အခန်း (၅၁-၅၂)
Vol. 6 Ch. 51-52
အခန်း ၅၁
ငွေရောင်ဝံပုလွေဘုရင်သည် လရောင်အောက်တွင် တောက်ပစွာ လင်းလက်နေပြီး လရောင်က သူ၏ခန္ဓာကိုယ်ကို ကိုယ်ပိုင်အလင်းရောင် ထွက်ပေါ်နေသကဲ့သို့ ဖုံးလွှမ်းထားခဲ့သည်။
ကျောက်ကမ်းပါးထက်၌ ဝံပုလွေဘုရင်၏ ငွေရောင်အမွှေးအမျှင်များသည် လေထဲတွင် ဝေ့ယမ်းနေပြီး နုနယ်သိမ်မွေ့သော အနုပညာလက်ရာတစ်ခုကဲ့သို့ပင် ဖြစ်နေ၏။
သို့သော်လည်း ရန်ရှောင်စုတွင် ၎င်းကို ခံစားကြည့်ရှုရန် စိတ်ကူး လုံးဝမရှိပေ။ ယခုအချိန်တွင် သူလုပ်ချင်သည့် တစ်ခုတည်းသော အရာမှာ ထွက်ပြေးရန်သာ ဖြစ်သည်။
ဝံပုလွေအုပ်သည် ခံတပ် ၁၁၃ ၏ နယ်မြေမှ ထွက်ခွာသွားပြီဟု မပြောခဲ့ကြဘူးလော။ ၎င်းတို့သည် ကီလိုမီတာ ရာဂဏန်းဝေးသော တောင်တန်းများထဲသို့ ဝင်ရောက်သွားပြီဟု မပြောခဲ့ကြဘူးလော။ ထိုသို့ဆိုလျှင် ၎င်းတို့သည် ဤနေရာသို့ မည်သို့ကြောင့် ရုတ်တရက် ရောက်ရှိလာနိုင်ရသနည်း။
ကျောက်ကမ်းပါးက ဤနေရာနှင့် သိပ်မဝေးလှပေ။ ဝံပုလွေအုပ်သည် ဆယ်မိနစ်ခန့်အတွင်း ရောက်ရှိလာနိုင်ခြေ ရှိသည်။ ရန်ရှောင်စုကို အစိုးရိမ်ဆုံးဖြစ်စေသည်မှာ အခြားဝံပုလွေများကို လုံးဝမမြင်ရခြင်းပင် ဖြစ်သည်။ ၎င်းတို့သည် အနီးအနားသို့ ရောက်ရှိနေပြီဆိုလျှင် မည်သို့လုပ်မည်နည်း။
“မြန်မြန်လုပ် ကညွန် (ချောက်ကမ်းပါးကျဉ်း) ထဲကို ဝင်ကြ။”
ရန်ရှောင်စုက အော်ဟစ်လိုက်၏။
လျိုပု ဆွံ့အသွားခဲ့သည်။
“ကညွန်ထဲကို ဝင်မလို့လား။ မင်းရူးနေလား။ ကညွန်ထဲကို ဝင်တာက ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံတာပဲကွ။”
“ကညွန်ထဲကို မဝင်ရင် ငါတို့ အခုချက်ချင်း သေရလိမ့်မယ်။”
ရန်ရှောင်စုသည် ပစ်ကပ်ကားဆီသို့ အပြေးသွားကာ မပျက်စီးသေးသော ကြွက်ကို ဆွဲယူပြီး ကညွန်ထဲသို့ ပြေးဝင်သွားတော့သည်။ သူသည် ဝံပုလွေအုပ်များနှင့် အများဆုံး ရင်ဆိုင်ခဲ့ဖူးသူဖြစ်သောကြောင့် အကယ်၍ မထွက်ပြေးပါက မည်မျှ ကြောက်မက်ဖွယ်ကောင်းသော ပြိုင်ဘက်နှင့် ရင်ဆိုင်ရမည်ကို အကောင်းဆုံး သိထားသည်။
ခံတပ်များ တောရိုင်းမြေများကို ရှင်းလင်းခဲ့စဉ်က ဝံပုလွေများ၏ သဘာဝရန်သူများကို ရှင်းလင်းပစ်ခဲ့သောကြောင့် ဖြစ်နိုင်၏။ ယခုအခါ ဝံပုလွေများသည် တောရိုင်းထဲတွင် လွတ်လပ်စွာနှင့် မကြောက်မရွံ့ လှုပ်ရှားနေကြသည်။
ရန်ရှောင်စု နောက်သို့ လှည့်ကြည့်လိုက်ရာ မိမိအနောက်မှ လူများသည် စခန်းချထားသည့် မီးပုံမှ ၎င်းတို့၏ ပစ္စည်းများကို သိမ်းဆည်းပြီး ကားပေါ်သို့ တင်ရန် အချိန်ယူနေကြဆဲဖြစ်သည်ကို တွေ့လိုက်ရသဖြင့် လန့်ဖျပ်သွားခဲ့သည်။ ဝံပုလွေအုပ်မှာ ဝေးနေသေးသည်ဟု ထင်ရသောကြောင့် မည်သူမျှ အထူးတလည် တုန်လှုပ်ခြောက်ခြားခြင်း မရှိကြသေးပေ။
ထို့အပြင် ဝံပုလွေအုပ်သည် ကညွန်ထဲသို့ မဝင်ရဲဟု ရန်ရှောင်စု ပြောခဲ့ဖူးသည့်စကားက အဖွဲ့အား ယုံကြည်မှု ပေးထားပုံရ၏။ ကညွန်ထဲသို့ ဆယ်မီတာထက်မနည်း ဝင်ရောက်နိုင်သရွေ့ ၎င်းတို့ ဘေးကင်းလိမ့်မည်ဟု တွေးနေခဲ့ကြသည်။
“ဒီလူတွေက တကယ်ပဲ သေမှာ မကြောက်ကြဘူးပဲ။ ဒါက ဘယ်လိုအချိန်မျိုးမို့လို့ အဝတ်အစားတွေတောင် သိမ်းနေတာလဲ။ အနည်းဆုံးတော့ အစားအစာနဲ့ ရေကို အရင်ယူသင့်တာပေါ့။”
ရန်ရှောင်စု စိတ်ထဲမှ တွေးလိုက်မိသည်။
ဤအခိုက်အတန့်တွင် ရန်ရှောင်စုသည် တစ်ဖွဲ့လုံးတွင် စိတ်အကြည်လင်ဆုံး ရှိနေသူများမှာ မိမိကိုယ်တိုင်၊ ယန်ရှောင်ကျင်းနှင့် ရွှီရှန်းချူတို့သာ ဖြစ်ကြောင်း သဘောပေါက်သွားခဲ့သည်။
ရွှီရှန်းချူသည် ကားပေါ်မှ သေနတ်များနှင့် ခဲယမ်းမီးကျောက်များကို သွားရောက်ယူဆောင်နေပြီး ယန်ရှောင်ကျင်းကမူ ကားမောင်းသမားတစ်ဦးအား ကားထဲသို့ အတင်းဝင်ခိုင်းပြီး မောင်းထွက်ရန် သေနတ်ဖြင့်ချိန်ထားကာ အကျပ်ကိုင်နေသည်။
သို့သော် ရန်ရှောင်စု မည်သို့လုပ်နိုင်မည်နည်း။ သူသည် ၎င်းတို့နှင့်အတူ လိုက်မသေနိုင်ပေ။ သူသည် ကညွန်ထဲသို့ ပြေးဝင်သွားရင်း ဘေးတစ်ဖက်တစ်ချက်ရှိ ကျောက်ကမ်းပါးများကို မော့ကြည့်လိုက်၏။ ကျောက်ကမ်းပါးများသည် မတ်စောက်သော်လည်း ကုပ်တွယ်တက်ရန် ခြေကုပ်ယူစရာ နေရာ လုံးဝမရှိသည်တော့ မဟုတ်ပေ။
ရန်ရှောင်စု ဤအရာကို သတိပြုမိရခြင်းမှာ မိမိ မည်သို့အသက်ရှင်ကျန်ရစ်ခဲ့သည်ဆိုသည့် အမှန်တရားကို ဖုံးကွယ်ရန်အတွက် ဝံပုလွေအုပ်မှာ ကညွန်ထဲသို့ မဝင်ရဲဟု အခြားသူများကို ပြောခဲ့ခြင်းကြောင့် ဖြစ်သည်။ သို့သော် ဝံပုလွေအုပ်သည် တုံ့ဆိုင်းခြင်းမရှိဘဲ မိမိနောက်သို့ ကညွန်ထဲအထိ လိုက်လံဖမ်းဆီးခဲ့သည်ကိုမူ သူကိုယ်တိုင်သာ အသိဆုံး ဖြစ်ပေသည်။
ထို့ကြောင့် ဝံပုလွေအုပ်သည် ၎င်းတို့နောက်သို့ သေချာပေါက် လိုက်လာလိမ့်မည်ဖြစ်ပြီး ထိုအခါ မည်သို့ထွက်ပြေးရမည်နည်းဆိုသည်မှာ ကြီးမားသော ပြဿနာတစ်ခု ဖြစ်လာလိမ့်မည်။
ကားများသည် ကောင်းမွန်သော သယ်ယူပို့ဆောင်ရေးယာဉ်များ ဖြစ်သည်မှာ မှန်သော်လည်း ပြဿနာမှာ ယနေ့ခေတ်တွင် ကားတစ်စီးသည် မြေပြန့်ပေါ်၌ပင် ဝံပုလွေအုပ်၏လက်မှှ လွတ်အောင်ပြေးနိုင်ပါ့မလားဆိုသည်မှာ သံသယဖြစ်စရာ ရှိနေပြီး ကညွန်ထဲက ကျောက်စရစ်ခဲ လမ်းပေါ်တွင်မူ ပြောနေစရာပင် မလိုတော့ပေ။
လွန်ခဲ့သော ရက်အနည်းငယ်က ပုဂ္ဂလိကစစ်တပ်တစ်ခုသည် ဝံပုလွေအုပ်နှင့် ရင်ဆိုင်ခဲ့ရပြီး စစ်သား ရာဂဏန်းခန့် ဝံပုလွေများ၏ ကိုက်သတ်ခြင်းကို ခံခဲ့ရသည်။ ယခု ၎င်းတို့၏ ဆယ်ယောက်ကျော်မျှသာရှိသော အဖွဲ့က ဝံပုလွေများကို ယှဉ်နိုင်စရာ အကြောင်းမရှိပေ။
“မင်း ဝံပုလွေတွေထက် မြန်အောင် ပြေးစရာမလိုဘူး၊ တခြားလူတွေထက် မြန်အောင် ပြေးရင်ရပြီ” ဟူသော စကားပုံတစ်ခု ရှိသော်လည်း ဤလူဆယ်ယောက်ကျော်လေးက ဝံပုလွေများကို ဟန့်တားထားနိုင်မည်မဟုတ်ပေ။ အကယ်၍ သေရမည်ဆိုပါက အားလုံး အတူတူ သေကြရပေလိမ့်မည်။
ထို့ကြောင့် ရန်ရှောင်စုသည် ကားပေါ်သို့ ချက်ချင်းမတက်ဘဲ ကညွန်ထဲသို့ ဝင်ခဲ့ခြင်း ဖြစ်သည်။ ၎င်းမှာ သူ ပြာယာခတ်သွားပြီး လမ်းမှားရွေးချယ်မိခြင်းကြောင့် မဟုတ်ဘဲ ကားပေါ်တက်လျှင်ပင် လွတ်မြောက်နိုင်မည်မဟုတ်ကြောင်း အစကတည်းက သိထားသောကြောင့် အခြားနည်းလမ်းကို ရှာဖွေရခြင်း ဖြစ်သည်။
အကယ်၍ သူ့တွင် အခြားရွေးချယ်စရာ မရှိတော့ပါက ကျောက်ကမ်းပါးပေါ်သို့ တွယ်တက်ရလိမ့်မည်။ မည်မျှပင် အစွမ်းထက်သော ဝံပုလွေအုပ်ဖြစ်ပါစေ ၎င်းတို့သည် နံရံများကိုတော့ မတက်နိုင်ကြဘူး မဟုတ်ပါလော။
ရန်ရှောင်စုသည် အပေါ်ဆုံးအထိ တက်နိုင်ရန် မိမိတွင် လုံလောက်သော ခွန်အားရှိ၊ မရှိ မသေချာသော်လည်း ဤအရာသည် သူ၏ တစ်ခုတည်းသော လွတ်မြောက်ရာ လမ်းစ ဖြစ်ပေသည်။
ဤအခိုက်အတန့်တွင် တစ်စုံတစ်ယောက်သည် ကားကိုစက်နှိုးကာ အရှိန်ပြင်းပြင်းဖြင့် ကညွန်ထဲသို့ မောင်းဝင်သွား၏။ ပစ်ကပ်ကားတစ်စီးလုံး ဆိုးဆိုးရွားရွား ပျက်စီးသွားခဲ့သဖြင့် လူအားလုံး ဝင်ဆံ့ရန် ကားမလုံလောက်တော့ပေ။
ထိုအချိန်တွင်မူ ၎င်းတို့သည် ဝံပုလွေအုပ် တောအုပ်အစွန်း၌ ပေါ်လာသည်ကို မြင်လိုက်ရပြီဖြစ်သည်။ လူတိုင်း၏မျက်နှာတွင် ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်သွားတော့သည်။ ဝံပုလွေများသည် အမေရိကန်ကျွဲရိုင်းများခန့် မြင့်မားကြပြီး လူသားများရှိရာသို့ အလောမကြီးဘဲ တစ်လှမ်းချင်း လျှောက်လာနေကြသည်။
လျိုပုမှာမူ ကြောက်လန့်တကြား အော်ဟစ်နေပြီး ပုဂ္ဂလိကစစ်တပ်မှ စစ်သားအများအပြားပင် မျက်နှာများ ဖြူလျော်သွားကြသည်။
စောစောက မိမိတို့ပစ္စည်းများကို အေးဆေးသိမ်းဆည်းနေခဲ့သူများသည် ယခုမှပင် မိမိတို့ မည်မျှမိုက်မဲခဲ့ကြောင်း သဘောပေါက်သွားကြတော့သည်။ အကယ်၍ ပစ္စည်းများ သိမ်းမနေခဲ့ပါက ၎င်းတို့သည် ယခုအချိန်တွင် ကညွန်ထဲသို့ ရောက်ရှိနေလောက်ပြီ ဖြစ်သည်။
“နေဦး...တံခါးမပိတ်နဲ့။”
တစ်စုံတစ်ယောက်က အော်ပြောလိုက်၏။
“နည်းနည်းလောက် တိုးဝင်လိုက်ရင် ထိုင်လို့ဆံ့ပါတယ်။”
သို့သော် ထိုသူ ကားပေါ်သို့ပင် မတက်ရသေးမီ လျိုပုက သူ့ကို ကန်ချလိုက်ပြီး တံခါးကို ဝုန်းခနဲ ဆွဲပိတ်လိုက်၏။
“မောင်း... မြန်မြန်မောင်း။”
တစ်ယောက်က အော်ဟစ်လိုက်သည်။
ရန်ရှောင်စုသည် ယခုအချိန်တွင် လုံးဝ တည်ငြိမ်နေပြီဖြစ်သည်။ ဤတောရိုင်းမြေရိုင်းထဲတွင် အမှားအမှန်ဟူ၍ မရှိပေ။ အသက်ရှင်ကျန်ရစ်ခြင်းသည် အမှန်ဖြစ်ပြီး သေဆုံးခြင်းကသာ အမှားဖြစ်သည်။
သူလုပ်နိုင်သမျှမှာ မိမိကိုယ်ကိုယ် နောက်ဆုံးအချိန်အထိ မလဲမပြိုဘဲ ရပ်တည်နိုင်မည့်သူ ဖြစ်အောင် လုပ်ဆောင်ရန်သာ ရှိပြီး အခြားမရှိပေ။
ဘေးကင်းကျန်ရစ်သော ကားလေးစီးသည် ကားပေါ်မတက်နိုင်ဘဲ နောက်ချန်နေခဲ့ရသူ နှစ်ဦးကို စတေးကာ ကညွန်ထဲသို့ တစ်စီးပြီးတစ်စီး စီတန်းမောင်းဝင်သွား၏။ ရုတ်တရက် ကညွန်အပြင်ဘက်မှ စူးစူးဝါးဝါး အော်ဟစ်သံနှစ်ခု ထွက်ပေါ်လာခဲ့သည်။ ရန်ရှောင်စု၏ ရင်ထဲ၌ အေးစက်သွား၏။ ဝံပုလွေအုပ်၏ အရှိန်က သူစိတ်ကူးထားသည်ထက်ပင် ပိုမိုမြန်ဆန်ကြောင်း သူသဘောပေါက်လိုက်သည်။
ယာဉ်တစ်စီး ရန်ရှောင်စု အနီးမှ ဖြတ်မောင်းသွားစဉ် အခြားကားတစ်စီးက ရုတ်တရက် ရပ်တန့်သွားခဲ့သည်။ နောက်ထိုင်ခုံတွင် ထိုင်နေသော ယန်ရှောင်ကျင်းသည် ဒရိုက်ဘာ၏ ဦးခေါင်းကို သေနတ်ဖြင့် ချိန်ထားပြီးနောက် ရန်ရှောင်စုဘက်သို့ လှည့်ကာ “ကားပေါ်တက်” ဟု ပြောလိုက်၏။
ရန်ရှောင်စု ဆွံ့အသွားခဲ့သည်။ ယန်ရှောင်ကျင်းက ဒရိုက်ဘာကို သေနတ်ဖြင့် ခြိမ်းခြောက်၍ ကားရပ်ခိုင်းလိမ့်မည်ဟု သူ လုံးဝမထင်ထားသလို ကားပေါ်တက်ရန်လည်း သူ စိတ်မကူးထားခဲ့ပေ။ ဤကဲ့သို့ ဘုရားသခင်ပင် စွန့်ပစ်ထားသော နေရာမျိုး၌ ကားတစ်စီးက ဝံပုလွေများလက်မှ အမှန်တကယ် လွတ်မြောက်အောင် ပြေးနိုင်ပါ့မည်လော။
ထိုအခိုက်အတန့်တွင် ယန်ရှောင်ကျင်းသည် ရန်ရှောင်စုတစ်ယောက် လှုပ်ရှားခြင်းမရှိသည်ကို မြင်လိုက်ရပုံရသဖြင့် သူမသည် အခြားလက်တစ်ဖက်မှ အနက်ရောင် M9 ပစ္စတိုသေနတ်ကို ထုတ်ယူကာ ရန်ရှောင်စုထံသို့ ချိန်ရွယ်လိုက်တော့သည်။
“ကားပေါ်တက်”
ရန်ရှောင်စု : “...”
သူ ကညွန်အပြင်ဘက်သို့ လှည့်ကြည့်လိုက်ရာ မြင်လိုက်ရသောအရာကြောင့် မှင်တက်သွားရ၏။ ယန်ရှောင်ကျင်းသည်လည်း သူ၏အကြည့်နောက်သို့ လိုက်၍ နောက်သို့ လှည့်ကြည့်လိုက်သည်။ ဝံပုလွေအုပ်သည် ကညွန်အပြင်ဘက်တွင် ရပ်တန့်သွားသည်အား သူမ မြင်လိုက်ရလေသည်။ ကြီးမားလှသော ဝံပုလွေ အကောင်ရေ ဒါဇင်ပေါင်းများစွာသည် ကညွန်ဝမှနေ၍ အတွင်းဘက်သို့ တိတ်ဆိတ်စွာ ကြည့်နေကြပြီး ၎င်းတို့၏ အမွှေးအမျှင်များပေါ်တွင်လည်း လတ်ဆတ်သော သွေးစွန်းကွက်များ ထင်ကျန်နေဆဲပင်။
လျိုပုသည်လည်း ကားထဲမှနေ၍ ဝံပုလွေအုပ်ကို ကြောင်စီစီ စိုက်ကြည့်နေ၏။
“သူတို့ တကယ်ပဲ ကညွန်ထဲကို မဝင်ရဲကြဘူးပဲ။ ငါတို့ လွတ်မြောက်သွားပြီ။”
ရောက်ရှိနေသူအားလုံးသည် သေမင်း ခံတွင်းဝမှ သီသီလေး လွတ်မြောက်လာခဲ့သကဲ့သို့ ဘေးအန္တရာယ်မှ ရုန်းထွက်နိုင်ခဲ့ပြီဟု ခံစားလိုက်ကြရလေသည်။
အချို့လူများဆိုလျှင် “ငါတို့ လွတ်ပြီ” ဟုပင် ဝမ်းသာအားရ အော်ဟစ်နေကြသည်။
“ဒီဒုက္ခသည်ကောင်လေး ပြောတာ အမှန်ဖြစ်လိမ့်မယ်လို့ ငါ မထင်ထားမိဘူး။”
လျိုပုတစ်ယောက် တစ်ကိုယ်တည်း ရေရွတ်လိုက်မိသည်။
သို့သော် ယခုအချိန်တွင် ရန်ရှောင်စုသည်မူ လုံးဝ စိတ်မအေးနိုင်သေးပေ။ အကြောင်းမှာ သူသည် စောစောက ထိုလူများကို လိမ်ညာပြောဆိုခဲ့ခြင်း ဖြစ်သော်လည်း ဝံပုလွေများ အမှန်တကယ် ရပ်တန့်သွားလိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့သောကြောင့် ဖြစ်ပေသည်...။
ဤအရာက ဘာကို ဖော်ပြနေသနည်း။
၎င်းသည် လွန်ခဲ့သော တစ်နှစ်အတွင်း ဤတောင်တန်းကြီးထဲတွင် တစ်ခုခု အမှန်တကယ် ဖြစ်ပွားခဲ့ကြောင်း ညွှန်ပြနေပြီး ထို့ကြောင့်လည်း ဝံပုလွေအုပ်သည် ဤနေရာ၌ ရုတ်တရက် ရပ်တန့်သွားခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် ဤကညွန်ကို ကျော်လွန်၍ ရှိနေသော တောင်တန်းများသည် စိတ်ကူးထားသည်ထက် ပိုမို အန္တရာယ်များလှပြီး “အသက်ရှင်သူ ဖြတ်သန်းခွင့်မရှိ” ဟူသော စကားမှာ ဧကန်မုချ မုသားမဟုတ်ကြောင်းကိုလည်း ပြသနေပြီဖြစ်သည်။
ဘာဆက်လုပ်ရမလဲ။
ထိုစဉ် တစ်စုံတစ်ယောက်က ကားပေါ်မှ ဆင်းကာ ကညွန်အပြင်ဘက်ရှိ ဝံပုလွေများကို လှမ်းကြည့်ရင်း ပြောလိုက်သည်။
“ငါတို့ ဒီမှာပဲ စခန်းချပြီး ဝံပုလွေတွေ ထွက်သွားတဲ့အထိ စောင့်ကြမလား။ ပြီးမှ လာခဲ့တဲ့ လမ်းအတိုင်း ပြန်လှည့်ကြမယ်ဆိုရင်ရော။”
ရန်ရှောင်စုကမူ ဤမျှ မိုက်မဲသော အကြံပြုချက်မျိုးကို တစ်ခါမျှ မကြားဖူးခဲ့ဟု စိတ်ထဲ၌ တွေးလိုက်မိသည်။
“ခင်ဗျားတို့ ပြန်ချင်ရင် ပြန်ကြ။ ကျုပ်ကတော့ လာခဲ့တဲ့လမ်းအတိုင်း လုံးဝ ပြန်မသွားဘူး။”
ရွှီရှန်းချူက တည်ကြည်လေးနက်စွာ ခေါင်းညိတ်လိုက်သည်။
“မှန်တယ်။ ငါတို့အတွက် နောက်ပြန်လှည့်လှည့်စရာ လမ်းမရှိတော့ဘူး။”
ဤအခြေအနေမျိုးတွင် တောအုပ်သည် ဝံပုလွေအုပ်၏ နယ်မြေ ဖြစ်သွားပြီ ဖြစ်သည်။
မင်းတို့က သူတို့ကို ထွက်သွားမယ်လို့ မျှော်လင့်နေတာလား။ သူတို့ ဘယ်ကနေ ဘယ်လို ထွက်သွားရမှာလဲ။
ခံတပ်ဆီသို့ ပြန်ရန်မှာ သုံးရက်တာ ကြာမြင့်မည်ကိုလည်း သိထားရမည်ဖြစ်သည်။ ဤသုံးရက်အတွင်း ဝံပုလွေများသည် သမန်းပုလွေများအဖြစ် ဆင့်ကဲပြောင်းလဲသွားပြီး သူတို့ကို အလွယ်တကူ ရိုက်နှက်ဆုံးမနိုင်လိမ့်မည်...။
မှန်ပါသည်။ သမန်းပုလွေများတော့ ဖြစ်လာနိုင်စရာ အကြောင်းမရှိပါချေ။ ၎င်းမှာ ဥပမာပေးရုံသာ ဖြစ်သည်...။
မည်သူမျှ ရွှီရှန်းချူကို ပြန်မဖြေကြပေ။ အကြောင်းမှာ မည်သည့်အချိန်တွင် ပြန်သွားပါစေ သေရမည်ကို လူတိုင်း သိထားသောကြောင့် ဖြစ်သည်။ အသက်ရှင်ကျန်ရစ်ရန် တစ်ခုတည်းသော နည်းလမ်းမှာ ခံတပ် နံပါတ် ၁၁၂ သို့ ဆက်သွားရန်သာ ရှိတော့သည်။
နောက်ပြန်လှည့်စရာ လမ်းမရှိတော့ချေ။
ထိုအခိုက်အတန့်တွင် လျိုပုက ရန်ရှောင်စုကို ကြည့်ကာ မေးလိုက်၏။
“မင်း ဘာလို့ အဲ့ဒီကြွက်ကြီးကို သယ်လာတာလဲ။”
“စားမလို့လေ။”
ရန်ရှောင်စုက သဘာဝကျကျပင် ပြန်ပြောလိုက်သည်။
“ဒါကို မစားဘဲ နှစ်သစ်ကူးအထိ သိမ်းထားရမှာလား။”
လျူပုတစ်ယောက် အော့အန်လုနီးပါး ဖြစ်သွားခဲ့၏။
“စားမလို့ ဟုတ်လား “
“ရိက္ခာတွေအကုန်လုံးက ပစ်ကပ်ကားပေါ်မှာ ရှိနေတာလေ။ အခု ပစ်ကပ်ကားက မရှိတော့ဘူး။ ဒါကို မစားရင် ငါတို့ ဘာသွားစားရမှာလဲ။ ဒါ့အပြင် သူတို့က ငါ့ရဲ့ ကွတ်ကီးတွေကို စားသွားတာဆိုတော့ ငါ သူတို့ကို ပြန်စားတာက တရားမျှတပါတယ်။”
လျိုပု : “...”
ထိုစကားက တကယ့်ကို အတော်လေး ယုတ္တိရှိပုံရသည်။
အမှန်စင်စစ် ရန်ရှောင်စုသည် ဤလူစု ရင်ဆိုင်နေရသော အကြီးမားဆုံး ပြဿနာများထဲမှ တစ်ခုမှာ အစားအစာနှင့် ရေ ဖြစ်ကြောင်း သိထား၏။
ရန်ရှောင်စုသည် လျိုပုကို ရွံရှာအောင် ပြောဆိုခဲ့သော်လည်း သူကိုယ်တိုင်လည်း ထိုကြွက်ကို စားရန် ရည်ရွယ်ချက် လုံးဝ မရှိခဲ့ပေ။
အခန်း ၅၂
ခံတပ်အတွင်း၌ နေထိုင်ကြသော လျိုပုနှင့် လော့ရှင်းယွီ ကဲ့သို့သော လူများအတွက်မူ ကြွက်ဆိုသည်မှာ ညစ်ညမ်းမှု၏ ပြယုဂ်တစ်ခု ဖြစ်သည်။ ရိုးရာအတွေးအခေါ်များတွင် ကြွက်များသည် မိလ္လာမြောင်းထဲက သတ္တဝါများဖြစ်ပြီး ကူးစက်ရောဂါ၊ ဖျားနာမှု၊ နံစော်မှု စသည်တို့ကို ကိုယ်စားပြုလေ့ရှိသည်။
ရန်ရှောင်စုသည်လည်း ကြွက်ကို မစားဖူးပေ။ သို့သော် ၎င်းမှာ ကြွက်များ ပုပ်ပွနေသော အသေကောင်များကို စားသည်ကို မြင်ဖူးခဲ့၍ စိတ်ထဲ၌ အလွန်ဆိုးရွားသော အစွဲအလန်း ရှိနေခဲ့ခြင်းကြောင့်သာ ဖြစ်သည်။ သို့သော် ဈေးမြို့လေးထဲက အခြားဒုက္ခသည်များအတွက်မူ တောရိုင်းထဲက ကြွက်များမှာ အစားအစာ ဖြစ်သည်ဟူ၍ သဘာဝအတိုင်း ခံယူထားကြသည်။ ဤကြွက်များသည် လူသားများ၏ ကောက်ပဲသီးနှံများကို ခိုးယူစားသောက်ကြပြီး အခြားသတ္တဝါများကိုပင် ဖမ်းဆီးအမဲလိုက်တတ်ကြသဖြင့် အခြားတောရိုင်းတိရစ္ဆာန်များနှင့် ဘာမျှမခြားနားပေ။
ထိုဈေးမြို့လေးတွင် ပစ္စည်းကိရိယာ ရှားပါးလှပြီး ၎င်းတို့သည် ခြပုန်းများကိုပင် စားကြရာ ကြွက်ကိုမူ ပြောနေစရာပင် မလိုတော့ပေ။ ၎င်းတို့အတွက်မူ ကြွက်တစ်ကောင်သည် လမ်းလျှောက်နေသော အသားတစ်တုံးမျှသာ ဖြစ်သည်။
ခံတပ်အတွင်းမှ အရေးကြီးပုဂ္ဂိုလ်များနှင့် နှိုင်းယှဉ်လျှင် ဒုက္ခသည်များသည် အစားအစာအပေါ် နားလည်မှု သဘာဝချင်း ကွဲပြားကြပေသည်။ ဒုက္ခသည်များ၏ အတွေးမှာ မိမိကို သေစေနိုင်ခြင်းမရှိသော အရာမှန်သမျှက အစားအစာသာ ဖြစ်သည်။
ယခုအခါ ပစ်ကပ်ကားများ ပျက်စီးသွားခဲ့ပြီး ရိက္ခာများကိုလည်း ပုဂ္ဂလိကစစ်တပ်မှ စစ်သားများက ဖျက်ဆီးပစ်ခဲ့ကြပြီးဖြစ်သည်။ အကယ်၍ အစားအစာများ ကျန်ရှိနေဦးမည်ဆိုလျှင်ပင် မည်သူမျှ ဝံပုလွေများကို အန်တုကာ သွားရောက်ယူဆောင်ရန် မဝံ့ရဲကြတော့ပေ။ ထို့ကြောင့် မကြာမီကာလအတွင်း ငတ်မွတ်ခေါင်းပါးမှုနှင့် ဒုက္ခဆင်းရဲများက ရှောင်လွှဲ၍မရသော ပုံမှန်ဖြစ်စဉ်တစ်ခု ဖြစ်လာတော့မည်ဖြစ်သည်။
ရန်ရှောင်စုကတော့ မကြောက်ပေ။ ဤတောရိုင်းမြေရိုင်းထဲတွင် သူ့ကို အငတ်ထားနိုင်မည့်သူ မရှိသေးပေ။
ထိုအခိုက်အတန့်တွင် ရန်ရှောင်စုသည် ယန်ရှောင်ကျင်းကို ကြည့်လိုက်မိ၏။ ထိုမိန်းကလေးသည် ကားမောင်းသမားကို သေနတ်ဖြင့် ချိန်ခဲ့စဉ်က မိမိကို ကယ်တင်ရန် ကြိုးစားနေခြင်းဖြစ်သည်ဟု သူ ထင်မှတ်ခဲ့မိသည်။ သို့သော် သူမသည် သေနတ်ကို မိမိထံသို့ပါ အလားတူ ချိန်ရွယ်လိုက်သည့်အခါမှသာ သူမသည် တောရိုင်းမြေရိုင်း၏ ပတ်ဝန်းကျင်ကို နားလည်နိုင်ရန် လမ်းပြတစ်ဦး လိုအပ်နေခြင်းသာဖြစ်ကြောင်း သူ သဘောပေါက်သွားခဲ့လေသည်။
သို့မဟုတ်ပါကလည်း ယန်ရှောင်ကျင်းသည် နောင်တစ်ချိန်တွင် အစားအစာ ရှာဖွေရန် ပိုမိုခက်ခဲလာတော့မည်ကို ချက်ချင်း သဘောပေါက်သွားပြီး ရန်ရှောင်စုမှာ စောစောကပင် ဤအရာ၌ ပါရမီရှိကြောင်း သက်သေပြခဲ့ဖူးသဖြင့် အစားအစာ ရှာဖွေပေးနိုင်မည့်သူတစ်ဦးကို ခေါ်ဆောင်သွားရန် လိုအပ်သည်ဟု ယူဆခဲ့ခြင်း ဖြစ်နိုင်သည်...။
စကားပုံတစ်ခု ရှိသည်မဟုတ်ပါလော။ လူတိုင်းတွင် မိမိတို့ ကျွမ်းကျင်ရာ ကဏ္ဍကိုယ်စီ ရှိကြသည်။ သေနတ်ပစ် ကျွမ်းကျင်ခြင်းသည် တောရိုင်းထဲတွင် ရှင်သန်နေထိုင်ခြင်း၌ ကျွမ်းကျင်သည်ဟု မဆိုလိုနိုင်ပေ။ သို့သော် ရန်ရှောင်စုကမူ တောရိုင်းထဲတွင် ရှင်သန်နေထိုင်ခြင်း၌ ကျွမ်းကျင်သူ ဖြစ်နေ၏။
ရန်ရှောင်စုသည် မိမိ၏ တောရိုင်းရှင်သန်မှု စွမ်းရည်ကို နည်းပညာအရ အဆင့်သတ်မှတ်မည်ဆိုပါက မည်သည့်အဆင့်တွင် ရှိမည်နည်းဟု တွေးတောမိလိုက်သည်။
ထို့နောက် သူသည် စမ်းသပ်သည့်အနေဖြင့် မိမိကိုယ်ကိုယ် မေးလိုက်သည်။
“ငါ့ရဲ့ တောရိုင်းရှင်သန်မှုအဆင့်က ဘယ်လောက်လဲ။”
“ဆရာကြီးအဆင့်လို့ သတ်မှတ်နိုင်ပါတယ်။”
နန်းတော်က ပြတ်သားစွာ ပြန်လည်ဖြေကြားလာခဲ့သည်။
ရန်ရှောင်စု တစ်ခဏမျှ မှင်တက်သွား၏။ ၎င်းတို့က သူ့ကို အမှန်တကယ် အဆင့်သတ်မှတ်ပေးနိုင်သည်လော။ သူ၏ တောရိုင်းရှင်သန်မှု စွမ်းရည်က ဆရာကြီးအဆင့် ဖြစ်နေလိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ပေ။
ဒါက တကယ်ကို အထင်ကြီးစရာပဲ…။
ဘာကြောင့်ရယ်မသိ ရန်ရှောင်စုသည် ယန်ရှောင်ကျင်း၏ မည်သူမည်ဝါဖြစ်ကြောင်း အထောက်အထားကို ပိုမို၍ သံသယဝင်လာမိသည်။ ခံတပ်အတွင်းမှ လာသောသူတစ်ဦးဖြစ်သည့် ဤမိန်းကလေးသည် ထူးခြားပြတ်သားပြီး ရက်စက်သောအပြုအမူမျိုးဖြင့် လှုပ်ရှားဆောင်ရွက်ခဲ့၏။
ညအချိန်သာ ရှိနေဆဲဖြစ်ပြီး လူတိုင်း ပင်ပန်းနွမ်းနယ်နေကြပြီ ဖြစ်သည်။ ဝံပုလွေများသည် ကညွန်ထဲသို့ မဝင်ရဲကြသဖြင့် ၎င်းတို့သည် ကီလိုမီတာ အနည်းငယ်ခန့် ရှေ့သို့ ဆက်လျှောက်သွားပြီးနောက် ရပ်တန့်နားကာ အနားယူလိုက်ကြတော့သည်။
၎င်းတို့ ရပ်နားခဲ့ရခြင်းမှာ အနာဂတ်မဟာဗျူဟာများကို ဆွေးနွေးရန် လိုအပ်ခြင်းကြောင့်ဖြစ်ပြီး ကညွန်၏ ဟိုဘက်အလွန်တွင် မည်သည့်အရာများ ရှိနေမည်ကိုလည်း လူတိုင်း အနည်းနှင့်အများ ကြောက်ရွံ့နေကြခြင်းကြောင့် ဖြစ်သည်။ ၎င်းတို့သည် ခရီးစဉ်ကို တတ်နိုင်သမျှ ကြာအောင် အချိန်ဆွဲထားချင်နေကြလေသည်...။
“ငါတို့ အခု ရှေ့ကိုပဲ ဆက်သွားလို့ရတော့မယ်။”
ရွှီရှန်းချူက ကညွန်ထဲတွင် မတ်တတ်ရပ်ရင်း ပြောလိုက်သည်။
“ဒီကညွန်ကို လေပြင်းချောက်ကမ်းပါးလို့ ခေါ်တယ်။ အခု ငြိမ်သက်နေသလို ထင်ရပေမဲ့ လေတိုက်လာရင် ဘယ်လောက် ပြင်းထန်နိုင်လဲဆိုတာ မင်းတို့အားလုံး မြင်ဖူးကြမှာပါ။ လေတိုက်လို့ တစ်ယောက်ယောက် ကညွန်အပြင်ဘက်ကို လွင့်ထွက်သွားရင်တောင် ငါ အံ့ဩမှာ မဟုတ်ဘူး။”
“ဒါပေမဲ့ ဒီကညွန်ထဲမှာ ညလက်လေမတိုက်ဘူးလေ။”
လျိုပုက နားမလည်နိုင်စွာဖြင့် ပြောလိုက်သည်။
“မနေ့ညကတည်းက လေ လုံးဝမတိုက်ဘူး။ ပြီးတော့ ကားတွေကို ဘေးချင်းယှဉ်ရပ်ပြီး လေကာထားရင် ပြဿနာမရှိနိုင်ပါဘူး။”
“ဒါလည်း အဆင်မပြေဘူး။ ငါတို့ မိုးမလင်းခင် ဒီနေရာကနေ ထွက်သွားရမယ်။ အခု ခဏလောက်တော့ အနားယူလို့ရတယ်။”
ရွှီရှန်းချူက ဆက်ပြောလိုက်သည်။
“ဒါ့အပြင် ငါတို့မှာ ရိက္ခာမရှိတော့ဘူး။ ငါတို့ရဲ့ အဓိက ဦးစားပေးက ကညွန်ထဲကနေ ထွက်ပြီး အစားအစာ ရှာဖို့ပဲ။ ဒီကညွန်ထဲမှာတော့ အစားအစာ ရှိမယ့်ပုံမပေါ်ဘူး။”
“မင်း အဲ့ဒီလိုပြောတော့မှ ငါ ဗိုက်ဆာလာသလိုပဲ။”
လျိုပုက တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။
ထိုညတွင် လူတိုင်း မီးပုံဘေး၌ စုဝေးခဲ့ကြ၏။ ကြောက်ရွံ့မှုကြောင့် မည်သူမျှ အစားအသောက် လုံးဝ စားချင်စိတ်မရှိကြပေ။ သို့သော် ယခုအခါ ညစာစားချိန်မှစ၍ ငါးနာရီ သို့မဟုတ် ခြောက်နာရီခန့် ကုန်လွန်သွားခဲ့ပြီဖြစ်ပြီး ထွက်ပြေးတိမ်းရှောင်ခဲ့ရခြင်းက ခွန်အားများကို အများအပြား ကုန်ခမ်းစေခဲ့သဖြင့် လူတိုင်း ဗိုက်ဆာလာကြတော့လေသည်။
“ငါ အရင်ဆုံး ရိက္ခာတွေ သွားယူခဲ့သင့်တယ်။”
တစ်စုံတစ်ယောက်က ညည်းညူလိုက်သည်။
“ပစ်ကပ်ကားက မှုန့်မှုန့်ညက်ညက် ကြေသွားခဲ့ရင်တောင် အနည်းဆုံးတော့ စားစရာတစ်ခုခု ကျန်နေဦးမှာပဲ။”
“ဒါဆို အခု ငါတို့ ဘာဆက်လုပ်ကြမလဲ။ ငါတို့ခရီးစဉ်က လဝက်နီးပါးလောက် လိုသေးတယ်။ ဘာစားပြီး ဘာသောက်ကြမှာလဲ။”
လျိုပုက မေးလိုက်၏။
ဤမေးခွန်းက လူတိုင်း၏အာရုံကို ရန်ရှောင်စုထံသို့ ချက်ချင်း ရောက်ရှိသွားစေခဲ့သည်။ အကြောင်းမှာ ၎င်းတို့၏စိတ်ထဲတွင် ရန်ရှောင်စုသည် တောရိုင်းရှင်သန်မှု၌ အလွန်ကျွမ်းကျင်သည်ဟု မှတ်ထင်ထားကြသောကြောင့် ဖြစ်သည်။ ဟိုငါးကြီးကိုလည်း ရန်ရှောင်စု ဖမ်းပေးခဲ့ခြင်း မဟုတ်ပါလော။
သို့သော် ရန်ရှောင်စုက သူ၏ခြေရင်းရှိ ကြွက်များကို လက်ညှိုးထိုးပြကာ မေးလိုက်သည်။
“ဒါတွေကို ခင်ဗျားတို့ စားမလို့လား။”
အခြားသူများမှာမူ တိတ်ဆိတ်၍သာ နေလိုက်ကြတော့သည်။ အမှန်စင်စစ် အရာအားလုံး ဆုံးရှုံးသွားသည့် အခြေအနေမျိုးတွင် ၎င်းတို့သည် ကြွက်ကိုပင်ဖြစ်စေ မည်သည့်အရာကိုမဆို စားကြမည်သာ ဖြစ်သည်။
အမှန်တော့ အဖွဲ့ထဲကလူတိုင်းသည် ရန်ရှောင်စုအနေဖြင့် ၎င်းတို့အား အစားအစာ ရှာဖွေပေးရန် လုံးဝဆန္ဒမရှိကြောင်း သိထားကြ၏။ ပြီးခဲ့သည့်အချိန်များက အဖွဲ့သည် ရန်ရှောင်စုအား ရိက္ခာမမျှဝေခဲ့ဘဲ အထီးကျန်အောင် ပြုလုပ်ခဲ့ရုံသာမက တမင်တကာ လှောင်ပြောင်ခြင်း သို့မဟုတ် အရှက်ခွဲခြင်းများကိုပါ ပြုလုပ်ခဲ့ကြသည်။ ယခုကျမှသာ သူ့ကို အစားအစာ ရှာပေးရန် လာရောက်တောင်းဆိုနေကြခြင်း ဖြစ်သည်။
အချို့လူများသည် စိတ်ထဲတွင် လျိုပုကို ရုတ်တရက် မကျေမနပ် ဖြစ်လာခဲ့ကြ၏။
ကားပေါ်မှာရှိတဲ့ ရိက္ခာနည်းနည်းလောက်ကို ရန်ရှောင်စုနဲ့ မျှဝေလိုက်ရင် ဘာဖြစ်သွားမှာမို့လို့လဲ။ အခုတော့ ဘာဖြစ်ပြီလဲ ကြည့်စမ်း။
ထိုအချိန်က ၎င်းတို့အနေဖြင့် ဘာမျှဝင်မပြောခဲ့ကြဘဲ လျိုပုတစ်ယောက် ရန်ရှောင်စုအား ရိက္ခာပေးရန် ငြင်းဆန်ခဲ့စဉ်က ၎င်းတို့အားလုံး ဝိုင်းဝန်းရယ်မောခဲ့ကြသည်ကိုလည်း သူတို့ သတိမရကြတော့ပေ။
‘ဘယ်သူက အစွမ်းအစ အရှိဆုံးလဲဆိုတာ စောင့်ကြည့်ကြသေးတာပေါ့’
ရန်ရှောင်စုတစ်ယောက် စိတ်ထဲ၌ သရော်လိုက်မိသည်။
“ခဏလောက် နားကြရအောင်။ မိုးလင်းတာနဲ့ ကညွန်ကို တန်းဖြတ်မယ်။”
ရွှီရှန်းချူက ဆုံးဖြတ်ချက်ချလိုက်သည်။
“ကညွန်ထဲကနေ ထွက်သွားတာနဲ့ လူတိုင်း သတိထားကြပါ။ အစားအစာအကြောင်း မပြောခင် အန္တရာယ်မရှိဖို့ကို အရင်သေချာအောင် လုပ်ရမယ်။ တစ်ရက်နှစ်ရက်လောက် ငတ်ရုံနဲ့တော့ မသေနိုင်ပါဘူး။”
ဈေးမြို့လေးတွင် ရိက္ခာပြတ်လပ်ခဲ့စဉ်က လူများသည် သစ်ခေါက်များနှင့် သစ်မြစ်များကိုပင် စားသောက်ခဲ့ကြရသည်ကို ရန်ရှောင်စု အမှန်တကယ် မြင်ဖူးခဲ့သည်။ ၎င်းတို့သည် သစ်ခေါက်နှင့် သစ်မြစ်များကို စားပြီးနောက်တွင် မြေကြီးကိုပါ စားကြပြီး နောက်ဆုံး၌ သေဆုံးသွားခဲ့ကြရသည်။
လူသားများသည် ငတ်မွတ်ခေါင်းပါးမှုနှင့် ရင်ဆိုင်ရသည့်အခါ မည်သို့ပြောင်းလဲသွားတတ်ကြောင်း ရန်ရှောင်စု ကောင်းကောင်း သိထား၏။ ယခုအခိုက်အတန့်တွင် ၎င်းတို့သည် ကြွက်များကို စားကြမည်မဟုတ်သော်လည်း ရက်အနည်းငယ်ခန့် ကြာပြီးနောက် ဗိုက်ဆာလွန်းသဖြင့် မြေကြီးကိုပင် ကောက်စားကြပေလိမ့်မည်။
အတိအကျပင်...ထိုအချိန်တွင် ယန်ရှောင်ကျင်းသည် ရန်ရှောင်စုအနားသို့ လျှောက်လာပြီး ဓားမြှောင်တစ်လက်ကို ကမ်းပေးလိုက်သည်။ ရန်ရှောင်စုတစ်ယောက် တစ်ခဏမျှ မှင်တက်သွား၏။
“ငါ့အတွက်လား။”
“ငှားပေးတာ...။”
ယန်ရှောင်ကျင်းက ဆိုသည်။
“စည်းကမ်းချက်ကရော...။”
ရန်ရှောင်စုက မေးလိုက်၏။ သူတို့နှစ်ဦးစလုံးက အလွန်ပြတ်သားကြပေသည်။ ဤလောကတွင် အကြောင်းရင်းမရှိဘဲ ချစ်ခြင်း သို့မဟုတ် မုန်းခြင်းဟူ၍ မရှိပေ။ ယန်ရှောင်ကျင်းအနေဖြင့် သူမ၏ဓားမြှောင်ကို ရန်ရှောင်စုအား ငှားရမ်းပေးရခြင်းတွင် အကြောင်းရင်းတစ်ခုခု ရှိရမည်ဖြစ်သည်။
“အစားအစာ...။”
ယန်ရှောင်ကျင်းက ပြောလိုက်သည်။
“ငှားရုံတင်ဆိုရင်တော့ အဆင်မပြေဘူး။”
ရန်ရှောင်စုက ခေါင်းခါပြလိုက်သည်။
“ဒါကို ငါ့ကို ပေးရမယ်။”
“ကောင်းပြီ။”
ယန်ရှောင်ကျင်းက ပြောပြီးသည်နှင့် လှည့်ထွက်သွားတော့သည်။
ဤအရာက ရန်ရှောင်စုကို တစ်ခဏမျှ အံ့အားသင့်သွားစေခဲ့လေသည်။ အမှန်တော့ ယန်ရှောင်ကျင်းသည် အစကတည်းက ဤဓားမြှောင်ကို အလဲအလှဲလုပ်ရန် အသုံးချခံပစ္စည်းအဖြစ် အသုံးပြုရန် စီစဉ်ထားခြင်း ဖြစ်သည်။ သူမက အစတွင် ငှားရမ်းမည်ဟု ကမ်းလှမ်းခဲ့ခြင်းမှာ ဈေးဆွေးနွေးရန် အခြေအနေတစ်ခု ဖန်တီးခဲ့ခြင်းသာ ဖြစ်သည်...။
ရန်ရှောင်စုတစ်ယောက် ရယ်လည်းရယ်ချင် စိတ်လည်းပျက်မိသွား၏။ နောင်တွင် ယန်ရှောင်ကျင်းနှင့် ဆက်ဆံသည့်အခါ သေချာ စဉ်းစားတွေးခေါ်ရမည်ဖြစ်ကြောင်း သူ သိလိုက်တော့သည်။
သူ ဓားမြှောင်ကို စစ်ဆေးကြည့်လိုက်ရာ ဓားများအကြောင်း အများကြီး သိစရာမလိုဘဲ ဤဓားမြှောင်သည် လူအိုကြီးဝမ်၏ ကုန်စုံဆိုင်တွင် သူမြင်ဖူးသမျှ သံထည်ပစ္စည်းမှန်သမျှထက် သာလွန်ကောင်းမွန်ကြောင်း သိသာထင်ရှား၏။
ရန်ရှောင်စုသည် ဓားမြှောင်ကို ဓားအိမ်ထဲသို့ ထည့်ကာ သူ၏အင်္ကျီလက်စွပ်ထဲတွင် ဝှက်လိုက်စဉ် ရုတ်တရက် သူ၏မျက်နှာအမူအရာမှာ အကြီးအကျယ် ပြောင်းလဲသွားတော့သည်။ သူသည် ကျောက်ကမ်းပါး အပေါ်ဘက်ရှိ ကောင်းကင်သို့ မော့ကြည့်လိုက်၏။ အခြားသူများကလည်း သူကြည့်ရာသို့ လိုက်ကြည့်လိုက်သည်။
“အပေါ်မှာ ဘာရှိလို့လဲ...။”
သူ ထိုသို့ပြောပြီးသည်နှင့် တစ်ပြိုင်နက် အင်းဆက်ပိုးကောင်များ၏ မာကျောသော အပြင်ခွံများ အချင်းချင်း ပွတ်တိုက်မိသော စူးရှရှ ကြိတ်သံများ ကညွန်တစ်ခုလုံး၌ ပဲ့တင်ထပ်သွားတော့သည်။ ရွှီရှန်းချူသည် သူ၏ အားကောင်းသော လက်နှိပ်ဓာတ်မီးဖြင့် အပေါ်သို့ လှမ်းထိုးကြည့်လိုက်ရာ မရေမတွက်နိုင်သော အနက်ရောင်ဒီရေလှိုင်းကြီးများကဲ့သို့ အင်းဆက်ပိုးကောင်များသည် ကမ်းပါးအတိုင်း အောက်သို့ တရွရွတွားဆင်းလာနေသည်ကို တွေ့လိုက်ရသဖြင့် လန့်ဖျပ်သွားတော့သည်။
ဤအင်းဆက်ပိုးကောင်မျိုးကို မည်သူမျှ တစ်ခါမျှ မမြင်ဖူးကြပေ။ ၎င်း၏ အပြင်ခွံပေါ်ရှိ အစင်းကြောင်းများမှာ လူမျက်နှာများနှင့်ပင် ဆင်တူနေ၏။ တစ်စုံတစ်ခု၏ အမိန့်ကို နာခံနေကြသည့်အလား ထိုအနက်ရောင် အင်းဆက်ပိုးကောင်များ၏ ပါးစပ်အင်္ဂါများသည် ပွင့်လိုက်ပိတ်လိုက်ဖြစ်နေပြီး ကမ်းပါးအောက်ရှိ လူအုပ်ကြီးထံသို့ ရူးသွပ်စွာ ပြေးဆင်းလာကြသည်။ အချို့ဆိုလျှင် ကောင်းကင်မှနေ၍ ရန်ရှောင်စုနှင့် အခြားသူများပေါ်သို့ တိုက်ရိုက် ခုန်ချလာ၏။
ရန်ရှောင်စုသည် ဓားမြှောင်ကို ဆွဲထုတ်ကာ မိမိထံသို့ ခုန်အုပ်လာသော ဧရာမအင်းပိုးဆက်ကောင်ကို ပိုင်းဖြတ်၍ နှစ်ခြမ်းခွဲပစ်လိုက်ပြီးနောက် “ပြေးကြ!” ဟု အော်ဟစ်လိုက်တော့သည်။
“အားးးး ဒါ... ဒါက ဘာကောင်ကြီးလဲ။”
လျိုပုတစ်ယောက် အသည်းအသန် ကြောက်လန့်တကြား အော်ဟစ်လိုက်လေတော့သည်။