← Chapters

အခန်း (၅၇-၅၈)

Vol. 6 Ch. 57-58

အခန်း (၅၇-၅၈)

Vol. 6 Ch. 57-58

အခန်း ၅၇

အဖွဲ့အတွင်းရှိ လေထုမှာ တစ်စထက်တစ်စ ပိုမိုထူးဆန်းလာသည်ကို မြင်လိုက်ရသည့်အခါ ရွှီရှန်းချူက အေးစက်စွာ ပြောလိုက်သည်။

“မင်းတို့အားလုံး ဘယ်လိုအခြေအနေမျိုး ဖြစ်ပျက်နေကြလဲဆိုတာ ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်ကြစမ်း။ အခုအချိန်မှာ ငါတို့အတွက် အရေးကြီးဆုံးက အစားအစာရှာဖွေပြီး ဒီနေရာကနေ ထွက်သွားဖို့ပဲ။ မင်းတို့အားလုံး ဒီနေရာမှာ အသေခံချင်နေကြတာလား။”

ထိုမခါ လျိုပုက ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။

“အမှန်ပဲ။ ငါတို့ အခု အတူတကွ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်တယ်။”

ထိုခဏတာအတွင်း လျိုပု၏စိတ်ထဲ၌လည်း မရိုးသားသော အတွေးတစ်ခု ဖြတ်ခနဲ ပေါ်လာခဲ့သော်လည်း သူသည် မိမိတွင် မည်သည့်အသင်းဖော်မျှ ကျန်ရှိမနေတော့ကြောင်း ရုတ်တရက် သဘောပေါက်သွားခဲ့လေသည်။ အကယ်၍ ဤနေရာတွင် တကယ်ပဲ ညစ်ပတ်စုတ်ပဲ့သော ကိစ္စတစ်ခုခု ဖြစ်ပျက်ခဲ့ပြီး အားလုံး အသက်ရှင်လျက် ပြန်ထွက်နိုင်ခဲ့မည်ဆိုပါက ဤပုဂ္ဂလိကစစ်တပ်မှ စစ်သားများသည် ၎င်းတို့အဖွဲ့ပြင်ပက လူအားလုံးကို သေချာပေါက် သတ်ပစ်ကြပေလိမ့်မည်။

“ငါတို့က ဘယ်မှာ စားစရာ သွားရှာရမှာလဲ။”

တစ်စုံတစ်ယောက်က မကျေမနပ်ဖြင့် ညည်းညူလိုက်သည်။

“မင်းကရော အခုအချိန်မှာ ဒီတောအုပ်ထဲကို ဝင်ရဲလို့လား။ ငါကတော့ လုံးဝ မဝင်ရဲဘူး။”

ရွှီရှန်းချူက ရန်ရှောင်စုကို လှမ်းကြည့်လိုက်သည်။

“မင်းက တောရိုင်းထဲမှာ ရှင်သန်နေထိုင်နိုင်တဲ့နည်းလမ်းကို အသိဆုံးပဲ။ အဲ့ဒါကြောင့် လူတိုင်းအတွက် အစားအစာအချို့ ရှာဖွေလို့ရအောင် ကူညီပေးပါဦး။”

ထိုစဉ် ရုတ်ချည်းဆိုသလိုပင် ရန်ရှောင်စု၏ စိတ်ထဲရှိ နန်းတော်မှ အသံထွက်ပေါ်လာခဲ့သည်။

“တာဝန် - အဖွဲ့သားများ အစားအစာ ရှာဖွေနိုင်ရန် ကူညီပေးပါ။”

အစားအစာ ရှာဖွေပေးရမယ် ဟုတ်လား။

ရန်ရှောင်စု တစ်ခဏမျှ စဉ်းစားပြီးနောက် ရွှီရှန်းချူ၏ ဘေးနားရှိ ပုဂ္ဂလိကစစ်တပ်မှ စစ်သားတစ်ဦးကို လက်ညှိုးထိုးပြလိုက်သည်။

“ငါတို့ ကညွန်ထဲမဝင်ခင်တုန်းက သူ ပစ်ကပ်ကားပေါ်ကနေ အစားအစာတွေ ယူနေတာ ငါမြင်လိုက်တယ်။ အဲ့ဒါတွေက သူ့ရဲ့ ကျောပိုးအိတ်ထဲမှာ ရှိနေရမယ်။”

ထိုစစ်သားမှာ မှင်တက်သွား၏။

“ငါတို့က မင်းကို တောရိုင်းထဲမှာ အစားအစာ သွားရှာခိုင်းတာလေ။ မင်းက ဘာကောင်မို့လို့ ငါ့ဆီကနေ လာပြီး အစားအစာ ရှာနေရတာလဲ။”

“တာဝန် အောင်မြင်ပါသည်။ ဆုလာဘ် - အခြေခံအဆင့် စကေးသင်ယူခြင်းစာရွက်။”

ရန်ရှောင်စုတစ်ယောက် စိတ်ထဲမီ ခိုးရယ်မိသွားခဲ့သည်။

ဘာပဲဖြစ်ဖြစ် နန်းတော်က အစားအစာ ရှာဖွေပေးရန်သာ ပြောထားပြီး ဘယ်နေရာကနေ ရှာရမည်ဟု ကန့်သတ်မထားဘူးလေ ဟုတ်တယ်မလား။ အစားအစာဆိုတာ ဘယ်ကလာလာ အစားအစာပဲလေ။

သူသည် နန်းတော်၏ တာဝန်သတ်မှတ်ပုံ သတ်မှတ်နည်းကို အမှန်တကယ်ပင် သဘောကျစပြုလာပြီ ဖြစ်သည်...။

ရွှီရှန်းချူက သူ့ဘေးက စစ်သားကို စိုက်ကြည့်လိုက်၏။

“အစားအစာတွေ ထုတ်ပေးလိုက်။”

“ငါက ဘာဖြစ်လို့ ငါ့စားစရာတွေကို ထုတ်ပေးရမှာလဲ။”

ထိုစစ်သားသည် ချက်ချင်းပင် ရန်လိုသော မျက်နှာထား ဖြစ်သွားခဲ့လေသည်။

“ငါ စားစရာ သွားယူတုန်းက မင်းတို့ ဘာလုပ်နေလဲ။ မင်းတို့က အဝတ်အစားတွေ သွားယူတယ်၊ တဲတွေ သွားယူတယ်၊ ပြီးတော့ ဟိုနာမည်ကြီးမင်းသမီး သူဆိုရင် သူ့ရဲ့ မိတ်ကပ်အိတ်ကိုတောင် သွားယူသေးတယ်။ အခုကျမှ ဘာဖြစ်လို့ ငါက မင်းတို့ကို အစားအစာတွေ ခွဲဝေပေးရမှာလဲ။”

“အဲ့ဒါ တကယ်ကို ကျိုးကြောင်းဆီလျော်တယ်။”

ရန်ရှောင်စုက ဘေးမှနေ၍ ဝင်ပြောလိုက်သည်။ လူတိုင်းက လှည့်၍ သူ့ကို တိတ်ဆိတ်စွာ စိုက်ကြည့်လိုက်ကြသည်...။

အမှန်အတိုင်းပြောရလျှင် ရန်ရှောင်စုသည် ဤပြိုင်ပွဲဝင်စစ်သားဘက်က ထောက်ခံသည်။ တစ်ဖက်တွင်မူ အခြားသူများသည် မိမိတို့အလုပ်ကို သေချာမလုပ်ခဲ့ကြဘဲ ကိုယ်တိုင်လည်း အစားအစာ မယူလာကြဘဲနှင့် အခြားသူများကို ခွဲဝေပေးရန် မျှော်လင့်နေကြခြင်းမှာ ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ အကျပ်ကိုင်မှုဟု သူ ခံစားရသည်။ အခြားတစ်ဖက်တွင်မူ ရန်ရှောင်စုသည် ပွဲကြည့်ပရိသတ်အဖြစ် ပွဲကြည့်နေခြင်းသာဖြစ်ပြီး အခြေအနေများ ပိုမိုရှုပ်ထွေးသွားမည်ကို မကြောက်ပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့ထဲတွင် မည်သူမျှ လူကောင်းမဟုတ်ကြသောကြောင့် ဖြစ်သည်...။

ဤအခိုက်အတန့်တွင် မည်သူမျှ ရန်ရှောင်စုကို အာရုံမစိုက်အားကြပေ။ လော့ရှင်းယွီသည် စောစောက ရန်ရှောင်စု၏ ဘေးတွင် ထိုင်ရန် ကြိုးစားခဲ့သော်လည်း ရန်ရှောင်စုက သူမကို တွန်းထုတ်ပစ်ခဲ့သည်...။

ထို့ကြောင့် လော့ရှင်းယွီသည် ယန်ရှောင်ကျင်း၏ ဘေးတွင် ဝင်ထိုင်လိုက်ရသော်လည်း ယန်ရှောင်ကျင်းနှင့် လော့ရှင်းယွီတို့၏ ဆက်ဆံရေးမှာ အလုပ်ရှင်နှင့် အလုပ်သမား ဆက်ဆံရေးမျှသာ ရှိပုံရသည်။ ယခုအချိန်တွင် ယန်ရှောင်ကျင်းသည် ဟန်ဆောင်မနေတော့ဘဲ လော့ရှင်းယွီကို လျစ်လျူရှုထားကာ မိမိ၏ ကြွက်သားကိုသာ အာရုံစိုက်၍ စားသောက်နေတော့သည်။

သူမသည် သေနတ်ကို အမြဲတမ်း တစ်ပါတည်း ဆောင်ထားတတ်သော်လည်း မည်သည့်အရာနှင့်မျှ မပတ်သက်သကဲ့သို့ အေးဆေးစွာ နေထိုင်တတ်သည်။

ရွှီရှန်းချူက အစားအစာများကို ဝှက်သိမ်းထားသော စစ်သားကို ကြည့်ကာ ပြောလိုက်သည်။

“အစားအစာကို အပ်လိုက်။ ငါတို့အားလုံး ဒီအခက်အခဲကို ကျော်လွှားနိုင်ဖို့ အတူတူ ကြိုးစားနေကြတဲ့အချိန်မှာ အတ္တမကြီးသင့်ဘူး။ မိုးလင်းရင် ငါတို့ သဘာဝအတိုင်း အစားအစာ ရှာတွေ့မှာပါ။ မင်း ငတ်မသေပါဘူး။”

“မနက်ဖြန်ကျရင် ငါတို့ အသက်ရှင်နေဦးမလားဆိုတာ ဘယ်သူသိမှာလဲ။”

ထိုစစ်သားက ဆိုသည်။

“ဒါတင်မကသေးဘူး။ အစားအစာ ယူလာတာ ငါတစ်ယောက်တည်း မဟုတ်ဘူး။ လီမောက်ရှန်းနဲ့ ကျန်းယန်တို့လည်း အစားအစာတွေ ယူလာကြတာပဲ။ ဘာဖြစ်လို့ ငါတစ်ယောက်တည်းပဲ ထုတ်ပေးရမှာလဲ။”

ရန်ရှောင်စုသည် လီမောက်ရှန်းဟူသော နာမည်ကို ကြားလိုက်ရသည့်အခါ အံ့အားသင့်သွား၏။ ခံတပ်မြို့ကြီးအတွင်း၌ပင် ဤမျှလောက် ပေါ့ပျက်ပျက်နိုင်လှသော နာမည်မျိုး ရှိနေလိမ့်မည်ဟု သူ မထင်ထားခဲ့မိပေ။

သို့သော်လည်း ယခုအချိန်တွင် အရေးကြီးဆုံးအရာမှာ အဖွဲ့အတွင်းရှိ လေထုကြီးမှာ လုံးဝ အေးခဲလုနီးပါး ဖြစ်နေခြင်းပင်။ မမျှော်လင့်ဘဲ အသက်ဘေးမှ သီသီလေး လွတ်မြောက်လာခဲ့ကြသော အသင်းဖော်များသည် အစားအစာ အနည်းငယ်အတွက်နှင့် ချက်ချင်းပင် တစ်ဦးနှင့်တစ်ဦး အချင်းချင်း ပြန်လည်ကိုက်ခဲ ငြင်းခုံနေကြပြီ ဖြစ်သည်။

ရွှီရှန်းချူက စိတ်ကောင်းစေတနာဖြင့် ဖျောင်းဖျလိုက်သည်။

“ငါက ဒါကို တစ်ဖွဲ့လုံးရဲ့ ကောင်းကျိုးအတွက် လုပ်နေတာကွ...။”

သူ့ဘေးနားက စစ်သားက နှာခေါင်းရှုံ့လိုက်၏။

“မင်းက ဒီမှာ လာပြီး ဆရာကြီးလုပ်နေတုန်းပဲလား။ မင်းမှာ သေနတ်ရှိသလို ငါ့မှာလည်း ရှိတယ်ကွ။”

သူက ဤသို့ပြောရင်း သူ့ခါးရှိ သေနတ်ဆီသို့ လက်လှမ်းလိုက်စဉ် ရွှီရှန်းချူက ရုတ်တရက် သူ၏ခြေထောက်မြှောက်ကာ ထိုလူ၏ ရင်ဘတ်ကို ကန်ထည့်လိုက်၏။ ထိုသူမှာ မီတာအတော်ဝေးဝေးသို့ လွင့်ထွက်သွားတော့သည်။

ရွှီရှန်းချူ ဤမျှ ရုတ်တရက် လှုပ်ရှားလာလိမ့်မည်ဟု မည်သူမျှ မျှော်လင့်မထားခဲ့ကြပေ။

ပြီးတော့ ဤကန်ချက်တစ်ချက်တည်းနှင့်တင် လူတစ်ယောက်ကို ဒုက္ခိတဖြစ်လုနီးပါး ဖြစ်သွားစေခဲ့၏။

ရန်ရှောင်စုသည် သူ၏ လက်ရှိခန္ဓာကိုယ် ကြံ့ခိုင်မှုအခြေအနေအရဆိုလျှင်လည်း ဤကဲ့သို့ တူညီသောအရာမျိုးကို လုပ်ဆောင်နိုင်စွမ်းရှိပြီး ရွှီရှန်းချူထက်ပင် ပိုမိုသန်မာနိုင်သည်ဟု အကြမ်းဖျင်း တွက်ချက်မိလိုက်သည်။ ဤအရာကို တွေးမိလိုက်သည့်အခါ သူ၏စိတ်ထဲတွင် အနည်းငယ် ပို၍ သက်သောင့်သက်သာ ဖြစ်သွားခဲ့တော့သည်။

အကန်ခံလိုက်ရသော ထိုစစ်သားမှာ တောအုပ်ထဲမှ အသက်ရှင်လျက် ပြန်ထွက်နိုင်တော့မည် မဟုတ်ပုံရပေ။ ရွှီရှန်းချူ၏ ကန်ချက်က အလွန်ပြင်းထန်လှသဖြင့် ထိုသူ့အား အတွင်းဒဏ်ရာများ ရရှိသွားစေခဲ့ပြီ ဖြစ်သည်။

ဒီနေ့ကစပြီး သူသည် ထိုအတွင်းဒဏ်ရာများနှင့်အတူ တောအုပ်ကို ဖြတ်သန်းသွားရမည်ဖြစ်ရာ ၎င်းက သူ့ကို တဖြည်းဖြည်း ပိုမိုနုံးခွေလာစေပြီး နောက်ဆုံးတွင် တောထဲ၌ပင် အားအင်ကုန်ခမ်း သေဆုံးသွားစေလိမ့်မည် ဖြစ်သည်။

ရွှီရှန်းချူသည် အဖွဲ့အတွင်း ထပ်မံ၍ ဆုံးရှုံးမှုများ ဖြစ်ပေါ်လာနိုင်သည်ကို သိသော်လည်း ဤကဲ့သို့ အရေးယူဆောင်ရွက်ခြင်းဖြင့် သူ၏ အာဏာစက်ကို တည်ဆောက်ချင်ပုံရသည်။

သို့သော် ရွှီရှန်းချူ ခြေထောက်ကို ပြန်မရုပ်သိမ်းနိုင်သေးမီမှာပင် သူ့နောက်ကွယ်မှ အခြားစစ်သားတစ်ဦးက ထပ်မံတိုက်ခိုက်လာပြန်၏။ ထိုစစ်သားသည် သူ၏စစ်သုံးဓားမြှောင်ကို ဆွဲထုတ်ကာ ရွှီရှန်းချူကို ဆတ်ခနဲ လှမ်းထိုးလိုက်ပြီး ရွှီရှန်းချူ အခြားတစ်ဦးနှင့် အလုပ်ရှုပ်နေစဉ်အတွင်း သူ့ကို အသေသတ်ပစ်ချင်ပုံရသည်။

ဤတစ်ကြိမ်တွင် ယန်ရှောင်ကျင်းပင်လျှင် အသားစားနေခြင်းကို ရပ်တန့်လိုက်မိသည်။ အဘယ်ကြောင့်ဆိုသော် အကယ်၍ ထိုဓားက ရွှီရှန်းချူကို ထိုးမိသွားပါက သူ သေချာပေါက် သေဆုံးသွားမည်ဖြစ်သောကြောင့် ဖြစ်သည်။

ခဏလေး...။

ရုတ်တရက် ရွှီရှန်းချူ၏ ခန္ဓာကိုယ်ထဲမှ သူနှင့် တစ်ထပ်တည်း တူညီသော “အရိပ်” တစ်ခု ကွဲထွက်လာသည်ကို မြင်လိုက်ရသဖြင့် ရန်ရှောင်စု အံ့အားသင့်သွား၏။ ထိုမီးခိုးရောင်အရိပ်သည် ရွှီရှန်းချူ၏ ပုံတူရုပ်ထုတစ်ခုကဲ့သို့ပင် ဖြစ်သည်။

အစပိုင်းတွင် ရန်ရှောင်စုသည် သူ မျက်စိမှားသည်ဟု ထင်မှတ်ခဲ့သော်လည်း ချက်ချင်းပင် သဘောပေါက်သွားတော့သည်။

“သူက အထူးစွမ်းအားရှင်ပဲ။”

ရွှီရှန်းချူသည် အမှန်တကယ်ပင် အထူးစွမ်းအားရှင်တစ်ဦး ဖြစ်နေခဲ့လေသည်။

ရွှီရှန်းချူသည် ထူးဆန်းသောအရာများကို မြင်တွေ့ရပြီးသည့်တိုင်အောင် ရှေ့သို့ ဘာကြောင့် ဇွတ်အတင်း ဆက်သွားနေခဲ့သည်ဆိုသည်မှာ မထူးဆန်းတော့ပေ။ သူ့တွင် အားကိုးစရာ အခိုင်အမာ ရှိနေခဲ့၍ ဖြစ်ရမည်။

ရန်ရှောင်စုသည် တစ်ခုခု မှားယွင်းနေပြီဖြစ်ကြောင်း ကြိုတင်ရိပ်မိခဲ့၏။ ရွှီရှန်းချူသည် တာဝန်ကို မည်မျှပင် အောင်မြင်ချင်နေပါစေ သို့မဟုတ် ဒုက္ခသည်အဖြစ် ပြည်နှင်ဒဏ်ပေးခံရမည်ကို မည်မျှပင် စိုးရိမ်နေပါစေ ဤမျှလောက်အထိတော့ မိုက်ရူးရဲမဆန်သင့်ပေ။

ရွှီရှန်းချူသည် မိုက်ရူးရဲဆန်နေခဲ့ခြင်း မဟုတ်ဘဲ သူ့တွင် လျှို့ဝှက်ချက်တစ်ခု ရှိနေခဲ့ခြင်းသာ ဖြစ်သည်။

သူ၏နောက်ကျောဘက်မှ စစ်သုံးဓားမြှောင်၏ လျပ်တပြတ်တိုက်ခိုက်မှုကို ရင်ဆိုင်ရချိန်တွင် ထိုမီးခိုးရောင်အရိပ်သည် ရုတ်တရက် လှည့်လာခဲ့သည်။ ၎င်းသည် လူအစစ်တစ်ယောက်ကဲ့သို့ပင် ဓားမြှောင်ကို တင်းကျပ်စွာ ဖမ်းဆုပ်လိုက်၏။ ထိုမီးခိုးရောင်အရိပ်သည် ရွှီရှန်းချူ၏ ခန္ဓာကိုယ်အစစ်ထက်ပင် ပိုမိုမြန်ဆန်ပြီး ပိုမိုအင်အားကြီးမားလှသည်။

ထို့အပြင် ထိုမီးခိုးရောင်အရိပ်သည် ထက်မြက်သော လက်နက်များကို ကြောက်ရွံ့ပုံမရဘဲ စစ်သုံးဓားမြှောင်ကို သူ၏လက်ဗလာဖြင့် အမိအရ ဖမ်းဆုပ်လိုက်ခြင်း ဖြစ်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ဓားမြှောင်ကို ကိုင်ထားသော စစ်သားသည် အခြေအနေကို လိုက်မမီတော့ဘဲ ဗရမ်းပတာ ဖြစ်သွားတော့သည်။ သူသည် မိမိရင်ဆိုင်နေရသည်မှာ အထူးစွမ်းအားရှင်တစ်ဦး ဖြစ်နေလိမ့်မည်ဟု မထင်မှတ်ထားခဲ့သလို တစ်ဖက်လူက စစ်သုံးဓားမြှောင်ကို လက်ဗလာဖြင့် ဖမ်းရဲလိမ့်မည်ဟုလည်း မျှော်လင့်မထားခဲ့ပေ။

ထိုစစ်သား အာရုံလွင့်သွားသည့် အခိုက်အတန့်တွင် မီးခိုးရောင်ပုံရိပ်သည် စစ်သုံးဓားမြှောင်ကို လက်နှစ်ဖက်ဖြင့် လုယူလိုက်ပြီး ထိုစစ်သား၏ ဝမ်းဗိုက်ထဲသို့ ဇွက်ခနဲ ထိုးစိုက်ပစ်လိုက်တော့သည်။

စခန်းချရာနေရာတစ်ခုလုံးသည် လူတိုင်း၏ ပြင်းထန်သော အသက်ရှူသံများမှလွဲ၍ တိတ်ဆိတ်အေးခဲသွားခဲ့၏။ ထိုစစ်သားသည် မြေပြင်ပေါ်သို့ ဖြည်းညှင်းစွာ လဲကျသွားပြီး ညအမှောင်အောက်တွင် သူ၏ ခရမ်းရောင်သန်းနေသော သွေးများမှာ မြေဆီလွှာထဲသို့ စီးဝင်သွားကာ အမည်းရောင်အဖြစ်သို့ ပြောင်းလဲသွားတော့သည်။

သို့သော်လည်း ထိုဒဏ်ရာမှာ အသက်အန္တရာယ်စိုးရိမ်ရလောက်သည်အထိ မပြင်းထန်သေးဘဲ မြေပြင်ပေါ်တွင် လဲလျောင်းနေသော စစ်သားမှာ အသက်ရှူနေဆဲ ဖြစ်သည်။

စောစောက မြေပြင်ပေါ်သို့ ကန်ချခံလိုက်ရသော စစ်သားသည်လည်း ရုန်းကန်လှုပ်ရှားလာပြီး သူ၏ပစ္စတိုသေနတ်ကို ဆွဲထုတ်ကာ စတင်ပစ်ခတ်တော့သည်။ သို့သော် တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ထိုမီးခိုးရောင်အရိပ်သည် ရွှီရှန်းချူ၏ ရှေ့တွင် ပိတ်ရပ်လိုက်ပြီး ကျည်ဆန်အားလုံးကို အပြည့်အဝ ကာကွယ်ပေးလိုက်ခြင်းပင် ဖြစ်သည်။

မီးခိုးရောင်အရိပ်ပေါ်တွင် ရေလှိုင်းဂယက်ကဲ့သို့ အဝိုင်းအဝန်းလေးများ ထွက်ပေါ်လာပြီး ၎င်း၏ ခန္ဓာကိုယ်ကို ဖောက်ထွက်သွားသော ကျည်ဆန်များမှာ မြေပြင်ပေါ်သို့ တစ်လုံးပြီးတစ်လုံး တတောက်တောက်နှင့် ကြွေကျသွားတော့သည်။

အချို့လူများသည် ရွှီရှန်းချူအား မိမိ၏ ရဲဘော်ရဲဘက်များကို သတ်ဖြတ်မှုဖြင့် စွပ်စွဲပြစ်တင်ချင်ကြသော်လည်း မည်သူမျှ အပြင်သို့ ထုတ်ဖော်မပြောရဲကြပေ။

လူတိုင်းက ရွှီရှန်းချူကို ထိတ်လန့်တုန်လှုပ်စွာဖြင့် စိုက်ကြည့်နေကြသည်။

ဤအထူးစွမ်းရည်မှာ မိမိနှင့် ထပ်တူညီသော အရိပ်တစ်ခုကို ဖန်တီးနိုင်ခြင်းလော။ သို့သော် ထိုကိုယ်ပွားက ရွှီရှန်းချူ ကိုယ်တိုင်ထက်ပင် ပို၍အစွမ်းထက်နေသည်မှာ အထင်အရှားပင် ဖြစ်သည်။

ထို့အပြင် ထိုမီးခိုးရောင်အရိပ်သည် မည်မျှပင် ထက်မြက်လှသနည်းဆိုလျှင် သေနတ်ကျည်ဆန်များဖြင့်ပင် ၎င်းကို ဖောက်ထွက်အောင် မပစ်ခတ်နိုင်တော့ပေ။

ဒါက တကယ့် အထူးစွမ်းအားရှင်တစ်ယောက်ရဲ့ ပုံစံမျိုးလား။

ရန်ရှောင်စုတစ်ယောက် တွေးတောနေမိရင်း ရွှီရှန်းချူ၏ မျက်နှာအမူအရာမှာ အနည်းငယ် ပျက်ယွင်းသွားသည်ကို သတိပြုမိလိုက်သည်။ ၎င်းမှာ မီးခိုးရောင်အရိပ်က ကျည်ဆန်များကို ကာကွယ်ပေးလိုက်ရခြင်းသည် သူ၏ မူလခန္ဓာကိုယ်အပေါ်တွင် သက်ရောက်မှု အချို့ရှိနေသည်ဟု ဆိုလိုခြင်းလော။

“ရွှီရှန်းချူ” နှစ်ဦးစလုံးသည် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုလိုက်ကြပြီးနောက် မီးခိုးရောင်အရိပ်သည် ရွှီရှန်းချူ၏ မူလခန္ဓာကိုယ်ဆီသို့ ဖြည်းညှင်းစွာ လျှောက်သွားပြီး နောက်ဆုံးတွင် ရွှီရှန်းချူ၏ နောက်ကျောဘက်ဆီသို့ တိုးဝင်ကာ ပျောက်ကွယ်သွားတော့သည်။

အခန်း ၅၈

လမ်းခရီးတစ်လျှောက်တွင် ရန်ရှောင်စုသည် အကယ်၍ ဤအဖွဲ့ထဲ၌ အထူးစွမ်းအားရှင် ဖြစ်နိုင်ခြေ အရှိဆုံးသူ ရှိလျှင် ၎င်းမှာ သေချာပေါက် ယန်ရှောင်ကျင်းသာ ဖြစ်လိမ့်မည်ဟု ခန့်မှန်းခဲ့ဖူးသည်။

သို့သော် သူ လုံးဝ မျှော်လင့်မထားခဲ့သည်မှာ ရွှီရှန်းချူကသာ အမှန်တကယ် လျှို့ဝှက်ချက်ကို အနက်ရှိုင်းဆုံး ဖုံးကွယ်ထားသူ ဖြစ်နေခြင်းပင်။

ရန်ရှောင်စုသည် ယန်ရှောင်ကျင်းနှင့် ပတ်သက်၍မူ အနည်းဆုံးတော့ သူမသည် အမှန်တကယ် အန္တရာယ်ရှိသော လူတစ်ဦးဖြစ်ကြောင်း အချက်အလက်အချို့ကို သိရှိထားသော်လည်း ရွှီရှန်းချူကိုမူ သူ ယခင်က ထည့်ပင်မစဉ်းစားခဲ့မိပေ။

သို့သော်လည်း ၎င်းမှာ ရွှီရှန်းချူ၏ ထူးခြားဆန်းကြယ်သော စွမ်းရည်များသည် ဖုံးကွယ်ထားရန် အလွန်လွယ်ကူလွန်းသောကြောင့်လည်း ဖြစ်သည်။ မီးခိုးရောင်အရိပ်သည် အလွန်အမင်း သန်မာလှသော်လည်း ရွှီရှန်းချူ ကိုယ်တိုင်မှာမူ သာမန်စစ်သားတစ်ဦးသာ ဖြစ်နေသေးသဖြင့် ရန်ရှောင်စုအနေဖြင့် ကြိုတင်အကဲခတ်ရန် မဖြစ်နိုင်ခဲ့ပေ။

ယခုအချိန်တွင် သူ့၌ ဆရာကြီးအဆင့် စကေသင်ယူခြင်းစာရွက် မရှိခြင်းမှာ တကယ့်ကို နှမြောစရာပင်။ သို့မဟုတ်ပါက သူသည် ရွှီရှန်းချူအပေါ်၌ ချက်ချင်း အသုံးပြုလိုက်မည် ဖြစ်သည်။

အကယ်၍ ရန်ရှောင်စုအနေဖြင့် ကံကောင်းထောက်မစွာဖြင့် ရွှီရှန်းချူ၏ စွမ်းရည်ကို ပုံတူကူးယူနိုင်ခဲ့မည်ဆိုပါက သူ့တွင် ပိုမိုအားကိုးရမည့် ဝှက်ဖဲတစ်ခု ရှိလာပေလိမ့်မည်။

နန်းတော် ပွင့်ခဲ့သည်မှာ အလွန်ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း ရန်ရှောင်စုသည် ဆရာကြီးအဆင့် စကေးသင်ယူခြင်းစာရွက်ကို တစ်ကြိမ်မျှပင် မမြင်ဖူးသေးသဖြင့် ၎င်းမှာ အလွန်ပင် ရှားပါးလှခြင်း ဖြစ်ရမည်။

ဤအခိုက်အတန့်တွင် ရွှီရှန်းချူက သက်ပြင်းချပြီး ပြောလိုက်သည်။

“ငါက လူတိုင်းကို ဒီနေရာကနေ အသက်ရှင်လျက် ခေါ်ထုတ်သွားချင်ရုံတင်ပါ။ ဘယ်သူ့ကိုမှ မနာကျင်စေချင်ဘူး။”

ရန်ရှောင်စုက ဘေးမှနေ၍ စောင့်ကြည့်နေသော်လည်း ရွှီရှန်းချူ၏ စကားများက စစ်မှန်မှု ရှိ၊ မရှိကိုမူ သူ အကဲမဖြတ်နိုင်ပေ။

အမှန်တော့ သူသည် ရွှီရှန်းချူအပေါ် မည်သည့် မကောင်းသော အမြင်မျှ မရှိပေ။ ယခင်က လျိုပုနှင့် အခြားသူများ သူ့ကို အုပ်စုလိုက် ဖယ်ကြဉ်ထားကြစဉ်ကလည်း ရွှီရှန်းချူက အခြားသူများနှင့် ပူးပေါင်းမလုပ်ခဲ့ပေ။ မှန်ပါသည်...။ ရန်ရှောင်စုတွင် သူ့အပေါ် မည်သည့် အကောင်းမြင်စိတ်မျှလည်း ရှိမနေခဲ့ပေ။

အကယ်၍ ငြင်းခုံနေသော ထိုစစ်သားကသာ သေနတ်ဆွဲထုတ်ရန် မကြိုးစားခဲ့ပါက ရွှီရှန်းချူသည်လည်း လှုပ်ရှားမည့်ပုံမရပေ။

ရန်ရှောင်စုတစ်ယောက် ယန်ရှောင်ကျင်းကို လှည့်ကြည့်လိုက်ရာ ယန်ရှောင်ကျင်းသည် ယခင်ကကဲ့သို့ပင် တည်ငြိမ်အေးဆေးသော အမူအရာသို့ ပြန်လည်ရောက်ရှိသွားပြီဖြစ်ကြောင်း တွေ့လိုက်ရ၏။ သူမသည် အထူးစွမ်းအားရှင်များနှင့် ပတ်သက်၍ အထူးတလည် စိတ်ဝင်စားပုံ မရပေ။

“မင်း စိတ်မဝင်စားဘူးလား။”

ရန်ရှောင်စုက မေးလိုက်သည်။

“စိတ်ဝင်စားတယ်။”

ယန်ရှောင်ကျင်းက တည်ငြိမ်စွာ ပြောလိုက်၏။ ရန်ရှောင်စု တစ်ယောက် စကားအိုင်သွားရသည်။ သူမ၏ စိတ်ဝင်စားမှုကို ပြသပုံက တကယ့်ကို ဝတ်ကျေတန်းကျေနိုင်လွန်းလှချေသည်။

ရုတ်တရက် ရွှီရှန်းချူက ရန်ရှောင်စုကို လှမ်းကြည့်လိုက်သည်။

“မင်းက ဆရာဝန်တစ်ယောက် မဟုတ်လား။ သူတို့ရဲ့ ဒဏ်ရာတွေကို သွားကြည့်ပေးပါဦး။ ဝမ်ချုံးယန်က ငါ ဒီကိုမလာခင်တုန်းက မင်းရဲ့ အခြေအနေကို ပြောပြထားပြီးသားမို့လို့ မင်း ဟန်ဆောင်မနေနဲ့တော့။”

“အော...”

ရန်ရှောင်စုက သူ၏တင်ပါးကို ပုတ်ကာ မတ်တပ်ထရပ်လိုက်၏။ သူသည် ဓားဒဏ်ရာရထားသော စစ်သားရှိရာသို့ လျှောက်သွားပြီး ဆောင့်ကြောင့်ထိုင်လိုက်ကာ ရွှီရှန်းချူဘက်သို့ လှည့်ပြောလိုက်သည်။

“ဒါပေမဲ့ ဒီလို လူသူမရှိတဲ့ တောရိုင်းမြေရိုင်းထဲမှာ ဘာဆေးဝါးမှ မရှိဘူး။ သူ့ဒဏ်ရာက တော်တော်လေး ပြင်းထန်နေတယ်။”

ထိုအခိုက်အတန့်တွင် မျက်နှာဖျော့တော့နေပြီဖြစ်သော ထိုစစ်သားက မေးလိုက်သည်။

“ငါ နောက်ထပ် ဘယ်လောက်ကြာကြာ အသက်ရှင်နိုင်ဦးမလဲ။”

ရန်ရှောင်စုက ခဏမျှ စဉ်းစားလိုက်၏။

“၁၀...”

“ဆယ်မိနစ်လား။”

ထိုစစ်သားမှာ လန့်သွားတော့သည်။ ရန်ရှောင်စုက သူ့ကို တည်ကြည်စွာ စိုက်ကြည့်လိုက်၏။

“၉... ၈... ၇...”

စစ်သား - “???”

“ငါ သူ့ရဲ့ အရေးကြီးတဲ့ အင်္ဂါအစိတ်အပိုင်းတွေနဲ့ ကလီစာတွေကို ရှောင်ပြီး ထိုးခဲ့တာ။ မင်း သူ့ကို လျှောက်မခြောက်နဲ့။”

ရွှီရှန်းချူက ဝင်ပြောလိုက်သည်။

“မင်းမှာ ဒဏ်ရာတွေကို ကုသရာမှာ အရမ်းထိရောက်တဲ့ ဆေးတစ်မျိုး ရှိတယ်လို့ ဝမ်ချုံးယန်ဆီက ငါကြားထားတယ်။ မင်း တောရိုင်းထဲကို လာတုန်းက အဲ့ဒီဆေးကို ယူမလာခဲ့ဘူးဆိုတာ ငါမယုံဘူး။”

ရန်ရှောင်စုတစ်ယောက် မကျေမနပ်ဖြစ်သွား၏။

“ကျုပ်ဆေးက အရမ်းစျေးကြီးတယ်။ ခင်ဗျားက ပိုက်ဆံပေးမှာမို့လို့လား။ ကျုပ်က ခင်ဗျားတို့ရဲ့ လမ်းပြပဲ။ အဖွဲ့လိုက် ဆရာဝန်မဟုတ်ဘူး။ အကယ်၍ အဖွဲ့လိုက် ဆရာဝန် လုပ်ခိုင်းချင်ရင် ခင်ဗျားတို့ ပိုက်ဆံအပိုပေးရမယ်။”

သေချာပါသည်...။ ရန်ရှောင်စု၏ ကိုယ်ပေါ်တွင် ဆေးနက်များ ဖြည့်ထားသော ကြွေပုလင်းငယ်လေး နှစ်လုံး ပါလာခဲ့သည်။

ရွှီရှန်းချူ အံ့အားသင့်သွား၏။

“ငါ့ပိုက်ဆံတွေက လမ်းမှာ ပျောက်သွားခဲ့ပြီ။”

သူသည် မိမိ၏ ရဲဘော်ရဲဘက်၏ အသက်ကို အရင်ဆုံး ကယ်တင်နိုင်ရန်အတွက် လူတိုင်း ပိုက်ဆံဝိုင်းထည့်သင့်သည်ဟု တွေးကာ အခြားသူများထံသို့ အကြည့်ကို လွှဲလိုက်၏။ အမှန်စင်စစ် ရွှီရှန်းချူသည် မည်သူ့ကိုမျှ သတ်ပစ်ရန် ရည်ရွယ်ချက် မရှိခဲ့ပေ။ သူသည် အခြားသူများကို အကြောက်တရားဖြင့် ထိန်းချုပ်နိုင်ရန်သာ မျှော်လင့်ခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း ပတ်ဝန်းကျင်ရှိ လူတိုင်းက အကြည့်ကို လွှဲပစ်လိုက်ကြပြီး ကူညီရန် ငြင်းဆန်ခဲ့ကြ၏။ အထူးသဖြင့် ယခင်က ဒဏ်ရာရထားသော ထိုစစ်သား၏ မရိုးသားသော အကြည့်များဖြင့် အကြည့်ခံခဲ့ရဖူးသည့် လော့ရှင်းယွီ ဖြစ်သည်။

မည်သူမျှ ပိုက်ဆံမပေးလိုကြသည်ကို မြင်သောအခါ ရန်ရှောင်စုသည် လက်လျှော့ရန် အကြံပြုတော့မည့် ဆဲဆဲတွင် သူ့ဘေးနားရှိ မြေပြင်ပေါ်မှ အားနည်းသော အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

“ငါ... ပိုက်ဆံယူလာတယ်...။”

‘မင်းရဲ့ ရှင်သန်လိုတဲ့ စိတ်ဗီဇက တော်တော် ပြင်းထန်တာပဲ...။’

ရန်ရှောင်စုတစ်ယောက် စိတ်ထဲမှ တွေးလိုက်မိသည်။

“မင်း ပိုက်ဆံက ဘယ်ထဲမှာလား။ ဘယ်ဘက်အိတ်ထဲမှာလား၊ ညာဘက်အိတ်ထဲမှာလား။ ငါ ကြိုပြောထားမယ်နော်။ ငါ ဓားဒဏ်ရာတွေကို အပ်ချုပ်မပေးတတ်ဘူး။ ဆေးထည့်ပေးပြီးရင် ဒဏ်ရာပြန်ကျက်၊ မကျက်ဆိုတာက မင်းရဲ့ ကံကြမ္မာအပေါ်မှာပဲ မူတည်လိမ့်မယ်။”

သူက မေးလိုက်သည်။ အခြားသူများအားလုံးမှာ မှင်တက်သွားကြသည်။

“ဒဏ်ရာကို မချုပ်ဘဲနဲ့ ဒီအတိုင်း ဆေးပဲ ထည့်ပေးလို့ တကယ်ရလို့လား။”

လော့ရှင်းယွီက ဝင်ပြောလိုက်သည်။

“ကျွန်မဆီမှာ အပ်ချုပ်သေတ္တာ ပါတယ်။ ဒါပေမယ့် ကျွန်မ သွေး မကြည့်ရဲဘူး။”

“ငါပဲ ချုပ်ပေးလိုက်ပါ့မယ်။”

ရွှီရှန်းချူက ဆိုသည်။

ဤအခိုက်အတန့်တွင် ရန်ရှောင်စုသည် ထိုစစ်သား၏ အိတ်ကပ်ထဲမှ ပိုက်ဆံအပုံလိုက်ကို နှိုက်ယူပြီးနေပြီ ဖြစ်သည်။

“ငါ မင်းဆီက အများကြီး မယူပါဘူး။ ၁၂၀၀ ယွမ်ပဲ။”

“ကောင်းပါပြီ။”

ထိုစစ်သားက ရန်ရှောင်စုကို ပြောလိုက်သည်။ သူ မသေနိုင်တော့ကြောင်း သဘောပေါက်သွားပြီးနောက် သူ၏ စိတ်အခြေအနေမှာ သိသိသာသာ ကောင်းမွန်လာခဲ့သည်။

“ကျေးဇူးတင်ပါတယ်။”

“ဝမ်လေ့ထံမှ ကျေးဇူးတင်စကား +၁။”

ရန်ရှောင်စု၏ မျက်လုံးများ တောက်ပသွားခဲ့သည်။ သူ၏ ကျေးဇူးဒင်္ဂါးပြားများမှာ ထပ်မံ၍ လှုပ်ရှားလာခဲ့ပြီ ဖြစ်သည်။ ဝမ်လေ့က ကျေးဇူးတင်စကား ပြောကြားပြီးနောက် သူ၏ ဒင်္ဂါးပြားမှာ နောက်ဆုံးတွင် ၇၇ ပြားသို့ ရောက်ရှိသွားပြီဖြစ်ပြီး လက်နက်ကို သော့ဖွင့်နိုင်ရန်အတွက် နောက်ထပ် ခြေတစ်လှမ်း ပိုမိုနီးကပ်သွားခဲ့ပြီ ဖြစ်သည်။

စခန်းအတွင်းရှိ လေထုကြီးမှာ အနည်းငယ် ပြေလျော့သွားခဲ့သည်။ တစ်ဖက်တွင်မူ ရန်ရှောင်စု၏ ပြက်လုံးများကြောင့် လေထုကြီးမှာ အရင်လောက် တင်းမာမှုမရှိတော့ချေ။ အခြားတစ်ဖက်တွင်မူ လူတိုင်းက ရွှီရှန်းချူသည် လူအချို့ကို ဒဏ်ရာရအောင် လုပ်ခဲ့ပြီး ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်ခဲ့သော်လည်း သူသည် အမှန်တကယ် ဆိုးသွမ်း ရက်စက်ကြမ်းကြုတ်လှသော လူတစ်ယောက် မဟုတ်ကြောင်း သဘောပေါက်သွားကြသောကြောင့် ဖြစ်သည်။

အကယ်၍ ရွှီရှန်းချူသာ အလွန်အမင်း ရက်စက်ကြမ်းကြုတ်သူ ဖြစ်နေမည်ဆိုပါက လူတိုင်း သတိထားကြရပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် မိမိတို့အနားတွင် ဤကဲ့သို့သော အထူးစွမ်းအားရှင်တစ်ဦး ရှိနေခြင်းမှာ အလွန်ပင် အန္တရာယ်များလှသောကြောင့်ပင်။

ထိုစစ်သား၏ ဒဏ်ရာကို အပ်ချုပ်ပေးနေစဉ်အတွင်း ရွှီရှန်းချူက ပြောလိုက်သည်။

“အခြေအနေက ဒီလိုအဆင့်အထိ ရောက်လာပြီဆိုတော့ ငါ မင်းတို့ကို ဆက်ပြီး ဖုံးကွယ်ထားဖို့ မလိုတော့ဘူး။ ခံတပ်က စူးစမ်းသိရှိခဲ့တာက ဒီတောင်တန်းထဲမှာ ကပ်ဘေးကြီး မတိုင်ခင်က လူ့ယဉ်ကျေးမှုအကြွင်းအကျန် နယ်မြေတစ်ခု ရှိနေသင့်တယ်ဆိုတာပဲ။ သူတို့က နောက်ပိုင်းမှာ အဓိက စစ်တပ်ကြီး လာရောက်ရှာဖွေ စူးစမ်းရလွယ်ကူအောင် မြေပုံနဲ့ လမ်းကြောင်းတွေကို လာရောက်တိုင်းတာဖို့အတွက် ပုဂ္ဂလိကစစ်တပ်ကို ဒီကို စေလွှတ်ခဲ့တာ။ အမှန်တော့ ငါတို့လည်း ဒီကိုမလာခင်တုန်းက ဒီနေရာမှာ ဘာတွေဖြစ်ပျက်ခဲ့လဲဆိုတာ မသိခဲ့ဘူး။”

“ဒီကို ရောက်လာပြီးတဲ့နောက်မှာ ကျင်းရှန်းတောင်တန်းမှာ တစ်ခုခု မှားယွင်းနေတာကို ငါ သတိပြုမိခဲ့တယ်။ ကျင်းရှန်းတောင်တန်းထဲက လျှို့ဝှက်ချက်က တောရိုင်းတိရစ္ဆာန်တွေကိုတောင် မျိုးရိုးဗီဇပြောင်းလဲ တိုးတက်လာစေနိုင်ရင် ဒီလျှို့ဝှက်ချက်က လူသားတွေအတွက်လည်း အသုံးဝင်နိုင်မလား၊ ဒါမှမဟုတ် ငါတို့လို အထူးစွမ်းအားရှင်တွေအတွက်ပါ အသုံးဝင်နိုင်မလားဆိုတာ ငါ စဉ်းစားမိခဲ့တယ်။ ဒါကြောင့်မို့လို့လည်း ငါက ရှေ့ကို ဇွတ်အတင်း ဆက်သွားဖို့ ဆုံးဖြတ်ခဲ့တာ။”

“ခင်ဗျား အရင်တုန်းက တာဝန်ကို လက်လျှော့မယ်လို့ ပြောခဲ့တယ် မဟုတ်ဘူးလား။”

လျိုပုက မေးလိုက်သည်။

“အဲဒီအချိန်တုန်းက ဒီနေရာက အလွန်အန္တရာယ်များတယ်လို့ ငါခံစားခဲ့ရလို့ပဲ။ ငါ့ရဲ့ အထူးစွမ်းအားရှင်ဆိုတဲ့ အထောက်အထားကို မဖော်ပြမိစေဖို့အတွက် လက်လျှော့ဖို့ ဆုံးဖြတ်ခဲ့တာ။ အဆိုးဆုံးဖြစ်လာရင်တောင် ခံတပ်အတွင်းက အဓိက စစ်တပ်ကြီးနဲ့အတူ ဒီနေရာကို ပြန်လာလို့ရရုံပါပဲ။ အဲ့ဒါက ပိုပြီးတော့ စိတ်ချရတယ်လေ။”

ရွှီရှန်းချူက ပြန်ဖြေလိုက်သည်။ ရန်ရှောင်စုလည်း ထိုအခါမှ သဘောပေါက်သွားတော့သည်။ ရွှီရှန်းချူသည် ယခင်က မစ်ရှင်ကို လက်လျှော့ရန် အမှန်တကယ် စဉ်းစားခဲ့ဖူးခြင်း ဖြစ်သည်။

ရွှီရှန်းချူသည် ဤနေရာတွင် စကားကို ခဏ ဖြတ်လိုက်၏။

“ဒါပေမဲ့ အခုအချိန်မှာတော့ ငါ့အနေနဲ့ ခံတပ်မြို့ကြီးဆီကို ပြန်သွားဖို့ မဖြစ်နိုင်တော့ဘူး။ ခံတပ်က အထူးစွမ်းအားရှင်တွေအပေါ် ဘယ်လိုသဘောထားမျိုး ရှိလဲဆိုတာ မင်းတို့လည်း မြင်တွေ့ခဲ့ရပြီးပြီပဲ။ ပြန်သွားတာက ငါ့အတွက် အရမ်းအန္တရာယ်များလိမ့်မယ်။ ဒါကြောင့် ငါကတော့ ကျင်းရှန်းတောင်တန်းရဲ့ အနက်ရှိုင်းဆုံးနေရာတွေအထိ သွားပြီး စူးစမ်းရှာဖွေသွားမယ်။ အကယ်၍ မင်းတို့က နံပါတ် ၁၁၂ ခံတပ်ကို သွားချင်တယ်ဆိုရင်တော့ ငါတို့ လမ်းခွဲကြရမှာပဲ။ ငါ မင်းတို့ကို တားဆီးမှာ မဟုတ်ဘူး။”

တောင်တန်း၏ အနက်ရှိုင်းဆုံးနေရာနှင့် နံပါတ် ၁၁၂ ခံတပ်သည် လမ်းကြောင်းနှစ်ခု ဖြစ်နေပြီး တစ်ခုမှာ အရှေ့မြောက်ဘက်ဖြစ်ကာ အခြားတစ်ခုမှာမူ အနောက်မြောက်ဘက် ဖြစ်သည်။ ယခုအခါ လူတိုင်းသည် ရွေးချယ်စရာ လမ်းနှစ်ခုနှင့် ရင်ဆိုင်နေရပြီဖြစ်သည်။ တစ်ခုမှာ ရွှီရှန်းချူကို အဖွဲ့မှ ထွက်ခွာခွင့်ပြုရန် ဖြစ်ပြီး အခြားတစ်ခုမှာမူ ရွှီရှန်းချူ၏ နောက်သို့ လိုက်ပါသွားရန် ဖြစ်သည်။

စခန်းအတွင်း မည်သူမျှ စကားမပြောကြပေ။ လူတိုင်းက အခြားတစ်စုံတစ်ဦးက ပထမဆုံး ဆုံးဖြတ်ချက်ချပေးမည့်အချိန်ကို စောင့်ဆိုင်းနေကြပုံရသည်။

“ကျွန်မ ရှင်နဲ့အတူ လိုက်ခဲ့မယ်။”

ယန်ရှောင်ကျင်းက တည်ငြိမ်စွာ ပြောလိုက်သည်။

“ဒီနေရာက အရမ်းအန္တရာယ်များတယ်။ အသက်ရှင်လျက် ပြန်ထွက်နိုင်မယ့် အကောင်းဆုံးနည်းလမ်းကတော့ နင့်လို အထူးစွမ်းအားရှင်တစ်ယောက်ရဲ့ ဘေးနားမှာ နေတာပဲ။”

ရန်ရှောင်စုသည် ဤအကြိမ်က ယန်ရှောင်ကျင်း စကားအများဆုံး ပြောဆိုခဲ့သည့် အကြိမ်ဖြစ်ပုံရသည်ဟု ပြန်လည်တွေးတောမိလိုက်သည်။

သို့သော် ယန်ရှောင်ကျင်း အမှန်အတိုင်း ပြောနေခြင်း မဟုတ်ဟု သူ ခံစားလိုက်ရသည်။ အဘယ်ကြောင့်ဆိုသော် ယန်ရှောင်ကျင်း၏ မူလရည်မှန်းချက် ပစ်မှတ်သည်လည်း ကျင်းရှန်းတောင်တန်း၏ အနက်ရှိုင်းဆုံးနေရာ ဖြစ်နေသင့်သောကြောင့် ဖြစ်သည်။

ဤအချက်တွင် ရန်ရှောင်စုသည် ယန်ရှောင်ကျင်းသည်လည်း အထူးစွမ်းအားရှင်တစ်ဦး ဖြစ်နေနိုင်သည်ဟူသော သံသယများ ပိုမိုကြီးထွားလာခဲ့တော့သည်။

All Chapters