← Chapters

အခန်း (၅၉-၆၀)

Vol. 6 Ch. 59-60

အခန်း (၅၉-၆၀)

Vol. 6 Ch. 59-60

အခန်း ၅၉

ရွှီရှန်းချူနှင့်အတူ တောင်တန်းထဲသို့ လိုက်သွားမည့် ယန်ရှောင်ကျင်း၏ ဆုံးဖြတ်ချက်က လူတိုင်းကို အံ့အားသင့်သွားစေခဲ့သည်။ ပထမဦးဆုံး စတင်၍ ထုတ်ဖော်ပြောဆိုလာသူမှာ မိန်းကလေးတစ်ဦး ဖြစ်နေလိမ့်မည်ဟု မည်သူမျှ မျှော်လင့်မထားခဲ့ကြပေ။

သို့သော်လည်း ယန်ရှောင်ကျင်း၏ စကားများက အလွန်ပင် ကျိုးကြောင်းဆီလျော်လှပေသည်။ ဤနေရာသည် အန္တရာယ်များဖြင့် ပြည့်နှက်နေပြီး မိမိတို့အနားတွင် အထူးစွမ်းအားရှင်တစ်ဦး ရှိနေခြင်းက အမြဲတမ်း စိတ်အေးချမ်းမှုကို ရရှိစေမည် ဖြစ်သည်။

အထူးစွမ်းအားရှင် တစ်ယောက်၏ ကာကွယ်စောင့်ရှောက်မှု မရှိဘဲနှင့်မူ ၎င်းတို့အနေဖြင့် တောင်အနက်ပိုင်းထဲသို့ မဝင်ရောက်ခဲ့လျှင်တောင်မှ နံပါတ် ၁၁၂ ခံတပ်မြို့ကြီးဆီသို့ ဘေးကင်းလုံခြုံစွာ ရောက်ရှိနိုင်လိမ့်မည် မဟုတ်ပေ။

ခဏမျှ တိတ်ဆိတ်သွားပြီးနောက် တစ်စုံတစ်ယောက်က ဝင်ပြောလိုက်သည်။

“ငါလည်း လိုက်မယ်။”

“ငါလည်း လိုက်မယ်။”

မမျှော်လင့်ဘဲ လူတိုင်းက ရွှီရှန်းချူ၏နောက်သို့ လိုက်ကာ ကျင်းရှန်းတောင်တန်းဆီသို့ သွားရန် ဆုံးဖြတ်လိုက်ကြသည်။ ဘာပဲဖြစ်ဖြစ် မည်သူမျှ မမိုက်မဲကြသည်မှာ ထင်ရှားလှပေသည်။

ထိုအခိုက်အတန့်တွင် လော့ရှင်းယွီက ရန်ရှောင်စုကို တိုးတိုးလေး မေးလိုက်၏။

“နင် သွားမှာလား၊ မသွားဘူးလား။”

ရန်ရှောင်စု တကယ့်ကို ကြောင်သွားရသည်။

“ဘာလို့ ငါ့ကို လာမေးနေတာလဲ။”

“နင်သွားရင် ငါလည်း လိုက်မယ် “

လော့ရှင်းယွီက ဆိုသည်။ ရန်ရှောင်စုတစ်ယောက် အနည်းငယ် ဝေခွဲမရ ဖြစ်သွား၏။

“အစ်မကြီး...ငါတို့က အဲဒီလောက် ရင်းနှီးလို့လား။ ဘာလို့ အရမ်းရင်းနှီးနေတဲ့ ပုံစံမျိုး လာလုပ်ပြနေတာလဲ။”

သူသည် လော့ရှင်းယွီကို လျစ်လျူရှုလိုက်ပြီး ရွှီရှန်းချူထံသို့ လှည့်ကာ ပြောလိုက်သည်။

“ကျုပ်လည်း ခင်ဗျားနဲ့အတူ လိုက်ခဲ့မယ်။”

ရုတ်တရက်ပင် အဝေးဆီမှ အဖြူရောင် အလင်းတန်းတစ်ခု ဖြာကျလာခဲ့သည်။ ရွှီရှန်းချူတစ်ယောက် ကောင်းကင်ကို မော့ကြည့်လိုက်သည်။

“လူတိုင်း အခုအချိန်မှာ အနားယူထားကြပါ။ အားလုံးက ငါ့နောက်ကို လိုက်ဖို့ ဆုံးဖြတ်ပြီးပြီဆိုမှတော့ မိုးလင်းတာနဲ့ ငါတို့ စထွက်ကြမယ်။ ကြိုတင်ပြီး ရှင်းရှင်းလင်းလင်း ပြောထားမယ်။ တစ်ဖွဲ့လုံးက ငါ့ရဲ့ အမိန့်ကို လိုက်နာရမယ်။ အကယ်၍ တစ်စုံတစ်ယောက်က မနာခံဘူးဆိုရင်တော့ ငါ ညှာတာနေမှာ မဟုတ်ဘူး။”

ထိုသို့ပြောပြီးနောက် သူသည် သူ၏ပုဂ္ဂလိကစစ်တပ်ကို ဦးဆောင်ကာ သစ်ကိုင်းများကို လိုက်လံစုဆောင်းပြီး ဒဏ်ရာရလူနာထမ်းစင်တစ်ခု ပြုလုပ်ရန်အတွက် ၎င်းတို့ကို အတူတကွ ပူးချည်လိုက်တော့သည်။ သူ ကန်လိုက်သော စစ်သားမှာ လမ်းလျှောက်နိုင်သေးသော်လည်း ဓားဖြင့် ထိုးခံလိုက်ရသော စစ်သားမှာမူ လမ်းမလျှောက်နိုင်တော့ပေ။

ရွှီရှန်းချူသည် ထိုဒဏ်ရာရလူနာကိုပါ လမ်းခရီးတွင် တစ်ပါတည်း ခေါ်ဆောင်သွားချင်နေခဲ့ခြင်း ဖြစ်သည်။ ဤနေရာတွင် ထူထပ်လှသော တောအုပ်ကြီး ရုတ်တရက် ပေါ်ပေါက်လာပြီးနောက် လူတိုင်း ယာဉ်များကို စွန့်ပစ်ခဲ့ကြရသည်ကို သိထားရမည်ဖြစ်သည်။ အကယ်၍ ၎င်းတို့အနေဖြင့် နောက်ထပ် လူတစ်ယောက်ကိုပါ ထမ်းပိုးသွားရမည်ဆိုပါက ၎င်းက ကြီးမားသော ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်လာပေလိမ့်မည်။

အဖွဲ့ထဲက မည်သူမျှ လူနာထမ်းစင်ကို မထမ်းချင်ကြဟု သူ သံသယဝင်မိသည်။ သာမန် အရွယ်ရောက်ပြီးသူ အမျိုးသားတစ်ဦးမှာ တော်တော်လေး လေးလံလှသည်။ အမျိုးသားများကို ထား... အရွယ်ရောက်ပြီးသူ အမျိုးသမီးအချို့ပင်လျှင် တော်တော်လေး လေးလံကြပေသည်...။

ဤအခိုက်အတန့်တွင် ရန်ရှောင်စုတစ်ယောက် အနည်းငယ် ဝေခွဲမရ ဖြစ်နေမိသည်။ ရွှီရှန်းချူသည် သဘာဝအတိုင်း စိတ်ထားကောင်းမွန်သူတစ်ဦးလော သို့မဟုတ် သူက လူထု၏ နှလုံးသားကို ရရှိရန်အတွက် တမင်တကာ လုပ်ဆောင်နေခြင်းလော။

ဒဏ်ရာရသွားသော ဝမ်လေ့မှာမူ အလွန်အမင်း စိတ်လှုပ်ရှားသွားပြီး သူ၏ အထက်လူကြီးဖြစ်သူ ရွှီရှန်းချူကို အထပ်ထပ်အခါခါ ကျေးဇူးတင်နေတော့သည်။

သူ့ပတ်ဝန်းကျင်မှ ထပ်ခါတလဲလဲ ထွက်ပေါ်နေသော “ကျေးဇူးတင်ပါတယ်” ဟူသည့် အသံများကို ကြားရသောအခါ ရန်ရှောင်စု၏ စိတ်ထဲ၌ ရုတ်တရက် ရဲရင့်သော အကြံဉာဏ်တစ်ခု ပေါ်လာခဲ့သည်...။

လူနာထမ်းစင်ကို အသင့်ပြင်ဆင်ပြီးနောက် ရွှီရှန်းချူက မေးလိုက်သည်။

“သူ့ကို ထမ်းဖို့ ဘယ်သူ ကူညီပေးချင်လဲ။”

“ငါ ထမ်းမယ်။”

ရန်ရှောင်စုက ရှေ့သို့ လှမ်းထွက်လိုက်၏။ပတ်ဝန်းကျင်ရှိ လူတိုင်း ဇဝေဇဝါ ဖြစ်သွားကြတော့သည်။

ရန်ရှောင်စု...မင်း ဘယ်လိုလုပ်ပြီး ဒီလောက်ထိ စိတ်ကောင်းနှလုံးကောင်း ရှိသွားရတာလဲ။

ရွှီရှန်းချူက အနည်းငယ် စဉ်းစားလိုက်သည်။

“မင်းက တောရိုင်းမြေရိုင်းအကြောင်းကို အသိဆုံးပဲ။ ဒါကြောင့် မင်းက လမ်းပြပဲ လုပ်သင့်တယ်။ ပြီးတော့ မင်းက ငယ်သေးတယ်။ အရွယ်ရောက်ပြီးသား အမျိုးသားတစ်ယောက်ကို ထမ်းနိုင်မှာ မဟုတ်ဘူး။”

ရန်ရှောင်စုတစ်ယောက် ပျာပျာသလဲ ဖြစ်သွား၏။

“မရဘူး။ ဒီနေ့ သူ့ကို ငါပဲ ထမ်းမယ်။ ဒီနေ့ ငါ့ဆီကနေ သူ့ကို လုဖို့ ကြိုးစားတဲ့သူရှိရင် ငါ အသေသတ်ပစ်မယ်။”

လူတိုင်း - “...”

ထိုအချိန်တွင် လူတိုင်း ကြောင်အမ်းသွားကြ၏။ ဒီဘက်ခေတ်မှာ ကောင်းမှုကုသိုလ် လုပ်တာတောင် ဤမျှလောက်အထိ ကြုံးဝါးပြင်းထန်တဲ့ စကားတွေ ပြောဖို့ လိုအပ်လို့လား...။

...

နာရီဝက်ခန့် ကြာပြီးနောက် ရန်ရှောင်စုနှင့် ရွှီရှန်းချူတို့သည် လူနာထမ်းစင်ကို ရှေ့တစ်ယောက် နောက်တစ်ယောက် ထမ်းလာခဲ့ကြသည်။ ရန်ရှောင်စုသည် ၎င်းကို အလွန်အမင်း လေးလံသည်ဟု မခံစားရပေ။ ဘာပဲဖြစ်ဖြစ် သူသည် ယခုအခါ မမျှော်လင့်ဘဲ အလွန်အမင်း သန်မာနေပြီ ဖြစ်သည်။

ရန်ရှောင်စုက ဝမ်လေ့ကို ဆေးထည့်ပေးပြီးနောက် ဝမ်လေက သူ့ကို ကျေးဇူးတင်သဖြင့် ကျေးဇူးဒင်္ဂါးပြား +၁ ရရှိခဲ့သည်။ ရန်ရှောင်စုက ဝမ်လေ့ကို မချီလိုက်သည့်အခါတွင်လည်း ဝမ်လေ့က သူ့ကို ထပ်မံကျေးဇူးတင်ခဲ့ပြန်သဖြင့် ကျေးဇူးဒင်္ဂါးပြား +၁ ထပ်မံရရှိခဲ့ပြန်သည်။ လမ်းခရီးတွင်လည်း ရန်ရှောင်စုက ဝမ်လေ့ကို ဗိုက်ဆာလား၊ ရေဆာလား စသည်ဖြင့် စေ့စေ့စပ်စပ် ဂရုတစိုက် မေးမြန်းပေးခဲ့ရာ ဝမ်လေ့က သူ့ကို ထပ်မံ၍ ကျေးဇူးတင်ခဲ့ပြန်သဖြင့် ကျေးဇူးဒင်္ဂါးပြား +၁ ထပ်မံရရှိခဲ့သည်။

ရန်ရှောင်စုသည် ဤနေရာတွင် ကျေးဇူးဒင်္ဂါးပြားများကို ရှာဖွေစုဆောင်းရန်အတွက် မှော်ဆန်သော ကိရိယာတစ်ခုကို တွေ့ရှိလိမ့်မည်ဟု လုံးဝ မျှော်လင့်မထားခဲ့ပေ။

နာရီဝက်ခန့်အတွင်းမှာပင် ရန်ရှောင်စုသည် ကျေးဇူးဒင်္ဂါးပြား ၈၂ ပြားအထိ စုဆောင်းမိသွားခဲ့ပြီ ဖြစ်သည်။

ရွှီရှန်းချူသည်လည်း တစ်ခုခု မှားယွင်းနေပြီဟု ခံစားလိုက်ရသည်။ သူ၏ မှတ်ဉာဏ်ထဲတွင်မူ ရန်ရှောင်စုသည် မိမိနှင့်မဆိုင်သော ကိစ္စများကို ရှောင်ဖယ်တတ်သည့် လူစားမျိုး ဖြစ်သည်မှာ အထင်အရှားပင်။

သူက ဘယ်လိုလုပ်ပြီး ရုတ်တရက်ကြီး လူကောင်းတစ်ယောက် ဖြစ်သွားရတာလဲ။

သူ လုံးဝမယုံပါချေ။

သို့သော်လည်း ရွှီရှန်းချူသည် လမ်းခရီးတစ်လျှောက်တွင် အချိန်အကြာကြီး တွေးတောနေခဲ့သည်။ အကယ်၍ ရန်ရှောင်စုတွင် မရိုးသားသော ရည်ရွယ်ချက်များ ရှိနေသည်ဆိုပါက ရန်ရှောင်စုက ဘာကို လိုချင်နေသနည်း...။

သူ ဘယ်လိုမှ စဉ်းစား၍ မရနိုင်တော့ပေ။

ဤထူထပ်လှသော တောအုပ်ကြီးကို ဖြတ်သန်းရန်မှာ မလွယ်ကူလှချေ။ သစ်ပင်များမှာ အလွန်ပင် စိပ်လွန်းလှသဖြင့် ရန်ရှောင်စုတစ်ယောက် ဤကဲ့သို့သော အရာမျိုးကို တစ်ခါမျှ မမြင်ဖူးခဲ့ပေ။

သူသည် လွန်ခဲ့သော တစ်နှစ်ခန့်ကမှ ဤနေရာသို့ ရောက်ရှိခဲ့ဖူးခြင်း ဖြစ်သော်လည်း ယခုအခါ သူ့ရှေ့မှောက်ရှိ တောအုပ်ကို ကြည့်ရင်း ဆယ်စုနှစ်ပေါင်းများစွာ ဤနေရာသို့ မရောက်ဖြစ်ခဲ့သကဲ့သို့ ခံစားလိုက်ရသည်။ အပြောင်းအလဲများမှာ ကြီးမားလွန်းလှ၏။

ဝမ်လေ့နှင့် ပေါ့ပေါ့ပါးပါး စကားစမြည်ပြောဆိုနေစဉ်အတွင်း ရန်ရှောင်စုသည် သူ၏မျက်လုံးများကို ပတ်ဝန်းကျင်ဆီသို့ အမြဲတစေ ဝေ့ကြည့်ထားခဲ့သည်။ ၎င်းတို့ လမ်းလျှောက်လာကြစဉ် ရန်ရှောင်စုသည် သူ ကြွက်သေကို စွန့်ပစ်ခဲ့သည့် နေရာဆီသို့ တမင်တကာ လှမ်းကြည့်လိုက်၏။ နာရီအနည်းငယ်မျှ ကြာပြီးနောက်တွင်ပင် ထိုကြွက်၏ အကြွင်းအကျန်များသည် အရိုးစုအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

၎င်းက ဤအနီးအနားတွင် အပုပ်ကောင်များကို စားတတ်သည့် ပိုးမွှားများ အထူးသဖြင့် ပုရွက်ဆိတ်များ ရှိနေကြောင်း ညွှန်ပြနေခဲ့သည်။

၎င်းတို့ လမ်းလျှောက်လာကြစဉ် လော့ရှင်းယွီသည် ရွှီရှန်းချူအပေါ် အလွန်အမင်း စိတ်ဝင်စားမှု ရှိလာသည့်အလား သူ့အနားတွင် ကပ်၍ လျှောက်လှမ်းနေခဲ့၏။

လော့ရှင်းယွီသည် သူမ၏ခန္ဓာကိုယ်ကို ရွှီရှန်းချူထံသို့ အကြိမ်အတော်ကြာ တိုးကပ်လုနီးပါး ဖြစ်နေသည်ကို ရန်ရှောင်စု မြင်တွေ့ခဲ့ရသော်လည်း ရွှီရှန်းချူကမူ တမင်တကာပင် အေးစက်စက်နှင့် လျစ်လျူရှုထားခဲ့သည်။

ထိုအခိုက်အတန့်တွင် ရန်ရှောင်စုသည် လော့ရှင်းယွီ၏ အပြုအမူများထဲ၌ ဈေးမြို့နယ်မှ အမျိုးသမီးအချို့၏ လက္ခဏာရပ်အချို့ကိုပင် မြင်တွေ့လိုက်ရသည်...။

ခံတပ်အတွင်းက အမျိုးသမီးအချို့သည်လည်း အန္တရာယ်ရှိသော ပတ်ဝန်းကျင်မျိုးတွင် မသိစိတ်အရ အားကိုးရာကို ရှာဖွေတတ်ကြသည်မှာ ထင်ရှားလှပေသည်။

ရန်ရှောင်စုတစ်ယောက် ယန်ရှောင်ကျင်းထံသို့ ထပ်မံကြည့်ရှုလိုက်ရာ ယန်ရှောင်ကျင်း၏ သေနတ်ပြောင်းနှစ်ခုမှာမူ အမြဲတမ်း အခြားသူများရှိရာ လမ်းကြောင်းဆီသို့သာ ဦးတည်နေသည်ကို တွေ့လိုက်ရသည်...။

လော့ရှင်းယွီနှင့် ယန်ရှောင်ကျင်းတို့မှာ လုံးဝ ဆန့်ကျင်ဘက် အစွန်းနှစ်ဖက်ကဲ့သို့ပင် ဖြစ်သည်...။

မွန်းတည့်ချိန်သို့ ရောက်သောအခါ ရွှီရှန်းချူက ရန်ရှောင်စုကို မေးလိုက်သည်။

“မင်း လူတိုင်းအတွက် အစားအစာနည်းနည်းလောက် ရှာပေးနိုင်မလား။”

“ကျုပ်က နတ်ဘုရားမှ မဟုတ်တာ။ အစားအစာ ရှာမယ်လို့ ပြောလိုက်တာနဲ့ တကယ်ပဲ အစားအစာက ချက်ချင်း ပေါ်လာရမှာလား။ အကယ်၍ ကျုပ်က သစ်ပင်ကို ဝင်တိုက်မယ့် တောဝက်တစ်ကောင် ရှိတယ်လို့ ပြောလိုက်ရင် တောဝက်တစ်ကောင်က ဒီအတိုင်းပဲ သစ်ပင်ကို ဝင်တိုက်မိမှာလား။”

ရန်ရှောင်စုက အာရုံမရှိသကဲ့သို့ ပေါ့ပေါ့တန်တန်ပင် ပြောလိုက်သည်။ သို့သော် သူ၏ စကားမဆုံးသေးမီမှာပင်....

“ဝုန်း...”

၎င်းတို့၏ အရှေ့ဘက် မီတာအတော်ဝေးဝေးမှ ကျယ်လောင်သော တိုက်မိသံကြီးတစ်ခု ထွက်ပေါ်လာခဲ့၏။ ထို့နောက်တွင် သစ်ကိုင်းများ ကျိုးကျသွားသည့် အသံများ ထွက်ပေါ်လာခဲ့သည်။ ၎င်းမှာ အမှန်တကယ်ပင် တစ်စုံတစ်ခုက သစ်ပင်ကို ဝင်တိုက်မိလိုက်သည့်အလားပင်။

လူတိုင်းသည် ထူးဆန်းသော မျက်နှာအမူအရာများဖြင့် ရန်ရှောင်စုကို စိုက်ကြည့်လိုက်ကြ၏။ ရွှီရှန်းချူက လူတိုင်းကို ဦးဆောင်ကာ သတိကြီးစွာဖြင့် ချဉ်းကပ်သွားခဲ့ရာ တောဝက်တစ်ကောင်သည် သစ်ပင်ကြီးတစ်ပင်ကို အမှန်တကယ်ပင် ဝင်တိုက်မိထားကြောင်း တွေ့ရှိလိုက်ရလေသည်။ ထိုတောဝက်သည် သစ်ပင်ဘေးတွင် လဲလျောင်းကာ ထရပ်ရန် ရုန်းကန်နေသော်လည်း ၎င်းသည် မိမိဘာသာ အလွန်ပြင်းထန်စွာ ဝင်တိုက်မိခဲ့သဖြင့် လုံးဝ မတ်တပ်မရပ်နိုင်တော့ပေ။

ထိုစဉ် ရွှီရှန်းချူ၏ ခန္ဓာကိုယ်ထဲမှ မီးခိုးရောင်အရိပ်တစ်ခု ကွဲထွက်လာခဲ့ပြီး ထိုမီးခိုးရောင်အရိပ်သည် လေထဲသို့ မီတာအနည်းငယ် ခုန်တက်သွားခဲ့သည်။ ၎င်း မြေပြင်ပေါ်သို့ ပြန်ကျလာချိန်တွင် တောဝက်၏ ဦးခေါင်းကို လက်သီးဖြင့် ပြင်းထန်စွာ ထိုးချလိုက်ရာ တောဝက်သည် ဘုန်းခနဲမြည်ကာ မြေပြင်ပေါ်သို့ လဲကျသေဆုံးသွားတော့သည်။

သို့သော်လည်း မည်သူမျှ မီးခိုးရောင်အရိပ်ကို အာရုံမစိုက်ကြဘဲ ရန်ရှောင်စုကိုသာ မယုံကြည်နိုင်လောက်အောင် မှင်တက်စွာ စိုက်ကြည့်နေကြတော့သည်။

လျိုပုက ဟက်ဟက်ပက်ပက် ရယ်မောလိုက်၏။

“အခု ငါတို့ နေ့လယ်စာအတွက် တောလိုက်အသားကင် စားလို့ရပြီ။ ရန်ရှောင်စု...မင်းကတော့ တကယ့်ကို အံ့ဩဖို့ကောင်းတာပဲ။ မင်းပြောသမျှ အကုန်ဖြစ်လာတာပါလား။”

လူတိုင်း ရယ်မောလိုက်ကြ၏။ အစားအစာ ရရှိခြင်းက အမြဲတမ်း ကောင်းမွန်သောအရာ ဖြစ်သည်။ သို့သော် ရန်ရှောင်စု တစ်ယောက်တည်းသာ မရယ်မောနိုင်ခဲ့ပေ။ သူသည် ဈေးမြို့ရှိရာ လမ်းကြောင်းဘက်သို့ လှည့်ကြည့်လိုက်မိပြီး သူ၏ နှလုံးသားထဲ၌ မသက်မသာဖြစ်မှုများ ခိုအောင်းလာခဲ့သည်။

လျို့ယွမ်...

ယန်လျို့ယွမ်တစ်ယောက် နောက်ထပ် ဆုတောင်းတစ်ခုကို ပြုလုပ်ခဲ့ရပြန်ပြီဖြစ်ကြောင်းနှင့် ယန်လျို့ယွမ်သည် ဆုတောင်းခြင်း၏ နောက်ဆက်တွဲ တန်ပြန်သက်ရောက်မှု ဒဏ်ကို ခံစားနေရမည်ဖြစ်ကြောင်း ရန်ရှောင်စု တစ်ဦးတည်းသာ သိရှိနေခဲ့သည်။ ရှောင်ယွီနှင့် ကျန်းကျင်းလင်တို့က သူ့ကို ကောင်းကောင်းမွန်မွန် ဂရုစိုက်ပေးနိုင်ကြပါစေဟုသာ သူ မျှော်လင့်ရတော့မည်။

ရန်ရှောင်စု နှုတ်ဆိတ်သွားခဲ့၏။ သူသည် အနာဂတ်တွင် ဤကဲ့သို့ ခန့်မှန်းတွေးဆချက်မျိုးကို ရှောင်ကြဉ်ရန် ဆုံးဖြတ်လိုက်တော့သည်။ သို့မဟုတ်ပါက သူ ကံကောင်းခြင်းများ ပိုမိုရရှိလေလေ ယန်လျို့ယွမ်အတွက် ပိုမိုအန္တရာယ်များလေလေ ဖြစ်ပေလိမ့်မည်။

ရန်ရှောင်စု စိတ်ထဲမှ သက်ပြင်းချလိုက်မိ၏။

“တကယ် ခေါင်းမာတဲ့ကောင်လေးပဲ။”

ဤအခိုက်အတန့်တွင် ရန်ရှောင်စုသည် ဈေးမြို့လေးသို့ ပြန်သွားချင်စိတ်ကို မကြုံစဖူး ပြင်းထန်စွာ ခံစားလိုက်ရသည်။ သူသည် ယန်လျို့ယွမ် အဆင်ပြေရဲ့လားဆိုသည်ကို သွားရောက်ကြည့်ရှုချင်နေမိသည်။

အခန်း ၆၀

ဤထူထပ်လှသော တောအုပ်ကြီးက ကြည့်ရသည်မှာ အလွန်ပင် ခြောက်ခြားဖွယ်ကောင်းလှသည်။ မနေ့ညက မည်သူမျှ မဝင်ရဲခဲ့ကြသော်လည်း ယခုမူ တစ်မနက်ခင်းလုံး လမ်းလျှောက်လာခဲ့ကြသည့်တိုင် မည်သည့်အန္တရာယ်နှင့်မျှ မရင်ဆိုင်ခဲ့ရပေ။

လူတိုင်းအတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာနိုင်သည့် တောဝက်ကြီးသည်ပင်လျှင် နောက်ဆုံးတွင် သစ်ပင်ကို ဝင်တိုက်မိပြီး သေဆုံးသွားခဲ့ရသည်။

ရန်ရှောင်စုသည် လမ်းခရီးတစ်လျှောက်တွင် တောရိုင်းတိရစ္ဆာန်ကြီးများ၏ မစင်များ ရှိ၊ မရှိကို သတိပြုကြည့်ရှုရန် ကြိုးစားခဲ့သော်လည်း ဘာမှ ရှာမတွေ့ခဲ့ပေ။

သို့သော်လည်း ရန်ရှောင်စုသည် သူ၏ သတိဝီရိယကို လျှော့ချမပစ်ခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် ငါးအသားများနှင့် ငါးအရိုးများ၊ ထို့ပြင် ရွှီရှား၏ အလောင်းတို့သည် မည်သို့ကြောင့် ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရသည်ဆိုသည်ကို သူ ယခုထက်ထိ နားမလည်နိုင်သေးသောကြောင့်ပင်။

အဖွဲ့သားများသည် တောအုပ်ထဲမှ ကွင်းပြင်ငယ်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြပြီး ၎င်းတို့ စခန်းချရန်အတွက် ထင်း အမြောက်အမြားကို လိုက်လံစုဆောင်းခဲ့ကြသည်။ ၎င်းတို့အားလုံးသည် တစ်ညလုံး မအိပ်ခဲ့ရသဖြင့် ယနေ့တွင် စောစောစီးစီး အနားယူကြရမည် ဖြစ်သည်။ သို့မဟုတ်ပါက မည်သူမျှ တောင့်ခံနိုင်ကြတော့မည် မဟုတ်ပေ။

ရွှီရှန်းချူသည် စစ်သုံးဓားမြှောင်ဖြင့် ဝက်သားကို နွှင်နေခဲ့ရာ ညှီစို့စို့ သွေးနံ့များက ကွင်းပြင်တစ်ခုလုံး ပျံ့နှံ့သွားခဲ့သည်။ ထိုအခါ ရန်ရှောင်စုက သူ့ကို သတိပေးလိုက်သည်။

“ကျန်တဲ့အသားတွေကို မနက်ဖြန်အတွက် ချန်ထားဖို့ လုံးဝ မတွေးနဲ့။ တောရိုင်းထဲက ဘေးအန္တရာယ် အများစုက သွေးနံ့ကြောင့် ဆွဲဆောင်ခံရပြီး ရောက်လာတတ်ကြတာချည်းပဲ။”

သူက ထိုသို့ပြောရင်း အမည်းရောက်ပုရွက်ဆိတ်အုပ်ကြီး ရောက်ရှိလာနေသည့် မြေပြင်ဆီသို့ လက်ညှိုးထိုးပြလိုက်သည်။ ပုရွက်ဆိတ်တစ်ကောင်ချင်းစီမှာ လက်ထိပ်ခန့် အရွယ်အစားရှိပြီး ကြည့်ရသည်မှာ အလွန်ပင် ထိတ်လန့်ဖွယ်ကောင်းလှသည်။

“နေ့ဘက်မှာတော့ ခင်ဗျားတို့ လှုပ်ရှားသွားလာနေတဲ့အချိန်ဆိုရင် သူတို့က လာပြီး မတိုက်ခိုက်ဘူး။ သူတို့က အစားအစာနဲ့ သွေးနံ့နောက်ကိုပဲ လိုက်ရှာနေကြတာ။ ဒါပေမဲ့ ညဘက်ကျလို့ ခင်ဗျားတို့က ဒီသွေးနံ့ရှိတဲ့ နေရာမှာ အိပ်ပျော်သွားမယ်ဆိုရင်တော့ ခင်ဗျားတို့အားလုံး သူတို့ရဲ့ အစားအစာ ဖြစ်သွားလိမ့်မယ်။ သူတို့ တစ်ချက်ပဲ ကိုက်လိုက်ရင်တောင် သူတို့ဆီက ထွက်လာတဲ့ ဖောမစ်အက်ဆစ်ကြောင့် ခင်ဗျား တော်တော်လေးကို နာကျင်ခံစားရလိမ့်မယ်။”

ရွှီရှန်းချူက ခေါင်းညိတ်ပြလိုက်သည်။

“နားလည်ပါပြီ။ သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။”

“ရွှီရှန်းချူထံမှ ကျေးဇူးတင်စကား +၁။”

ရန်ရှောင်စု အနည်းငယ် အံ့အားသင့်သွားမိသည်။ ရွှီရှန်းချူက တကယ်ပဲ စိတ်ရင်းမှန်ပုံရသည်။

မွန်းတည့်ချိန်တွင် လူတိုင်းသည် ဝက်ကင်ကို အားပါးတရ စားသောက်နေကြ၏။ ၎င်းတို့အားလုံး အလွန်အမင်း ဆာလောင်နေကြပြီ ဖြစ်သည်။ ရန်ရှောင်စု အသားစားနေစဉ်အတွင်း လော့ရှင်းယွီတစ်ယောက် မမျှော်လင့်ဘဲ သူ့ဘေးတွင် ဝင်ထိုင်လာခဲ့သည်။

“နင်က တောရိုင်းထဲမှာ အရမ်းပျော်ဖို့ကောင်းတဲ့ အချိန်တွေကို ဖြတ်သန်းနိုင်တာပဲလို့ ငါခံစားရတယ်။ ကြည့်ရတာ တကယ့်ကို ရိုမန်းတစ် ဖြစ်တာပဲ။”

လော့ရှင်းယွီက အပြစ်ကင်းစင်ပြီး အပူအပင်ကင်းမဲ့သော မျက်နှာအမူအရာဖြင့် ပြောလိုက်သည်။ ရန်ရှောင်စုက ခေါင်းခါလိုက်သည်။

“ဒါက ရှင်သန်မှုလို့ ခေါ်တယ်။ ဘာမှ ရိုမန်းတစ် မဖြစ်ဘူး။”

တောရိုင်းမြေရိုင်းထဲတွင် ရန်ရှောင်စုသည် ရိုမန်းတစ်ဟူသော စကားလုံးကို တစ်ခါမျှ မကြားဖူးခဲ့သလို တောထဲတွင် ဖြစ်ပျက်ခဲ့သောအရာများသည်လည်း ဤစကားလုံးနှင့် လုံးဝသက်ဆိုင်ခြင်း မရှိပေ။

တစ်ခါတရံတွင် ရန်ရှောင်စုသည် ဒုက္ခသည်တစ်ဦးအနေဖြင့် သူ၏ အတွေးအခေါ်နှင့် ခံတပ်အတွင်းက လူများ၏ အတွေးအခေါ်ကြားတွင် ကြီးမားသော ကွာဟချက်တစ်ခု ရှိနေသည်ဟု ခံစားရသည်။

လော့ရှင်းယွီသည် ရန်ရှောင်စု၏ ငြင်းပယ်မှုကို လျစ်လျူရှုလိုက်ပြီး ရုတ်တရက် သူ့ကို ပြောလိုက်ပြန်သည်။

“နင် သိလား။ မင်းက အရမ်း ဆွဲဆောင်မှုရှိတယ်။”

ရန်ရှောင်စု မျက်မှောင်ကြုတ်သွားမိ၏။ သူမသည် ရွှီရှန်းချူထံမှ အငြင်းခံလိုက်ရသဖြင့် ယခု သူ့ဆီသို့ ရောက်လာခဲ့ခြင်းလော။

သူ မကြားချင်ယောင်ဆောင်နေခဲ့သော်လည်း လော့ရှင်းယွီသည် အမှန်တကယ်ပင် သူ့ဘေးတွင် ဇွတ်ထိုင်နေပြီး ပြန်မသွားတော့ပေ။

အမှန်တော့ လော့ရှင်းယွီတွင် သူမကိုယ်ပိုင် အစီအစဉ် ရှိနေခဲ့ခြင်း ဖြစ်သည်။ ဤနေရာတွင် ရန်ရှောင်စုနှင့်အတူ ရှိနေခြင်းက အနည်းဆုံးတော့ သူမကို ငတ်မသေစေနိုင်ကြောင်း သေချာစေမည်ဖြစ်သည်။

အခြားသူများ သတိမထားမိကြသော်လည်း လော့ရှင်းယွီသည် ရန်ရှောင်စုမှာ သာမန်လူတစ်ယောက် လုံးဝမဟုတ်ကြောင်းကို ရိပ်မိထားခဲ့ပြီးပြီ ဖြစ်သည်။ သာမန်ဆယ်ကျော်သက် လူငယ်တစ်ယောက်သည် အရွယ်ရောက်ပြီးသူ အမျိုးသားတစ်ဦးကို ထမ်းပိုးကာ မည်သို့ကြောင့် ဘေးလွတ်ရာသို့ ထွက်ပြေးနိုင်မည်နည်း။ ရွှီရှန်းချူ ကိုယ်တိုင်ပင်လျှင် ဤကဲ့သို့သော စွမ်းရည်မျိုး ရှိချင်မှ ရှိပေလိမ့်မည်။

ထို့ကြောင့် လော့ရှင်းယွီက လူငယ်လေးများသည် ၎င်းတို့၏ ဆယ်ကျော်သက် အရွယ်ရောက်စ စိတ်ကူးယဉ်ချိန်များတွင် စိတ်လိုက်မာန်ပါ အဖြစ်ဆုံး ဖြစ်တတ်ကြသည်ဟု တွေးတောမိခဲ့သည်။ ၎င်းမှာ ဈေးမြို့တွင် နေထိုင်သည်ဖြစ်စေ၊ ခံတပ်မြို့ကြီးအတွင်း၌ နေထိုင်သည်ဖြစ်စေ အတူတူပင် ဖြစ်လိမ့်မည်။

သူမအနေဖြင့် အနည်းငယ်မျှ ဂရုစိုက်ပြလိုက်ရုံနှင့်ပင် ရန်ရှောင်စု ဟုခေါ်သော ဤကောင်လေးသည် သူမအတွက်ဆိုလျှင် ရေထဲဆင်းရဆင်းရ၊ မီးထဲတိုးရတိုးရ လုပ်ဆောင်ပေးလိမ့်မည်ဟု ထင်နေခြင်း ဖြစ်ပေသည်။ အကယ်၍ ရန်ရှောင်စုသာ သူမအပေါ် အမှန်တကယ် အခွင့်အရေးယူရန် ကြိုးစားလာခဲ့လျှင်ပင် သူမ စိတ်ထဲထားမည် မဟုတ်ပေ။

ဤကဲ့သို့သော ကိစ္စမျိုးသည် မြို့ရိုးအတွင်း၌ မကြာခဏ ဖြစ်ပျက်နေကျပင် မဟုတ်ပါလော။ သေချာပေါက် ဖြစ်ပျက်နေကျပင်။

အတိုချုပ်ပြောရလျှင် သူမတွင် လုံခြုံမှုမရှိဟု ခံစားနေရသဖြင့် သူမ အသုံးချနိုင်မည့် အားကိုးရာတစ်ခုကို ရှာဖွေချင်နေခြင်းသာ ဖြစ်သည်။

အမှန်တော့ လော့ရှင်းယွီသည် ရွှီရှန်းချူကို သိမ်းသွင်းရန် အရင်ကြိုးစားခဲ့ဖူး၏။ သို့သော် ယခင်ခရီးစဉ်များအတွင်း သူမ သူ့ကို စကားအကြိမ်ကြိမ် သွားရောက်ပြောဆိုခဲ့သော်လည်း အကြိမ်တိုင်း အေးစက်စွာသာ အငြင်းခံခဲ့ရသည်။

လော့ရှင်းယွီ၏ အတွေးထဲတွင်မူ ရွှီရှန်းချူက အတော်အတန် ပြတ်သားမှုရှိသော လူကြီးတစ်ယောက် ဖြစ်သည်။ သူသည် မိမိဘာလိုချင်သည်ကို ကောင်းကောင်းသိပြီး အကယ်၍ ဘေးအန္တရာယ်တစ်ခုခု ကျရောက်လာပါက ရွှီရှန်းချူသည် သူမကို အချိန်မရွေး စွန့်ပစ်သွားနိုင်ခြေ အလွန်များပေသည်။

လျိုပုနှင့် ပတ်သက်၍မူ ထွေထွေထူးထူး ပြောနေစရာပင် မလိုချေ။ သူက ဘာမှအသုံးမကျသည့် အလကားကောင်တစ်ကောင်ပင်...။

ဒါတင်မကသေးချေ။ ရန်ရှောင်စုနှင့် ယန်ရှောင်ကျင်းတို့သည် ယာယီမဟာမိတ် ဖွဲ့ထားကြခြင်း ဖြစ်နိုင်ကြောင်း သူမ ရိပ်မိလိုက်သည်။ ထို့ကြောင့် ရန်ရှောင်စုကို မိမိဘက်ပါအောင် ဆွဲဆောင်နိုင်ခြင်းက ယန်ရှောင်ကျင်းကိုပါ ဆွဲဆောင်လိုက်နိုင်ခြင်းနှင့် အတူတူပင် ဖြစ်သည်။

လူအများစုက ယန်ရှောင်ကျင်းကို သူမ၏ လက်ထောက်ဟု ထင်မှတ်နေကြသော်လည်း အမှန်စင်စစ် ယန်ရှောင်ကျင်းနှင့် သူမကြားတွင် မည်သည့် အလုပ်ခန့်အပ်မှု ဆက်ဆံရေးမျှ မရှိပေ။ ဆန့်ကျင်ဘက်အနေဖြင့် ယန်ရှောင်ကျင်းက လျိုပုကို ငွေကြေးအချို့ ပေးအပ်ခဲ့ပြီး သူမ နံပါတ် ၁၁၂ ခံတပ်မြို့ကြီးဆီသို့ လမးကြုံလိုက်ပါလိုကြောင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

လော့ရှင်းယွီသည် ယန်ရှောင်ကျင်း၏ မည်သူမည်ဝါဖြစ်ကြောင်း အထောက်အထားကို မသိရှိခဲ့ပေ။ လျိုပု၏ ပြောပြချက်အရ ယန်ရှောင်ကျင်းသည် နံပါတ် ၁၁၂ ခံတပ်တွင်ရှိသော သူမ၏ ဆွေမျိုးများကို သွားရောက်ရှာဖွေမည့် သာမန်မိန်းကလေးငယ်တစ်ဦးမျှသာ ဖြစ်သည်ဟု ကြားသိခဲ့ရသည်။

သို့သော်လည်း တောရိုင်းထဲသို့ ဝင်ရောက်လာပြီးနောက်တွင်မူ လော့ရှင်းယွီသည် ယန်ရှောင်ကျင်းမှာ တဖြည်းဖြည်းနှင့် ထိန်းချုပ်ရခက်ခဲလာကြောင်း သတိပြုမိလာခဲ့သည်။ အထူးသဖြင့် ယန်ရှောင်ကျင်းက သေနတ်ကို ဆွဲထုတ်ကာ ရန်ရှောင်စုကို ချိန်ရွယ်လိုက်သည့်အချိန်တွင် ဤမိန်းကလေးသည် သာမန်မိန်းကလေးငယ်တစ်ဦး ဘယ်လိုမှ မဖြစ်နိုင်ကြောင်း သူမ အသေအချာ သိရှိသွားခဲ့သည်။

လော့ရှင်းယွီ၏ လက်ရှိအတွေးမှာ ဤမဟာမိတ်အဖွဲ့ထဲသို့ ဝင်ရောက်ပြီး ယန်ရှောင်ကျင်း၊ ရန်ရှောင်စုတို့နှင့်အတူ အုပ်စုငယ်လေးတစ်ခု ဖွဲ့စည်းရန် ဖြစ်သည်။

သူမ၏ အမြင်တွင်မူ ရန်ရှောင်စုကဲ့သို့ လောကအမြင်မရှိသော ဒုက္ခသည်တစ်ယောက်က သူမ၏ ဆွဲဆောင်မှုကို မည်သို့ကြောင့် တွန်းလှန်နိုင်ပါမည်နည်း။

အမှန်တော့ လော့ရှင်းယွီနှင့် လျိုပုတို့သည် ဒုက္ခသည်များကို ရင်ဆိုင်ရသည့်အခါ ၎င်းတို့စိတ်ထဲ၌ မွေးရာပါ မာနထောင်လွှားမှုများ ရှိနေကြဆဲပင်။ ၎င်းတို့က ဒုက္ခသည်များကို ခံတပ်မြို့ကြီး၏ လက်အောက်ခံများသာဖြစ်ပြီး လူသားများအဖြစ် မရှုမြင်ဘဲ သက်မဲ့ပစ္စည်းများသဖွယ် သဘောထားကြခြင်း ဖြစ်သည်။

ရန်ရှောင်စုသည် သူ၏ စကားလုံး အသုံးအနှုန်းကို သေချာစွာ ဆင်ခြင်ပြီးနောက် လော့ရှင်းယွီကို ပြောလိုက်၏။

“အစ်မကြီး... ငါ့အနားကနေ ဝေးဝေးနေပေးပါ။”

“...”

လော့ရှင်းယွီတစ်ယောက် ပွင့်ပွင့်လင်းလင်းပဲ ပြောရန် ဆုံးဖြတ်လိုက်တော့သည်။ သူမက ပြုံးလိုက်၏။

“ဒီကိုလာတဲ့ လမ်းခရီးမှာ နားလည်မှုလွဲတာတွေ ရှိခဲ့ရင် ရှိလိမ့်မယ်။ အမှန်တော့ ငါက...”

ရန်ရှောင်စု လန့်သွား၏။

“မင်းက ဘာဖြစ်လို့လဲ။”

လော့ရှင်းယွီသည် ရန်ရှောင်စု၏ အနားသို့ တိုးကပ်လိုက်ပြီး တိုးတိုးလေး စကားပြောမည့်အလား သူမ၏ ခန္ဓာကိုယ်မှာ ရန်ရှောင်စု၏ လက်မောင်းနှင့် ထိလုနီးပါး ဖြစ်သွားခဲ့သည်။ သူမက ခပ်တိုးတိုး လေသံလေးဖြင့် အသက်ရှူရင်း ပြောလိုက်သည်။

“ငါ နင့်ကို သဘောကျတယ်။”

“စကားကို ဆင်ခြင်ပြီးပြောစမ်း။”

ရန်ရှောင်စု၏ မျက်နှာအမူအရာ ချက်ချင်း ပြောင်းလဲသွားပြီး အော်လိုက်တော့သည်။

လော့ရှင်းယွီ - “???”

“ဖူး....”

ဘေးနားတွင် သောက်နေသော ယန်ရှောင်ကျင်ူသည်ပင် ပါးစပ်ထဲက ရေများကို ချက်ချင်း ပြန်မှုတ်ထုတ်မိသွားခဲ့လေသည်။ သူမသည် မိမိ၏ တုံ့ပြန်မှုက အနည်းငယ် ထူးဆန်းသွားကြောင်း သတိပြုမိသွားပုံရပြီး ဘာမှမဖြစ်ခဲ့သကဲ့သို့ အမြန်ပင် ဟန်ဆောင်လိုက်တော့သည်။

လော့ရှင်းယွီသည် ရန်ရှောင်စုထံမှ ဤကဲ့သို့သော တုံ့ပြန်မှုမျိုး ရလိမ့်မည်ဟု လုံးဝ မျှော်လင့်မထားခဲ့ပေ။

ဒါက သာမန်လူတစ်ယောက်ရဲ့ တုံ့ပြန်မှုမျိုး ဟုတ်လို့လား။ ဘယ်သူက လိုက်ပြီး လျှောက်ပြောနေလို့လဲ။ နင် ရူးနေတာလား။

ဤအချက်တွင် လော့ရှင်းယွီသည် မိမိ၏ ဆုံးဖြတ်ချက် မှားယွင်းသွားခဲ့လေသလားဟုပင် သံသယ ဝင်လာခဲ့တော့သည်။

လော့ရှင်းယွီ မသိရှိခဲ့သည်မှာ ရန်ရှောင်စုသည် ဈေးမြို့တွင် ဤကဲ့သို့သော ဆွဲဆောင်ဖြားယောင်းမှုမျိုးစုံကို အမြောက်အမြား မြင်တွေ့ခဲ့ဖူးပြီး ဖြစ်သည်။ သူ အမဲလိုက်နိုင်သည့် အရွယ်သို့ ရောက်ရှိချိန်ကတည်းက ရေတွက်၍မရနိုင်သော အမျိုးသမီးများစွာသည် သူ့ထံသို့ ချဉ်းကပ်ရန် ကြိုးစားခဲ့ကြဖူးသဖြင့် အစပိုင်းတွင် ယန်လျို့ယွမ်က ရှောင်ယွီအပေါ် အလွန်အမင်း သတိကြီးစွာ ထားခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် လော့ရှင်းယွီက သူသည် အတွေ့အကြုံ မရှိသူတစ်ဦးဟု ထင်မှတ်နေခဲ့သော်လည်း အမှန်စင်စစ် ရန်ရှောင်စု မြင်တွေ့ခဲ့ဖူးသော လောကကြီးမှာ ကြီးမားလွန်းလှသဖြင့် သူမကို ပြန်လည်ပြောပြရန်ပင် ကြောက်ရွံ့နေခြင်း ဖြစ်သည်။

ရန်ရှောင်စုတစ်ယောက် စိတ်ထဲမှ ခိုး၍နှာခေါင်းရှုံ့လိုက်မိသည်။ လော့ရှင်းယွီကဲ့သို့သော အမျိုးသမီးမျိုးကို သူ့အား အလကားပေးလျှင်ပင် သူ ယူမည်မဟုတ်ပေ။ အစားအစာ ဖြုန်းတီးရုံသာ ရှိလိမ့်မည်။

ကျောင်းက ဆရာကျန်းက စာအုပ်အများစုကို ခံတပ်မြို့ကြီးအတွင်းမှာသာ ထိန်းသိမ်းထားသည်ဟာ ပြောခဲ့ဖူးသဖြင့် ခံတပ်မြို့ကြီးအတွင်းက လူတိုင်းသည် သေချာပေါက် ဉာဏ်ပညာကြီးမားသော လူများဖြစ်ကြလိမ့်မည်ဟု သူ ယခင်က ထင်မှတ်ခဲ့ဖူးသည်။ ထို့ကြောင့် ရန်ရှောင်စုက လူတစ်ယောက် စာအုပ်များများဖတ်လေလေ ပိုမိုဉာဏ်ကောင်းလေလေ ဖြစ်ရမည်ဟု တွေးမိခဲ့ခြင်း ဖြစ်သည်။

သို့သော် လက်တွေ့တွင်မူ လျိုပုနှင့် လော့ရှင်းယွီတို့က သူ့ကို တကယ်ပဲ အံ့အားသင့်စေခဲ့သည်။

ဟုတ်ပါသည်။ ခံတပ်မြို့ကြီးအတွင်း၌ ဝမ်ချုံးယန်နှင့် ရွှီရှန်းချူကဲ့သို့သော အရာရှိ နှစ်ဦးကဲ့သို့ ပါးနပ်လိမ္မာသော လူများလည်း ရှိကြပေသည်။

လော့ရှင်းယွီ၏ လေသံမှာ ပြန်လည်တည်ငြိမ်သွားခဲ့သည်။

“အကယ်၍ နင် ငါ့ကို ဒီနေရာကနေ ထွက်ခွာပြီး နံပါတ် ၁၁၃ ခံတပ်မြို့ကြီးဆီ ပြန်ရောက်အောင် ကူညီပေးမယ်ဆိုရင် နင်တို့ ခံတပ်ထဲကို ဝင်ရောက်နေထိုင်နိုင်ဖို့ နေရာသုံးနေရာ ရအောင် ငါ အစွမ်းကုန် ကြိုးစားပေးမယ်။”

ရန်ရှောင်စုက ထိုင်ရာမှထကာ ထွက်သွားလိုက်၏။

“မင်းက ဘယ်သူ့ကို လာပြီး အာမခံချက်မရှိတဲ့ ကတိတွေ ပေးနေတာလဲ။ ခံတပ်မြို့ကြီးအတွင်းမှာ မင်းပဲ အရာရာကို ဆုံးဖြတ်နေရတဲ့ ပုံစံမျိုး လာလုပ်ပြမနေနဲ့။”

ရန်ရှောင်စုက ငတုံးတစ်ယောက်မဟုတ်ပေ။ အကယ်၍ သူသာ ယခုအချိန်တွင် လော့ရှင်းယွီအပေါ် စကေးသင်ယူခြင်းစာရွက်ကို အသုံးပြုလိုက်မည်ဆိုပါက သူသည် အဆင့်မြင့် လေလုံးထွားခြင်း စွမ်းရည်ကိုသာ ရရှိပေလိမ့်မည်ဟု သူ တွေးမိလိုက်သည်။

All Chapters