← Chapters

အခန်း (၂၄၅-၂၄၆)

Vol. 25 Ch. 245-246

အခန်း (၂၄၅-၂၄၆)

Vol. 25 Ch. 245-246

245

ရွှင်းကော၏ဖန်များအတွက် သီးသန့်ပြင်ဆင်ထားသော အစုအဝေးခန်းမကြီးမှာ စိတ်လှုပ်ရှားမှုများဖြင့် ဆူညံပွက်လောရိုက်နေပြီဖြစ်သည်။ ပါကျောက်၏လှုံ့ဆော်မှုကြောင့် လမ်းခရီးတွင်ရှိနေကြသော ရွှင်းကောပရိသတ်တိုင်းသည် သူတို့ခြေလှမ်းများကို အရှိန်မြှင့်ခဲ့ကြပြီး သတ်မှတ်ထားသည့် အချိန်ထက်စောကာ ဟဲယဲ့တည်းခိုခန်းသို့ ရောက်ရှိလာခဲ့ကြ၏။ အရပ်မျက်နှာအသီးသီးမှ စိတ်အားထက်သန်သော ဖန်များဖြင့် အစုအဝေးခန်းမကြီးမှာ တဖြည်းဖြည်းပြည့်နှက်လာသည်။ သူတို့သည် အပြင်လောကတွင် တစ်ဦးနှင့်တစ်ဦး လူချင်းမသိကြသော်လည်း ဂရုထဲတွင်မူ ကာလရှည်ကြာရင်းနှီးခဲ့ကြသည့် မိတ်ဆွေဟောင်းများဖြစ်ကြသည်။ သူတို့သည် ရွှင်းကော၏စိတ်လှုပ်ရှားဖွယ် ဗီဒီယိုများအကြောင်းကို ပြောဆိုကြသည့်အခါတွင်မူ အလွန်ပင် စကားဖောင်ဖွဲ့နိုင်ကြပြီး သူတို့အကြားရှိ စိမ်းသက်မှုအတားအဆီးများကို လျင်မြန်စွာ ချိုးဖျက်နိုင်ခဲ့ကြ၏။ သူတို့သည် ထုံးစံအတိုင်းရှိနေတတ်သည့် အနေအထိုင် အမူအရာ ထိန်းချုပ်မှုများကို ဘေးဖယ်ထားလိုက်ကြပြီး ရွှင်းကောအပေါ်ထားရှိသည့် သူတို့ချစ်ခြင်းမေတ္တာများကို လွတ်လပ်စွာဖော်ထုတ်ပြသနေကြတော့သည်။

"လာပြီ လာပြီ ရွှင်းကောလာနေပြီ"

တစ်စုံတစ်ယောက်မှ သတင်းပေးရန် အစည်းအဝေးခန်းမထဲသို့ ပြေးဝင်လာခဲ့သည်။ သူစကားမဆုံးခင်မှာပင် ရွှင်းကောသည် အစည်းအဝေးခန်းမထဲသို့ လှမ်းဝင်လာခဲ့၏။

"အိုး အိုး အိုး"

အစည်းအဝေးခန်းမထဲရှိ ရွှင်း‌ကောပရိသတ်များသည် အော်ဟစ်ကာ ကြိုဆိုလိုက်ကြပြီး သူတို့အသံများမှာ နွေးထွေးသော လက်ခုပ်သြဘာသံများအဖြစ် ပေါင်းစည်းသွားတော့သည်။ အချို့မှာ လက်ဆောင်အိတ်ထဲမှ ပို့စကတ်များကို ဝှေ့ယမ်းပြကြပြီး အချို့မှာမူ သူတို့ဖုန်းများကို မြှောက်ကာ ဤမမေ့နိုင်သော အခိုက်အတန့်ကို မှတ်တမ်းတင်နေကြ၏။ မိမိကို ထောက်ခံအားပေးနေသည့် လူအများအပြားကို မြင်လိုက်ရသောအခါ ရွှင်းကောသည်လည်း သဘာဝအတိုင်းပင် အလွန်အမင်း စိတ်လှုပ်ရှားသွားရသည်။ သူ့မျက်နှာမှာ အနည်းငယ် နီမြန်းနေပြီး တတွတ်တွတ်ပြောနေမိသည်။

"ကျေးဇူးတင်ပါတယ်၊ အားလုံးရဲ့ အားပေးမှုအတွက် ကျေးဇူးတင်ပါတယ်"

သူ့နှလုံးသားမှာ လှုပ်ရှားတုန်ရင်နေပြီး တည်ငြိမ်ရန် ခက်ခဲနေကာ မျက်ဝန်းများတွင်လည်း မျက်ရည်စများဖြင့် ဝင်းလက်နေ၏။ သူ့အကြည့်များမှာ အစည်းအဝေးခန်းမတစ်ခုလုံးကို ဝေ့ဝဲကြည့်လိုက်ရာ အဝင်ဝရှိ သူ့PVC ဘုတ်ပြားနှင့် ထောင့်တစ်နေရာရှိ သက်ဝင်လှုပ်ရှားပြီး ချစ်စရာကောင်းသော Q-version ပုံတူကားတွန်းများကိုမြင်လိုက်ရသည်။ သူသည် ယခင်က တစ်ခါမှမခံစားခဲ့ဖူးသော မိသားစုဝင်သဖွယ် နွေးထွေးမှုကို ခံစားလိုက်ရသည်။ ဤအခိုက်အတန့်တွင် ရွှင်းကော၏နှလုံးသားသည် သူ့ဖန်များ၏ နှလုံးသားနှင့်နီးကပ်စွာ ဆက်နွှယ်သွားခဲ့သည်။ သူသည် သူ့ဖန်များ၏ အားပေးမှုအတွက် အတိုင်းထက်အလွန် ကျေးဇူးတင်မိသလို သူဖြတ်သန်းခဲ့ရသော ခရီးစဉ်အတွက်လည်း များစွာ စိတ်လှုပ်ရှားမိကာ မိမိကဲ့သို့ သာမန်လူတစ်ယောက်သည်လည်း အင်တာနက်မှတစ်ဆင့် ဤမျှအထိချစ်ခြင်းမေတ္တာများစွာ ရရှိနိုင်လိမ့်မည်ဟု သဘောပေါက်သွားခဲ့သည်။ ဤအဖြစ်အပျက်အားလုံးကို ရွှင်းကော၏လက်ထောက်မှာ ကင်မရာဖြင့် သဘာဝအတိုင်း မှတ်တမ်းတင်ထားလေ၏။ ရွှင်းကောသည် အစည်းအဝေးခန်းမထဲတွင် သူ့ဖန်များနှင့် အမှတ်တရ ဓာတ်ပုံများရိုက်ကာ လွတ်လွတ်လပ်လပ် စကားပြောခဲ့သည်။ ပြောဆိုပြီးသွားသောအခါ ရွှင်းကောသည် ဤတည်းခိုခန်းသို့လာရခြင်း၏ အဓိကရည်ရွယ်ချက်ကို မေ့မသွားခဲ့ပေ။ ၎င်းမှာ စိတ်ဝိညာဉ်ကို သန့်စင်ပေးနိုင်သော ထိုသီချင်းကို ရှာဖွေရန်ပင်ဖြစ်သည်။

"ညီအစ်ကိုတို့"

ရွှင်းကော ပြောလိုက်သည်။ ထို့နောက် အစည်းအဝေးခန်းမထဲတွင် အမျိုးသမီးဖန် အများအပြားရှိနေသည်ကို မြင်လိုက်သဖြင့် ပြောလိုက်၏။

"ညီအစ်မတို့ အဟမ်း ကျွန်တော်တို့ အခု ဒီမှာဆုံကြရတဲ့ အကြောင်းအရင်းက အဲဒီနေ့ လိုက်ဖ်ထဲမှာ အားလုံးကြားခဲ့ရတဲ့ သီချင်းကြောင့်ပါ၊ ဗီဒီယိုထဲက သီချင်းဟာ အသံပြုပြင်တဲ့ဆော့ဖ်ဝဲနဲ့ လုပ်ထားတာလို့ သူငယ်ချင်းအများစုက ထင်နေကြပြီး ကျွန်တော့်မှာလည်း သံသယတွေ ရှိခဲ့ပါတယ်၊ ဒါကြောင့် အခု ကျွန်တော်တို့အားလုံး ဖျော်ဖြေပွဲခန်းမကို အတူတူသွားပြီး ဗီဒီယိုထဲက ဂီတကို အပြင်မှာတိုက်ရိုက် နားဆင်ကြည့်ကြရအောင်၊ ဒါပေမဲ့ ဖျော်ဖြေပွဲခန်းမထဲမှာ ဗီဒီယိုရိုက်ကူးခွင့်မပြုတဲ့အတွက် ခန်းမရဲ့စည်းကမ်းတွေကိုလည်း လိုက်နာပေးကြဖို့ တောင်းဆိုချင်ပါတယ်၊ ကျွန်တော်တို့ရဲ့နားနဲ့ပဲ တိုက်ရိုက် သွားဆုံးဖြတ်ကြတာပေါ့၊ ပွဲပြီးသွားရင် ကျွန်တော် ဗီဒီယိုတစ်ခု တင်ပေးပါ့မယ်၊ အဲဒီအခါကျရင် အားလုံးက ကွန်မန့်ထဲမှာ ကျွန်တော့်အတွက် သက်သေထူပေးကြပါ ဟုတ်ပြီလား"

ရွှင်းကော လက်ပိုက်ကာ ပြောလိုက်သည်။ ဖျော်ဖြေပွဲအတွင်း ဗီဒီယိုရိုက်ခွင့်မရှိသဖြင့် သူ့ဗီဒီယိုအပေါ် ယုံကြည်စိတ်ချမှု တိုးလာစေရန်အတွက် ဖန်များမှာ နောက်ပိုင်းတွင် ဝင်ရောက်ပြောဆိုပေးကြရန် သူ မျှော်လင့်နေခြင်းဖြစ်၏။ ဖန်များသည်လည်း ရွှင်းကောကိုတွေ့လိုက်ရသည့် စိတ်လှုပ်ရှားမှုများမှ ပြန်လည်တည်ငြိမ်သွားကြပြီး ဝေးလံလှသောခရီးမှ ဟဲယဲ့တည်းခိုခန်းသို့ လာခဲ့ကြသည့် စစ်မှန်သော ရည်ရွယ်ချက်ကို ပြန်လည် သတိရသွားကြသည်။ သူတို့သည် ထိုစဉ်လိုက်ဖ်တွင် ကြားခဲ့ရသည့် ဂီတကို အတည်ပြုရန် လာခဲ့ကြခြင်းဖြစ်သည်။ သို့မဟုတ်ပါက ရွှင်းကောအနေဖြင့် ဖန်များနှင့် ဆုံတွေ့ပွဲကို ဤကဲ့သို့ ဝေးလံခေါင်သီသောအရပ်ထက် ရှန်ဟိုင်း သို့မဟုတ် ပေကျင်း ကဲ့သို့သော လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သည့် နေရာမျိုးတွင်သာ ကျင်းပမည် ဖြစ်သည်။

"ဟုတ်သားပဲ ကျွန်တော်တောင် မေ့တော့မလို့၊ ညကလိုက်ဖ်ထဲမှာ ဒီသံစဥ်က အီလက်ထရောနစ်နည်းနဲ့ ဖန်တီးထားတာဖြစ်ရမယ်လို့ လူတိုင်းဝိုင်းအော်နေကြတာ၊ ဒါပေမဲ့ ကျွန်တော် တော်တော်ကြာအောင် ရှာကြည့်တာတောင် ဒီလောက်နားထောင်လို့ကောင်းတဲ့ တခြားအီလက်ထရောနစ်ဂီတမျိုးကို ရှာမတွေ့ခဲ့ဘူး"

"နားထောင်ကြည့်ရင် သိရမှာပေါ့၊ ကျွန်တော်ထင်တာကတော့ ဒါကအစစ် ဖြစ်မှာပါ၊ မဟုတ်ရင် ဒီတည်းခိုခန်းက ရွှင်းကောကိုလာပြီး ဝေဖန်စစ်ဆေးခွင့်ပေးဖို့ ဒီလောက် စွန့်စားမှာမဟုတ်ဘူး"

"ကျွန်တော်လည်း အဲဒီလိုပဲထင်တယ်၊ ဒါပေမဲ့ ကျွန်တော့်အတွက်တော့ ဖျော်ဖြေပွဲခန်းမထဲသွားပြီး ဂီတကိုနားထောင်ရမှာပဲ၊ ဒါအိပ်ပျော်သွားမလားလို့တောင်တွေးမိတဲ့ ပထမဆုံးအကြိမ်ပဲလေ၊ ကျွန်တော်က ဘာဂီဝပါရမီမှမရှိတဲ့ လူကြမ်းကြီးပါဗျာ"

ရွှင်းကောဖန်များသည် ဖျော်ဖြေပွဲခန်းမဆီသို့ လျှောက်လှမ်းရင်း တတွတ်တွတ် ဆွေးနွေးနေကြသည်။ ဟဲယဲ့တည်းခိုခန်းတွင် ရွှင်းကော၏ဖန်များအတွက် သတ်မှတ်ပေးထားသောနေရာမှာ ဘယ်ဘက်အစွန်ဆုံးတွင်ဖြစ်၏။ သူတို့သည် အလွန်စောစောရောက်ရှိခဲ့ခြင်း မဟုတ်သဖြင့် ဖန်များသည် ခန်းမထဲသို့ ဝင်လိုက်သည်နှင့် သူတို့အတွက် ချန်ထားသောနေရာများမှလွဲ၍ ကျန်ရှိသော နေရာအားလုံးမှာ လူပြည့်နေပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။

"ဝါး လူတွေဒီလောက်တောင် များတာလား၊ ဒီ ဆရာကြီးကျိပိုင်က တော်တော် နာမည်ကြီးတာလား"

ပါကျောက်သည် သူ့ဆံပင်ကောက်များကိုကိုင်ရင်း အနည်းငယ် အံ့သြသွားသည်။ သူသည် ယုံမြစ်ဒေသခံဖြစ်သော်လည်း ဤဆရာကြီးကျိပိုင် အကြောင်းကို အဘယ်ကြောင့် တစ်ခါမျှမကြားဖူးရသနည်း။ ပါကျောက်သည် ဘေးဘီကို လှည့်ပတ်ကြည့်လိုက်ရာ လူအပြည့်ဖြစ်နေသော ဖျော်ဖြေပွဲခန်းမကြီးကို ကြည့်ပြီး အနည်းငယ် အံ့အားသင့်သွားမိသည်။ ထိုင်ခုံတိုင်းတွင် စိတ်အားထက်သန်သောပရိသတ်များဖြင့် ပြည့်နှက်နေပြီး အများစုမှာ တရုတ်ရိုးရာဝတ်စုံများကို ဝတ်ဆင်ထားကြကာ သူတို့မျက်နှာများတွင်လည်း မကြာမီစတင်တော့မည့် ဂီတပွဲတော်အတွက် မျှော်လင့်ချက်နှင့် စိတ်လှုပ်ရှားမှုများဖြင့် ဝေနေကြသည်။ ဒုတိယထပ်ရှိ သီးသန့်ခန်းများတွင်ပင် လူများဖြင့် စည်ကားနေ၏။ ပါကျောက်သည် ဖျော်ဖြေပွဲခန်းမအတွင်း လူပြည့်နေသည်ကို ဓာတ်ပုံရိုက်ရန် သူ့ဖုန်းကိုမထုတ်ဘဲ မနေနိုင်တော့ပေ။ ကင်မရာမှတစ်ဆင့် သူသတိပြုမိသည်မှာ ခန်းမထဲရှိ ပရိသတ်များ၏ပျမ်းမျှအသက်အရွယ်မှာ အနည်းငယ်မြင့်မားနေခြင်းပင်။ အများစုမှာ ဆံပင်ဖြူဖြူနှင့် အဖိုးအဖွားအရွယ်များ ဖြစ်ကြသည်။

ရွှင်းကောနှင့် သူ့ဖန်များနေရာယူလိုက်သည်နှင့် ဖျော်ဖြေပွဲခန်းမအတွင်းရှိ ပရိသတ်များ၏ ပျမ်းမျှအသက်အရွယ်မှာ ချက်ချင်းပင်လျော့ကျသွားတော့သည်။ ပါကျောက်သည် သူတို့ဘေးနားရှိ ဆံပင်ဖြူနှင့် ပရိသတ်ကြီးများမှာ သူတို့ကဲ့သို့ လူငယ်များပါ ဆရာကြီးကျိပိုင်၏ဂီတကို လာရောက်နားထောင်သည်ကို အံ့သြနေသည့်ပုံစံဖြင့် လက်ညှိုးထိုးပြကာ အမူအရာပြနေကြသည်ကိုပင် မြင်တွေ့လိုက်ရ၏။ စင်မြင့်ရှေ့ရှိ မီးရောင်များမှာ တဖြည်းဖြည်းမှိန်သွားသော်လည်း ပရိသတ်၏စိတ်အားထက်သန်မှုမှာ လျော့ပါးမသွားပေ။ ဆန့်ကျင်ဘက်အနေဖြင့် မီးများမှိန်သွားသည်နှင့်အမျှ တိတ်ဆိတ်သော မျှော်လင့်ချက်တစ်ခုမှာ လေထုထဲတွင် သိသိသာသာမြင့်တက်လာသည်။ လူတိုင်းအကြည့်မှာ စင်မြင့်အလယ်သို့ စူးစိုက်နေကြပြီး လိုက်ကာကြီးပွင့်လာမည့် အချိန်ကို စောင့်မျှော်နေကြသည်။

*ဒင်*

ကုချင်းတီးခတ်သံ ထွက်ပေါ်လာပြီး ပရိသတ်နေရာရှိ မီးအားလုံးငြိမ်းသွားကာ စင်ပေါ်တွင်သာ မီးရောင်အချို့ ပြန့်ကျဲနေတော့သည်။ ရွှင်းကောနှင့် သူ့ဖန်များသည် သူတို့ဖုန်းများကိုသိမ်းလိုက်ကြပြီး စင်မြင့်ပေါ်သို့ အာရုံစူးစိုက်ကာ ကြည့်လိုက်ကြ၏။ ပါကျောက်သည် 'ဂီတတွင် စိတ်ဝိညာဉ်ကို သန့်စင်ပေးနိုင်သော စွမ်းအားရှိသည်' ဟူသော စကားကို အမြဲကြားဖူးခဲ့သော်လည်း သူသည် ထိုစကားကို အမြဲတစေလှောင်ပြောင်ခဲ့ပြီး မိမိကိုယ်ကိုဂီတချစ်မြတ်နိုးသူတစ်ဦးအဖြစ် တစ်ခါမျှမသတ်မှတ်ခဲ့ဖူးပေ။ သူ့ဘဝတွင် ဂီတဆိုသည်မှာ ရှိလျှင်ရှိ၊ မရှိလျှင်နေ နောက်ခံအသံတစ်ခုမျှသာဖြစ်သည်။ သူ့အတွက် ရွှင်းကော၏ဗီဒီယိုများသည် အချိန်ဖြုန်းရန်နှင့် ဖျော်ဖြေရေးအတွက် ကိရိယာတစ်ခုမျှသာဖြစ်၏။

သို့သော်လည်း ကုချင်းသံစတင်ထွက်ပေါ်လာသည့်အခါတွင်မူ သူ့အတွေးများမှာ တိတ်တဆိတ်ပြောင်းလဲလာတော့သည်။ ဆရာကြီးကျိပိုင်သည် စင်ပေါ်သို့ လှမ်းဝင်လာပြီး သူ့လက်ချောင်းလေးများမှာ ကြိုးများကို ညင်သာစွာ ထိတွေ့လိုက်သည့်အခါ ဖျော်ဖြေပွဲခန်းမအတွင်းရှိ လေထုမှာ ခေတ္တမျှ အေးခဲသွားသကဲ့သို့ ခံစားရ၏။ ဆရာကြီးကျိပိုင်၏ တီးခတ်သံတိုင်း၊ ရွတ်ဆိုသံတိုင်းမှာ ပါကျောက်နှလုံးသားကို ကုစားပေးနေသကဲ့သို့ပင်။ ကုချင်းသံစဥ်မှာ တစ်ခါတစ်ရံ ကြည်လင်သန့်ရှင်းသော စမ်းရေအလား အော်မြည်နေပြီး၊ တစ်ခါတစ်ရံတွင်မူ အားမာန်ပါပြီး အံ့သြထိတ်လန့်ဖွယ်ကောင်းသော မုန်တိုင်းကြီးတစ်ခုကဲ့သို့ ဖြစ်နေသည်။ ပါကျောက်သည် သူ့မျက်လုံးများကို မှိတ်ထားလိုက်ပြီး ဤလှပသော ဂီတထဲတွင် လုံးလုံးလျားလျား နစ်မြောခွင့် ပေးလိုက်၏။ သူ့နှလုံးသားထဲမှ ပုံမှန်ရှိနေကျ ဆူညံသံများ ပျောက်ကွယ်သွားသလို ဂီတအပေါ် အထင်သေးခဲ့မှုများမှာလည်း ပျောက်ကွယ်သွားကာ ယခင်က တစ်ခါမျှ မခံစားခဲ့ဖူးသော တည်ငြိမ်မှုနှင့် စိတ်လှုပ်ရှားမှုများဖြင့် အစားထိုးဝင်ရောက်လာခဲ့သည်။ ဂီတ၏စွမ်းအားကို ဤအခိုက်အတန့်တွင် သက်သေပြလိုက်ပြီဖြစ်၏။

ရွှင်းကောလိုက်ဖ်တွင် ထိုကောလိပ်ကျောင်းသားပြောခဲ့သည်မှာ အမှန်ပင်ဖြစ်သည်။ ဤဂီတသည် တကယ်ကို စိတ်ဝိညာဉ်ကို သန့်စင်ပေးနိုင်သည်။ ထိုစဉ်က လိုက်ဖ်တွင် အသံဖမ်းထားသည်ကို နားထောင်ရုံဖြင့်ပင် အလွန်တုန်လှုပ်ဖွယ် ကောင်းနေခဲ့သော်လည်း အခုလို ကိုယ်တိုင်ကိုယ်ကျ ရောက်ရှိနားဆင်ရသည့် ခံစားချက်မှာမူ လုံးဝကွဲပြားခြားနားလှပြီး ဗီဒီယိုထဲမှာထက် ပိုမိုသက်ရောက်မှုရှိလှ၏။ ဖျော်ဖြေပွဲပြီးဆုံးသွားသည့်အခါ ပါကျောက်၏လက်ဝါးများမှာ လက်ခုပ်တီးလွန်းသဖြင့် နီမြန်းနေတော့သည်။

ရွှင်းကော၏ဖန်များအားလုံးသည် ဤအခိုက်အတန့်တွင် ပြောင်းလဲသွားကြပြီ ဖြစ်သည်။ သူတို့သည် ရွှင်းကော၏ ဖန်များမဟုတ်တော့ဘဲ ဆရာကြီးကျိပိုင်၏ဖန်များ ဖြစ်သွားကြပြီပင်။ ရွှင်းကောအနေဖြင့်မူ ဆရာကြီးကျိပိုင်ထံသို့ စင်ပေါ်တက်ကာ အမှတ်တရလက်မှတ်သွားတောင်းချင်စိတ်များ ပေါက်နေတော့သည်။ သူသည် မူလကတည်းက ဂီတကို ချစ်မြတ်နိုးသူဖြစ်သဖြင့် ဖန်များအတွက် ဂီတနှင့် ဗီဒီယိုများကို ရှာဖွေပေးရန် လိုက်ဖ်လွှင့်ခြင်းကို ပြုလုပ်ခဲ့ခြင်းဖြစ်၏။ ရွှင်းကောသည် ဂီတ၏ ကျန်ရစ်နေသော ရသမြောက် ခံစားချက်များထဲတွင် နက်ရှိုင်းစွာနစ်မြောနေပြီး ရုန်းမထွက်နိုင်အောင်ဖြစ်နေရသည်။ လူကိုယ်တိုင်လာရောက်နိုင်သူများအပြင် အကြောင်းအမျိုးမျိုးကြောင့် ဟဲယဲ့တည်းခိုခန်းသို့မလာနိုင်ခဲ့သော ရွှင်း‌ကောပရိသတ်အများအပြားသည်လည်း ဂရုထဲတွင် သတင်းစကားကို စောင့်မျှော်နေကြသည်။

"ဘာတွေဖြစ်နေတာလဲ၊ ဘာလို့ ဘယ်သူမှ စကားမပြောကြတာလဲ၊ ပါကျောက်က ဖျော်ဖြေပွဲအကြောင်း ဂရုထဲမှာ ပြန်ပြောပြမယ်ဆိုတာလေ"

"ဖျော်ဖြေပွဲခန်းမထဲမှာ ဖုန်းသုံးခွင့်မရှိလို့လား"

"မဟုတ်ပါဘူး၊ ငါလည်း ဖျော်ဖြေပွဲတွေ သွားဖူးပါတယ်၊ တရားဝင်ဖျော်ဖြေနေချိန်မှာ ဗီဒီယိုရိုက်တာ ဓာတ်ပုံရိုက်တာပဲ မရတာပါ၊ ဖုန်းမသုံးရဘူးလို့ မပြောထားပါဘူး၊ ဒါ့အပြင် ပါကျောက်က ခုနတင်ခန်းမထဲက ပုံတွေရိုက်ပြီး ဂရုထဲတင်ထားသေးတာပဲ"

"ငါ အချိန်ကြည့်လိုက်တာ ဖျော်ဖြေပွဲ ပြီးသွားတာ (၅) မိနစ်တောင်ရှိပြီ၊ ဘာလို့ ဘယ်သူမှစကားမပြောကြတာလဲ၊ ပါကျောက်တင် မဟုတ်ဘူး၊ ပွဲကို သွားတယ်ဆိုတဲ့ ဂရုထဲကလူတွေအားလုံး ပျောက်ချင်းမလှ ပျောက်နေကြတာပဲ"

"အရေးကြီးတယ် အရေးကြီးတယ်၊ တစ်ယောက်လောက် ဖျော်ဖြေပွဲက ဘယ်လိုလဲဆိုတာ ပြောပြပေးကြပါဦး “

246

ဖျော်ဖြေပွဲမှာ သဘာဝအတိုင်းပင် အလွန်ကောင်းမွန်လှသည်။ မည်မျှအထိ ကောင်းမွန်သနည်းဆိုလျှင် ဆရာကြီးကျိပိုင် ဖျော်ဖြေမှုပြီးဆုံးသွားသည့်တိုင်အောင် ရွှင်းကော၏ဖန်များသည် ထိုင်ခုံများမှ ထမည်မဟုတ်ဘဲ ဆက်ရှိနေကြဆဲဖြစ်၏။ အကြောင်းမှာ ဆရာကြီးကျိပိုင်သည် ဒုတိယထပ်ရှိ သီးသန့်ခန်းများသို့ သွားရောက်ကာ ပရိသတ်များနှင့် တိုက်ရိုက်ထိတွေ့နှုတ်ဆက်နေသောကြောင့်ဖြစ်သည်။

"အား ငါလည်း သီးသန့်ခန်းထဲ သွားချင်လိုက်တာ၊ တကယ်ကို မနာလိုဖြစ်မိတယ် "

ရွှင်းမီအမည်ရှိ အမျိုးသမီးဖန်တစ်ဦးမှာ ဒုတိယထပ်သို့ မနာလိုစွာဖြင့်လှမ်းကြည့်နေမိသည်။ ရွှင်းကော၏ဖန်များအားလုံးသည်လည်း သူတို့ခေါင်းများကိုလှည့်ကာ ခြေဖျားထောက်ရင်း သီးသန့်ခန်းထဲမှ အခြေအနေကို ရှင်းရှင်းလင်းလင်းမြင်နိုင်ရန် ကြိုးစားနေကြ၏။ ထိုစဉ်မှာပင် ဂရုချက်ထဲ၌ သတင်းစောင့်နေကြသော အဖွဲ့ဝင်များကိုလည်း သဘာဝအတိုင်းပင် အကုန်မေ့လျော့နေကြတော့သည်။

"ဝါး ငါမြင်ပြီ၊ ဆရာကြီးကျိပိုင်က သူတို့နဲ့ လက်ဆွဲနှုတ်ဆက်နေတယ်"

အရပ် (၁.၉၂) မီတာရှိသော ဖန်တစ်ဦးမှာ သူ့အရပ်အမောင်းအားသာချက်ကို အသုံးချ၍ ခြေဖျားထောက်ကြည့်ရာ ဒုတိယထပ်မှ အခြေအနေကို အမှန်တကယ်ပင် မြင်တွေ့လိုက်ရခြင်းဖြစ်သည်။ ပါကျောက်သည် အံကြိတ်ကာ သူ့မျက်ဝန်းများတွင်လည်း မနာလိုစိတ်များ ပြည့်နှက်နေ၏။

"ဝူးဝူးဝူး၊ နောက်နှစ်ရက်နေရင် ငါလည်း သီးသန့်ခန်းလက်မှတ်ဝယ်ဦးမယ် "

ရွှင်းမီ၏မျက်လုံးများ ပြူးသွားကာ ပြောလိုက်သည်။

"ပါကျောက် အိုး နင်ကယုံမြစ်ဒေသခံဆိုပြီး ငါတို့ကိုကြွားနေတာမလား၊ ငါတို့ကိုဖယ်ပြီး ဆရာကြီးကျိပိုင်နဲ့လာတွေ့ဖို့ ကြံနေတာပေါ့လေ"

လက်သွက်သောဖန်အချို့မှာမူ သူတို့ဖုန်းများကို ဖွင့်ကြည့်လိုက်ကြပြီး ဟစ်အော်လိုက်ကြသည်။

"ဘာ မနက်ဖြန်နဲ့ သဘက်ခါအတွက် သီးသန့်ခန်းလက်မှတ်တွေ အကုန်ကုန်သွားပြီလား၊ ငါက တည်းခိုခန်းမှာ နောက်ရက်နည်းနည်းလောက် ဆက်နေဖို့ စဉ်းစားထားတာကို၊ ဘယ်သူလဲ ဘယ်သူတွေ လက်ဦးသွားတာလဲ"

ယဉ်ကျေးသိမ်မွေ့သောပုံစံရှိသည့် ဖန်တစ်ဦးမှာမူ ပြောလိုက်သည်။

"ဆရာကြီးကျိပိုင်ရဲ့ ဖျော်ဖြေပွဲတွေက ပုံမှန်အတိုင်းဆိုရင် အရမ်းနာမည်ကြီးတာလေ၊ သီးသန့်ခန်းတွေကို ကြိုတင်ဘိုကင်လုပ်ထားကြတာ ကြာလှပေါ့"

ရွှင်းမီ သူပြောသည်မှာအဓိပ္ပာယ်ရှိသည်ဟု ခံစားရပြီး ခေါင်းညိတ်တော့မည့်ဆဲဆဲမှာပင် ဒေါသတကြီး အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။

"ဘာတွေ ပြောနေတာလဲ၊ သူ့အလိမ်အညာကို မယုံကြနဲ့၊ ကျွန်တော် ခုနလေးတင် မြင်လိုက်တာ၊ သူ သဘက်ခါအတွက် သီးသန့်ခန်းလက်မှတ်တစ်စောင် ရထားတယ် "

ရွှင်းမီ အသံကိုမြှင့်ကာ အော်လိုက်သည်။

"ဘာ နင်လက်မှတ်ရထားတယ် ဟုတ်လား အားးး"

ပြောပြောဆိုဆိုနှင့်ပင် သူမသည် ထိုယဉ်ကျေးဟန်ရှိသောဖန်၏ဖုန်းကို လုယူမည့်ဟန်ဖြင့် အပေါ်သို့ခုန်အုပ်လိုက်တော့သည်။

'ရက်စက်ကြမ်းကြုတ်'သော ဖန်များကိုကြည့်ပြီး ရွှင်းကောသည် တံတွေးတစ်ချက်မျိုချလိုက်မိသည်။ လိုက်ဖ်လွှင့်သူတစ်ဦးအနေဖြင့် လေ့ကျင့်ထားသော သူ့လက်အရှိန်ကို အားကိုးကာ သူသည်လည်း သဘက်ခါအတွက် သီးသန့်ခန်းလက်မှတ်တစ်စောင်ကို ကံကောင်းထောက်မစွာ ရရှိထားခြင်းဖြစ်၏။ ရွှင်းကော၏လက်ထောက်သည် ဤမြင်ကွင်းကို မှတ်တမ်းတင်ရန် ကင်မရာကိုကိုင်ထားစဉ်မှာပင် ရွှင်းကော၏ဖုန်းမျက်နှာပြင်ကို ခေတ္တမျှမြင်လိုက်ရသည်ကို ရုတ်တရက် သတိရသွားပြီး သံသယဖြင့် မေးလိုက်သည်။

"ရွှင်းကော ကျွန်တော်တို့ မနက်ဖြန် အတူတူပြန်ကြမှာ မဟုတ်လား"

ရွှင်းကောနဖူးမှ ချွေးစေးများထွက်လာပြီး ပြောလိုက်သည်။

"အဲ အဲဒါသေချာတာပေါ့"

"ခင်ဗျား သီးသန့်ခန်းလက်မှတ်မရထားဘူးမလား"

လက်ထောက်သည် ရွှင်းကော၏အမူအရာမှာ တစ်ခုခုထူးဆန်းနေသည်ဟု ခံစားရသဖြင့် မယုံကြည်သလို ထပ်မံမေးမြန်းလိုက်သည်။

"မရပါဘူး၊ ငါက အဲဒီလောက်အထိကံမကောင်းပါဘူး"

သူ့ကိုယ်သူလိပ်ပြာမလုံသဖြင့် ရွှင်းကောအသံမှာ အနည်းငယ် တုန်ယင်သွားတော့သည်။ လက်ထောက်မှ ထပ်မံဖိအားပေးမေးမြန်းမည်ကို စိုးရိမ်သဖြင့် ရွှင်းကောသည် ခေါင်းစဉ်ကို အမြန်လွှဲလိုက်လေ၏။

"ညီအစ်ကိုတို့၊ ညီမတို့ ခဏနေရင် ကျွန်တော်တို့ ဒုတိယထပ်ကစားသောက်ခန်းမကို ညစာစားဖို့ သွားကြမယ်၊ အားလုံးအတွက် စားပွဲဝိုင်းလိုက် ကျွေးမွေးဖို့ပြင်ဆင်ထားပါတယ် "

ဤခေါင်းစဉ်အပြောင်းအလဲမှာ အလွန်ပင် အချိန်ကိုက်ဖြစ်သွားသဖြင့် လက်ထောက်သည်လည်း ရွှင်းကောကို ထပ်မံမနှောင့်ယှက်တော့ပေ။ ဤစားပွဲဝိုင်းစာများကို ရွှင်းကောမှ သူ့ဖန်များအတွက် အထူးပြင်ဆင်ထားခြင်းဖြစ်သည်။ ဖန်များမှာ ဤမျှဝေးလံသောခရီးကို လာရောက်အားပေးကြသဖြင့် ရွှင်းကောမှာလည်း သူ့ကျေးဇူးတင်ရှိမှုကို ပြသလို၏။ သူသည် ဟဲယဲ့တည်းခိုခန်းတွင် စားပွဲဝိုင်း (၁၅)ဝိုင်းကို ဘိုကင်လုပ်ကာ သူ့ဖန်များကို အထူးတလည် ဧည့်ခံကျွေးမွေးရန် စီစဉ်ထားခြင်းဖြစ်သည်။

"ဝါး ရွှင်းကောကတော့ တကယ်ကို ရက်ရောတာပဲ"

"ဟားဟားဟား ပုံမှန်ဆိုရင် ငါတို့က ရွှင်းကောကို လက်ဆောင်တွေပေးနေရတာ၊ အခုတော့ ရွှင်းကောဆီကနေ သိုးမွေးနှုတ်(အခွင့်အရေးယူ)ရမယ့် အလှည့်ရောက်ပြီ"

ဟဲယဲ့တည်းခိုခန်း၏ အပြင်အဆင်နှင့် အခန်းဈေးနှုန်းများကို ကြည့်ခြင်းအားဖြင့် ဤနေရာမှ အစားအသောက် ဈေးနှုန်းများမှာလည်း မနည်းလှကြောင်းသိနိုင်သည်။ ရွှင်းကောအနေဖြင့် သူ့ဖန်များအားလုံးအတွက် ခမ်းနားသော စားသောက်ဖွယ်ရာများကိုပြင်ဆင်ရန် ငွေအမြောက်အမြား အသုံးချရမည်မှာ သေချာပါ၏။ ဖန်များအနေဖြင့်လည်း သဘာဝအတိုင်းပင် စိတ်ပျက်စရာမရှိခဲ့ပေ။ ရွှင်းကော ပြင်ဆင်ပေးသော စားပွဲဝိုင်းတစ်ဝိုင်း၏ တန်ဖိုးမှာ ယွမ် (၆,၀၀၀)ခန့်ရှိပြီး ဟင်းလျာမျိုးစုံ အလွန်စုံလင်လှသည့်အပြင် စားပွဲတိုင်းတွင်ဝန်ဆောင်မှုပေးမည့် ဝန်ထမ်းများလည်း သီးသန့်ရှိနေသည်။

"ဒီဟင်းကတော့ ယုံမြစ်ရဲ့အထူးဟင်းလျာဖြစ်တဲ့ အနီရောင်အနှစ်စိမ် ကဏန်းပါခင်ဗျ"

စားပွဲထိုးဝန်ထမ်းမှာ ဟင်းလျာကိုချပေးရင်း မိတ်ဆက်စကားပြောလိုက်သည်။ ရွှင်းမီမှာ ကုန်းတွင်းပိုင်းဒေသမှ လာသူဖြစ်သဖြင့် ပင်လယ်စာအစားနည်းသူ ဖြစ်၏။ ပထမဆုံးဟင်းလျာမှာ အစိမ်းလိုက် အနှစ်စိမ်ထားသော ကဏန်းဖြစ်နေသဖြင့် သူမမှာ အနည်းငယ်ကြောက်လန့်နေမိသည်။ သို့သော်လည်း ဒေသခံဖြစ်သည့် ပါကျောက်မှာ ဘေးမှနေ၍ အတင်းအကျပ် အကြံပြုတိုက်တွန်းသဖြင့် ရွှင်းမီသည် နောက်ဆုံးတွင် သတ္တိမွေးကာ မြည်းစမ်းကြည့်လိုက်တော့သည်။ ကဏန်းသားမှာ အလွန်နူးညံ့ပြီး ပါးစပ်ထဲတွင် အရည်ပျော်သွားသကဲ့သို့ပင်။ ဝါးရန်ပင် မလိုအပ်ဘဲ သူမလျှာပေါ်တွင် လတ်ဆတ်သော အရသာကို ခံစားလိုက်ရသည်။ ကဏန်းသား၏အမျှင်လေးများကို ပါးစပ်ထဲတွင် ညင်သာစွာ ဖိညှစ်လိုက်သည့်အခါ ချိုမြိန်သောအရည်များအဖြစ် ပြောင်းလဲသွားပြီး လည်ချောင်းထဲသို့ စီးဝင်သွားကာ လတ်ဆတ်သောရနံ့ကို ချန်ရစ်ခဲ့၏။

ရွှင်းမီသည် ကဏန်းတွင် ဤမျှချိုမြိန်သော အရသာရှိသည်ကို ပထမဆုံးအကြိမ် ရှာဖွေတွေ့ရှိခြင်းဖြစ်သည်။ ထိုလတ်ဆတ်ချိုမြိန်သော အရသာမှာ ပင်လယ်ပြင်၏ လက်ဆောင်အလားပင်။ ငန်ကျိကျိအရသာနှင့် သမုဒ္ဒရာ၏ လတ်ဆတ်မှုတို့ကို သယ်ဆောင်လာခဲ့သည်။ တစ်လုတ်ချင်းစီမှာ သူမ၏ အရသာခံဖုများကို အဆုံးစွန်ထိ ဆွဲဆောင်နေသဖြင့် သူမသည် ထိုအရသာကို ထပ်တလဲလဲ ခံစားချင်နေပြီး ခေတ္တခဏအတွင်း ပျောက်ကွယ်သွားမည့် ထိုထူးကဲသောအရသာကို အမိအရ ဖမ်းဆုပ်ချင်နေမိတော့၏။ ကဏန်းဥမှာမူ ဤဟင်းလျာ၏ အနှစ်သာရပင်ဖြစ်သည်။ ရွှေဝါရောင် ကဏန်းဥမှာ နူးညံ့သိမ်မွေ့သော အသွင်အပြင်၊ ကြွယ်ဝသော အရသာနှင့် ထူးခြားသော ရနံ့တို့ရှိသည်။ ရွှင်းမီသည် အစမ်းသဘောဖြင့် တစ်လုတ်မြည်းစမ်းကြည့်ပြီးနောက် ဤအရသာကို အပြည့်အဝစွဲလန်းသွားခဲ့ပြီး ဒုတိယမြောက် ကဏန်းစိမ်တစ်ဖဲ့ကို အမြန်ပင် ကောက်ယူလိုက်တော့သည်။

"ရေဘဝဲစိမ်းလွှာဗန်းပါခင်ဗျ"

စားပွဲထိုးမှ ဒုတိယဟင်းလျာကိုလာချပေးသည်။ ကဏန်းကိုစားပြီးနောက်တွင် ရွှင်းမီ၏ခံတွင်းမှာ အပြည့်အဝ ပွင့်သွားပြီဖြစ်၏။ ဤတစ်ကြိမ်တွင် ပါကျောက်၏အကြံပြုချက်ကို မစောင့်တော့ဘဲ သူမကိုယ်တိုင်တူကို ကိုင်ကာ မြည်းစမ်းကြည့်လိုက်သည်။ သူမသည် ရေဘဝဲအသားစိမ်း တစ်ဖဲ့ကို ယူလိုက်၏။ ဂျပန်စားသောက်ဆိုင်များတွင် ရေဘဝဲအသားစိမ်းမှာ သာမန်ဟင်းလျာတစ်ခု ဖြစ်သည်။ သို့သော်လည်း များသောအားဖြင့် ဂျပန်ဆိုင်များသည် ကြိုတင်အေးခဲထားသော အသားများကိုသာသုံးလေ့ရှိသဖြင့် ရေဘဝဲသားမှာ မူလလတ်ဆတ်မှုနှင့် ကျုံ့ဆန့်နိုင်စွမ်းကို ဆုံးရှုံးသွားစေကာ အသားမှာ တောင့်တောင့်ကြီးဖြစ်နေပြီး ဝါးရသည်မှာ ပလတ်စတစ်ကို ဝါးနေရသကဲ့သို့ ခံစားရစေသည်။

သို့သော်လည်း ဤနေရာမှ ရေဘဝဲအသားစိမ်းမှာမူ လတ်ဆတ်သော ရေဘဝဲမှ ပြုလုပ်ထားခြင်းဖြစ်ကြောင်း သိသာလှပြီး ၎င်း၏အသားမှာ ခရမ်းနုရောင်သန်းနေဆဲပင်။ ရွှင်းမီသည် ရေဘဝဲလွှာလေးကို ညင်သာစွာညှပ်ကာ ပါးစပ်ထဲ ထည့်လိုက်၏။ ဦးစွာအေးမြလတ်ဆတ်သော အရသာကို ခံစားလိုက်ရပြီး ထို့နောက် လျှာပေါ်တွင် ခုန်ပေါက်ကခုန်နေသည့် ရေဘဝဲ၏ ကျုံ့ဆန့်အားကောင်းသော အသားအသွင်အပြင်ကို ခံစားလိုက်ရသည်။ ၎င်းမှာ အလွန်ပင် ဝါးလို့ကောင်းသော ခံစားချက်ပင် ဖြစ်သည်။ လတ်ဆတ်သော ရေဘဝဲအသားစိမ်းအတွက် ဟင်းခတ်အမွှေးအကြိုင်များစွာ မလိုအပ်ပေ။ ဝါဆာဘီနှင့် ပဲငံပြာရည် အနည်းငယ်ရှိလျှင်ပင် ၎င်း၏ ထူးကဲသော အရသာကို ဖော်ထုတ်ရန် လုံလောက်လှ၏။ ဝါဆာဘီ၏ပြင်းရှရှ အရသာမှာ ရေဘဝဲ၏ချိုမြိန်မှုနှင့် အပြည့်အဝ ပေါင်းစပ်သွားပြီး ပဲငံပြာရည်၏ အငန်ဓာတ်မှာ ရေဘဝဲ၏သမုဒ္ဒရာရနံ့ကို ပိုမိုပေါ်လွင်စေသည်။ သူမ ဖြည်းဖြည်းချင်းဝါးနေစဉ်မှာပင် ရေဘဝဲ၏သဘာဝအရသာမှာ ပါးစပ်ထဲတွင် လွတ်ထွက်လာပြီး ညှီနံ့ အနည်းငယ်မျှပင်မရှိပေ။ ဤအရသာမှာ အေးခဲထားသော ရေဘဝဲများနှင့် လုံးဝနှိုင်းယှဉ်၍ မရနိုင်သောအရာပင်။ စားပွဲထိုးဝန်ထမ်းသည် ဟင်းလျာများကို တစ်ခုပြီးတစ်ခုလာချပေးနေတော့၏။

"ကဏန်းပေါင်း"

"ပုစွန်ပြုတ်"

"ငါးမျိုးစုံဗန်း"

"ပဲပြားနဲ့ ဂုံးစွပ်ပြုတ်"

"အိမ်ချက်ပုံစံ ငါးမုန့်လွှာဆီပြန်ချက်"

"မုန်ညင်းချဉ်နဲ့ ငါးချက်”

All Chapters