အခန်း (၂၄၃-၂၄၄)
Vol. 25 Ch. 243-244
243
"အို မန်နေဂျာချန်ပါလား၊ ဒီနေ့ ဘာလို့ ပစ္စည်းလက်ခံဖို့ ကိုယ်တိုင်ရောက်နေတာလဲ၊ ဒီလိုကိစ္စလေးကို မန်နေဂျာကိုယ်တိုင် အပင်ပန်းခံနေဖို့လိုလို့လား"
ကုန်ပစ္စည်းများပို့ဆောင်ရန် ဗန်ကားလေးကို မောင်းနှင်လာသော ယွီကျိုက်သည် တည်းခိုခန်း၏ နောက်ဖေးတံခါးတွင် ရပ်နေသည့် ချန်ယင်းကို မြင်လိုက်ရသဖြင့် အံ့အားသင့်သွားသည်။ သူသည် နံနက်တိုင်း ဟဲယဲ့တည်းခိုခန်းသို့ ပင်လယ်စာများ လာရောက်ပို့ဆောင်ပေးနေကျဖြစ်ပြီး ပုံမှန်အားဖြင့် မီးဖိုချောင်မှ လူငယ်တစ်ဦးမှာသာ ပစ္စည်းလက်ခံလေ့ရှိ၏။ ယနေ့တွင်မူ စားသောက်ရေးဌာန မန်နေဂျာဖြစ်သူ ချန်ယင်းကိုယ်တိုင် အဘယ်ကြောင့် ပစ္စည်းလက်ခံရန် ရောက်ရှိနေသနည်း။ ယွီကျိုက်သည် စိတ်ထဲတွင် တတွတ်တွတ် ရေရွတ်နေသော်လည်း မျက်နှာတွင်မူ အပြုံးများဝေနေဆဲပင်။ သူသည် အိတ်ထဲမှစီးကရက်တစ်ဗူးကို ထုတ်ကာ ချန်ယင်းအား ကမ်းလှမ်းလိုက်သည်။ ဤစီးကရက်မှာ ပုံမှန်ဆိုလျှင် ပစ္စည်းလက်ခံသည့် လူငယ်အတွက် ရည်ရွယ်ခြင်းဖြစ်သော်လည်း ချန်ယင်းမှာ လက်ကာပြကာ သူမ ဆေးလိပ်မသောက်ကြောင်း အသိပေးရင်း ငြင်းပယ်လိုက်၏။
ချန်ယင်းမှာ စကားဖောင်ဖွဲ့လိုသည့် အခြေအနေတွင်မရှိသည်ကို မြင်လိုက်ရသဖြင့် ယွီကျိုက်မျက်လုံးများမှာ ဟိုဟိုဒီဒီ ဝေ့ဝဲသွားသည်။ သူသည် ချန်ယင်းရှေ့တင် ဗန်ကားနောက်ခန်းကိုဖွင့်လိုက်ရာ အထဲ၌ ငါး၊ ပုစွန်နဲ့ ဂဏန်းများပါဝင်သည့် အောက်ဆီဂျင်ဘူးများတပ်ဆင်ထားသည့် ငါးကန်များရှိနေသည်။
"မန်နေဂျာချန် ကြည့်ကြည့်ပါဦး၊ ဒီငါးတွေက အရမ်းလတ်ဆတ်တယ်ဗျ၊ အားလုံးက ဒီနေ့မနက်တင်ဖမ်းထားတာတွေချည်းပဲ၊ လှေပေါ်ကနေ ဖမ်းမိတာနဲ့ ကျွန်တော် အမြန်ဆုံးလာပို့ပေးတာ၊ ဟဲယဲ့တည်းခိုခန်းဆိုတာ ကျွန်တော့်အတွက် ပထမဆုံးပစ္စည်းပို့ရတဲ့နေရာမလို့ အရည်အသွေးကိုတော့ စိတ်ချလိုက်ပါ"
ယွီကျိုက်သည် ငါးကန်တစ်ခု၏ အပေါ်ယံမှ ငါးတစ်ကောင်ကိုခတ်ထုတ်လိုက်ပြီး ၎င်းခေါင်းကိုကိုင်ကာ မည်မျှ လတ်ဆတ်ကြောင်း ချန်ယင်းအားပြသလိုက်သည်။ ချန်ယင်းသည် မည်သို့မျှ မှတ်ချက်မပေးပေ။ ယွီကျိုက်လက်ထဲတွင် အပြင်းအထန်လူးလွန့်နေသော ငါးကို သူမ ကြည့်ပင်မကြည့်ဘဲ ရှေ့သို့ တစ်လှမ်းတက်ကာ ကိုယ်ကိုကိုင်းလျက် ဗန်ကားနောက်ခန်းထဲသို့ ဝင်ရောက်ကာ ငါးကန်များထဲရှိ ငါးများကို စစ်ဆေးတော့သည်။ ယွီကျိုက်သည် ထိုဒေသတွင် အသင့်အတင့်နာမည်ရထားသော ကုန်သည်တစ်ဦးဖြစ်ပြီး ဈေးနှုန်းမှာလည်း သင့်တင့်ကာ နာမည်ကောင်းလည်းရှိသူဖြစ်သည်။ စာချုပ်ချုပ်ဆိုစဉ်က ယွီကျိုက်သည် သူ့ရင်ဘတ်ကိုလက်ဖြင့်ပုတ်ကာ နေ့စဉ်ပို့ဆောင်ပေးမည့် ပင်လယ်စာများမှာ တံငါသည်များထံမှ တိုက်ရိုက်ရရှိသည့် လတ်ဆတ်သောပစ္စည်းများဖြစ်ကြောင်း အာမခံခဲ့၏။ အကယ်၍ တစ်ညအိပ် သို့မဟုတ် မလတ်ဆတ်သောငါးများ ပါဝင်ပါလျှင်လည်း ကြိုတင်အသိပေးမည်ဖြစ်ပြီး ဈေးနှုန်းကိုလည်း လျှော့ပေးမည်ဟုဆိုခဲ့သည်။ ယွီကျိုက်၏ရိုးသားမှုကို မြင်တွေ့ရသဖြင့် တည်းခိုခန်းသည်လည်း ပင်လယ်စာ အော်ဒါအားလုံးကို သူ့အားယုံကြည်စွာ အပ်နှံထားခြင်းဖြစ်သည်။
ချန်ယင်းသည် ငါးကန်များရှေ့တွင် ရပ်ကာ သူမအကြည့်မှာ စူးရှလှသည်။ သူမသည် အင်္ကျီလက်ကိုလိပ်တင်လိုက်ပြီး မကြာမီ ဧည့်သည်များ၏ စားပွဲပေါ်သို့ ရောက်ရှိတော့မည့် ငါးများကို ကိုယ်တိုင်ကိုယ်ကျ စစ်ဆေးရန် ပြင်ဆင်လိုက်သည်။ သူမသည် ငါးကန်အပေါ်ယံတွင်ရှိနေသော ငါးများကိုမရွေးချယ်ဘဲ ရေထဲသို့ လက်ချောင်းများကို ညင်သာစွာ ထိုးထည့်ကာ အောက်ခြေသို့ နစ်မြုပ်နေသော ငါးတစ်ကောင်ကို ရွေးထုတ်လိုက်၏။ ဤငါးလေးမှာ သူမလက်ထဲတွင် အလွန်ပေါ့ပါးနေသကဲ့သို့ ခံစားရပြီး အသက်ရှူနှုန်းမှာလည်း အလွန်အားနည်းနေကာ အသက်ဓာတ် ကုန်ဆုံးနေသကဲ့သို့ပင်။ ချန်ယင်း မျက်မှောင်ကြုတ်လိုက်၏။ ထိုငါးမှာ အခြားငါးများကဲ့သို့ သက်ဝင်လှုပ်ရှားမှုမရှိသည်မှာ ထင်ရှားလှသည်။ သူမသည် ငါးကို အနီးကပ်ကြည့်ရှုစစ်ဆေးလိုက်ရာ ၎င်း၏မျက်လုံးများမှာ ကြည်လင်ခြင်း မရှိတော့ဘဲ ခန္ဓာကိုယ်မှာလည်း သဘာဝအတိုင်း ရုန်းကန်နိုင်စွမ်းမရှိတော့ပေ။
ချန်ယင်းသည် အခြားငါးကန်တစ်ခုသို့ ပြောင်းလိုက်ပြီး ယခုတစ်ကြိမ်တွင် ဂဏန်းတစ်ကောင်ကို ကောက်ယူလိုက်သည်။ သို့သော် သူမလက်ချောင်းများမှာ ဂဏန်းကိုထိတွေ့လိုက်သည်နှင့် ချက်ချင်းပင် ထူးခြားမှုကို ခံစားမိသွား၏။ ဂဏန်း၏အခွံမှာ ပုံမှန်အတိုင်း မာကျောခြင်းမရှိဘဲ ပျော့စိစိဖြစ်နေကာ ၎င်း၏ခန္ဓာကိုယ်မှာလည်း အခြားဂဏန်းများကဲ့သို့ အားပါပါရုန်းကန်ခြင်း မရှိတော့ပေ။ ဤဂဏန်းမှာ သိသိသာသာ အခြေအနေဆိုးဝါးနေပြီး ခြေထောက်အချို့မှာ ကျိုးနေကာ ဘေးတွင် တွဲလောင်းကျနေ၏။ တစ်ချိန်က အားကောင်းမောင်းသန်ရှိခဲ့မည့် လက်မကြီးများမှာလည်းမရှိတော့ဘဲ ကျိုးပဲ့နေသော အနားစောင်းများသာကျန်ရှိတော့သည်။ ယွီကျိုက်သည် အနည်းငယ်ပျာယာခတ်သွားပြီး ရှင်းပြရန် ကြိုးစားလိုက်၏။
"မန်နေဂျာချန်၊ ဒီငါးက အောက်ဆီဂျင် နည်းနည်းလိုနေလို့ဖြစ်မှာပါ၊ သိတဲ့အတိုင်း ပင်လယ်ကမ်းစပ်ကနေလာရတာ ခရီးက နည်းနည်းဝေးတော့ ငါးတွေက ကားမူးနေတာလည်းဖြစ်နိုင်ပါတယ်၊ အောက်ဆီဂျင် ပြန်ရသွားရင် အဆင်ပြေသွားမှာပါ၊ ဒီဂဏန်းတွေကျတော့လည်း ကျွန်တော်တစ်ကောင်ချင်းစီ သေချာစစ်ထားတာပါ၊ ဂဏန်းတွေဆိုတာသိတဲ့အတိုင်း ရန်လိုတတ်ကြတော့ ကန်ထဲမှာ သူတို့အချင်းချင်း တိုက်ခိုက်ရင်း လက်မတွေ ကျွတ်ကုန်တာကို ကျွန်တော်လည်း မတတ်နိုင်ဘူးလေ"
ချန်ယင်း ယွီကျိုက်ကိုအဓိပ္ပာယ်ပါပါ စိုက်ကြည့်လိုက်သည်။ သူမသည် ထိုဂဏန်းကို ရေထဲသို့ ညင်သာစွာပြန်ထည့်လိုက်ပြီးနောက် ယွီကျိုက်အား ပြောလိုက်၏။
"သယ်ယူပို့ဆောင်ရေးမှာ ထိခိုက်တာမျိုးရှိတာကတော့ သဘာဝပါပဲ"
ယွီကျိုက် သက်ပြင်းချနိုင်ရုံရှိသေး ချန်ယင်းမှာ ဆက်ပြောလိုက်သည်။
"ဒါပေမဲ့ ဂဏန်းတွေ ဘယ်လောက်ပဲ တိုက်ခိုက်ကြပါစေ၊ အခွံကတော့ မပျော့သွားသင့်ဘူး မဟုတ်လား"
ယွီကျိုက်မှာ ဆွံ့အသွားပြီး ဆင်ခြေရှာမရတော့ဘဲ ရယ်သာရယ်နိုင်တော့သည်။
"အိုး ဒုက္ခပါပဲ၊ ကျွန်တော်လည်း ဒါမျိုး ဖြစ်လိမ့်မယ်လို့ မထင်ထားဘူး၊ ဒီပင်လယ်စာတွေကို ဟိုတယ်ကြီးတွေဆီပို့မှာမလို့ တံငါသည်တွေကို သေချာပြောထားတာ၊ သူတို့က ကျွန်တော့်ကို ဒီလိုပစ္စည်းတွေ ပေးလိုက်လိမ့်မယ်လို့မမျှော်လင့်ထားဘူး"
ယွီကျိုက်သည် မတရားခံရသည့် မျက်နှာပေးမျိုးလုပ်လိုက်ပြီး ကတိပေးလိုက်သည်။
"ဒီလိုလုပ်ပါလား၊ ဒီနေ့အတွက် ဈေးနှုန်းကို ကျွန်တော်လျှော့ပေးပါ့မယ်၊ မနက်ဖြန်ကျရင်တော့ ပစ္စည်းတွေ လတ်ဆတ်ဖို့ ကျွန်တော်အာမခံပါတယ်၊ အိမ်ပြန်ရောက်ရင် အဲဒီတံငါသည်တွေကို ကျွန်တော် သေချာပြောလိုက်ပါ့မယ်"
ယွီကျိုက်သည် သူ့ကံဆိုးမှုကို စိတ်ထဲမှ ကျိန်ဆဲနေမိသည်။ ထိုလုပ်ငန်းနယ်ပယ်တွင် ပစ္စည်းကောင်းနှင့် ပစ္စည်းညံ့ ရောနှောခြင်းမှာ ပုံမှန်ကိစ္စတစ်ခုပင်။ ထို့အပြင် ပင်လယ်စာများကို အခြားကန်တစ်ခုသို့ ပြောင်းရွှေ့သည့်အခါ အလွယ်တကူသေဆုံးတတ်သဖြင့် မရိုးမသား လုပ်ဆောင်ရန် အခွင့်အရေးများစွာရှိနေသည်။ အချို့သော ပိုမရိုးသားသည့် ကုန်သည်များဆိုလျှင် ငါးအကြေးခွံများ ပိုမိုတောက်ပနေစေရန် ရေထဲသို့တာရှည်ခံဆေးများပင် ထည့်တတ်ကြ၏။ သူသည် ဟဲယဲ့တည်းခိုခန်း၏အော်ဒါကို စတင်ရရှိစဉ်က အလွန်စိတ်လှုပ်ရှားခဲ့ပြီး ပစ္စည်းကောင်းများကိုသာ ပို့ဆောင်ပေးခဲ့သည်။ သို့သော် အရင်နှစ်ရက်အတွင်း တံငါသည်များမှာ ဈေးတက်ရန် တောင်းဆိုနေကြပြီး သူကိုယ်တိုင်လည်း မိုးမလင်းခင်ကတည်းက ကမ်းစပ်သို့သွားကာ ပစ္စည်းစုဆောင်းရသည်မှာ အလွန်ပင်ပန်းလှသဖြင့် သဘာဝကျကျပင် လှည့်ကွက်အချို့ကို အသုံးပြုရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်၏။
ယွီကျိုက်သည် တည်းခိုခန်းမှရရှိထားသော အော်ဒါကြီးကို လုံးဝလက်မလွှတ်လိုပေ။ အမြဲတမ်းပစ္စည်းသွင်းသူ ဖြစ်လာရန်မှာ မလွယ်ကူသလို ဟဲယဲ့တည်းခိုခန်းသည် နေ့စဉ်ပစ္စည်းလိုအပ်သဖြင့် သူ့အတွက်ဝင်ငွေမှာ သေချာနေသည်။ အကယ်၍ ဟဲယဲ့တည်းခိုခန်းကို စိတ်ဆိုးအောင်လုပ်မိပါလျှင် သူသည် နေ့စဉ်ပစ္စည်းမမှာယူသည့် တစ်ဦးချင်း ဧည့်သည်များကိုသာ လိုက်လံရောင်းချရတော့မည်ဖြစ်ရာ ၎င်းမှာ အလွန်စွန့်စားရလွန်းလှ၏။ သူသည် မန်နေဂျာချန်ယင်းအား အရှက်မရှိ ကြည့်ကာ သူမအနေဖြင့် လျှော့ပေါ့ပေးရန် မျှော်လင့်နေသလို သူမအား လက်ထိုးသည့်အနေဖြင့် လက်ဆောင်ပေးရမလားဟုလည်း တွေးတောနေမိသည်။ ချန်ယင်း လက်ကာပြလိုက်သည်။
"ဈေးလျှော့ပေးဖို့ မလိုပါဘူး၊ ဒါပေမဲ့ ဒီနေ့ကစပြီး ရှင်ပို့တဲ့ပစ္စည်းတွေကို ကျွန်မတို့ စိတ်ကြိုက်ရွေးပါ့မယ်"
ယွီကျိုက်မှာ ပျာယာခတ်သွားသည်။
"အဲဒါတော့ မဖြစ်ဘူးလေ၊ ဒီပစ္စည်းတွေကို ရွေးခိုင်းလို့မရဘူး၊ အကောင်းတွေကိုပဲရွေးသွားရင် ကျန်တဲ့ပစ္စည်းတွေကို ဘယ်သူက ဝယ်တော့မှာလဲ၊ ကျွန်တော် ဘယ်လို လုပ်ငန်းဆက်လုပ်ရမလဲ"
ချန်ယင်း အံ့သြဟန်ဆောင်လိုက်သည်။
"ဒါဆိုရင် ရှင်အရင်ကပြောခဲ့တာတွေကို ကျွန်မ ဘာလို့မှတ်မိနေတာလဲ၊ ရှင်ပို့တဲ့ ပစ္စည်းတိုင်းက အကောင်းစားတွေချည်းပဲ၊ ကျွန်မတို့အတွက် အသေအချာရွေးချယ်ပေးထားတာပါ ဆိုတာလေ"
ထို့နောက် ချန်ယင်းသည် ဟန်ပါပါဖြင့် အိတ်ထဲမှပစ္စည်းပို့လွှာကို ထုတ်ကာ ဖတ်လိုက်သည်။
"ဂဏန်းကြီး - လတ်ဆတ်၊ တစ်ကတ်ကီ၆၅ယွမ်၊ အညံ့စား - တစ်ကတ်တီ၄၅ယွမ်၊ ယွီကျိုက် ဒါက တစ်ကတ်တီကို(၆၅) ယွမ်လား (၄၅) ယွမ်လား"
ယွီကျိုက်မှာ အနည်းငယ် အပြစ်ရှိသလို ခံစားရသော်လည်း အလျှော့မပေးသေးပေ။ အကယ်၍ ဟဲယဲ့တည်းခိုခန်းမှာ ပစ္စည်းကောင်းအားလုံးကို ရွေးယူသွားပါက ကျန်ရှိသောဆိုင်များကို သူ မည်သို့ ပစ္စည်းပို့ရတော့မည်နည်း။
"မန်နေဂျာချန်၊ ကျွန်တော်က မရွေးခိုင်းချင်တာ မဟုတ်ပါဘူး။ဒါပေမဲ့ သိတဲ့အတိုင်း ပင်လယ်စာက ပျက်စီးလွယ်တယ်၊ အခုနက ဂဏန်းဆိုရင်လည်း ခြေထောက်တွေ ကျိုးနေတာ၊ ထပ်ပြီး ဟိုရွှေ့ဒီရွှေ့လုပ်ရင် ခြေထောက်တွေ ပိုကျွတ်ကုန်လိမ့်မယ်၊ ငါးတွေလည်း ဟိုဘက်ဒီဘက်လှန်လှောကြည့်ရင်း သတိမထားမိရင် အလွယ်တကူသေသွားနိုင်တယ်၊ ကျွန်တော်တို့လို အသေးစား လုပ်ငန်းရှင်တွေအတွက် အလုပ်လုပ်ရတာ ခက်ခဲပါတယ်၊ အစ်မလည်း နားလည်ပေးပါ"
ယွီကျိုက် သနားစဖွယ်ပြောဆိုကာ အားကိုးရှာလိုက်သည်။ ချန်ယင်း ခပ်ဖျော့ဖျော့ပြုံးလိုက်ပြီး ပြော၏။
"အဲဒါအတွက် စိတ်မပူပါနဲ့၊ ကျွန်မတို့က ပင်လယ်စာအားလုံးကို တစ်ခေါက်ပဲ ကြည့်မှာပါ၊ ဟိုနှိုက်ဒီနှိုက်လုံးဝ မလုပ်ပါဘူး ဘယ်လိုလဲ"
ယွီကျိုက်သည် တစ်စုံတစ်ရာ လှည့်ကွက်ရှိမလားဟု စိုးရိမ်နေသော်လည်း ပင်လယ်စာလုပ်ငန်းတွင် (၁၀) နှစ်ကျော် ကျင်လည်ခဲ့သော သူကိုယ်တိုင်ပင် ငါးတစ်ကောင်လတ်မလတ်ကိုကြည့်ရုံဖြင့် မသိနိုင်ကြောင်း ပြန်လည် စဉ်းစားမိသည်။ ပင်လယ်စာများကို စစ်ဆေးရန်အတွက် ငါးအကြေးခွံများကို ထိတွေ့ကြည့်ခြင်း သို့မဟုတ် ဂဏန်းအခွံကို ညှစ်ကြည့်ပြီး အလေးချိန် စစ်ဆေးခြင်းများကို ပြုလုပ်ရမည်မဟုတ်ပါလား။ ပင်လယ်စာ အားလုံးကို တစ်ချက်ကြည့်ရုံဖြင့် အလတ်ဆတ်ဆုံးငါးကို ရွေးထုတ်နိုင်မည်ဟု တွေးခြင်းမှာမူ အနည်းငယ် ကိုယ့်ကိုကိုယ် ယုံကြည်မှုလွန်ကဲနေခြင်းပင်။ ဤသည်ကိုတွေးမိသွားသဖြင့် ယွီကျိုက်မှာ အနည်းငယ် စိတ်အေးသွားသော်လည်း အပြင်ပန်းတွင်မူ အခက်တွေ့နေသည့် ပုံစံမျိုး ဟန်ဆောင်နေဆဲပင်။
"အိုး ဒုက္ခပါပဲ မန်နေဂျာချန်ရာ၊ ဒီနေ့ခေတ်မှာ အလုပ်လုပ်ရတာ တကယ် ခက်ခဲပါတယ်၊ ကျွန်တော်တို့လို အသေးစား လုပ်ငန်းရှင်တွေအတွက် တကယ် မလွယ်ပါဘူး၊ ဒါပေမဲ့ အစ်မက ဒီလောက်တောင် ပြောနေမှတော့ ကျွန်တော်က မျက်နှာသာပေးရမှာပေါ့ ဟုတ်တယ်မလား၊ ငါးအားလုံးကို တစ်ခေါက်ပဲကြည့်မယ်ဆိုတာ သေချာတယ်နော်၊ ဟိုဘက်ဒီဘက် ပြန်လှန်တာမျိုးမလုပ်ရဘူးနော်၊ ကဲ ဒါဆိုရင်လည်း ရွေးပါတော့"
ချန်ယင်းအပြုံးမှာ ပို၍တောက်ပလာသည်။
"ကောင်းပါပြီ၊ ရှင့်ကို အခက်အခဲမဖြစ်စေရပါဘူး"
ယွီကျိုက်သည် ရာဘာလက်အိတ်ကို ကမ်းပေးရန်ပြင်လိုက်စဉ်မှာပင် ချန်ယင်း၏ခေါ်သံကို ကြားလိုက်ရသည်။
"ရှောင်ချန်း လာခဲ့ဦး"
ချန်ယင်းခေါ်သံအဆုံးတွင် အလွန်ချောမောသောလူငယ်လေးတစ်ဦး အဝေးမှ လမ်းလျှောက်လာခဲ့သည်။ ယွီကျိုက်သည် ထိုလူချောလေးကို အကဲခတ်ကြည့်လိုက်၏။ သူ့အသားအရေမှာ အလွန်ဖြူဖွေးနေသဖြင့် ပင်လယ်ကမ်းစပ်သို့သွားလေ့ရှိသူမဟုတ်သည်မှာ ထင်ရှားလှသည်။ သူသည် ဖြည်းညှင်းစွာ လမ်းလျှောက်လာပြီး ခြေထောက်များမှာ အားနည်းပုံရကာ ခြေလက်များမှာလည်း နုနယ်လှသဖြင့် ပင်ပန်းသောအလုပ်များကို လုပ်ကိုင်မည့်သူနှင့် လုံးဝမတူပေ။ ယွီကျိုက်မှာ အနည်းငယ်အထင်သေးမိသွားပြီး ဘာမှမပြောဘဲ ဘေးတွင် ရပ်နေလိုက်သည်။
ရှောင်ချန်းသည် အနည်းငယ်နှေးကွေးစွာ လမ်းလျှောက်လာပြီး ရံဖန်ရံခါတွင် ဟဲယဲ့တည်းခိုခန်း၏အပြင်ဘက်နံရံကို ကိုင်ကာအားပြုနေရသည်။ ဗန်ကားနားသို့ ရောက်ရှိသွားသည့်အခါတွင်မူ သူသည် ရုတ်တရက် အားအင်များပြည့်ဝလာသည့်ပုံပေါက်သွား၏။ သူသည် နှာခေါင်းကို တစ်ချက်ရှုံ့လိုက်ပြီး တည်းခိုခန်းအတွက် လိုအပ်သည့် ပင်လယ်စာအရေအတွက်ကို ချန်ယင်းအား မေးမြန်းလိုက်ပြီးနောက် ပိုက်ကွန်ကို ကောက်ယူကာ မည်သည့်တုံ့ဆိုင်းမှုမျှမရှိဘဲ ငါးများကို တစ်ကောင်ပြီးတစ်ကောင် ကျွမ်းကျင်စွာခပ်ထုတ်လိုက်တော့သည်။ ယွီကျိုက်မျက်နှာမှာ ဖြူဖျော့သွားသည်။
ငါးကန်ထဲတွင် ကျန်ရစ်ခဲ့သည်မှာ အိုမင်း၊ အားနည်း၊ ဖျားနာပြီး မစွမ်းမသန်ဖြစ်နေသော အကောင်များသာ ဖြစ်တော့သည်။ ထိုလူချောလေးသည် အလွန်လျင်မြန်စွာလှုပ်ရှားနေသော်လည်း တစ်ကြိမ်တစ်ခါမျှလွဲချော်ခြင်း မရှိပေ။ ငါးတစ်ကောင်ကို ခပ်လိုက်တိုင်း သူ့ပစ်မှတ်မှာ အံ့သြစရာကောင်းလောက်အောင် တိကျလှသည်။ ဟဲယဲ့တည်းခိုခန်း၏ ငါးကန်များထဲရှိ လတ်ဆတ်သောငါးနှင့် ဂဏန်းများကို ကြည့်ရင်း ချန်ယင်းမှာ ယွီကျိုက်အား စိတ်အားထက်သန်စွာ နှုတ်ဆက်လိုက်သည်။
"ယွီကျိုက် အပင်ပန်းခံပို့ပေးတာ ကျေးဇူးပါပဲ၊ ဒီနေ့ကစပြီး ပစ္စည်းတွေကို ကျွန်မတို့ရှောင်ချန်းကပဲ လက်ခံတော့မှာမလို့ သူ့ကိုမှတ်ထားလိုက်ပါဦး"
ယွီကျိုက်မျက်နှာမှာ ပြာနှမ်းနေတော့သည်။ သူတကယ်ကို အကြီးအကျယ် ရှုံးနိမ့်သွားခဲ့ပြီမဟုတ်ပါလား။
244
နံနက်ခင်းတွင် ဆံပင်အကောက်နှင့် လူငယ်လေးတစ်ဦးသည် လွယ်အိတ်တစ်လုံးကို လွယ်ကာ ဟဲယဲ့တည်းခိုခန်းသို့ ရောက်ရှိလာခဲ့သည်။ အသစ်စက်စက် ဖွင့်လှစ်ထားသော ဟဲယဲ့တည်းခိုခန်းကြီးကိုကြည့်ပြီး ထိုလူငယ်မှာ ထူးထူးခြားခြားပင် ရင်ခုန်တုန်လှုပ်နေမိ၏။ သူသည် မိမိရှေ့ရှိ ခန့်ညားထည်ဝါသော အဆောက်အဦးကြီးမှာ သူလာရမည့်နေရာဟုတ်မဟုတ်ကို အကြိမ်ကြိမ်အတည်ပြုနေရ၏။ တည်းခိုခန်း၏ အပြင်ဘက်နံရံများကို အရည်အသွေးမြင့် မှန်နံရံများဖြင့် တည်ဆောက်ထားရာ နေရောင်အောက်တွင် တလက်လက်တောက်ပနေပြီး ပိုမိုခမ်းနားစေသည်။ သူလာရာလမ်းတစ်လျှောက်တွင် ပိုမိုဝေးလံပြီး လူသူကင်းမဲ့လာသည်ကိုမြင်ခဲ့ရသဖြင့် ထိုလူငယ်မှာ သူ့မျှော်လင့်ချက်များကို အနိမ့်ဆုံးအထိ လျှော့ချထားခဲ့သော်လည်း ယခုကဲ့သို့ လူသူကင်းမဲ့သည့် မြို့သစ်ဧရိယာတွင် ဤမျှဇိမ်ကျသော တည်းခိုခန်းမျိုးရှိနေလိမ့်မည်ဟု လုံးဝထင်မထားခဲ့ပေ။ တည်းခိုခန်းအတွင်းသို့ လှမ်းဝင်လိုက်ရာ ဧည့်ကြိုခန်းမကြီးမှာ ကျယ်ဝန်းလှပြီး ချောမွေ့ကာ အရည်အသွေးမြင့်စကျင်ကျောက်ပြားများကို ခင်းကျင်းထားသည်။ ထိုလူငယ်လေးမှာ တည်းခိုခန်း၏ အလှအပကို ငေးမောနေစဉ်မှာပင် အရပ်ရှည်ရှည် ချောချောမောမောနှင့် အထုပ်အပိုးသယ် ဝန်ထမ်းလေးတစ်ဦးမှ စိတ်အားထက်သန်စွာဖြင့် လာရောက်နှုတ်ဆက်လေ၏။
"မင်္ဂလာပါ ဧည့်သည်ခင်ဗျ၊ အထုပ်အပိုးတွေကူသယ်ပေးဖို့ လိုအပ်ပါသလား"
ဆံပင်ကောက်ကောက်နှင့် လူငယ်လေးမှာ လက်ကာပြကာ ငြင်းဆိုလိုက်သည်။ သူသည် မိမိမည်သူမည်ဝါဖြစ်ကြောင်း ပြောရန် ပြင်လိုက်စဉ်မှာပင် ရှေ့ကောင်တာတွင် ချိတ်ဆွဲထားသော 'ရွှင်းကောပရိသတ်များအတွက် စာရင်းပေးသွင်းရန်နေရာ' ဟူသည့်စာတန်းကို မြင်လိုက်ရသည်။ သူ့မျက်ဝန်းများ ဝင်းလက်သွားပြီး ထိုစာတန်းရှိရာသို့ တန်းတန်းမတ်မတ်လျှောက်သွားတော့၏။
"ရွှင်းကောပရိသတ် တစ်ယောက်လားခင်ဗျ၊ မင်္ဂလာပါ ဟဲယဲ့တည်းခိုခန်းကနေ နွေးထွေးစွာကြိုဆိုပါတယ်"
ဧည့်ကြိုကောင်တာမှ လီရှီမှာ မတ်တတ်ရပ်ကာ နှုတ်ဆက်လိုက်သည်။ လီရှီသည် အချိန်ကို တိတ်တဆိတ် ခိုးကြည့်လိုက်ရာ အလွန်စောနေသေးသည်ကို တွေ့ရ၏။ ယခုမှ နံနက် (၈) နာရီကျော်သာရှိသေးပြီး ဟဲယဲ့တည်းခိုခန်း၏ အခန်းလက်ခံချိန်မှာ မွန်းလွဲ (၂) နာရီမှ စတင်ခြင်း ဖြစ်သည်။ ဆံပင်ကောက်နှင့် လူငယ်လေးမှာ သူ့ဆံပင်များကိုကိုင်ရင်း အနည်းငယ် စိတ်လှုပ်ရှားနေမိသည်။
"ဟုတ်ကဲ့ ကျွန်တော်က ရွှင်းကောရဲ့ဖန်တစ်ယောက်ပါ၊ အရင်က တည်းခိုခန်းနဲ့ ဆက်သွယ်ထားတဲ့ ရွှင်းကောရဲ့ပရိသတ် ပါကျောက်ပါ"
ပါကျောက်သည် ရွှင်းကော၏ဖန်ဟောင်းတစ်ဦးဖြစ်ပြီး ယုံမြစ်ဒေသခံ တစ်ဦးလည်းဖြစ်သည်။ ရွှင်းကောမှာ အပြင်တွင် လူကိုယ်တိုင်တွေ့ဆုံပွဲလုပ်မည်ဟု သိလိုက်ရသည်နှင့် သူသည် ချက်ချင်းစာရင်းပေးသွင်းခဲ့ပြီး ဖန်များနှင့် တည်းခိုခန်းအကြား ဆက်သွယ်ပေးသူ အဖြစ် စေတနာ့ဝန်ထမ်းလုပ်ခဲ့ခြင်းဖြစ်၏။ ယနေ့ သူဤမျှစောစောရောက်လာခြင်းမှာ ဖန်ဂရုထဲမှလူများအတွက် ကြိုတင်ကြည့်ရှုစစ်ဆေးပေးရန် ဖြစ်သည်။ လီရှီ၏အပြုံးမှာ ပျက်ယွင်းခြင်းမရှိပေ။
"မင်္ဂလာပါ မစ္စတာပါကျောက်"
ဧည့်သည်မှ မည်သည့်အမည်ကိုပေးပါစေ အမြဲပြုံးနေရန်နှင့် ခွဲခြားဆက်ဆံသည့်အကြည့်မျိုးမပြရန် သူ့ဝန်ထမ်းများကို ကြိုတင်မှာကြားထားပြီး ဖြစ်သည်။ အဆုံးတွင်တော့ ၎င်းမှာအွန်လိုင်းမိတ်ဆွေများ ဆုံတွေ့ကြသည့်ပွဲတစ်ခု မဟုတ်ပါလား။
"အရင်ဆုံး အခန်းဝင်မှာလားခင်ဗျ၊ ဒါမှမဟုတ် တည်းခိုခန်းရဲ့ပြင်ဆင်ထားမှုတွေကို အရင်လိုက်ကြည့်ချင်ပါသလား"
လီရှီ မေးလိုက်သည်။ ပါကျောက်မှာ သူ့ဖုန်းကိုထုတ်ကာ ဂရုချက်ထဲသို့ စာတချို့ရိုက်ပို့လိုက်ပြီးနောက် မော့ကြည့်ကာ ပြောလိုက်၏။
"အရင်ဆုံး လိုက်ကြည့်ချင်ပါတယ်၊ အခန်းကတော့ အခုချက်ချင်းမဝင်သေးပါဘူး"
တည်းခိုခန်းမှာ အွန်လိုင်းတွင် ဆက်သွယ်စဉ်ကပင် အခန်းအများစုမှာ မွန်းလွဲ (၂) နာရီနောက်ပိုင်းမှ ရနိုင်မည်ဟု ပြောထားခဲ့သည်။ ဆက်သွယ်ရေး တာဝန်ခံတစ်ဦးအနေဖြင့် ပါကျောက်သည် အခန်းများကို အဝေးမှလာကြမည့် ဖန်များအတွက် ချန်ထားပေးရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်၏။ လီရှီသည် ရှေ့ကောင်တာဘေးမှ မန်နေဂျာနှင့် ခေတ္တစကားပြောလိုက်ပြီးနောက် ကောင်တာနောက်မှ ထွက်လာခဲ့သည်။ သူ လက်ကမ်းပြကာ မိတ်ဆက်ပေးလိုက်သည်။
"လက်ရှိ ကျွန်တော်တို့ ဧည့်ကြိုကောင်တာမှာ စာတန်းတစ်ခုလုပ်ထားပေးပါတယ်၊ ဒါကရွှင်းကောရဲ့ပရိသတ်တွေကို ဒီနေရာမှာတင် တိုက်ရိုက် အခန်းလက်ခံနိုင်အောင်လို့ပါ၊ ပြီးတော့ ရွှင်းကောရဲ့ပရိသတ်တိုင်းအတွက် သီးသန့်ပြုလုပ်ထားတဲ့ အခန်းသော့ကတ်အိတ်လေးတွေနဲ့ လက်ဆောင်လေးတွေကိုလည်း ပြင်ဆင်ထားပါတယ်"
ဟဲယဲ့တည်းခိုခန်း၏ ပုံမှန်အခန်းသော့ကတ်အိတ်များမှာ အစိမ်းရောင်ဖြစ်ပြီး ကြာပန်းပုံစံများ ရိုက်နှိပ်ထားကာ စက္ကူအိတ်ပေါ်တွင် အခန်းနံပါတ်ကိုရေးထားလေ့ရှိသည်။ သို့သော် ယခုအကြိမ် ရွှင်းကော၏ဖန်များအတွက် အထူးပြင်ဆင်ထားသော သော့ကတ်အိတ်များပေါ်တွင်မူ ရွှင်းကော၏ချစ်စရာကောင်းသော Q-versionကာတွန်းရုပ်ပုံလေးကို ရိုက်နှိပ်ထား၏။ အခန်းလက်ခံသည့် ရွှင်းကောပရိသတ်တိုင်းမှာ လက်ဆောင်အိတ်ငယ်တစ်အိတ်စီကိုလည်း ရရှိကြသည်။ ထိုအိတ်ထဲတွင် နံနက်စာကူပွန်နှင့် အခမဲ့ မုန့်စားသုံးခွင့် ကူပွန်တို့အပြင်၊ ရွှင်းကော၏ ပို့စကတ်နှင့် စတစ်ကာများကိုပါ အသေအချာ ထည့်ပေးထားသည်။ ပါကျောက်သည် သူ့ဖုန်းကိုထုတ်ကာ အဆက်မပြတ် ဓာတ်ပုံရိုက်နေတော့၏။ သူသည် ထိုဓာတ်ပုံအားလုံးကို ဂရုချက်ထဲသို့တင်လိုက်ပြီး လမ်းခရီးတွင်ရှိနေဆဲဖြစ်သော ရွှင်းကောပရိသတ်များကို ကြိုတင်ကြည့်နိုင်ရန် ပြုလုပ်ပေးလိုက်သည်။
"လေးလွှာမှာရှိတဲ့ အစုအဝေးခန်းမကြီးကိုလည်း ပြင်ဆင်ထားပါတယ်၊ တည်းခိုခန်းကို စောစောရောက်လာတဲ့ ဧည့်သည်တွေအနေနဲ့ အဲဒီမှာ အရင် အနားယူလို့ ရပါတယ်"
လီရှီသည် ပါကျောက်ကို လေးလွှာရှိ အစုအဝေးခန်းမသို့ ခေါ်ဆောင်လာခဲ့သည်။ အစုအဝေးခန်းမထဲသို့ လှမ်းဝင်လိုက်သည်နှင့် ပါကျောက်သည် အသေအချာပြင်ဆင်ထားသော Welcome PPT ကို ဖန်သားပြင်ကြီးပေါ်တွင် လှည့်လည်ပြသနေသည်အားမြင်လိုက်ရ၏။ ခန်းမတံခါးအပြင်ဘက်တွင်လည်း လက်မှတ်ရေးထိုးရန်နှင့် ဓာတ်ပုံရိုက်ရန်အတွက် ဘုတ်ပြားတစ်ခုကို ပြင်ဆင်ထားသည်။ ဤသည်မှာ ရွှင်းကောပရိသတ်များအတွက် အမှတ်တရချန်ထားခဲ့နိုင်ရုံသာမက ပွဲ၏ခမ်းနားထည်ဝါမှုကိုလည်း တိုးစေသည်။ ရွှင်းကောပရိသတ်များသည် ဤနေရာတွင် လက်မှတ်ထိုးပြီး ဓာတ်ပုံရိုက်ကာ ထိုမမေ့နိုင်သော ဆုံတွေ့မှုကို မှတ်တမ်းတင်နိုင်မည်ဖြစ်သည်။ အစုအဝေးခန်းမထဲသို့ ဝင်ကြည့်ရာ စားပွဲတိုင်းပေါ်တွင် သောက်ရေသန့်ဘူးများကို တွေ့ရသည်။ အပြင်ဘက် လက်ဖက်ရည်သောက်သည့် ဧရိယာတွင်လည်း လင်ဗန်းများကိုပြင်ဆင်ထားပြီး သင့်တော်သည့်အချိန်တွင် မုန့်များကို တည်ခင်းပေးမည်ဖြစ်သည်။
"ဘာများထပ်ပြီး ပြင်ဆင်ဖို့လိုမယ်လို့ ထင်ပါသလဲခင်ဗျ၊ ကျွန်တော်တို့ အချိန်မီ ပြုပြင်ပေးလို့ရပါတယ်"
လီရှီ မေးမြန်းလိုက်သည်။ ပါကျောက်သည် ဓာတ်ပုံအများအပြားကိုရိုက်လိုက်၏။ အထူးသဖြင့် ဘုတ်ပြားနှင့် လက်မှတ်ထိုးသည့်နံရံကို အနီးကပ် ဓာတ်ပုံများစွာ ရိုက်ယူခဲ့သည်။ သူ အကြိမ်ကြိမ် ခေါင်းခါရင်းပြောလိုက်သည်။
"မလိုတော့ပါဘူး ဘာမှ မလိုတော့ဘူး"
တည်းခိုခန်းမှာ ဤမျှအထိ အသေးစိတ် ဂရုစိုက်ပြီး သူတို့အတွက် လက်မှတ်ထိုးနံရံတစ်ခုတောင် ပြုလုပ်ပေးထားလိမ့်မည်ဟု သူထင်မထားခဲ့ပေ။ ရွှင်းကော၏ Q-version ကာတွန်းပုံကို ငါးလွှာရှိလှုပ်ရှားမှုခန်းမငယ်လေး၏ တံခါးတွင်လည်း ကပ်ထားသည်။ ထိုအခန်းထဲတွင် ကတ်ဂိမ်းအချို့အပြင် သက်သောင့်သက်သာရှိသော ဆိုဖာများနှင့် နောက်မှီကုလားထိုင်များကို ခင်းကျင်းထား၏။ ရွှင်းကော၏ဖန်များသည် ဤနေရာတွင် အချင်းချင်း ရင်းနှီးကျွမ်းဝင်အောင် စကားဝိုင်းငယ်လေးများ ပြုလုပ်နိုင်မည်ဖြစ်သည်။ ထို့နောက် လီရှီသည် ပါကျောက်ကို ဖျော်ဖြေပွဲခန်းမအဝင်ဝသို့ ခေါ်ဆောင်လာခဲ့သည်။
"ဒီဖျော်ဖြေပွဲခန်းမမှာလည်း လူဦးရေအလိုက် ရွှင်းကောပရိသတ်တွေ အတူတူထိုင်လို့ရအောင် သီးသန့် ဧရိယာတစ်ခု သတ်မှတ်ပေးထားပါတယ်"
နေရာကို ကြိုတင်ကြည့်ရှုရန် ရောက်လာသော ပါကျောက်မှာ သူ ဘာအကြံပေးစရာမရှိတော့ဟု ခံစားလိုက်ရသည်။ တည်းခိုခန်းမှာ အရာအားလုံးကို စဉ်းစားပေးထားပြီး အသေးစိတ်အချက်အလက်တိုင်းမှာလည်း ပြည့်စုံလွန်းလှ၏။ လီရှီမှ တစ်ခုခုမေးတိုင်း သူသည် ခေါင်းကိုသာတဆက်ဆက် ညိတ်နေမိတော့သည်။
"မစ္စတာပါကျောက်၊ တည်းခိုခန်းရဲ့ လှုပ်ရှားမှု အစီအစဉ်တွေကို လက်ဆောင်ဘူးထဲမှာ ထည့်ပေးထားပါတယ်၊ အားလုံးပဲ တည်းခိုခန်းမှာပျော်ရွှင်စရာအချိန်တွေ ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပါတယ်၊ ဒီအစီအစဉ်ဇယားကိုလည်း ခင်ဗျားတို့ဂရုထဲမှာ မျှဝေပေးလို့ အဆင်ပြေမလားခင်ဗျ"
ပါကျောက် ခေါင်းညိတ်လိုက်သည်ကို မြင်သောအခါ လီရှီသည် ပြင်ဆင်ထားသော အီလက်ထရောနစ်ကြော်ငြာစာမျက်နှာကို ပါကျောက်ထံသို့ ပေးပို့လိုက်သည်။ လှပသောကြော်ငြာစာမျက်နှာပေါ်တွင် လှုပ်ရှားမှုအားလုံး၏အမည်၊ အချိန်နှင့် နေရာများကို စာလုံးအကြီးကြီးများဖြင့် ဖော်ပြထား၏။ ဤလှုပ်ရှားမှုများတွင် အပန်းဖြေခြင်းနှင့် ဖျော်ဖြေရေးများသာမက လက်ရေးလှပညာ၊ ရေကူးခြင်းနှင့် ရက်ကန်းရက်ခြင်း အတွေ့အကြုံများကဲ့သို့သော စုံလင်လှသည့် အစီအစဉ်များပါဝင်သည်။ ပါကျောက်သည် ထိုကြော်ငြာစာမျက်နှာကို ဂရုထဲသို့မျှဝေလိုက်သည်။ သူ ဂရုချက်ကို တစ်ချက်ကြည့်လိုက်ရာ သူရိုက်ပို့လိုက်သော ဓာတ်ပုံများကြောင့် ဖန်ဂရုကြီးမှာ ပေါက်ကွဲထွက်မတတ် ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
"ဘုရားရေ တည်းခိုခန်းက တကယ်ကို ဂရုစိုက်တာပဲ"
"အားးး ငါ စောစောထွက်လာခဲ့ရမှာ၊ အခုတော့ မစောင့်နိုင်တော့ဘူး"
"ငါ ရောက်တော့မယ် စောင့်နေကြဦးလို့”