← Chapters

အခန်း (၂၄၉-၂၅၀)

Vol. 25 Ch. 249-250

အခန်း (၂၄၉-၂၅၀)

Vol. 25 Ch. 249-250

249

အခြားတစ်ဖက်တွင်မူ ပါကျောက်နှင့် (၁.၉၂) မီတာအရပ်ရှိသော လူကြီးတို့မှာ အမျိုးသမီးများကဲ့သို့ ဝေခွဲမရဖြစ်မနေကြပေ။ သူတို့သည် ဈေးနှုန်းနှင့် တန်ဖိုးအကိုက်ညီဆုံးဖြစ်သည့် တစ်ကိုယ်လုံးနှိပ်နယ်ခြင်း ဝန်ဆောင်မှုကိုသာ တိုက်ရိုက်ရွေးချယ်လိုက်ကြသည်။ ငွေပေးချေပြီးနောက် ပြုံးရွှင်နေသော ဝန်ထမ်းတစ်ဦးမှာ သူတို့ကို သက်သောင့်သက်သာရှိလှသော နှိပ်နယ်ရေးဧရိယာဆီသို့ ခေါ်ဆောင်သွားသည်။ ဤနေရာ၏ အပူချိန်မှာ အပြင်ဘက်ထက် သိသိသာသာပိုမိုမြင့်မားနေပြီး နွေးထွေးပျူငှာသောခံစားချက်ကို ပေးစွမ်းနေ၏။ အထဲသို့ဝင်လိုက်သည်နှင့် ပါကျောက်နှင့် (၁.၉၂)မီတာရှိလူကြီးတို့မှာ အပေါ်အင်္ကျီများကို မချွတ်ဘဲမနေနိုင်တော့ပေ။ သူတို့ခန္ဓာကိုယ်တစ်ခုလုံးမှာ နူးညံ့နွေးထွေးသော စောင်တစ်ထည်နှင့် လွှမ်းခြုံထားသကဲ့သို့ အလွန်ပင် သက်သောင့်သက်သာရှိလှသည်။

လေထုထဲတွင် အမွှေးဆီရနံ့သင်းသင်းလေးမှာ နွေးထွေးသော ပတ်ဝန်းကျင်နှင့်အတူ ဖြည်းဖြည်းချင်း ပျံ့နှံ့နေပြီး ထောင့်တိုင်းသို့ စိမ့်ဝင်နေသည်။ ပန်းရနံ့နှင့် လတ်ဆတ်သော ဆေးဖက်ဝင်အပင်ရနံ့တို့ ရောယှက်နေသည့် အမွှေးဆီနံ့မှာ နှိပ်နယ်ရေးဧရိယာရှိ မှိန်ပျပျမီးရောင်နှင့်ပေါင်းစပ်ကာ လူကို အလိုအလျောက် စိတ်လက်ပေါ့ပါးသွားစေသည့် သီးသန့်ဆန်ပြီး သက်သောင့်သက်သာရှိသော အခန်းအနားတစ်ခုကို ဖန်တီးပေးထား၏။ ဝန်ထမ်းမှာ သူတို့အတွက် နှိပ်နယ်မည့် အခန်းတံခါးကို ဖွင့်ပေးလိုက်သည်။ အခန်းတွင်း အပြင်အဆင်မှာ ရိုးရှင်းကျော့ရှင်းပြီး နံရံများပေါ်တွင် အရှေ့တိုင်းဆန်သော လက်ရေးလှပန်းချီကားအချို့ ချိတ်ဆွဲထားသည်။ သန့်ရှင်းသပ်ရပ်စွာ ခင်းကျင်းထားသည့် နှိပ်နယ်ကုတင်လေးလုံးမှာ အခန်းငယ်လေးအတွင်း သူတို့ရောက်ရှိလာမည့်အချိန်ကို စောင့်ကြိုနေကြသည်။

ဝန်ထမ်းမှာ တံခါးကို ညင်သာစွာပိတ်လိုက်သည့်အခါ အတွင်းဘက်လိုက်ကာနောက်မှထူးဆန်းသော လူတစ်ဦး ထွက်ပေါ်လာသည်။ သူသည် ခန္ဓာကိုယ်နှင့်မလိုက်ဖက်အောင် အလွန်ပွယောင်းသော အင်္ကျီများကို ဝတ်ဆင်ထား၏။ သူသည် အလွန်ပိန်လှီပြီး လက်တံခြေတံများမှာ ရှည်လျားလှသဖြင့် ထိုအဝတ်အစားများမှာ ဝါးလုံးတွင်စွပ်ထားသည့် ဆန်အိတ်ကြီးနှင့် တူနေတော့သည်။ ထိုလူ့မျက်လုံးနှစ်လုံးမှာ တစ်ခုနှင့်တစ်ခု အတန်ငယ်ဝေးကွာနေပြီး သူ့အကြည့်များမှာလည်း အာရုံမစိုက်နိုင်သလိုဖြစ်နေသည်။ သူ့ခေါင်းမှာမူ ပိန်ရှည်သောကိုယ်လက်အင်္ဂါများနှင့် နှိုင်းယှဉ်လျှင် ထူးထူးခြားခြားကြီးမားနေပြီး နှာခေါင်းပြားကာ ပါးစပ်ကျယ်သဖြင့် ကြည့်ရသည်မှာ တော်တော်လေး ထူးထူးဆန်းဆန်းဖြစ်နေလေသည်။ (၁.၉၂)မီတာရှိလူကြီးမှာ ပါးစပ်အဟောင်းသားနှင့် ကြည့်နေမိသော်လည်း ချက်ချင်းပင်မလျော်ကန်မှန်းသိလိုက်သဖြင့် အကြည့်ကိုအမြန်လွှဲလိုက်ပြီး ထိုသူ့ရုပ်ရည်ကိုထပ်မကြည့်ရဲတော့ပေ။ သို့သော်လည်း သူ စိတ်ထဲမှ တိုးတိုးလေးရေရွတ်မိသည်။

"လူတစ်ယောက်က ဘယ်လိုလုပ် ဒီလောက်ရုပ်ဆိုးရတာလဲ၊ လူနဲ့တောင် မတူဘူး"

"မင်္ဂလာပါ လူကြီးမင်းတို့၊ ဒီက ကုတင်ပေါ်မှာ လှဲပေးပါ၊ ကျွန်တော် ဝန်ဆောင်မှုပေးပါ့မယ်"

ထိုထူးဆန်းသောလူသည် အလွန်အမင်း နှိမ့်ချသောလေသံဖြင့် ပြောဆိုရင်း အနည်းငယ်ပိုလွန်းသော ကိုယ်အမူအရာများဖြင့် အရိုအသေပေးကာ ကြိုဆိုလေသည်။ သူသည် ပါကျောက်နှင့် (၁.၉၂) မီတာရှိ လူကြီးကိုနှိပ်နယ်ကုတင်များဆီသို့ လမ်းညွှန်ပေးပြီး သူတို့ အသက်သောင့်သက်သာဆုံး အနေအထားဖြင့် လှဲလျောင်းနိုင်ရန် ကုတင်၏အမြင့်နှင့် ထောင့်ချိုးများကို ဂရုတစိုက် ညှိနှိုင်းပေး၏။ ထို့နောက် သူသည် သူတို့ကိုနွေးထွေးသော ပဝါအပါးလေးဖြင့် ညင်သာစွာဖုံးအုပ်ပေးကာ လိုက်ကာများကို ဆွဲပိတ်လိုက်ပြီး သီးသန့်ဆန်ကာ တိတ်ဆိတ်သောနေရာတစ်ခုကို ဖန်တီးပေးလိုက်သည်။ လိုက်ကာများကျလာခြင်းမှာ ပြင်ပမှ အနှောင့်အယှက်များကို ပိတ်ဆို့ပေးလိုက်သဖြင့် ပါကျောက်နှင့် (၁.၉၂) မီတာရှိလူကြီးတို့မှာ သူတို့ခံစားမှုနှင့် အတွေ့အကြုံအပေါ်တွင်သာ ပိုမိုအာရုံစိုက်နိုင်စေသည်။ ဤမျှ စေ့စပ်သေချာသော ဝန်ဆောင်မှုကြောင့် သူတို့သည် ရှေ့မှလူ၏ထူးဆန်းသော ရုပ်ရည်ကိုပင် မေ့လျော့သွားကြတော့သည်။ တကယ်ပင်လူကို အပြင်ပန်းရုပ်ရည်နှင့် ဆုံးဖြတ်၍ မရနိုင်ပေ။ ဤသူသည် သူ့အလုပ်တွင် အလွန်ကျွမ်းကျင်သူ ဖြစ်သည်။

နောက်ဆုံးတွင် သူသည် ပါကျောက်နှင့် (၁.၉၂)မီတာရှိ လူကြီးတို့၏မျက်လုံးပေါ်သို့ အပူပေးမျက်လုံးအုပ်များတင်ပေးလိုက်သည်။ မျက်လုံးအုပ်၏နွေးထွေးမှုနှင့် မှောင်မိုက်မှုမှာ သူတို့၏ အာရုံခံစားမှုများကို ပိုမိုစုစည်းစေ၏။ အမွှေးဆီနံ့ကိုရှူရှိုက်ရင်း (၁.၉၂) မီတာရှိလူကြီးမှာ သမ်းဝေခြင်းကိုမအောင့်နိုင်တော့ပေ။ (၁.၉၂) မီတာရှိ လူကြီးသည် နှိပ်နယ်ကုတင်ပေါ်တွင် လှဲလျောင်းနေစဉ် သူ့နားထင်နှစ်ဖက်ပေါ်သို့ နူးညံ့သောလက်များကျရောက်လာသည်ကို ခံစားလိုက်ရပြီး နဖူးတပြင်လုံးသို့ သိမ်မွေ့သော ခံစားမှုတစ်ခုပျံ့နှံ့သွားတော့သည်။ လက်များ၏ထိတွေ့မှုမှာ နူးညံ့သော်လည်း ခိုင်မာပြီး သူ့နားထင်များကို ကွက်တိကျအောင် နယ်ပေးနေသည်။ ဝန်ထမ်း၏လက်ချောင်းများမှာ ညင်သာစွာဖိနှိပ်ပြီး လှည့်ပတ်ပေးနေစဉ် (၁.၉၂) မီတာရှိ လူကြီးသည် သူ့ဦးခေါင်းအတွင်း၌ နွေးထွေးသော စီးဆင်းမှုတစ်ခု လှည့်ပတ်နေသည်ဟု ခံစားရကာ တောင့်တင်းနေသော အာရုံကြောများမှာ တဖြည်းဖြည်းပြေလျော့လာတော့၏။

ဤလုပ်ငန်းစဉ်အတွင်း (၁.၉၂)မီတာရှိ လူကြီးမှာ နှိပ်နယ်ခြင်းမှရရှိသော သက်သောင့်သက်သာရှိမှုတွင် လုံးဝ စိတ်နှစ်ဝင်စားနေမိသည်။ ပြင်ပလောကရှိ အရာအားလုံးမှာ ပျောက်ကွယ်သွားသလိုခံစားရပြီး နှိပ်နယ်သူ၏ နူးညံ့ဆန်းကြယ်သောလက်များသာ သူ့ကိုပိုမိုအေးချမ်းပြီး ငြိမ်းချမ်းသောအခြေအနေသို့ လမ်းညွှန်ခေါ်ဆောင်သွားတော့၏။ (၁.၉၂)မီတာရှိ လူကြီးသည် ပုံမှန်အားဖြင့် ဖုန်းသုံးသည့်အခါ ခေါင်းငုံ့ခြင်း သို့မဟုတ် မှီ၍ လှဲနေခြင်းတို့ကို အလေ့အထလိုလုပ်တတ်ရာ ဤမကျန်းမာသောကိုယ်ဟန်အနေအထားမှာ သူ့ပခုံးနှင့် လည်ပင်းတဝိုက်ကို ဖိအားများစွာပေးထားသည်။ ကြွက်သားများ ကြာရှည်စွာ တောင့်တင်းနေခြင်းနှင့် မှားယွင်းသော ကိုယ်ဟန်အနေအထားကြောင့် သူ့ပခုံးနှင့် လည်ပင်းဧရိယာမှာမကြာခဏဆိုသလို မာတောင့်ပြီး မသက်မသာဖြစ်တတ်သည်။ ယခုအခါ ထိုနူးညံ့သော လက်များမှာ သူ့ပခုံးနှင့် လည်ပင်းဆီသို့ ဖြည်းဖြည်းချင်း ရွေ့လျားလာပြီဖြစ်၏။

နှိပ်နယ်သူ၏လက်ချောင်းများမှာ မှော်ဆန်နေသကဲ့သို့ပင်။ ညင်သာစွာဖိပေးခြင်းနှင့် ဖြည်းဖြည်းချင်းနှိပ်နယ်ပေးခြင်းတို့ဖြင့် လှုပ်ရှားမှုတိုင်းသည် သူ့ပခုံးနှင့် လည်ပင်းရှိတောင့်တင်းနေသော အချက်အချာနေရာများကို တိတိကျကျ ရှာဖွေတွေ့ရှိသွားသည်။ နှိပ်နယ်သူမှာ စက်ဝိုင်းပုံစံလေးများဖြင့် အသာအယာ ဖိနှိပ်ပေးလိုက်သည့်အခါ (၁.၉၂) မီတာရှိလူကြီးမှာ ထိုတင်းမာနေသော ကြွက်သားများ တဖြည်းဖြည်း ပြေလျော့သွားသည်ကို ခံစားရလေ၏။ ကိုယ်ဟန်အနေအထား မမှန်ခြင်းကြောင့် ကြာရှည်စွာ စုပုံနေခဲ့သော ဖိအားနှင့် မသက်မသာဖြစ်မှုများမှာ တစ်ဖြည်းဖြည်းနှင့် လွတ်မြောက်သွားတော့သည်။ နှိပ်နယ်နေစဉ်အတွင်း (၁.၉၂) မီတာရှိ လူကြီးမှာ နှိပ်နယ်သူ၏ နည်းစနစ်တွင် မသိမသာပြောင်းလဲမှုတစ်ခုကို ရုတ်တရက် ခံစားလိုက်ရသည်။ ၎င်းမှာလက်ချောင်းများဖြင့် ရိုးရိုးဖိနှိပ်နယ်ပေးခြင်းမျိုးမဟုတ်တော့ဘဲ သူ့ပခုံးနှင့် လည်ပင်းပေါ်တွင် မရေမတွက်နိုင်သော စုပ်ခွက်ကလေးများမှ ညင်သာစွာကပ်တွယ်နေသကဲ့သို့ ခံစားရခြင်းဖြစ်၏။ ဤခံစားချက်မှာ အိုးကပ်သည်နှင့်တူသော်လည်း ရိုးရာအိုးကပ်နည်းကဲ့သို့ ပူလောင်ခြင်းနှင့် တင်းကြပ်ခြင်းမျိုးမရှိပေ။ ၎င်းမှာ ပိုမိုနူးညံ့ပြီး စဉ်ဆက်မပြတ်စုပ်ယူနေသကဲ့သို့ဖြစ်နေကာ ပခုံးနှင့် လည်ပင်းကြားရှိနာကျင်ကိုက်ခဲမှုနှင့် တင်းမာမှုများကို ဖြည်းဖြည်းချင်းစုပ်ထုတ်ပေးနေခြင်းဖြစ်၏။

"သူတို့က မီးမပါတဲ့အိုးကပ်နည်းကို သုံးနေတာလား"

(၁.၉၂)မီတာရှိလူကြီးက စိတ်ထဲမှ စဉ်းစားနေမိသည်။ ဤမီးမသုံးဘဲကပ်ခြင်း သို့မဟုတ် လေစုပ်အိုးကပ်နည်းမှာ ပုံမှန်အားဖြင့် လက်ဆစ်နှစ်ဆစ်စာခန့်သာရှိသော အလွန်သေးငယ်သည့်ခွက်ကလေးများကို အသုံးပြုကာ လေဟာနယ်စုပ်အားဖြင့် ကြွက်သားများကို ပြေလျော့စေပြီး သွေးလည်ပတ်မှုကောင်းမွန်စေကြောင်း သူအွန်လိုင်းတွင် ဖတ်ဖူး၏။ ဤသည်မှာ ပထမဆုံးအကြိမ် သူ၏မီးမသုံးဘဲကပ်ခြင်း အတွေ့အကြုံဖြစ်ပြီး မမျှော်လင့်ဘဲ အလွန်ပင် သက်သောင့်သက်သာရှိလှသည်။ (၁.၉၂) မီတာရှိ လူကြီးမှာ သူ့ပခုံးနှင့် လည်ပင်းပေါ်ရှိ စုပ်ခွက်ကလေးတိုင်းမှာ ကြွက်သားများကို ညင်သာခိုင်မာစွာ ဆွဲယူနေသည်ကို ခံစားနေရသည်။ သူသည် 'ဖောက် ဖောက်'ဆိုသည့် အသံသေးသေးလေးများကို ကြားနေရပြီး သူ့ပခုံးနှင့် လည်ပင်းကြွက်သားများမှာ အနည်းငယ်တုန်ခါနေသည်။ သူသည် တစ်ကိုယ်လုံးနှိပ်နယ်ခြင်းကိုသာ မှာယူခဲ့ခြင်းဖြစ်သော်လည်း ဤမျှစေ့စပ်သေချာသော ဝန်ဆောင်မှုကိုရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ ပခုံးအတွင်းမှ နာကျင်ကိုက်ခဲမှုများကို စုပ်ခွက်ကလေးများက ဆွဲထုတ်ပေးနေသည့် ဤခံစားချက်က သူ့ကိုအလွန်ပင် လန်းဆန်းသွားစေသည်။

"ဒီအိုးကပ်ဝန်ဆောင်မှုက အပိုငွေပေးရဦးမှာလား"

၁.၉၂ မီတာရှိ လူကြီးမှာ မေးလိုက်သည်။ အကြောင်းရင်းတစ်ခုကြောင့် (၁.၉၂) မီတာရှိ လူကြီးမှာ နှိပ်နယ်သူ၏ ကိုယ်ခန္ဓာ ချက်ချင်းတောင့်တင်းသွားသည်ကိုခံစားလိုက်ရပြီး အိုးကပ်လှုပ်ရှားမှုမှာလည်း ရပ်တန့်သွား၏။ အတန်ကြာ တိတ်ဆိတ်သွားပြီးနောက်တွင်မှ နှိပ်နယ်သူမှာ အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြန်ဖြေသည်ကို ကြားလိုက်ရသည်။

"ဟင့်အင်း အပို.....အပိုခမယူပါဘူး"

ထိုအခါမှသာ (၁.၉၂)မီတာရှိ လူကြီးမှာ စိတ်အေးသွားတော့သည်။ အပိုခမယူခြင်းမှာ အလွန်ကောင်းလှ၏။ သူသည် ဤနှိပ်နယ်သူကို အကောင်းဆုံး Review ပေးရမည်ဟု ဆုံးဖြတ်လိုက်သည်။ သို့သော်လည်း အသံကိုနားထောင်ရသည်မှာ ခုနကထူးဆန်းသော ရုပ်ရည်နှင့် လူငယ်လေးမှာ သူ့ကိုနှိပ်ပေးနေခြင်းဖြစ်ပုံရသည်။ ဘေးမှပါကျောက်ကိုရော ဘယ်သူက နှိပ်ပေးနေပါလိမ့်။ ပခုံးနှင့်လည်ပင်းနှိပ်နယ်မှု ဆက်လက်ပြုလုပ်နေစဉ်မှာပင် (၁.၉၂)မီတာရှိ လူကြီးမှာ သူ့ခြေသလုံးသားများပေါ်သို့ အခြားလက်တစ်စုံ ရောက်ရှိလာကာ ဖိနှိပ်ပေးနေသည်ကို ရုတ်တရက် ခံစားလိုက်ရပြန်သည်။ ပခုံးနှင့် လည်ပင်းနှိပ်စဉ်နှင့်မတူဘဲ ယခုတစ်ကြိမ်တွင် အားအသုံးပြုမှုမှာ ပိုမိုပြင်းထန်လှပြီး နာကျင်ဖောင်းကြွနေသော သူ့ကြွက်သားများကို ပြေလျော့စေရန် ကွက်တိပင်ဖြစ်၏။ ထိုလက်များအား ကြွက်သားအဖုအကျိတ်များပေါ်မှ ခြစ်ချလိုက်သည့်အခါ (၁.၉၂)မီတာရှိ လူကြီးမှာ အနည်းငယ် နာကျင်သွားသဖြင့် အော်ပင်အော်မိတော့သည်။ သို့သော်လည်း ပခုံးနှင့် လည်ပင်းဘက်က နှိပ်နယ်မှုမှာမူ အလွန်ပင် သက်သောင့်သက်သာရှိနေဆဲပင်။ သူသည် သူ့ခန္ဓာကိုယ်တစ်ခုလုံးနှစ်ခြမ်းကွဲသွားပြီး လုံးဝကွဲပြားခြားနားသော ခံစားမှုနှစ်ခုကို ခံစားနေရသကဲ့သို့ဖြစ်နေသည်။

သူ့ပခုံးနှင့် လည်ပင်းမှာ နှိပ်နယ်သူ၏ သိမ်မွေ့ကျွမ်းကျင်သော နည်းစနစ်ကို ခံစားနေရပြီး ဖိနှိပ်နယ်ပေးမှုတိုင်းမှာ ကွက်တိကျကာ သက်သောင့်သက်သာရှိလှသော ခံစားမှုလှိုင်းများကို သယ်ဆောင်လာပေးသည်။ တစ်ချိန်တည်းမှာပင် သူ့ခြေသလုံးသားများမှာမူအပြားတစ်ခုဖြင့် အခြစ်ခံနေရသကဲ့သို့ အတွေ့အကြုံသစ်တစ်ခုကို ခံစားနေရ၏။ နှိပ်နယ်သူမှာ အပြားကိုသုံးနေခြင်းဖြစ်နိုင်ပြီး ဤကဲ့သို့ ခြစ်ချခြင်းမှာ ရိုးရိုးနှိပ်နယ်ခြင်းထက် ပိုမိုအားရစရာကောင်းသော နာကျင်မှုကိုပေးစွမ်းသည်။ ၎င်းမှာ သူ့ခြေသလုံးကြွက်သားများကို လှုံ့ဆော်ပေးနေသည်။ ဤခံစားချက်နှစ်ခုမှာ ရောယှက်နေသဖြင့် (၁.၉၂) မီတာ လူကြီးမှာ မျက်နှာရှုံ့မဲ့နေမိသော်လည်း တဖြည်းဖြည်းနှင့် ၎င်းကိုသဘောကျနှစ်ခြိုက်လာတော့၏။ ဤကဲ့သို့ ခွဲခြားခံစားရမှုကြောင့် သူ့စိတ်ထဲတွင် သံသယတစ်ခု ဝင်လာသည်။

"ဟိုလက်တွေက ငါ့ပခုံးနဲ့လည်ပင်းကို နှိပ်ပေးနေတာ မဟုတ်လား၊ အခု ဘယ်လိုလုပ် ခြေသလုံးကိုပါ တစ်ပြိုင်တည်း နှိပ်နေနိုင်ရတာလဲ"

သူ့ကို လူအများကြီးတစ်ပြိုင်တည်း နှိပ်ပေးနေတာများလား။ (၁.၉၂)မီတာရှိ လူကြီးမှာ ဤအတွေးကို ချက်ချင်းပင် အတည်ပြုလိုက်သည်။ အကြောင်းမှာ ခြေသလုံးခြစ်ပေးသည့်အားမှာ ပခုံးနှိပ်သည့် အားနှင့် လုံးဝကွဲပြားခြားနားလွန်းနေသောကြောင့်ဖြစ်၏။ ၎င်းအပြင် လူတစ်ယောက်တွင် လက်နှစ်စုံရှိနေဖို့ဆိုသည်မှာ မဖြစ်နိုင်ပေ။ မျက်လုံးပေါ်တွင် အပူပေးမျက်လုံးအုပ် အုပ်ထားသဖြင့် သူ့အမြင်အာရုံမှာ လုံးဝပိတ်ဆို့နေသည်။ ၎င်းအပြင် သူသည် အဝတ်အစားများလည်း ချွတ်ထားပြီးဖြစ်ရာ (၁.၉၂)မီတာရှိ လူကြီးသည် မျက်လုံးအုပ်ကိုဖယ်ရှားပြီး နှိပ်နယ်သူနှင့် တိုက်ရိုက်မျက်လုံးချင်းဆုံရန် မလိုလားပေ။ မျက်လုံးအုပ်တပ်ဆင်ခိုင်းရခြင်း၏ ရည်ရွယ်ချက်မှာ အပန်းပြေစေရန်သာမက ခန္ဓာကိုယ်ဖော်ပြထားရသဖြင့်ဖြစ်ပေါ်လာနိုင်သော ရှက်ရွံ့မှုများကိုပါ လျှော့ချပေးရန်ဖြစ်ကြောင်း သူ ယခုမှနားလည်လိုက်တော့သည်။

ဤသည်ကိုသိလိုက်ရသဖြင့် (၁.၉၂) မီတာရှိလူကြီးသည် ဘာကြောင့် လက်အများကြီးမှာ သူ့ကိုတစ်ပြိုင်တည်း နှိပ်နေရသနည်းဟု မျက်လုံးအုပ်ကို ဖယ်ကာ မေးခွန်းထုတ်ရန် မလိုလားတော့ပေ။ သူသည် သံသယများကိုဘေးဖယ်ထားကာ နှိပ်နယ်ခြင်း၏ ခံစားမှုအပေါ်တွင်သာ အပြည့်အဝအာရုံစိုက်ရန် ဆုံးဖြတ်လိုက်သည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးမှာ နှိပ်နယ်ခြင်းခံယူနေရပြီး ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်တိုင်းမှာ ဤစေ့စပ်သေချာသောဂရုစိုက်မှုကို ခံစားနေကြရ၏။ ဖိနှိပ်နယ်ပေးမှုတိုင်းမှာ သူ့အား နက်ရှိုင်းသောစိတ်ကျေနပ်မှုကို ပေးစွမ်းလေသည်။ သူ့အသက်ရှူသံများ ပိုမိုနက်ရှိုင်းလာပြီး နှလုံးခုန်သံမှာလည်း နှိပ်နယ်သည့် အရှိန်အဟုန်နှင့်အတူ တည်ငြိမ်လာတော့သည်။ အပြည့်အဝ စိတ်လက်ပေါ့ပါးသွားသည့် အခြေအနေတွင် (၁.၉၂)မီတာရှိလူကြီးသည် တဖြည်းဖြည်းနှင့်အိပ်ပျော်သွားတော့သည်။

အကယ်၍ အိပ်ပျော်နေသော ပါကျောက်နှင့် (၁.၉၂)မီတာရှိ လူကြီးတို့သာ ယခုအချိန်တွင်နိုးလာပြီး မျက်လုံးအုပ်များကို ဖယ်ရှားလိုက်မည်ဆိုလျှင် သူတို့တုန်လှုပ်သွားကြမည်မှာ သေချာသည်။ အကြောင်းမှာ ထိုနှိပ်နယ်ရေး အခန်းတစ်ခုလုံးတွင် ပါကျောက်၊ သူ နှင့် နှိပ်နယ်ပေးသည့်ဝန်ထမ်းတစ်ဦးတည်းသာ ရှိနေသောကြောင့်ဖြစ်၏။ သို့သော်လည်း (၁.၉၂)မီတာရှိ လူကြီးနှင့် ပါကျောက်တို့ နှစ်ဦးစလုံးမှာ နှိပ်နယ်ခြင်း ဝန်ဆောင်မှုကို တစ်ပြိုင်တည်း ခံယူနေကြရသည်။ ဝန်ထမ်းတစ်ဦးတည်းမှာ လူနှစ်ယောက်ကို တစ်ပြိုင်တည်း ဘယ်လိုလုပ် ဝန်ဆောင်မှု ပေးနိုင်ပါသနည်း။ အကြောင်းမှာ ထိုဝန်ထမ်းတွင် လက်နှစ်ဖက်အပြင် အပိုပါဝင်နေသည့် ရေဘဝဲလက်တံလေးခု ရှိနေသောကြောင့်ပင်ဖြစ်သည်။

250

နှိပ်နယ်အခန်းအတွင်း၌ အလုပ်လုပ်နေသူမှာ ရေဘဝဲမိစ္ဆာတစ်ကောင် ဖြစ်သည်။ စုဟယ်သည် သူ့အလုပ်ကို စီစဉ်ပေးစဉ်တွင် ရာထူးနေရာအတော်များများကို ထည့်သွင်းစဉ်းစားခဲ့ပြီး ရေဘဝဲမိစ္ဆာကိုခေါ်ယူကာ စမ်းသပ်လုပ်ကိုင်စေခဲ့၏။ နောက်ဆုံးတွင် ရေဘဝဲမိစ္ဆာ၏ကိုယ်ပိုင်ဆန္ဒနှင့် ပေါင်းစပ်ကာ သူနှင့်အသင့်တော်ဆုံးဖြစ်မည့် ဤအလုပ်ကို ရွေးချယ်ပေးခဲ့ခြင်းဖြစ်သည်။ ရေဘဝဲမိစ္ဆာအတွက်မူ နှိပ်နယ်ခြင်းအလုပ်သည် လွယ်ကူရိုးရှင်းလှသည်။ နှိပ်နယ်အခန်းများအတွင်းရှိ မီးရောင်များမှာ မှိန်ပျပျနှင့် နူးညံ့လှပြီး ဧည့်သည်များမှာလည်း ကုတင်ပေါ်တွင် လှဲလျောင်းရင်း မျက်လုံးမှိတ်ထားကြသူများဖြစ်သဖြင့် လှုပ်ရှားရသည်မှာ အလွန်ပင် အခွင့်သာလှသည်။ သူသည် မိမိလက်တံများကို လျှို့ဝှက်စွာဆန့်ထုတ်ပြီး အလုပ်တွင် အသုံးချနိုင်လေ၏။

သူ့လက်တံများမှာ အလွန်နူးညံ့ပြီး ပုံစံအမျိုးမျိုးပြောင်းလဲနိုင်သည့်အပြင် စုပ်ခွက်များလည်းပါရှိသဖြင့် ဧည့်သည်များကို သက်သောင့်သက်သာနှင့် အိပ်ပျော်သွားအောင် အလွယ်တကူ ပြုလုပ်နိုင်သည်။ ၎င်းအပြင် သူသည် ယခင်ကလည်း နှိပ်နယ်ခြင်းအလုပ်ကို လုပ်ခဲ့ဖူး၏။ နဂါးနန်းတော်မှ မိစ္ဆာလေးတစ်ကောင်အဖြစ်ရှိစဉ်တွင် သူသည် နဂါးမင်းသားနှင့် နဂါးမင်းသမီးအများအပြား၏ ခြေထောက်များကို နှိပ်နယ်ပေးခဲ့ဖူးသဖြင့် ဤအလုပ်မှာ သူ၏ကျွမ်းကျင်မှုနယ်ပယ် အတွင်း၌သာ ရှိနေသည်။ ပါကျောက်နှင့် (၁.၉၂)မီတာရှိ လူကြီးတို့ အိပ်ပျော်သွားသည်ကိုမြင်သောအခါ ရေဘဝဲမိစ္ဆာသည် သူ့လက်တံများကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး နှိပ်နယ်ရေး ဝန်ဆောင်မှုဧရိယာသို့ ပြန်လာခဲ့သည်။

"ဆရာကြီးကျန်းယွီ ဒီဘက်က အလုပ်ပြီးပြီလားရှင့်၊ ဆရာကြီးကိုစောင့်နေတဲ့ နောက်ဧည့်သည်နှစ်ယောက် ရှိသေးတယ်နော်"

ကျန်းယွီ၏မြန်ဆန်လှသော အရှိန်အဟုန်ကို အသားကျနေပြီဖြစ်သော ဝန်ထမ်းမလေးမှာ သူ့ကိုဘေးရှိ နှိပ်နယ်ရေးအခန်းတစ်ခုဆီသို့ ခေါ်ဆောင်သွားသည်။ ဤဆရာကြီးကျန်းယွီမှာ နယ်ဝေးမှ ငှားရမ်းထားသော နှိပ်နယ်ရေးပညာရှင်တစ်ဦးဖြစ်ပြီး ဧည့်သည်လေးဦးကို တစ်ပြိုင်တည်း ဝန်ဆောင်မှုပေးနိုင်သူဖြစ်၏။ ဝန်ထမ်းလေးမှာ သူ့ကို အလွန်ပင်အထင်ကြီးအားကျနေမိသည်။ သူကိုယ်တိုင်လည်း နှိပ်နယ်သူတစ်ဦးဖြစ်ရန် ကြိုးစားခဲ့ဖူးသည်။ အကြောင်းမှာ နှိပ်နယ်သူများမှာ ကော်မရှင်ခဖြင့် ငွေပိုရနိုင်သောကြောင့်ဖြစ်သည်။ သို့သော် လေ့ကျင့်ရေးကာလအတွင်း ဧည့်သည်အနည်းငယ်ကို နှိပ်နယ်ပေးပြီးချိန်မှာပင် သူ့ခါးနှင့် ပခုံးများမှာ နာကျင်ကိုက်ခဲလာခဲ့၏။ နောက်ဆုံးတွင်မူ သူသည် ကော်မရှင်ခများစွာရသည့် ထိုအလုပ်ကို လက်လျှော့လိုက်ပြီး နှိပ်နယ်ရေးဧရိယာတွင် လမ်းညွှန်ပေးသူအဖြစ်သာ ရွေးချယ်လုပ်ကိုင်ခဲ့တော့သည်။

ဆရာကြီးကျန်းယွီအနေဖြင့် ဧည့်သည်လေးဦးကို တစ်ပြိုင်တည်းမည်သို့ဝန်ဆောင်မှုပေးသနည်းဆိုသည်ကိုမူ သူ မသိပေ။ ၎င်းမှာ သူ၏တစ်မူထူးခြားသော လျှို့ဝှက်နည်းပညာ ဖြစ်သည်ဟုသာ ကြားဖူးသည်။ ဝန်ထမ်းလေးသည် ကျန်းယွီ၏ငွေရှာနှုန်းကို အနည်းငယ်မနာလိုဖြစ်မိ၏။ ဆရာကြီးကျန်းယွီမှာ ကော်မရှင်ခလေးခုကို တစ်ပြိုင်တည်းရနေသည်မဟုတ်ပါလား။ နံ့သာတိုင်ရနံ့များ တဖြည်းဖြည်း လွင့်ပါးသွားသည်နှင့်အမျှ (၁.၉၂)မီတာရှိလူကြီးနှင့် ပါကျောက်တို့မှာ အေးချမ်းသော ပတ်ဝန်းကျင်တွင် တဖြည်းဖြည်းနိုးလာကြသည်။ သူတို့သည် တစ်ခါမှမခံစားဖူးသည့် ပေါ့ပါးလန်းဆန်းမှုကိုခံစားလိုက်ရ၏။ ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်တိုင်းမှာ နှိပ်နယ်သူ၏နည်းစနစ်ကြောင့် ပြန်လည်နိုးထလာသကဲ့သို့ပင်။ ကြွက်သားများအတွင်းရှိ တင်းမာမှုနှင့် ပင်ပန်းနွမ်းနယ်မှုများမှာ ပျောက်ကွယ်သွားပြီး ပခုံး၊ လည်ပင်းနှင့် ခြေသလုံးသားများရှိ နာကျင်ကိုက်ခဲမှုများမှာလည်း ပြေလျော့သွားကြပြီ ဖြစ်သည်။ သူတို့ခန္ဓာကိုယ်တစ်ခုလုံးမှာ ပေါ့ပါးနေပြီး အင်အားများပြည့်ဝနေသကဲ့သို့ ခံစားရသည်။

သူတို့သည် ထထိုင်လိုက်ပြီး အကြောများကို ညင်သာစွာ ဆန့်ထုတ်ကြည့်လိုက်ရာ အဆစ်နှင့် ကြွက်သားများ၏ ပျော့ပျောင်းမှုကို သိသိသာသာခံစားလိုက်ရသည်။ ဤခံစားချက်မှာ တကယ်ကို အံ့ဩစရာကောင်းလှ၏။ အချိန်ကို ကြည့်လိုက်သည့်အခါ နှိပ်နယ်ရေးအခန်းထဲတွင် နှစ်နာရီနီးပါး ကြာသွားပြီဖြစ်ကြောင်း သိလိုက်ရသဖြင့် သူတို့သည် အမြန်ထကာအပြင်သို့ ထွက်လာခဲ့ကြသည်။ နှိပ်နယ်ရေးအခန်းပြင်သို့ ရောက်သောအခါမှသာရွှင်းမီနှင့် အမျိုးသမီးဖန်တို့မှာ အနားယူဆောင်တွင် သူတို့ကိုစောင့်နေကြသည်ကို တွေ့လိုက်ရသည်။ ရွှင်းမီကိုမြင်လိုက်ရသည့်အခါ (၁.၉၂) မီတာရှိ လူကြီးမှာ အံ့အားသင့်စွာမေးလိုက်၏။

"မဖြစ်နိုင်တာ ရွှင်းမီရာ၊ ငါတို့က ရင်းနှီးပြီးသားတွေပဲဟာ၊ မင်းက ဒီလောက်အထိလုပ်ဖို့မလိုပါဘူး"

ရွှင်းမီမှာ အနည်းငယ်ဇဝေဇဝါဖြစ်သွားသည်။

"ငါက ဘာဖြစ်လို့လဲ"

သူမ ဘာမှမလုပ်ခဲ့ပါဘူး။

အနားယူဆောင်တွင်ထိုင်ပြီး ပါကျောက်နှင့် (၁.၉၂) မီတာရှိလူကြီးကို စောင့်နေခဲ့ခြင်းသာ ဖြစ်သည်။ သူမအပေါက်ဝတွင်စောင့်နေခြင်းမှာ ပါကျောက်နှင့် (၁.၉၂) မီတာရှိ လူကြီးကို အလွန်အမင်း စိတ်လှုပ်ရှားသွားစေ၍များလား။

"ငါဆိုလိုတာက ဒီလောက်ညနေပိုင်းကြီးမှာ ဘာလို့မိတ်ကပ်တွေလိမ်းထားရတာလဲလို့"

(၁.၉၂)မီတာရှိလူကြီးမှာ ခေါင်းခါရင်း ပြောလိုက်သည်။ ရွှင်းမီမှာ မိန်းမလှလေးတစ်ယောက်ဖြစ်ရသည့် ဝန်ထုပ်ဝန်ပိုးကို အလွန်အမင်းထမ်းပိုးထားသည်ဟု သူထင်နေမိသည်။ ရွှင်းမီမှာ ပို၍ပင် အပြစ်ကင်းစင်နေသေး၏။ သူမသည် မျက်နှာကိုကိုင်ကြည့်ကာ ပြောလိုက်သည်။

"ငါ မိတ်ကပ်မလိမ်းထားပါဘူး၊ ငါတို့ မျက်နှာနှိပ်နယ်တာပြီးကတည်းက ဒီမှာထွက်ပြီး နင်တို့ကို စောင့်နေတာ၊ ဒီမှာ ထိုင်နေတာ နာရီဝက်ရှိပြီ၊ ဘယ်မှလည်း မသွားဘူး၊ ငါက ဘယ်မှာသွားပြီး မိတ်ကပ်လိမ်းရမှာလဲ"

"အမှန်လား လိမ်နေတာလား"

(၁.၉၂) မီတာရှိ လူကြီးမှာ ရွှင်းမီ သူ့ကို ညာနေသည်ဟု သံသယဝင်နေသည်။

"မင်း မှန်ထဲကို ဘာလို့သွားမကြည့်တာလဲ၊ နင့်မျက်နှာက တကယ်ကိုဖြူလွန်းနေတာပဲ၊ မင်း နေ့ခင်းကလိမ်းထားတဲ့ Foundation ထက်တောင် ပိုဖြူနေသေးတယ်၊ ဒါပေမဲ့ နေ့ခင်းကထက်စာရင် အများကြီးကြည့်ကောင်းသွားတယ်၊ နေ့ခင်းကဆိုရင် ဘယ်လိုပြောရမလဲ၊ မင်းမျက်နှာမှာ အဖတ်လေးတွေတင်နေသလိုပဲ၊ အဲဒီစကားလုံးက ဘာလဲ မိတ်ကပ်ကွက်တယ်လို့ ခေါ်တာလား"

(၁.၉၂)မီတာရှိလူကြီးမှာ အလွန်တည့်တိုး ပြောချလိုက်သည်။ ရွှင်းမီ မျက်စောင်းထိုးလိုက်ရင်း ပြောလိုက်၏။

"နင်ကမှ မိတ်ကပ်ကွက်တာ၊ ငါ တကယ် မိတ်ကပ်မလိမ်းထားဘူး၊ မျက်နှာဖြူစင်ဝင်းပစေတဲ့ နှိပ်နယ်မှုပဲ လုပ်ထားတာ"

ပါကျောက်နှင့် (၁.၉၂) မီတာရှိ လူကြီးတို့၏အမူအရာမှာ နောက်ပြောင်နေပုံ မရသဖြင့် ရွှင်းမီသည် မှန်ရှေ့သို့အမြန်သွားကာ သူမကိုယ်သူမသေချာ စစ်ဆေးကြည့်လိုက်သည်။

"ငါ တကယ်ပဲ အများကြီးပိုဖြူသွားတာလား"

ဘေးရှိ ပါကျောက်လည်း ခေါင်းကို အဆက်မပြတ်ညိတ်ပြရင်း သူ့ဖုန်းဖြင့် ဓာတ်ပုံရိုက်လိုက်သည်။

"တကယ်ကို ပိုဖြူလာတာပဲ၊ ပြီးတော့ အသားအရေက ပန်းရောင်သန်းပြီး ကြည့်လို့အရမ်းကောင်းတယ်"

ရွှင်းမီမှာ စိတ်ထဲတွင် တိတ်တဆိတ် ဝမ်းသာသွားသည်။ သူမသည် ပါကျောက်ရိုက်ထားသည့် ဗီဒီယိုကို ကြည့်ရန် အနားသို့တိုးသွား၏။ နေ့ခင်းဘက်တွင် မီးရောင်မှာ ပိုကောင်းသော်လည်း ဗီဒီယိုထဲတွင် သူမအသားအရေမှာ နေ့ခင်းဘက်ထက် ပိုမိုကောင်းမွန်ပြီး တောက်ပနေသည်မှာ အမှန်ပင်ဖြစ်သည်။ ဖြူစင်ဝင်းပစေသည့်ကုထုံးကို လုပ်ပြီးကတည်းမှ နာရီဝက်ပင် ကုန်လွန်သွားပြီဖြစ်သည်။ သူမသည် ယခင်ကလည်း အလှပြင်ဆိုင်များတွင် မျက်နှာနှိပ်နယ်ဖူးသော်လည်းလုပ်ပြီးပြီးချင်း ခဏတာသာ ထိရောက်မှုရှိသည်ဟုခံစားရပြီး နောက်ပိုင်းတွင် အသားအရေမှာ ပြန်လည်ညိုညစ်သွားတတ်၏။ သို့သော် နာရီဝက်ကြာပြီးသည့်တိုင် သူမမျက်နှာမှာ ချောမွေ့နူးညံ့ပြီးဖြူဝင်းနေဆဲဖြစ်လိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။ ဒီဖြူစင်ဝင်းပစေတဲ့ အမွှေးဆီက တကယ်အစွမ်းထက်ပုံရသည်။

ဝန်ထမ်းပြောစကားအရ သူတို့သုံးသည့် ဖြူစင်ဝင်းပစေသည့် အမွှေးဆီနှင့် တည်းခိုခန်းအတွင်းပေးထားသည့် ရှေးဟောင်း ဖြူစင်ဝင်းပစေသော ဆေးဖက်ဝင်ဆပ်ပြာမှာ အတူတူပင် ဖြစ်သည်။ အခန်းပြန်ရောက်ရင် သူမ သေချာပေါက် စမ်းကြည့်ရမည်။ အကယ်၍အာနိသင်ကောင်းပါက ပြန်ခါနီးတွင် အချို့ကိုဝယ်ယူသွားမည်ဟု ဆုံးဖြတ်လိုက်သည်။

"ဒါနဲ့ နင်တို့နှိပ်နယ်တာရော ဘယ်လိုလဲ၊ ဘာလို့ ဒီလောက်တောင်ကြာနေရတာလဲ"

ရွှင်းမီ မေးလိုက်သည်။ (၁.၉၂)မီတာရှိ လူကြီးမှာ သူ့ပေါင်ကိုရိုက်ကာ အားပါးတရ ပြောလိုက်သည်။

"နှိပ်နယ်တဲ့သူရဲ့နည်းစနစ်က တကယ့်ကို အလန်းစားပဲ၊ ပါကျောက်နဲ့ ငါနဲ့နှစ်ယောက်လုံးနှိပ်နေတုန်း အိပ်တောင် ပျော်သွားတယ်၊ တကယ့်ကို စိတ်လက်ပေါ့ပါးပြီး ဇိမ်ရှိလိုက်တာ၊ အိုးကပ်ဝန်ဆောင်မှုတောင် ပါသေးတယ်"

"ဟုတ်တယ် ဟုတ်တယ်၊ မင်းလည်း နောက်တစ်ခါ စမ်းကြည့်သင့်တယ်၊ ဒါပေမဲ့ ဝန်ထမ်းပြောတာကတော့ နှိပ်နယ်သူတစ်ယောက်ချင်းစီရဲ့ နည်းစနစ်က မတူဘူးတဲ့၊ ငါတို့ကိုနှိပ်ပေးတဲ့ဆရာကြီးနာမည်က ကျန်းယွီတဲ့၊ သူကတည်းခိုခန်းရဲ့ နံပါတ်တစ် လက်စွမ်းပြနှိပ်နယ်သူလို့ ကြားတယ်"

ပါကျောက်လည်း တက်တက်ကြွကြွနှင့် ထောက်ခံအကြံပြုလိုက်တော့သည်။

All Chapters