလောင်းများကို စားသုံးမည့် နောက်ထပ် အခွင့်အရေးကိုသာ စောင့်ဆိုင်းနေလိုက်လေသည်။
" ဂျွတ်ဂျွတ်...! "
သဲ့သဲ့မျှ ထွက်ပေါ်နေသော ဝါးစားသံများသည် အချိန်အတော်ကြာ ဆက်လက် ထွက်ပေါ်နေခဲ့ပြီး နောက်ဆုံးတွင် တိတ်ဆိတ်သွားလေသည်။
ဝါးစားသံ လုံးဝ ရပ်တန့်သွားသောအခါ ကုချန် မျက်လုံးများ ဖွင့်လိုက်၍ သူ၏သတိထားမှုကို အမြင့်ဆုံးသို့ မြှင့်တင်လိုက်၏။ သူ စောင့်ဆိုင်းနေသော အချိန် ရောက်လာတော့မည်ဖြစ်ကြောင်း သူ သိလေသည်။
မည်သည့်အသံမျှ မထွက်ပေါ်ဘဲ မီးခိုးရောင် အတားအဆီးတွင် အက်ကွဲကြောင်းတစ်ခု ထပ်မံ ပွင့်လာခဲ့၏။
အင်မော်တယ်ဧကရာဇ် ရုပ်အလောင်း ဒါဇင်နှင့်ချီတို့သည် ထပ်မံ၍ ဆွဲငင်ခံလိုက်ရပြီး မြေပြင်မှ ကြွတက်ကာ အတားအဆီး၏ အက်ကွဲကြောင်းဆီသို့ လုယက်ပျံသန်းသွားကြရင်း မြေကြီးတုန်လှုပ်ဖွယ် အသံများ ထွက်ပေါ်လာလေသည်။
ပွင့်လာသော အက်ကွဲကြောင်းကို ကြည့်ရင်း ကုချန်သည် ချက်ချင်း ဝင်မသွားခဲ့ပေ။ ယင်းအစား အင်မော်တယ်ဧကရာဇ် ရုပ်အလောင်း အနည်းငယ် အတားအဆီး အနောက်ဘက်သို့ ပြုတ်ကျသွားသည်အထိ စောင့်ဆိုင်းလိုက်ပြီးမှ မတ်တတ်ရပ်လိုက်ကာ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲ၍ အက်ကွဲကြောင်းထဲသို့ ဝင်ရောက်သွားလေသည်။
အတားအဆီး အက်ကွဲကြောင်းကို ဖြတ်ကျော်၍ နောက်ကွယ်ရှိ ကမ္ဘာထဲသို့ ဝင်ရောက်လိုက်သည်နှင့် ပြင်းထန်စူးရှသော သွေးနံ့ကို ကုချန် ချက်ချင်း ရှူရှိုက်မိလိုက်၏။
ကုချန်သည် မသိစိတ်အလျောက် အသက်ရှူအောင့်ထားလိုက်၍ တစ်ချိန်တည်းမှာပင် သူ၏ ပတ်ဝန်းကျင်ကို အကဲခတ်လိုက်ရာ သူ့ကို ထိတ်လန့်တုန်လှုပ်စေသော ယနေ့အတွက် ဒုတိယမြောက် မြင်ကွင်းကို တွေ့လိုက်ရလေသည်။
ဟွမ်သွမ့်ချီများ ဖုံးလွှမ်းနေသော လက်တံများ တစ်ခုပြီးတစ်ခုသည် အင်မော်တယ်ဧကရာဇ် ရုပ်အလောင်းများကို ထိုးဖောက် ဝင်ရောက်သွားကြပြီး ခန္ဓာကိုယ်တိုင်းမှ အသားနှင့် အနှစ်သာရများကို စုပ်ယူနေသည့်အလား အမြစ်တွယ်နေကြလေသည်။
ဧကရာဇ်သွေးများ စီးဆင်းလာကာ မြေပြင်ကို ကြက်သွေးရောင် လွှမ်းသွားစေ၏။ အင်မော်တယ်ဧကရာဇ် ရုပ်အလောင်းများမှ အသားနှင့် အနှစ်သာရများ စုပ်ယူခံလိုက်ရသည်နှင့်အမျှ အရှိန်ဖြင့် လျင်မြန်စွာ ခြောက်သွေ့ရှုံ့တွသွားပြီး နောက်ဆုံးတွင် ပါးလွှာသော လူ့အရေခွံများအဖြစ် ပြောင်းလဲကာ မြေပြင်ပေါ်သို့ ခွေခွေလေး ကျဆင်းသွားပြီးနောက် ပြာအဖြစ် ကြေမွသွားကြလေသည်။
ဧကရာဇ်ရုပ်အလောင်းများတွင် အမြစ်တွယ်နေသော လက်တံများသည်လည်း ပြန်လည် ဆုတ်ခွာသွားကြပြီး ကျေနပ်ဖွယ်ရာ ဝါးစားမျိုချသံများကို ထုတ်လွှင့်နေကြ၏။
ဤသည်မှာ အင်မော်တယ်ဧကရာဇ်အဆင့် တည်ရှိမှုများအတွက် သတ်ကွင်းတစ်ခု သက်သက်ပင် ဖြစ်လေသည်။
မျက်စိတစ်ဆုံးတွင် သွေးသံရဲရဲ မြင်ကွင်းမျိုး မရှိသော်လည်း အသုံးမဝင်သော အမှိုက်များကဲ့သို့ မြေပြင်ပေါ်တွင် သာမန်ကာလျှံကာ စွန့်ပစ်ထားသော ကြေမွခြောက်သွေ့နေသည့် လူ့အရေခွံများသာ ရှိနေလေသည်။
ဤအင်မော်တယ်ဧကရာဇ်အဆင့် တည်ရှိမှုများသည် သေဆုံးပြီးနောက် သူတို့၏ ကံကြမ္မာက ဤမျှ ကြေကွဲဖွယ် ကောင်းလိမ့်မည်ဟု သက်ရှိထင်ရှား ရှိစဉ်က တစ်ခါမျှ စိတ်ကူးမိခဲ့မည် မဟုတ်ပေ။
ကုချန် သူ၏အငွေ့အသက်ကို ဖိနှိပ်ထားလိုက်ပြီး ထိုကြောက်မက်ဖွယ် လက်တံများကို သူ၏တည်ရှိမှုကို အာရုံမခံမိစေရန် သတိထားနေလိုက်သည်။ တစ်ချိန်တည်းမှာပင် သူ၏ အကြည့်များက ထိုလက်တံများနောက်သို့ အလိုအလျောက် လိုက်ပါသွားကာ မရေမတွက်နိုင်သော အင်မော်တယ်ဧကရာဇ်များ၏ အသားနှင့် သွေးကို မည်ကဲ့သို့သော ထူးဆန်း ကြောက်မက်ဖွယ်ကောင်းသည့် တည်ရှိမှုက စားသုံးနေသည်ကို ကြည့်ရှုလိုဟန်ဖြင့် ခြေရာခံလိုက်လေသည်။
သူ၏အမြင်အာရုံ ရွေ့လျားသွားသော ထိုအခိုက်၌ပင် သူ ချက်ချင်း အသက်ရှူမှားသွားခဲ့၏။
အကြောင်းမှာ ထိုလက်တံ ဒါဇင်ချီနောက်သို့ အထက်သို့ လိုက်ကြည့်လိုက်သောအခါ ကောင်းကင်တစ်ခွင်လုံး ပြည့်နှက်နေသော မရေမတွက်နိုင်အောင် သိပ်သည်းလှသည့် လက်တံကြီးများကို သူ မြင်တွေ့လိုက်ရသောကြောင့်ပင်။
မရေမတွက်နိုင်သော ကြက်သွေးရောင် လက်တံများ တွဲလောင်းကျနေ၍ ဟွမ်သွမ့်ချီများ ဖုံးလွှမ်းကာ ကောင်းကင်ယံတွင် တိတ်ဆိတ်စွာ တွဲခိုနေကြ၏။ ယခုလေးတင် ဆင်းသက်လာသော လက်တံများသည် မရေမတွက်နိုင်သော ထိုလက်တံများထဲမှ လျစ်လျူရှုထားနိုင်လောက်အောင် နည်းပါးလှသည့် ဒါဇင်အနည်းငယ်မျှသာ ဖြစ်လေသည်။
ကောင်းကင်ယံတွင် ထိုကဲ့သို့သော လက်တံများ မရေမတွက်နိုင်အောင် များပြားစွာ ရှိနေသေးသည်။
ထို့ပြင် ထိုမရေမတွက်နိုင်သော လက်တံများ၏ အနောက်ဘက်တွင် အလွန်တရာ သိပ်သည်းလှသော ဟွမ်သွမ့်ချီများ ရှိနေသဖြင့် သူ့ကို ထိုးဖောက်မြင်နိုင်ရန် မဖြစ်နိုင်ပေ။
" ဒါတော့ မဟန်ဘူး "
ကုချန်သည် တိုးတိုး ရေရွတ်လိုက်၏။
အကြောင်းမှာ ယခုလေးတင် သူ ခံစားလိုက်ရသော အရာကြောင့်ပင်။ ရှောင်လင်ဧကရီ သူ့အား ပေးထားသော တည်နေရာအမှတ်အသား အလင်းစက်လေးသည် ယုံကြည်နိုင်စရာမရှိလောက်အောင် ပြင်းထန်လှသည့် ဆွဲငင်အားကို ရုတ်တရက် ထုတ်လွှတ်လိုက်၍ ၎င်း၏ တည်နေရာကို ပြသလာ၏။ သို့သော် ၎င်း၏ ဦးတည်ရာမှာ ကောင်းကင်ယံရှိ မရေမတွက်နိုင်သော လက်တံများ၏ အနောက်ဘက်သို့ တိုက်ရိုက် ညွှန်ပြနေသောကြောင့်တည်း။