← Chapters

အခန်း (၂၅၇-၂၅၈)

Vol. 26 Ch. 257-258

အခန်း (၂၅၇-၂၅၈)

Vol. 26 Ch. 257-258

257

"ဖေဖေ ဖေဖေ မြန်မြန်လုပ်၊ သားကို အင်္ဂလိပ်စာလုံးပေါင်းစစ်ပေးတော့လေ"

လင်းဟန်မော့ သူ့အင်္ဂလိပ်စာအိမ်စာစာအုပ်ကို ကမ်းပေးရင်း အလောတကြီး တိုက်တွန်းနေသည်။ ရွှီကွမ်းချန်မှာမူ အလောတကြီးမရှိဘဲ မှော်မှန်ဘက်သို့လှည့်ကာ ပြောလိုက်၏။

"မှော်မှန်၊ လင်းဟန်မော့ကို သူ့ရဲ့ပြဋ္ဌာန်းစာအုပ် စာမျက်နှာ (၇၁)က စာလုံးပေါင်းတွေကို စစ်ပေးပါဦး"

ရုတ်တရက် အခန်းထောင့်မှ မှိန်ပျပျ အပြာရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ပြဋ္ဌာန်းစာအုပ်ပေါ်သို့ ကျရောက်သွားသည်။ အခန်းထောင့်ရှိ မှန်သည် ညွှန်ကြားချက်အတိုင်း စာအုပ်ကို ဓာတ်ပုံရိုက်ကာ စကင်ဖတ်တော့၏။ အလင်းတန်းမှာ စာမျက်နှာများပေါ်တွင် လျင်မြန်စွာရွေ့လျားသွားပြီး သင်ခန်းစာထဲမှ အဓိကစာလုံးများကို မှတ်သားလိုက်သည်။ ထို့နောက် ချက်ချင်းပင် မှော်မှန်သည် စံနှုန်းမီ အင်္ဂလိပ်စကားကို ရှင်းလင်းပြေပြစ်စွာ ပြောဆိုလာတော့သည်။ စာလုံးတိုင်း၏ အသံထွက်မှာ တိကျပြီး လေယူလေသိမ်းမှာလည်း သဘာဝကျလှ၏။ လင်းဟန်မော့မှာမူ သူ့ဖခင်မှ စာလုံးပေါင်းစစ်ပေးမည်ကို စောင့်ဆိုင်းနေရင်းမှ မျက်လုံးအဝိုင်းသားဖြင့် မှင်သက်သွားသည်။ သူ့မျက်နှာပေါ်တွင်မယုံကြည်နိုင်သည့် အမူအရာများ အထင်းသား ပေါ်လွင်နေ၏။

'မှန်က စကားပြောနိုင်တာလား'

*တောက်*

ရွှီကွမ်းချန် သူ့လက်ညှိုးဖြင့် သားဖြစ်သူ့ခေါင်းကို အသာတောက်လိုက်ပြီး သေချာနားထောင်ကာရေးရန် အချက်ပြလိုက်သည်။ လင်းဟန်မော့မှာ သူ့စူးစမ်းလိုစိတ်ကို အောင့်အီးထားပြီး စာလုံးပေါင်းစာအုပ်ကိုသာ စိုက်ကြည့်နေရတော့၏။ မှန်တစ်ချပ်မှာ ဘာလို့ဒီလောက်တောင် ဉာဏ်ကောင်းနေရတာလဲဆိုတာ သူ တကယ်ကို နားမလည်နိုင်တော့ပေ။ သားဖြစ်သူ စာလုံးပေါင်း ရေးပြီးသွားသောအခါ ရွှီကွမ်းချန် ထိုစာအုပ်ကို မှန်ရှေ့သို့မြှောက်ပြလိုက်သည်။ စာအုပ်မှာ မှော်မှန်နှင့် နီးကပ်သွားသည်နှင့် မှန်၏မျက်နှာပြင်မှာ အလိုအလျောက် အသက်ဝင်လာ၏။ နူးညံ့သော အပြာရောင်အလင်းတန်းတစ်ခုမှန်ထဲမှ ထွက်ပေါ်လာပြီး စာအုပ်ပေါ်မှ စာသားများကို လျင်မြန်စွာစကင်ဖတ်လိုက်သည်။ ၎င်းသည် စာအုပ်ထဲမှ အင်္ဂလိပ်စာလုံးများကို အံ့ဩဖွယ် အရှိန်အဟုန်ဖြင့် ထုတ်ယူကာ မှန်ကန်သော အဖြေများနှင့် တိုက်စစ်လိုက်လေသည်။

ခဏအကြာတွင် မှော်မှန်၏မျက်နှာပြင်မှာ သိမ်မွေ့သော အလင်းတန်းများဖြင့် လက်ခနဲ ဖြစ်သွားပြီး စစ်ဆေးပြီးစီးသည့် ရလဒ်များကို ဖော်ပြလာသည်။ မှားယွင်းမှုများကို ရှင်းလင်းစွာ မှတ်သားပေးထားပြီး မှန်ကန်သော စာလုံးပေါင်းကိုလည်း ဘေးတွင်ဖော်ပြပေးထား၏။ လင်းဟန်မော့သည် ပုံမှန်ဆိုလျှင် အိမ်စာအမှားများကိုကြည့်ရန် ဝန်လေးတတ်သော်လည်း ယခုတစ်ကြိမ်တွင်မူ မရှောင်ဖယ်တော့ပေ။ ထိုအစား သူသည် မှန်ရှေ့သို့တိုးကပ်သွားပြီး မှန်ပေါ်မှ အမှားပြင်ဆင်ချက်များကို စိတ်လှုပ်ရှားစွာကြည့်နေမိသည်။ မှော်မှန်သည် အမှတ်ပေးရုံတင်မကဘဲ အမှားတစ်ခုချင်းစီကို ရှင်းပြပေးကာ အသံထွက်မှန်နှင့် စာလုံးပေါင်းနည်းစနစ်များကိုပါ မှတ်သားပေးထားသည်။ လင်းဟန်မော့သည် မှန်ကိုကြည့်လိုက်၊ သူ့ဖခင်ကို ခိုးကြည့်လိုက်နှင့် အလုပ်ရှုပ်နေ၏။ ဒီမှန်မှာ သူ့ဖေဖေထက် အများကြီးပိုတော်သည်။ အင်္ဂလိပ်စာ စံနှုန်းမီရုံတင်မကဘဲ စိတ်ရှည်သည်မှာလည်း အံ့မခန်းပင်။ အမှားမြင်သည်နှင့် ဒေါသတကြီး အော်ဟစ်တတ်ပြီး သူ့ကိုစိတ်ဒဏ်ရာပေးတတ်သည့် ဖခင်ဖြစ်သူနှင့် လုံးဝ ခြားနားလှသည်။

အခြားတစ်ဖက်တွင် အိမ်စာလုပ်နေသော လင်းယွဲ့ရှီမှာလည်း သူမအစ်ကိုနှင့် မှော်မှန်တို့အပြန်အလှန် ဆက်သွယ်နေပုံကို ရံဖန်ရံခါခိုးကြည့်နေသည်။ သူမသည်လည်း အလွန်ပင်အားကျနေပြီး ဤအဆင့်မြင့်နည်းပညာ၏ အံ့ဖွယ်ထွက်ကုန်ကို ပိုင်ဆိုင်လိုစိတ်များဖြင့် နှလုံးသားထဲတွင် ပြည့်နှက်နေ၏။ မှော်မှန်မှာ သူမအစ်ကိုအတွက် ရှင်းပြပေးပြီး အမှားပြင်ပေးနေသည့် အကြိမ်တိုင်းတွင် သူမ ရင်ထဲ၌တိတ်တဆိတ် အံ့သြနေမိသည်။ နောက်ဆုံးတွင် သူမသည် ခက်ခဲသောသင်္ချာပုစ္ဆာတစ်ခုနှင့် တိုးတော့သည်။ သူမသည် အိမ်စာစာအုပ်ကို အမြန်ကောက်ကိုင်ကာ ခြေလှမ်းကျဲကျဲဖြင့် မှော်မှန်ဆီသို့ပြေးသွားလိုက်၏။ လင်းယွဲ့ရှီ၏မျက်နှာလေးမှာ ထက်သန်မှုနှင့် မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေ၏။ သူမသည် သူမကို ခေါင်းခဲစေသော သင်္ချာပုစ္ဆာကို မှော်မှန်ရှေ့သို့ မြှောက်ပြလိုက်ပြီး မေးလိုက်သည်။

"ဒီပုစ္ဆာကို သမီးဘယ်လိုတွက်ရမှန်း မသိတော့ဘူး"

မှော်မှန်သည် သူမတောင်းဆိုချက်ကို လက်ခံရရှိပြီးနောက် မျက်နှာပြင်မှ မှိန်ပျပျအလင်းတန်းများ ထွက်ပေါ်လာကာ စာအုပ်ထဲမှ ပုစ္ဆာကိုစကင်ဖတ်လိုက်သည်။ မကြာမီတွင် မှန်မျက်နှာပြင်ပေါ်၌ အလင်းစက်လေးများပေါ်လာပြီး ပုစ္ဆာဖြေရှင်းပုံ အဆင့်ဆင့်ကို ရှင်းလင်းပြတ်သားစွာ ဖော်ပြလာတော့၏။

"မင်းသမီ‌လေး ဒီပုစ္ဆာကိုတွက်ဖို့အတွက်ဆိုရင် ဒီပုံသေနည်းကို သုံးရမှာပါ"

မှော်မှန်၏ဆွဲဆောင်မှုရှိသောအသံ ထွက်ပေါ်လာသည်။ လင်းယွဲ့ရှီ၏ ရှေ့တွင်မူ မှော်မှန်မှာ ထူးထူးခြားခြား စိတ်ရှည်ပြီး ပညာရှိလှသည်။ ၎င်းသည် အဖြေကို တိုက်ရိုက်မပြဘဲ သူမကို စိတ်ရှည်လက်ရှည် လမ်းညွှန်ပေး၏။ လင်းယွဲ့ရှီမှာ သူမလုံးဝနားမလည်သေးကြောင်း အချက်ပြသည့်အခါ မှော်မှန်သည် ရှင်းပြချက်ကို အရှိန်လျှော့ပေးလိုက်သည်။ မှန်မျက်နှာပြင်ပေါ်တွင် အစောပိုင်းကငြိမ်သက်နေသော အလင်းစက်လေးများသည် အသက်ဝင်လာကြပြီး အစီအစဉ်တကျ နေရာယူကာ သင်္ချာပုံသေနည်းများ၏ ဆင်းသက်လာပုံ အဆင့်ဆင့်ကိုပုံဖော်ပေးသည်။ မှော်မှန်သည် အဆင့်တိုင်းနှင့် သဘောတရားတိုင်းကို ညင်သာရှင်းလင်းစွာ ရှင်းပြပေးပြီး လင်းယွဲ့ရှီအနေဖြင့် ၎င်း၏အတွေးအမြင်ကို လိုက်ပါနိုင်စေရန် သေချာအောင် လုပ်ဆောင်ပေးသည်။

"ကြည့်ပါဦး၊ ဒီနေရာမှာ အရင်ဆုံးဒီသီအိုရီကို အသုံးချမယ်၊ ပြီးရင် ဒီလို ပြောင်းလဲလိုက်မယ်"

မှော်မှန်၏အသံမှာ အားပေးမှုနှင့် စိတ်ရှည်မှုများဖြင့် ပြည့်နှက်နေသည်။ ၎င်းသည် မည်သည့်အခါမျှ စိတ်ပျက်ခြင်းမရှိဘဲ ခက်ခဲသောသဘောတရားများကို အရိုးရှင်းဆုံးနှင့် အရှင်းလင်းဆုံးဘာသာစကားဖြင့် အမြဲရှင်းပြပေး၏။ လင်းယွဲ့ရှီ၏လေသံမှာ ယုံကြည်မှုမရှိသလို ဖြစ်လာသည့်အခါ မှော်မှန်သည် ချက်ချင်းပင်သိရှိသွားပြီး ပိုမိုထင်ရှားသော ဥပမာများဖြင့် ရှင်းပြပေးရာ သူမပြန်လည်ခေါင်းငြိမ့်ပြသည်အထိပင်။

"တော်လိုက်တာ ဒါကိုနားလည်သွားပြီပေါ့၊ အခု ဆက်သွားကြစို့"

လင်းယွဲ့ရှီ ဝီရိယရှိရှိစဉ်းစားပြီး ပုစ္ဆာကို ကိုယ်တိုင်ဖြေရှင်းရန် ကြိုးစားနေစဉ်တွင်လည်း မှော်မှန်သည် သူမကို အပြုသဘောဆောင်သော တုံ့ပြန်မှုနှင့် အားပေးမှုများကို အမြဲပေးနေသည်။

"မင်းသမီးလေး အရမ်းတော်နေပြီ၊ နောက်ထပ်နည်းနည်းလေးပဲ ဂရုစိုက်လိုက်ပါ၊ အဖြေကို တွေ့ပါလိမ့်မယ်"

လင်းယွဲ့ရှီမှာ ချီးကျူးခံရသဖြင့် အနည်းငယ် ရှက်ကိုးရှက်ကန်းဖြစ်သွားသော်လည်း ရင်ထဲတွင် တိတ်တဆိတ် ဝမ်းသာနေမိသည်။ သူမကို 'မင်းသမီးလေး'လို့ ခေါ်နေသည့် သာယာနာပျော်ဖွယ်အသံမျိုးကို သူမ ဘယ်လိုမှမငြင်းဆန်နိုင်ပေ။ မှော်မှန်သည် ဤပုစ္ဆာတစ်ခုတည်းကို ဖြေပေးရုံတင်မကဘဲ ပုစ္ဆာကိုပုံစံပြောင်းလဲကာ လင်းယွဲ့ရှီကို အလားတူမေးခွန်းများ ဖြေဆိုခိုင်းသေးသည်။ ၎င်းမှာ သူမကိုသင်ယူခြင်း၏ ပျော်ရွှင်မှုနှင့် အောင်မြင်မှုအရသာကို ခံစားရစေ၏။ ကလေးနှစ်ယောက်လုံး အခန်းထဲရှိ စမတ်မှန်ကို အသုံးပြုနည်း သိသွားသည်အားမြင်သောအခါ ရွှီကွမ်းချန်သည် ဖိနပ်ကိုချွတ်၊ ကုတင်ပေါ်တက်ကာ ဖုန်းကို အေးအေးဆေးဆေး ပက်လက်လှန်ကြည့်နေတော့သည်။

"မှော်မှန်ရေ ကလေးနှစ်ယောက် အိမ်စာလုပ်တာကို စောင့်ကြည့်ပေးပါဦး၊ ည (၇) နာရီမတိုင်ခင် အိမ်စာအများစုပြီးအောင် ကြိုးစားပေးပါ"

ရွှီကွမ်းချန်သည် မှန်ပေါ်ရှိ QRကုဒ်ကို စကင်ဖတ်လိုက်ပြီး ကလေးနှစ်ယောက်လုံးကို မှော်မှန်ထံသို့ လုံးလုံးလျားလျားအပ်နှံလိုက်တော့သည်။ စွမ်းအင်အပြည့်ဖြင့် မှန်မှ ထွက်ပေါ်လာသော အလင်းတန်းမှာ ပို၍ပင် တောက်ပလာ၏။ လင်းဟန်မော့နှင့် လင်းယွဲ့ရှီတို့ အိမ်စာလုပ်ရင်း အခက်အခဲနှင့် ကြုံရသည့်အခါတိုင်း သို့မဟုတ် အာရုံများလွင့်ပြီး ကစားချင်စိတ်ပေါ်လာသည့်အခါတိုင်း မှော်မှန်သည် နူးညံ့သော်လည်း ခိုင်မာသောလေသံဖြင့် သတိပေးတတ်သည်။

"မင်းသားလေးနဲ့ မင်းသမီးလေးတို့၊ အခုက စာကြည့်ရမယ့်အချိန်မလို့ ကျေးဇူးပြုပြီး အာရုံစိုက်ပေးပါ"

မှော်မှန်သည် ကြီးကြပ်သူသက်သက် မဟုတ်ဘဲ ဉာဏ်ရည်ထက်မြက်သော သင်ယူဖော်သင်ယူဖက်လည်းဖြစ်သည်။ ၎င်းသည် ကလေးနှစ်ယောက်၏သင်ယူခြင်းတိုးတက်မှုအပေါ် မူတည်ပြီး အချိန်မီအကူအညီနှင့် လမ်းညွှန်မှုများကိုပေး၏။ အကယ်၍ ကလေးများမှာ ပုစ္ဆာတစ်ခုတွင်ပိတ်မိနေပြီး ဘယ်မှစရေးရမှန်းမသိဖြစ်နေပါလျှင် မှော်မှန်သည် စိတ်ရှည်လက်ရှည်ရှင်းပြပေးကာ သူတို့ကိုယ်တိုင် အဖြေရှာတွေ့နိုင်သည်အထိ အဆင့်ဆင့် လမ်းညွှန်ပေးသည်။ ည (၇) နာရီမတိုင်မီမှာပင် မှော်မှန်သည် ရွှီကွမ်းချန်၏မျှော်လင့်ချက်အတိုင်း တာဝန်ကို အောင်မြင်စွာထမ်းဆောင်နိုင်ခဲ့၏။ လင်းဟန်မော့နှင့် လင်းယွဲ့ရှီတို့သည် စားပွဲတွင်ထိုင်နေကြပြီး သူတို့မျက်နှာများမှာ ယခင်ကမရှိဖူးသော စိတ်လှုပ်ရှားမှုနှင့် ကျေနပ်မှုများဖြင့် တောက်ပနေသည်။ အိမ်စာများကို ဤမျှမြန်မြန်ဆန်ဆန်ပြီးစီးနိုင်ခဲ့ခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်ပြီး သူတို့လုပ်ဆောင်နိုင်စွမ်းမှာ သူတို့ကိုယ်သူတို့ပင် အံ့အားသင့်စေ၏။

ကလေးနှစ်ယောက်၏ မျက်လုံးများထဲတွင် အသိပညာကို ဆာလောင်မှုနှင့် သင်ယူခြင်းအပေါ် မြတ်နိုးမှုများမှာ အရောင်တောက်နေသည်။ ပုစ္ဆာများကို အဆင့်ဆင့်ဖြေရှင်းရင်း အိမ်စာများကို တာဝန်တစ်ခုပြီးတစ်ခု အောင်မြင်စွာ ပြီးဆုံးအောင် လုပ်ဆောင်ရသည့် ခံစားချက်ကို သူတို့ အမှန်တကယ်ပင် စွဲလန်းသွားကြပြီဖြစ်၏။ လင်းဟန်မော့၏ လက်ချောင်းလေးများသည် ပြီးစီးသွားသော အိမ်စာစာအုပ်ကို အသာပွတ်သပ်နေမိပြီး သူ့စိတ်အခြေအနေမှာ အလွန်ပင် ကြည်နူးနေသည်။ သင်ယူခြင်းမှာ ဤမျှအထိပျော်စရာကောင်းလိမ့်မည်ဟု သူ တစ်ခါမှမတွေးဖူးခဲ့ပေ။ ပုစ္ဆာတိုင်း၏အဖြေမှာ စွန့်စားခန်းတစ်ခု၏ ရလဒ်ကဲ့သို့ခံစားရပြီး သူ့ကို ကြီးမားသော အောင်မြင်မှုအရသာကို ပေးစွမ်းသည်။ လင်းယွဲ့ရှီမှာလည်း သူ့ဘေးတွင်ပြုံးလျက် ရှိနေ၏။ သူမသည် သင်ယူခြင်းမှပေးသည့် ပျော်ရွှင်မှုကို ခံစားနေရသည်။ ခက်ခဲသောပုစ္ဆာတစ်ခုကို ဖြေရှင်းနိုင်သည့် အကြိမ်တိုင်းတွင် သူမကိုယ်သူမ အလွန်တော်သည်ဟု ခံစားနေရသည်။ ကလေးနှစ်ယောက်လုံး မှန်ကိုစိုက်ကြည့်ရင်း တွေးနေမိကြသည်။

'ဒီမှန်ကို အိမ်သယ်သွားလို့ရမလား’

258

ဆရာကြီးဝေ၏ လက်ရေးလှပညာ အတန်းမှာ ပြီးဆုံးသွားခဲ့ပြီဖြစ်သည်။ အစည်းအဝေးခန်းမအတွင်း၌ မှင်ရနံ့သင်းသင်းလေးမှာ ပျံ့လွင့်နေဆဲဖြစ်ပြီး စက္ကူပေါ်တွင် စုတ်တံဖြင့်ရေးခြစ်ခဲ့သော တရှဲရှဲအသံများမှာလည်း လေထုထဲ၌ ပဲ့တင်ထပ်နေဆဲဖြစ်၏။ အတန်းပြီးသွားသည့်တိုင်အောင် ဧည့်သည်အများအပြားမှာ ထိုနေရာမှ မထွက်ခွာချင်ကြသေးဘဲ ထိုင်ခုံများတွင် ဆက်လက် ရှိနေကြသည်။ ကလေးနှစ်ယောက်ဖြစ်သော လင်းဟန်မော့နှင့် လင်းယွဲ့ရှီတို့မှာလည်း ချွင်းချက်မဟုတ်ပေ။ သူတို့သည် လက်ရေးလှစုတ်တံများကို ကိုင်ထားကြပြီး စုတ်တံထိပ်ဖျားလေးများကို မှင်အိုးထဲ၌ အသာလှည့်ပတ်ကာ နက်မှောင်သော မှင်ရည်များကို ဝဝလင်လင်စုပ်ယူနေကြသည်။ သူတို့မျက်နှာလေးများမှာ စိတ်လှုပ်ရှားမှုကြောင့် တောက်ပနေကြပြီး အခုဆိုလျှင် သူတို့သည် လက်ရေးလှပညာကို အလွန်အမင်း ရူးသွပ်သူလေးများဖြစ်သွားကြပြီဖြစ်သည်။ လင်းဟန်မော့မှာ စိတ်လှုပ်ရှားစွာဖြင့် ကြေညာလိုက်၏။

"သားက ပြောင်မြောက်တဲ့လက်ရာတွေ ဖန်တီးပြီး လူတိုင်းကို အံ့သြသွားအောင် လုပ်နိုင်တဲ့ လက်ရေးလှပညာရှင်ကြီး ဖြစ်အောင်လုပ်မှာ"

ခုနလေးတင် ဆရာကြီးဝေမှ သူ့ကို ချီးကျူးခဲ့သည်လေ။ သူ့နာမည်မှာ လက်ရေးလှပညာ၏ရနံ့များ ကိန်းဝပ်နေသည်ဟု ဆရာကြီးမှပြောခဲ့သည်ကြောင့် လင်းဟန်မော့မှာ အတိုင်းမသိ ဂုဏ်ယူနေခြင်းဖြစ်သည်။ လင်းယွဲ့ရှီလည်း အရှုံးမပေးလိုဘဲ ပြောလိုက်၏။

"သမီးလည်း တူတူပဲ၊ သမီးလည်း လက်ရေးလှပညာရှင်ကြီးဖြစ်ချင်တာ "

သူမသည် သူမလက်ရေးမှာ အစ်ကိုဖြစ်သူထက် အများကြီးပိုလှသည်ဟု ခံစားနေရသည်။ ဆရာကြီးဝေ သူ့ကို ချီးကျူးရခြင်းမှာ သူ့နာမည်မှ အသာစီးရနေ၍သာ ဖြစ်သည်ဟု သူမထင်နေ၏။ သူမနာမည်ကို 'လင်းယွဲ့ရှု' ( စာပေရနံ့ပါသောနာမည်) ဟု ပြောင်းပစ်ချင်နေမိသည်။

'ဟင်း'

အစုအဝေးခန်းမ၏ နံရံများပေါ်တွင် ဆရာကြီးဝေ၏လက်ရာအချို့ကို ချိတ်ဆွဲထားသည်။ အားပါသော စုတ်ချက်များနှင့် သက်ဝင်လှုပ်ရှားနေသော အနုပညာအငွေ့အသက်များမှာ ကလေးများကို များစွာစိတ်ဓာတ်တက်ကြွစေ၏။ ကလေးနှစ်ယောက်သည် ထိုလက်ရာများကို စိုက်ကြည့်ကာ စိတ်ပိုင်းဖြတ်မှုအပြည့်ဖြင့် ရွှမ်စက္ကူပေါ်တွင် မနားတမ်း ရေးသားနေကြတော့သည်။ ရွှီကွမ်းချန်သည် ကလေးများအတွက် လှုပ်ရှားမှုများစီစဉ်ရာတွင် အလွန်ပင် စေ့စပ်သေချာလှသည်ဟု ဆိုရမည်။ သူသည် ကလေးများ၏ ဖျော်ဖြေရေးနှင့် သင်ယူမှုကို ကျွမ်းကျင်စွာ ချိန်ညှိပေးထားပြီး ငြိမ်သက်စွာ လုပ်ဆောင်ရသော အရာများနှင့် တက်ကြွစွာ လှုပ်ရှားရသောအရာများကို ပေါင်းစပ်ပေးထားသည်။ လက်ရေးလှအတန်း ပြီးဆုံးပြီးနောက် ဒုတိယမြောက် နံနက်ခင်းတွင်မူ သူတို့အတွက် တက်ကြွလှုပ်ရှားရမည့် ထိုက်ချီနှင့် ရေကူးအတန်းကိုစီစဉ်ပေးလိုက်သည်။

လိုက်ကာစများကြားမှ တိုးဝင်လာသော နံနက်ခင်းနေရောင်ခြည်သည် ကလေးများ၏ ကုတင်ပေါ်သို့ဖြာကျနေပြီး နေ့သစ်အတွက် သူတို့မျှော်လင့်ချက်များကို နှိုးစက်ပေးနေသည်။ လင်းဟန်မော့နှင့် လင်းယွဲ့ရှီတို့သည် ကုတင်ပေါ်မှ ဝုန်းခနဲ ခုန်ထွက်လိုက်ကြ၏။ ယနေ့သည် ကိုယ်လက်လှုပ်ရှားကစားရမည့်နေ့မှန်းသိနေကြသဖြင့် သူတို့နှလုံးသားထဲတွင် စိတ်လှုပ်ရှားမှုနှင့် ရင်ခုန်သံများ ပြည့်နှက်နေသည်။ အားကစားခန်းမအတွင်းရှိ လေ့ကျင့်ရေးခန်း၌ ထိုက်ချီကစားပြီးနောက်တွင် ကလေးများသည် အရောင်အသွေးစုံလင်သော ရေကူးဝတ်စုံများကို လဲလှယ်ဝတ်ဆင်ကြကာ ရေကူးဦးထုပ်နှင့် မျက်မှန်များကို တပ်ဆင်ပြီး ရွှီကွမ်းချန်၏နောက်မှနေ၍ ရေကူးကန်ဆီသို့ လိုက်ပါလာကြသည်။ ရေကူးကန်ဘေးတွင် လူတော်တော်များများ ရောက်နေကြပြီဖြစ်၏။

လင်းယွဲ့ရှီသည် ရေကူးကန်ဘေးတွင် ရပ်နေရင်း လူအုပ်ကြီးကို ဝေ့ကြည့်ကာ အနည်းငယ် စိုးရိမ်စိတ်ဝင်လာသည်။ မရင်းနှီးသော သူစိမ်းများစွာနှင့် ရင်ဆိုင်ရသည့်အခါ သူမလက်ဖဝါးလေးများမှာ ရေကူးဝတ်စုံအနားသတ်ကို မသိစိတ်ဖြင့် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားမိသည်။ သူမခြေလှမ်းများမှာလည်း တုံ့ဆိုင်းနေပြီး ရှေ့သို့မတက်ရဲဘဲဖြစ်နေ၏။ သူမအစ်ကို လင်းဟန်မော့မှာ ညီမဖြစ်သူ၏တုံ့ဆိုင်းမှုကို သတိပြုမိသွားသည်။ သူမဘေးသို့ တိတ်တဆိတ်လျှောက်သွားပြီး လင်းယွဲ့ရှီ၏လက်ကိုဆွဲကာ ရှေ့သို့ခေါ်သွားလိုက်သည်။

"ညီမလေး ညီမလေး၊ ဟိုမှာ မြန်မြန်ကြည့်ဦး"

'ဘာကို ကြည့်ရမှာလဲ'

လင်းယွဲ့ရှီ၏မျက်နှာလေးမှာ အနည်းငယ် နီမြန်းသွားပြီး အကြည့်များကို လွှဲဖယ်လိုက်ခြင်းက သူမ၏ရှက်ရွံ့မှုနှင့် မလုံခြုံမှုကို ဖော်ပြနေသည်။ သူမသည် ပုန်းစရာနေရာတစ်ခုရှာလိုသဖြင့် လူအုပ်ကြားထဲသို့ ဝေ့ဝဲကြည့်နေသော်လည်း အစ်ကိုဖြစ်သူမှာ သူမကိုနောက်မှနေ၍ အတင်းတွန်းပို့နေ၏။ လင်းယွဲ့ရှီသည် လူအများရှေ့တွင် ရုန်းရင်းဆန်ခတ်မဖြစ်ချင်သဖြင့် မတတ်သာဘဲ ရှေ့သို့လိုက်ပါသွားရတော့သည်။

"ဝါး"

လင်းယွဲ့ရှီ၏ပါးစပ်လေးမှာ အံ့သြလွန်း၍ 'O' ပုံသဏ္ဌာန် ဖြစ်သွားသည်။ သူမ မှင်သက်သွားမိ၏။ ရှေ့တွင် သူမကို စောင့်ကြိုနေမည့် ဤမျှလှပသော အံ့သြစရာတစ်ခုကို သူမလုံးဝ မျှော်လင့်မထားခဲ့ပေ။ ရေကူးကန်ဘေးတွင် အလွန်ချောမောသောအစ်ကိုကြီးတစ်ယောက် ရှိနေသည်လေ။ ထိုအစ်ကိုကြီးသည် ရေကူးကန်ဘေးတွင်ရပ်နေပြီး နံနက်ခင်း နေရောင်ခြည်မှာ သူ့အပေါ်တွင် ရွှေရောင်အလင်းတန်းများ ဖြာကျနေသည်။ သူသည် ရိုးရှင်းသော ရေကူးဝတ်စုံကို ဝတ်ဆင်ထားပြီး ကိုယ်လုံးကိုယ်ပေါက်မှာ အချိုးအစား ပြေပြစ်လှသည်။ သူ့အသားအရေမှာ နေရောင်အောက်တွင် ပို၍ဖြူစင်ဝင်းပနေ၏။ သူ့အပြုံးမှာ အလွန်ပင်နွေးထွေးလှပြီး သူစိမ်းဆန်မှုနှင့် အကွာအဝေးအားလုံးကို အရည်ပျော်စေနိုင်မည့်ပုံပင်။ ကလေးနှစ်ယောက်ကိုမြင်သည့်အခါ ရှောင်ချန်း သူ့လက်ထဲမှစာရင်းကို ကြည့်လိုက်သည်။

"မင်းတို့က လင်းဟန်မော့နဲ့ လင်းယွဲ့ရှီ လား၊ ကဲ တန်းစီလိုက်ကြနော်၊ ရေကူးအတန်းစတော့မယ်"

လင်းဟန်မော့နှင့် လင်းယွဲ့ရှီတို့သည် လူအုပ်ကြားထဲတွင် သူတို့နေရာကိုအမြန်ရှာလိုက်ကြသည်။ သူတို့မှာ အရပ်အပုဆုံးဖြစ်နေသဖြင့် အရှေ့ဆုံးနေရာတွင် ရောက်သွားကြ၏။ သူတို့နှင့်အတူ ကျန်ရှိသော လူ (၈)ယောက်မှာ အရွယ်ရောက်ပြီးသား အစ်ကိုကြီး၊ အစ်မကြီးများဖြစ်ကြသည်။ ရှောင်ချန်းသည် ရေကူးကန်ဘေးတွင်ရပ်နေရင်း အနီးအနားတွင် လူအများအပြားစုရုံးနေဆဲဖြစ်သည်ကို သတိပြုမိလိုက်သည်။ သူတို့မှာ သူ့ကိုလက်ညှိုးထိုးပြရင်း တစ်ခုခုပြောနေကြသည်။ ရှောင်ချန်းမျက်နှာထက်တွင် မသိစိတ်အရ ရှက်သွေးလေးများဖြတ်ပြေးသွား၏။ သူ့ပါးစပ်ကို ဖွင့်လိုက်ပြီး ရှက်စိတ်ကို အောင့်အီးကာ အသံသြသြလေးဖြင့် ပြောလိုက်သည်။

"ကျွန်တော်တို့ အတန်းစတော့မှာမလို့ ကျေးဇူးပြုပြီး ဧည့်သည်တော်တို့ ရပ်မနေကြပါနဲ့ခင်ဗျာ"

ရေကူးဝတ်စုံဝတ်ထားသော အရှေ့ဆုံးမှ အစ်မကြီးနှစ်ယောက်ကလည်း အသံကျယ်ကျယ်ဖြင့် ဝိုင်းကူပြောပေးကြသည်။

"အားလုံးပဲ ကျေးဇူးပြုပြီး လူမတိုးကြပါနဲ့ဦး၊ နည်းပြရှောင်ချန်းရဲ့ အသံက အခုတောင် တိုးတိုးလေးဖြစ်နေပြီ၊ ကျေးဇူးပြုပြီး ပူးပေါင်းဆောင်ရွက်ပေးကြပါနော်"

ဧည့်သည်တော်များသည် ထိုအစ်မကြီးများစကားကို ကြားသည့်အခါ အဓိပ္ပာယ်ပါသော အပြုံးများဖြင့် ခေါင်းငြိမ့်ကြသည်။ ကြည့်နေသူများသည် စတင်ကာ နောက်သို့ဆုတ်ပေးကြပြီး ရေကူးအတန်းအတွက် နေရာလွတ် ပေးလိုက်ကြသဖြင့် ရေကူးကန်ဘေးတွင် တိတ်ဆိတ်သွားတော့၏။ ထိုအစ်မကြီးများနှင့် ဧည့်သည်များသည် အဝေးကြီးသို့ထွက်မသွားကြပေ။ သူတို့အားလုံးမှာ ရှောင်ချန်း၏ဆွဲဆောင်မှုအောက်တွင် ကျရောက်နေကြသဖြင့် တိုင်ပင်မထားဘဲ အနားရှိထောင့်တစ်နေရာတွင်ရပ်ကာ ရှောင်ချန်းကို တိတ်တဆိတ် ဆက်ငေးမောနေကြသည်။

"အမလေး ငါကအွန်လိုင်းပေါ်ကပုံတွေကိုကြည့်ပြီး လာခဲ့တာ၊ အခုခေတ် AI တွေက အရမ်းစွမ်းတော့ အမှန်အတိုင်းပြောရရင် သိပ်ပြီးမျှော်လင့်မထားဘူး၊ ဒါပေမဲ့ နည်းပြရှောင်ချန်းက တကယ်ကြီး ဒီလောက်အထိ ချောနေလိမ့်မယ်လို့ မထင်ထားဘူး"

ဧည့်သည်တစ်ယောက်မှာ ဘေးမှလူကို အံ့သြတုန်လှုပ်သောလေသံဖြင့် တိုးတိုးလေး ကပ်ပြောနေသည်။

"ဟုတ်ပါ့၊ ပြီးတော့ သူတမင်ချောအောင်မလုပ်ဘဲနေတာက ပိုဆွဲဆောင်မှုရှိတယ်၊ သူ့ကိုယ်သူရုပ်ချောမှန်းတောင်မသိတဲ့ပုံစံလေးက တကယ့်ကိုကြည့်လို့ကောင်းတာ"

နောက်ထပ်ဧည့်သည်တစ်ယောက်မှာလည်း ထောက်ခံလိုက်သည်။ ရှောင်ချန်းမှာတော့ အဝေးမှတိုးတိုး တိုးတိုးပြောနေကြသည်များကို သတိမထားမိပေ။ သူသည် သင်ကြားရေးပေါ်တွင်သာ အာရုံစိုက်ထားသည်။

"ကဲ အားလုံးပဲ၊ ကျွန်တော်နဲ့အတူ သွေးပူလေ့ကျင့်ခန်း အရင်လုပ်ကြရအောင်"

သူသည် သွေးပူလေ့ကျင့်ခန်းလှုပ်ရှားမှုများကို စတင်သရုပ်ပြသည်။ လှုပ်ရှားမှု တစ်ခုချင်းစီမှာ စံနှုန်းမီပြီး ပြေပြစ်လှပလှ၏။ ရွှင်းကောမှ ရှောင်ချန်းအကြောင်း ဗီဒီယိုတင်လိုက်ကတည်းက သူသည် အွန်လိုင်းပေါ်တွင် လျင်မြန်စွာ လူကြိုက်များသွားပြီး သူ့ကိုကြည့်ရန်အတွက် သီးသန့်လာကြသော ဧည့်သည်များမှာ အတိုင်းအဆမရှိ များပြားလာခဲ့သည်။ ဧည့်သည်များသည် ရှောင်ချန်းကိုတစ်ချက်လောက်မြင်ရဖို့နှင့် ဤနေရာမှ ရေကူးအတန်းကို တက်ရောက်ဖို့အတွက် မပြတ်မကွက် လာရောက်နေကြသည်။ ဤကဲ့သို့ ရုတ်တရက် ဧည့်သည်များပြားလာမှုကို ကိုင်တွယ်ရန်နှင့် ဧည့်သည်တိုင်း အရည်အသွေးမြင့် ဝန်ဆောင်မှုရရှိစေရန်အတွက် လီကျိရှူး သည် အချိန်ပိုဆင်းကာ သူ့နည်းပညာ ကျွမ်းကျင်မှုကို အသုံးပြု၍ ဟဲယဲ့တည်းခိုခန်း၏တရားဝင် ပလက်ဖောင်း ပေါ်တွင် ကြိုတင်စာရင်းပေးစနစ်တစ်ခု ထည့်သွင်းပေးလိုက်၏။

ဧည့်သည်များ၏ မတူညီသောရေကူးကျွမ်းကျင်မှုအပေါ်မူတည်ပြီး ရှောင်ချန်းမှာ အုပ်စုငယ်အတန်းများကို ဖွင့်လှစ်ပေးထားသည်။ အတန်းတစ်တန်းလျှင် လူ (၁၀)ယောက်သာ ကန့်သတ်ထား၏။ သင်တန်းများကို အခြေခံ၊ အလယ်အလတ်နှင့် အဆင့်မြင့်ဟူ၍ ခွဲခြားထားပြီး အဆင့်အသီးသီးမှ ကျောင်းသားများ၏လိုအပ်ချက်ကို ဖြည့်ဆည်းပေးထားသည်။ ဧည့်သည်များသည် မိမိတို့ကျွမ်းကျင်မှုနှင့် အချိန်ဇယားအပေါ် မူတည်ပြီး အွန်လိုင်းမှတစ်ဆင့် အချိန်ပိုင်းအလိုက် ကြိုတင်စာရင်းပေးနိုင်သည်။ ဤကြိုတင်စာရင်းပေးစနစ်၏ အသွင်အပြင်မှာ ရိုးရှင်း ရှင်းလင်းပြီး အသုံးပြုရသည်မှာလည်း လျင်မြန်လွယ်ကူသည်။ ဧည့်သည်များသည် လက်ချောင်းလေးများကို လှုပ်ရှားလိုက်ရုံဖြင့် မိမိတို့တက်ချင်သောအတန်းကို လွယ်ကူစွာ ဘွတ်ကင်လုပ်နိုင်၏။ ထို့အပြင် ဤစနစ်တွင် နည်းပြရှောင်ချန်း၏ ကိုယ်ရေးအချက်အလက်၊ အတန်းအချိန်ဇယားနှင့်သင်ကြားမည့် အကြောင်းအရာများကို အသေးစိတ် ဖော်ပြထားသဖြင့် ဧည့်သည်များအနေဖြင့် ရေကူးအတန်းအကြောင်း အပြည့်အစုံသိရှိနိုင်မည်ဖြစ်သည်။

ရှောင်ချန်းအတွက်မူ တစ်ဦးချင်း သင်ကြားပေးခြင်းမှာ လူတစ်ဦးချင်းစီ၏အခြေအနေကို တိုက်ရိုက် ကြီးကြပ်နိုင်စေသည်။ သို့သော် အုပ်စုငယ်အတန်းများ စတင်လိုက်သည့်အခါတွင်မူ သူသည် လူပိုများလာသည်ကို ရင်ဆိုင်ရမည်ဖြစ်ပြီး သင်ကြားမှုပုံစံများကိုလည်း အလိုက်သင့်ပြောင်းလဲရမည်ဖြစ်၏။ သင်ခန်းစာတစ်ခုချင်းစီအတွက် ပိုမိုစနစ်ကျသောသင်ကြားရေးဒီဇိုင်းများ လိုအပ်လာသည်။ ရှောင်ချန်းသည် ဆရာကြီးဝေ၏အကူအညီကို ရယူကာ စုဟယ်နှင့်အတူ အတန်းတစ်ခုချင်းစီအတွက် သင်ကြားမည့် အကြောင်းအရာများကို ရေးဆွဲခဲ့သည်။ အခြေခံအတန်းတွင် ရှောင်ချန်းသည် အသက်ရှူနည်း၊ ရေပေါ် ပေါ်နည်း၊ ခြေကန်နည်းနှင့် လက်ယက်နည်းစသည့် အခြေခံရေကူးနည်းစနစ်များကို အဓိကထား သင်ကြားပေးမည်ဖြစ်၏။ ယနေ့သည် လူအများအပြားကို အုပ်စုငယ်အတန်းအနေဖြင့် ပထမဆုံးအကြိမ် သင်ကြားပေးခြင်းဖြစ်သလို လူများစွာ၏အာရုံစိုက်မှုကို ပထမဆုံးအကြိမ် ရရှိခြင်းလည်းဖြစ်သည်။

ရှောင်ချန်းသည် ဤတာဝန်ကို အကောင်းဆုံး လုပ်ဆောင်ချင်သဖြင့် သူ့အကြောင်း လူများဘာပြောနေကြသည်ကို အာရုံစိုက်ရန် စိတ်ထဲ၌ လုံးဝမရှိပေ။ ထို့အပြင် အချိန်မှာ အလွန်ကျပ်နေသဖြင့် သူနှင့် စုဟယ်တို့သည် ပထမဆုံးသင်ခန်းစာ၏အကြောင်းအရာကို မနေ့ကမှ အပြီးသတ်နိုင်ခဲ့ခြင်းဖြစ်သည်။ သူသည် ဧည့်သည်များ၏ တုံ့ပြန်မှုကို စုဆောင်းရဦးမည်ဖြစ်ပြီး စုဟယ်မှာလည်း ဒုတိယမြောက် သင်ခန်းစာကို ဒီဇိုင်းဆွဲရန်အတွက် သူ့ဆီမှ သတင်းအချက်အလက်များကို စောင့်ဆိုင်းနေခြင်းဖြစ်၏။

All Chapters