အခန်း (၂၅၁-၂၅၂)
Vol. 26 Ch. 251-252
251
အပြင်ဘက်တွင် တစ်ပတ်,ပတ်ကြည့်ပြီး ဓာတ်ပုံများစွာရိုက်ကာ ကင်မရာဘက်ထရီပင် လဲလှယ်ပြီးနောက်တွင်မှ ရွှင်းကောနှင့်သူ့လက်ထောက်များသည် သူတို့ဘိုကင်တင်ထားသည့် President Suite သို့ နောက်ဆုံးပြန်ရောက်လာကြတော့သည်။ ဓာတ်လှေကားထဲသို့ဝင်လိုက်စဉ် လက်ထောက်တစ်ဦးမှ နောက်ပြောင်လိုက်၏။
"ရွှင်းကော၊ ကျွန်တော်တို့ ဒီအခန်းအတွက် ပိုက်ဆံတွေအပိုပေးလိုက်ရတာလားမသိဘူး၊ အခုတောင် ည (၁၀) နာရီထိုးနေပြီ၊ အိပ်ရရင်လည်း (၅) နာရီ (၆) နာရီလောက်ပဲ အိပ်ရတော့မှာ၊ မနက်ဖြန်လည်း ခရီးဆက်ရဦးမှာလေ"
ရွှင်းကော၏အဓိကအလုပ်မှာ Live လွှင့်ခြင်းဖြစ်သဖြင့် မနက်စောစောနိုးသည်နှင့် ညနေပိုင်း Liveအတွက် ပြင်ဆင်ရန် စတူဒီယိုသို့ အပြေးအလွှား ပြန်ရမည့်အစီအစဉ်ကို လက်ထောက်မှာ မှတ်မိနေခြင်းဖြစ်သည်။ ဆရာကြီးကျိပိုင်၏ သီးသန့်အခန်းလက်မှတ်များကို ကြိုတင်ဝယ်ယူထားပြီးဖြစ်သော ရွှင်းကောမှာ ထိုမေးခွန်းကိုမဖြေချင်သဖြင့် မျက်လုံးများကို ဟိုလှည့်ဒီလှည့်လုပ်နေမိ၏။ သူသည် ဓာတ်လှေကားအတွင်းကိုသာ စိုက်ကြည့်နေပြီး ဓာတ်လှေကားထဲမှ ပန်းပွင့်များထွက်လာတော့မည့်အတိုင်း အာရုံလွှဲနေလေသည်။
"ဒီဓာတ်လှေကားက တော်တော်လေး ကောင်းတာပဲ"
ရွှင်းကော ရုတ်တရက်ပြောလိုက်သည်။ လက်ထောက်မှာ အနည်းငယ် ဇဝေဇဝါဖြစ်သွားကာ ဓာတ်လှေကားကို တစ်ချက်ကြည့်လိုက်၏။ ရွှင်းကော ဘာကြောင့် ရုတ်တရက်ကြီး အကြောင်းအရာကို ဓာတ်လှေကားဘက်လှည့်လိုက်သည်ကို သူ နားမလည်ပေ။
"ဒီဓာတ်လှေကားက တကယ်ကောင်းပါတယ်၊ တော်တော်လေးလည်း မြန်တာပဲ"
ရွှင်းကော၏စကားကြောင့် လက်ထောက်မှာ ဓာတ်လှေကားကို သေချာစစ်ဆေးကြည့်သည့်အခါ ၎င်းမှာ တကယ်ပင်ထူးခြားနေကြောင်း တွေ့လိုက်ရသည်။ သာမန်ဓာတ်လှေကားများကဲ့သို့မဟုတ်ဘဲ ၎င်းကို တောက်ပသော အစိမ်းရောင်များဖြင့် ဖုံးအုပ်ထား၏။ ဓာတ်လှေကားကြမ်းပြင်မှာ သစ်ရွက်ကြီးတစ်ရွက်ပေါ် နင်းထားရသကဲ့သို့ နူးညံ့အိစက်နေပြီး တောအုပ်တစ်ခုထဲ ရောက်နေသလားဟုပင် ထင်မှတ်ရစေသည်။ လတ်ဆတ်သော အပင်ရနံ့များမှာ ဓာတ်လှေကားအတွင်းပြည့်နှက်နေပြီး ပန်းရနံ့နှင့် သစ်ရွက်ရနံ့တို့ ရောယှက်နေသည့် သဘာဝရနံ့မှာ အသက်ရှူတိုင်းကို စိတ်ကျေနပ်ပြီး အေးချမ်းစေသည်။ ဓာတ်လှေကား၏ အလယ်ဗဟိုတွင် ကြမ်းပြင်မှ အထက်သို့ နွယ်ပင်ကြီးတစ်ပင်မှ ကျော့ရှင်းစွာ တက်သွားပြီး စိမ်းစိုဝေဆာနေသည်။ ထိုနွယ်ပင်ထဲတွင် ထိန်းချုပ်ခလုတ်များကိုလည်း လိမ္မာပါးနပ်စွာ ထည့်သွင်းထားသည်။
လက်ထောက်အကြည့်မှာ ထိန်းချုပ်ခလုတ်ပေါ်ရှိ လည်ပတ်ခလုတ်တစ်ခုဆီသို့ ရောက်သွားသည်။ ၎င်းမှာချောမွတ်တောက်ပနေပြီး မျက်နှာကြက်ပန်ကာအရှိန်ထိန်းခလုတ်နှင့် အလွန်တူလှ၏။ စူးစမ်းချင်စိတ်ဖြင့် လက်ထောက်သည် ထိုခလုတ်ကို အဆုံးအထိလှည့်ချလိုက်သည်။ ဓာတ်လှေကားအတွင်းပိုင်းမှာ စက္ကန့်ပိုင်းခန့် ရပ်တန့်သွားသည်။ လက်ထောက်မှာ သူစိတ်ထင်နေတာလားဟု တွေးမိတော့မည့်ဆဲဆဲမှာပင် ဒစ်ဂျစ်တယ်ဘောင်ပေါ်ရှိ အထပ်ပြနံပါတ်များမှာ အံ့အားသင့်ဖွယ် အရှိန်အဟုန်ဖြင့် ခုန်တက်သွားတော့သည်။ မူလက (၂)တွင် တည်ငြိမ်နေသောနံပါတ်မှာ ရုတ်တရက် အရှိန်မြင့်တက်လာကာ အပေါ်သို့ခုန်တက်သွားသည်။ လက်ထောက်မျက်လုံးများမှာ ခုန်တက်နေသောနံပါတ်များနောက်သို့ အမှီလိုက်နေရပြီး မနည်းလိုက်ကြည့်နေရသည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် နံပါတ်မှာ (၂)မှ (၁၆)သို့ ခုန်တက်သွားပြီဖြစ်၏။
ရွှင်းကောသည် ခန္ဓာကိုယ်ထဲတွင် ပေါ့ပါးသွားသည့်ခံစားမှုကို ခဏတာ ခံစားလိုက်ရသော်လည်း ဓာတ်လှေကား၏လည်ပတ်မှုမှာမူ အစဉ်အမြဲကဲ့သို့ ချောမွေ့နေဆဲပင်။ မည်သည့် တုန်ခါမှု သို့မဟုတ် ပြုတ်ကျသွားသည့် ခံစားချက်မျိုးမျှမရှိဘဲ သူတို့မှာရပ်နေမြဲဖြစ်ပြီး အထပ်နံပါတ်များသာ သူတို့ဘာသာပြောင်းလဲသွားသကဲ့သို့ ခံစားရသည်။ နံပါတ်မှာ (၁၆)တွင် တည်ငြိမ်သွားသည့်အခါ ဓာတ်လှေကားတံခါးများမှာ ညင်သာစွာပွင့်လာ၏။ ရွှင်းကော သူ့ရင်ဘတ်ထဲတွင် တဒိန်းဒိန်းတုန်နေသည့် နှလုံးသားကို ဖိထားရင်း တုန်တုန်ရင်ရင်ဖြင့် မေးလိုက်သည်။
"ဒါ ဒါကို ဗီဒီယိုရိုက်မိလိုက်လား"
လက်ထောက်များမှာ တစ်ယောက်ကိုတစ်ယောက်ထူပေးရင်း ကင်မရာကို တစ်ချက်ကြည့်လိုက်သည်။
"ရိုက် ရိုက်မိပါတယ်"
"ဒါဆို တော်သေးတာပေါ့၊ မြန်မြန် အဲ့ဒီခလုတ်ကို ပြန်လှည့်လိုက်တော့၊ မင်းတို့ ငါ့ကို သေမတတ်ကြောက်အောင်လုပ်တာပဲ"
ရွှင်းကော သက်ပြင်းအရှည်ကြီးချလိုက်သည်။ သူသည် ဗီဒီယိုရိုက်ဖို့အတွက်နဲ့ အဲဒီလောက်မြန်သည့် ဓာတ်လှေကားကို နောက်တစ်ခါထပ်မစီးချင်တော့ပေ။ ဓာတ်လှေကားတံခါးပွင့်သွားသည့်အခါ အိမ်တော်ထိန်းမှာ အပေါက်ဝတွင် စောင့်ကြိုနေပြီးဖြစ်သည်။ ဧည့်သည်များ၏ ထူးခြားသော အမူအရာကို မြင်သည့်အခါ အိမ်တော်ထိန်းမှ စိုးရိမ်တကြီးမေးမြန်းလိုက်သည်။
"မင်္ဂလာပါ လူကြီးမင်းတို့၊ ကျွန်တော်က ဒီနေ့အတွက် အခန်းတာဝန်ခံဖြစ်ပါတယ်၊ ကူညီပေးစရာ တစ်ခုခုရှိပါသလား"
ရွှင်းကောမှာ သူကြောက်နေသည်ကို အသိမပေးချင်သဖြင့် တည်တည်ငြိမ်ငြိမ်ဟန်ဆောင်လိုက်သည်။
"ဟင့်အင်း ဘာမှမရှိပါဘူး"
အိမ်တော်ထိန်း မျက်နှာပေါ်တွင် နူးညံ့ပြီး သင့်လျော်သော အပြုံးတစ်ခု ရှိနေသည်။ သူ့အမူအရာမှာ တည်ငြိမ်ကာ ယဉ်ကျေးလှ၏။ ရွှင်းကော ဘာမှမဖြစ်ကြောင်း ပြောလိုက်သည့်အခါ သူဆက်လက်မမေးမြန်းတော့ဘဲ ဧည့်သည်များကို သူတို့ သွားလိုသည့်နေရာသို့ လမ်းညွှန်ရန် ချက်ချင်းပြင်လိုက်သည်။
"ကောင်းပါပြီ လူကြီးမင်းတို့၊ ဒီဘက်ကို ကြွပေးပါ"
အိမ်တော်ထိန်း၏ယဉ်ကျေးလှသော အမူအရာမှာ ရှေ့ရှိလမ်းကြောင်းဆီသို့ ညွှန်ပြနေသည်။ သူ့ခြေလှမ်းများမှာ မှန်မှန်ကန်ကန်ရှိပြီး ဧည့်သည်များနှင့် သင့်လျော်သော အကွာအဝေးတွင်ရှိနေ၏။ အလွန်အမင်း နီးကပ်လွန်းခြင်း သို့မဟုတ် ဝေးကွာလွန်းခြင်းမျိုးမရှိပေ။
"လူကြီးမင်းတို့ အခန်းထဲရောက်သွားတဲ့အခါ ကျွန်တော်က ဝန်ဆောင်မှုပေးဖို့ အသင့်ရှိနေပါ့မယ်၊ ဘာလိုအပ်တာပဲရှိရှိ ကျွန်တော့်ကို ပြောလို့ရပါတယ်၊ အခု ကျွန်တော် လူကြီးမင်းတို့ ဒီနေ့တည်းခိုမယ့် President Suiteကို မိတ်ဆက်ပေးပါ့မယ်"
အိမ်တော်ထိန်းဘေးသို့ တိုးပေးလိုက်ပြီး ရွှင်းကော အခန်းကတ်ကိုသုံးကာ တံခါးဖွင့်ပေးလိုက်သည်။
"ဝါး"
ရွှင်းကောနှင့် သူ့လက်ထောက်များမှာ အာမေဍိတ်သံများ ထွက်လာကြသည်။ သူတို့သည် ပုံမှန်အားဖြင့် အလုပ်အမြဲရှုပ်နေကြသူများဖြစ်သဖြင့် အပြင်သွားရလေ့မရှိကြပေ။ President Suiteတွင် တည်းခိုရခြင်းမှာလည်း ပထမဆုံးအကြိမ်ဖြစ်ပြီး ၎င်းမှာအထပ်နှစ်ထပ်ဖြစ်နေလိမ့်မည်ဟု သူတို့ လုံးဝမမျှော်လင့်ထားခဲ့ပေ။ President Suite မှာ ဗီလာအိမ်လေးတစ်လုံးနှင့်ပင်မခြားပေ။ ဝင်ဝင်ချင်းတွင် ဖိနပ်တင်စင်လေးနှင့်အတူ အခန်းတွင်းစီးဖိနပ်များကို သေသေသပ်သပ် ချထားပေးသည်။ ဤဖိနပ်များမှာ သာမန်အရည်အသွေးညံ့ ပစ္စည်းများမဟုတ်ပေ။ ရွှင်းကော ၎င်းတို့ကို နာမည်ကြီးအိမ်သုံးပစ္စည်းအမှတ်တံဆိပ်မှ ဖိနပ်များအဖြစ် မှတ်မိလိုက်သည်။ အိမ်တော်ထိန်းမှာ သူတို့ကို ထိုနူးညံ့သောဖိနပ်များစီးနိုင်ရန် ဂရုတစိုက်ကူညီပေးရာ ရွှင်းကောနှင့် သူ့လက်ထောက်မှာ အနည်းငယ် အားနာသွားကြသည်။
ဝင်ပေါက်ကို ကျော်လိုက်သည်နှင့် ပထမဆုံးမြင်လိုက်ရသည်မှာ ကျယ်ဝန်းလှသော ဧည့်ခန်းကြီးဖြစ်ပြီး ၎င်း၏ဇိမ်ကျမှုမှာ ပွဲခန်းမငယ်လေးတစ်ခုနှင့်ပင် နှိုင်းယှဉ်နိုင်သည်။ ဧည့်ခန်း၏အလယ်ဗဟိုတွင် ပီယာနိုတစ်လုံးမှာ တိတ်ဆိတ်စွာရှိနေပြီး မြင့်မားသော မျက်နှာကြက်ဒီဇိုင်းကြောင့် နေရာလပ်မှာ ပိုမိုကျယ်ဝန်းသွားသလို ခံစားရစေ၏။ ကြမ်းပြင်မှ မျက်နှာကြက်အထိ ရှည်လျားသော မှန်ပြတင်းပေါက်ကြီးများ၏ အပြင်ဘက်တွင် ညကောင်းကင်ယံမှ ကြယ်တာရာများနှင့် မြို့ပြ၏မီးရောင်စုံတို့မှာ တစ်ခုနှင့်တစ်ခုအားပြိုင်နေကြသည်။ မှန်မှတစ်ဆင့်ကျရောက်လာသော အလင်းရောင်မှာ ပီယာနိုပေါ်သို့ ဖြာကျနေပြီး ကျော့ရှင်းကာ စိတ်ကူးယဥ်ဆန်သော အငွေ့အသက်ကို ဖန်တီးပေးထားသည်။
ပီယာနိုပေါ်တွင် ရှန်ပိန်တစ်ပုလင်းကိုလည်း တင်ထားပေးသည်။ ၎င်းမှာ တည်းခိုခန်းမှ ဧည့်သည်များအတွက် ပြင်ဆင်ပေးထားသော အံ့အားသင့်ဖွယ် လက်ဆောင်လေးပင်ဖြစ်၏။ ကျယ်ဝန်းသော ဧည့်ခန်းကြီး၏ဘေးတစ်ဖက်တွင် သက်သောင့်သက်သာရှိလှသော ဧည့်ခန်းငယ်တစ်ခုရှိပြီး နူးညံ့သော ဆိုဖာများနှင့် ထူထဲသော ကော်ဇောများမှာ လူကို ခဏတာထိုင်နားပြီး အေးချမ်းမှုကို ခံစားစေချင်စိတ် ပေါက်လာစေသည်။ အခြားတစ်ဖက်တွင်မူ လိုအပ်သော ပစ္စည်းကိရိယာအစုံအလင်ပါဝင်သည့် ထမင်းစားခန်းနှင့် မီးဖိုချောင်တို့ရှိကာ ချက်ပြုတ်ရေးကိရိယာများနှင့် ပန်းကန်ခွက်ယောက်များ အစုံရှိသည်။ မီးဖိုချောင်တွင် ဖုန်းတစ်လုံးပင်ရှိရာ ဧည့်သည်များအနေဖြင့် တည်းခိုခန်းမှ စားဖိုမှူးများကို အချိန်မရွေးဖုန်းခေါ်ဆိုကာ စိတ်ကြိုက်အစားအစာများကို မှာယူစားသုံးနိုင်၏။ မီးဖိုချောင်နှင့် အောက်ထပ်ရေချိုးခန်းဘေးတွင် အိမ်ဖော် သို့မဟုတ် ကလေးထိန်းများအတွက် ရည်ရွယ်ထားသော အခန်းငယ်တစ်ခုကိုလည်း လိမ္မာပါးနပ်စွာထည့်သွင်းပေးထားသည်။
ဧည့်ခန်းငယ်ကို ဖြတ်ကျော်လိုက်သည့်အခါ သစ်သားပတ်လှေကားကြီးမှာ လူတိုင်းအာရုံကို ဖမ်းစားလိုက်သည်။ လှေကားအောက်ဘက်ရှိ နေရာလပ်တွင် ကြမ်းပြင်မှ မျက်နှာကြက်အထိ မြင့်မားသော စာအုပ်စင်ကြီးတစ်ခုကို လျှို့ဝှက်စွာ ထည့်သွင်းထားပြီး ၎င်းဘေးတွင်ထိုင်ရသည်မှာ အလွန်သက်သောင့်သက်သာရှိပုံရသော ကုလားထိုင်နှစ်လုံးရှိနေ၏။ ၎င်းမှာ ထိုနေရာကို အနားယူရာနေရာလေးအဖြစ် အသက်ဝင်စေသည်။ စာအုပ်စင်ဘေးတွင်လည်း လင်းထိန်နေသော မှန်ပြတင်းပေါက်ကြီးနှင့် အီလက်ထရွန်နစ်မီးလင်းဖိုတစ်ခု ရှိသည်။ ဆောင်းရာသီတွင် ဤနေရာလေး၌ထိုင်နေရပါက မည်မျှဇိမ်ကျလိမ့်မည်နည်းဟု ရွှင်းကောစိတ်ကူးကြည့်မိ၏။
လိမ်ပတ်နေသောလှေကားအတိုင်း တက်သွားသည့်အခါ နံရံများပေါ်တွင် ခမ်းနားလှသော လက်ရေးလှပန်းချီကားများချိတ်ဆွဲထားပြီး နေရာတစ်ခုလုံးကို ကျော့ရှင်းစေသည်။ လှေကားတစ်ဝက်သို့ရောက်သည့်အခါ ထိုနေရာတွင် တည်းခိုသူ၏လက်ထောက်များနှင့် နောက်လိုက်များအတွက် အခန်းအချို့ကို ပြင်ဆင်ပေးထား၏။ အခန်းတိုင်းမှာ သက်သောင့်သက်သာရှိပြီး အသုံးဝင်လှသည်။ လှေကားနောက်ထပ်တစ်ဝက်ကို ထပ်တက်လိုက်သည့်အခါ တည်းခိုသူ၏အိပ်ဆောင်ဧရိယာသို့ ရောက်ရှိသည်။ အကယ်၍ တည်းခိုသူမှ လှေကားမတက်ချင်ပါလျှင်လည်း အခန်းတွင်းရှိ ဓာတ်လှေကားငယ်ကိုစီးကာ ဒုတိယထပ်သို့ တက်နိုင်သည်။ အကာအရံတစ်ခု၏ နောက်ကွယ်တွင် ကြီးမားလှသော အဓိကအိပ်ခန်းရှိ၏။ ထိုအိပ်ခန်းတွင် ရေချိုးခန်းနှစ်ခုပါဝင်ပြီး တစ်ခုမှာ ကြီးမားသော ရေချိုးကန်ကြီးပါဝင်ကာ အခြားတစ်ခုမှာမူ ခေတ်မီရေပန်းနှင့် အိမ်ချိုးကန်တို့ပါဝင်သည်။ အံ့ဩစရာကောင်းသည်မှာ အဓိကအိပ်ခန်းနှင့် ဒုတိယအိပ်ခန်းအကြားတွင် ရွှေ့လျားနိုင်သော နံရံတစ်ခုရှိနေခြင်းဖြစ်၏။ ၎င်းမှာ လိုအပ်သလို အခန်းနှစ်ခန်းကို ပေါင်းစည်းခြင်း သို့မဟုတ် ခွဲခြားခြင်းများ ပြုလုပ်နိုင်စေသဖြင့် ပိုမို လိုက်လျောညီထွေရှိစေသည်။
အဓိကအိပ်ခန်း၏ အခြားတစ်ဖက်တွင် ကျယ်ဝန်းသော စာကြည့်ခန်းနှင့် လေသာဆောင်တစ်ခုလည်း ရှိသည်။ အကယ်၍ တည်းခိုသူမှာ (၁၆)ထပ်မှ လတ်ဆတ်သောလေကို ရှူရှိုက်ချင်ပါလျှင် လေသာဆောင်သို့ထွက်ကာ အနားယူနိုင်၏။ အိမ်တော်ထိန်းနှင့်အတူ အခန်းကိုလှည့်ပတ်ကြည့်ပြီးနောက်တွင် ရွှင်းကောနှင့် သူ့လက်ထောက်မှာ မျက်လုံးများပြူးကျယ်သွားကြသည်။ လက်ထောက်မှာ တံတွေးကိုမြိုချလိုက်ရင်း မေးလိုက်သည်။
"ရွှင်းကော၊ President Suiteက တစ်ညကို ဘယ်လောက်လဲဟင်"
ရွှင်းကော၏လေသံမှာ ပေါ့ပါးနေသည်။
"၁၀,၈၈၈ယွမ်"
"အိုး ကျွန်တော်ကတော့ အဲဒီဈေးက လုံးဝမများဘူးလို့ ထင်တယ်"
လက်ထောက်မှာ မအောင့်နိုင်ဘဲ အာမေဍိတ်သံ ထွက်လိုက်မိသည်။ ဧည့်သည်နှစ်ဦးမှာ အံ့ဩမှုမှပြန်လည်သက်သာသွားသည့်အခါ အိမ်တော်ထိန်းမှ သင့်လျော်သောအချိန်တွင် စကားပြောလိုက်၏။
"လူကြီးမင်းတို့ တခြားလိုအပ်တာများ ရှိပါသေးသလား"
ရွှင်းကောသည် ကြီးမားလှသောအခန်းကြီးကိုကြည့်လိုက်ပြီး သူ့လက်ထောက်များကို တစ်ချက်ကြည့်လိုက်သည်။ သူတို့မှာ သုံးယောက်တည်းရှိသော်လည်း အခန်းမှာ အများကြီးဖြစ်နေသည်ပင်။ ရွှင်းကော အိမ်တော်ထိန်းကိုပြောလိုက်သည်။
"အစ်ကို၊ ကျွန်တော်တို့သူငယ်ချင်းအချို့ကို ဒီအပေါ်ဖိတ်ချင်လို့ပါ၊ သူတို့ကို ဒီကိုခေါ်လာပေးလို့ရမလား"
အိမ်တော်ထိန်းမှာ ကျွမ်းကျင်သော အပြုံးတစ်ခုဖြင့် ပြန်ဖြေလိုက်သည်။
"ရတာပေါ့”
252
ရွှင်းကောနှင့်သူ့လက်ထောက် နိုးလာကြသည့်အချိန်တွင် နေ့လယ်ပင် ရောက်နေပြီဖြစ်ပြီး အချိန်ကိုကြည့်လိုက်သောအခါ မနက် (၁၀) နာရီ ရှိနေလေပြီ။ လက်ထောက်ဖြစ်သူမှာ ဖရိုဖရဲဖြစ်နေသော သူ့ဆံပင်များကို ကုတ်ခြစ်ရင်း မျက်နှာတွင် ထိတ်လန့်တုန်လှုပ်သွားသည့် အရိပ်အယောင်များပေါ်လာသည်။ ဘာတွေဖြစ်ကုန်တာလဲ။ သူ နှိုးစက်ပေးထားခဲ့သည်ကို မှတ်မိနေပါသည်။ မနိုးမှာစိုးရိမ်သဖြင့် နှိုးစက် (၅) ကြိမ်တောင် ပေးထားခဲ့ပါလျက်နှင့် ဘာလို့ တစ်ခုမှမြည်မလာခဲ့သနည်း။ သန်မာထွားကြိုင်းသည့် အမျိုးသား (၁၀) ယောက်စာခန့်ဆန့်သော ကုတင်ကြီးပေါ်မှ တွားသွားဆင်းလာသည့် ရွှင်းကောသည် မှင်တက်နေသော လက်ထောက်ကိုမြင်သည့်အခါမှ သူကိုယ်တိုင် လက်ထောက်၏နှိုးစက်ကို တိတ်တဆိတ် ပိတ်ထားခဲ့မိသည်ကို ရုတ်တရက် သတိရသွားသည်။ သူသည် ဘာမှမသိသလိုဟန်ဆောင်ကာ အပြစ်ကင်းစင်သည့် မျက်နှာထားဖြင့် ဖျောင်းဖျလိုက်သည်။
"ထားလိုက်ပါတော့ ထားလိုက်ပါတော့၊ နောက်ကျသွားပြီဆိုမှတော့ အေးအေးဆေးဆေးပဲအနားယူလိုက်ကြတာပေါ့"
လက်ထောက်မှာ စိတ်မသက်မသာဖြစ်နေရှာသည်။
"ဒီလိုပဲ လုပ်ရတော့မှာပေါ့၊ ဒါပေမဲ့ ကျွန်တော်တို့ ရထားလက်မှတ်တွေကတော့ နောက်ကျကုန်ပြီထင်တယ်"
"ရပါတယ်၊ ငါ မနေ့ကတည်းကဖျက်လိုက်ပြီးသား"
ရွှင်းကော ဆိုသည်။
"ဖျက်လိုက်ပြီ ဘယ်တုန်းကလဲ၊ ဘာဖြစ်လို့လဲ"
လက်ထောက်၏မျက်လုံးများပြူးကျယ်သွားသည်။ ရွှင်းကောမှာ တစ်စုံတစ်ရာကို ကြိုတင်သိမြင်နိုင်သည့် ထူးခြားသောအစွမ်းများရှိနေ၍လား။ ရွှင်းကော သူ့စကားကို ပို၍ယုံကြည်စိတ်ချရစေရန် လေသံကို မြှင့်လိုက်သည်။
"ငါတို့ မနေ့က ပရိသတ်တွေအများကြီးကို president suiteဆီ ဖိတ်ခဲ့ကြတယ်လေ၊ သူတို့ကို အောက်ထပ်ပြန်ပို့ပြီးတဲ့အချိန်မှာတောင် သန်းခေါင်ကျော်နေပြီ၊ ပြီးတော့ အခန်းထဲမှာ ဗီဒီယိုတွေလည်း ထပ်ရိုက်ရသေးတယ်ဆိုတော့ ငါတို့ ဘယ်လိုမှစောစောနိုးမှာမဟုတ်ဘူးလို့ ငါတွက်လိုက်မိတာ၊ အဲဒါကြောင့် လက်မှတ်တွေကို ကြိုပြီးဖျက်လိုက်တာပေါ့"
Live လွှင့်သည့်အလုပ်ကြောင့် လူတိုင်း၏အိပ်ချိန်မှာ ပုံမှန်မဟုတ်ဘဲ ပြောင်းပြန်ဖြစ်နေတတ်ကြရာ မနက်ပိုင်းတွင် နောက်ကျမှနိုးကြသည်မှာ ထုံးစံပင်ဖြစ်သည်။ စောစောထရခြင်းမှာ ဘဝတွင်အနာကျင်ရဆုံးအရာဖြစ်သဖြင့် လက်ထောက်မှာ ရွှင်းကော၏ စကားကို မတတ်သာဘဲ လက်ခံလိုက်ရပြီး ဆက်မမေးတော့ပေ။
"ဒါဆို အရင်ဆုံး မနက်စာမှာလိုက်မယ်လေ၊ ပြီးမှ ပြင်ဆင်ကြမလား"
လက်ထောက်မှာ ငှက်သိုက်လိုဖရိုဖရဲဖြစ်နေသော သူ့ဆံပင်များကို ကိုင်ကြည့်လိုက်သည်။ မနေ့ညက အတော်နောက်ကျမှအိပ်ခဲ့ကြသဖြင့် သူ ရေပင်မချိုးရသေးပေ။ မနေ့က အိမ်တော်ထိန်းပြောစကားအရ President Suite အတွက် မနက်စာကို အခန်းထဲအထိ လာပို့ပေးနိုင်သည်ဆိုရာ လက်ထောက်မှာ ပျင်းနေသဖြင့် အောက်ထပ်မှစားပွဲဆီသို့ မသွားချင်တော့ပေ။ ၎င်းအပြင် အခုပင် မနက် (၁၀)နာရီ ထိုးနေပြီဖြစ်ရာ ဘူဖေးမှာ မနက်စာရှိတော့မည် မဟုတ်ချေ။ ရွှင်းကော ခေါင်းညိတ်လိုက်သည်။
"အင်း မနက်စာ အရင်မှာလိုက်တာပေါ့၊ ပြီးရင် ငါ ရေကူးကန်ဘက်ကိုသွားကြည့်ဖို့ စိတ်ကူးထားတယ်"
သူသည် မနေ့ကတည်းခိုခန်းရှိ စိတ်ဝင်စားစရာကောင်းသော လှုပ်ရှားမှုအားလုံးကို အတွေ့အကြုံယူပြီး ဗီဒီယိုများလည်း ရိုက်ကူးခဲ့ပြီးပြီဖြစ်ရာ ရေကူးကန်တစ်ခုတည်းသာ ကျန်တော့သည်။ ထိုနေရာသို့သွားကာ ဗီဒီယိုအချို့ရိုက်ကူးရန် သူ စီစဉ်ထား၏။ အခြားလက်ထောက်တစ်ဦးမှာ ကင်မရာကိုဆွဲယူလိုက်ပြီး သူ့အဖော်ကို ပြောလိုက်သည်။
"မင်း ဒီမှာပဲ ခဏနားနေလိုက်၊ ငါ ရွှင်းကောနဲ့အတူ အောက်ဆင်းသွားလိုက်မယ်၊ မနက်စာရောက်ရင် ဖုန်းဆက်လိုက်ဦး"
ရေကူးကန်တွင် ဗီဒီယိုအနည်းငယ် ရိုက်ပြီးလျှင် အပေါ်သို့ ပြန်တက်လာကြမည်ဟု ထိုလက်ထောက်မှ ထင်ထားခြင်းဖြစ်သည်။ အိမ်တော်ထိန်းပေးထားသည့် ရေကူးဝတ်စုံများကိုကိုင်ဆောင်ကာ ရွှင်းကောနှင့် လက်ထောက်တို့သည် တတိယထပ်ရှိ ကြံ့ခိုင်ရေးနှင့် ဂိမ်းဧရိယာသို့ ရောက်ရှိလာကြ၏။ ဟဲယဲ့တည်းခိုခန်း၏ရေကူးကန်မှာ အလွန်ကျယ်ဝန်းပြီး ရေများမှာလည်း တလက်လက် တောက်ပနေကာ အိမ်တွင်းနှင့် အိမ်ပြင်ရေကူးကန်ဟူ၍ ခွဲခြားထားသည်။ အိမ်ပြင်ရေကူးကန်မှာ နေရောင်ခြည်အောက်တွင် လှပသော မြင်ကွင်းရှိသော်လည်း ရွှင်းကောသည် ထိုထက်ပို၍ လှပသောမြင်ကွင်းတစ်ခုကို တွေ့လိုက်ရသည်။ သူ့အကြည့်မှာ ရေကူးကန်ဘေးရှိလူရိပ်တစ်ခုဆီသို့ ရောက်ရှိသွား၏။ ရွှင်းကော၏ အကြည့်နောက်သို့ လိုက်ကြည့်လိုက်သော လက်ထောက်မှာ အသက်ရှူပင် မှားသွားကာ မေးလိုက်သည်။
"ရွှင်းကော အဲဒီကောင်လေးက ဘယ်သူလဲ၊ တကယ်ကို ချောလွန်းတယ် "
ရွှင်းကော မျက်မှောင်ကြုတ်ကာ အာရုံစိုက်ကြည့်လိုက်သည်။
"သူက အနုညာရှင်အသစ်မဖြစ်နိုင်ဘူး၊ မကြာသေးခင်က Hot searchတွေထဲမှာ ဒီလောက်လှတဲ့ဓာတ်ပုံမျိုး ငါမတွေ့မိသေးဘူး၊ လာ သွားမေးကြည့်ရအောင်"
ရွှင်းကော ရဲရဲဝံ့ဝံ့ပင်ရေကူးကန်ဘေးရှိ ကုလားထိုင်ဆီသို့ လျှောက်သွားလိုက်သည်။ တစ်စုံတစ်ယောက် ချဉ်းကပ်လာသည်ကိုမြင်သောအခါ ထိုလူရိပ်မှာ မတ်တပ်ရပ်လိုက်ပြီး အနည်းငယ် ပျာယာခတ်နေဟန်ဖြင့် အသံမှာလည်း အနည်းငယ် အက်ရှရှဖြစ်နေ၏။
"မင်္ဂလာပါ ကျွန်တော်က ရှောင်ချန်းပါ၊ တည်းခိုခန်းရဲ့ ရေကူးနည်းပြပါ၊ ဘာကူညီပေးရမလဲခင်ဗျာ"
ဤခမ်းနားလှသော မျက်နှာကို အနီးကပ်မြင်လိုက်ရသည့်အခါ ရွှင်းကောနှင့် လက်ထောက်တို့မှာ ပို၍ပင် အံ့အားသင့်သွားကြသည်။ သူတို့မမျှော်လင့်ထားသည်မှာ ဤသူမှာ ဖျော်ဖြေရေးလောကမှ နာမည်ကြီးတစ်ဦးမဟုတ်ဘဲ ရေကူးနည်းပြတစ်ဦးဖြစ်နေခြင်းပင်။ ရှောင်ချန်းမျက်နှာမှာ နတ်ဘုရားမ၏ ဖန်တီးမှုအလက်ရာဟု ဆိုရလောက်အောင် အံ့ဩစရာကောင်းလောက်အောင် လှပသည်။ သူ့မျက်လုံးများမှာ ဝိုင်းစက်ကာကြီးမားပြီး မျက်စိသူငယ်အိမ်အရောင်ဖျော့ဖျော့မှ အပြာရောင်အလင်းနည်းနည်းထွက်ပေါ်နေသည်။ ၎င်းမှာ ကြည်လင်သော်လည်း နက်ရှိုင်းလှသဖြင့် လူတစ်ဦး၏ဝိညာဉ်ကို ထင်ဟပ်နေသကဲ့သို့ပင်။ ထိုသို့သောတောက်ပနေသည့် မျက်လုံးများမှာ တစ်ချက်ကြည့်ရုံဖြင့်ပင် လူတို့ကို နက်နက်ရှိုင်းရှိုင်းချစ်မိသွားစေနိုင်သည်။
သူ့မေးရိုးမှာလည်း အလွန်ထင်ရှားပေါ်လွင်သဖြင့် လက်ဝါးခန့်သာရှိသော သူ့မျက်နှာကို ပို၍ပင်ထွင်းထုထားသကဲ့သို့ဖြစ်စေသည်။ နှာတံမှာမြင့်မားကာ သွယ်လျဖြောင့်စင်းသဖြင့် ရုပ်ရည်ကို သုံးဖက်မြင်အလှတရားတိုးစေ၏။ နှုတ်ခမ်းလွှာများမှာ နူးညံ့ပါးလွှာကာ ခေတ်စားနေသည့် ပန်းပွင့်ကောင်လေးပုံစံနှင့် ကွက်တိပင်။ သူပြသလိုက်သော အနည်းငယ်ပျာယာခတ်မှုမှာ အခြားသူများတွင်ဆိုလျှင် အနေရခက်စရာ ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ရှောင်ချန်းတွင်မူ ကြည့်ရသူကို သနားကရုဏာသက်မိစေသည်။ သို့သော် ရှောင်ချန်း၏အသားအရေမှာ အနည်းငယ် ဖြူလွန်းနေပြီး သူ့လက်တံခြေတံများမှာ သွယ်လျနေသော်လည်း ဝမ်းဗိုက်တွင်မူ ပါးလွှာသော ကြွက်သားလွှာများရှိနေသည်။ ၎င်းမှာ သူ့ကိုပိန်ရုံသက်သက်မဟုတ်ဘဲ သန်မာကျစ်လျစ်သောအလှကို ပေးစွမ်းသည်။ ဤကြွက်သားများကိုမြင်မှသာ သူသည် ရေကူးနည်းပြတစ်ဦးနှင့် အနည်းငယ်တူသွားတော့သည်။ ရှောင်ချန်း၏အလှတရားကြောင့် ငေးမောနေရာမှ ပြန်လည်သတိဝင်လာသော ရွှင်းကောမျက်နှာမှာ အနည်းငယ် နီမြန်းနေသည်။
"ကျွန်တော် ဗီဒီယိုရိုက်နေတာလေ၊ မင်းလဲ ကင်မရာထဲ ပါချင်ပါ့မလားလို့၊ ကျွန်တော် ရေကူးချင်လို့ပါ"
ရှောင်ချန်း ပထမစကားကိုနားမလည်သော်လည်း ဒုတိယစကားကိုမူ နားလည်သွားသည်။ သူ့ဝမ်းသာမှုကို ဖုံးကွယ်၍ မရနိုင်တော့ပေ။ နောက်ဆုံးတော့ သူ အလုပ်စလုပ်ရတော့မှာလား။ မနေ့က ကျန်းယွီမှာ သူဧည့်သည်အတော်များများကို ဝန်ဆောင်မှုပေးခဲ့ပြီးပြီဟုပြောခဲ့သဖြင့် ရှောင်ချန်းမှာ သူ့ဆီ ဧည့်သည်တစ်ယောက်မှ မလာသေး၍ သူ့ကိုလူများမကြိုက်တာများလားဟု စိုးရိမ်နေခဲ့ခြင်းဖြစ်သည်။ သူ အမြန်ပင် ပြောလိုက်သည်။
"ကျွန်တော် အလွတ်ပုံစံ၊ ဖားကူး၊ လိပ်ပြာကူးနဲ့ ပက်လက်ကူး အကုန်တတ်ပါတယ်၊ လူကြီးမင်းက ပုံမှန် ဘယ်လိုကူးတတ်ပါသလဲ"
ရွှင်းကော ကြောင်သွားသည်။
"အခမဲ့ သင်ပေးတာလား"
ရှောင်ချန်း ပို၍ပင်ဝမ်းသာသွားပြီး ခေါင်းကို အဆက်မပြတ်ညိတ်ပြလိုက်သည်။
"အဲ ငါ ဖားကူးပဲကူးတတ်တယ်"
တည်းခိုခန်း၏ဝန်ဆောင်မှုမှာ ဤမျှအထိ ကောင်းလိမ့်မည်ဟု ရွှင်းကောမမျှော်လင့်ထားခဲ့ပေ။ ပုံမှန်အားဖြင့် တည်းခိုခန်းများမှာ ရေကူးနည်းပြများသည် သင်တန်းကြေးယူတတ်ကြသည် မဟုတ်ပါလား။ သီးသန့်ရေကူးသင်တန်းများမှာ ပုံမှန်အားဖြင့် ယွမ် (၂၀၀)မှ စတင်တတ်သည်။ ရွှင်းကောမှ ဖားကူးဟု ပြောပြီးသည်နှင့် ရှောင်ချန်းသည် သူ့အပေါ်အင်္ကျီကို ချွတ်လိုက်ကာ ရေထဲသို့ဆင်းသွားသည်။ သူ့ကိုယ်ဟန်မှာ လေးတံမှပစ်လွှတ်လိုက်သော မြှားတစ်စင်းကဲ့သို့ ရေထဲသို့ခုန်ဝင်သွားပြီး ကြည်လင်သော ရေစက်များကို ဖွားခနဲ စင်ထွက်သွားစေသည်။
ရေထဲတွင် ရှောင်ချန်းသည် ရေကူးနည်းပြတစ်ဦး၏ကျွမ်းကျင်မှု အရည်အသွေးများကို ပြသလေသည်။ သူ့ဖားကူးဟန်မှာ စံနှုန်းမီပြီး ကျော့ရှင်းလှကာ ခြေထောက်ကန်ချက်တိုင်းမှာ အားပါလှသည်။ လက်ယက်ချက်များမှာလည်း ချောမွေ့သန်မာပြီး ခေါင်းပေါ်တက်၊ အောက်ဆင်းနှင့် အသက်ရှူနှုန်းတို့မှာ အပြည့်အဝထိန်းချုပ်ထားနိုင်သည်။ ရှောင်ချန်းသည် ရေထဲတွင် တစ်ပတ်ကူးခတ်ပြပြီးနောက် မျက်လုံးများ တောက်ပစွာဖြင့် ရွှင်းကောကို ကြည့်လိုက်၏။
"လူကြီးမင်း၊ ကျွန်တော့်ရဲ့ ရေကူးပုံစံက အဆင်ပြေရဲ့လား၊ လူကြီးမင်းလည်း အရင်ဆုံး ရေထဲဆင်းပြီး နည်းနည်းကူးကြည့်ပါဦး၊ ကျွန်တော် လူကြီးမင်းရဲ့ ပုံစံကို ကြည့်ပေးပါ့မယ်"
"ဟဲဟဲ လာပြီ လာပြီ"
ရွှင်းကောသည် စိတ်လှုပ်ရှားစွာဖြင့် ရေထဲသို့ ဆင်းသွားလေတော့သည်။