← Chapters

အခန်း (၂၅၉-၂၆၀)

Vol. 26 Ch. 259-260

အခန်း (၂၅၉-၂၆၀)

Vol. 26 Ch. 259-260

259

တနင်္ဂနွေနေ့ ညနေခင်းတွင် လင်းရှောင်ယွီသည် သူမ၏ (၇)ရက်ကြာ စီးပွားရေးခရီးစဉ်ကို အဆုံးသတ်လိုက်သည်။ သူမသည် လေးလံသောခရီးဆောင်အိတ်ကိုဆွဲကာ ရင်းနှီးနေသော လမ်းမများအတိုင်း လျှောက်လှမ်းရင်း နောက်ဆုံးတွင် သူမ၏နွေးထွေးသော အိမ်ကလေးသို့ ပြန်ရောက်လာခဲ့သည်။ ခန္ဓာကိုယ်တစ်ခုလုံး ပင်ပန်းနွမ်းနယ်နေသော်လည်း အိမ်သို့ရောက်သည်နှင့် သူမသည် ဆိုဖာပေါ်တွင် ချက်ချင်း လှဲချမနားသေးပေ။ ထိုအစား သူမခင်ပွန်းကို ဘေးသို့ဆွဲခေါ်ကာ ကလေးတွေရဲ့ အခြေအနေကို အလောတကြီး မေးမြန်းတော့သည်။

"ကလေးတွေ ဘယ်မှာလဲ"

လင်းရှောင်ယွီသည် အထုတ်အပိုးများကို ချထားကာ ကလေးများကို ဟိုဟိုဒီဒီ လိုက်ရှာကြည့်သည်။ စာကြည့်ခန်းထဲတွင်လည်း မတွေ့ရသဖြင့် သူမအကြည့်များမှာ ခင်ပွန်းဖြစ်သူထံသို့ စူးစိုက်သွား၏။ ဇနီးသည် ပြန်လာသည်ကို မြင်သောအခါ ရွှီကွမ်းချန်သည် ဆိုဖာပေါ်မှ ထရပ်လိုက်ပြီး ဖုန်းကို ပိတ်ကာ ပြန်ဖြေလိုက်သည်။

"အခုလေးတင် အိပ်ပျော်သွားကြပြီ"

လင်းရှောင်ယွီမှာ အနည်းငယ် စိုးရိမ်သွားသည်။ အခုမှ ည (၈) နာရီပဲ ရှိသေးသည်လေ။ အကယ်၍ ကလေးတွေ အိမ်စာမပြီးသေးရင်တောင် အမီလုပ်ဖို့ အချိန်ရှိပါသေးသည်။ ဒီလောက် စောစောစီးစီး မအိပ်သင့်ပေ။

"ဘာလို့ ဒီနေ့ ဒီလောက်စောစော အိပ်နေကြတာလဲ၊ ဟန်မော့နဲ့ ယွဲရှီတို့ အိမ်စာတွေ ပြီးပြီလား၊ အိမ်စာပြီးရင် မိဘတွေက စစ်ပေးရတယ်လေ၊ ရှင် သူတို့ အိမ်စာစာအုပ်တွေမှာ လက်မှတ်ထိုးပေးပြီး မှတ်ချက်တွေရော ရေးပေးခဲ့ရဲ့လား"

သူမေးလာသောအခါ နှစ်ရက်တာ ကလေးထိန်းခဲ့သည့် အောင်မြင်မှုများကြောင့် ရွှီကွမ်းချန်မှာ အတော်လေး ဂုဏ်ယူနေမိသည်။

"ပြီးတာပေါ့ အကုန်ပြီးပြီ၊ ကိုယ် သူတို့ အိမ်စာစာအုပ်တွေမှာ မှတ်ချက်တွေလည်း ရေးပေးထားပြီးပြီ၊ မနက်ဖြန် ကျောင်းသွားဖို့ လိုတဲ့ ပြဋ္ဌာန်းစာအုပ်တွေနဲ့ အနီရောင်ပုဝါတွေကိုတောင် အိတ်ထဲ ထည့်ပေးပြီးပြီနော်"

လင်းရှောင်ယွီမှာမူ အနည်းငယ် သံသယဝင်နေဆဲ ဖြစ်သည်။ သူမခင်ပွန်းမှာ တစ်ခါမှ အားကိုးရသူမဟုတ်သဖြင့် ကလေးတွေအိမ်စာများကို သူမကိုယ်တိုင် ပြန်စစ်ရန် ဆုံးဖြတ်လိုက်၏။ ဧည့်ခန်းထဲရှိ ကျောင်းလွယ်အိတ်များထဲတွင် ဘာသာရပ်အလိုက် အိမ်စာစာအုပ်များနှင့် ပြဋ္ဌာန်းစာအုပ်များကို သပ်သပ်ရပ်ရပ် စီထည့်ထားသည်။ လင်းရှောင်ယွီသည် အိမ်စာစာအုပ်များကို ဂရုတစိုက် ထုတ်ယူကာ တစ်အုပ်ချင်းစီ လှန်လှောကြည့်ရှုတော့သည်။ သူမသည် ဖုန်းထဲရှိ မိဘအဖွဲ့ထဲသို့ ဆရာမ ပေးပို့ထားသော အိမ်စာစာရင်းနှင့် တစ်ခုချင်း တိုက်စစ်ကြည့်နေ၏။ အိမ်စာတစ်မျက်နှာချင်းစီကို လှန်ကြည့်နေစဉ် သူမမျက်ခုံးတန်းများမှာ အစပိုင်းတွင် အနည်းငယ် တွန့်ချိုးသွားသော်လည်း တဖြည်းဖြည်းနှင့် ပြေလျော့သွားသည်။ ယခုတစ်ကြိမ်တွင် ကလေးများ၏ လက်ရေးမှာ ကလေးလက်ရေးအတိုင်း ဖြစ်နေဆဲ ဖြစ်သော်လည်း သပ်သပ်ရပ်ရပ် ရှိလှပြီး စိတ်ပါလက်ပါလုပ်ထားကြောင်း ထင်ရှားနေ၏။

လင်းဟန်မော့၏ သင်္ချာအိမ်စာမှာ ပုစ္ဆာဖြေရှင်းပုံ အဆင့်ဆင့်မှာ ရှင်းလင်းနေပြီး တွက်ချက်မှုများမှာလည်း တိကျလှသည်။ လင်းယွဲ့ရှီ၏ တရုတ်စာအိမ်စာမှာမူ လက်ရေးသပ်ရပ်ရုံတင်မကဘဲ စာစီစာကုံးများမှာလည်း စိတ်ကူးယဉ်ဆန်လှ၏။ အိမ်စာတစ်ခုချင်းစီ၏ နောက်တွင်လည်း အမှားပြင်ထားသည့် အမှတ်အသားများ၊ ရဲရဲတောက်နေသော မှတ်ချက်များနှင့် အချို့နေရာများတွင် အားပေးစကားများကိုပင် တွေ့ရသည်။ လင်းရှောင်ယွီသည် အိမ်စာစာအုပ်များကို ညင်သာစွာ ပိတ်ကာ လွယ်အိတ်ထဲသို့ ပြန်ထည့်လိုက်သည်။ အခုမှပဲ သူမ တကယ်ကို စိတ်အေးသွားရတော့သည်။ သူမခင်ပွန်းမှာ ကလေးတွေ၏ အိမ်စာများကို စစ်ဆေးပြင်ဆင်ပေးရုံတင်မကဘဲ ကျောင်းသုံးကိရိယာ အစုံအလင်ကိုပါ အိတ်ထဲ ထည့်ပေးထားသည် မဟုတ်ပါလား။ သူမသည် နယ်မှ အိမ်ကို အပြေးအလွှား ပြန်လာခဲ့ရခြင်းမှာ ကလေးနှစ်ယောက် အိမ်စာမပြီးမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။ အခုတော့ သူမ စိတ်အေးလက်အေး နားနားနေနေ နေနိုင်ပြီဖြစ်၏။

"ဒီနှစ်ရက်အတွင်း တကယ်ပင်ပန်းသွားပြီနော်"

လင်းရှောင်ယွီ ကျေးဇူးတင်ကြောင်း ဖော်ပြသည့်အနေဖြင့် ရွှီကွမ်းချန်ကို အနမ်းတစ်ချက် ပေးလိုက်သည်။ တစ်ပတ်ကြာ စီးပွားရေးခရီးစဉ်ကြောင့် သူမ ပင်ပန်းနွမ်းနယ်နေသော်လည်း ဤအခိုက်အတန့်တွင် သူမ၏ နွေးထွေးသောအိမ်သို့ ပြန်ရောက်လာပြီး စိတ်ဖိစီးမှုနှင့် ပင်ပန်းမှုအားလုံးကို ခေတ္တခဏ မေ့ဖျောက်ထားနိုင်ခဲ့ပြီ ဖြစ်သည်။ သူမသည် ဆိုဖာပေါ်သို့ ပစ်လှဲချလိုက်ရာ သူမခန္ဓာကိုယ်မှာ နူးညံ့သော ထိုင်ခုံများကြားထဲသို့ နစ်ဝင်သွားတော့၏။ မုန်တိုင်းဒဏ်ကို အလူးအလဲ ခံစားခဲ့ရသော လှေငယ်တစ်စင်းသည် ဆိပ်ကမ်းသို့ ဆိုက်ကပ်ကာ အေးချမ်းသော နားခိုရာကို ရှာတွေ့သွားသကဲ့သို့ပင်။ သူမ နောက်ဆုံးတော့ ကောင်းကောင်း အနားယူနိုင်ပြီ ဖြစ်သည်။ ရွှီကွမ်းချန်မှာမူ အနမ်းခံလိုက်ရသောပါးကို ပြန်ကိုင်ရင်း စိတ်ထဲ၌ ပျံတက်မတတ်ဖြစ်သွားသည်။

"ဟီးဟီး မိန်းမရာ၊ ကိုယ်လုံးဝမပင်ပန်းပါဘူး"

"တကယ်လား"

ရွှီကွမ်းချန်၏အဖြေကို ကြားရသောအခါ လင်းရှောင်ယွီ၏မျက်ခုံးလေးများမှာ အနည်းငယ် မြင့်တက်သွားပြီး မျက်လုံးထဲတွင် စူးစမ်းလိုစိတ်များ ဖြတ်ပြေးသွားသည်။ ခင်ပွန်းဖြစ်သူ၏ အဖြေကြောင့် သူမ အတော်လေး အံ့သြသွားရ၏။ သူမသည် ရွှီကွမ်းချန်၏စရိုက်ကို ကောင်းကောင်းသိသည်။ သူသည် အမြဲတမ်း ပွင့်လင်းပြီး ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိတတ်သော်လည်း နှိမ့်ချတတ်သူတော့မဟုတ်ပေ။ အရင်ကဆိုလျှင် သူမ ဤကဲ့သို့ ချီးကျူးလိုက်သည်နှင့် သူသည် ကောင်းကင်ဘုံသို့ ရောက်သွားသလို ပျော်ရွှင်ကာ ကိုယ့်ကိုကိုယ်အမွန်းတင်တော့မည် ဖြစ်သည်။ ဒီတစ်ခါမှာ ဘာတွေ ထူးခြားနေတာလဲ။ သူ ပြောင်းလဲသွားတာလား။

"တကယ်ပါ မိန်းမရယ်၊ ဒီတစ်ခါတော့ ကိုယ်တကယ် မပင်ပန်းခဲ့ဘူး"

ရွှီကွမ်းချန်မှာလည်း ကြွားချင်သော်လည်း ဤတစ်ကြိမ်တွင် သူ တကယ် ဘာမှ မလုပ်ခဲ့ရပေ။

"ရှောင်ယွီ၊ ဒီမှာကြည့်ဦး"

သူ့အသံတွင် ဂုဏ်ယူဝင့်ကြွားမှုများ ပါဝင်နေပြီး သူ့ဖုန်းကို လင်းရှောင်ယွီအားပေးကာ ဓာတ်ပုံအယ်လ်ဘမ်ကိုပြလိုက်သည်။ လင်းရှောင်ယွီသည် ဖုန်းကို ယူလိုက်သည်နှင့် သူမအကြည့်များမှာ မျက်နှာပြင်ပေါ်သို့ ချက်ချင်း ရောက်သွား၏။ ဖျော်ဖြေပွဲခန်းမတစ်ခုတွင် လက်ကမ်းစာစောင်များကို ကိုင်ထားသော ကလေးနှစ်ယောက်၏ အမှတ်တရပုံကို သူမတွေ့လိုက်ရသည်။ လင်းဟန်မော့နှင့် လင်းယွဲ့ရှီတို့သည် ခန်းမရှေ့တွင် လက်ချင်းတွဲထားကြပြီး ခုနလေးတင်ကြည့်ခဲ့သော ဖျော်ဖြေပွဲအကြောင်းကို စိတ်လှုပ်ရှားစွာပြောဆိုနေကြသည်။ သူတို့သည် ထိုဂီတပွဲတော်ကို အလွန်ပင်နှစ်ခြိုက်သဘောကျခဲ့ပုံရ၏။ နောက်ထပ် ဗီဒီယိုတစ်ခုတွင်မူ ကလေးနှစ်ယောက်သည် ရက်ကန်းရက်နည်းကို အတူတကွ ဆွေးနွေးနေကြသည်။ သူတို့နှစ်ယောက် ခေါင်းချင်းရိုက်ကာ ချည်လုံးများကို ကိုင်ထားကြပြီး သူတို့နှစ်သက်သော အရောင်များကို အလေးအနက် ရွေးချယ်နေကြသည်။ ကလေးနှစ်ယောက်သည် အပေးအယူမျှတစွာ လုပ်ဆောင်ရင်း ကလေးဆန်သော စိတ်ကူးယဉ်မှုများ ပြည့်နှက်နေသည့် အရောင်စုံ ရက်ကန်းထည်လေးတစ်ခုကို ဖန်တီးခဲ့ကြ၏။ ဗီဒီယိုထဲတွင် ရက်ကန်းအလုပ်ပြီးသွားသောအခါ ကလေးနှစ်ယောက်သည် ကင်မရာသို့ စိတ်လှုပ်ရှားစွာပြသကြပြီး သူတို့မျက်နှာများမှာ ဂုဏ်ယူမှုနှင့် ပျော်ရွှင်မှုများဖြင့် ဝင်းပနေသည်။

"မေမေ့အတွက် မေမေ့အတွက်"

ဤသို့ တတွတ်တွတ်ခေါ်ဆိုနေကြသဖြင့် လင်းရှောင်ယွီ၏ရင်ထဲ၌ နွေးထွေးသွားရသည်။ လင်းရှောင်ယွီသည် ဓာတ်ပုံများကို ဆက်လက်လှန်ကြည့်နေမိ၏။ ကလေးနှစ်ယောက် လက်ရေးလှ လေ့ကျင့်နေကြသည့် ပျော်ရွှင်စရာပုံရိပ်များကို သူမတွေ့လိုက်ရသည်။ သူတို့မျက်နှာများမှာ မှင်များပေပွနေသော်လည်း ဂရုမစိုက်ကြဘဲ ရွှမ်စက္ကူပေါ်တွင် အာရုံစိုက်ကာ ရေးသားနေကြဆဲ ဖြစ်သည်။ လင်းယွဲ့ရှီမှာ သူမနာမည်ကို ပြောင်းဖို့အတွက် အငြင်းအခုန်ဖြစ်နေပုံမှာ တကယ့်ကို ရယ်စရာကောင်းလှသည်။ ကြားထဲတွင် ရွှီကွမ်းချန်၏ ဓာတ်ပုံအနည်းငယ်လည်း ပါနေသေးသည်။ သူသည် လောကီနှင့်မသက်ဆိုင်သလို အရှိန်အဝါရှိသော ဆရာကြီးတစ်ဦးနှင့်အတူ ထိုက်ချီကိုကျက်သရေရှိရှိ ကစားနေပြီး ကြည့်ရသည်မှာ သူ့ပေါ့ပြက်ပြက်စရိုက်များ ပျောက်ကွယ်ကာ အတော်လေးပင် ချောမောနေပုံရသည်။

"ဝုန်း"

ဗီဒီယိုထဲမှ ရေသံတစ်ခု ထွက်ပေါ်လာသည်။ လင်းဟန်မော့နှင့် လင်းယွဲ့ရှီတို့သည် ရေကူးနည်းပြနှင့်အတူ ရေကူးကန်ထဲတွင် ရေကစားနေကြသည်ကို သူမတွေ့လိုက်ရ၏။ သူတို့ရယ်မောသံများမှာ ရေပြင်ပေါ်တွင် ပဲ့တင်ထပ်နေပြီး ကြည့်ရသူကို လန်းဆန်းတက်ကြွစေသည်။ ယုံကျန်းမြို့၏ အထက်တန်းကျောင်းဝင်ခွင့် စာမေးပွဲတွင် ရေကူးစစ်ဆေးခြင်းလည်း ပါဝင်သည်။ လင်းရှောင်ယွီသည် မူလက လင်းဟန်မော့ မူလတန်းကျောင်းဆင်းလျှင် ရေကူးသင်ပေးရန် စီစဉ်ထားသော်လည်း သူအမြဲတမ်း ငြင်းဆန်ခဲ့ပြီး ရေကြောက်ကြောင်း ပြောဆိုခဲ့သည်။ သို့သော် ဗီဒီယိုထဲတွင်မူ လင်းဟန်မော့သည် ရေကြောက်စိတ်ကို လုံးဝကျော်လွှားသွားပုံရသည်။ သူသည် ရေထဲတွင် ကူးခတ်နေပြီး သူ့မျက်နှာလေးမှာ အတားအဆီးမဲ့ ပျော်ရွှင်မှုများဖြင့် ဝင်းပနေသည်။ သူ့လက်ကလေးဖြင့် နည်းပြကို ဖမ်းကိုင်ထားပြီး မလွှတ်တမ်း ကပ်နေလေသည်။ ရေပက်သံများနှင့် ရယ်မောသံများမှာ လေထုထဲ၌ ပြည့်နှက်နေပြီး ထိုပေါ့ပါးပျော်ရွှင်မှုများက လင်းရှောင်ယွီကို များစွာ စိတ်သက်သာရာရစေသည်။

သားဖြစ်သူက နည်းပြကို တတွတ်တွတ် ဖက်တွယ်နေသဖြင့် လင်းရှောင်ယွီသည်လည်း နည်းပြကို အနည်းငယ်ပို၍ အာရုံစိုက်ကြည့်လိုက်မိသည်။ ဒီနည်းပြက အရမ်းချောတာပဲမဟုတ်လား။ သူ့အပြုံးမှာလှသလို အသံမှာလည်း အရမ်းကို နူးညံ့သည်။ သူမသားနှင့်သမီးမှာ သူ့ကို ဒီလောက်တောင်ကြိုက်နေတာ မဆန်းပါဘူး။ ဒါပေမဲ့ နည်းပြ၏အသံမှာ အတော်လေးကိုသြနေ၏။ကလေးတွေအရမ်းဆိုးလို့ နည်းပြ ပင်ပန်းသွားတာထင်ပါရဲ့။ လင်းရှောင်ယွီ နည်းပြရှောင်ချန်းကို ထပ်ကြည့်ချင်နေသေးသည်ကိုမြင်သောအခါ ရွှီကွမ်းချန်သည် ဖုန်းကို အမြန်ပင်ပိတ်လိုက်တော့သည်။

"ဘယ်လိုလဲ မိန်းမ ကိုယ် မလိမ်ပါဘူးမလား၊ ကိုယ်တကယ် မပင်ပန်းဘူး၊ ကလေးတွေက လှုပ်ရှားမှုတွေ အများကြီးမှာ ပါဝင်ခဲ့ကြတာလေ"

လင်းရှောင်ယွီသည် ကလေးများမှာ လှုပ်ရှားမှု စုစုပေါင်း ငါးခုမှာ ပါဝင်ခဲ့ကြောင်း၊ မနက်ကနေ ညအထိ အချိန်ဇယားမှာ အပြည့်ဖြစ်နေကြောင်း တွက်ချက်လိုက်သည်။ ဤကဲ့သို့ဆိုလျှင် မိဘတွေအပေါ် ကျရောက်မည့် ဖိအားမှာ သိသိသာသာ လျော့နည်းသွားမည် ဖြစ်၏။

"ဘယ်လောက် ကုန်သွားလဲ"

သူမက မေးလိုက်သည်။ လင်းရှောင်ယွီသည် လှုပ်ရှားမှု အတန်းတစ်ခုလျှင် ယွမ် နှစ်ရာမှ သုံးရာကြားရှိမည်ဟု ခန့်မှန်းလိုက်ရာ ကလေးနှစ်ယောက် ငါးတန်းစီတက်ခဲ့မည်ဆိုပါက အနည်းဆုံး ယွမ်၂၀၀၀ခန့် ကုန်ကျမည်ဖြစ်၏။ ဤပမာဏမှာ သူမတို့မိသားစုအတွက် မတတ်နိုင်သော အရာမဟုတ်သော်လည်း သိသာထင်ရှားသော အသုံးစရိတ်တစ်ခုဖြစ်သည်။ လင်းရှောင်ယွီသည် ကပ်စေးနှဲတတ်သူ မဟုတ်ပေ။ ကလေးတွေအတွက် သုံးရသောငွေမှာ ထိုက်တန်ကြောင်း သူမသိသည်။ ကလေးတွေ ပျော်ရွှင်မှုနဲ့ ဖွံ့ဖြိုးမှု ရနိုင်မယ်ဆိုရင် ငွေမှာ အရေးမကြီးပေ။ သို့သော် မိသားစု၏ဘဏ္ဍာရေး စီမံခန့်ခွဲသူတစ်ဦးအနေဖြင့် ရေရှည် ငွေကြေးဖိအားနှင့် အနာဂတ်၏ မရေရာမှုများကိုလည်း သူမထည့်သွင်းစဉ်းစားရန် လိုအပ်သည်။

သူမသည် သက်ပြင်းတစ်ချက်ကို အသာချလိုက်ရင်း ဤကလေးများ၏ လှုပ်ရှားမှုများအတွက် ဘတ်ဂျက်ပိုထွက်လာအောင် မိသားစု အသုံးစရိတ်ကို ဘယ်လိုညှိရမလဲကိုတွက်ချက်တော့သည်။ မလိုအပ်သော ဈေးဝယ်ခြင်းကို လျှော့ချရန် သို့မဟုတ် နေ့စဉ် အသုံးစရိတ်များကို ပြုပြင်ပြောင်းလဲရန်စသည့် ချွေတာရေးနည်းလမ်းအချို့ကို သူမ စဉ်းစားလိုက်သည်။ စျေးသက်သာတဲ့ အရေပြားထိန်းသိမ်းမှု ပစ္စည်းတွေကို သုံးသင့်သလား။ ဒီနှစ်တော့ ခင်ပွန်းဖြစ်သူအတွက် အတွင်းခံအသစ်မဝယ်ပေးတော့ရင် ကောင်းမလား။ ရွှီကွမ်းချန်သည် လက်ချောင်းကလေးများဖြင့် (၆) ဂဏန်းပုံစံလုပ်ပြလိုက်သည်။

"ယွမ်၆၀၀ပဲ"

"ယွမ်၆၀၀ဟုတ်လား၊ ကလေးနှစ်ယောက်လုံးအတွက် စုစုပေါင်းယွမ် ၆၀၀ပဲလား"

သူမသည် ခင်ပွန်းဖြစ်သူ၏စကားကို သံသယအပြည့်ဖြင့် ပြန်မေးလိုက်သည်။ ရွှီကွမ်းချန် ခေါင်းကိုကုပ်ရင်း ပြောလိုက်သည်။

"အော် ပြီးတော့"

လင်းရှောင်ယွီ သူ့ကိုကြည့်ကာ 'သိသားပဲ' ဆိုသည့် အမူအရာကို ပြလိုက်သည်။ သူမ ပြောသားပဲ။ သင်တန်းကျောင်းတစ်ခုမှာ ဘယ်လိုလုပ် ဒီလောက်ဈေးသက်သာမှာလဲ။

"ကလေးနှစ်ယောက်ရဲ့ အိမ်စာလမ်းညွှန်မှုအတွက် ယွမ်၂၀၀ထပ်ဖြည့်ထားသေးတယ်"

ရွှီကွမ်းချန် သတိရသွားသည်။ သူသည် စမတ်မှန်အတွက် 'စွမ်းအင်' ကိုလည်း ထပ်ဖြည့်ခဲ့သေးသည် မဟုတ်ပါလား။ လင်းရှောင်ယွီမှာ ဝုန်းခနဲထရပ်လိုက်သည်။ ကလေးနှစ်ယောက် အိမ်စာတွေကို ဘာလို့ ဒီလောက်မှန်မှန်နဲ့မြန်မြန်ဆန်ဆန်ပြီးသွားတာလဲဆိုတာ သူမ သိချင်နေခဲ့တာဖြစ်၏။ အိမ်စာတွေကိုပါ တခြားတစ်ယောက်က လမ်းညွှန်ပေးခဲ့တာဖြစ်လိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။ ထို့အပြင် ကလေးနှစ်ယောက် အိမ်စာလမ်းညွှန်ခက ယွမ်၂၀၀တည်းတဲ့လား။ ဒါက တကယ်ကို တန်လွန်းလှသည်။

"အဲဒါ ဘယ်သင်တန်းကျောင်းလဲ၊ ဆိုင်သစ်ဖွင့်တဲ့ ပရိုမိုးရှင်းများလား၊ နာမည်ကို မြန်မြန်ပြောဦး၊ နိုမီရဲ့အမေကိုပါ ညွှန်းချင်လို့ "

လင်းရှောင်ယွီမှာ အလွန်ပင်စိတ်လှုပ်ရှားသွားတော့သည်။

260

လင်းရှောင်ယွီသည် သူမခင်ပွန်းနောက်သို့ တကောက်ကောက်လိုက်ရင်း သူမရင်ထဲရှိ သံသယများကို ဖြေဖျောက်ရန်အတွက် အသေးစိတ်အချက်အလက်အားလုံးကို စေ့စေ့စပ်စပ် မေးမြန်းနေတော့သည်။ ရွှီကွမ်းချန် ရှင်းပြလိုက်သောအခါမှသာ သူမကလေးများ ပါဝင်ဆင်နွှဲခဲ့သော လှုပ်ရှားမှုများသည် သင်တန်းကျောင်းတစ်ခုမှ မဟုတ်ဘဲ တည်းခိုခန်းတစ်ခုမှ ဖြစ်ကြောင်း သူမ နောက်ဆုံးတွင် နားလည်သွားတော့သည်။ ဤအချက်မှာ သူမကို အံ့အားသင့်စေသလို မယုံကြည်နိုင်လောက်အောင်လည်း ဖြစ်သွားစေသည်။

"တကယ်ကြီး သင်တန်းကျောင်း မဟုတ်ဘူးလား၊ တည်းခိုခန်းတစ်ခု ဟုတ်လား"

လင်းရှောင်ယွီ၏အသံတွင် အံ့သြမှုများ သိသိသာသာ ပါဝင်နေသည်။ သူမ၏ ရှေးရိုးစွဲအမြင်အရ တည်းခိုခန်းဆိုသည်မှာ တည်းခိုနားနေရန်နေရာသက်သက်သာ ဖြစ်သော်လည်း ယခုအခါ ဤတည်းခိုခန်းမှာ စုံလင်လှပပြီး စိတ်ဝင်စားစရာကောင်းသည့် လှုပ်ရှားမှုများကို ပေးစွမ်းနေခြင်းမှာ သူမမျှော်လင့်ချက်များကို လုံးဝကျော်လွန်နေခြင်းပင်။ အရေးကြီးဆုံးအချက်မှာ စျေးနှုန်း အလွန်ပင် သက်သာနေခြင်းဖြစ်သည်။ တစ်နာရီလျှင် ယွမ် နှစ်ရာ၊ သုံးရာ ပေးရသော သင်တန်းများနှင့် နှိုင်းယှဉ်ပါလျှင် ဟဲယဲ့တည်းခိုခန်း၏ တန်ဖိုးမှာ အနိမ့်ဆုံးအဆင့်သို့ ရောက်ရှိနေသည်။ လင်းရှောင်ယွီသည် ဤသတင်းကို နိုမီ၏အမေထံသို့ မျှဝေရန် မအောင့်နိုင်တော့ပေ။ သူမသည် သက်တူရွယ်တူ ကလေးရှိသော မိဘအချို့နှင့်အတူ ကလေးထိန်းကျောင်းရေးဆိုင်ရာ အဖွဲ့ တစ်ခု ဖွဲ့စည်းထားပြီး ထိုဂရုထဲတွင် ကလေးထိန်းနည်း အကြံပြုချက်များကို အမြဲမျှဝေလေ့ရှိသည်။

သူမ၏သမီးငယ် လင်းယွဲ့ရှီမှာ တတိယတန်းသို့ ရောက်နေပြီဖြစ်သဖြင့် သူတို့မိဘဂရုထဲရှိ အဖွဲ့ဝင်ဦးရေမှာလည်း တိုးပွားလာခဲ့သည်။ အဖွဲ့ထဲတွင် မည်သည့်သင်တန်းမှာ ပိုတန်သလဲ သို့မဟုတ် မည်သည့်ဆရာ၏ လမ်းညွှန်မှုမှာ ပိုထိရောက်သလဲ ဆိုသည်ကို လူတိုင်း မကြာခဏ ဆွေးနွေးလေ့ရှိကြသည်။ နိုမီ၏အမေမှာ ဂရု၏ပိုင်ရှင် ဖြစ်ပြီး သူမကလေးနှစ်ယောက် ယခင်က တက်ရောက်ခဲ့ဖူးသည့် ရလဒ်ကောင်းသော၊ ဆရာကောင်းသော သင်တန်းများကို နိုမီအမေမှပင် ညွှန်းဆိုပေးခဲ့ခြင်းဖြစ်သည်။ လင်းရှောင်ယွီမှာ အလုပ်အမြဲရှုပ်နေသဖြင့် နိုမီအမေမှာ သတင်းမှန်သမျှကို ပြောပြလေ့ရှိရာ ယခုအခါတွင်မူ သူမ ကျေးဇူးတုံ့ပြန်သည့်အနေဖြင့် ဤနေရာကောင်းလေးကို နိုမီအမေနှင့် ပြန်လည်မျှဝေလိုခြင်းဖြစ်သည်။ လင်းရှောင်ယွီသည် ဖုန်းကိုဖွင့်ကာ ရင်းနှီးနေသော ဂရုချက် ကို ရှာလိုက်ပြီးနောက် သူမလက်ချောင်းများမှာ မျက်နှာပြင်ပေါ်တွင် အလျင်အမြန်ပင် လှုပ်ရှားသွားတော့၏။

"@နိုမီရဲ့မေမေ ဒီတစ်ခါတော့ ကျွန်မခင်ပွန်းက တကယ့်ကိုအလုပ်တစ်ခု လုပ်လိုက်ပြီရှင်၊ ကလေးအတွက် နေရာကောင်းကြီးတစ်ခု သူရှာတွေ့ခဲ့တယ်"

သူမသည် ဟဲယဲ့တည်းခိုခန်းမှ ပေးစွမ်းသော ရေကူးသင်တန်း၊ ဂီတ၊ လက်မှုစမ်းသပ်ချက်များ၊ လက်ရေးလှသင်တန်း၊ ထိုက်ချီသင်တန်းနှင့် အိမ်စာလမ်းညွှန်မှုများအထိ လှုပ်ရှားမှုအမျိုးမျိုးကို အသေးစိတ် ဖော်ပြလိုက်သည်။ ထို့အပြင် ကလေးများ တည်းခိုခန်းတွင် ရှိနေစဉ်က ဓာတ်ပုံများနှင့် ဗီဒီယိုများကိုလည်း မျှဝေပေးလိုက်ရာ ဂရုထဲရှိ မိဘများအနေဖြင့် ကလေးများ၏ ပျော်ရွှင်မှုနှင့် ရရှိလာသော အကျိုးကျေးဇူးများကို ကိုယ်တိုင်မြင်တွေ့ခံစားနိုင်စေ၏။

"ပြီးတော့ ဈေးနှုန်းက ဘယ်လောက်လဲ ခန့်မှန်းကြည့်ပါဦး၊ ကလေးနှစ်ယောက်နဲ့ လူကြီးတစ်ယောက်၊ ရှုကျီနှစ်ယောက်အိပ်ခန်းကို ဘိုကင်လုပ်တာ စုစုပေါင်း ယွမ် (၆၀၀)ပဲကုန်တယ် "

လင်းရှောင်ယွီ ဈေးနှုန်းကိုအလေးပေး ပြောကြားလိုက်သည်။ ဂရုထဲရှိ မိဘများသည် လင်းရှောင်ယွီ၏စာသားကြောင့် လျင်မြန်စွာပင် အာရုံစိုက်လာကြ၏။ နိုမီ့အမေမှာ အလုပ်ရှုပ်နေပုံရပြီး ချက်ချင်းပြန်မဖြေနိုင်သေးသော်လည်း အခြားမိဘများမှာ စတင်ဆွေးနွေးလာကြသည်။ သူတို့သည် တည်းခိုခန်း၏ တည်နေရာအတိအကျ၊ လှုပ်ရှားမှုများ၏ အသေးစိတ်အစီအစဉ်နှင့် ဘယ်လိုဘိုကင်လုပ်ရမလဲဆိုသည်ကို မေးမြန်းကြသည်။ လင်းရှောင်ယွီ မေးခွန်းတစ်ခုချင်းစီကို စိတ်ရှည်လက်ရှည် ဖြေကြားပေးသည်။

လျိုလျို၏အဖေ - "ယွဲရှီရဲ့အမေ အဲဒီစမတ်မှန်က တကယ်ပဲ အိမ်စာလုပ်တာကို ကူညီပေးနိုင်တာလား"

လျိုလျို၏အဖေမှာ သူ့ကလေး၏အိမ်စာများကြောင့် ရူးမတတ်ဖြစ်နေရသူဖြစ်သည်။ သူ့ကလေးမှာ အသက်ပိုကြီးပြီး ခြောက်တန်းရောက်နေပြီဖြစ်ရာ မေးခွန်းအများစုမှာ အလယ်တန်းအဆင့်နှင့် စတင်နီးစပ်နေပြီး အခက်အခဲမှာလည်း တိုးလာခဲ့၏။ သို့သော် ကလေးမှာ အိမ်စာလုပ်လျှင် အမြဲတမ်းအချိန်ဆွဲတတ်ပြီး ရိုးရှင်းသော ပုစ္ဆာအချို့ကိုပင် သူကိုယ်တိုင် စဉ်းစားမရဘဲဖြစ်နေတတ်သည်။ အိမ်စာသင်ပေးသည့် အကြိမ်တိုင်းတွင် သူသည် နှလုံးရောဂါပင် ရတော့မလို ခံစားရတတ်သည်။ ပိတ်ရက်များတွင် အိမ်စာသင်ပေးရန် တက္ကသိုလ်ကျောင်းသားများကို ငှားရမ်းခဲ့ဖူးသော်လည်း ကလေးမှာ စာပွဲခုံမှာထိုင်နေရင်း အမြဲငြီးငြူပြီး အိမ်စာမလုပ်ဘဲ ဂျီကျနေတတ်၏။

သူအချိန်ဆွဲပြီး အိမ်စာမလုပ်လေလေ၊ အိမ်စာလုပ်ရန် အချိန်ပိုပေးရလေလေ ဖြစ်ပြီး အဆုံးမရှိသော သံသရာထဲသို့ ပိတ်မိနေတော့သည်။ တက္ကသိုလ်ကျောင်းသားများကို တစ်နာရီယွမ် (၁၀၀)ပေးရသဖြင့် အပတ်တိုင်း ယွမ် လေး၊ ငါးရာ ကုန်ကျသော်လည်း ထိရောက်မှုမှာ အလွန်နည်းပါးလှ၏။ လျိုလျို၏အဖေသည် ယွဲရှီ၏အမေမျှဝေမှုကိုမြင်သောအခါ မျှော်လင့်ချက်ရရှိသွားသည်။ တည်းခိုခန်းတွင် အိမ်စာလည်း သင်ပေးနိုင်သလို ကလေးမှာ လှုပ်ရှားမှုများတွင်လည်း ပါဝင်နိုင်သည်။ သူ့မှာကလေးကို လှုပ်ရှားမှုတစ်ခုတက်ခိုင်းပြီးနောက် အိမ်စာပြန်လုပ်ခိုင်းကာ တစ်လှည့်စီလုပ်ဆောင်စေမည်ဆိုလျှင် ကလေးမှာလည်း ပျင်းရိငြီးငွေ့နေတော့မည် မဟုတ်ပေ။ လင်းရှောင်ယွီ ဗီဒီယိုတစ်ခုပေးပို့လိုက်သည်။

"ကျွန်မခင်ပွန်းရိုက်ထားတဲ့ ဗီဒီယိုကို ကြည့်လို့ရပါတယ်၊ ကျွန်မသမီးငယ် မှန်ထဲကနေ သင်္ချာပုစ္ဆာတွေကို သင်ယူနေတာကို ပြထားတယ်၊ အဲဒီမှန်က ရှင်းပြတာ တကယ်ကို ကောင်းတယ်လို့ ကျွန်မထင်တယ်"

" ဒါက ကျွန်မကလေးအတွက် အခုလေးတင် ဝယ်ပေးထားတဲ့ သင်ကြားရေးစက်ထက်တောင် အများကြီး ပိုကောင်းနေသေးတယ်"

ရှီဟန်၏အမေလည်း ဂရုထဲတွင် ပြောလိုက်ရာ သူမစကားများထဲ၌ မနာလိုမှုနှင့် နောင်တရမှုတို့ ရောယှက်နေသည်။ သူမသည် AI ဖြင့် သင်ကြားပေးနိုင်သည်ဟု ကြော်ငြာထားသော နာမည်ကြီး သင်ကြားရေးစက်အကြောင်းကို ပြောလိုက်ခြင်းဖြစ်၏။ သူမနှင့် သူမခင်ပွန်းတို့မှာ ကြော်ငြာထဲရှိ ခေတ်မီနည်းပညာအသုံးအနှုန်းများနှင့် ကတိကဝတ်များကြောင့် ဆွဲဆောင်ခံလိုက်ရပြီး ကလေးအတွက် ဈေးကြီးလှသော ဤသင်ကြားရေးကိရိယာတွင် ရင်းနှီးမြှုပ်နှံခဲ့ကြသည်။ သို့သော် အမှန်တကယ် အသုံးပြုသည့်အခါတွင်မူ ထိုစက်၏ စွမ်းဆောင်ရည်မှာ သူတို့မျှော်လင့်ချက်နှင့် အလှမ်းဝေးကွာနေခဲ့သည်။ ရှီဟန်၏အမေမှာ အလိမ်ခံလိုက်ရသည့်ပုံစံဖြင့် ပြောလိုက်သည်။

"သင်ကြားရေးစက်ထဲက AI စနစ်က အိမ်စာသင်ပေးတဲ့အခါကျတော့ ငတုံးကြီးလိုပဲရှင်၊ အဖြေတွေကိုပဲ စက်ရုပ်လို ပြောပြနေပြီး ကလေးရဲ့မေးခွန်းတွေကို လုံးဝနားမလည်ဘူး"

သူမ ဆက်ပြောသည်။

"ကျွန်မတို့ ရှီဟန်ဆိုရင် ဒီ AI နဲ့အတူ ပျင်းဖို့တောင် သင်ယူနေပြီ၊ သူမ ဖြေရှင်းလို့မရတဲ့ပုစ္ဆာနဲ့တွေ့တိုင်း AI ဆီက အဖြေကိုပဲတောင်းနေတော့ ကိုယ်တိုင် လုံးဝမစဉ်းစားတော့ဘူး၊ အခုတော့ သူမကို အဲဒါမသုံးခိုင်းရဲတော့ဘူး၊ ဒါနဲ့ အဲဒီတည်းခိုခန်းက စမတ်မှန်ကိုရောင်းတာလား"

ဖုန့်ကွမ်၏အမေမှာလည်းဝင်ပြောလိုက်သည်။

"လက်ရေးလှပညာသင်ပေးတဲ့ ဆရာကြီးဝေကို ကျွန်မ သိတယ်၊ သူက အရမ်းနာမည်ကြီးတာ၊ ကျွန်မတို့ဖုန့်ကွမ်က လက်ရေးလှပညာကို အရမ်းစိတ်ဝင်စားတာလေ၊ ညတိုင်း ဆရာကြီးဝေရဲ့ သင်ခန်းစာတွေကို သူလိုက်လုပ်နေတာလေ၊ ဒီတည်းခိုခန်းက နည်းနည်းဝေးတော့ သူစာမေးပွဲမှာ အမှတ်ကောင်းရင် ဟဲယဲ့တည်းခိုခန်းကို ခေါ်သွားပြီး ဆရာကြီးနဲ့ လူချင်းတွေ့ပြီး သင်ခိုင်းမယ်လို့ ကျွန်မကတိပေးထားတယ်၊ ဒီတည်းခိုခန်းမှာ အခုလို လှုပ်ရှားမှုတွေ အများကြီးရှိနေမယ်လို့ ကျွန်မ မထင်ထားဘူး "

"ဝါး ရှင်တို့ သတိမထားမိကြဘူးလား၊ ဒီနည်းပြက အရမ်းချောတာပဲ၊ ပြီးတော့ သူ့ရဲ့ ရေကူးပုံစံကလည်း တကယ့်ကို စံနှုန်းမီတယ်"

ရှီးရှီး၏အမေမှာမူ သူမအမြင်မှာ တစ်မျိုးဖြစ်နေသည်။ ဂရုထဲရှိ မိဘများသည် အလွန်ပင် တက်ကြွစွာ ပြောဆိုဆွေးနွေးနေကြ၏။ နာရီဝက်ခန့် ကြာပြီးနောက်တွင် နိုမီ၏အမေမှာ ချက်တင်မှတ်တမ်း (၉၉၉+) ကို ဖတ်ပြီးမှ နောက်ဆုံးတွင် ရောက်ရှိလာတော့သည်။ နိုမီ၏အမေ ဝင်ပြောလိုက်သည်။

"ယွဲရှီရဲ့အမေ၊ ဒီနေ့ ဆွေးနွေးထားတဲ့ အကြောင်းအရာတွေကို စာရွက်စာတမ်းတစ်ခုအဖြစ် လုပ်ပေးပါလား၊ ဒါမှ ကျွန်မလည်း တခြားမိဘတွေကို အကြံပြုညွှန်းဆိုပေးလို့ရမှာ “

All Chapters