← Chapters

အခန်း (၅၄၃-၅၄၄)

Vol. 39 Ch. 543-544

အခန်း (၅၄၃-၅၄၄)

Vol. 39 Ch. 543-544

‎အခန်း ( ၅၄၃ ) - အခြေအနေမှာ တင်းမာနေကာ ကာကွယ်ရန် ခက်ခဲလှခြင်း၊ တစ္ဆေဧကရာဇ် ထွက်ပေါ်လာခြင်း

‎

‎

‎

‎အကြောင်းမှာ သူ၏ရှေ့မှောက်ရှိ ပျက်စီးနေသော စကြာဝဠာများစွာ၏ ဗဟိုချက်တွင် တိတ်ဆိတ်စွာ မတ်တတ်ရပ်နေသော အရပ်မြင့်မြင့် ချပ်ဝတ်တန်ဆာဝတ်ဆင်ထားသည့် ပုံရိပ်တစ်ခုကို မြင်တွေ့လိုက်ရသောကြောင့်ပင်။ ထိုပုံရိပ်ကို ရှာနာနတ်ဆိုးဧကရာဇ်သည် အလွန်တရာ

‎ရင်းနှီးကျွမ်းဝင်နေခဲ့သည်။ ချူးဧကရာဇ်မှလွဲ၍ အခြားမည်သူ ဖြစ်နိုင်ဦးမည်နည်း။

‎

‎

‎ကံဆိုးလိုက်သည့်ဖြစ်ခြင်း။ ဤကွေ့ရွှီးနယ်မြေသည် ဤမျှ ကျယ်ပြောလှပါလျက် ဤလူနှင့်မှ လာဆုံတွေ့နေရသည်ဟု တွေးလိုက်မိကာ ရှာနာနတ်ဆိုးဧကရာဇ်သည် မျက်မှောင်အနည်းငယ် ကျုံ့သွားပြီး မကျေမနပ် ဖြစ်သွားခဲ့၏။

‎

‎

‎အတိတ်ကသာဆိုလျှင် ချူးဧကရာဇ်ကို ရှေ့တွင် မြင်တွေ့ရပါက သူသည် အကြောက်အလန့်မရှိ ရှေ့ဆက်သွားမည်ဖြစ်ပြီး ချူးဧကရာဇ်အား လေဟာနယ်တစ်ခုကဲ့သို့ လျစ်လျူရှုကာ ပြင်းပြင်းထန်ထန် အရှက်ခွဲပစ်မည်မှာ သေချာလှသည်။

‎

‎

‎သို့သော် ယခုအခါတွင်မူ ကုချန်နှင့် သွားရောက်ဆုံဆည်းရန် အလောတကြီး ဖြစ်နေသောကြောင့် ရှာနာနတ်ဆိုးဧကရာဇ်သည် ချူးဧကရာဇ်နှင့် အပိုပြဿနာများ၊ ပွတ်တိုက်မှုများ မဖန်တီးလိုတော့ချေ။ အကြောင်းမှာ ၎င်းသည် အချိန်ပိုမို ဖြုန်းတီးရာရောက်မည် ဖြစ်သောကြောင့်တည်း။

‎

‎

‎ရှာနာနတ်ဆိုးဧကရာဇ်သည် ထိုသို့ မဖြစ်လိုသဖြင့် ခေတ္တမျှ တုံ့ဆိုင်းပြီးနောက် ဦးတည်ရာကို ပြောင်းလဲကာ အခြားလမ်းကြောင်းမှ ဆက်လက် ခရီးနှင်ရန် ဆုံးဖြတ်လိုက်သည်။

‎

‎

‎သို့သော် သူ လုံးဝ မျှော်လင့်မထားခဲ့သောအရာမှာ သူ ဦးတည်ရာကို ပြောင်းလဲပြီး မကြာမီမှာပင် လှုပ်ရှားမှုမရှိဘဲ ငြိမ်သက်နေခဲ့သော ချူးဧကရာဇ်သည် ရုတ်တရက် လှုပ်ရှားလာပြီး သူ့ဆီသို့ တည့်မတ်စွာ ပျံသန်းလာခြင်းပင် ဖြစ်သည်။ ထိုအရာကို ကြည့်ခြင်းဖြင့် သူ့အား ဤအတိုင်း အလွယ်တကူ ထွက်ခွာခွင့်ပြုရန် ရည်ရွယ်ချက် လုံးဝမရှိကြောင်း ရှင်းလင်းထင်ရှားနေလေသည်။

‎

‎

‎ဤသည်ကို မြင်သောအခါ ရှာနာနတ်ဆိုးဧကရာဇ်၏ ဒေါသများ ပေါက်ကွဲထွက်လာခဲ့ပြီး သူသည် ရပ်တန့်လိုက်ရုံမှလွဲ၍ အခြားရွေးချယ်စရာ မရှိတော့ချေ။ သူ၏မျက်နှာသည်လည်း ရေခဲတမျှ အေးစက်သွားကာ ချူးဧကရာဇ်အား အော်ဟစ်မာန်မဲလိုက်လေသည်။

‎

‎

‎" ချူးဧကရာဇ်... ရှင်က ငါအရှင်ကို တားဆီးဖို့ ရည်ရွယ်နေတာလား "

‎

‎

‎ချူးဧကရာဇ် နောက်မှ လိုက်ပါလာသဖြင့် ရှာနာနတ်ဆိုးဧကရာဇ်သည် ကုချန်နှင့် သွားရောက်ဆုံဆည်းရန် ကျိန်းသေပေါက် မဖြစ်နိုင်တော့ချေ။ ဤပြဿနာကို အရင်ဆုံး ဖြေရှင်းရုံသာ ရှိတော့သည်။

‎

‎

‎" ဟက်...! တားဆီးတယ်လို့ ဘာလို့ ပြောရတာလဲ... မင်းနဲ့ငါက နတ်ဆိုးနယ်မြေရဲ့ နတ်ဆိုးဧကရာဇ်တွေချည်းပဲလေ... ဒီကွေ့ရွှီးနယ်မြေမှာ ဆုံတွေ့ရတာက ကံကြမ္မာပဲ... တာအိုရောင်းရင်း ရှာနာက ငါအရှင်ကို မြင်တာနဲ့ နှုတ်ဆက်ဖို့ ရှေ့ထွက်မလာတဲ့အပြင် ခိုးကြောင်ခိုးဝှက် ထွက်ပြေးဖို့တောင် ရွေးချယ်သွားသေးတယ်... တကယ်ကို စိတ်ပျက်စရာပဲ "

‎

‎

‎ရှာနာနတ်ဆိုးဧကရာဇ် ရပ်တန့်သွားသည်ကို မြင်သောအခါ ချူးဧကရာဇ်သည်လည်း ချက်ချင်း ရပ်တန့်လိုက်ပြီး ရှာနာနတ်ဆိုးဧကရာဇ်နှင့် အတော်လေး ဘေးကင်းလုံခြုံသော အကွာအဝေးတစ်ခုကို ထိန်းသိမ်းထားလျက် ဂရုမစိုက်သော လေသံဖြင့် ပြောဆိုလိုက်လေသည်။

‎

‎

‎" အပိုတွေ ပြောမနေနဲ့... ငါအရှင်က ရှင်နဲ့ အချိန်ဖြုန်းနေဖို့ အချိန်မရှိဘူး... တကယ်လို့ ရှင်က ငါအရှင့်နောက်ကို ဆက်လိုက်လာရဲသေးရင်... ရှင့်ကို ဝက်ဝံဧကရာဇ် ဖြစ်သွားတဲ့အထိ ထပ်ပြီး ရိုက်နှက်ပစ်မယ်! "

‎

‎

‎ရှာနာနတ်ဆိုးဧကရာဇ်၏ လှပသော မျက်နှာလေးသည် အေးစက်မှုတို့ဖြင့် ဖုံးလွှမ်းသွားခဲ့၏။ သူသည် ချူးဧကရာဇ်နှင့် ဤနေရာတွင် အချိန်မဖြုန်းလိုသဖြင့် ခြိမ်းခြောက်ပြီးနောက် ချက်ချင်း လှည့်ထွက်သွားခဲ့သည်။

‎

‎

‎ချူးဧကရာဇ်သည် သူ့အား အရိုးထဲထိတိုင်အောင် မုန်းတီးနေသော်ငြားလည်း ဤနေရာတွင် သူနှင့် အလွန်အမင်း ရှုပ်ထွေးပတ်သက်လိမ့်မည် မဟုတ်ဟု သူ ယုံကြည်ထားခဲ့သည်။

‎

‎

‎ဤနေရာမှာ ကွေ့ရွှီးနယ်မြေ ဖြစ်သည်။ အကယ်၍ သူတို့သာ အလျင်စလို လုပ်ဆောင်မိပါက နတ်ဆိုးဧကရာဇ်အဆင့် တည်ရှိမှုကပင် ကြိုတင်မမြင်နိုင်သော မည်သည့်အန္တရာယ်များကို နှိုးဆွမိသွားမည်ကို ပြောရန် ခက်ခဲလှပေသည်။

‎

‎

‎" အခုချိန် သခင်နဲ့အတူ ရှိနေခဲ့ရင် သိပ်ကောင်းမှာပဲ "

‎

‎

‎ရှာနာနတ်ဆိုးဧကရာဇ်သည် စိတ်ထဲမှ တိတ်တဆိတ် တွေးလိုက်မိ၏။

‎

‎

‎ဤကွေ့ရွှီးနယ်မြေထဲသို့ မဝင်ရောက်မီ ယခုတစ်ကြိမ် ကွေ့ရွှီးနယ်မြေထဲသို့ ဝင်ရောက်ရခြင်း၏ အဓိကရည်ရွယ်ချက်မှာ နတ်ဆိုးဧကရာဇ်အဆင့် တည်ရှိမှု တစ်ဦး၊ နှစ်ဦးခန့်ကို သိမ်းသွင်းနိုင်မည့် အခွင့်အရေး ရှိ၊ မရှိ ကြည့်ရှုရန်ဖြစ်ကြောင်း ကုချန်မှ သူ့အား ပြောပြခဲ့ဖူးသည်။

‎

‎

‎သို့သော် ဤကိစ္စအတွက် သူတို့နှစ်ဦး တွေ့ဆုံရန် လိုအပ်ပြီး ကုချန်ကိုယ်တိုင် အကဲဖြတ်ကာ ထိုနတ်ဆိုးဧကရာဇ်ကို သူ အမှန်တကယ် သိမ်းသွင်းနိုင်ကြောင်း အတည်ပြုပြီးမှသာ ဆုံးဖြတ်ချက်ချနိုင်မည် ဖြစ်သည်။

‎

‎

‎မည်သို့ပင်ဆိုစေကာမူ ဤကွေ့ရွှီးနယ်မြေထဲသို့ မဝင်ရောက်မီအချိန်က ကုချန်၏တိုက်ခိုက်ရေးစွမ်းအားမှာ အသစ်တက်လှမ်းထားသော နတ်ဆိုးဧကရာဇ်တစ်ပါးနှင့် ယှဉ်ပြိုင်နိုင်ရန် လုံလောက်ရုံမျှသာ ရှိခဲ့ကာ ၎င်းမှာပင်လျှင် 'ချီတစ်ခုမှ သန့်စင်သူသုံးပါး ခွဲထွက်ခြင်း' ဟူသော နတ်ဘုရားပညာရပ်ကို အသုံးပြုထားခြင်းကြောင့်သာ ဖြစ်ပေသည်။

‎

‎

‎ကွေ့ရွှီးနယ်မြေသို့ ဝင်ရောက်လာပြီးနောက် 'ချီတစ်ခုမှ သန့်စင်သူသုံးပါး ခွဲထွက်ခြင်း' ကို အသုံးပြု၍ မရနိုင်တော့ကြောင်း တွေ့ရှိသွားသောအခါ ကုချန်သည် နတ်ဆိုးဧကရာဇ်တစ်ပါးကို သိမ်းသွင်းရန်ဆိုသည့် အတွေးကို ယာယီစွန့်လွှတ်ထားခဲ့၏။

‎

‎

‎အဘယ်ကြောင့်ဆိုသော် သူ၏ ကိုယ်ပိုင်တိုက်ခိုက်ရေးစွမ်းအားသည် နတ်ဆိုးဧကရာဇ်အဆင့်သို့ပင် မရောက်ရှိနိုင်ပါက နတ်ဆိုးဧကရာဇ်အဆင့် တည်ရှိမှုတစ်ခုကို သိမ်းသွင်းရန်ဆိုသည်မှာ မည်သို့လျှင် ဖြစ်နိုင်ပါတော့မည်နည်း။

‎

‎

‎ဤအကြောင်းရင်းကြောင့်ပင် ရှာနာနတ်ဆိုးဧကရာဇ်သည် ချူးဧကရာဇ်အား သူ၏သခင်ဆီသို့ အလျင်စလို ခေါ်ဆောင်သွားရန် မဝံ့မရဲ ဖြစ်နေခဲ့ခြင်းပင်။

‎

‎

‎မည်သို့ပင်ဆိုစေကာမူ ကုချန်မှ အမိန့်မပေးသေးချေ။ အကယ်၍ သူသာ ချူးဧကရာဇ်ကို ထိုနေရာသို့ အလျင်စလို ခေါ်ဆောင်သွားပါက သူ၏သခင်ကိုပင် အမျက်ထွက်စေနိုင်ပေသည်။ ဉာဏ်ရည်ထက်မြက်သူပီပီ သူသည် ထိုသို့သော လုပ်ရပ်မျိုးကို သဘာဝကျကျပင် လုပ်ဆောင်မည်မဟုတ်ဘဲ သူ၏သခင်ကို သွားရောက်မတွေ့ဆုံမီ ပြဿနာများနှင့် ရှုပ်ထွေးမှုများအားလုံးကို ရှင်းလင်းရန်သာ ရွေးချယ်မည် ဖြစ်လေသည်။

‎

‎

‎" နှမြောစရာပဲ... သခင်နဲ့ ဝိညာဉ်ပိုင်းဆိုင်ရာ အဆက်အသွယ် ရနိုင်ရင် သိပ်ကောင်းမှာပဲ "

‎

‎

‎ရှာနာနတ်ဆိုးဧကရာဇ်သည် ထပ်မံတွေးတော လိုက်မိပြန်သည်။

‎

‎

‎ယခုအခါ သူသည် ကုချန်နှင့် ခဲယဉ်းစွာသာ ဆက်သွယ်နိုင်ပြီး စကားလုံး နှစ်လုံး သုံးလုံးမျှကိုသာ ပြတ်တောင်းပြတ်တောင်း ပေးပို့နိုင်လေသည်။ ၎င်းက သူ၏လက်ရှိအခြေအနေကို ကုချန်အား အပြည့်အဝ နားလည်အောင် မပြောပြနိုင်သည့်အပြင် နားလည်မှုလွဲမှားခြင်းများကိုပင် ဖြစ်စေနိုင်ပေသည်။

‎

‎

‎ထို့ကြောင့် ချူးဧကရာဇ်ကို တွေ့ရှိပြီးနောက်တွင်ပင် ရှာနာနတ်ဆိုးဧကရာဇ်သည် ဝိညာဉ်အာရုံမှတစ်ဆင့် ကုချန်နှင့် တိုင်ပင်ဆွေးနွေးရန် မရွေးချယ်ခဲ့ချေ။ အကြောင်းမှာ ၎င်းသည် အသုံးဝင်လိမ့်မည် မဟုတ်သောကြောင့်ပင်။

‎

‎

‎သို့သော် ဤအတွေးများစွာ ရှာနာနတ်ဆိုးဧကရာဇ်၏ စိတ်ထဲတွင် လျှပ်စီးလက်သကဲ့သို့ ဖြတ်ပြေးသွားစဉ်အတွင်းမှာပင် ချူးဧကရာဇ်သည် သူ၏နောက်မှ လိုက်ပါလာဆဲဖြစ်ပြီး လုံးဝ ထွက်ခွာသွားမည့် ရည်ရွယ်ချက် မရှိသည်ကို သူ တွေ့ရှိလိုက်ရ၏။

‎

‎

‎ဤသည်ကို သဘောပေါက်သွားသောအခါ ရှာနာနတ်ဆိုးဧကရာဇ်၏ အကြည့်များသည် ချက်ချင်း မှောင်မိုက်သွားခဲ့ရသည်။ ဤတစ်ကြိမ်တွင် ချူးဧကရာဇ်ကို ဖယ်ရှားရန်မှာ လွယ်ကူလိမ့်မည်မဟုတ်ကြောင်း သူ သိလိုက်လေသည်။

‎

‎

‎" တောင်းဆိုတာကို လက်မခံဘဲ အတင်းအကျပ် လုပ်မှ ရမယ်ဆိုတဲ့ သဘောပေါ့... ချူးဧကရာဇ်... ရှင်က တကယ်ကို သေလမ်းရှာနေတာပဲ! "

‎

‎

‎ရှာနာနတ်ဆိုးဧကရာဇ်သည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်သလို သူ၏မျက်လုံးများထဲတွင်လည်း အေးစက်သော အလင်းတန်းတစ်ခု လက်သွားခဲ့၏။ သူသည် ရုတ်တရက် သူ၏သွယ်လျသော လက်ကို မြှောက်လိုက်ပြီး အဆုံးအစမရှိသော ဟွမ်သွမ့်စွမ်းအင် လှိုင်းလုံးကြီးတစ်ခုနှင့်အတူ ချူးဧကရာဇ်ဆီသို့ ပြင်းထန်စွာ ရိုက်ချလိုက်လေသည်။

‎

‎

‎လက်ဝါးတစ်ချက် ရိုက်ချလိုက်သည်နှင့် ပတ်ဝန်းကျင်ရှိ ဟွမ်သွမ့်စွမ်းအင်များ ပြိုကွဲသွားပြီး သူတို့နှစ်ဦးကြားရှိ အဆုံးမရှိသော ဟွမ်သွမ့်စွမ်းအင်များပင်လျှင် မျက်တောင်တစ်ခတ်အတွင်း ပျက်စီးသွားခဲ့ကာ ရှာနာနတ်ဆိုးဧကရာဇ် ထုတ်လွှတ်လိုက်သော ဧကရာဇ်အဆင့်၏ ကြွင်းကျန်ရစ်သည့် စွမ်းအားများသာ ကျန်ရစ်နေခဲ့တော့သည်။

‎

‎

‎" တာအိုရောင်းရင်းရှာနာ... ငါက နောက်နေတာပါ... ဘာလို့ ဒေါသထွက်နေရတာလဲ "

‎

‎

‎ရှာနာနတ်ဆိုးဧကရာဇ်၏ တိုက်ခိုက်မှုကို ရင်ဆိုင်ရချိန်တွင် ချူးဧကရာဇ်သည် အနည်းငယ်မျှပင် အံ့အားသင့်သွားဟန် မရှိချေ။ သူသည် ရိုးရှင်းစွာ ပြုံးလိုက်၍ လက်ကို ဆန့်ထုတ်ကာ သူ၏ရှေ့တွင် အဆုံးမဲ့တာအို အတားအဆီးတစ်ခုကို ဖန်တီးလိုက်ပြီး ရှာနာနတ်ဆိုးဧကရာဇ်၏ လက်ဝါးရိုက်ချက်ကို အလွယ်တကူ ကာကွယ်လိုက်လေသည်။

‎

‎

‎" ရှာနာ... အခု ငါတို့နှစ်ယောက်စလုံးက ဧကရာဇ်အဆင့်မှာ ရောက်နေပြီဆိုတော့ ဒီလို ကလေးကလား လှည့်ကွက်လေးတွေကို မသုံးကြရအောင် "

‎

‎

‎ရှာနာနတ်ဆိုးဧကရာဇ်၏ တိုက်ခိုက်မှုကို အလွယ်တကူ ကာကွယ်ပြီးနောက် ချူးဧကရာဇ်က သူ့အား ထပ်မံ၍ လှောင်ပြောင်လိုက်လေသည်။

‎

‎

‎" ချူးဧကရာဇ်... ရှင်က သေလမ်းရှာနေတာပဲ..... "

‎

‎

‎ရှာနာနတ်ဆိုးဧကရာဇ်၏ မျက်ဝန်းများထဲတွင် ဒေါသများ တိတ်တဆိတ် မြင့်တက်လာခဲ့၏။ သူသည် ချူးဧကရာဇ်ကြောင့် တကယ်ကို ဒေါသထွက်နေခဲ့ပြီ ဖြစ်သည်။ ထိုသူသည် ရိုက်ဖယ်၍မရ၊ နှင်ထုတ်၍မရနိုင်သော ယင်ကောင်တစ်ကောင်ကဲ့သို့ သူ့အနားတွင် တဝီဝီ မြည်နေကာ အလွန်တရာ စိတ်အနှောင့်အယှက် ဖြစ်စေလှသည်။

‎

‎

‎" ဧကရာဇ်မဖြစ်လာခင်ကတည်းက ရှင်က ငါအရှင်ကို ရန်စလို့ မရခဲ့သလို... ဧကရာဇ် ဖြစ်လာပြီးတဲ့နောက်မှာလည်း ငါအရှင်ကို ပိုပြီးတော့တောင် ရန်စလို့ မရဘူးဆိုတာကို... ရှင် နားလည်သွားအောင် အရသာနည်းနည်းတော့ ပြမှရတော့မယ်ထင်တယ် "

‎

‎

‎ရှာနာနတ်ဆိုးဧကရာဇ်၏ မျက်ဝန်းများတွင် အေးစက်သော အလင်းတန်းတစ်ခု လက်သွားခဲ့၏။ နောက်ဆုံးတွင် သူသည် ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်မထားတော့ချေ။ နတ်ဆိုးဧကရာဇ်တစ်ပါး၏ ကျယ်ပြန့်လှိုင်းထန်သော အငွေ့အသက်သည် သူ့အတွင်းမှ ပေါက်ကွဲထွက်လာ၍ ပြိုင်ဘက်ကင်းသော ဧကရာဇ်အာဏာစက်သည် တဟုန်ထိုး ထွက်ပေါ်လာကာ အဆုံးအစမရှိသော လေဟာနယ်ကို ပြည့်နှက်သွားစေလျက် အဆုံးမဲ့ ဟွမ်သွမ့်စွမ်းအင်များကို ပျက်သုဉ်းသွားသည်အထိ ဖိနှိပ်ပစ်လိုက်လေသည်။

‎

‎

‎ရှာနာနတ်ဆိုးဧကရာဇ်၏ အနောက်ဘက် လေဟာနယ်ထဲမှ ရှေးဟောင်းကြေးမုံများ မပီဝိုးဝါး ရုပ်လုံးပေါ်လာလျက် ကောင်းကင်နှင့်မြေကြီးအနှံ့ ပြည့်နှက်သွားကာ ပြိုင်ဘက်ကင်းသော ကျောချမ်းဖွယ်ကောင်းလှသည့် အေးစက်မှုကို ထုတ်လွှတ်နေခဲ့၏။

‎

‎

‎အကယ်၍ သာမန် နတ်ဆိုးဧကရာဇ်တစ်ပါးသာဆိုလျှင် ရှာနာနတ်ဆိုးဧကရာဇ် ဤကဲ့သို့သော အခြေအနေမျိုး ဖြစ်နေသည်ကို မြင်တွေ့လိုက်ရပါက သူ အမှန်တကယ် ဒေါသထွက်နေပြီး အစွမ်းကုန် တိုက်ခိုက်တော့မည်ကို သေချာပေါက် သိရှိမည်ဖြစ်ကာ အလွန်တရာ သတိထား၍ ရင်ဆိုင်မည်သာ ဖြစ်ပေသည်။

‎

‎

‎သို့သော် ချူးဧကရာဇ်သည် ရှာနာနတ်ဆိုးဧကရာဇ်မှ သူ့အား အစွမ်းကုန် တိုက်ခိုက်ရန် ပြင်ဆင်နေကြောင်းကို သဘောပေါက်သွားသောအခါ သူသည် တစ်စုံတစ်ခုကို အတည်ပြုရန်အတွက် ပတ်ဝန်းကျင်ကို ဦးစွာ စူးစမ်းကြည့်ရှုလိုက်လေသည်။ အတည်ပြုပြီးနောက်တွင် သူ၏ အေးစက်သော အကြည့်များကို ရှာနာနတ်ဆိုးဧကရာဇ်ဆီသို့ ပို့လိုက်ပြီး ညင်သာသော လေသံမှ အလွန်တရာ အေးစက်ကာ ကျောချမ်းဖွယ်ကောင်းသော ရည်ရွယ်ချက်များဖြင့် ပြည့်နှက်နေသည့် အသံသို့ ရုတ်တရက် ပြောင်းလဲသွားလျက် ပြောဆိုလိုက်လေသည်။

‎

‎

‎" ဟက်! ရှာနာ... မင်းမှာ အကူအညီပေးမယ့်သူ တကယ်ကို မရှိဘူးပဲ... အဲဒီလိုဆိုရင်တော့ ငါအရှင်လည်း စိတ်အေးသွားပြီပေါ့ "

‎

‎

‎" တာအိုရောင်းရင်း ချီဖျန့်ဧကရာဇ်... ကျေးဇူးပြုပြီး ထွက်လာပေးပါဦး! "

‎

‎

‎သူစကားပြောလိုက်သည်နှင့် ဟွမ်သွမ့်စွမ်းအင်များ လှိုင်းထန်သွားခဲ့၏။

‎

‎

‎တစ်ကိုယ်လုံးတွင် အဆုံးအစမရှိသော ဧကရာဇ်တာအို အငွေ့အသက်များဖြင့် ပြည့်နှက်နေသော အခြားပုံရိပ်တစ်ခုသည် တိတ်ဆိတ်စွာ ထွက်ပေါ်လာခဲ့လေသည်။

‎

‎အခန်း ( ၅၄၄ ) - နတ်ဆိုးဧကရာဇ်၏ အစီအရင်မှာ ကြိုတင်ကြံစည်ထားခြင်း၊ ကျူးကျောက်ဟု ခေါ်ဆိုလေခြင်း

‎

‎

‎

‎ချီဖျန့်ဧကရာဇ် ပါလား!

‎

‎

‎လေဟာနယ်ထဲမှ တဖြည်းဖြည်း ထွက်ပေါ်လာသော ပုံရိပ်ကို မြင်လိုက်ရသောအခါ ရှာနာနတ်ဆိုးဧကရာဇ်၏ အမူအရာမှာ ချက်ချင်းပင် လေးနက်တည်ကြည်သွားခဲ့လေသည်။

‎

‎

‎ချီဖျန့်ဧကရာဇ် ပေါ်ထွက်လာခြင်းမှာ တိုက်ဆိုင်မှုတစ်ခု မဟုတ်ဘဲ ချူးဧကရာဇ်နှင့် ကြိုတင် စီစဉ်ထားသည့် လျှို့ဝှက်အကြံအစည်တစ်ခုဖြစ်ကြောင်း ရှင်းလင်းထင်ရှားနေလေသည်။

‎

‎

‎ထိုသို့မဟုတ်ပါက ကျယ်ပြန့်လှသော ဤကွေ့ရွှီးနယ်မြေထဲတွင် နတ်ဆိုးနယ်မြေမှ နတ်ဆိုးဧကရာဇ် နှစ်ပါးနှင့် သူ တစ်ချိန်တည်း တစ်ပြိုင်တည်း မည်သို့ ဆုံတွေ့နိုင်မည်နည်း။ ဤအရာအားလုံးမှာ အစကတည်းက ကြိုတင်စီစဉ်ထားခြင်း မဟုတ်လျှင် လုံးဝမဖြစ်နိုင်သော အရာပင်။

‎

‎

‎ချီဖျန့်ဧကရာဇ် ပေါ်ထွက်လာသည်ကို မြင်လိုက်ရသည်နှင့် တစ်ပြိုင်နက် ဤနေရာတွင် အချိန်ကြာမြင့်စွာ ဆက်နေရန် မသင့်တော်တော့ကြောင်း ရှာနာနတ်ဆိုးဧကရာဇ် သိလိုက်လေသည်။ သူသည် ချက်ချင်း လှုပ်ရှားလိုက်ပြီး သူ၏ခန္ဓာကိုယ်ကို ချောမွေ့သော ကြေးမုံပြင်များစွာအဖြစ်သို့ ပြောင်းလဲပေါင်းစပ်လိုက်ကာ အဝေးတစ်နေရာဆီသို့ လျင်မြန်စွာ ထွက်ပြေးသွားခဲ့လေသည်။

‎

‎

‎" ဟွန်းဟွန်း... ရှာနာ... ဒီလောက် အကြာကြီး စကားတွေပြောပြီး အားအင်တွေ အများကြီး ဖြုန်းတီးခဲ့တာက... မင်းနဲ့ စကားစမြည်ပြောဖို့သက်သက်ပဲလို့ မင်းထင်နေတာလား "

‎

‎

‎ရှာနာနတ်ဆိုးဧကရာဇ် ချက်ချင်း ထွက်ပြေးသွားသည်ကို မြင်သော်လည်း ချူးဧကရာဇ်၏ အမူအရာမှာ ပုံမှန်အတိုင်းသာ ရှိနေရာ အရာအားလုံးသည် သူ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသည့်အလားပင်။

‎

‎

‎ထို့နောက် ရှာနာနတ်ဆိုးဧကရာဇ်သည် မိုင်တစ်သန်းခန့်အကွာသို့ ထွက်ပြေးရောက်ရှိသွားချိန်တွင် သူ၏ရှေ့၌ မြင်ကွင်းပျောက် အတားအဆီးတစ်ခု ရုတ်တရက် ပေါ်လာကာ လှိုင်းထန်နေသော ကြေးမုံပြင်များအားလုံးကို ရိုက်ချိုးဖျက်ဆီးပစ်လိုက်လေသည်။

‎မရေမတွက်နိုင်သော ကြေးမုံပြင်များထဲမှ ရှာနာနတ်ဆိုးဧကရာဇ်၏ ပုံရိပ်သည်လည်း ထွက်ပေါ်လာခဲ့ပြီး ဆက်လက်၍ ပုန်းကွယ်နေရန် မဖြစ်နိုင်တော့ချေ။

‎

‎

‎" ချီဖျန့်ဧကရာဇ်..... "

‎

‎

‎သူ၏ရှေ့ရှိ အင်မော်တယ်ဧကရာဇ် ချီများ ပြည့်နှက်နေပြီး တာအိုအမှတ်အသားများ စီးဆင်းနေသော မြင်ကွင်းပျောက် အတားအဆီးကို ကြည့်ကာ ရှာနာနတ်ဆိုးဧကရာဇ်၏ စိတ်နှလုံးသည် ချက်ချင်းပင် အေးစက်သွားခဲ့လေသည်။

‎ဤနေရာတွင် နတ်ဆိုးဧကရာဇ်အဆင့် အစီအရင်တစ်ခုကို ချထားလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။

‎

‎

‎ဤသည်မှာ ယခင်က နတ်ဆိုးဧကရာဇ်ကြီးကို ထောင်ချောက်ဆင်ရန် သူ အသုံးပြုခဲ့သော ယာယီအစီအရင်မျိုး မဟုတ်ဘဲ စစ်မှန်သော နတ်ဆိုးဧကရာဇ်အဆင့် အစီအရင်တစ်ခုပင် ဖြစ်သည်။

‎

‎

‎ဤနတ်ဆိုးဧကရာဇ်အဆင့် အစီအရင်ကို ချထားရန်အတွက် များပြားလှသော နတ်ဘုရားအဆင့် ပစ္စည်းများနှင့် အထွတ်အမြတ် ရတနာများစွာ လိုအပ်ရုံသာမက တည်ဆောက်ရန်အတွက်လည်း အချိန်များစွာ လိုအပ်ပေသည်။ ဆိုလိုသည်မှာ ချူးဧကရာဇ်နှင့် ချီဖျန့်ဧကရာဇ်တို့ ကွေ့ရွှီးနယ်မြေထဲသို့ ဝင်ရောက်လာကတည်းက ဤနတ်ဆိုးဧကရာဇ်အဆင့် အစီအရင်ကို ချထားခဲ့ခြင်း ဖြစ်ပေသည်။

‎

‎

‎သို့သော် သူ ဤနေရာသို့ လာမည်ကို သူတို့ မည်သို့ သိရှိခဲ့သနည်း။

‎

‎

‎ရှာနာနတ်ဆိုးဧကရာဇ်သည် မြင်ကွင်းပျောက် အတားအဆီး၏ တားဆီးခြင်းကို ခံလိုက်ရသည်ကို မြင်သောအခါ ချူးဧကရာဇ်သည် နောက်ဆုံးတွင် အပြုံးတစ်ခုကို ဖော်ပြလိုက်လေသည်။ ရှာနာနတ်ဆိုးဧကရာဇ်သည် အိုးထဲရောက်နေသော လိပ်တစ်ကောင်ကဲ့သို့ ထွက်ပြေးရန် မဖြစ်နိုင်တော့ဟု သူ ထင်မှတ်နေပုံရသည်။ ထို့နောက် သူသည် ဖြည်းညင်းစွာ ပြောဆိုလိုက်လေသည်။

‎

‎

‎" ရှာနာ... မင်း ဒီနေရာကို ဖြတ်သွားမယ်ဆိုတာ ငါ ဘယ်လိုလုပ် သိလဲလို့ မင်း တွေးနေတာလား.....

‎

‎အမှန်အတိုင်းပြောရရင်... ဒီကွေ့ရွှီးနယ်မြေထဲကို ဝင်လာကတည်းက ငါနဲ့ ချီဖျန့်ဧကရာဇ်က လမ်းနှစ်သွယ် ခွဲသွားခဲ့ကြတာ... ငါက ဒီနေရာမှာ မဟာအစီအရင်ကြီးကို ချထားဖို့ တာဝန်ယူပြီး... ချီဖျန့်ဧကရာဇ်ကတော့ မင်းရဲ့လမ်းကြောင်းကို တိတ်တဆိတ် နှောင့်ယှက်ဖို့ တာဝန်ယူခဲ့တယ်.....

‎

‎လမ်းတစ်လျှောက်လုံး မင်းရွေးချယ်ခဲ့တဲ့ လမ်းကြောင်းတွေ အားလုံးက တာအိုရောင်းရင်း ချီဖျန့်ဧကရာဇ်ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေခဲ့တယ်လို့ ပြောလို့ရတယ် "

‎

‎

‎သူသည် ချီဖျန့်ဧကရာဇ်၏ လွှမ်းမိုးမှုကို ခံခဲ့ရသည်လော။

‎

‎

‎ချူးဧကရာဇ်၏ စကားများကို ကြားသောအခါ ရှာနာနတ်ဆိုးဧကရာဇ်၏ မျက်နှာသည် ပို၍ မှောင်မိုက်သွားခဲ့လေသည်။

‎

‎

‎ဤချီဖျန့်ဧကရာဇ်သည်လည်း တစ္ဆေတာအိုကို သက်သေပြနိုင်ခဲ့သော နာမည်ကြီး နတ်ဆိုးဧကရာဇ်တစ်ပါး ဖြစ်သည်။ ဤတာအိုသည် ပင်ကိုယ်အားဖြင့် ခန့်မှန်းရခက်သည်ဖြစ်ရာ သူသည် သူကိုယ်တိုင် မသိလိုက်ဘဲ လွှမ်းမိုးခံခဲ့ရသလို ၎င်းကိုလည်း မရိပ်မိခဲ့ချေ။

‎

‎

‎ယခု ပြန်လည်စဉ်းစားကြည့်သောအခါ သူသည် ကွေ့ရွှီးနယ်မြေထဲသို့ ဝင်ရောက်လာကတည်းက သူ၏သခင်ရှိရာ ဦးတည်ချက်ဆီသို့ အမှန်တကယ်ပင် သွားနေခဲ့ခြင်း ဖြစ်သည်။

‎သို့သော် လမ်းတစ်လျှောက်တွင် သူ အန္တရာယ်ရှိသည်ဟု ယူဆသော နေရာအချို့ကို သူ၏ မသိစိတ်က အလိုအလျောက် ရှောင်လွှဲခဲ့မိသည်။

‎

‎

‎ထိုစဉ်က ရှာနာနတ်ဆိုးဧကရာဇ်သည် ထိုအန္တရာယ်များသော နေရာများတွင် ပိတ်မိပြီး အချိန်မဖြုန်းချင်၍သာဟု ထင်မှတ်ခဲ့သော်လည်း ထိုအန္တရာယ်များသော နေရာများစွာမှာ သူ၏လမ်းကြောင်းကို ပြောင်းလဲရန် ရည်ရွယ်ချက်ဖြင့် ချီဖျန့်ဧကရာဇ်မှ ဖန်တီးထားသော အရာများ ဖြစ်နိုင်လိမ့်မည်ဟု သူ တစ်ခါမျှ မတွေးမိခဲ့ချေ။

‎

‎

‎ထို့အပြင် ဤနေရာအထိတိုင်အောင် ခရီးနှင်လာခဲ့ပြီးနောက် ချူးဧကရာဇ်ကသာ ထုတ်ဖော်မပြောခဲ့ပါက သူသည် အမှောင်ထဲတွင် ဆက်လက် ရှိနေဦးမည်သာ ဖြစ်သည်။

‎

‎

‎" ဒါဆို ရှင်တို့က ကျွန်မရဲ့ တည်နေရာကို အစကတည်းက သိနေခဲ့တာပေါ့ "

‎

‎

‎ရှာနာနတ်ဆိုးဧကရာဇ်၏ စိတ်အစဉ်သည် လျင်မြန်စွာ ပြေးလွှားသွားပြီး ဤအချက်ကို သူ အလျင်အမြန် သဘောပေါက်သွားခဲ့လေသည်။

‎

‎

‎အကယ်၍ သူတို့သည် သူ၏တည်နေရာကို အစကတည်းက မသိရှိခဲ့ပါက ချီဖျန့်ဧကရာဇ်သည် သူ၏အနားသို့ တိတ်တဆိတ် ရောက်ရှိလာကာ သူ့အပေါ် ဤမျှလောက်များပြားသော လွှမ်းမိုးမှုများကို မည်သို့ ပြုလုပ်နိုင်ခဲ့မည်နည်း။

‎

‎

‎အကယ်၍ သူတို့သည် သူ၏တည်နေရာကို အစကတည်းက မသိရှိခဲ့ပါက ချူးဧကရာဇ်သည် ဤနတ်ဆိုးဧကရာဇ်အဆင့် အစီအရင်ကို ဤနေရာတွင် မည်သို့ ယုံကြည်မှုရှိရှိဖြင့် တည်ဆောက်နိုင်ခဲ့မည်နည်း။

‎

‎

‎ဖြောင်း...! ဖြောင်း...!

‎

‎

‎ချူးဧကရာဇ်သည် သူ၏မျက်နှာပေါ်တွင် ချီးကျူးသည့် အမူအရာဖြင့် လက်ခုပ်တီးလိုက်ကာ ပြောဆိုလိုက်၏။

‎

‎

‎" တာအိုရောင်းရင်းရှာနာက တကယ်ကို ဉာဏ်ကောင်းတာပဲ... အရိပ်အမြွက်လေး ပေးလိုက်တာနဲ့ ချက်ချင်း နားလည်သွားတယ်.....

‎

‎အမှန်အတိုင်းပြောရရင်... မင်း ဒီကွေ့ရွှီးနယ်မြေထဲကို မဝင်ခင်ကတည်းက မင်းရဲ့ တည်နေရာကို ငါ အသေအချာ သတ်မှတ်ထားပြီးသား.....

‎

‎ဒါတင်မကသေးဘူး... မင်းနဲ့ နောက်မှရောက်လာတဲ့ အဲဒီလျှို့ဝှက်ဆန်းကြယ်တဲ့ နတ်ဆိုးဧကရာဇ်တို့ကြားမှာ နီးကပ်တဲ့ ဆက်ဆံရေးရှိတယ် ဆိုတာကိုလည်း ငါ သိထားတယ် "

‎

‎

‎ချူးဧကရာဇ်၏ ဖုံးကွယ်ထားခြင်းမရှိသော စကားများကို ကြားရသောအခါ ရှာနာနတ်ဆိုးဧကရာဇ်၏ မျက်နှာသည် ပို၍ပင် မှောင်မိုက်သွားခဲ့ပြီး သူ၏စိတ်နှလုံးသည်လည်း ရုတ်တရက် ထိတ်လန့်သွားခဲ့လေသည်။

‎

‎

‎ချူးဧကရာဇ်သည် သူ၏တည်နေရာကို လက်ခုပ်တွင်းမှ အရာကဲ့သို့ အသေးစိတ် သိရှိနေရုံသာမက သူနှင့် သူ၏သခင်ကြားရှိ ဆက်ဆံရေးကိုပါ မပီဝိုးဝါး သိရှိနေလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ!

‎

‎

‎" ကျွန်မရဲ့ တည်နေရာကို ရှင် ဘယ်လိုလုပ် သိတာလဲ?! "

‎

‎

‎ရှာနာနတ်ဆိုးဧကရာဇ်သည် သူ၏ မျက်နှာမှ တစ်စုံတစ်ရာကို ခွဲခြားသိမြင်ရန် ကြိုးစားနေသည့်အလား ချူးဧကရာဇ်ကို စူးစိုက်ကြည့်လိုက်လေသည်။

‎

‎

‎" ဟားဟား... ပြောရမယ်ဆိုရင် ဒါတွေအားလုံးက ဒီကွေ့ရွှီးနယ်မြေရဲ့ ကျေးဇူးတွေကြောင့်ပါပဲ "

‎

‎

‎ချူးဧကရာဇ်သည် ရှာနာနတ်ဆိုးဧကရာဇ်အနေဖြင့် သူ၏လက်တွင်းမှ လွတ်မြောက်နိုင်တော့မည် မဟုတ်ဟု ယူဆထားပုံရကာ သူ၏ လျှို့ဝှက်ချက်ကို ရှာနာနတ်ဆိုးဧကရာဇ် သိသွားမည်ကို လုံးဝ ဂရုမစိုက်တော့ဘဲ အနည်းငယ် ပေါ့ဆလာခဲ့လေသည်။

‎

‎

‎" အရင်တစ်ခေါက် ဒီကွေ့ရွှီးနယ်မြေထဲကို ငါ ဝင်လာတုန်းက ဒီနတ်ဘုရားရတနာကို မတော်တဆ ရခဲ့တယ်... အဲဒါကို ငါက 'ကျူးကျောက်' လို့ နာမည်ပေးထားတယ် "

‎

‎

‎သူစကားပြောနေစဉ်မှာပင် ဖယောင်းတိုင်နှင့်တူသော အရာဝတ္ထုတစ်ခုသည် ချူးဧကရာဇ်၏ လက်ဖဝါးပေါ်တွင် ထွက်ပေါ်လာခဲ့၏။ ၎င်း၏ မီးစာသည် တဖြည်းဖြည်း လောင်ကျွမ်းနေကာ ထာဝရမီးတောက်တစ်ခုအဖြစ် ရှိနေလေသည်။

‎ထိုဖယောင်းတိုင် ပေါ်လာသောအခါ ရှာနာနတ်ဆိုးဧကရာဇ်သည် သူ၏နောက်ကွယ်ရှိ အရိပ်သည် ဖယောင်းတိုင်မီးအလင်းရောင်နှင့်အတူ မသိမသာ လှုပ်ရှားယိမ်းထိုးနေကြောင်း အံ့သြဖွယ်ရာ တွေ့ရှိလိုက်ရလေသည်။

‎

‎

‎တစ်ချိန်တည်းမှာပင် သူ၏ အရိပ်နှင့် ထိုဖယောင်းတိုင်မီးအလင်းရောင်ကြားတွင် ရှင်းပြ၍မရသော ဆက်သွယ်မှုတစ်ခု ရှိနေသည်ကိုလည်း ရှာနာနတ်ဆိုးဧကရာဇ် မပီဝိုးဝါး ခံစားလိုက်ရလေသည်။

‎

‎

‎" မင်း သတိထားမိလား... မင်းရဲ့ ချီတစ်စွန်းတစ်စကို ဒီကျူးကျောက်ထဲ ထည့်ပေးလိုက်ဖို့ပဲ လိုတယ်... ကျူးကျောက်ကို ထွန်းညှိလိုက်တာနဲ့ ဒီမီးတောက်က မင်းရဲ့ တည်နေရာကို အလိုအလျောက် သတ်မှတ်ပေးလိမ့်မယ်... ပြီးတော့ မင်းလည်း ဘာကိုမှ သိမှာမဟုတ်ဘူး... ဟားဟားဟားဟား! "

‎

‎

‎ချူးဧကရာဇ်၏ ရယ်မောသံသည် အလွန်တရာ ကျေနပ်ဂုဏ်ယူနေဟန်ရှိ၏။ သူသည် စကားပြောပြီးနောက် လက်ကို ဝှေ့ယမ်းကာ ဖယောင်းတိုင်မီးကို ငြိမ်းသတ်လိုက်လေသည်။

‎

‎

‎ဖယောင်းတိုင်မီး ငြိမ်းသွားသောအခါ ရှာနာနတ်ဆိုးဧကရာဇ်၏ နောက်ကွယ်ရှိ အရိပ်သည် ဆက်လက် ယိမ်းထိုးမနေတော့ဘဲ တစ်ချိန်တည်းမှာပင် ဖယောင်းတိုင်မီးနှင့် မည်သည့် ဆက်သွယ်မှုကိုမျှ သူ ဆက်လက် မခံစားရတော့ချေ။

‎

‎

‎" ချူးဧကရာဇ်... သူနဲ့ ဘာလို့ စကားတွေ အများကြီး ပြောနေရတာလဲ... သူ့ကို မြန်မြန်သတ်လိုက်ပါ... ငါတို့ကြားက သဘောတူညီချက်ကို မမေ့ပါနဲ့ "

‎

‎

‎ချီဖျန့်ဧကရာဇ်သည် ချူးဧကရာဇ်မှ ရှာနာနတ်ဆိုးဧကရာဇ်နှင့် စကားစမြည်ပြောရသည်ကို သဘောကျနေပုံရသည်ကို မြင်သောအခါ အနည်းငယ် မကျေမနပ်ဖြစ်စွာဖြင့် ချက်ချင်း သတိပေးလိုက်လေသည်။

‎

‎

‎" ရှာနာမှာ အကူအညီပေးမယ့်သူ ရှိနေတယ်ဆိုတာ မမေ့နဲ့... တကယ်လို့ သူသာ ဒီနေရာကို ရောက်လာရင် နောက်ထပ် အပြောင်းအလဲတွေ အများကြီး ဖြစ်လာလိမ့်မယ် "

‎

‎

‎ကွေ့ရွှီးနယ်မြေသည် အဆုံးအစမရှိ လျှို့ဝှက်ဆန်းကြယ်ပြီး အန္တရာယ်များလေသည်။ သူတို့ အချိန်ဆွဲလေလေ အပြောင်းအလဲများ ပိုမို ဖြစ်ပေါ်လာလေလေ ဖြစ်မည်။ ဤနေရာတွင် နတ်ဆိုးဧကရာဇ်အဆင့် အစီအရင်တစ်ခုကို ချထားပြီးဖြစ်ကာ ရှာနာအတွက် ထွက်ပြေးရန်လမ်း မရှိတော့သော်ငြားလည်း အကယ်၍ မတော်တဆမှုတစ်ခုခု ဖြစ်လာပါက မည်သို့လုပ်မည်နည်း။

‎

‎

‎" စိတ်မပူပါနဲ့... ဘာမတော်တဆမှုမှ ဖြစ်လာမှာ မဟုတ်ပါဘူး "

‎

‎

‎သို့သော် ချူးဧကရာဇ်သည် အလွန် ယုံကြည်ချက်ရှိနေကာ သူ၏အသံမှာလည်း အေးစက်သွားလေ၏။

‎

‎

‎" သူကို ကူညီမယ့်သူ ရောက်လာရင်ရော ဘာဖြစ်လဲ... ဒီမဟာအစီအရင်ကြီးကို တည်ဆောက်ဖို့ ငါ အားအင်တွေ အများကြီး စိုက်ထုတ်ထားရတာ... အလှပြဖို့ လုပ်ထားတာ မဟုတ်ဘူး.....

‎

‎တကယ်လို့ သူသာ ရောက်လာရင် သူတို့အားလုံးကို တစ်ပါတည်း ဖမ်းဆီးဖို့ အခွင့်ကောင်းပဲ... ပြီးတော့ ဒီမဟာအစီအရင်ကြီး တည်ဆောက်တုန်းက ငါ ဆုံးရှုံးခဲ့ရတာတွေကိုလည်း ပြန်လည် ဖြည့်ဆည်းနိုင်လိမ့်မယ် "

‎

‎

‎ယခုတစ်ကြိမ် ရှာနာနတ်ဆိုးဧကရာဇ်ကို အကြံအစည်ပြုလုပ်ရန်အတွက် ချူးဧကရာဇ်သည်လည်း ကြီးမားသော တန်ရာတန်ကြေးတစ်ခုကို ပေးဆပ်ခဲ့ရကြောင်း ရှင်းလင်းထင်ရှားနေလေသည်။

‎

All Chapters