အခန်း (၅၃-၅၄)
Vol. 6 Ch. 53-54
အခန်း ၅၃
ဤလူမျက်နှာပိုးကောင်များသည် ရန်ရှောင်စု တောရိုင်းထဲတွင် ကျင်လည်ခဲ့သည့် နှစ်ပေါင်းများစွာအတွင်း တစ်ခါမျှ မမြင်ဖူးရုံမျှမက ကြားပင်မကြားဖူးသည့် အရာများ ဖြစ်၏။
ရန်ရှောင်စုသည် ပုံမှန်အားဖြင့် ပုရွက်ဆိတ်များ၊ ခြပုန်းများနှင့် ရင်ဆိုင်ရလျှင်ပင် တည်ငြိမ်စွာ နေနိုင်လေ့ရှိသည်။ အကြောင်းမှာ မိမိ၏ခန္ဓာကိုယ်မှ သွေးညှီနံ့ မထွက်ပါက ထိုဧရာမပုရွက်ဆိတ်ကြီးများသည် မိမိအပေါ် အထူးတလည် စိတ်ဝင်စားလိမ့်မည် မဟုတ်သောကြောင့် ဖြစ်သည်။
သို့သော် ဤလူမျက်နှာနှင့် သတ္တဝါဆန်းများမှာမူ ကြောက်မက်ဖွယ်ကောင်းလှ၏။ ၎င်းသည် လူသားများကို စားသောက်ရန်အတွက် သီးသန့်ဖန်တီးထားသည်မှာ ထင်ရှားနေချေသည်။
သာမန်ရက်များတွင် ဤကညွန်ထဲ၌ လေတိုက်ခတ်မှု အလွန်ပြင်းထန်လှပေသည်။ ဤလူမျက်နှာပိုးကောင်များသည် ပုံမှန်အားဖြင့် ဘယ်နေရာများတွင် ပုန်းအောင်းနေကြသည်လဲ မသိရပေ။ ယခုအခါ ၎င်းတို့သည် သားကောင်ကို တွေ့ရှိသွားသည်နှင့် တပြိုင်နက် အုပ်စုလိုက် သောင်းသောင်းဖျဖျ ထွက်ပေါ်လာကြတော့လေသည်။
ဟိုဝံပုလွေအုပ်လည်း ဒီအရာတွေကို ကြောက်နေတာလား။
အကယ်၍ ဤကညွန်ထဲတွင် လူမျက်နှာပိုးကောင်များ ဤမျှအများအပြား ရှိနေကြောင်း ရန်ရှောင်စုသာ ကြိုတင်သိရှိခဲ့ပါက သူ့ကိုသတ်ပစ်မည်ဆိုလျှင်ပင် ဤနေရာသို့ လုံးဝ ဝင်လာလိမ့်မည်မဟုတ်ပေ။ ယခုတစ်ကြိမ်တွင်မူ သူသည် ဟိုကြွက်များကိုပင် ဂရုမစိုက်နိုင်တော့ပေ။
သူသည် ကျောက်ဆောင်ကမ်းပါးအတိုင်း အပေါ်သို့ တက်ရန် ကြိုးစားနေခဲ့ခြင်းဖြစ်သော်လည်း ယခုအခါတွင်မူ မိမိ၏အရှိန် အနည်းငယ် နှေးကွေးသွားခဲ့ခြင်းကိုပင် ဝမ်းသာမိသွား၏။ သို့မဟုတ်ပါက အကယ်၍ သူသည် ဤသတ္တဝါဆန်းများနှင့် ဝေဟင်အလယ်တွင် ထိပ်တိုက်တွေ့ခဲ့ရလျှင် သေဆုံးသွားလောက်ပြီ ဖြစ်သည်။
“ကားပေါ်တက်ကြ။”
ရွှီရှန်းချူက လူတိုင်းကို လှမ်းအော်ပြောလိုက်သည်။
ရန်ရှောင်စုသည် မိမိထံသို့ ခုန်အုပ်လာသော လူမျက်နှာပိုးကောင်နှစ်ကောင်ကို လွှဲခုတ်ပစ်လိုက်၏။ ထိုအင်းဆက်ကောင်များသည် ဝေဟင်အလယ်တွင် ၎င်းတို့၏ ပါးစပ်အင်္ဂါများကို ဖွင့်ဟထားကြသည်။ ၎င်းတို့၏ လက်သည်းများမှာ ထက်မြက်ခြင်းမရှိသော်လည်း ၎င်းတို့၏ ပါးစပ်အင်္ဂါများမှာမူ လူတစ်ယောက်၏ အသက်ကို ချက်ချင်း နှုတ်ယူနိုင်သည့် ချိတ်ကောက်များနှင့် တူလှသည်။
ယခုတစ်ကြိမ်တွင်မူ ရန်ရှောင်စုတစ်ယောက် အဝေးသို့ ထွက်မပြေးတော့ပေ။ အကြောင်းမှာ ကားထဲတွင် နေခြင်းက အဘေးကင်းဆုံးဖြစ်ကြောင်း သူသိထားသောကြောင့်ပင်။ ထို့ကြောင့် အခြားသူများ ထိတ်လန့်တုန်လှုပ်နေကြဆဲ အချိန်တွင် သူက ကားပေါ်သို့ တက်လိုက်ပြီးဖြစ်၏။ သူကိုယ်တိုင် ကားပေါ်တက်ခဲ့ရုံသာမက ကားမောင်းသမားတစ်ဦးကိုပါ တစ်ပါတည်း ဆွဲခေါ်လာခဲ့သည်။
ရန်ရှောင်စုမှာ ကားမမောင်းတတ်သောကြောင့် ကားမောင်းသမားမပါဘဲ သူ မထွက်သွားနိုင်ပေ။
သူသည် ကားမောင်းသမားကို ကားမောင်းသူထိုင်ခုံပေါ်သို့ တွန်းတင်လိုက်ပြီး အော်ဟစ်လိုက်၏။
“မောင်း...အခုချက်ချင်း မောင်းထွက်တော့။”
ကားမောင်းသမားက အပြစ်ကင်းစင်သော မျက်နှာထားဖြင့် သူ့ကို လှည့်ကြည့်လာခဲ့သည်။
“ဒါ... ဒါက ငါ့ကားမဟုတ်ဘူး။ ငါ့မှာ ကားသော့မရှိဘူး...။”
ချီးထဲမှ...။
ရန်ရှောင်စုသည် သူ တစ်ခါမျှ ကားမမောင်းဖူးခဲ့ခြင်းကြောင့် တကယ်ပဲ ဒုက္ခရောက်ရသည်ဟု ခံစားလိုက်ရ၏။ ကားတစ်စီးတွင် ကားသော့တစ်ချောင်းသာ ရှိရမည်ဆိုသည့် အခြေခံဗဟုသုတကိုပင် သူ မသိခဲ့ပေ။
သူသည် တုံ့ဆိုင်းခြင်းမရှိဘဲ ကားမောင်းသမားကို ပြန်ဆွဲခေါ်ကာ ကားပေါ်မှ ဆင်းလိုက်ပြန်သည်။
“ဘယ်ကားက မင်းကားလဲ။”
ရန်ရှောင်စုက အော်မေးလိုက်သည်။
ကားမောင်းသမားမှာမူ ရန်ရှောင်စု၏ ဟိုရွှေ့ဒီရွှေ့ ဆွဲခေါ်ခြင်းကို ခံနေရသဖြင့် အတော်ပင် ကြောင်အမ်းအမ်း ဖြစ်နေပြီ ဖြစ်သည်။ သူသည် ရုန်းရင်းဆန်ခတ် ဖြစ်နေသော လူအုပ်ကြားထဲက ကားတစ်စီးကို လက်ညှိုးထိုးပြလိုက်၏။
“ဟို... ဟိုကား...။”
ရန်ရှောင်စုသည် ကားမောင်းသမားကို ဖမ်းဆွဲ၍ ထိုကားဆီသို့ ဦးတည်ပြေးသွားလိုက်တော့သည်။ ဤအချိန်တွင် အခြားသူများအားလုံးမှာ မိမိတို့အသက်ဘေးအတွက် ရူးသွပ်စွာ ထွက်ပြေးနေကြလေသည်။ အချို့လူများသည် ကားထဲသို့ ဝင်ရောက်ပုန်းအောင်းကြပြီး အချို့မှာမူ ကားပေါ်သို့ပင်မတက်ဘဲ ကညွန်၏ အရှေ့ဘက်ဆီသို့ အပြေးအလွှား သွားနေကြ၏။ အချို့ဆိုလျှင် ဝံပုလွေအုပ်ရှိရာ ဘက်သို့ပင် ပြန်ပြေးမိနေကြလေသည်။
အသက်အန္တရာယ်နှင့် ရင်ဆိုင်ရချိန်တွင် လေ့ကျင့်မှုမရှိထားသော တေးဂီတအဖွဲ့ဝင်အချို့သည် ဤကဲ့သို့သော အခြေအနေမျိုးကို တစ်ခါမျှ မကြုံဖူးကြသည်ဖြစ်ရာ ၎င်းတို့၏ ကျိုးကြောင်းဆီလျော်စွာ တွေးတောနိုင်စွမ်းသည်လည်း လုံးဝ ပျောက်ဆုံးသွားခဲ့ကြပြီ ဖြစ်သည်။
အတိအကျပင်...ထိုအချိန်၌ ရန်ရှောင်စု၏ စိတ်ထဲ၌ အသံတစ်ခု ပဲ့တင်ထပ်လာ၏။ -
“တာဝန် - အနည်းဆုံး လူ ၁၀ ဦးကို ကယ်တင်ပြီး ကညွန်ထဲမှ ခေါ်ထုတ်သွားရန်။”
“မင်း ညီမကိုပဲ ကယ်လိုက်တော့။”
ရန်ရှောင်စုသည် ထိုကားမောင်းသမားကို ကားဆီသို့ ဆက်လက်သယ်ဆောင်သွားနေဆဲ ဖြစ်သည်။ မည်သို့ပင်ဆိုစေ...မစ်ရှင် မအောင်မြင်ပါက မည်သည့်အပြစ်ဒဏ်မျှ မရှိပေ။ နောက်ထပ် မစ်ရှင်တစ်ခု တိုးလာခြင်းကို သူ ဂရုမစိုက်နိုင်ပါ။ မိမိအသက်ကသာ ပို၍ အရေးကြီးသည်မဟုတ်ပါလော။
ဤအခိုက်အတန့်တွင်မှသာ မိမိနောက်၌ တစ်စုံတစ်ယောက် လိုက်ပါလာနေကြောင်း သူ ရုတ်တရက် သတိပြုမိလိုက်သည်။
သူ လှည့်ကြည့်လိုက်ရာ မိမိနောက်သို့ လိုက်လာသူမှာ အခြားသူမဟုတ်ဘဲ ပြီးပြည့်စုံခြင်းအဆင့် သေနတ်ဆရာကြီးဖြစ်သော ယန်ရှောင်ကျင်းပင် ဖြစ်သည်။ ထိုမိန်းကလေးသည် လက်ထဲတွင် တစ်စုံတစ်ခုကို သယ်ဆောင်လာပုံရသော်လည်း ရန်ရှောင်စုအနေဖြင့် သေချာကြည့်ရန် အချိန်မရခဲ့ပေ။
ဤမိန်းကလေးသည် ရန်ရှောင်စုနှင့်အတူ ထွက်ပြေးရန် အခိုင်အမာ ဆုံးဖြတ်ထားပုံရသည်။ ရန်ရှောင်စုနောက်သို့ လိုက်မှသာ မိမိအနေဖြင့် အသက်ရှင်ကျန်ရစ်နိုင်လိမ့်မည်ဟု သူမ ယုံကြည်နေသည့်အလားပင်။
ရန်ရှောင်စုသည်လည်း အခြားအရာများကို ဂရုမစိုက်နိုင်တော့ပေ။ သူ ကားအနားသို့ ရောက်သွားပြီး တံခါးကို ဖွင့်လိုက်ရာ ပုဂ္ဂလိကစစ်တပ်မှ စစ်သားတစ်ဦး ကားမောင်းသူထိုင်ခုံ၌ တုန်တုန်ရင်ရင်ဖြင့် ထိုင်နေသည်ကို တွေ့လိုက်ရလေသည်။ ရန်ရှောင်စုက သူ့ကို ကားထဲမှ ဒေါသတကြီး ဆွဲထုတ်လိုက်လိုက်၏။
“မင်းက ကားသော့လည်းမရှိဘဲ ဒီမှာ ဘာထိုင်လုပ်နေတာလဲ။ သေမယ့်ရက်ကို စောင့်နေတာလား။”
သူက အော်ငေါက်လိုက်သည်။
ဤတိုတောင်းလှသော အချိန်အတွင်းမှာပင် လူမျက်နှာပိုးကောင်နှစ်ကောင်သည် ရန်ရှောင်စု၏ ဘောင်းဘီခြေထောက်အတိုင်း တွားတက်ရန် ကြိုးစားလာသော်လည်း ၎င်းတို့ အနားသို့ ကပ်လာသည်နှင့် တပြိုင်နက် ယန်ရှောင်ကျင်း၏ ပစ်ခတ်မှုကြောင့် အပိုင်းပိုင်းအစစ ကြေမွသွားခဲ့ရလေသည်။
ရန်ရှောင်စုသည် SUV ကား၏ နောက်ခန်းထိုင်ခုံထဲသို့ ခုန်ဝင်လိုက်ပြီး ယန်ရှောင်ကျင်းကလည်း နောက်မှ ကပ်လိုက်လာခဲ့သည်။ ရန်ရှောင်စုတစ်ယောက် မှင်တက်နေသော ကားမောင်းသမားကို အော်ဟစ်လိုက်ရ၏။
“မောင်းလေ။ ဘာရပ်ကြည့်နေတာလဲ။”
ကားမောင်းသမားမှာ လုံးဝ ထုံထိုင်းကာ အကြောသေနေပြီး စက်ရုပ်တစ်ရုပ်ကဲ့သို့ အခြေအနေမျိုး ဖြစ်နေခဲ့လေသည်။ ရန်ရှောင်စု သူ့ကို အော်ဟစ်လိုက်သည့် အခါမှသာ သူသည် သော့ကို အလောတကြီးထိုးထည့်ပြီး အင်ဂျင်ကို စက်နှိုးလိုက်တော့သည်။ သူ လီဗာကို နင်းလိုက်သော်လည်း ကားက ရွေ့ရုံမျှသာ ရွေ့သွား၏။ ထိုအခါမှသာ ကားမောင်းသမားသည် လက်ဘရိတ်ကို မချရသေးကြောင်း သတိပြုမိသွားခဲ့သည်။ သူသည် လက်ဘရိတ်ကို အမြန်ချလိုက်ပြီး ရှေ့သို့ မောင်းထွက်ခဲ့လိုက်တော့သည်။
နောက်ဆုံး၌ ရန်ရှောင်စုတစ်ယောက် သက်ပြင်းချနိုင်သွားတော့သည်။ ကားသည် ဝံပုလွေများ၏လက်မှ လွတ်မြောက်အောင် မမောင်းနိုင်သော်လည်း လူမျက်နှာပိုးကောင်များကိုမူ ကျော်ဖြတ်မောင်းနှင်နိုင်ပေသည်။
ရှေ့က ကားနှစ်စီးမှာ အတော်အတန် လှမ်းလှမ်းသို့ မောင်းနှင်သွားခဲ့ပြီဖြစ်ပြီး အနောက်မှ လူအချို့မှာမူ လူမျက်နှာပိုးကောင်များ၏ ဝါးမြိုခြင်းကို ခံလိုက်ရပြီဖြစ်သည်။ အနက်ရောင် အင်းဆက်အုပ်ကြီးသည် ကားပေါ်မတက်နိုင်ဘဲ ကျန်ရစ်ခဲ့သူများကို အုပ်မိုးသွား၏။ ထိုသူများမှာ ရုန်းကန်ရန် ကြိုးစားနေကြပြီး ခန္ဓာကိုယ်များကို လူးလွန့်နေကြသော်လည်း အားလုံးမှာ အချည်းနှီးသာ ဖြစ်ခဲ့ရသည်။
ထိုအနက်ရောင် အင်းဆက်အုပ်ကြီးထဲမှ ဝါးမြိုကိုက်စားသံများ ထွက်ပေါ်လာပြီး လူသားတို့၏ အသားနှင့် သွေးများသည် ၎င်းတို့၏ ထက်မြက်သော ပါးစပ်အင်္ဂါများကြောင့် အနှစ်များအဖြစ်သို့ ကြေမွပျက်စီးသွားခဲ့ရလေသည်။
ရန်ရှောင်စုတစ်ယောက် တိတ်ဆိတ်နေမိ၏။
ဒါကမှ တကယ့်တောရိုင်းမြေရိုင်းရဲ့ အစစ်အမှန် သဘာဝလား။
ဒါက လူသားမျိုးနွယ်စုတွေ အနာဂတ်မှာ ရင်ဆိုင်ရမယ့် ကမ္ဘာကြီးပဲ။
သွေးနှင့် အသားများ၏ ဆွဲဆောင်မှုကြောင့် ထူးဆန်းကြောက်မတ်ဖွယ်ကောင်းသော လူမျက်နှာပိုးကောင်များသည် ကားနောက်သို့ ဆက်လိုက်လာခြင်း မရှိတော့ပေ။ ရန်ရှောင်စုသည် ကားထိုင်ခုံကို နုံးခွေစွာ မှီလိုက်ရင်း အသက်ကို ပြင်းပြင်းရှူလိုက်မိလေသည်။ စောစောက သူ ခန္ဓာကိုယ်ကို အတော်လေး အသုံးပြုခဲ့ရသဖြင့် ယခုအခါ အလွန်ပင်ပန်းနွမ်းနယ်နေပြီ ဖြစ်သည်။
သူ့အတွက်ပင်ဖြစ်စေ လူကြီးတစ်ယောက်ကို မနားတမ်း သယ်ဆောင်ပြေးလွှားရခြင်းမှာ မလွယ်ကူလှပေ။
ရန်ရှောင်စုသည် ကားထဲတွင် တည်ငြိမ်စွာ ထိုင်နေသော ယန်ရှောင်ကျင်ကို လှမ်းကြည့်လိုက်ရာ သူမက “ရှင် တော်တော် သန်တာပဲ” ဟု ပြောလာခဲ့လေသည်။
ရန်ရှောင်စုက သူမကို အရေးမစိုက်ဘဲ ကားမောင်းသမားဘက်သို့ လှည့်ကြည့်ကာ မေးလိုက်သည်။
“အခု ငါတို့နောက်ကို လိုက်လာတဲ့ အင်းဆက်ကောင်တွေ မရှိတော့ဘူးမလား။”
“မရှိတော့ဘူး။”
အသက်ဘေးမှ သီသီလေး လွတ်မြောက်လာခဲ့သော ကားမောင်းသမားသည်လည်း အသိစိတ် ပြန်ဝင်လာခဲ့ပြီဖြစ်သည်။ သူ၏ စိတ်သည် ထုံထိုင်းမနေတော့ဘဲ သတိတရားများ ပြန်လည်ရရှိလာခဲ့သည်။ သူသည် ကားမောင်းသူထိုင်ခုံမှနေ၍ တတွတ်တွတ် ရေရွတ်နေရှာသည်။
“ကျေးဇူးတင်ပါတယ်။ မင်းသာမရှိရင် ငါ တကယ်ပဲ အသက်ရှင်နိုင်မှာ မဟုတ်ဘူး။”
“စွန်းကျွင်းကျန့် ထံမှ ကျေးဇူးတင်စကား +၁။”
ရန်ရှောင်စုသည် မိမိ၏ ကျေးဇူးတင်ခြင်းဒင်္ဂါးပြားများမှာ နောက်ဆုံး၌ ၇၄ ပြားသို့ ရောက်ရှိသွားပြီဖြစ်၍ လူတစ်ယောက်ကို သယ်ဆောင်ခဲ့ရခြင်းမှာ အချိန်ကုန်ရကျိုးနပ်သည်ဟု စိတ်ထဲတွင် တွေးလိုက်မိသည်။ သူ အနည်းငယ် စဉ်းစားပြီးနောက် ပြောလိုက်သည်။
“ငါ့ကို အများကြီး ကျေးဇူးတင်နေစရာ မလိုပါဘူး။ ငါက မင်းကို ကားမောင်းခိုင်းဖို့ ခေါ်လာရုံပဲ။”
“ဒါက ဘာမှမဟုတ်ပါဘူး။ ဘာပဲဖြစ်ဖြစ် ငါ မင်းကို ကျေးဇူးတင်ပါတယ်။ အရင်က ဖြစ်ခဲ့တဲ့ ကိစ္စတွေအတွက်လည်း စိတ်မကောင်းပါဘူး။ စိတ်မပူပါနဲ့။ ငါ မင်းကို သေချာပေါက် ကျေးဇူးဆပ်မှာပါ။”
စွန်းကျွင်းကျန့်က ဆိုသည်။
“စွန်းကျွင်းကျန့်ထံမှ ကျေးဇူးတင်စကား +၁။”
ရန်ရှောင်စု အံ့အားသင့်သွား၏။ ကိစ္စတစ်ခုတည်းအတွက် ကျေးဇူးတင်စကားကို ထပ်ခါတလဲလဲ ပြော၍ ရနိုင်သည်လော။ ၎င်းမှာ အသက်ကယ်တင်ခြင်းဂုဏ်ကျေးဇူးကြောင့် ဖြစ်နိုင်သလို စွန်းကျွင်းကျန့်သည် ထိတ်လန့်တုန်လှုပ်နေဆဲ အခြေအနေတွင် ရှိနေသဖြင့် သူ၏ ကျေးဇူးတင်စကားတိုင်းက စစ်မှန်နေခြင်းကြောင့် ဖြစ်နိုင်သည်။
“ကျေးဇူးတင်ပါတယ်လို့ နောက်တစ်ခေါက်လောက် ထပ်ပြောပါဦး။ ငါ ကြားချင်လို့။”
ရန်ရှောင်စုက စမ်းသပ်သည့်အနေဖြင့် ပြောလိုက်သည်။
“…”
စွန်းကျွင်းကျန့် တစ်ယောက် အတော်ကြာအောင် ဆွံ့အသွားပြီး သူ၏ စိတ်ခံစားချက်များပါ ရှုပ်ထွေးသွားတော့သည်။
ယန်ရှောင်ကျင်းသည်လည်း ရန်ရှောင်စုကို ထူးဆန်းသော မျက်နှာထားဖြင့် ကြည့်လိုက်သည်။ ၎င်းတို့သည် အန္တရာယ်ရှိနေဆဲ အခြေအနေတွင် ရှိနေသော်လည်း ဤလူငယ်လေးမှာမူ အလွန်ပင် ပေါ့ပေါ့ပါးပါး ရှိလွန်းလှပေသည်။
ရန်ရှောင်စုသည် အတော်ကြာအောင် စောင့်ဆိုင်းခဲ့သော်လည်း ၇၆ ခုမြောက် ကျေးဇူးတင်စကား မက်ဆေ့ခ်ျကို လက်ခံရရှိခြင်း မရှိတော့ပေ။ သူ နည်းနည်း လောကြီးသွားခဲ့သည်ကို သဘောပေါက်လိုက်တော့သည်...။
အကယ်၍ မိမိအနေဖြင့် ပိုမို စိတ်ရှည်သည်းခံပြီး ဟန်ဆောင်ထိန်းသိမ်းထားနိုင်မည်ဆိုပါက နောက်ထပ် အနည်းငယ် ပိုမိုရရှိနိုင်ပေလိမ့်မည်။ သို့သော် လူတစ်ယောက်က အရမ်းလောဘမကြီးသင့်ပေ။ ဤနေရာတွင် ရပ်တန့်လိုက်ခြင်းက အကောင်းဆုံး ဖြစ်ပေသည်...။
ရုတ်တရက် ရန်ရှောင်စုသည် သူ၏ မျက်လုံးထောင့်မှနေ၍ ယန်ရှောင်ကျင်း၏ ထူးခြားသော မျက်နှာအမူအရာကို သတိပြုမိသွား၏။ သူသည် ချောင်းတစ်ချက်ဟန့်လိုက်သည်။
“အဟမ်း ငါက နောက်နေတာပါ။ ဟိုလူမျက်နှာပိုးကောင်တွေ အမီမလိုက်လာနိုင်ခင် ကညွန်ထဲကနေ မြန်မြန်ထွက်ပြီး ရှေ့ကကားနဲ့ သွားဆုံကြရအောင်။”
ဤအခိုက်အတန့်တွင် ရန်ရှောင်စုသည် စောစောက နန်းတော်မှ ထုတ်ပြန်ခဲ့သော မစ်ရှင်ကို ရုတ်တရက် သတိရသွားခဲ့လေသည်။ သူသည် လုံးဝ ရှက်ရွံ့ခြင်း မရှိပေ။ ထိုကဲ့သို့သော အခြေအနေမျိုးတွင် သူသည် အခြားသူများကို ကယ်တင်ရန်အတွက် မိမိကိုယ်ကိုယ် မည်သည့်အခါမျှ စနစ်တကျ စွန့်လွှတ်စတေးမည် မဟုတ်ပေ။
သူ ယန်လျို့ယွမ်ကို ပြောခဲ့ဖူးသကဲ့သို့ပင်။ အကယ်၍ သင် စိတ်မကောင်းဖြစ်နေလျှင်ပင် စိတ်မကောင်းမဖြစ်မိစေရန် မိမိကိုယ်ကိုယ် ပြန်လည်ဆွဲဆောင်သိမ်းသွင်းရမည်ဖြစ်သည်။
ထို့အပြင် သူသည် လိပ်ပြာသန့်ပြီး ကြည်လင်သော အသိစိတ် ရှိပေသည်။
သို့သော် ရုတ်တရက် ရန်ရှောင်စု၏ စိတ်ထဲမှ နန်းတော်၏ အသံကို ကြားလိုက်ရ၏။
“တာဝန် အောင်မြင်ပါသည်။ ဆုလာဘ် - ခွန်အား ၁.၀။”
ဒါက ဘာဖြစ်တာလဲဟ။
၎င်းသည် သူ တစ်စုံတစ်ယောက်ကို ကယ်တင်ခဲ့ပြီး အဖွဲ့ဝင် ဆယ်ယောက်ထက်မက အသက်ရှင်ကျန်ရစ်သရွေ့ မစ်ရှင်ကို အောင်မြင်သည်ဟု သတ်မှတ်လိုက်ခြင်းလော။
ဒီနန်းတော်က တကယ်ကို ပေါ့ပျက်ပျက် နိုင်တာပဲ...။
အခန်း ၅၄
ရန်ရှောင်စုသည် သူကိုယ်တိုင် ဤတာဝန်ကို အမှန်တကယ် အောင်မြင်သွားခဲ့ခြင်းကြောင့် အံ့အားသင့်သွားမိ၏။ အဘယ်ကြောင့်ဆိုသော် သူ၏စိတ်ထဲတွင် ဤတာဝန်ကို အောင်မြင်အောင်လုပ်ဆောင်ရန် လုံးဝ မရည်ရွယ်ခဲ့သောကြောင့်ပင်။ နန်းတော်သည် သူ့ကို အမှန်တကယ် ပိုမိုသန်မာလာစေချင်ပုံရပေသည်။ သို့မဟုတ်ပါက ဝမ်ဖူကွေ့၏ ခွေးစိတ်ဖြင့် ကူညီမှုကြောင့် သူ၏ ဘိုးဘေးဘီဘင် ရှစ်ဆက်လုံးကို ကျေးဇူးတင်နေရမည့် အခြေအနေမျိုး ရောက်နေလိမ့်မည် ဖြစ်သည်။
ယခုအခါ ရန်ရှောင်စု၏ ခွန်အား မှာ ၆.၅ သို့ ရောက်ရှိသွားပြီဖြစ်ရာ ၎င်းမှာ သာမန်လူကြီးတစ်ယောက်ထက် နှစ်ဆကျော် ပိုမိုသန်မာလာခြင်း ဖြစ်သည်။ မှန်ပါသည်။ ဤသာမန်ဆိုသည့် အတိုင်းအတာမှာ ပျမ်းမျှတန်ဖိုးတစ်ခုသာဖြစ်ပြီး ပြင်းထန်သော လေ့ကျင့်ခန်းများ ပြုလုပ်ထားသူအချို့မှာမူ ဤသာမန်အတိုင်းအတာထဲတွင် ပါဝင်မည်မဟုတ်ပေ။
ယာဉ်တန်းသည် ကညွန်ကို လျင်မြန်စွာ ဖြတ်သန်းသွားပြီး ရှေ့သို့ ဆက်လက်မောင်းနှင်လာခဲ့သည်။ စောစောက လူအချို့မှာ ထိတ်လန့်တုန်လှုပ်ကာ ဝံပုလွေအုပ်ရှိရာဘက်သို့ ထွက်ပြေးမိခဲ့ကြသဖြင့် ဝံပုလွေများ၏ ကိုက်သတ်ခြင်းကို ခံခဲ့ရ၏။
၎င်းတို့နောက်သို့ လိုက်လံဖမ်းဆီးနေသော လူမျက်နှာပိုးကောင်များသည်လည်း ထူးဆန်းလှပေသည်။ ၎င်းတို့သည် ကညွန်အပြင်ဘက်သို့ ခြေတစ်လှမ်းမျှပင် မထွက်လိုဘဲ ကညွန်အစွန်းသို့ ရောက်ရှိချိန်၌ ဖြည်းညှင်းစွာ နောက်ပြန်ဆုတ်သွားကြတော့သည်။
ဝံပုလွေများနှင့် လူမျက်နှာပိုးကောင်များဟူသော တောရိုင်းမြေရိုင်းထဲက ဤမျိုးစိတ်နှစ်ခုသည် တစ်ခုနှင့်တစ်ခု နယ်မြေမကျူးကျော်ဘဲ မိမိတို့ဘာသာ ထူးခြားသော ပုံစံတစ်ခုဖြင့် အတူတကွ ယှဉ်တွဲနေထိုင်နေကြပုံရသည်။
ဝံပုလွေအုပ်ကြီးက ဝံပုလွေဘုရင်ကို လှမ်းကြည့်လိုက်ကြရာ ဝံပုလွေဘုရင်သည် နောက်သို့လှည့်ထွက်သွားပြီး တောအုပ်ထဲသို့ ဖြည်းညှင်းစွာ လျှောက်ဝင်သွားတော့သည်။ ၎င်းသည် မိမိ၏ သားကောင်များ လွတ်မြောက်သွားပြီဖြစ်ကြောင်း သေချာသွားသည့်အခါ မည်သည့်တုံ့ဆိုင်းမှုမျှမရှိဘဲ ချက်ချင်း ထွက်ခွာရန် ဆုံးဖြတ်လိုက်ပုံရသည်။
ကားမောင်းနေစဉ် ကားမောင်းသမား စွန်းကျွင်းကျန့်က ပြောလိုက်၏။
“ဒီတစ်ခေါက် လူဘယ်နှစ်ယောက်လောက် အသက်ရှင်ကျန်ခဲ့လဲ မသိဘူး။”
“ငါတို့ အသက်ရှင်နေရင် ရပြီ။”
ရန်ရှောင်စုသည် အခြားသူများ အသက်ရှင်နိုင်၊ မရှင်နိုင်ကို ဂရုမစိုက်ဟန်ဖြင့် ပြန်ဖြေလိုက်သည်။
ဤကဲ့သို့သော တောရိုင်းမြေရိုင်းထဲတွင် လူအင်အားများလေလေ စုပေါင်းအင်အားများလေလေဖြစ်ပြီး တစ်ခုခုဖြစ်ပါက တစ်ယောက်ကိုတစ်ယောက် ကူညီနိုင်ကြမည်ဖြစ်သဖြင့် လူများများရှိခြင်းက ပိုကောင်းမွန်သည်မှာ အမှန်ပင်ဖြစ်သည်။
သို့သော် ရန်ရှောင်စု ယခုမြင်တွေ့ခဲ့ရသည့်အရာများအရ ထိုပုဂ္ဂလိကစစ်တပ်များနှင့် တီးဝိုင်းအဖွဲ့ဝင်များ၏ လုပ်ရပ်များက ဤလူများမှာ ဧကန်မုချ ယုံကြည်စိတ်ချရသူများ မဟုတ်ကြောင်း သက်သေပြနေခဲ့လေသည်။ ၎င်းတို့ကို ယုံကြည်၍မရရုံသာမက အကယ်၍ မိမိဘက်က သတိမထားမိပါက ၎င်းတို့၏ လက်ချက်ဖြင့်ပင် အသတ်ခံရနိုင်ခြေ ရှိသည်။
“ဟိုမှာကြည့်စမ်း...အဲ့ဒီမှာ လူအရိုးစုတွေ အများကြီးပဲ။”
စွန်းကျွင်းကျန့်က ရုတ်တရက် အော်ဟစ်လိုက်၏။
ယာဉ်တန်း ကညွန်ကို ဖြတ်သန်းသွားစဉ် လမ်းဘေးရှိ ကညွန်ထဲ၌ ထူးဆန်းသော ပုံစံမျိုးစုံဖြင့် လဲလျောင်းနေသည့် လူသားအရိုးစု ဒါဇင်ပေါင်းများစွာကို ၎င်းတို့ တွေ့လိုက်ကြရသည်။
“ဒါတွေအားလုံးက ဟိုလူမျက်နှာပိုးကောင်တွေရဲ့ လက်ချက်ပဲ ဖြစ်လိမ့်မယ်။”
ရန်ရှောင်စုက တည်ငြိမ်စွာ ပြောလိုက်သည်။
ယခုအခါ ရန်ရှောင်စုသည် ထိုလူမျက်နှာပိုးကောင်များအကြောင်းကို ပြန်လည်စဉ်းစားမိလိုက်၏။ ထိုအချိန်က သူသည် အတည်ငြိမ်ဆုံးလူများထဲမှ တစ်ဦးဖြစ်ခဲ့သဖြင့် ကားရှိရာဘက်သို့ နောက်ဆုတ်ပြေးနေစဉ်အတွင်းမှာပင် ထိုလူမျက်နှာပိုးကောင်များကို သေချာစွာ စောင့်ကြည့်လေ့လာရန် စိတ်ကူးရှိခဲ့သည်။
သူ၏ မှတ်ဉာဏ်ထဲတွင် လူမျက်နှာပိုးကောင်တိုင်း၏ ကျောခွံပေါ်၌ လူမျက်နှာပုံစံ ရှိနေခြင်းမျိုး မဟုတ်ပေ။
၎င်းမှာ ထိုအင်းဆက်ကောင်က အပြည့်အဝ မကြီးထွားသေးခြင်းကြောင့်လော၊ သို့မဟုတ် ထိုအင်းဆက်ကောင်သည် လူသားတစ်ဦးကို စားသောက်ပြီးမှသာ ၎င်း၏ ကျောခွံပေါ်တွင် လူမျက်နှာပုံစံ ထွက်ပေါ်လာခြင်းမျိုးလော။
ဤထူးဆန်းသော နေရာမျိုးတွင် ရန်ရှောင်စုသည် စိတ်ထဲတွင် အကြောက်ရွံ့ဆုံး လမ်းကြောင်းဘက်သို့ မသိစိတ်အရ စတင်တွေးတော ခန့်မှန်းမိသွားတော့လေသည်။
ဤအရာကို တွေးမိလိုက်သည်နှင့် ရန်ရှောင်စုတစ်ယောက် ချွေးစေးများ ထွက်လာ၏။ ထိုလူမျက်နှာပိုးကောင်များသည် သေဆုံးသွားသူများ၏ ဝိညာဉ်များကို ဝါးမြိုပစ်ခဲ့ပြီးနောက် ထိုဝိညာဉ်များက အင်းဆက်ကောင်၏ ကျောခွံပေါ်တွင် ၎င်းတို့၏ မျက်နှာများကို ကြောက်မက်ဖွယ်ကောင်းစွာ ပြသနေကြသည့်အလား ခံစားလိုက်ရသည်။
ယာဉ်တန်းတွင် မူလက ကားခြောက်စီး ရှိခဲ့သော်လည်း ယခုအခါ သုံးစီးသာ ကျန်ရှိတော့သည်။ ကညွန်ကို အပြည့်အဝ ဖြတ်သန်းနိုင်ရန် ဆယ်မိနစ်ကျော် အချိန်ယူခဲ့ရ၏။ ကားများ ကညွန်အပြင်ဘက်သို့ မောင်းထွက်လိုက်သည့် အခိုက်အတန့်တွင် ရန်ရှောင်စု၊ ယန်ရှောင်ကျင်းနှင့် စွန်းကျွင်းကျန့်တို့ သုံးဦးစလုံး မှင်တက်သွားကြရလေသည်။
ညအချိန် ရှိနေဆဲဖြစ်ပြီး ကညွန်တစ်ခုလုံးမှာ မှောင်မိုက်မှုများဖြင့် ဖုံးလွှမ်းနေကာ ကားရှေ့မီးသီးကြီးများ၏ အလင်းရောင်သာ ရှိနေ၏။
ကညွန်အပြင်ဘက်ရှိ ကြယ်တာရာစုံလင်သော ကောင်းကင်ကြီးမှာမူ ခေါင်းပေါ်တွင် ချိတ်ဆွဲထားသော ပန်းချီကားတစ်ချပ်ကဲ့သို့ အလွန်လှပလှပြီး မျက်စိရှေ့မှောက်သို့ ရောက်ရှိနေသည့်အလား ခံစားရစေကာ မြေပြင်ပေါ်ရှိ သစ်ပင်ပန်းမန်များသည်လည်း ထူးခြားစွာ စိမ်းလန်းစိုပြည်နေပြီး သစ်ပင်များကြားတွင်လည်း ပိုးစုန်းကြူးများစွာပင် ပျံသန်းနေကြသည်။ ပတ်ဝန်းကျင်ရှိ တောင်တန်းကြီးများသည် တမင်တကာ ဖန်တီးထားသည့် ဧရာမဥယျာဉ်ကြီးတစ်ခုအလား ထင်မှတ်ရပြီး နတ်သမီးပုံပြင်ထဲက နတ်ဘုံနတ်နန်းတစ်ခုနှင့်ပင် ဆင်တူလှပေသည်။
၎င်းတို့သည် ကားပေါ်မှ ဖြည်းညှင်းစွာ ဆင်းလိုက်ကြပြီး ညအချိန်၏ အရာအားလုံးကို ငေးမောကြည့်ရှုနေမိကြသည်။ စွန်းကျွင်းကျန့်သည် မျှော်လင့်တမ်းတနေသော မျက်နှာထားဖြင့် တောအုပ်ရှိရာဘက်သို့ မသိစိတ်အရ လျှောက်သွားမိ၏။
ထိုအခိုက်အတန့်တွင် ရန်ရှောင်စုက သူ့မျက်နှာကို ဖြန်းခနဲနေအောင် ရိုက်ချလိုက်တော့သည်။
“မင်းက ဒီလိုထူးဆန်းကြောက်မတ်ဖွယ်ကောင်းတဲ့ တောအုပ်ကြီးထဲကို ဒီအတိုင်း လျှောက်သွားရဲတယ်ပေါ့ ဟုတ်လား။”
ဤခံတပ်မြို့ရိုးအတွင်းမှ လာကြသော အရေးကြီးပုဂ္ဂိုလ်များအတွက်မူ အလှတရားဆိုသည်မှာ ဆွဲဆောင်မှုတစ်ခု ဖြစ်သော်လည်း ရန်ရှောင်စုအတွက်မူ သဘာဝတရား၏ အလှတရားဆိုသည်မှာ မွေးရာပါ အန္တရာယ်များစွာဖြင့် ပြည့်နှက်နေသည့် အရာတစ်ခုသာ ဖြစ်သည်။
တောရိုင်းထဲတွင် ရှင်သန်နေထိုင်ကြသူများအနေဖြင့် မြွေတစ်ကောင်သည် လှလေလေ ပို၍ အန္တရာယ်ရှိလေလေဖြစ်ကြောင်း၊ မှိုတစ်ပွင့်သည် လှလေလေ ပို၍ အဆိပ်ပြင်းလေလေဖြစ်ကြောင်းနှင့် ပင့်ကူတစ်ကောင်သည် အရောင်အသွေး စုံလင်လေလေ ပို၍ အသက်အန္တရာယ် ပေးနိုင်လေလေဖြစ်ကြောင်းကို သေချာပေါက် နားလည်ထားကြရမည် ဖြစ်သည်။
ထို့ကြောင့် ရန်ရှောင်စုသည် လှပသောအရာများအပေါ် သဘာဝအတိုင်း တစ်မျိုးတစ်ဖုံ ခုခံကာကွယ်လိုစိတ် ရှိနေပြီး သူသည် တောရိုင်းထဲက အလှတရားကို ထူးခြားဆန်းကြယ်ခြင်းဟု ခေါ်ဆိုသတ်မှတ်ခဲ့လေသည်။
ကားပေါ်က လူအားလုံးသည်လည်း ကားပေါ်မှ ဆင်းလာခဲ့ကြပြီ ဖြစ်သည်။
ရန်ရှောင်စုတစ်ယောက် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ ပထမဆုံး သတိပြုတုံ့ပြန်နိုင်ခဲ့သူဖြစ်သော ရွှီရှန်းချူမှာ အမှန်တကယ် အသက်ရှင်ကျန်ရစ်ခဲ့ကြောင်း တွေ့ရှိလိုက်ရသည်။ သူ့ကို အံ့အားသင့်သွားစေသည်မှာ လျိုပုပါ အသက်ရှင်ကျန်ရစ်ခဲ့ခြင်း ဖြစ်လေသည်။
ရန်ရှောင်စုသည် လျိုပုကို သေစေချင်၍ ဆုတောင်းနေခဲ့ခြင်းမျိုး မဟုတ်ပေ။ သူသည် ကြောက်လန့်သည့်အခါ အော်ဟစ်ငိုယိုတတ်ရုံသာ တတ်နိုင်သော ဤငကြောင်ကောင်က ဘယ်လိုပုံစံမျိုးဖြင့် အသက်ရှင်ကျန်ရစ်ခဲ့သလဲဆိုသည်ကို နားမလည်နိုင်ရုံမျှသာ ဖြစ်သည်...။
လော့ရှင်းယွီလည်း အသက်ရှင်ကျန်ရစ်ခဲ့၏။ ရန်ရှောင်စု၏ မှတ်ဉာဏ်ထဲတွင် လူမျက်နှာပိုးကောင်များ ပေါ်လာပြီးနောက် လော့ရှင်းယွီသည် ရွှီရှန်းချူ၏အနားသို့ ချက်ချင်း တိုးကပ်သွားခဲ့သည်။ သူမသည် ရွှီရှန်းချူ၏ လမ်းပြဦးဆောင်မှုအောက်တွင် အသက်ရှင်ကျန်ရစ်ခဲ့ခြင်း ဖြစ်နိုင်သည်။
ရွှီရှန်းချူက တည်ကြည်လေးနက်သော မျက်နှာထားဖြင့် လူဦးရေကို စစ်ဆေးကြည့်လိုက်၏။
“အခု လူ ၁၁ ယောက်ပဲ ကျန်တော့တယ်။”
မိမိတို့ စတင်ထွက်ခွာလာစဉ်က လူ ၂၀ ရှိခဲ့သော်လည်း ယခုအခါ ကျင်းရှန်းတောင်တန်းသို့ပင် မရောက်သေးမီမှာပင် ၁၁ ယောက်သာ ကျန်ရှိတော့သည်။ ရှေ့ဆက်ရမည့် လမ်းခရီးတွင် မည်သည့်အရာများ ဖြစ်ပျက်လာဦးမည်ကို မည်သူမျှ မသိနိုင်သလို နောက်ဆုံးတွင် မိမိတို့ထဲမှ လူဘယ်နှစ်ယောက် ကျင်းရှန်းတောင်တန်းထဲကနေ ပြန်ထွက်လာနိုင်မလဲဆိုသည်မှာလည်း ပြောရခက်လှသည်။
“ငါ အစကတည်းက လမ်းပြန်လှည့်ရအောင်လို့ ပြောသားပဲ။ ဒါကို မင်းတို့က ဒီကညွန်ထဲကို ဝင်ဖို့ ဇွတ်အတင်း လုပ်ခဲ့ကြတာ။ အထူးစွမ်းအားရှင်တွေကတောင် အသက်ရှင်နေတဲ့သူတွေ မဝင်သင့်ဘူးလို့ ပြောထားတာကို။ မင်းတို့ ဘာလို့ နားမထောင်ခဲ့ကြတာလဲ။”
လျိုပုက မကျေမနပ်ဖြင့် ညည်းညူလိုက်သည်။
“နင့်ပါးစပ်ကို ပိတ်ထားစမ်း။”
လော့ရှင်းယွီက အေးစက်စွာ ပြောလိုက်သည်။
လျိုပုသည် ယခုအချိန်တွင် သတ္တိနည်းနည်း ရရှိလာပုံရပြီး သူ၏အထက်လူကြီး ဖြစ်သော လော့ရှင်းယွီကိုပင် ပြန်လည်သရော်လိုက်သည်။
“ခံတပ်အပြင်ဘက်မှာ စွန့်စားမှုတွေ မလုပ်ပါနဲ့လို့ ငါ ပြောခဲ့သားပဲ။ ဒါပေမဲ့ မင်း နားမထောင်ခဲ့ဘူး။ အခု မင်း ကျေနပ်ပြီလား။”
လော့ရှင်းယွီ၏ မျက်နှာတစ်လုံး ပြာနှမ်းသွားတော့သည်။
“နင်ကိုယ်တိုင်လည်း ဒါကို အပြည့်အဝ ထောက်ခံခဲ့တာပဲ မဟုတ်ဘူးလား။”
“ငါက မထောက်ခံဘူးလို့ ဘယ်လိုလုပ်ပြီး ပြောရဲမှာလဲ။”
လျိုပုက ပြန်လည်ချေပလိုက်သည်။
ရွှီရှန်းချူ မျက်မှောင်ကြုတ်လိုက်မိ၏။
“အခုအချိန်မှာ ဒါတွေကို ပြောနေလို့ ဘာထူးမှာလဲ။ မင်းက အနောက်ကို ပြန်လှည့်ပြီး ဟိုဝံပုလွေအုပ်ကို သွားရှာချင်လို့လား။ ငါတို့ ကညွန်ထဲကို ဝင်ခဲ့ရတာက အခြေအနေအရ အတင်းအကျပ် တွန်းပို့ခံခဲ့ရလို့ပဲ။ ငါတို့အားလုံး အသက်ရှင်ကျန်ရစ်ခဲ့တာကိုပဲ ကံကောင်းတယ်လို့ မှတ်လိုက်။ ငြင်းခုံမနေကြနဲ့။ ငါတို့အတွက် အခု အရေးကြီးဆုံးအရာက ဒီအခက်အခဲကို ကျော်လွှားနိုင်ဖို့ အတူတူ လက်တွဲဆောင်ရွက်ကြဖို့ပဲ။”
လျိုပုနှင့် လော့ရှင်းယွီတို့ နှစ်ဦးလုံး တိတ်ဆိတ်သွားကြတော့သည်။ ရန်ရှောင်စုကမူ သူ့အနေဖြင့် အခြားထွက်ပေါက်တစ်ခုကို ရှာဖွေရမည်ဟု ခံစားလိုက်ရ၏။ အဖွဲ့၏ စိတ်ဓာတ်သည် ပြိုကွဲပျက်စီးသွားခဲ့ပြီဖြစ်ပြီး စည်းလုံးညီညွတ်မှုဟူသည်မှာလည်း အနှစ်သာရမရှိသော ပေါက်ကရစကားလုံးမျှသာ ဖြစ်သည်။
ကားကိုလည်း ဆက်လက်မောင်းနှင်၍ မရတော့ပေ။ ဤနေရာရှိ အပင်များသည် သမပိုင်းမိုးသစ်တောတစ်ခုကဲ့သို့ပင် ထူးဆန်းစွာ ကြီးထွားနေကြသဖြင့် လမ်းကြောင်းတစ်ခုလုံးကို လုံးဝ ပိတ်ဆို့ထားလိမ့်မည်ဟု မည်သူမျှ မျှော်လင့်မထားခဲ့ကြပေ။
“ခရီးခဏနားကြရအောင်။”
ရွှီရှန်းချူက ပင်ပန်းနွမ်းနယ်စွာ ပြောလိုက်သည်။ ၎င်းတို့သည် တစ်ညလုံး ကောင်းမွန်စွာ အနားမယူခဲ့ရဘဲ တစ်ခုပြီးတစ်ခု ကျရောက်လာသော အန္တရာယ်များအောက်တွင် အမှန်တကယ်ပင် စိတ်ရောလူပါ ပြိုလဲလုနီးပါး ဖြစ်နေကြပြီ ဖြစ်သည်။
ရန်ရှောင်စုသည် အလွန်ပင်ပန်းနေသည့်အဟန် ဆောင်ကာ တောအုပ်နှင့် ဝေးသော မြေပြင်ပေါ်တွင် ထိုင်ချလိုက်၏။ ယခုအချိန်တွင် ၎င်းတို့၌ အစားအစာ မရှိတော့ရုံသာမက တဲများနှင့် စောင်များလည်း မရှိတော့ပေ။
ရန်ရှောင်စုတစ်ယောက် ရုတ်တရက် အနည်းငယ် နှမြောတသဖြစ်မိသွားသည်။ သူ၏ ကြွက်ကိုပါ တစ်ပါတည်း ယူဆောင်လာရန် သူ မေ့လျော့ခဲ့၏။ ထိုလူမျက်နှာပိုးကောင်များသည် ကြွက်သားကို စားပြီးနောက် ကြွက်မျက်နှာပိုးကောင်များအဖြစ် ပြောင်းလဲသွားမလားဟုပင် သူ တွေးလိုက်မိသည်...။
သူထိုသို့ တွေးမိလိုက်သည်နှင့် စိတ်ထဲ၌ မျှော်လင့်ချက်တစ်ခု ရှိလာသကဲ့သို့ ဖြစ်သွားခဲ့ပြီး အရင်ကလောက် စိတ်မညစ်တော့ပေ...။
“ဆရာ...”
လော့ရှင်းယွီက ရွှီရှန်းချူကို မေးလိုက်သည်။
“ရှင် ကျင်းရှန်းတောင်တန်းထဲကို ဝင်လာရတဲ့ တကယ့် မစ်ရှင်က ဘာလဲ။”
ရန်ရှောင်စု ရွှီရှန်းချူကို လှမ်းကြည့်လိုက်၏။ ဤမေးခွန်းက သူ့ကိုလည်း အတော်လေး ဒုက္ခပေးနေသော မေးခွန်းတစ်ခု မဟုတ်ပါလော။
ရွှီရှန်းချူသည် တစ်ခဏမျှ တုံ့ဆိုင်းသွားသော်လည်း သူသိထားသမျှ အရာအားလုံးကို ထုတ်ဖော်မပြောပြခဲ့ပေ။ သို့သော် ရန်ရှောင်စုကမူ ရွှီရှန်းချူ ကိုယ်တိုင်တွင်လည်း သံသယအချို့ ရှိနေပုံရသည်ကို သတိပြုမိလိုက်လေသည်။