အခန်း (၂၄၇-၂၄၈)
Vol. 25 Ch. 247-248
247
ရွှင်းမီသည် ခေါင်းပင်မဖော်နိုင်ဘဲ အားပါးတရ စားသောက်နေတော့သည်။ နောက်ဆုံးတွင် အမှန်တကယ်ပင် ဆက်စား၍မရတော့သည့်အဆုံးမှသာ ဖောင်းကားနေသော သူမဝမ်းဗိုက်ကို ပွတ်သပ်ရင်း ထိုင်ခုံပေါ်သို့ မှီချလိုက်တော့၏။ ထိုအခါမှသာ သူမသည် အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားရသည်။ မူလက သူမသည် ဂရုထဲမှ သူငယ်ချင်းများရှေ့တွင် သိမ်မွေ့ငြိမ်သက်သော မိန်းကလေးပုံစံမျိုးပုံဖော်ချင်ခဲ့သည် မဟုတ်ပါလား။ သို့သော်လည်း စားသောက်ပွဲစတင်လိုက်သည့် အခိုက်အတန့်မှာပင် သူမ၏ထိုပုံရိပ်ထိန်းသိမ်းရေး အစီအစဉ်မှာ ဦးနှောက်ထဲမှလုံးဝ ပျောက်ကွယ်သွားခဲ့လေပြီ။ သူမစိတ်ထဲတွင် စားဖို့ဆိုသည့် စကားလုံးတစ်လုံးတည်းသာ ရှိနေခဲ့သည်။
"ဂေ့"
ရွှင်းမီသည် လေတက်လိုက်ရင်း အသံထဲတွင် မနာလိုမှုအနည်းငယ် ရောယှက်ကာ မေးလိုက်သည်။
"ပါကျောက် နင်တို့ဆီမှာ အမြဲတမ်းဒီလိုမျိုး ကောင်းတာတွေ စားနေရတာလား"
သူမဘေးမှ (၁.၉၂)မီတာ အရပ်ရှိသော လူမှာမူ အာရုံစိုက်ကာ ဆက်စားသောက်နေဆဲပင်။ သူအနှစ်သက်ဆုံးမှာ မုန်ညင်းချဉ် ငါးပြုတ်ဖြစ်သည်။ ငါးအသားများ ကုန်သွားသော်လည်း ကျန်ရှိနေသည့် စွပ်ပြုတ်ရည်ကိုမူ လက်မလွှတ်နိုင်ဘဲ တရှူးရှူးနှင့်သောက်နေလေ၏။ ရွှင်းမီ၏စကားကို ကြားလိုက်ရသောအခါ သူသည် စွပ်ပြုတ်ပန်းကန်ထဲမှ ခေါင်းကိုခက်ခက်ခဲခဲမော့လိုက်ပြီး ပြောလိုက်သည်။
"ဒါက အရမ်းအရသာရှိလွန်းတယ်၊ တစ်ကယ့်ကို လတ်ဆတ်တာပဲ"
ပါကျောက်သည် စားထားသည်များ အစာကြေစေရန် မတ်တတ်ရပ်လိုက်ပြီး ဗီဒီယိုရိုက်ရန်လည်း မမေ့လျော့ပေ။ သူသည် မိမိဗိုက်ကိုကိုင်ကာ ရယ်ကျဲကျဲဖြင့် ပြောလိုက်သည်။
"ဘယ်ကသာ ကျွန်တော်လည်း မနားတမ်းစားနေတာ မမြင်ဘူးလား၊ ကျွန်တော့်အဖေ ဈေးကနေ မနက်စောစောသွားဝယ်လာတဲ့ ငါးတွေတောင် ဒီကငါးတွေလောက်မလတ်ဆတ်ဘူးလို့ ခံစားရတယ်၊ ခုနတင် ဒီက ဗီဒီယိုတွေနဲ့ပုံတွေကို မိသားစုဂရုထဲ ပို့လိုက်ပြီ၊ တော်တော်လေးလည်း အညွှန်းပေးထားတယ်၊ နောက်တစ်ခါ မိသားစုဆုံကြရင် ဒီနေရာကိုပဲရွေးဖို့ စဉ်းစားထားတယ်"
ပါကျောက်သည် သူ့ဝမ်းဗိုက်ကို အားမလိုအားမရကြည့်လိုက်မိသည်။ အကယ်၍ လူကိုဗိုက်မပြည့်စေမည့် ဆေးပြားမျိုးသာ တီထွင်နိုင်ခဲ့လျှင် သူသည် ဤအရသာရှိသော အစားအစာများကို အမြဲတမ်းအရသာခံစားသောက်နေနိုင်မည် ဖြစ်၏။ ထိုစဉ် အတန်ငယ် အကျိုးအကြောင်းသိတတ်သည့် ယဉ်ကျေးသောပုံစံနှင့်လူမှ စားပွဲပေါ်ရှိဟင်းလျာများကို ညွှန်ပြကာပြောလိုက်သည်။
"တကယ်တော့ ဒီတည်းခိုခန်းက ချက်တဲ့ဟင်းလျာတွေကို ပုံမှန်အဆင့်လို့ပဲ ပြောလို့ရမယ်"
ရွှင်းမီ အော်ဟစ်လိုက်သည်။
"ဘာ ဒါက ပုံမှန်အဆင့်ဟုတ်လား၊ ရှင်က ပုံမှန်ဆိုရင် ဧကရာဇ်မင်းမြတ်ရဲ့တော်ဝင်စားတော်ပွဲတွေကို စားနေတာလား"
"ကျွန်တော်ပြောတာကို အဆုံးထိ နားထောင်ပေးပါဦး"
ထိုလူမှာ လက်ကိုအမြန်မြှောက်ပြကာ သူပြောစရာကျန်သေးကြောင်း အချက်ပြလိုက်သဖြင့် စိတ်လှုပ်ရှားနေသော ရွှင်းမီငြိမ်သွားတော့သည်။
"ဟွန့်"
ရွှင်းမီသည် နားစွင့်လိုက်သည်။ ဤယဉ်ကျေးလှချည်ဆိုသောလူမှာ ဘယ်လို အဓိပ္ပာယ်မရှိတာတွေပြောဦးမလဲဆိုသည်အား သူမနားထောင်ချင်နေ၏။ သူ ဒီထက်ပိုကောင်းသော စားသောက်ပွဲမျိုးကို စားဖူးပါသည်ဟု ကြွားလုံးထုတ်ဦးမလားဟု ရွှင်းမီက သံသယအပြည့်ဖြစ်နေသည်။ ထိုလူမှာ စားပွဲပေါ်ရှိ ဟင်းလျာများကို လူတိုင်း ကြည့်ရန်လက်ဟန်ပြလိုက်သည်။
"ခင်ဗျားတို့ ကြည့်လိုက်လေ၊ စားပွဲပေါ်မှာ ပြောင်သလင်းခါနေတဲ့ပန်းကန်တွေ အားလုံးက ပင်လယ်စာတွေချည်းပဲ၊ ပင်လယ်စာတွေထဲမှာမှ ချက်ပြုတ်စရာ မလိုတဲ့အစိမ်း နဲ့ ငါးစိမ်းလွှာအမျိုးအစားတွေက အကောင်းဆုံးပဲ၊ ဒုတိယကတော့ ပေါင်းထားတဲ့ပင်လယ်စာတွေပေါ့၊ ဒီနေ့ စားသောက်ပွဲမှာ ဒီဟင်းလျာတွေက အကောင်းဆုံးပဲလို့ ကျွန်တော် ထင်တယ်၊ ဒါတွေကကျွန်တော့်သက်တမ်း အနှစ် (၃၀)ကျော်အတွင်းမှာစားဖူးသမျှ အကောင်းဆုံး ဟင်းလျာတွေထဲ ပါဝင်တယ်၊ ဒီနေ့ စားသောက်ပွဲက ပင်လယ်စာအများစုကို ရေနွေးဖျောတာနဲ့ ပေါင်းတာလိုမျိုး အရှင်းလင်းဆုံး နည်းလမ်းတွေနဲ့ပဲ ချက်ထားတယ်၊ ဒါကပင်လယ်စာရဲ့ မူလအရသာကို အပြည့်ဝဆုံးထိန်းသိမ်းထားနိုင်တာပဲ"
ထိုလူသည် စားသောက်ပွဲမှ ဟင်းလျာများကို ရေတွက်ပြလေသည်။ အစိမ်း ဟင်းလျာ (၂) မျိုး၊ ငါးစိမ်းလွှာ (၁)မျိုး နှင့် ရိုးရိုးရှင်းရှင်းချက်ထားသော ဟင်းလျာ (၆) မျိုး ရှိသည်။ ဤဟင်းလျာများမှာ ယခုအခါ လုံးဝ ပြောင်စင်သွားပြီဖြစ်၏။
"ကျန်တဲ့ပင်လယ်စာ ဟင်းလျာတွေကလည်း အရသာရှိပါတယ်၊ ဒါပေမဲ့ အားနည်းချက်အချို့ကိုတော့ ရှာတွေ့နိုင်သေးတယ်၊ ဥပမာ ဒယ်ပြားပူပေါ်ကဂုံးတွေဆိုရင် မီးပေါ်မှာကြာသွားလို့ ဂုံးသားက နည်းနည်းမာသွားတယ်၊ ငါးမုန့်လွှာဆီပြန်ချက်ကလည်း ပဲငံပြာရည်နဲ့ ချက်ထားတာဆိုတော့ နည်းနည်းငန်လွန်းတယ်၊ ကြက်သွန်မြိတ်ဆီသတ်ချိန်မှာလည်း ဆီအပူချိန်မမိလို့လား မသိဘူး နည်းနည်းအဆီပြန်နေတယ်"
ထိုလူသည် စားပွဲပေါ်ရှိပင်လယ်စာ ဟင်းလျာများကို တစ်ခုချင်းစာရင်းပြုစုပြနေတော့သည်။
"ကျွန်တော်ထင်တာကတော့ ဒီတည်းခိုခန်းရဲ့လက်ရာက အရမ်းကောင်းနေတာထက် သူတို့ရွေးချယ်ထားတဲ့ ပင်လယ်စာတွေက အရည်အသွေးအရမ်းမြင့်နေတာကြောင့်ပဲ၊ ဒီလောက်လတ်ဆတ်တဲ့ ပင်လယ်စာမျိုးက ဘယ်လိုချက်ချက် အရသာရှိတာပဲ၊ ဒါပေမဲ့ ချက်ပြုတ်တဲ့ နည်းလမ်းတွေ ရှုပ်ထွေးလာတာနဲ့အမျှ ဒီတည်းခိုခန်းကစားဖိုမှူးရဲ့ ကျွမ်းကျင်မှု အားနည်းချက်တွေက ချက်ချင်း ပေါ်လာတော့တာပဲ၊ ပြီးတော့လည်း......"
ရွှင်းမီ စကားပြောရန်ပြင်လိုက်သော်လည်း ထိုလူ စကားမဆုံးသေးကြောင်းသိလိုက်ရသဖြင့် သူမစကားလုံးများကို ပြန်မျိုချကာ သူ့ကိုသာစူးစိုက်ကြည့်နေမိသည်။ သူမသည် ထိုလူ၏ပြောစကားများကို အတော်လေး လက်ခံချင်လာပြီဖြစ်၏။ ထိုလူ ဆက်ပြောသည်။
"ပြီးတော့ ဒီနေ့ ကျွန်တော်တို့ဟင်းအားလုံးကို မကုန်ခဲ့ကြဘူး၊ ကျန်နေတဲ့ ဟင်းအများစုက အသားဟင်းတွေပဲ၊ ဟင်းသီးဟင်းရွက်တွေကတော့ အအီပြေစေဖို့သုံးတာဆိုတော့ ဆီပူထိုးတဲ့ နည်းစနစ်က တိုးတက်ဖို့လိုနေသေးပေမယ့် ပင်လယ်စာနဲ့တွဲစားတဲ့အခါမှာတော့ မဆိုးပါဘူး၊ ဒါပေမဲ့ ဒီတည်းခိုခန်းရဲ့အသားဟင်းလက်ရာတွေကတော့ အမှန်ကိုပုံမှန်အဆင့်ပါပဲ"
ဤတစ်ကြိမ်တွင်မူ ထိုလူကထပ်မံဖြည့်စွက်ရန် မလိုအပ်တော့ဘဲ ဘေးမှ (၁.၉၂)မီတာရှိလူမှ ဝင်ပြောလိုက်သည်။
"သူတို့ရဲ့ဝက်သားနီချက်က အရမ်းချိုလွန်းတယ်၊ ဝက်သားနီချက်အရသာနဲ့မတူဘဲ တုံးပိုဝက်သားနဲ့ ပိုတူနေတယ်၊ ဒီအချိုဓာတ်က ဝက်သားနီချက်မှာရှိသင့်တဲ့ ကြွယ်ဝမွှေးကြိုင်တဲ့အရသာကို ဖုံးလွှမ်းသွားတယ်၊ အမဲသားဆီပူထိုးကလည်း နည်းနည်းမာနေတယ်၊ အမဲသားအမျှင်တွေက ပါးစပ်ထဲမှာနည်းနည်း ကြမ်းတမ်းနေပြီး နူးညံ့ချောမွေ့တဲ့ ခံစားချက်မရှိဘူး၊ ငန်းဆားနယ် ကတော့မဆိုးပါဘူး၊ ဒါပေမဲ့ ဒီငန်းသားက ညှီနံ့နည်းနည်းရနေသလိုပဲ၊ ဒါမှမဟုတ် ကျွန်တော်ကပဲ ငန်းသားနဲ့မယဉ်ပါးတာလား မသိဘူး"
ဤမျှအရပ်ရှည်သော လူတစ်ယောက်အနေဖြင့် ပုံမှန်အားဖြင့် အစားကောင်း သောက်ဖွယ်များကို စားဖူးသူဖြစ်ပေလိမ့်မည်။ သူသည် အသားငါးကြိုက်သူတစ်ဦးဖြစ်ပြီး အသားဟင်းမပါလျှင် ဗိုက်မဝသကဲ့သို့ ခံစားရသူဖြစ်၏။ သူသည် ခုနကမုန်ညင်းချဉ်ငါးစွပ်ပြုတ်၏ အရသာတွင် နစ်မျောနေခဲ့သော်လည်း ယခုအခါ သတိပြန်ဝင်လာချိန်တွင် ပင်လယ်စာ၏အားသာချက်နှင့် ဖုံးကွယ်ထားမှုကို ဖယ်ထုတ်လိုက်ပါက သေချာစဉ်းစားကြည့်လျှင် အသားဟင်းအများအပြားမှာ တိုးတက်ရန် နေရာများစွာရှိနေကြောင်း တွေ့လိုက်ရသည်။ အသားဟင်းများမှာ ဟင်းခတ်အမွှေးအကြိုင်အသုံးပြုမှုတွင် တစ်သမတ်တည်းဖြစ်နေကာ အဆင့်ဆင့်သောအရသာများ ကင်းမဲ့နေခြင်း သို့မဟုတ် ချက်ပြုတ်သည့် နည်းလမ်းများမှာ တိုးတက်ရန်လိုအပ်နေသေးခြင်းကြောင့် အသား၏ အသွင်အပြင်မှာ အကောင်းဆုံး အခြေအနေသို့ မရောက်ရှိသေးပေ။ ချက်ပြုတ်ရာတွင် အသေးစိတ်ဂရုစိုက်မှုများစွာ အားနည်းနေခဲ့သည်။ ဝက်လက်များတွင် အမွေးအမျှင်လေးများပင် ကျန်ရှိနေသေးသည်မဟုတ်ပါလား။ ရွှင်းမီသည် စားပွဲပေါ်ရှိမကုန်ဘဲ ကျန်နေသည့် အသားဟင်းအချို့ကိုကြည့်လိုက်ပြီး ထိုယဉ်ကျေးဟန်ရှိသောလူ ပြောသည်မှာ အဓိပ္ပာယ်ရှိကြောင်းဝန်ခံလိုက်ရ၏။
"တကယ် အဲဒီလိုဖြစ်နေတာပဲ၊ ငါက ကြက်ကြော် အရမ်းကြိုက်တဲ့သူပါ၊ ဒါပေမဲ့ ဒီကကြက်ကြော်က အဲဒီလောက်အထိကြွပ်ရွမနေဘူးလို့ ခံစားရတယ်၊ ဒါပေမဲ့လည်း ပင်လယ်စာတွေကတော့ တကယ့်ကိုပြောစရာမရှိအောင် ကောင်းပါတယ်၊ ညွှန်းပေးဖို့ ထိုက်တန်တယ်လို့ ငါထင်တုန်းပဲ"
ရွှင်းမီသည် ဤဟင်းလျာများကို အဆင့်သတ်မှတ်သည့် ဝဘ်ဆိုက်တွင် ကြယ် (၅)ပွင့်ပေးရန် ဆုံးဖြတ်လိုက်သည်။ သူမသည် အနီရောင်ကဏန်းဥစိမ်နှင့် ရေဘဝဲငါးစိမ်းလွှာတို့ကို အထူးအညွှန်းပေးချင်နေ၏။ ယဉ်ကျေးဟန်ရှိသောလူလည်း ဤအချက်ကိုသဘောတူလေသည်။
"လုပ်ငန်းတစ်ခုတည်းက အရာရာတိုင်းမှာ ပြီးပြည့်စုံနေဖို့ဆိုတာ ခက်ခဲပါတယ်၊ ဒါ့အပြင် ဒီဟဲယဲ့တည်းခိုခန်းက စားသောက်ဆိုင်သီးသန့် မဟုတ်ဘဲ ဟိုတယ်နဲ့ စားသောက်ဆိုင်တွဲထားတာလေ၊ ဟင်းလျာအမျိုးအစားတစ်ခုကို ကောင်းမွန်အောင်လုပ်ဖို့ဆိုတာ တော်တော်ခက်ခဲမယ်လို့ ကျွန်တော် ထင်ပါတယ်၊ ပင်လယ်စာအထူးပြု စားသောက်ဆိုင်တစ်ခုအဖြစ်လုပ်တာကလည်း ကောင်းတဲ့အကြံဉာဏ်ပါပဲ"
ပါကျောက်သည် သူ့ဖုန်းကိုထုတ်ကာ စားသောက်ခန်းမကြီး၏ မြင်ကွင်းကျယ်ကို ရိုက်ကူးလိုက်သည်။ အခြားစားပွဲအများစုမှာလည်း အလားတူ အခြေအနေမျိုးပင်ဖြစ်၏။ လူတိုင်းသည် အတော်လေးစိတ်ကျေနပ်ပုံရပြီး စားပွဲတိုင်းရှိ ပင်လယ်စာများမှာလည်း ပြောင်စင်နေပြီဖြစ်သည်။ အနီးအနားရှိ စားပွဲထိုးဝန်ထမ်းမှာလည်း အလွန်ပင်အာရုံစိုက်ကာ နားထောင်နေလေသည်။ သူသည် စားပွဲဘေးတွင် ဝန်ဆောင်မှုပေးရန်သာမက ပိုအရေးကြီးသော တာဝန်တစ်ခုရှိနေသေး၏။ ၎င်းမှာ ဧည့်သည်များ၏စားသောက်မှုအပေါ် ထင်မြင်ချက်များကို မှတ်တမ်းတင်ရန်ပင်ဖြစ်သည်။ ဤသည်မှာ ဟဲယဲ့တည်းခိုခန်း၏ပထမဆုံးအကြိမ် စားသောက်ပွဲကျင်းပခြင်းဖြစ်ပြီး ဟင်းလျာများတွင် တိုးတက်ရန် နေရာများစွာ ရှိနေသေးကြောင်း ထင်ရှားလှပေသည်။
248
ရွှင်းမီသည် အနည်းငယ်ပျင်းရိသလို ခံစားနေရသည်။ အားရပါးရစားသောက်ပြီးနောက်တွင် သူမသည် ကိုယ်လက်လှုပ်ရှားပင် မလုပ်ချင်တော့ပေ။
"ဒီညအတွက် ဘာအစီအစဉ်တွေရှိလဲ"
သူတို့စားပွဲဝိုင်းသည် အရက်သောက်သူမပါသဖြင့် အခြားဝိုင်းများထက် စားသောက်မှု အနည်းငယ်ပိုမြန်သည်။ အနီးနားရှိ အခြားစားပွဲဝိုင်းမှ ဖန်များသည်မူ အရက်ရှိန်ဖြင့် ပျော်ရွှင်နေကြပြီး စည်ကားသိုက်မြိုက်စွာ စကားပြောဆိုနေကြဆဲပင်။ ပါကျောက် ဘေးဝိုင်းသို့ မေးထိုးပြကာပြောလိုက်သည်။
"ဟိုဘက်ဝိုင်းကလူတွေကတော့ ဒီည ရွှင်းကောကို KTV နဲ့ ဖဲကစားတဲ့အခန်းဆီ အတင်းခေါ်သွားကြဖို့ပြင်နေကြတာပဲ"
"ရွှင်းကော တကယ်သွားမှာလား"
ရွှင်းမီသည် သီချင်းဆိုခြင်း သို့မဟုတ် ဖဲကစားခြင်းတို့ကို သိပ်စိတ်မဝင်စားသော်လည်း အကယ်၍ ရွှင်းကောသာ သွားမည်ဆိုလျှင် ဖန်တစ်ဦးအနေဖြင့် သူမ အနှစ်သက်ဆုံးတင်ဆက်သူနှင့် ထိတွေ့ဆက်ဆံခွင့်ရမည့် အခွင့်အရေးကို လက်လွှတ်မခံချင်ပေ။ ပါကျောက်သည် ဤဖန်တွေ့ဆုံပွဲအတွက် ပေါင်းစပ်ညှိနှိုင်းပေးသူဖြစ်ရာ ရွှင်းကောနှင့် ထိတွေ့ခွင့်ပိုရသည်။ သူသည် ရွှင်းကောကို ကြိုတင်မေးမြန်းထားသဖြင့် အကြောင်းပြန်စာရရှိထားပြီးဖြစ်၏။ သူ ခေါင်းခါပြကာပြောလိုက်သည်။
"ရွှင်းကောကပြောတယ်၊ ခဏနေရင် ဗီဒီယိုရိုက်ဖို့ရှိလို့ အစီအစဉ်တစ်ခုတည်းမှာပဲ အချိန်အကြာကြီးပေးလို့မရဘူးတဲ့၊ ဖဲကစားတဲ့အခန်းနဲ့ KTVဘက်ကို ခဏဝင်ပြရုံပဲ၊ ပြပြီး တည်းခိုခန်းက ပေးထားတဲ့ အခြားလှုပ်ရှားမှုတွေကိုလည်းလိုက်ပြီး အတွေ့အကြုံယူဦးမယ်လို့ ပြောထားတယ်"
ရွှင်းမီ နားလည်ကြောင်း ခေါင်းညိတ်ပြလိုက်သည်။ ရွှင်းကောသည် နောက်ဆုံးတွင် ဗီဒီယိုဖန်တီးသူတစ်ဦးဖြစ်နေဆဲမို့ တည်းခိုခန်းရှိ အကြောင်းအရာများကို မှတ်တမ်းပိုတင်ရန် လိုအပ်မည်မှာ သေချာ၏။ ဤသည်မှာလည်း ကောင်းသည့်အချက်ပင်။ သူမကိုယ်တိုင်လည်း အချိန်ဖြုန်းရန်အတွက် သူမနှစ်သက်သည့် အစီအစဉ်တစ်ခုကိုသာ ရွေးချယ်ရန် ဆုံးဖြတ်လိုက်တော့သည်။ ယဉ်ကျေးဟန်ရှိသောလူမှ ဝင်ပြောလိုက်သည်။
"ကျွန်တော်ကတော့ လက်ရေးလှအတတ်ပညာအတန်းကို သွားဖို့ စဉ်းစားထားတယ်၊ ဒီက လက်ရေးလှဆရာက အရမ်းနာမည်ကြီးပြီး ဟွာကော်လက်ရေးလှပြိုင်ပွဲမှာ ပထမဆုတောင် ရထားဖူးတယ်လို့ အွန်လိုင်းမှာ ဖတ်ဖူးတယ်၊ ဒီဆရာက လူကိုယ်တိုင် လာသင်ပေးတာဖြစ်ပြီး အွန်လိုင်းမှာလည်း ဖန်တွေအများကြီးရှိတယ်လေ"
"တကယ်လား"
ရွှင်းမီ စိတ်ဝင်စားသွားကာ သူမဖုန်းကိုဖွင့်၍ ရှာဖွေကြည့်လိုက်သည်။
"ဝါး ဆရာကြီးဝေလား၊ ပလက်ဖောင်း အားလုံးပေါင်းမှာ Follower (၃)သန်းနီးပါးရှိတာပဲ၊ ဝါး တည်းခိုခန်းမှာ ရွှင်းကောလိုလူမျိုးတစ်ယောက် ရှိနေလိမ့်မယ်လို့ မထင်ထားဘူး"
ရွှင်းမီသည် ပြောပြောဆိုဆိုနှင့်ပင် Followခလုတ်ကို နှိပ်လိုက်တော့သည်။
"ကျွန်တော် ဒီနေ့စောစောရောက်လာလို့ ရက်ကန်းအလုပ်ရုံလှုပ်ရှားမှုမှာ ပါဝင်ခဲ့သေးတယ်၊ လက်ကိုင်ပုဝါလေးတစ်ထည်ရက်ခဲ့တာ တကယ်ကို စိတ်ဝင်စားဖို့ကောင်းတယ်၊ ဒါပေမဲ့ အဲဒီလှုပ်ရှားမှုက ဒီညပဲပြီးသွားပြီဆိုတော့ ခင်ဗျားတို့ သွားကြည့်ချင်ရင် မနက်ဖြန်မနက်မှပဲ သွားလို့ရမယ်"
ယဉ်ကျေးဟန်ရှိသောလူသည် သူ့အိတ်ကပ်ထဲမှ သေသေချာချာခေါက်ထားသော လက်ကိုင်ပုဝါလေးတစ်ထည်ကို ထုတ်ပြလိုက်သည်။ သူသည် သူ့လက်ဖြင့် ကိုယ်တိုင်ရက်ထားသော လက်ကိုင်ပုဝါလေးကို ညင်သာစွာဖြန့်ပြ၏။ လက်ကိုင်ပုဝါရှိ အချို့ချည်မျှင်နေရာများ မညီမညာဖြစ်နေသည်မှာ ပန်းချီစသင်သူတစ်ဦး၏ တုန်ရင်နေသော စုတ်ချက်များကဲ့သို့ပင်။ အသေးစိတ်ကြည့်လျှင် ရက်ကန်းပညာ မကျွမ်းကျင်မှုများကို မြင်နိုင်သော်လည်း ဤအမှားအယွင်းလေးများမှာ လက်ကိုင်ပုဝါ၏နဂိုရှိရင်းစွဲ သိမ်မွေ့မှုကို ဖုံးကွယ်မထားနိုင်ပေ။ လက်ကိုင်ပုဝါပေါ်တွင် ကြာရွက်ပုံစံလေးတစ်ခု ရက်လုပ်ထားသည်။ ကြာရွက်၏ အနားသတ်များနှင့် အကြောလေးများမှာ လုံးဝဥဿုံချောမွေ့မနေသော်လည်း ထိုမသိမသာမညီညာမှုများကပင် လက်ကိုင်ပုဝါလေးကို ကျေးလက်ဆန်သောရိုးရှင်းသည့် အလှတရားမျိုးပေးစွမ်းနေသည်။
အစိမ်းရောင် ပိုးချည်မျှင်လေးများက တစ်ခုနှင့်တစ်ခုရောယှက်ကာ ကြာရွက်ပုံသဏ္ဌာန်ကို ဖော်ဆောင်ထားသည်။ လက်ကိုင်ပုဝါ၏ နောက်ခံအရောင်မှာ ကျော့ရှင်းသော အဖြူရောင်ဖြစ်ရာ ကြာရွက်၏အစိမ်းရောင်နှင့် ထင်ထင်ရှားရှား ဆန့်ကျင်ဘက်ဖြစ်နေပြီး ကြည်လင်သော ရေပြင်နှင့် ပြာလွင်သော မိုးကောင်းကင်ကို အမှတ်ရစေ၏။ ကြာရွက်ရက်လုပ်မှုမှာ ပြီးပြည့်စုံခြင်းမရှိသော်လည်း ဤလက်မှုပညာ၏ ထူးခြားသောဆွဲဆောင်မှုမှာ ၎င်း၏တစ်မူထူးခြားမှုနှင့် လူသားတို့လက်ဖြင့် ဖန်တီးထားသော နွေးထွေးမှုတွင် တည်ရှိနေခြင်းဖြစ်သည်။ ယဉ်ကျေးဟန်ရှိသောလူ၏ ခွင့်ပြုချက် ရရှိပြီးနောက် လူအနည်းငယ်သည် သူတို့လက်များကို သေသေချာချာသုတ်လိုက်ပြီး လက်ကိုင်ပုဝါ၏ထောင့်လေးကို ဂရုတစိုက် ကိုင်ကြည့်ကြသည်။
"တကယ်ကို နူးညံ့ပြီး ချောမွေ့တာပဲ"
(၁.၉၂)မီတာရှိ လူကြီးမှာ သူ၏ဘတ်စကက်ဘော ကစားထားသောကြောင့် ကြမ်းတမ်းနေသည့်လက်မှ အသားမာများမှာ လက်ကိုင်ပုဝါကိုငြိသွားမည်ကို စိုးရိမ်နေမိသည်။ ယဉ်ကျေးဟန်ရှိသောလူ၏မျက်ဝန်းများ နူးညံ့သွားကာပြောလိုက်၏။
"ဟုတ်တယ် ကျွန်တော်က အနူးညံ့ဆုံး ပိုးချည်မျှင်ကို အထူးတလည် ရွေးခဲ့တာ၊ ပြန်သွားရင် သမီးလေးကို ပေးဖို့ စဉ်းစားထားတယ်"
"ဝါး အရမ်းကောင်းတာပဲ၊ ငါလည်း မနက်ဖြန်မနက် သွားစမ်းကြည့်ရမလား၊ ငါ့ရဲ့အခင်ဆုံးသူငယ်ချင်းကို လက်ကိုင်ပုဝါတစ်ထည် လက်ဆောင်ပေးလို့ရတာပေါ့"
ရွှင်းမီ ကိုယ်တိုင်လက်ဖြင့် တစ်ခုခု လုပ်ဆောင်ခြင်းမှာ အလွန် အဓိပ္ပာယ်ရှိသည်ဟု တွေးမိသည်။ ပါကျောက်မှာ သူ့ဖုန်းကိုကိုင်ကာ လက်ကိုင်ပုဝါကို အနီးကပ်ဓာတ်ပုံရိုက်လိုက်ရင်း ပြော၏။
"ကောင်းပြီ၊ ငါလည်း ငါ့အမေကိုပေးဖို့ တစ်ထည်လောက် လုပ်ချင်တယ်"
(၁.၉၂)မီတာရှိလူကြီးမှာမူ ခေါင်းကို ကုတ်နေပြီးဘာမှမပြောပေ။ သူကတော့ အထူးတလည်လက်ဆောင်ပေးချင်သည့်သူမရှိသည့်အပြင် လက်ကြီးခြေကြီးနှင့် လူတစ်ယောက်ဖြစ်ရာ ဤကဲ့သို့သိမ်မွေ့လွန်းသော အလုပ်မျိုးကို စိတ်မဝင်စားပေ။
"ဒါဆို ဒီညငါတို့ ဘာလုပ်ကြမလဲ၊ ငါကတော့ လက်ရေးလှအတန်းကိုမသွားဘူး"
(၁.၉၂)မီတာရှိ လူကြီးသည် အားကစားကိုသာစွဲလန်းသူဖြစ်ရာ လက်ရေးလှဆရာမှာ မည်မျှပင်တော်နေပါစေ သူတော့ စိတ်မဝင်စားနိုင်ပေ။ ရွှင်းမီ ချက်ချင်းပင် ကြေညာလိုက်သည်။
"ငါက အသံမမှန်ဘူး၊ ပြီးတော့ မာကျောက်လည်း မကစားတတ်ဘူး"
ပါကျောက် ရယ်လိုက်ပြီးပြောသည်။
"ငါတို့လည်း မာကျောက်ကစားနိုင်မှာ မဟုတ်ပါဘူး၊ မာကျောက်စည်းမျဥ်းတွေက တစ်နေရာနဲ့ တစ်နေရာမတူကြဘူးလေ၊ ဒီယုံမြစ်မှာဆိုရင် မာကျောက်တုံးတစ်တုံးကို ကြိုက်သလိုသုံးလို့ရတဲ့ ဝိုင်းကတ်အဖြစ် သုံးကြတာဆိုတော့ မင်းတို့ဆီက စည်းမျဥ်းနဲ့တူမှာမဟုတ်ဘူး"
ပါကျောက်သည် ယနေ့မနက်တွင် လီရှီ ပို့ပေးထားသော ဟဲယဲ့တည်းခိုခန်း၏ လှုပ်ရှားမှု အစီအစဉ်ဇယားကို ပြန်သတိရလိုက်သည်။
"ငါတို့တွေ တစ်ကိုယ်လုံးကို အနားပေးဖို့ နှိပ်နယ်တဲ့ဆီသွားကြရင်ရော ဘယ်လိုလဲ"
ရွှင်းမီ လှမ်းကြည့်လိုက်ရာ လက်ကမ်းစာစောင်တွင် တည်းခိုခန်း၏ (၆)ထပ်မှာ အလှအပနှင့်ခန္ဓာကိုယ်မွမ်းမံစင်တာ ဖြစ်ကြောင်း ဖော်ပြထားသည်။ သူမသည် လက်နှစ်ဖက်လုံးမြှောက်ကာ သဘောတူလိုက်၏။ ပျင်းရိတတ်သူ တစ်ဦးအနေဖြင့် သူမသည် ဤကဲ့သို့သောအစီအစဉ်မျိုးကို အနှစ်သက်ဆုံး ဖြစ်သည်။
"ငါလည်း သွားမယ်၊ ငါလည်း သွားမယ်"
(၁.၉၂)မီတာရှိ လူကြီးမှာ ရထားစီးပြီး လာခဲ့ရသူဖြစ်သည်။ သူနေထိုင်ရာ အရပ်မှာ ယုံမြစ်နှင့် အတန်ငယ် ဝေးကွာပြီး တစ်မနက်လုံးရထားပေါ်တွင် ထိုင်လာခဲ့ရသဖြင့် သူ့တင်ပါးများမှာ တောင့်တင်းနေပြီဖြစ်၏။ ဤအစီအစဉ်မှာ အပန်းဖြေရန်အတွက် အလွန်ပင် ကွက်တိကျလှသည်။ လူလေးဦးသည် လမ်းခွဲလိုက်ကြသည်။ ယဉ်ကျေးဟန်ရှိသောလူမှာ (၄)ထပ်ရှိ လက်ရေးလှအတန်းသို့ သွားပြီး ပါကျောက်နှင့် ကျန်နှစ်ဦးမှာ (၆)ထပ်သို့ တက်ခဲ့ကြသည်။ ဓာတ်လှေကားတံခါးပွင့်သည်နှင့် လူတိုင်းအမွှေးဆီရနံ့ကိုရလိုက်ကြ၏။ လမ်းတွင် ရွှင်းမီသည် အခြားအမျိုးသမီးဖန်တစ်ဦးကိုပါခေါ်ဆောင်လာခဲ့သည်။ သူတို့နှစ်ဦးမှာ အလှအပစင်တာတွင် မျက်နှာပေါင်းတင်ခြင်းလုပ်ရန် စီစဉ်ထား၏။
Spaဧရိယာတစ်ခုလုံးကို စိမ်းစိုစိုသစ်ပင်များ၊ လတ်ဆတ်သောပန်းများဖြင့် နေရာအနှံ့အလှဆင်ထားသည်။ ပတ်ဝန်းကျင်မှာ အလွန်ကောင်းမွန်လှပြီး ထောင့်တိုင်းတွင် စိမ်းစိုစိုသစ်ပင်မျိုးစုံကို အနုပညာဆန်စွာ ထည့်သွင်းထား၏။ စိမ်းစိုနေသော အရွက်များမှာ မှိန်ပျပျ မီးရောင်အောက်တွင် တောက်ပနေပြီး နေရာတစ်ခုလုံးကို သဘာဝအတိုင်း လတ်ဆတ်မှုနှင့် အားအင်များကို ပေးစွမ်းနေသည်။ လေထုထဲတွင် လတ်ဆတ်သော ပန်းရနံ့များ ပျံ့လွင့်နေသည်။ ပန်းမျိုးစုံမှာ အလှချင်းပြိုင်ပွင့်နေကြပြီး အရောင်အသွေးနှင့် ပုံသဏ္ဌာန်မှာလည်း စုံလင်လှ၏။ အချို့မှာ သိမ်မွေ့လှပပြီး အချို့မှာမူ လန်းဆန်းကျော့ရှင်းကာ Spa ဧရိယာကို ပိုမိုခမ်းနားပြီး ရိုမန့်တစ်ဆန်စေသည်။ ဤလတ်ဆတ်သောပန်းများမှာ ပတ်ဝန်းကျင်ကို လှပစေရုံသာမက လူ့စိတ်ခံစားမှုကိုလည်း ကြည်လင်စေသည်။ ဝန်ထမ်းမှာ နွေးထွေးစွာဖြင့် လက်ဖက်ရည် တည်ခင်းပေး၏။ လက်ဖက်ရည်ခွက်များကို အမျိုးသမီးနှစ်ဦးရှေ့မှ စားပွဲပေါ်တွင် ညင်သာစွာ ချပေးလိုက်သည်။ လက်ဖက်ရည်မှ ထွက်ပေါ်လာသော အငွေ့လေးများမှာ ဖြည်းဖြည်းချင်း အပေါ်သို့ မြင့်တက်လာပြီး သင်းပျံ့သောရနံ့ကို သယ်ဆောင်လာသည်။ သူမသည် အမျိုးသမီးနှစ်ဦးအား ဝန်ဆောင်မှုများကို စိတ်အားထက်သန်စွာ မိတ်ဆက်ပေးလိုက်သည်။
"မင်္ဂလာပါရှင်၊ အစ်မတို့ ဘယ်လို ဝန်ဆောင်မှုမျိုးကို စမ်းကြည့်ချင်ပါသလဲ"
ရွှင်းမီနှင့် အမျိုးသမီးဖန်တို့တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။ သူတို့နှစ်ဦးလုံးမှာ အထူးတလည်စမ်းကြည့်ချင်သည့် ဝန်ဆောင်မှုမရှိသေးဘဲ မျက်နှာပေါ်တွင် ဝေခွဲမရဖြစ်ဟန်နှင့် တွန့်ဆုတ်မှုအချို့ရှိနေကြ၏။ ဝန်ထမ်းမှာ ထိုအချက်ကိုသတိပြုမိသွားပြီး ပိုမိုစိတ်အားထက်သန်စွာဖြင့် အကြံပြုလိုက်သည်။
"အစ်မတို့ ကျွန်မတို့ဆီက မျက်နှာဖြူစင်ဝင်းပစေတဲ့နှိပ်နယ်မှုကို စမ်းကြည့်ပါလား၊ ကျွန်မတို့သုံးတဲ့ ဖြူစင်ဝင်းပစေတဲ့အမွှေးဆီက ကျွန်မတို့ တည်းခိုခန်းရဲ့ သီးသန့်ဖော်စပ်မှုပါရှင်၊ ပြီးတော့ အစ်မတို့အခန်းကတ်ကိုပြမယ်ဆိုရင် Discount လည်းရဦးမှာပါ၊ Discount ပြီးရင်တော့ (၂၈၈)ယွမ်ပဲ ကျသင့်ပါတော့တယ်"
ကျွမ်းကျင်သောအမူအရာဖြင့် ဝန်ထမ်းသည် မျက်နှာဖြူစင်ဝင်းပစေသည့် နှိပ်နယ်မှုလုပ်ငန်းစဉ်တစ်ခုလုံးကို အမျိုးသမီးနှစ်ဦးအား သေချာရှင်းပြလိုက်သည်။
"ကျွန်မတို့ရဲ့မျက်နှာဖြူစင်ဝင်းပစေတဲ့ နှိပ်နယ်မှုမှာ အဆင့် (၈)ဆင့် ပါဝင်ပါတယ်"
ဝန်ထမ်းမှ စတင်ရှင်းပြသည်။
"ပထမဆုံးအနေနဲ့ အစ်မတို့ရဲ့ အသားအရေ အမျိုးအစားနဲ့ လိုအပ်ချက်ကိုသိရအောင် မျက်နှာအရေပြားကို အသေးစိတ်စစ်ဆေးပေးပါမယ်၊ ဒါမှ ပိုပြီးထိရောက်တဲ့ ဝန်ဆောင်မှုမျိုး ပေးနိုင်မှာပါ"
ဤအဆင့်မှာ ကုထုံးတစ်ခုလုံး၏ အခြေခံဖြစ်ပြီး နောက်ထပ်အဆင့်များ တိကျထိရောက်စေရန် အဓိက သော့ချက်ပင် ဖြစ်သည်။
"ဒုတိယအဆင့်ကတော့ ကျောကုန်းနဲ့ ပခုံး၊ လည်ပင်းတဝိုက်ကို အပန်းပြေအောင် နှိပ်ပေးမှာပါ၊ တတိယအဆင့်ကတော့ မျက်နှာပေါ်က မိတ်ကပ်တွေနဲ့ အညစ်အကြေးတွေကို သန့်စင်ပေးမှာ ဖြစ်ပါတယ်"
ဝန်ထမ်းမှ ဆက်ပြောသည်။
"ကျွန်မတို့က နူးညံ့တဲ့သန့်စင်ပစ္စည်းတွေကိုသုံးမှာဖြစ်ပြီး အဲဒါက အစ်မတို့ အခန်းထဲမှာရှိတဲ့ ဖြူစင်ဝင်းပစေတဲ့ ဆပ်ပြာနဲ့ အမျိုးအစားတူပါပဲ၊ ဒါမှ အရေပြားကို အနက်ရှိုင်းဆုံးအထိ သန့်စင်ပေးပြီး အစိုဓာတ်ထိန်းသိမ်းဖို့ အခြေခံကောင်းရမှာပါ၊ အရေးကြီးဆုံး အဆင့်ကတော့ ဖြူစင်ဝင်းပစေတဲ့ အဆီအနှစ်တွေ ထည့်သွင်းတာပါပဲ"
ဝန်ထမ်းမှ အလေးပေးပြောကြားလိုက်သည်။
"ကျွန်မတို့ရဲ့သီးသန့် ဖြူစင်ဝင်းပစေတဲ့ အမွှေးဆီကိုသုံးပြီး မျက်နှာတစ်ခုလုံးကို အာဟာရဓာတ်တွေဖြည့်တင်းပေးမှာပါ၊ ဒါက အသားအရေကို ကြည်လင်စေရုံတင်မကဘဲ အတွင်းပိုင်းအထိ အားဖြည့်ပေးပါတယ်၊ ခုနစ်ဆင့်မြောက်ကတော့ အစိုဓာတ် အပြည့်အဝဖြည့်တင်းပေးပြီး ဦးခေါင်းကို အပန်းပြေအောင်နှိပ်ပေးတာပါ"
ဝန်ထမ်းမှ ဆက်မိတ်ဆက်ပေးသည်။
"ဖြူစင်ဝင်းပစေတဲ့ Maskကပ်ထားတဲ့ အချိန်မှာ ဦးခေါင်းကိုနှိပ်ပေးမှာဖြစ်လို့ အစ်မတို့ရဲ့ စိတ်ရောကိုယ်ပါ အပြည့်အဝ အနားရစေမှာပါ၊ နောက်ဆုံးအဆင့်ကတော့ မျက်နှာတစ်ခုလုံးကို အစိုဓာတ် ထိန်းသိမ်းပေးတာဖြစ်ပါတယ်၊ အစ်မတို့ အသားအရေနဲ့ ကိုက်ညီမယ့် Moisturizerကို သုံးပြီး အစိုဓာတ်ကို ပိတ်လှောင်ထားပေးမှာဖြစ်လို့ ဝန်ဆောင်မှုယူပြီးတာနဲ့ အသားအရေက စိုပြည်တောက်ပနေမှာပါ"
ဝန်ထမ်းသည် ဈေးနှုန်းစာရင်းကို ညွှန်ပြကာ ပြောလိုက်သည်။
"အခြားစိတ်ဝင်စားတဲ့ဝန်ဆောင်မှုတွေသိချင်ရင်လည်း ကျွန်မ မိတ်ဆက်ပေးလို့ရပါတယ်ရှင်"
မိတ်ဆက်ချက်များကို နားထောင်ပြီးနောက် ရွှင်းမီသည် ဝန်ထမ်းမှ ထပ်တလဲလဲ အလေးပေးပြောကြားနေသည့် ဖြူစင်ဝင်းပစေသောအမွှေးဆီကို စိတ်ဝင်စားသွားသည်။ သူမ ဆုံးဖြတ်ချက် ချလိုက်တော့၏။
"ဒါပဲ လုပ်မယ်”