← Chapters

တန်ဖိုးထားချင်တယ်

Vol. 6 Ch. 270

တန်ဖိုးထားချင်တယ်

Vol. 6 Ch. 270

“မော်လီ၊ ငါဒီနေ့ အပြင်သွားချင်တယ်။ လိုက်ပို့ပေး။”မနက် မိုးလင်းရုံရှိသေးတယ် ဆယ်ဗီက အပေါ်ထပ်ကနေဆင်းလာပြီး မီးဖိုချောင်ထဲကို ပြေးဝင်သွားတယ်။ မီးဖိုထဲမှာတော့ ပါစတာကို အိုးထဲသေချာစနစ်တကျထည့်နေတဲ့မော်လီရှိနေပြီးတော့ မနက်စာအတွက် ကြက်ပါစတာခေါက်ဆွဲလုပ်ဖို့ပြင်ဆင်နေတာ။

“ကျိန်စာသံလိုက်မ၊ သခင်က နင့်ကိုအိမ်ထဲမှာပဲနေခိုင်းပြီး ပြဿနာ မရှာအောင်စောင့်ကြည့်ဖို့ ငါ့ကိုမှာထားတယ်။ နည်းနည်းလောက် ငြိမ်ငြိမ်လေးနေပါလား။”

မော်လီက ဆယ်ဗီကို နည်းနည်းလေးမှ ချိုချိုသာသာမရှိဘဲ ပြောတာ။ သူ့မျက်လုံးတွေကိုမှေးထားပြီး သူနာပြုဝတ်စုံနဲ့ ကောင်မလေးကို ရွံစရာအရာတစ်ခုလိုမျိုးကြည့်နေတော့တာ။ ဒါပေမဲ့ ဆယ်ဗီကတော့ လက်မလျှော့သေးဘူး။ သူက မော်လီရဲ့ အင်္ကျီလက်ကိုဆွဲပြီး ကြောင်လေးတစ်ကောင်သခင်ကိုချွဲတဲ့ အကြည့်မျိုးနဲ့ မော်လီကိုပြူးကြည့်လိုက်တယ်။

“နော်... နော်လို့....”

“......” မော်လီက ဆယ်ဗီကို အကြာကြီးစိုက်ကြည့်နေလိုက်တယ်။ လိုက်မပို့ပေးရင် ငိုပြီးသောင်းကျန်းမယ့် ကလေးဆိုးကြီးရုပ် ပေါက်နေတဲ့အတွက်ကြောင့် သက်ပြင်းချလိုက်ပြီး

“နားလည်ပြီ၊ နေ့လယ်ကျရင် လိုက်ပို့ပေးမယ်။ အခုတော့ မနက်စာ စားပါဦး။”

“ဟင့်အင်း... အခုသွားချင်တာ... မြို့ထဲက ခရစ်ပီချစ်ကင်းဆိုင်မှာ နေ့လယ်ပိုင်းမရောက်ခင် ဆိုင်မှာလာဝယ်စားရင် လျှော့စျေးပေးနေတာတဲ့။”

“ကျစ်...” မော်လီက လျှာကိုလိပ်ပြီး မြည်သံထွက်အောင်လုပ်ရင်း အသင့်ဖြစ်လုနီးပါးဖြစ်နေပြီဖြစ်တဲ့ ပါစတာတွေကိုကြည့်တယ်။ သက်ရှိလူသားတစ်ယောက်သာဆိုရင် ဒေါသကြောင့် နဖူးကြောတွေ ထောင်ထလာတာကိုတောင် မြင်ရလောက်တယ်။

“ဆယ်ဗီ၊ အပြင်စာတွေက ကျန်းမာရေးအတွက်မကောင်းမှန်း သိတယ်မဟုတ်လား။”

“ဒါပေမဲ့၊ စားလို့ကောင်းတယ်လေလို့။”

“ဒါဆိုနင်က ငါချက်တာတွေ မစားချင်ဘူးဆိုတဲ့သဘောလား။”

မော်လီက လက်ကိုပိုက်လိုက်ပြီး ဆယ်ဗီကို ရန်လုပ်တော့မယ့် မျက်နှာနဲ့စိုက်ကြည့်တယ်။ အခန်းထဲက လေထုက လေးလံလာပြီး ကြောက်စရာကောင်းတဲ့ဖိအားတစ်ခုပြန့်နှံလာတဲ့အတွက် ဆယ်ဗီ နောက်ကိုခုန်ဆုတ်လိုက်တော့တာပေါ့။

“အဲ... အဲဒီလိုမဟုတ်ပါဘူး... အစ်မကြီးချက်တဲ့ဟင်းတွေက စားလို့ကောင်းပါတယ်။”

ဟင့်...

မော်လီရဲ့ နှုတ်ခမ်းတစ်ဖက်က ပြုံးသယောင်လှုပ်ရှားသွားပြီး ပြန်လည်တည်ကြည်သွားတယ်။ အဲဒီနောက် အိမ်စေမိန်းကလေး တစ်ယောက်လိုမျိုး လက်ကိုရှေ့မှာယှက်တင်ထားရင်းနဲ့ ဆယ်ဗီနားကို စည်းချက်ညီညီချဥ်းကပ်လာတယ်။ စီးထားတဲ့ လေဒီရှုးအနက်ဒေါက်ဖိနပ်သံက တဒေါက်ဒေါက်။

“လေးစားရတဲ့ ဧည့်သည်တော်ရှင့်၊ ဒီအိမ်စေက မနက်စောစော ထပြီးတော့ ရှင်တို့အတွက်ချက်ပြုတ်နေခဲ့တာပါ။ အိမ်မှာ သခင်လည်းမရှိဘူးဆိုတော့ နင်ရယ်၊ အိုလီရာရယ်နဲ့ သခင်မလေးမိုနီကာပဲ စားစရာတွေကို စားဖို့ရှိတာလေ။ အဲဒါကို အပြင်ထွက်စားမယ်ဆိုတော့ စားစရာတွေလေလွင့်ကုန်မှာပေါ့။”

“.....” ဆယ်ဗီကတော့ နောက်ကိုဆုတ်ရလွန်းလို့ နံရံနဲ့ကျောတောင် ကပ်မိနေပြီ။ နဖူးကနေတောင် ဇောချွေးတွေကျလာတယ်။

မော်လီပြောတာလည်းမမှားဘူး။ အခုဆိုရင် အိမ်မှာက စားဖို့လိုတဲ့ သက်ရှိစင်စစ်ဆိုလို့ ဆယ်ဗီနဲ့မိုနီကာပဲရှိတာလေ။ မော်လီက ဖုတ်ကောင်၊ ဒေါ်ရသီက အဂ္ဂိရတ်အရုပ်တစ်ရုပ်ဖြစ်နေပြီးတော့ ပါစီဗယ်ကတော့ တစ္ဆေတစ်ကောင်ပါ။ အိုလီရာနာကလည်း သိပ်မစားသလို မိုနီကာကလည်းအများကြီးစားနိုင်တာ မဟုတ်ဘူး။

“ဟို... ဟို.... ကြက်ကြော်က နေ့လယ်မရောက်ခင်အထိ အချိန်ရတာဆိုတော့ မနက်စာအရင်စားလိုက်မယ်လေ။”

ဆယ်ဗီက ရှက်ပြုံးလေးပြုံးပြလိုက်မှ မော်လီက ဆယ်ဗီကိုကိုယ်ပိုင် နေရာအကျယ်အဝန်းပေးဖို့ သုံးပေအကွာအထိပြန်ဆုတ်သွားပြီးမှ ခေါင်းညိတ်လိုက်ပြတယ်။

“အနည်းဆုံးတော့ ဧည့်သည်တော်ဆယ်ဗီမှာ ဦးနောက်နည်းနည်း ရှိသေးတာပဲ။” ခါတိုင်းဆိုရင် ဆယ်ဗီက သူလိုချင်တာမရမချင်း ဂျီကျနေမှာဖြစ်ပေမဲ့ အခုလိုနောက်ဆုတ်သွားလို့ မော်လီက အသိအမှတ်ပြုလိုက်တာ။

“ဂါး... နင်မိုနီကာကိုကျ သခင်မလေးလို့ခေါ်ပြီး ငါ့ကိုကျဘာလို့ အဲဒီလောက်သူစိမ်းဆန်နေရတာလဲ။”

“ကျိန်စာသံလိုက်မ....”

“ငါ့ကို အဲဒါကလွဲပြီး ခေါ်ချင်သလိုခေါ်တော့....” ဆယ်ဗီလည်း မော်လီနဲ့ စကားနိုင်လုမနေတော့ဘဲ ဧည့်ခန်းစားပွဲဝိုင်းမှာသွားပြီး ထိုင်နေလိုက်တယ်။ ထင်မထားတာက မိုနီကာလည်းရောက်နေပြီ။ ထုံးစံအတိုင်း ဒေါ်ရသီက မိုနီကာရဲ့ဝှီးချဲကိုတွန်းလာပေးရတာပါ။

“မိုနီကာ... ငါဒီနေ့အပြင်သွားမလို့ နင်ရောလိုက်ဦးမလား။” ဆယ်ဗီက မိုနီကာနားကိုရောက်သွားပြီး အပြစ်ကင်းစင်စွာနဲ့ မေးလိုက်တယ်။ အသက်ကို ခက်ခက်ခဲခဲရှုနေရတဲ့မိုနီကာက သူ့ကို ခါးသီးစွာပြုံးပြလိုက်ပြီး လေသံလေးနဲ့ပြန်ဖြေတယ်။

“ငါ့ပုံစံက လိုက်နိုင်မယ့်လူနဲ့တူနေလို့လား။” နက်ဆန်အနားမှာ ရှိမနေတော့ကတည်းက မိုနီကာဟာ ဒေါသထွက်လွယ်နေတယ်။ ဒေါ်ရသီကလည်း ဆယ်ဗီကိုဖမ်းဆွဲလိုက်ပြီးတော့ မိုနီကာနဲ့ဝေးဝေး ခေါ်ထုတ်သွားတယ်။

“မမလေးဆယ်ဗီ၊ အဲဒီလိုမပြောရဘူးလေ။ နေမကောင်းတဲ့ လူတစ်ယောက်ရှေ့မှာ အဲဒီလောက်ထိတက်ကြွပြနေရင် စိတ်ဘယ်ကောင်းမလဲ။”

ဒီတော့မှ ဆယ်ဗီလည်းငိုင်ကျသွားပြီး သူ့နေရာမှာသူ သွားထိုင်ပါတယ်။ အဲဒီနောက်တော့ မိုနီကာကို မရဲတရဲခိုးကြည့်ရင်း တောင်းပန်လိုက်တာပေါ့။

“စိတ်... စိတ်မရှိပါနဲ့။ နက်ဆန်မရှိတာနဲ့ ငါလည်းပျင်းနေပြီး ပေါက်ရတွေလျှောက်လုပ်နေမိတာ။”

မိုနီကာကတော့ မျက်လုံးကိုမှိတ်ထားလိုက်ရင်း ခပ်တိုတိုပဲ ပြန်ဖြေလိုက်တယ်။ သူ့အတွက်စကားလုံးတိုင်းက ဆင်းရဲကြီးစွာနဲ့ ထွက်ပေါ်လာရတာမဟုတ်ပါလား။

“ရပါတယ်... ငါလည်းဒါလင့်ကိုလွမ်းနေတာပဲလေ။” တကယ်တော့ မိုနီကာလည်း နည်းနည်းအံ့အားသင့်သွားတယ်။ ဆယ်ဗီ ဘယ်တုန်းက အခုလိုလွယ်လွယ်နဲ့ တောင်းပန်တတ်သွားတာလဲ။

အဲဒီအချိန်မှာပဲ မော်လီကဟင်းပွဲတွေကို ဗန်းနဲ့သယ်ပြီးတော့ ထွက်လာပါတယ်။ ပထမဆုံးအနေနဲ့ မော်လီက မိုနီကာရဲ့ရှေ့မှာ ဆန်ပြုတ်တစ်ပန်းကန်ချပေးလိုက်တာပေါ့။

“မမလေးမိုနီကာအတွက်တော့ ဒီအစေခံက ကြက်သားဆန်ပြုတ် ​လုပ်ထားပေးပါတယ်။ ဝါးရလွယ်အောင်နဲ့အစာကြေအောင်လို့ ဆန်တွေကိုကျိတ်ပြီးမှ ချင်းနဲ့တခြားဆေးဖက်ဝင် ဟင်းခတ် အမွှေးအကြိုင်တွေထည့်ထားပေးတာပါ။ မုန်လာဥဖျော်ရည်လည်း တွဲသောက်ဖို့ပြင်ဆင်ပေးထားပါတယ်။”

“ရှင့်ကို ခက်ခဲအောင်လုပ်မိပြန်ပြီ။”

“ဒါက အိမ်စေတစ်ယောက်အနေနဲ့ ကျွန်မလုပ်ရမယ့်တာဝန်ပါ။” မော်လီက မိုနီကာကို လေးလေးစားစားနဲ့ပြန်ဖြေတာတွေ့တော့ ဆယ်ဗီက သွားကိုဖိကိုက်လိုက်ပြီး ခက်ရင်းနဲ့ထဆောင့်ထိုးမယ့် ရုပ်နဲ့ကြည့်လိုက်တယ်။

“ဟွန်း... ငါ့ကိုကျတော့ အဲဒီလိုမပြောပါဘူးနော်။”

စိတ်မကောင်းစွာနဲ့ ကျန်တဲ့နှစ်ယောက်က သူ့ကိုလစ်လျူရှုထား လိုက်ပါတယ်။ မိုနီကာက မော်လီသူတို့နားမှာရှိနေတုန်းလေးမှာပဲ ထပ်မေးလိုက်ပြန်တယ်။

“ဒါလင့်ဆီကနေရော ဘာသတင်းကြားသေးလဲ။”

“နာတာရှာဆီကနေ သိရသလောက်တော့ သခင်က နာဂါနိုမြို့ကို ရောက်နေပါပြီ။ သွားမယ့်နေရာကိုရောက်ပြီလို့ပြောရမှာပေါ့။ ကျွန်မနဲ့သခင့်ရဲ့ ဝိညာဥ်ချင်းဆက်စပ်မှုကလည်း တည်ငြိမ်နေတာမလို့ သခင်ဘေးကင်းကင်းနဲ့ရှိနေပါတယ်။”

မိုနီကာက သက်ပြင်းရှည်ကြီးချလိုက်ပြီး ဧည့်ခန်းပြတင်းပေါက်ကို လှမ်းကြည့်လိုက်တယ်။ အဲဒီနောက်...

“ဖြစ်နိုင်ရင် ဒါလင့်ကို ကျွန်မအတွက်မပင်ပန်းစေချင်တော့ဘူး။ ကျွန်မတို့တွေ ဒီအခြေအနေကိုလက်ခံသင့်နေပြီမဟုတ်လား။”

မိုနီကာက စကားဆုံးတဲ့နောက်မှာ လုံးဝငြိမ်ကျသွားတယ်။ ငိုတာမျိုးမဟုတ်ပေမဲ့ အဲဒီလက်လျှော့လိုက်တဲ့အပြုအမူက ပိုကြောက်စရာကောင်းတယ်။ မိုနီကာလောက်နက်ဆန်အနားမှာ နေချင်တာ မိုနီကာပဲရှိတာဆိုပေမဲ့ မိုနီကာဟာ သူချစ်ရတဲ့သူကို သူ့အတွက်နဲ့ ပိုမစွန့်စားစေချင်တော့ဘူး။

“အား... စိတ်ပျက်ဖို့ကောင်းလိုက်တာ... မိုနီကာ၊ မော်လီ။ အရေးမပါတာတွေမပြောကြနဲ့တော့။ မနက်စာ စားကြရအောင်.... ဒါနဲ့အိုလီရာနာက ဘယ်ရောက်နေတာလဲ။”

ဆယ်ဗီလည်း သူတို့ထဲက လူတစ်ယောက်ပျောက်နေတာကို သတိထားမိပြီးမေးလိုက်တော့ ဒေါ်ရသီက...

“အစောပိုင်းကတော့ ခေါင်မိုးထပ်ကိုတက်သွားပြီး ပန်းပင်တွေ ရေလောင်းနေတာတွေ့တယ်။ ဒီနေ့လည်း နောက်ကျမှစားမယ်နဲ့ တူတာပဲ။”

“ဟွန်း၊ အဲဒီကောင်မလေးလည်း အကျင့်ပျက်နေပြီပဲ။” ဆယ်ဗီက အိုလီရာနာကို ဝေဖန်လိုက်ပြီးနောက် ဇွန်းနဲ့ပါစတာခေါက်ဆွဲတွေကို လိပ်ယူလိုက်ပြီး ပါးစပ်ထဲထည့်လိုက်တယ်။ အဲဒီနောက်တော့ သူ့မျက်လုံးတွေ ကြယ်တွေလိုမျိုးလင်းလက်သွားပြီး အရာအားလုံးကို မေ့သွားတော့တာပဲ။

....

“ဒါလီယာ... နင်ငါ့ကို ဘယ်တော့မှ ပြန်ဆက်သွယ်မှာလဲ။”

အိုလီရာနာက အိမ်ခေါင်မိုးထပ်က လသာဆောင်မှာထိုင်နေရင်း လက်ကိုဆန့်ထုတ်လိုက်တယ်။ ကောင်းကင်ကနေရောင်ခြည်က မိန်းမပျိုလေးရဲ့ခန္ဓာကိုယ်ပေါ်ကို လှပစွာဖြာကျနေပြီး လက်ပေါ်က မှေးမှိန်နေတဲ့လိပ်ပြာတက်တူးကို အထင်းသားမြင်နိုင်ပါတယ်။

ဒီအမှတ်အသားက နတ်ဘုရားဖြစ်သွားတဲ့ ဒါလီယာနဲ့သူ့ကြားမှာ ရှိနေတဲ့နောက်ဆုံးဆက်နွယ်မှုဖြစ်ပြီး တိတ်ဆိတ်နေခဲ့တာကြာပြီ။

“....” အိုလီရာနာက သူ့နောက်မှာတစ်ယောက်ယောက်​ ရပ်နေတယ်လို့ ခံစားလိုက်ရပြီး လှည့်ကြည့်ဖို့ကြိုးစားပေမဲ့ နောက်ကျသွားခဲ့ပါပြီ။ တစ်ယောက်ယောက်က သူ့ပါးပြင်ကို အားပါပါနဲ့ဆွဲညှစ်လိုက်ပြီး သူ့ခေါင်းကိုမေးနဲ့ဖိထားလိုက်တယ်။

“ရှာတွေ့ပြီ....”

“ဆယ်ဗီ... နာတယ်ဟဲ့...”

“ဟားဟားဟား....” အိုလီရာနာက အော်လိုက်တော့ ဆယ်ဗီက သဘောတကျရယ်မောလိုက်ပြီး သူ့ရင်ဘတ်လောက်ပဲအရပ်ရှိတဲ့ မိန်းကလေးကို ချိုင်းကနေကောက်ချီကာ လှည့်ပတ်ဝေ့ယမ်းတယ်။

“နင်က ချစ်စရာလေးဖြစ်နေတော့ ဘယ်တတ်နိုင်မလဲဟ။”

“ငါ... ငါ...မူးလာပြီ... အန်ချမိတော့မယ်။” ချားရဟတ်လိုမျိုး ဆွဲလှည့်ခံနေရတဲ့ အိုလီရာနာက တောင်းတောင်းပန်ပန်နဲ့ပြောမှ ဆယ်ဗီကလွတ်ပေးပြီး ခေါင်းလေးကိုပုတ်ပေးလိုက်တယ်။

“အခုတလော နင်အထီးကျန်နေတာ ငါနားလည်ပေမဲ့ အနည်းဆုံး အစားတော့မှန်အောင်စားသင့်တယ်မဟုတ်လား။ တော်ကြာ ဒါလီယာပြန်လာတဲ့အချိန် ပိန်ချုံးနေတဲ့နင့်ကိုမမှတ်မိတော့ရင် ဘယ်လိုလုပ်မလဲ။” ဆယ်ဗီက အိုလီရာနာနဲ့အရပ်အတူတူချင်း ဖြစ်သွားအောင်လို့ ဒူးထောက်ရင်းပြောလိုက်တာ။

“အဲဒီစကားက နင့်ကိုပြောရမှာပါနော်။ သခင်ပြန်မလာခင် နင်ဝတုတ်မကြီးဖြစ်သွားရင် အိမ်ပေါ်ကကန်ချခံရမှာ မကြောက်ဘူးလား။”

အိုလီရာနာက ဆယ်ဗီကို တစ်ခွန်းမကျန်ပြန်ခံပက်တယ်။ ဒါပေမဲ့ ဆယ်ဗီရဲ့ထူးခြားနေတဲ့ပုံစံကိုလည်း သတိထားမိတဲ့အတွက် မေးလိုက်တာပေါ့။

“ဒါနဲ့... နင်ငါတို့ကိုဆက်ဆံတဲ့ပုံက အရင်ကနဲ့မတူသလိုပဲ။ သံသယဖြစ်စရာကောင်းလောက်အောင်ကို နွေးထွေးလွန်းတယ်။”

ဒီစကားကိုကြားတော့ ဆယ်ဗီကချက်ချင်းမတုံ့ပြန်ခဲ့ဘူး။ အဲဒီအစား လက်ကိုနောက်ပစ်ထားလိုက်ပြီးတော့ လသာဆောင် လက်ရန်းကိုကျောနဲ့မှီရပ်လိုက်တယ်။ တိုက်လေတွေကြောင့် သူ့ဆံပင်တွေလွင့်ပျံနေခဲ့ပြီး သူ့အကြည့်တွေကတော့ ကောင်းကင်ပြာကြီးရဲ့တိမ်တွေဆီမှာ။

“ငါလည်း ငါ့ကိုယ်ငါမသိတော့ဘူး... နင်တို့နဲ့ရှိနေခွင့်ရတဲ့ အချိန်တွေကို ပိုတန်ဖိုးထားချင်လာလို့များလား။” အခုအချိန်ထိ ဆယ်ဗီဟာ သူ့ဘဝကိုတစ်ကိုယ်ကောင်းဆန်စွာနဲ့ ရှေ့ဆက်လာတာ။ သူ့ဘဝထဲမှာ သူကိုယ်တိုင်အပြင် တခြားသူတွေမရှိခဲ့ဖူးဘူးလေ။ ဒါပေမဲ့အခုတော့....

“နင်သိလား... ငါက ငယ်ငယ်လေးကတည်းက တစ်ယောက်တည်း ကြီးပြင်းလာခဲ့တာလေ။ ငါ့ကို ဂရုစိုက်ပေးတဲ့သူဆိုတာလည်း မရှိခဲ့ဖူးဘူး။”

ဆယ်ဗီက အဲဒီစကားတွေကိုပြောနေရင်း အလိုလိုနေရင်းနဲ့ ပြုံးလိုက်တယ်။ သူ့မျက်လုံးတွေက တိမ်တွေကိုကြည့်နေတာ ဖြစ်ပေမဲ့လို့ မြင်ယောင်နေတဲ့မျက်နှာကတော့...

“ဒါကြောင့် ငါ့ကိုဂရုစိုက်ပေးတဲ့သူရှိလာတဲ့အခါ သူ့အပေါ်ကို ငါဆိုးမိတယ်။ ဂျီကျမိတယ်... သူ့ကိုနားလည်မပေးနိုင်ဘဲ စိတ်ဆိုးမိပြီးတော့ ဆိုးဝါးတာတွေအများကြီးလုပ်မိတယ်။”

အတိတ်က အမှတ်တရတွေကိုပြန်တွေးမိတိုင်းမှာ ဆယ်ဗီရဲ့နှလုံးသားတစ်ထောင့်တစ်နေရာမှာ ချိုမြိန်မှုကို ခံစားရတယ်။ တန်ဖိုးရှိလွန်းလို့ တခြားသူတွေလာရောက် ခိုးယူသွားမှာကိုတောင် သူကြောက်မိတဲ့အထိပါပဲ။

“ဒါပေမဲ့ အခုလိုအချိန်မျိုးရောက်လာတော့ ဂရုစိုက်ခံရတဲ့ ခံစားချက်ဆိုတာဘာလဲငါနားလည်လာတယ်။ ငါ့အနားကလူတွေကို ပိုပြီးတန်ဖိုးထားချင်တယ်။ အနည်းဆုံးတော့ ငါရှိနေတုန်းလေး သူတို့တွေဆီမှာ အမှတ်တရကောင်းလေးချန်ထားရစ်ချင်တယ်။ ဒါမှ သူတို့ငါ့ကိုမိန်းမကောင်းလေးအဖြစ် မှတ်မိနေကြမှာ။”

“ဆယ်ဗီ....” အိုလီရာနာက ဆယ်ဗီကိုမယုံနိုင်တဲ့မျက်လုံးတွေနဲ့ စိုက်ကြည့်လိုက်မိတယ်။ ဆယ်ဗီရဲ့လက်ရှိအခြေအနေကို အိုလီရာနာမသိဘဲမနေပါဘူး။ လုံးဝအဆင်ပြေနေတယ် ထင်ရပေမဲ့လို့... သူက... ပျောက်ကွယ်လာနေတာလေ။

“ဘာမှမဟုတ်ပါဘူး။ ခုနက ငါပြောနေတာတွေကို နောက်နေတာလို့ သဘောထားပြီး မေ့လိုက်တော့နော်။” ဆယ်ဗီက လက်ရန်းကို မှီနေရာကနေ လှေကားဆီကိုလျှောက်သွားလိုက်တယ်။ အဲဒီနောက်

“ဒါနဲ့၊ ငါဒီနေ့ မြို့ထဲထွက်လည်မလို့ နင်ရောလိုက်ဦးမလား။”

“ဆယ်ဗီသာ ငါလိုက်လာလို့ ပျော်မယ်ဆိုရင်ပေါ့။” အိုလီရာနာလည်း ဆယ်ဗီကို ပြန်ပြီးပြုံးပြလိုက်တယ်။ အဲဒီနောက်တော့ သူလည်း ဆယ်ဗီနောက်ကိုလိုက်ပြီး အောက်ထပ်ကိုဆင်းလာခဲ့တော့တာပေါ့။

“မော်... မော်လီ၊ လှလိုက်တာ။ မြို့ထဲထွက်ရုံပဲကိုဒီလောက်တောင် ပြင်ထားတာလား။” အောက်ထပ်ကိုပြန်ရောက်တော့ ဆယ်ဗီက မော်လီရဲ့ဝတ်ပုံစားပုံကိုမြင်လိုက်ရပြီးမအံ့ဩဘဲမနေနိုင်ဘူး။

​မော်လီက သူ့ရဲ့ပြာနှမ်းနှမ်းအသားအရေကိုဖုံးဖို့အတွက် ရေစိုခံမိတ်ကပ်တွေလိမ်းထားပြီး ဆံပင်ကိုမှုတ်ဆေးနဲ့ တောက်ပြောင်နေအောင်မှုတ်ထားတယ်။ ရိုးရိုးရှင်းရှင်း အဖြူနဲ့အနက်ဂါဝန်ကိုဝတ်ထားပေမဲ့လို့ ကျက်သရေရှိတဲ့ အမျိုးသမီးတစ်ယောက်ရဲ့အလှမျိုးရှိလို့နေတယ်။

“လူတွေကြားထဲသွားမှာမလို့ ကျွန်မပုံစံက ခေါင်းတလားထဲက ထွက်လာတဲ့ဖုတ်ကောင်နဲ့ တူနေလို့မဖြစ်ဘူးလေ။”

နောက်တော့ ဆယ်ဗီရဲ့မျက်လုံးတွေက အခန်းထဲမှာရှိနေတဲ့ လူပိုဆီကိုရောက်သွားတယ်။ ဆွဲသားဘလောက်အင်္ကျီနဲ့ ဂျင်းဘောင်းဘီတိုလေးကိုဝတ်ထားတဲ့အယ်မာကလည်း သူတို့နဲ့အတူရှိနေတယ်။

“ဒီကအစ်မကြီးကရော ဘယ်လိုလုပ်ရောက်လာတာတုန်း။”

“ကျိန်စာသံလိုက်မ မြို့ထဲထွက်လည်နေတုန်း ကျိန်စာသင့်မှာစိုးလို့ EUOCက တာဝန်ရှိသူကိုခေါ်ပြီး စောင့်ကြည့်ခိုင်းမလို့လေ။”

မော်လီက တည့်တိုးပြောချလိုက်တယ်။ ကြည့်ရတာ အယ်မာကို ခေါ်လိုက်တာသူဖြစ်ပုံပဲ။ ဆယ်ဗီကတော့ ငိုတော့မယ့်မျက်နှာနဲ့...

“ငါ... ငါက သွားလေရာ ပြဿနာရှာတဲ့လူစားမျိုး မဟုတ်ပါဘူးဆိုနေမှပဲ။”

All Chapters