အခန်း (၂၄၁-၂၄၂)
Vol. 25 Ch. 241-242
241
အတွေးအခေါ်ပိုင်းဆိုင်ရာ ပညာပေးမှုကို ခံယူနေရသော ချန်းသည် သနားစဖွယ် ခေါင်းညိမ့်ပြရှာသည်။ သူသည် နောက်နောင်တွင် စကားကို ပေါ့ပေါ့ဆဆ မပြောရဲတော့ပေ။ အတွေးအခေါ် ပညာပေးခြင်းသည် တကယ်ပင် ကြောက်မက်ဖွယ်ကောင်းလှ၏။ သူ၏ ဦးခေါင်းမှာ ပုံမှန်ထက် နှစ်ဆခန့် ပိုကြီးလာသလို ခံစားနေရပြီး မျက်လုံးများမှာလည်း ခြင်ဆေးခွေကဲ့သို့ပင် ဝိုင်းဝိုင်းလည်နေတော့သည်။ ဘုရင်မလေး၏ မျက်နှာသာပေးမှုကို ချန်းမှ ရရှိသွားသည့်အတွက် အနည်းငယ် မနာလိုဖြစ်နေခဲ့သော ရေဘဝဲမိစ္ဆာသည်လည်း တိတ်တဆိတ်ပင် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်မိသည်။ ဤကဲ့သို့သော မျက်နှာသာပေးမှုမျိုးမှာ တကယ်ပင် ကြောက်စရာကောင်းလွန်းလှ၏။ သူ့အနေဖြင့် မိစ္ဆာအသေးလေးအဖြစ်သာ ဆက်နေချင်ပါတော့သည်။ ထိုကဲ့သို့သော အတွေးအခေါ် ပညာပေးမှုကိုမူ လုံးဝ မခံယူချင်ပါ။ စုဟယ်သည် သူမ၏ ဖန်ခွက်ထဲမှ နောက်ဆုံး ရေတစ်ငုံကို မော့သောက်လိုက်သည်။ စကားတွေ အများကြီး ပြောလိုက်ရသဖြင့် သူမလည်ချောင်းမှာ ခြောက်ကပ်နေပြီ ဖြစ်သော်လည်း ဤလုပ်ငန်းစဉ်အတွင်း၌ ချန်းနှင့် ရေဘဝဲမိစ္ဆာတို့ကို မည်သည့်နေရာတွင် တာဝန်ပေးရမည်ကို နောက်ဆုံးတွင် ဆုံးဖြတ်ချက် ချနိုင်ခဲ့ပြီဖြစ်၏။
"ကျန်းယွီ၊ ချန်းကို တွန်းပေးပြီး ငါနဲ့ လိုက်ခဲ့"
စုဟယ်မှာ ခေတ်သစ်လူ့အဖွဲ့အစည်းအကြောင်းကို အနည်းငယ် နားလည်သွားကြပြီဖြစ်သော ချန်းနှင့် ရေဘဝဲမိစ္ဆာတို့ကို ကြည့်ကာ ကျေနပ်စွာ ခေါင်းညိတ်ရင်း ပြောလိုက်သည်။ စုဟယ်သည် ထိုနှစ်ဦးကို ဓာတ်လှေကားဖြင့် (၃) ထပ်ရှိ အားကစားနှင့် ဂိမ်းကစားကွင်း ဧရိယာသို့ ခေါ်ဆောင်လာခဲ့၏။ ဂိမ်းကစားသည့် ဧရိယာဘက်မှ ဧည့်သည်များ ပျော်ရွှင်စွာ ကစားနေကြသည့် ရယ်မောသံများ ပဲ့တင်ထပ်နေသော်လည်း အားကစားခန်းမဘက်တွင်မူ လူသူကင်းမဲ့နေ၏။ ယခုအချိန်မှာ နေလည်စာ စားချိန်ဖြစ်သဖြင့် အားကစားလုပ်ရန် ပုံမှန်အချိန် မဟုတ်ပေ။ ထို့အပြင် တည်းခိုခန်းမှာ အသစ်ဖွင့်လှစ်ထားကာစ ဖြစ်သောကြောင့် ဧည့်သည်များအနေဖြင့် ခြောက်ကပ်ကပ် အားကစားလုပ်ရိုးလုပ်စဉ်များထက် ပို၍ စိတ်ဝင်စားစရာကောင်းသော အရာများကိုသာ ဦးစားပေး လုပ်ဆောင်ကြလိမ့်မည် ဖြစ်သည်။ ကျယ်ဝန်းပြီး အပူချိန်ကို ထိန်းညှိထားသော ရေကူးကန်ကြီးမှာ ရေလှိုင်းလေးများ ထနေသော်လည်း လုံးဝ လူသူကင်းမဲ့နေသည်။
"နင်တို့နှစ်ယောက် ရေကူးတတ်လား"
စုဟယ်သည် ရေကူးဝတ်စုံများကို ကိုင်ထားရင်း ရေဘဝဲမိစ္ဆာနှင့် ချန်းကို မေးလိုက်သည်။ ချန်းသည် ရေကူးကန်ကို ကြည့်ကာ ခေါင်းညိတ်ပြ၏။ သူ ကုန်းပေါ်တွင် နေခဲ့ရသည်မှာ အနည်းငယ် ကြာမြင့်သွားပြီဖြစ်ရာ သူ့အရေပြားများ ခြောက်ကပ်လာသလို ခံစားနေရသည်။ သူ့မျက်နှာတွင် ရေကိုတောင့်တနေသည့် အရိပ်အယောင်များ အထင်းသားပေါ်လွင်နေ၏။ အခြားတစ်ဖက်တွင်မူ ရေဘဝဲမိစ္ဆာသည် ရေကူးဝတ်စုံကို အမြန်လဲလိုက်ပြီး ရေထဲသို့ ခုန်ဆင်းသွားတော့သည်။ ရေဘဝဲမိစ္ဆာ၏ခန္ဓာကိုယ်မှာ လေထဲတွင်ဝိုက်တက်သွားပြီး ရေများစင်ထွက်သွားကာ ကျောက်ခဲတစ်လုံးကဲ့သို့ ရေအောက်ခြေသို့ အမြန်နစ်မြုပ်သွားသည်။ သူ့ကျောပေါ်ရှိ လက်တံများသည် ရေအောက်တွင် ပွင့်အာနေသော ပင်လယ်မှော်ပန်းတစ်ပွင့်ကဲ့သို့ လျင်မြန်စွာ ပွင့်ထွက်သွားပြီး ရေလှိုင်းအရှိန်နှင့်အတူ ညင်သာစွာ ယိမ်းနွဲ့နေတော့သည်။
ရေဘဝဲမိစ္ဆာသည် သူ့ခြေလက်များကို အားရပါးရ ယက်ခတ်နေ၏။ စုဟယ်သည် ကန်ဘေးတွင် ရပ်ကြည့်နေရင်း ရေဘဝဲမိစ္ဆာ၏ ရေကူးဟန်ကိုမြင်လိုက်ရသည့်အခါ မျက်စိကိုပင် အုပ်ထားလိုက်မိတော့သည်။ ရေဘဝဲမိစ္ဆာမှာ အနည်းငယ် စိတ်လှုပ်ရှားလွန်းနေပုံရ၏။ သူ့လက်တံများသည် ရေထဲတွင် အလွန်တက်ကြွနေပြီး ကျောဘက်တွင် တဖျတ်ဖျတ် လှုပ်ရှားနေသဖြင့် သူ့ရေကူးဝတ်စုံမှာ နိမ့်ချည်မြင့်ချည်ဖြစ်နေသည်။ ရေကူးဝတ်စုံထဲတွင် လေပူဖောင်းကြီးတစ်ခု ဖြစ်ပေါ်နေသည့်အတိုင်းပင်။ ကံကောင်းသည်မှာ ရေကူးဝတ်စုံမှ ဖုံးကွယ်ပေးထားခြင်း ဖြစ်သည်။ အကယ်၍ တစ်စုံတစ်ဦးမှာ ရေကူးကန်ထဲတွင် လက်တံများကိုမြင်လိုက်ရပါလျှင် တကယ်ပင် လန့်ဖျပ်သွားပေလိမ့်မည်။ သို့သော်လည်း ရေကူးဝတ်စုံကြီးတစ်ခု ရေကန်ထဲတွင် အပေါ်အောက် ခုန်ပေါက်နေသည်ကို မြင်ရခြင်းမှာလည်း သိပ်ပြီးမထူးခြားလှပေ။
စုဟယ် ရေဘဝဲမိစ္ဆာကို စူးစိုက်ကြည့်လိုက်သည်။ ရေဘဝဲမိစ္ဆာသည် စုဟယ်၏အကြည့်ကို ခံစားမိသွား၏။ သူသည် သူ့လက်တံများကို သနားစဖွယ် ထိန်းချုပ်လိုက်သဖြင့် အလွန်ဖောင်းပွနေသော ရေကူးဝတ်စုံမှာ ပြန်လည် ငြိမ်သက်သွားကာ ရေကန်ထဲတွင် သူ့ခြေလက်များကိုသာ အသုံးပြု၍ ရေကူးရန် အတတ်နိုင်ဆုံး ကြိုးစားနေတော့သည်။ သူ့လှုပ်ရှားမှုများမှာ ရေထဲတွင် ဟန်ချက်ညီအောင် ကြိုးစားနေရသဖြင့် စနစ်မကျဖြစ်သွားရ၏။ ရေဘဝဲမိစ္ဆာသည် သဘာဝအရ မျဉ်းဖြောင့်အတိုင်း ရေကူးရန်မသင့်တော်ပုံရသည်။ သူ့ရေကူးဟန်မှာ ထူးခြားလှ၏။ ရှေ့သို့တည့်တည့်သွားမည့်အစား ရေကန်ထဲတွင် အပေါ်အောက် နိမ့်ချည်မြင့်ချည်နှင့် ဘေးတိုက်ရွေ့လျားနေသည်။ သူ့ခန္ဓာကိုယ်မှာ သဲပြင်ပေါ်တွင် ဘေးတိုက်ပြေးနေသော ဂဏန်းတစ်ကောင်ကဲ့သို့ ရေလှိုင်းများကို ဖြတ်ကျော်နေတော့သည်။
ရေထဲသို့ ရောက်သွားသည့်အခါ သူသည် လူပုံစံပေါက်နေသော ရေဘဝဲတစ်ကောင်အဖြစ်သို့ လုံးဝပြောင်းလဲသွားပြီး ပို၍ပင်ထူးဆန်းနေတော့သည်။ ကုန်းပေါ်ရှိ ချန်းသည် ရေထဲတွင် ပျော်ရွှင်နေသော ရေဘဝဲမိစ္ဆာကို မြင်သည့်အခါ သူ့နှလုံးသားထဲတွင် မျှော်လင့်ချက် အရိပ်အယောင်လေး တစ်ခုကိုတွေ့သွား၏။ ရေသူထီးတစ်ဦးအနေဖြင့် သူသည် သဘာဝအရ ရေကို ချစ်မြတ်နိုးသူ ဖြစ်သည်။ သူသည် သူ့ဝှီးချဲကို ကိုင်ထားရင်း ရေကန်အစပ်သို့ ဖြည်းညှင်းစွာ လာခဲ့သည်။ သူ့ကိုယ်ဟန်မှာ အနည်းငယ်တောင့်တင်းနေဆဲ ဖြစ်သော်လည်း ကံကောင်းထောက်မစွာဖြင့် ဤတစ်ကြိမ်တွင် သူ့ခြေထောက်များကို ထိန်းချုပ်နိုင်ခဲ့ပြီး လဲမကျခဲ့ပေ။ ရေထဲသို့ရောက်သွားသည်နှင့် ထိုတောင့်တင်းမှုများမှာ လုံးဝ ပျောက်ကွယ်သွားတော့သည်။ စုဟယ်သည် ရေထဲမှငါးအလား ဆိုသည့် စကား၏ အဓိပ္ပာယ်စစ်စစ်ကို နားလည်သွားခဲ့ရ၏။
ချန်းသည် အသာအယာခုန်လိုက်ပြီး ရေထဲသို့ ကျော့ရှင်းစွာ ဝင်ရောက်သွားသည်။ ရေထဲတွင်မူ သူသည် အိမ်သို့ ပြန်ရောက်သွားသည့်အလားပင်။ သူ့ခန္ဓာကိုယ်မှာ ရေထဲတွင် လွတ်လပ်စွာ လှုပ်ရှားနေပြီး လှုပ်ရှားမှုတိုင်းတွင် ကျော့ရှင်းမှုနှင့် ခွန်အားများ ပြည့်နှက်နေသည်။ သူ့ခါးအလှည့်အပြောင်းမှာ ရေကူးသည့် အရှိန်နှင့်အတူ ပင်လယ်ထဲမှ ရေလှိုင်းများကဲ့သို့ပင် စည်းချက်ညီညီနှင့် အဆက်မပြတ် ကျော့ရှင်းသော အကွေးအဆန့်များကို ဖန်တီးနေ၏။ သူ့လက်ချောင်းများသည် ရေပြင်ပေါ်တွင် ဝဲပျံနေပြီး ရေစီးကြောင်းကို အားစိုက်စရာမလိုဘဲ ညင်သာစွာတွန်းထုတ်နေသည်။ သူ့ခြေထောက်များကို အပေါ်အောက်ခတ်လိုက်တိုင်းမှာလည်း သဘာဝကျကျနှင့် ခွန်အားအပြည့် ပါဝင်နေပြီး သူ့ခြေချောင်းလေးများမှာ ရေပြင်ကို အသာအယာထိတွေ့ရုံဖြင့် ရေလှိုင်းငယ်လေးများကို ဖန်တီးကာ သူ့ခန္ဓာကိုယ်မှာ ရှေ့သို့ အဝေးကြီး ရောက်သွားတော့သည်။
ချန်းသည် ရေထဲတွင် မည်သည့် အဆီးအတားကိုမျှ မခံစားရဘဲ ရေနှင့် တစ်သားတည်း ဖြစ်နေသကဲ့သို့ပင်။ လှည့်ပတ်လိုက်တိုင်း အလွန်ပေါ့ပါးနေပြီး ရံဖန်ရံခါတွင် သူ့မျက်နှာပေါ်သို့ ရေစက်ကလေးများ ကျလာသော်လည်း သူ ဂရုမစိုက်ဘဲ အပြုံးဖျော့ဖျော့လေးတစ်ခုကို ပြသနေမိသည်။ ရေထဲတွင် ထူးထူးဆန်းဆန်း တွန့်လိမ်နေသော ရေဘဝဲမိစ္ဆာနှင့် ကျော့ရှင်းလှသော ချန်းတို့ကိုကြည့်ရင်း စုဟယ်သည်လည်း ရေကူးချင်စိတ်များ တဖွားဖွား ပေါ်ပေါက်လာသဖြင့် သူမ၏ရေကူးဝတ်စုံကိုလဲကာ ရေထဲသို့ ဆင်းလိုက်တော့၏။ စုဟယ်သည် ကျောင်းတွင် ရေကူးသင်ခဲ့ဖူးသည်။ ကာယဆရာမှာ အတန်းထဲတွင် ကျောင်းသားများစွာကို သင်ကြားပေးနေရသဖြင့် ကျောင်းသားတစ်ဦးချင်းစီ၏ ရေကူးဟန်ကို တစ်ဦးချင်း လိုက်လံ ပြင်ဆင်ပေးရန် အင်အားမရှိခဲ့ပေ။ စုဟယ်မှာ ရေကူးတတ်ရုံအဆင့်သာရှိပြီး စာမေးပွဲအောင်မြင်သရွေ့ ကာယဆရာမှာ မည်သည့် ရေကူးပုံစံကိုမဆို လက်ခံပေးခဲ့သည်။
စုဟယ်သည် ခဏမျှရေကူးပြီးနောက် အလွန်မောပန်းလာသလို ခံစားရပြီး သူမ၏ခွေးကူးပုံစံမှာ လှုပ်ရှားလိုက်တိုင်း ရေများစင်ထွက်နေသဖြင့် ကျော့ရှင်းလှသော ချန်းနှင့် ယှဉ်လိုက်လျှင် အလွန်ကြည့်မကောင်းလှကြောင်း သတိပြုမိသွားသည်။ ချန်းသည် စုဟယ်၏နံဘေးသို့ လိမ္မာပါးနပ်စွာ ကူးခပ်လာပြီး သူမကိုကြည့်နေ၏။ စုဟယ်သည် သူ၏ပေါ့ပါးသွက်လက်သော ကိုယ်ဟန်ကို အနည်းငယ် အားကျစိတ်ဖြင့်ကြည့်ကာ ချန်းကဲ့သို့ လက်မောင်းများကို ဆန့်ထုတ်ရန် ကြိုးစားလိုက်သော်လည်း ရုတ်တရက် ရေထဲသို့ နစ်မြုပ်သွားတော့သည်။ ကံကောင်းထောက်မစွာဖြင့် ချန်းမှာ လျင်မြန်လှသဖြင့် စုဟယ်ကိုဖမ်းထိန်းပေးလိုက်နိုင်သည်။ ချန်းသည် ကုန်းပေါ်တွင် အလွန်နုနယ်ပုံရသော်လည်း ရေထဲတွင်မူ ရေ၏အရှိန်ကို အသုံးပြု၍ စုဟယ်ကို အလွယ်တကူ ထိန်းမပေးထားနိုင်၏။
စုဟယ်သည် သူ့ပုံစံအတိုင်း ရေကူးသင်ချင်နေသည်ကို သူ ခန့်မှန်းမိသွားသည်။ သူ ခေါင်းလေးကို စောင်းလိုက်ပြီး စုဟယ်ကို ရေကန်ဘေးတွင် တွဲပေးထားကာ သူ့လှုပ်ရှားမှုများကို နှေးကွေးစေပြီး စုဟယ်အတွက် ဂရုတစိုက်ပြသပေးနေတော့၏။ ထို့နောက် ချန်းသည် စုဟယ်လက်ကို ညင်သာစွာ ဆုပ်ကိုင်ပြီး ရေကန်အစပ်သို့ တစ်လှမ်းချင်း လမ်းပြခေါ်ဆောင်သွားကာ ရေထဲသို့ ဂရုတစိုက် ဦးဆောင်ဝင်ရောက်စေသည်။ ချန်းသည် စုဟယ်အား အသက်ရှူပုံ၊ ခန္ဓာကိုယ်ကို မည်သို့ဖြေလျှော့ရပုံနှင့် ရေထဲတွင် ဟန်ချက်ညီအောင် မည်သို့ပြုလုပ်ရပုံတို့ကို စိတ်ရှည်လက်ရှည် သင်ကြားပေးနေသည်။ သူ့လက်ဖဝါးများမှာ တည်ငြိမ်ပြီး အားရှိလှကာ စုဟယ်ခန္ဓာကိုယ်ကို ညင်သာစွာ ထိန်းပေးထားသဖြင့် သူမအနေဖြင့် ရေ၏တွန်းကန်အား ကို ခံစားမိစေသည်။
သူ့အသံမှာ အက်ရှနေသော်လည်း နူးညံ့လှကာ စုဟယ်အား အသက်ရှူလေ့ကျင့်ခန်းများပြုလုပ်ရန် လမ်းညွှန်ပေးပြီး ရေအောက်ပတ်ဝန်းကျင်နှင့် တဖြည်းဖြည်း ကျင့်သားရစေရန် ကူညီပေးနေသည်။ စုဟယ်မှာ ရေကူးတတ်ပြီးသားဖြစ်ရာ သူမစည်းချက်ကို ရှာတွေ့သွားသည်နှင့် စုဟယ်သည် လက်မောင်းများကိုခတ်ပြီး ခြေထောက်များကိုခတ်ရန် စတင်ကြိုးစားကြည့်တော့၏။ ချန်းမှာ ဘေးမှနေ၍ ဂရုတစိုက်စောင့်ကြည့်နေပြီး သူမလှုပ်ရှားမှုများကို အချိန်မီပြုပြင်ပေးသဖြင့် သူမ၏ရေကူးပုံစံမှာ ပို၍ ချောမွေ့လာခဲ့သည်။ အကြိမ်အနည်းငယ် ကြိုးစားပြီးနောက် စုဟယ်သည် ရေစင်ထွက်မှု သိသိသာသာ လျော့နည်းသွားကြောင်း ခံစားမိပြီး အကြိမ်အနည်းငယ် ကူးပြီးတိုင်း အသက်ရှူရန် ရေပေါ်သို့ တက်နေစရာ မလိုတော့ပေ။
စုဟယ်၏မျက်ဝန်းများ ဝင်းလက်သွားသည်။ သူမသည် ရေဘဝဲမိစ္ဆာနှင့် ချန်းတို့ကို ရေကူးကန်တွင် အသက်ကယ်ဝန်ထမ်းအဖြစ်ထားရန် ခေါ်လာခဲ့ခြင်းဖြစ်၏။ ၎င်းမှာ ကန်ဘေးရှိ ကုလားထိုင်ပေါ်တွင်ထိုင်ကာ ရေကူးကန်ထဲရှိ ဧည့်သည်များကို စောင့်ကြည့်ရရုံသာ ဖြစ်သည့် အလွန်ရိုးရှင်းသော အလုပ်တစ်ခုပင်။ အကယ်၍ မတော်တဆမှု တစ်စုံတစ်ရာ ဖြစ်ပွားခဲ့ပါကလည်း သူတို့နှစ်ဦးစလုံးမှာ ရေကူးတတ်သဖြင့် ရေနစ်သူကို အလွယ်တကူကယ်ဆယ်နိုင်သည်။ သို့သော် ယခုကြည့်ရသည်မှာ ချန်းကို အသက်ကယ်ဝန်ထမ်းအဖြစ်ထားခြင်းမှာ အရည်အချင်းကို အလွန်အမင်း ဖြုန်းတီးရာရောက်နေသကဲ့သို့ပင်။
စုဟယ်သည် ကုန်းပေါ်သို့ ပြန်တက်လာပြီး သူမဖုန်းကိုထုတ်ကာ အွန်လိုင်းမှ ရေကူးဗီဒီယိုအချို့ကို ချန်းကြည့်ရှုရန် ရှာဖွေပေးလိုက်သည်။ မည်သည့် ရေကူးပုံစံမျိုး ဖြစ်စေ၊ လှုပ်ရှားမှု ရှင်းလင်းချက်ကို ကြည့်လိုက်ရုံဖြင့် ချန်းသည် ရေထဲတွင် ပုံစံတူပြန်လည် လုပ်ဆောင်နိုင်ပြီး အလွန်ပင် စံချိန်စံညွှန်းမီလှပေသည်။ အလွတ်ကူးပုံစံ၊ ဖားကူးပုံစံ၊ ပက်လက်ကူးပုံစံနှင့် လိပ်ပြာကူးပုံစံတို့မှာ သူ့အတွက်မူ အားစိုက်စရာမလိုသော အရာများသာ ဖြစ်တော့သည်။
242
"ရေကူးသင်ပေးရမယ် ဟုတ်လား"
ရေကူးကန်ထဲမှ ရေစက်လက်နှင့်တက်လာသော ချန်းသည် သူမကို မော့ကြည့်လိုက်သည်။ သူ့မျက်ဝန်းများတွင် ဝေခွဲမရသည့် အရိပ်အယောင်များဖြင့် အနည်းငယ် ကြောင်တောင်တောင်ဖြစ်နေ၏။ ရေကူးသင်ပေးခြင်းသည်လည်း အလုပ်တစ်ခု ဖြစ်နိုင်၏လော။ စုဟယ် ရှင်းပြလိုက်သည်။
"ခုနက ငါပြတဲ့ဗီဒီယိုတွေကို မှတ်မိလား၊ အဲဒီထဲက မတူညီတဲ့ရေကူးနည်းစနစ်အားလုံးကို နင်ကျွမ်းကျင်သွားပြီမလား"
ချန်းသည် တိုက်ရိုက်အဖြေမပေးဘဲ စုဟယ်၏မေးခွန်းကို လုပ်ဆောင်ချက်ဖြင့်သာ တုံ့ပြန်ရန် ရွေးချယ်လိုက်သည်။ သူသည် ရေအောက်သို့ ဖြည်းညှင်းစွာ ပြန်လည်နစ်မြုပ်သွားပြီး စင်မြင့်ပေါ်တွင် ထူးခြားသောအကအလှများကို ပြသနေသည့် ကျွမ်းကျင်သော ကချေသည်တစ်ဦးကဲ့သို့ ရေထဲတွင် အမျိုးမျိုးသော ကိုယ်ဟန်အနေအထားများကို ပြောင်းလဲပြသလိုက်တော့၏။ သူ့လက်မောင်းများကို တစ်ဖက်စီ အလှည့်ကျ ကူးလိုက်ပြီး ခြေထောက်များကို အားပါပါ ခတ်ထုတ်လိုက်ရာ သူ့တစ်ကိုယ်လုံးမှာ အလွန်စံချိန်မီသော အလွတ်ကူးပုံစံဖြင့် ရေထဲတွင် ချောမွေ့စွာရွေ့လျားသွားသည်။ ထို့နောက် သူသည် ဖားကူးပုံစံ သို့ ကူးပြောင်းလိုက်ပြန်သည်။ လက်များကို အပြင်ဘက်သို့ ဝိုက်ထုတ်ကာ ခြေထောက်များကို တစ်ပြိုင်နက်တည်း တွန်းထုတ်လိုက်ပြီး ခြေထောက်ကို စုခြင်း၊ လှည့်ခြင်း၊ တွန်းခြင်းနှင့် ညှစ်ခြင်း စသည့် သေးငယ်သော လှုပ်ရှားမှု တစ်ခုချင်းစီတိုင်းမှာ တိကျလွန်းလှသည်။
ချန်းသည် ရေကို မကြောက်သဖြင့် ပက်လက်ကူးပုံစံမှာ သူ့အတွက် အလွန်ရိုးရှင်းပါသည်။ သူသည် ခန္ဓာကိုယ်ကို ဖြေလျှော့ကာ ရေပြင်ပေါ်တွင် ပက်လက်လှန် လှဲလျောင်းလိုက်ပြီး လက်များကို ခေါင်းပေါ်မှတစ်ဆင့် တစ်ဖက်စီ အလှည့်ကျယက်ခတ်ကာ ခြေထောက်များကို ညင်သာစွာခတ်ရင်း ရေပေါ်တွင် တည်ငြိမ်စွာပေါလောပေါ်နေသည့် အနေအထားကို လွယ်ကူစွာ ထိန်းထားနိုင်၏။ နောက်ဆုံးတွင် သူသည် လိပ်ပြာကူးပုံစံဖြင့် အဆုံးသတ်လိုက်သည်။ သူ့ခါးမှာ အပေါ်အောက် လှုပ်ရှားနေပြီး ခိုင်မာသော ခန္ဓာကိုယ်ဗဟိုချက်ရှိကြောင်း ပြသနေ၏။ လိပ်ပြာကူးပုံစံမှာ သူ့အမြီးဖြင့် ရေကူးသည့်ပုံစံနှင့် အလွန်ဆင်တူသဖြင့် ၎င်းမှာ သူအကြိုက်ဆုံး ရေကူးနည်းစနစ်လည်းဖြစ်သည်။ ချန်း၏အလှည့်အပြောင်းနှင့် အသက်ရှူနှုန်းတိုင်းမှာ လွယ်ကူချောမွေ့နေပြီး အနည်းငယ်မျှ တုံ့ဆိုင်းခြင်း သို့မဟုတ် ရပ်တန့်ခြင်းမရှိပေ။ သူသည် ရေအောက်တွင် အသက်အောင့်ကာ ရေကူးကန်တစ်ပတ်အပြည့်ကိုလည်း ကူးနိုင်သေးသည်။ ရေကူးကန်ကို တစ်ပတ်ပြီးတစ်ပတ် ကူးခတ်ပြီးနောက် သူသည် စုဟယ်ရှိရာသို့ ဖြည်းညှင်းစွာ ကူးခတ်လာပြီး ရေပေါ်သို့ ခေါင်းပြူကာ သူမကိုကြည့်လိုက်သည်။
"ဟုတ်ပြီ အဲဒီအတိုင်းပဲ"
စုဟယ် သူ့ကို ချီးကျူးလိုက်သည်။
"နင်ရေကူးတာ တကယ်လှတယ်၊ နင် ကူးတဲ့ပုံစံအားလုံးကလည်း မှန်ကန်တယ်"
စုဟယ်သည် သူမကိုယ်သူမ ဥပမာအဖြစ် အသုံးပြုလိုက်သည်။
"ငါတို့လူသားတွေထဲမှာ လူတိုင်းက နင့်လို ရေကောင်းကောင်းမကူးနိုင်ကြဘူး၊ ငါ့ကိုကြည့်လေ ငါ့ရဲ့ရေကူးပုံစံက သိပ်ပြီး မကောင်းဘူး၊ ခုနက ငါကူးနေတာ ဘယ်လို ရေကူးနည်းမျိုးလဲ"
စုဟယ် ချန်းကိုဖြေရန် တိုက်တွန်းလိုက်သည်။ ချန်း တိုးတိုးလေးပြောလိုက်၏။
"ဖားကူးပုံစံပါ"
သူသည် ဗီဒီယိုများကိုကြည့်ရှုပြီး လူသားများ ရေကူးနည်းများကို မည်သို့ အမည်ပေးထားကြောင်း လေ့လာထားခဲ့သည်။
"ဒါပေမဲ့ နင်မြင်တဲ့အတိုင်းပဲ၊ ငါ့ရဲ့ ဖားကူးပုံစံက နင့်လိုသဘာဝမကျဘူး၊ ငါ ဘယ်နေရာတွေကို ပြင်ရမယ်လို့ နင်ထင်လဲ"
စုဟယ် ထပ်မံမေးမြန်းလိုက်သည်။
"သူဌေးက ခြေကျင်းဝတ်ကို မဆန့်ထုတ်ဘူး၊ ခြေထောက်ကို ပြန်စုတဲ့အခါမှာလည်း ခြေချောင်းတွေက ကွေးနေတုန်းပဲ"
ဗီဒီယိုထဲမှ စံချိန်မီလှုပ်ရှားမှုများနှင့် နှိုင်းယှဉ်ကာ ချန်း ပြန်လည်ဖြေကြားလိုက်သည်။ သူမသည် ပြုံးလိုက်ပြီး ချန်းကို ပြောလိုက်၏။
"အတိအကျပဲ၊ အခြားသူကို ရေကူးသင်ပေးတယ်ဆိုတာ သူတို့ရဲ့လှုပ်ရှားမှုတွေကို ပိုပြီးသေသပ်လာအောင် ရေထဲမှာ ပိုပြီးပေါ့ပေါ့ပါးပါးနဲ့ လွတ်လွတ်လပ်လပ် ခံစားရအောင် ကူညီပေးတာပဲ၊ ဒီအလုပ်က ခက်ခဲမယ်လို့ နင်ထင်လား"
ရေကူးသင်ပေးခြင်းဟူသည် အဘယ်နည်းဆိုသည်ကို ချန်းအကြမ်းဖျင်း နားလည်သွားပြီဖြစ်သည်။ ၎င်းမှာ သူခုနက စုဟယ်ကို ရေကူးရန်ကူညီပေးခဲ့သလို သူမ၏အသက်ရှူစည်းချက်နှင့် လှုပ်ရှားမှုများကို ညှိနှိုင်းပေးရခြင်းမျိုးပင်။ ချန်း စဉ်းစားကြည့်လိုက်ရာ ဤအရာမှာ သူ့အတွက် မခက်ခဲပုံရပေ။ သူသည် ရေအခြေအနေကို စောင့်ကြည့်မည်ဖြစ်သည်။ ရေထဲတွင် အချိန်များစွာ ကုန်ဆုံးခဲ့ဖူးသဖြင့် မတူညီသော လှုပ်ရှားမှုများကြောင့် ကွဲပြားသောရေလှိုင်းငယ်လေးများ ထွက်ပေါ်လာကြောင်း သူသိထား၏။ ထို့ကြောင့် စုဟယ် ရေကူးသည့်နေရာတွင် မည်သည့်နေရာမှာ အဆင်မပြေဖြစ်နေသည်ကို သူချက်ချင်း သိမြင်နိုင်သည်။
"မခက်ပါဘူး"
ချန်းသည် သူ့မျက်နှာပေါ်မှ ရေစက်တစ်စက်ကို သုတ်လိုက်သည်။ ဤအလုပ်မှာ သူ့ကိုရေထဲတွင် နေခွင့်ပေးထားပြီး သူသည်လည်း ရေကိုမြတ်နိုးသူဖြစ်ရာ ဤအလုပ်ကို သူ သဘောကျမိသည်။ ရေကူးကန်မှာ သမုဒ္ဒရာနှင့် နှိုင်းယှဉ်လျှင် သေးငယ်သော်လည်း ရေထဲတွင်မူ သူသည် အလွန်လွတ်လပ်သည်ဟု ခံစားရ၏။ စုဟယ် နောက်ဆုံး ဆုံးဖြတ်ချက် ချလိုက်သည်။
"ဒါဆို နင်ဒီရေကူးကန်မှာပဲ အလုပ်လုပ်ရမယ်၊ ဧည့်သည်တွေ ရေကူးသင်ချင်တဲ့အခါ နင်သူတို့ကိုလမ်းညွှန်ပေးရမယ်၊ တစ်ကယ်လို့ ဧည့်သည်တွေက နင့်ရဲ့သင်ကြားမှုကို မလိုဘူးဆိုရင်တော့ နင်ကန်ဘေးက ကုလားထိုင်မှာ အသက်ကယ်ဝန်ထမ်းအဖြစ်ထိုင်ပြီး ရေကူးကန် ဧရိယာကို စောင့်ကြည့်ရမယ်၊ ရေထဲက လှုပ်ရှားမှုတွေကို အကဲခတ်ပြီး ရေကူးသူအားလုံးရဲ့ ဘေးကင်းလုံခြုံမှုကို တာဝန်ယူရမယ်၊ တစ်ယောက်ယောက် ရေနစ်တာမျိုးရှိရင် နင်ကအမြန်ဆုံး ကယ်ဆယ်ပြီး ငါ့ကိုအကြောင်းကြားရမယ်"
ချန်းမျက်ဝန်းများ ဝင်းလက်သွားပြီး ခေါင်းကို တဆက်ဆက်ညိတ်လိုက်သည်။ ဤအရာအားလုံးကို သူ လုပ်ဆောင်နိုင်၏။ စိတ်ထဲတွင်လည်း သူသည် တိတ်တဆိတ် သက်ပြင်းချလိုက်မိ၏။ ဤနည်းဖြင့်ဆိုလျှင် သူသည် အသုံးဝင်သော လူတစ်ယောက် ဖြစ်မလာပေဘူးလား။ အမြဲတမ်းလောင်ကျွမ်းနေသော ဆီမီးအိမ်အဖြစ် ပြုလုပ်ခံရမည်ကို စိုးရိမ်နေစရာမလိုတော့ပြီပင်။
"နောက်နှစ်ရက်အတွင်း နင်ကြည့်ဖို့ ဗီဒီယိုတချို့ ထပ်ရှာပေးမယ်၊ နင်ဗီဒီယိုတွေ အများကြီးကြည့်ပြီး တခြားသူတွေ ရေကူးဘယ်လိုသင်လဲဆိုတာကို လေ့လာထားရမယ်၊ ကိုယ်တိုင်ရေကူးတတ်ရုံနဲ့ မလုံလောက်ဘူး၊ လှုပ်ရှားမှုတွေရဲ့နောက်ကွယ်က သဘောတရားတွေကိုလည်း ရှင်းပြတတ်ဖို့လိုတယ်၊ အသက်ကယ်ဝန်ထမ်းတွေက ရှေးဦးသူနာပြုစုနည်းကိုလည်း သိထားဖို့ လိုတယ်၊ အဲဒါကိုလည်း နင်လေ့လာရလိမ့်မယ်"
ထို့နောက် စုဟယ်သတိပေးလိုက်သည်။
"နင်ဧည့်သည်တွေရှေ့မှာ ပုလဲတွေ ထွက်လာအောင် လုံးဝမငိုရဘူးနော်၊ တစ်ကယ်လို့ နင်ပုလဲတွေထွက်အောင် ထပ်ငိုဦးမယ်ဆိုရင် ငါနင့်ကို တစ်ပတ်တိတိအတွေးအခေါ် သင်ခန်းစာတွေ တက်ခိုင်းလိမ့်မယ်"
အတွေးအခေါ် သင်ခန်းစာများအကြောင်းကြားလိုက်ရသဖြင့် ချန်းမှာ အနည်းငယ် ကြောက်လန့်သွားရသည်။ သူ လိမ္မာပါးနပ်စွာ အမြန်ခေါင်းညိတ်လိုက်ပြီး ကတိပေးလိုက်တော့၏။
"ကျွန်တော် ကြိုးကြိုးစားစားလေ့လာပါ့မယ်"
ရေကူးကန်တစ်ဝိုက်တွင် တက်ကြွစွာ ကူးနေသော ရေဘဝဲမိစ္ဆာသည်လည်း ကြားဖြတ်ပြောလိုက်သည်။
"ဘုရင်မလေး ကျွန်တော်ရော၊ ကျွန်တော်လည်း ရေကူးသင်ပေးရမှာလား"
ရေဘဝဲမိစ္ဆာ၏မျက်နှာတွင် မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေ၏။ စုဟယ် ရက်ရက်စက်စက်ပင်ငြင်းပယ်လိုက်သည်။
"နင် ရေကူးသင်ပေးစရာမလိုဘူး၊ နင့်အတွက် တခြားအလုပ်တစ်ခု ငါနောက်မှ ရှာပေးမယ်"
ရေဘဝဲမိစ္ဆာ၏ ရေကူးပုံစံကိုမြင်လိုက်ရပြီးနောက် သူမသည် ထိုအကြံကို လုံးဝ လက်လျှော့လိုက်ခြင်းဖြစ်သည်။ နောက်နေတာလား။ ရေဘဝဲမိစ္ဆာကို ရေကူးသင်ခိုင်းမည်ဆိုလျှင် ဧည့်သည်တွေကို ရေအောက်ထဲမှာ မှောင်မှောင်မည်းမည်းနှင့် တွန့်လိမ်ကောက်ကွေးပြီးသွားတတ်အောင်သာ သင်ပေးနိုင်လိမ့်မည်။ ရေဘဝဲမိစ္ဆာမှာ စိတ်ပျက်လက်ပျက်ဖြင့် နောက်သို့ဆုတ်သွားရသည်။
ကျစ် သူလည်း သိသိသာသာကြီး ရေကူးတော်တာပဲကို။
"အရင်ဆုံး ထမင်းသွားစားကြစို့"
စုဟယ် အချိန်ကို တစ်ချက်ကြည့်လိုက်သည်။ ရေကူးခြင်းသည် အားအင်ကုန်ခမ်းစေသော လေ့ကျင့်ခန်းတစ်ခုဖြစ်ရာ ယခုအချိန်တွင် သူမသည် နွားတစ်ကောင်လုံးကိုပင် စားပစ်နိုင်သကဲ့သို့ ခံစားနေရသည်။ ရေဘဝဲမိစ္ဆာနှင့် ချန်းတို့အတွက် တည်းခိုခန်းတွင် ပထမဆုံးနေ့ဖြစ်သောကြောင့် စုဟယ်သည် သူဌေးတစ်ဦးအနေနှင့် ဝန်ထမ်းသစ်များကို ကြိုဆိုသောအားဖြင့် စားသောက်ပွဲကြီးတစ်ခု တည်ခင်းဧည့်ခံသင့်သည်ဟု ခံစားမိသောကြောင့် သူတို့နှစ်ဦးကို စားသောက်ခန်းမသို့ခေါ်ဆောင်လာခဲ့၏။ စားသောက်ခန်းမအတွင်း၌ မီးရောင်များမှာ နူးညံ့လင်းထိန်နေပြီး နေရာလွတ်မှာလည်း အလွန်ကျယ်ဝန်းလှသည်။ ခန်းမ၏ အလယ်ဗဟိုတွင် ဖြူဖွေးသော စားပွဲခင်း ခင်းထားသည့် စားပွဲရှည်ကြီးပေါ်၌ လတ်ဆတ်သော ပါဝင်ပစ္စည်း အမျိုးမျိုးကို စနစ်တကျ ခင်းကျင်းထားသည်။ ဤပါဝင်ပစ္စည်းများကို တည်းခိုခန်းမှ ဂရုတစိုက် ရွေးချယ်ထားခြင်း ဖြစ်ပြီး လုံးဝလတ်ဆတ်မှုရှိစေရန် နေ့စဉ် နံနက်တိုင်းဈေးမှ ဝယ်ယူထားခြင်းဖြစ်သည်။
ပါဝင်ပစ္စည်းများဘေးတွင် မတူညီသော ချက်ပြုတ်နည်းများကို မိတ်ဆက်ထားသည့် ကတ်ပြားများရှိသည်။ ဧည့်သည်များသည် ၎င်းတို့နှစ်သက်ရာ ချက်ပြုတ်နည်းကို ရွေးချယ်နိုင်သည်။ ဥပမာအားဖြင့် ငါးမုန့်ကို ဆီပြန်ချက်မည်လား သို့မဟုတ် ဆီပူထိုးမည်လား စသည်ဖြင့်။ ဟင်းပွဲတိုင်းကို ကြိုတင်ပြင်ဆင်ထားခြင်းမရှိဘဲ ချက်ချင်း ချက်ပြုတ်ပေးခြင်းဖြစ်ကာ ဧည့်သည်များအနေဖြင့် ငရုတ်သီးပိုထည့်ရန် သို့မဟုတ် ဆားလျှော့ရန် စသည်ဖြင့် အရသာကို အချိန်မရွေးစိတ်ကြိုက် ညွှန်ကြားနိုင်သည်။ စားသောက်ခန်းမ၏ အခြားတစ်ဖက်တွင်မူ ပွင့်လင်းမြင်သာသော ငါးကန်တစ်ခုရှိသည်။ ငါးကန်ထဲတွင် ကြည်လင်သော ရေများညင်သာစွာ စီးဆင်းနေပြီး အဖိုးတန် ပင်လယ်စာအချို့ကူးခပ်နေကြသည်။ အထင်ရှားဆုံးမှာ ကင်းဂဏန်းများပင်ဖြစ်သည်။ ကန်ထဲတွင် ဧရာမ နှုတ်ခမ်းရှည်ကမာများနှင့် အခြားသော ခရု၊ ကမာ အမျိုးမျိုးလည်း ရှိနေသည်။
ငါးကန်ဘေးတွင်မူ ယုံမြစ်ကမ်းခြေမှ တံငါသည်များ နေ့စဉ်လာရောက် ပို့ဆောင်ပေးသော လတ်ဆတ်သည့် ငါးလေးများပြည့်နေသည့် ဖော့ဘူးများ တန်းစီလျက်ရှိသည်။ စုဟယ်သည် လှည့်ကြည့်လိုက်ရာ ချန်းမှာ ထိုဖော့ဘူးများကို စိုက်ကြည့်နေသည်အားမြင်သဖြင့် သူ ငါးစားချင်နေသည်ဟု ယူဆလိုက်မိ၏။ ၎င်းမှာ အလွန်ပင် သဘာဝကျလှ၏။ ပင်လယ်ထဲရှိ ရေသူထီးများသည် ပုံမှန်အားဖြင့် ငါးအမျိုးမျိုးနှင့် ပင်လယ်စာများကို စားသုံးလေ့ရှိကြသည် မဟုတ်ပါလား။
"နင် ဘာစားချင်လဲ ကြိုက်တာမှာလေ၊ ငါ နင်တို့ကို ပင်လယ်စာစားတော်ပွဲကြီးနဲ့ ဧည့်ခံမှာ၊ ယုံမြစ်ကပင်လယ်နဲ့ နီးတော့ ဒီကပင်လယ်စာတွေက တကယ်ကောင်းတယ်၊ တည်းခိုခန်းရဲ့ ငါးမျိုးစုံ ဟင်းပွဲက အကြံပြုထားတဲ့ဟင်းပွဲပဲ၊ အဲဒါက တကယ်အရသာရှိတယ်"
စုဟယ် အကြံပြုလိုက်သည်။ ချန်းသည် ဖော့ဘူးများကိုကြည့်ကာ မျက်တောင်ခတ်လိုက်၏။ စုဟယ်သည် ခဏမျှ စဉ်းစားလိုက်ပြီးနောက် ရုတ်တရက် နားလည်သွားသည့်ပုံစံမျိုး ပြလိုက်သည်။ ရေသူထီးများသည် ငါးအစိမ်းကို နှစ်သက်ကြ၍များလား။
"ချန်း နင်အစိမ်းစားရတာကြိုက်ရင် ဒီဘက်က အအေးစာကဏ္ဍကိုကြည့်လိုက်ဦး၊ ငါတို့မှာ ပင်လယ်စာ အချဉ်သိပ်ထားတာတွေနဲ့ ငါးအစိမ်း တွေရှိတယ်"
ချန်း ခေါင်းခါပြလိုက်ပြီး ဖော့ဘူးများကို လက်ညွှန်ပြကာ တိုးတိုးလေးပြောလိုက်သည်။
"ဒီငါးတွေက လတ်ဆတ်ပုံမရဘူး”