← Chapters

အခန်း (၅၅-၅၆)

Vol. 6 Ch. 55-56

အခန်း (၅၅-၅၆)

Vol. 6 Ch. 55-56

အခန်း ၅၅

ရွှီရှန်းချူသည် ၎င်းတို့၏ မစ်ရှင်က ဘာလဲဆိုသည်ကို မည်သည့်အခါမျှ ရှင်းပြမသွားခဲ့ပေ။ လျိုပုနှင့် လော့ရှင်းယွီတို့ကဲ့သို့သော တီးဝိုင်းအဖွဲ့ဝင်များသည်လည်း ၎င်းကို သိမနေကြကြောင်း ထင်ရှားလှသည်။ သို့မဟုတ်ပါက ၎င်းတို့သည် ရွှီရှန်းချူကို ဤမေးခွန်းမျိုး မေးနေကြမည် မဟုတ်ပေ။

ရန်ရှောင်စုတစ်ယောက် အနည်းငယ် နားမလည်နိုင်အောင် ဖြစ်နေမိသည်။ ရွှီရှန်းချူနှင့် သူ့အဖွဲ့ သွားရမည့် မစ်ရှင်ရည်မှန်းချက်များနှင့် ကျင်းရှန်းတောင်တန်း၏ ပြောင်းလဲမှုများကြားတွင် မည်သို့သော ဆက်နွှယ်မှုမျိုး ရှိနေသနည်း။

ထိုစဉ် ရွှီရှန်းချူက ရုတ်တရက် ပြောလိုက်သည်။

“အမှန်တော့ ငါတို့လည်း ဒီနေရာမှာ ဒီလောက်အထိ အပြောင်းအလဲကြီးတွေ ဖြစ်နေလိမ့်မယ်လို့ မျှော်လင့်မထားခဲ့ဘူး။ ဒါကြောင့်မို့လို့လည်း လူ ၁၂ ယောက်ပဲ စေလွှတ်ခဲ့တာပေါ့။ ငါ မင်းတို့ကို ရှင်းရှင်းလင်းလင်း ပြောနိုင်တာကတော့ ဒီမှာ ဘာတွေဖြစ်ပျက်ခဲ့လဲဆိုတာ ငါတို့ လုံးဝ မသိထားဘူးဆိုတာပဲ။”

“ငါတို့အားလုံး ဒီနေရာကနေ အသက်ရှင်လျက် ပြန်ထွက်နိုင်ပါ့မလားတောင် မသေချာတဲ့ အခြေအနေမှာ ခင်ဗျားရဲ့ လျှို့ဝှက်ချက်တွေကို ငါတို့ကို ဘာလို့ မျှဝေမပေးနိုင်ရတာလဲ။”

လျိုပု တစ်ယောက် စိတ်အခြေအနေတစ်ခုလုံး ပြိုလဲလုနီးပါး ဖြစ်နေပြီ ဖြစ်သည်။ သူသည် မိမိ မည်သည့်အခြေအနေနှင့် ရင်ဆိုင်နေရသည်ကို သိချင်ရုံသက်သက်သာဖြစ်၍ မည်သည့်သဲလွန်စကိုမျှ လက်မလွှတ်ချင်ပေ။ သူက ရွှီရှန်းချူနား ကပ်သွားပြီး အံကြိတ်ကာ ပြောလိုက်သည်။

“ငါတို့အားလုံးက အခု တစ်လှေတည်းစီး၊ တစ်ခရီးတည်း သွားနေကြတဲ့သူတွေပဲ။ အကယ်၍ ခင်ဗျား မပြောဘူးဆိုရင် ဒီလျှို့ဝှက်ချက်ကို ငါတို့နဲ့အတူ မြေမြုပ်လိုက်ရလိမ့်မယ်။”

လျိုပု၏ မျက်နှာသည် ရွှီရှန်းချူ၏ မျက်နှာနှင့် ကပ်လုနီးပါး ဖြစ်နေပြီး တံတွေးများပင် ပန်းထွက်နေ၏။

ရွှီရှန်းချူက လျိုပုကို ဘေးသို့ တွန်းထုတ်လိုက်သည်။

“မင်းတို့အားလုံးက မင်းတို့ဘာသာ ဒီကို လာခဲ့ကြတာပဲ။ အခုကျမှ ငါတို့ကို အပြစ်တင်နေတာလား။ မင်းတို့ တခြားခံတပ်တွေကို အမြဲတမ်း သွားချင်နေခဲ့တာလို့ ငါ ကြားဖူးပါတယ်...ဟုတ်တယ်မလား။ ဒီမစ်ရှင်သာ မရှိရင် မင်းတို့လည်း သွားကြရမှာ မဟုတ်ဘူး။ အခုကျမှ ဘာမှမဆိုင်သလို လက်ဆေးပစ်ပြီး ငါတို့ကပဲ မင်းတို့ကို သေတွင်းထဲ ခေါ်လာသလိုလို လုပ်မနေနဲ့။”

ရန်ရှောင်စုသည် ထိုအခြေအနေကို လက်ထဲတွင် မြေပဲဆုပ်လေးတစ်ဆုပ်ပဲ လိုတော့သည့်အလား စိတ်ဝင်တစား ကြည့်ရှုနေ၏။ ထိုစဉ် ယန်ရှောင်ကျင်းက ရုတ်တရက် စကားပြောလိုက်သည်။

“ငါ ဗိုက်ဆာပြီ။”

ရန်ရှောင်စုတစ်ယောက် ထိုစကားကြောင့် အံ့အားသင့်သွား၏။

“မင်း ဗိုက်ဆာတာ ငါ့ကို လာပြောနေတော့ ငါက ဘာလုပ်ရမှာလဲ။”

“ဓားမြှောင်”

ယန်ရှောင်ကျင်းက တိုတိုတုတ်တုတ် ပြောလိုက်သည်။

“အာ...”

ရန်ရှောင်စုက ချက်ချင်းပင် ခေါင်းညိတ်လိုက်သည်။

“ထိုင်... ထိုင်။ ငါ မင်းစားဖို့ အခုချက်ချင်း တစ်ခုခု သွားရှာပေးမယ်။ မင်း မစားတဲ့ အစားအစာမျိုး ရှိလား။”

“မရှိဘူး”

ယန်ရှောင်ကျင်းက ထိုသို့ပြောရင်း မြေပြင်ပေါ်တွင် ထိုင်ချလိုက်၏။ လော့ရှင်းယွီမှာမူ မြေပြင်ပေါ်တွင် ထိုင်ရန်အတွက် အဝတ်အစားတစ်ထည်ကို ခင်းနေရဆဲ ဖြစ်ပြီး ယန်ရှောင်ကျင်းကတော့ ထိုသို့ ဂျေးများခြင်းမရှိကြောင်း ပြသနေခဲ့သည်။

သို့သော် ရန်ရှောင်စုတစ်ယောက် ယခုအခါ အနည်းငယ် စိုးရိမ်ပူပန်နေရပြီဖြစ်သည်။ သူ သယ်ဆောင်လာသော ကြွက်မှာ ပျောက်ဆုံးသွားခဲ့ချေပြီ။ စောစောက သူသည် တစ်ဖက်က ကားမောင်းသမားကို သယ်ပြီး အခြားတစ်ဖက်က ဓားမြှောင်ကို ကိုင်ထားရသဖြင့် ထိုကြွက်ကို ဆက်လက်မသယ်ဆောင်နိုင်ခဲ့ပေ။ ယခုအချိန်တွင် ချက်ပြုတ်စရာ အမယ်များ ရှာဖွေရန် အနည်းငယ် ခက်ခဲနေခဲ့သည်။

မိမိတို့ ရှေ့က ထူထပ်လှသော တောအုပ်ကြီးသည်လည်း တကယ့်ကို ထူးဆန်းကြောက်မတ်ဖွယ် ကောင်းလှသည်။ ညဘက်တွင် အတွင်းပိုင်းကို လုံးဝမမြင်ရပေ။ အစားအစာ ရှာဖွေရန်အတွက် မိုးလင်းသည့်အထိ စောင့်ဆိုင်းကာ ပတ်ဝန်းကျင်ကို သေချာစွာ စောင့်ကြည့်လေ့လာပြီးမှသာ တောထဲသို့ ဝင်ရဲမည် ဖြစ်သည်။

အတိအကျ ထိုအချိန်မှာပင် ယန်ရှောင်ကျင်းသည် သူ၏ စိုးရိမ်ပူပန်နေသော မျက်နှာထားကို သတိပြုမိသွားပြီး ရုတ်တရက် ပြောလာ၏။

“ငါ ဟိုကြွက်ကို ကားနောက်ခန်းထဲ ပစ်ထည့်ခဲ့တယ်။”

ရန်ရှောင်စုတစ်ယောက် မှင်တက်သွားခဲ့သည်။ စောစောက ရုန်းရင်းဆန်ခတ် ဖြစ်နေစဉ်အတွင်း ယန်ရှောင်ကျင်းသည် တစ်စုံတစ်ခုကို သယ်ဆောင်လာခဲ့သည်ဟု သူ ဝေဝေဝါးဝါး မှတ်မိနေသော်လည်း အလောတကြီး ဖြစ်နေခဲ့သဖြင့် သေချာ မမြင်ခဲ့ရပေ။ သူမ သယ်လာသည်မှာ ထိုဧရာမကြွက်ကြီး ဖြစ်နေလိမ့်မည်ဟု သူ မထင်ထားခဲ့မိပေ...။

ယန်ရှောင်ကျင်း၏ ကြိုတင်ပြင်ဆင်မှုက ရန်ရှောင်စုအတွက် ဒုက္ခများစွာကို အမှန်တကယ်ပင် သက်သာစေခဲ့သည်ဟု ဆိုရပေမည်။ အတိတ်ကာလက ရန်ရှောင်စုသည် တောရိုင်းထဲတွင် အမြဲတမ်း တစ်ဦးတည်းသာ သွားလာလှုပ်ရှားခဲ့ပြီး မည်သူ့အကူအညီကိုမျှ မတောင်းခံခဲ့ဖူးသဖြင့် အန္တရာယ်နှင့် အခက်အခဲအားလုံးကို မိမိဘာသာ တစ်ယောက်တည်း ရင်ဆိုင်ခဲ့ရသည်။

အမှန်တော့ ဈေးမြို့လေးထဲက လူအချို့သည် အမဲလိုက်ရာတွင် အတူတူသွားရန် သူ့ထံသို့ လာရောက်ချဉ်းကပ်ခဲ့ဖူးသော်လည်း ရန်ရှောင်စုက အားလုံးကို ငြင်းပယ်ခဲ့သည်။

၎င်းမှာ အခြားသူများတွင် စွမ်းရည်မရှိ၍ မဟုတ်ဘဲ ယုံကြည်စိတ်ချရခြင်း မရှိသောကြောင့် ဖြစ်သည်။ တောရိုင်းထဲတွင် ပင်ပန်းနွမ်းနယ်လွယ်လှပြီး ထိုသို့သော အချိန်မျိုးတွင် လူသားများနှင့် အတူရှိနေခြင်းထက် တောရိုင်းတိရစ္ဆာန်များနှင့် အတူရှိနေခြင်းက ပို၍ စိတ်ချရပေသည်။

ရန်ရှောင်စုသည် မိမိ၏ ဖိအားများကို ခွဲဝေထမ်းဆောင်နိုင်ရန်အတွက် ယန်လျို့ယွမ်ကို လေ့ကျင့်ပေးရမလားဟု တစ်ခါက တွေးတောဖူးသော်လည်း ပြန်လည်စဉ်းစားကြည့်ပြီးနောက် ထိုစိတ်ကူးကို လက်လျှော့ခဲ့ရ၏။ ရန်ရှောင်စုသည် ယန်လျို့ယွမ်ကို အန္တရာယ်ရှိသော အခြေအနေမျိုးထဲသို့ မရောက်စေချင်ပေ။

ယခုအခါတွင်မူ ရန်ရှောင်စုသည် ပထမဆုံးအကြိမ်အဖြစ် မိမိတွင် ကူညီပေးမည့်သူရှိနေသည်ဟု ခံစားလိုက်ရသည်။

သို့သော်လည်း ရန်ရှောင်စုသည် ထိုစိတ်ကူးကို ချက်ချင်းပင် ဖျောက်ဖျက်ပစ်လိုက်၏။ ၎င်းတို့နှစ်ဦးသည် ယခုအခါတွင် အလဲအလှယ်လုပ်ရုံသက်သက် ဆက်ဆံရေးမျိုးသာ ရှိကြသေးသည်။ ၎င်းတို့သည် တစ်ဦးနှင့်တစ်ဦး၏ စွမ်းရည် သို့မဟုတ် အရင်းအမြစ်များကို ယုံကြည်သောကြောင့် တောရိုင်းထဲတွင် ယာယီမဟာမိတ်အဖြစ် ဖွဲ့စည်းထားခြင်းသာ ဖြစ်သည်။ ဤမဟာမိတ်အဖွဲ့သည် နှုတ်ဆိတ်နေသော သဘောတူညီချက်တစ်ခုမျှသာဖြစ်ပြီး အမှန်စင်စစ်တွင်မူ ၎င်းတို့သည် တစ်ဦးကိုတစ်ဦး ယုံကြည်ခြင်းမရှိဘဲ မိမိတို့ လိုအပ်သောအရာကိုသာ အပြန်အလှန် ရယူနေကြခြင်း ဖြစ်သည်။

ရန်ရှောင်စု ကားထဲမှ ဧရာမကြွက်ကြီးကို ထုတ်ယူလိုက်သည်။ ဤအချိန်တွင် အခြားသူများအားလုံးသည် အလွန်ဗိုက်ဆာနေကြပြီ ဖြစ်သော်လည်း တွေ့ကရာအရာအားလုံးကို ကောက်စားရလောက်အောင်အထိတော့ ဗိုက်မဆာသေးပေ။ ထို့ကြောင့် ရန်ရှောင်စုက ကြွက်ကြီး သယ်ဆောင်လာသည်ကို မြင်လိုက်ရသည့်အခါ သူ ထိုအရာကို စားတော့မည်ဟူသော အတွေးကြောင့် ၎င်းတို့ စိတ်ထဲတွင် အနည်းငယ် ပျို့အန်ချင်သလို ခံစားလိုက်ကြရတော့သည်။

အခြားသူအားလုံးမှာမူ ဘာဆက်လုပ်ကြမည်နည်းဆိုသည်ကို စိတ်အားထက်သန်စွာ ဆွေးနွေးနေကြ၏။

ယန်ရှောင်ကျင်းကမူ ထင်းများ စုဆောင်းပြီးနေပြီဖြစ်ကာ မီးမွှေးရန် ပြင်ဆင်နေပြီဖြစ်သည်။ ရန်ရှောင်စုက သူ့နားကို တိုးတိုးလေးကပ် ပြောလိုက်သည်။

“တောအုပ်ထဲကနေ ထွက်လာတဲ့အခါ နောက်ဆုတ်ရင် တောအုပ်ဘက်ကိုပဲ သေချာပေါက် မျက်နှာမူထား။”

ယန်ရှောင်ကျင်းက မျက်ခုံးတစ်ဖက်ကို ပင့်လိုက်၏။

“ဘာဖြစ်လို့လဲ။”

“ဘာလို့လဲဆိုတော့ တောရိုင်းကြောင်ကြီးတွေရဲ့ တိုက်ခိုက်လိုတဲ့ ဗီဇစိတ်က နှိုးဆွခံရလွယ်လို့ပဲ။ သူတို့ကိုယ်သူတို့တောင် မထိန်းချုပ်နိုင်တော့တဲ့ အခြေအနေမျိုး ဖြစ်သွားတတ်တယ်။ ဒါက ကြောင်မျိုးနွယ်တွေရဲ့ သဘာဝဗီဇပဲ။”

ရန်ရှောင်စုက ရှင်းပြလိုက်သည်။

“တောရိုင်းထဲမှာ တကယ်ကို တောကြောင်တွေ အများကြီးရှိတယ်။ ဆရာကျန်း ပြောဖူးတာတော့ အဲ့ဒီတောကြောင်တွေက ကပ်ဘေးကြီး မတိုင်ခင်က အိမ်မွေးကြောင်တွေရဲ့ မျိုးဆက်တွေ ဖြစ်နိုင်တယ်တဲ့။ သူတို့ သခင်တွေ မရှိတော့တဲ့အခါ တောထဲမှာပဲ လွတ်လပ်စွာ ကြီးပြင်းလာခဲ့ကြရပြီး သူတို့ရဲ့ သဘာဝကလည်း ပိုမိုရိုင်းစိုင်းလာခဲ့တာပေါ့။ ဒါ့အပြင် ဒီတောကြောင်တွေက တစ်နေ့ထက်တစ်နေ့ ပိုပြီး ကြီးမားလာကြသလို သူတို့ရဲ့ သတ်ဖြတ်နိုင်စွမ်းကလည်း အံ့ဩစရာပဲ။”

“အဲ့ဒါက အန္တရာယ်ရှိလား။”

ယန်ရှောင်ကျင်းက မေးလိုက်သည်။

“အင်း အန္တရာယ်ရှိတယ်။ ဒါပေမဲ့ မင်းက သူတို့ကို မျက်နှာချင်းဆိုင်ကြည့်နေရင် သူတို့က မင်းကို တိုက်ခိုက်ချင်မှ တိုက်ခိုက်လိမ့်မယ်။ ဒါကြောင့် တောအုပ်ဘက်ကို ဘယ်တော့မှ ကျောမခိုင်းနဲ့။ တောအုပ်ထဲမှာ ဘာတွေပုန်းနေလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူး။”

ရန်ရှောင်စုအနေဖြင့်လည်း မိမိ၏ အသက်ရှင်ကျန်ရစ်နိုင်ခြေကို မြှင့်တင်ရန်အတွက် ဤယာယီမဟာမိတ်အဖွဲ့ကို ဆက်လက်ထိန်းသိမ်းထားချင်၍ ဖြစ်နိုင်၏။ ထို့ကြောင့် သူက ယန်ရှောင်ကျင်းကို စကားအနည်းငယ် ပိုမိုပြောဆိုခဲ့ခြင်း ဖြစ်သည်။

ရန်ရှောင်စုသည် ဓားမြှောင်ကိုယူကာ ကြွက်ကို စတင်ကိုင်တွယ်လိုက်တော့သည်။ အမှန်အတိုင်းပြောရလျှင် သူသည် မူလက ဤကြွက်သားကို အသုံးပြု၍ ကင်းခြေများကို ဖမ်းရန် စီစဉ်ထားခြင်း ဖြစ်သည်။ ကြွက်သားနှင့် နှိုင်းယှဉ်ပါက ကင်းခြေများကင်က ပို၍ အရသာရှိလိမ့်မည်ဟု ရန်ရှောင်စု တွေးထင်ထားခဲ့သည်။

သို့သော် ယခုအချိန်တွင်မူ ဘာမျှလုပ်၍မရတော့ပေ။ စောစောက လူမျက်နှာပိုးကောင် ဖြစ်စဉ်ဖြစ်ပွားပြီးနောက် ရန်ရှောင်စုသည် အသားဖြင့် ငါးမျှားသကဲ့သို့ လုပ်လိုက်ပါက အခြားထူးဆန်းသော သတ္တဝါဆန်းတစ်ကောင်ကောင်အား ဆွဲတင်မိမည်ကို အမှန်တကယ် စိုးရိမ်ပူပန်နေမိသည်...။

သူသည် ကြွက်၏ ဖွံထွားလှသော နောက်ခြေထောက်နှစ်ဖက်ကို လျင်မြန်စွာ လှီးဖြတ်လိုက်၏။ ထို့နောက် ထိုအနောက်ခြေနှစ်ဖက်ကို ယန်ရှောင်ကျင်းအား ကမ်းပေးကာ မီးပုံပေါ်တွင် ကင်ခိုင်းလိုက်သည်။ ဆယ်မိနစ်မပြည့်မီအချိန်မှာပင် အသားကင်၏ မွှေးပျံ့လှသောရနံ့က ဆယ်မီတာကျော်အကွာအထိပင် လွင့်ပျံသွားတော့သည်။

လျိုပုနှင့် အခြားသူများ အားတက်သရော ဆွေးနွေးနေကြစဉ် အသားကင်နံ့ကို ရရှိလိုက်ကြသည့်အခါ အားလုံးက တံတွေးများကို အတင်းမြိုချလိုက်ကြပြီး ၎င်းတို့ ဘာအကြောင်း ဆွေးနွေးနေခဲ့ကြသည်ကိုပင် လုံးဝ မေ့လျော့သွားကြတော့သည်...။

လူတိုင်းက ရန်ရှောင်စုထံသို့ တိတ်တဆိတ် လှည့်ကြည့်လိုက်ကြရာ ရန်ရှောင်စုသည် သူ၏ လက်ကောက်ဝတ်ကို လှပစွာ လွှဲလိုက်ပြီး ကျန်ရှိနေသော ကြွက်သားများကို တောအုပ်ထဲသို့ ပစ်ထည့်လိုက်သည်ကို မြင်လိုက်ကြရ၏။ ယခုအခါ ရန်ရှောင်စုသည် မိမိကိုယ်ကိုယ် အလွန်သန်မာနေပြီဟု ခံစားနေရသည်။ ကျန်ရှိသော အသားများသည် မျက်စိတစ်မှိတ်အတွင်းမှာပင် တောထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားတော့သည်။

လျိုပု တစ်ယောက် အလောတကြီး ဖြစ်သွား၏။

“မင်း အဲ့ဒါကို ဘာလို့ လွှင့်ပစ်လိုက်တာလဲ။”

“ခင်ဗျားတို့လည်း စားမှာမှမဟုတ်တာ။ တောရိုင်းတိရစ္ဆာန်တွေကို ဆွဲဆောင်ဖို့အတွက် ဒီနေရာမှာ ဒီအတိုင်း ထားခဲ့ရမှာလား။”

ရန်ရှောင်စုက ၎င်းတို့ကို စိတ်ပျက်လက်ပျက်ဖြင့် လှမ်းကြည့်လိုက်၏။

“ခင်ဗျား စားချင်ရင် ခင်ဗျားတို့ဘာသာ သွားကောက်ကြ။”

လျိုပုတစ်ယောက် တစ်ခဏမျှ ဆွံ့အသွားပြီးနောက် နှာခေါင်းရှုံ့လိုက်သည်။

“ဟမ့် ငါက ဒီလိုရွံစရာကောင်းတဲ့ အစားအစာမျိုးကို ဘယ်တော့မှ မစားဘူး။”

“ဒါက ခင်ဗျား ဒီထက်ပိုပြီး ရွံစရာကောင်းတဲ့အရာတွေကို မစားဖူးသေးလို့ပါ...။”

ရန်ရှောင်စုက တည်ငြိမ်စွာပင် ပြောလိုက်သည်။

ခဏလေး...ဒီခံတပ်အတွင်းက လူတွေက ဒီထက်ပိုပြီး ရွံစရာကောင်းတဲ့အရာတွေကို စားဖူးကြတယ် မဟုတ်ဘူးလား။

ရန်ရှောင်စု၏ အမြင်အရ ခံတပ်အတွင်းက အရေးကြီးပုဂ္ဂိုလ်များသည် ဇီဝဇိုးငှက်သိုက်ကဲ့သို့သော အရာမျိုးကို နှစ်သက်စွာ စားတတ်ကြရာ ၎င်းနှင့် နှိုင်းယှဉ်လျှင် ကြွက်သားဆိုသည်မှာ ဘာမျှမဟုတ်တော့ပေ...။

အတိတ်ကာလတုန်းက ရန်ရှောင်စုသည် ကျောင်းက ဆရာကျန်း ပြောပြသည်ကို ကြားဖူး၏။ ၎င်းမှာ ခံတပ်အတွင်းက အရေးကြီးပုဂ္ဂိုလ် အများအပြားသည် ငှက်သိုက်စားရသည်ကို အလွန်နှစ်သက်ကြသည်ဟူ၍ ဖြစ်သည်။ ဇီဝဇိုးငှက်များတွင် ဤမျှလောက်များပြားသော သလိပ်များ အဘယ်ကြောင့် ရှိနေရသနည်းဟု သူ တွေးကြည့်မိသည်။ ထိုငှက်များ တီဘီရောဂါ မိနေကြ၍လော။ စကားပုံတစ်ခုတွင် “တီဘီရောဂါမိနေသော ဇီဝဇိုးငှက်များ အုပ်စုလိုက် ပျံသန်းနေကြသည်” ဟု ရှိရာ ၎င်းမှာ ဤအရာကို ရည်ညွှန်းခြင်း ဖြစ်ပေလိမ့်မည်။

သို့သော်လည်း သူသည် ထိုလူများနှင့် စကားအများကြီး မပြောချင်တော့ပေ။ မီးပုံပေါ်ရှိ အရေခွံဆုတ်ထားသော ဆူဖြိုးလှသည့် ကြွက်သားကြီးတုံးမှာ မကြာမီမှာပင် ရွှေဝါရောင်သန်းလာပြီး ကျက်လာခဲ့ပြီ ဖြစ်သည်။ လျိုပုနှင့် အခြားသူများသည် ဆွေးနွေးခြင်းကို ရပ်တန့်လိုက်ကြပြီး တံတွေးများကို တမြုံ့မြုံ့မြိုချရင်း ထိုနေရာတွင် ငေးမောရပ်ကြည့်နေကြရလေသည်။

ဤတစ်ညလုံး ပင်ပန်းဆင်းရဲလှပြီး လူတိုင်းသည် ကြောက်ရွံ့လွန်းလှသဖြင့် ညစာပင် မစားနိုင်ခဲ့ကြပေ။ တစ်ညလုံး ထွက်ပြေးတိမ်းရှောင်ခဲ့ရသဖြင့် ခန္ဓာကိုယ်များ ပင်ပန်းနွမ်းနယ်နေကြပြီဖြစ်ရာ အားလုံး ဗိုက်ဆာလွန်းလှသဖြင့် ပြာဝေနေကြပြီ ဖြစ်သည်။

အချို့လူများသည် တောအုပ်ထဲသို့ သွားကာ ကျန်ရှိနေသော ကြွက်သားများကို ပြန်လည်ရှာဖွေချင်ကြသော်လည်း ပြဿနာမှာ ရန်ရှောင်စုက ၎င်းကို အလွန်ဝေးလံလှသော နေရာသို့ ပစ်လိုက်ခြင်းပင် ဖြစ်လေသည်။

အခန်း ၅၆

ရန်ရှောင်စုသည် ကျန်ရှိနေသော ကြွက်သားများကို သူ၏လက်ကောက်ဝတ်အား လွှဲ၍ လွှင့်ပစ်လိုက်ရာ ၎င်းမှာ မည်သူ့ကိုမျှ မျှဝေကျွေးမွေးရန် ဆန္ဒမရှိသလို လွှင့်ပစ်လိုက်ရခြင်းအတွက်လည်း နှမြောတသဖြစ်သည့် အရိပ်အယောင် လုံးဝမရှိကြောင်း ထင်ရှားနေသည်။

‘မင်း တခြားလူတွေကို မကျွေးတာ ထားပါတော့။ မနက်ဖြန်ကျရင်ကော မင်းကိုယ်တိုင် အငတ်ခံမလို့လား။’

လျိုပုတစ်ယောက် စိတ်ထဲမှ တွေးလိုက်မိသည်။

သို့သော် ရန်ရှောင်စု၏ အတွေးမှာမူ ထိုသို့မဟုတ်ပေ။ သူသည် ခန္ဓာကိုယ်ပတ်ဝန်းကျင်တွင် ပြင်းထန်သော သွေးညှီနံ့များကို ဆက်လက်ထိန်းသိမ်းထားမည့်အစား မနက်ဖြန်တွင် အစာအသစ်ပြန်ရှာရန် သို့မဟုတ် ငတ်မွတ်မှုကို ခံယူရန်သာ ပို၍ လိုလားပေသည်။

ဤအခိုက်အတန့်တွင် ယန်ရှောင်ကျင်းသည် သူမ၏လက်ထဲ၌ ဆားပုလင်းသေးလေးတစ်လုံးကို ကိုင်ထားရင်း ကင်ထားသော ကြွက်သားကို တိတ်ဆိတ်စွာ စိုက်ကြည့်နေ၏။ သူမကို တစ်ချက်ကြည့်ရုံမျှဖြင့် အနည်းငယ် သဘောထားကွဲလွဲရုံနှင့် သေနတ်ဆွဲထုတ်တတ်သော သေနတ်ဆရာကြီးတစ်ဦး ဖြစ်လိမ့်မည်ဟု မည်သူမျှ စိတ်ကူးမိမည်မဟုတ်ပေ။

ခဏလေး...။

ရန်ရှောင်စု ရုတ်တရက် သတိရသွား၏။ သူ ကျင်းရှန်းတောင်တန်းသို့ သွားရောက်ရန် ငြင်းဆန်ခဲ့သည့် မစ်ရှင်ကို အောင်မြင်ခဲ့စဉ်က နန်းတော်သည် သူ့အား ဆုလာဘ်အဖြစ် အခြေခံအဆင့် စကေးသင်ယူမှုစာရွက်တစ်ခု ပေးအပ်ခဲ့ဖူးရာ ၎င်းကို ယခုအချိန်အထိ သူ မအသုံးပြုရသေးပေ။

ဈေးမြို့လေး၏ ဈေးကွက်ထဲတွင် ရှိစဉ်က အဓိကပြဿနာမှာ သင်ယူရမည့် ပစ်မှတ် ရှားပါးခြင်း ဖြစ်သည်။ ယခုမူ မိမိတို့ ဘေးနားမှာတင် အကောင်းဆုံး သင်ယူရမည့် ပစ်မှတ်တစ်ခု ရှိနေပြီ မဟုတ်ပါလော။

ဤအရာသည် အခြေခံအဆင့် စာရွက်တစ်ခုသာဖြစ်ပြီး မိမိ၏ သေနတ်ပစ်ခတ်မှု စွမ်းရည်ကို ပိုမိုတိုးတက်အောင် မကူညီနိုင်တော့သော်လည်း မေးစရာရှိသည်မှာ ယန်ရှောင်ကျင်းကဲ့သို့သော လူတစ်ဦးတွင် အခြားထူးခြားဆန်းကြယ်သော စွမ်းရည်များလည်း သေချာပေါက် ရှိနေဦးမည် မဟုတ်ပါလော။

အခြေခံအဆင့် စကေးသင်ယူခြင်းစာရွက်များကို ရရှိရန်မှာ သိပ်မခက်ခဲလှပုံရသဖြင့် ရန်ရှောင်စုသည် ယန်ရှောင်ကျင်းထံမှ ပိုမိုများပြားသော တောရိုင်းရှင်သန်မှု စွမ်းရည်များကို သင်ယူနိုင်လိမ့်မည်ဟု ခံစားလိုက်ရသည်။

ရန်ရှောင်စုသည် သူ့စိတ်ထဲမှနေ၍ နန်းတော်ကို ရုတ်တရက် မေးလိုက်သည်။

“ယန်ရှောင်ကျင်းရဲ့ စွမ်းရည်အားလုံးကို ငါ့အတွက် စာရင်းလုပ်ပေးလို့ ရမလား။”

သူသည် နောက်ဆုံး ဆုံးဖြတ်ချက်မချမီ ယန်ရှောင်ကျင်းတွင် အခြားမည်သည့် တန်ဖိုးရှိသော စွမ်းရည်များ ရှိသေးလဲဆိုသည်ကို ကြည့်ရှုချင်သေးသည်။

“ထုတ်ဖော်ပြသပိုင်ခွင့် မရှိပါ။”

နန်းတော်က ပြတ်သားစွာ ပြန်လည်ဖြေကြားလာခဲ့သည်။

“ဟမ်... ငါ သူမရဲ့ သေနတ်စွမ်းရည်ကို သင်ယူပြီးပြီ မဟုတ်ဘူးလား။”

ရန်ရှောင်စုက သိလိုစိတ်ဖြင့် ထပ်မေးလိုက်၏။

“ထုတ်ဖော်ပြသပိုင်ခွင့် မရှိပါ။”

နန်းတော်က နောက်တစ်ကြိမ် ပြတ်သားစွာ ထပ်မံဖြေကြားလာခဲ့ပြန်သည်။

ရန်ရှောင်စုတစ်ယောက် ခဏကြာအောင် စဉ်းစားပြီးနောက် မေးခွန်းပုံစံကို ပြောင်းလဲ၍ မေးလိုက်သည်။

“သူမရဲ့ တိုက်ခိုက်ရေးစွမ်းရည်က အဆင့်ဘယ်လောက်ရှိလဲ။”

“အဆင့်မြင့်...။”

နန်းတော်က ဆိုသည်။ ရန်ရှောင်စု သဘောပေါက်သွား၏။ နန်းတော်ကို မေးမြန်းသည့်အခါ တိုက်ခိုက်ရေးစွမ်းရည် သို့မဟုတ် ဆေးဝါးကုသမှုစွမ်းရည် စသည်ဖြင့် သီးခြားစွမ်းရည်တစ်ခုချင်းစီကိုသာ ကန့်သတ်မေးမြန်းရမည်ဖြစ်ပြီး ထိုအခါမှသာ နန်းတော်က သူ့ကို ပြန်လည်ဖြေကြားမည် ဖြစ်သည်။

သို့သော် အကယ်၍ သူက နန်းတော်အား ပစ်မှတ်၏ စွမ်းရည်အားလုံးကို တိုက်ရိုက်စာရင်းပြုစုခိုင်းပါက နန်းတော်က နားထောင်မည်မဟုတ်ပေ...။ အားလုံးကို ကိုယ့်ဘာသာ ခန့်မှန်းရုံသာ ရှိတော့သည်။

“ဒါဆို ငါ့ရဲ့ တိုက်ခိုက်ရေးစွမ်းရည်ကရော ဘယ်အဆင့်ရှိလဲ။”

ရန်ရှောင်စုက ဆက်လက်မေးမြန်းလိုက်သည်။

“အလယ်အလတ်အဆင့်။”

နန်းတော်က ဆိုသည်။

သူ၏ တိုက်ခိုက်ရေးစွမ်းရည်မှာ နှစ်ပေါင်းများစွာအတွင်း အခြားသူများနှင့် ရန်ဖြစ်ခြင်း၊ လုံးထွေးသတ်ပုဒ်ခြင်းများမှ ရရှိလာခဲ့သော အတွေ့အကြုံများသာဖြစ်ပြီး ၎င်းတို့ကို စနစ်တကျ သီအိုရီတစ်ခုအဖြစ် ပေါင်းစပ်ဖွဲ့စည်းထားခြင်း မရှိပေ။ သူ အကောင်းဆုံး သိထားသည်မှာ လူတစ်ယောက်ကို အသက်အန္တရာယ်ဖြစ်စေရန် မည်သည့်နေရာကို တိုက်ခိုက်ရမည်နည်းဆိုသည်သာ ဖြစ်သည်။ သို့သော် ယန်ရှောင်ကျင်းနှင့် နှိုင်းယှဉ်ပါက သူ ပိုင်ဆိုင်ထားသောအရာသည် သိပ္ပံနည်းကျခြင်းသို့မဟုတ် စနစ်ကျခြင်းမရှိလှဘဲ သူ၏ ဗီဇစိတ်အာရုံအပေါ်တွင်သာ လုံးလုံးလျားလျား မှီခိုနေခြင်း ဖြစ်သည်။

ထို့ကြောင့် ယန်ရှောင်ကျင်း၏ အဆင့်က အဆင့်မြင့်ဖြစ်ပြီး သူ၏အဆင့်ကမူ အလယ်အလတ်အဆင့်သာ ဖြစ်နေခြင်းဖြစ်သည်။

သို့သော်လည်း အစစ်အမှန် တိုက်ခိုက်မှုတစ်ခုတွင် နှစ်ဖက်စလုံး၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုအခြေအနေအပေါ်တွင်လည်း မူတည်နေသေးသည်။ အကယ်၍ ယန်ရှောင်ကျင်း၏ ခွန်အားနှင့် ဖျတ်လတ်မှုက ရန်ရှောင်စုထက် နိမ့်ကျနေပါက သို့မဟုတ် အများကြီး နိမ့်ကျနေပါက သူမတွင် မည်မျှပင် မြင့်မားသော တိုက်ခိုက်ရေးစွမ်းရည် ရှိနေပါစေ အသုံးဝင်လိမ့်မည် မဟုတ်ပေ။

ရန်ရှောင်စုတစ်ယောက် ယန်ရှောင်ကျင်းကို အကဲခတ်ကြည့်လိုက်ရာ ယန်ရှောင်ကျင်းသည် ခန္ဓာကိုယ် ထွားကျိုင်းသူမဟုတ်သဖြင့် ခွန်အားပိုင်းတွင် မိမိလောက် သန်မာမည်မဟုတ်ကြောင်း ခန့်မှန်းမိလိုက်သည်။

“အဆင့်မြင့် တိုက်ခိုက်ရေးစွမ်းရည်”

ဤအရာက ရန်ရှောင်စုကို အမှန်တကယ် ဆွဲဆောင်နေ၏။ အကြောင်းမှာ သူသည် ဤစွမ်းရည်များ၏ အရေးပါမှုကို နားလည်ထားသောကြောင့် ဖြစ်သည်။

သူသာ အဆင့်မြင့် တိုက်ခိုက်ရေးစွမ်းရည်ကို သင်ယူနိုင်ပါက လူသားများနှင့် ရင်ဆိုင်ရသည့်အခါ ပိုမိုယုံကြည်မှု ရှိလာမည့်အပြင် အကယ်၍ နောင်တစ်ချိန်တွင် ဆရာကြီးအဆင့် တိုက်ခိုက်ရေးသမားတစ်ဦးနှင့် တွေ့ဆုံခဲ့လျှင် ဆရာကြီးအဆင့် စကေသင်ယူခြင်းစာရွက်ကို တိုက်ရိုက် အသုံးပြုနိုင်မည် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အဆင့်မြင့်စွမ်းရည်တစ်ခုကို ကြိုတင်ပိုင်ဆိုင်ထားခြင်းသည် ဆရာကြီးအဆင့် စကေသင်ယူခြင်းစာရွက်ကို အသုံးပြုနိုင်ရန်အတွက် သော့ချက်တစ်ခု ဖြစ်သောကြောင့် ဖြစ်သည်။

ဤသော့ချက်သာ မရှိပါက ဆရာကြီးအဆင့် ကျွမ်းကျင်သူတစ်ဦး ရောက်လာလျှင်ပင် ၎င်းထံမှ သင်ယူ၍ ရနိုင်မည်မဟုတ်ပေ။

“သင်ယူခြင်းစာရွက်ကို အသုံးပြုမယ်။”

ရန်ရှောင်စုသည် စိတ်ထဲတွင် နန်းတော်ကို အမိန့်ပေးလိုက်ပြီးနောက် ၎င်းသည် အဆင့်မြင့် တိုက်ခိုက်ရေးစွမ်းရည် ဖြစ်ပါစေ၊ အဆင့်မြင့် တိုက်ခိုက်ရေးစွမ်းရည် ဖြစ်ပါစေဟူ၍ စိတ်ထဲကနေ တိတ်တဆိတ် ဆုတောင်းနေမိ၏။

နောက်တစ်ခဏတွင် နန်းတော်ဆီမှာ အသံထွက်လာခဲ့လေသည်။

“ပစ်မှတ်၏ အဆင့်မြင့်စွမ်းရည်ကို ကျပန်း ရွေးချယ်ပြီးပါပြီ ။

‘ကြိုးခုန်ခြင်း’ ကို သင်ယူလိုပါသလား။”

ရန်ရှောင်စု - “???”

ရန်ရှောင်စုတစ်ယောက် ယန်ရှောင်ကျင်းကို ကြောင်တောင်တောင်ဖြင့် စိုက်ကြည့်နေမိ၏။ သူမကဲ့သို့ ခန့်ညားပြီး ကျွမ်းကျင်လှသော သေနတ်ဆရာကြီးတစ်ဦးတွင် ကြိုးခုန်ခြင်းကဲ့သို့သော ထူးခြားဆန်းကြယ်သည့် စွမ်းရည်မျိုး ရှိနေလိမ့်မည်ဟု သူ လုံးဝ မျှော်လင့်မထားခဲ့ပေ...။

ဒါက ဘာကောင်မို့လို့ ကြိုးခုန်တဲ့စွမ်းရည် ဖြစ်နေရတာလဲ။ ငါ ဘယ်လိုလုပ်ပြီး ဒီလိုစွမ်းရည်မျိုးကို သွားနှိုက်မိရတာလဲ။

ယန်ရှောင်ကျင်းသည်လည်း ရန်ရှောင်စု၏ စိုက်ကြည့်နေမှုကို သတိပြုမိသွားပုံရသည်။

သူမက တည်ငြိမ်စွာပင် သူ့ဘက်သို့ လှည့်ကြည့်လာပြီး မေးလိုက်၏။

“အသားက ဘယ်တော့ကျက်မှာလဲ။”

ရန်ရှောင်စု တစ်ယောက် လုံးဝ ဆွံ့အသွားရသည်။

ဒါက ဘာကြီးလဲကွာ...။ သူရထားတဲ့ စကေသင်ယူခြင်းစာရွက်တွေကကော တကယ်ပဲ စိတ်ချရသေးရဲ့လား။ အရင်က လှည့်စားတာတွေ၊ လေလုံးထွားတာတွေက တစ်ပိုင်း...အခုတော့ ကြိုးခုန်တာတွေပါ ပါလာပြီ။ ပြီးတော့ ဒီလိုစွမ်းရည်မျိုးမှာတောင် ဘယ်လိုလုပ်ပြီး အဆင့်တွေ ရှိနေရတာလဲ။

အဆင့်မြင့် ကြိုးခုန်ခြင်းကို ဘယ်လိုလုပ်ရလဲဆိုတာ ငါ့ကို ပြောပြနိုင်မလား။ ခုန်နေတုန်း နောက်ပြန်ဂျွမ်းထိုးရတာလား။

ရန်ရှောင်စုတစ်ယောက် ရှုံ့မဲ့နေသောမျက်နှာဖြင့် ပြောလိုက်သည်။

“တောရိုင်းထဲမှာ စားသောက်တဲ့အခါ အစားအစာကို အချိန်အကြာကြီး ကင်ရတယ်။ ပြီးတော့ ရေကိုလည်း မသောက်ခင် ဆယ်မိနစ်ထက်မက ပွက်ပွက်ဆူအောင် ကျိုရတယ်။”

ထိုအခိုက်အတန့်တွင် ရန်ရှောင်စုသည် ယန်ရှောင်ကျင်းတစ်ယောက် သူမ၏ လက်ကောက်ဝတ်ကို မြှောက်လိုက်ရာ လက်ပတ်နာရီတစ်လုံးကို လှမ်းမြင်လိုက်ရသည်။ ရန်ရှောင်စု အနည်းငယ် မှင်တက်သွား၏။ သူ နာရီများကို မြင်ဖူးသော်လည်း ဤကဲ့သို့သောအရာမျိုးသည် ခံတပ်အတွင်း၌ပင် အရေးကြီးပုဂ္ဂိုလ်များသာ ဝတ်ဆင်နိုင်သောအရာ ဖြစ်ကြောင်း ကောင်းစွာ သိထားသည်။

“တောရိုင်းထဲက ဟာတွေကို စားလို့ ဖျားနာမှာ မင်း မကြောက်ဘူးလား။”

ရန်ရှောင်စုက မေးလိုက်သည်။

“အသက်ရှင်မှ ဖျားနာခွင့် ရှိတယ်။”

ယန်ရှောင်ကျင်းက တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။

ထိုသို့ပြောပြီးနောက် သူမသည် ဆားပုလင်းလေးကို ယူကာ ကြွက်သားပေါ်သို့ ဖြူးချလိုက်လေသည်။ ဘေးနားရှိ လျိုပုနှင့် အခြားသူများမှာမူ တံတွေးများသာ တမြုံ့မြုံ့မြိုချနေကြရတော့သည်။

စောစောက အကြောင်းအရာများကို ဆွေးနွေးနေကြစဉ်အတွင်း မည်သူမျှ အထူးတလည် ဗိုက်ဆာသည်ဟု မခံစားရသော်လည်း ယခု အသားကင်နံ့များ လွင့်ပျံလာသည့်အခါတွင်မူ လျိုပုနှင့် အခြားသူများသည် ၎င်းတို့၏ ဝမ်းဗိုက်တစ်ခုလုံး ဟာလာဟင်းလင်း ဖြစ်သွားသကဲ့သို့ ခံစားလိုက်ရတော့သည်။

“ဘယ်သူမှ စားစရာ မယူလာကြဘူးလား။”

ရွှီရှန်းချူက မေးလိုက်၏။

“မယူလာဘူး။”

လူတိုင်းက ခေါင်းခါပြလိုက်ကြသည်။

ရန်ရှောင်စုသည် ၎င်းကို ကြားသောအခါ ခပ်ဖွဖွ ရယ်မောလိုက်၏။ အချို့လူများသည် အစားအစာများ သယ်ဆောင်လာခဲ့ကြသည်ကို သူ အထင်အရှား မြင်တွေ့ခဲ့ရသော်လည်း ယခုအခါ ထိုသူအားလုံးသည် မသိနားမလည်ဟန်ဖြင့် တညီတညွတ်တည်း ငြင်းဆိုနေကြခြင်း ဖြစ်သည်။

ဤနေရာတွင် ရှိနေသူတိုင်းသည် မိမိတို့ကိုယ်ပေါ်တွင် ဝှက်သိုလာသော အစားအစာများသည် မိမိတို့၏ အသက်ကို ကယ်တင်နိုင်စွမ်းရှိကြောင်း နားလည်ထားကြပုံရသည်။

မိမိအသက်ကို ကယ်တင်နိုင်မည့်အရာကို အခြားသူများနှင့် မည်သို့ မျှဝေနိုင်ပါမည်နည်း။

ထို့အပြင် ရန်ရှောင်စုသည် ပုဂ္ဂလိကစစ်တပ်မှ စစ်သားအများအပြားတွင် သေနတ်များ မရှိတော့သည်ကို ရုတ်တရက် သတိပြုမိလိုက်သည်။ ၎င်းတို့သည် ရုန်းရင်းဆန်ခတ်ဖြစ်နေစဉ်အတွင်း ပိုမိုမြန်ဆန်စွာ ထွက်ပြေးနိုင်ရန်အတွက် ထိုကဲ့သို့သော အသက်ကယ်လက်နက်များကို မည်သို့ကြောင့် စွန့်ပစ်ခဲ့ကြသနည်း။

ဒါက တကယ့်ကို မိုက်မဲလွန်းလှသည်။

ခံတပ်အတွင်းမှ နာမည်ကြီးမင်းသမီးဖြစ်သူ လော့ရှင်းယွီသည်လည်း မကျေမနပ် ဖြစ်သွားခဲ့လေသည်။

“စားစရာမရှိဘဲ ငါတို့ ဘယ်လိုရှင်သန်ရမှာလဲ။ ရှင်တို့ ဘာလို့ အစားအစာတွေ မယူလာခဲ့ကြတာလဲ။”

“ဟမ့် မင်းရော ယူလာခဲ့လို့လား။”

ပုဂ္ဂလိကစစ်တပ်မှ စစ်သားတစ်ဦးက နှာခေါင်းရှုံ့ကာ ပြန်ပြောလိုက်သည်။

ထိုအခိုက်အတန့်တွင် လော့ရှင်းယွီသည် မသိစိတ်အရ နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်မိ၏။ အကြောင်းမှာ သူမသည် သူမဘေးရှိ အမျိုးသားအချို့၏ မျက်လုံးများထဲတွင် မဖော်ပြနိုင်သော မကောင်းသော ရည်ရွယ်ချက်များကို သတိပြုမိသွားသောကြောင့် ဖြစ်သည်။

သူမသည် ခံတပ်အတွင်းရှိ နာမည်ကြီးမင်းသမီးတစ်ဦး ဖြစ်သည်။ လော့ရှင်းယွီသည် ထူးခြားစွာ လှပရုံသာမက ခန္ဓာကိုယ်အချိုးအစားလည်း အလွန်ပြေပြစ်လှပေသည်။ ခံတပ်အတွင်း၌ နွေရာသီ ရောက်ရှိလာသည့်အခါ သူမသည် သူမ၏ ဖြောင့်စင်းသော ပေါင်တံများကို ပေါ်လွင်စေရန်အတွက် စကတ်တိုများကို ဝတ်ဆင်လေ့ရှိသည်။

မြို့ရိုးအတွင်းက လူများသည် သူမကို အဝေးကနေသာ ငေးမောကြည့်ရှုနိုင်ကြပြီး ထိုမျှသာ လုပ်ပိုင်ခွင့်ရှိကြသည်။ အဘယ်ကြောင့်ဆိုသော် ထိုနေရာတွင် လူ့ယဉ်ကျေးမှုများ ရှိနေဆဲ ဖြစ်သောကြောင့်ပင်။

သို့သော် ယခုအခါ သူမသည် တောရိုင်းမြေရိုင်းထဲသို့ ရောက်ရှိနေပြီဖြစ်ကာ ၎င်းတို့အဖွဲ့ထဲက လူအများအပြားသည်လည်း ရုတ်တရက် မျှော်လင့်ချက်ကင်းမဲ့သော အခြေအနေမျိုးထဲသို့ ကျရောက်သွားကြပြီဖြစ်သည်။ ၎င်းတို့အနေဖြင့် အသက်ရှင်လျက် ပြန်ထွက်နိုင်ပါ့မလားဆိုသည်ကိုပင် မသိကြပေ။

ဤကဲ့သို့သော အခြေအနေမျိုးတွင် လူသားတို့၏ စိတ်အတွင်းပိုင်းရှိ မကောင်းမှု အမှောင်ထုများမှာ စတင်၍ ပိုမိုကြီးထွားလာတတ်သည်။

ဤနေရာတွင် လူ့ယဉ်ကျေးမှု မရှိ၊ ဥပဒေ မရှိ၊ ကိုယ်ကျင့်တရားလည်း မရှိပေ...။ ထို့ပြင် ဤနေရာတွင် ဘာတွေဖြစ်ပျက်ခဲ့သလဲဆိုသည်ကိုလည်း မည်သူမျှ သေချာပေါက် သိရှိနိုင်လိမ့်မည် မဟုတ်ပေ။

လော့ရှင်းယွီသည် မသိစိတ်အရ ရန်ရှောင်စု၏ အနားသို့ တိုးကပ်သွားမိ၏။ မိမိ၏ စိတ်ထဲတွင် ကြောက်ရွံ့မှုများ မြင့်တက်လာသည့်အခါ သူမသည် မိမိ၏ အသင်းဖော်များကို ယုံကြည်မည့်အစား တောရိုင်းတိရစ္ဆာန်နှင့် အတူဆုံးဖြစ်သော ဤဒုက္ခသည်ကိုသာ ရွေးချယ်၍ ယုံကြည်မိလိမ့်မည်ဟု သူမကိုယ်တိုင်ပင် မျှော်လင့်မထားခဲ့မိပေ။

All Chapters