← Chapters

ညအရှင် ဝိညာဥ်ဘုံသို့ဆင်းသက်ခြင်း

Vol. 6 Ch. 269

ညအရှင် ဝိညာဥ်ဘုံသို့ဆင်းသက်ခြင်း

Vol. 6 Ch. 269

မေလ၊ ပထမပတ်။ ဂျပန်နိုင်ငံ၊ နာဂါတိုမြို့။

နေ့သာတဲ့ မွန်းလွဲပိုင်းဖြစ်ပေမဲ့ အနက်ရောင်ဝတ်ရုံရှည်ကြီးကို ဝတ်ဆင်ထားတဲ့ လူငယ်လေးတစ်ယောက်က ဂျပန်ကမ်းရိုးတန်း မြို့လေးရဲ့လမ်းမဟောင်းတွေပေါ်မှာ လျှောက်လမ်းလို့နေတယ်။ မည်းနက်နေတဲ့ကတ္တရာလမ်းမရယ် စီစီရီရီရှိတဲ့သစ်သားအိမ်တွေနဲ့ မြင့်မားလှတဲ့အစိမ်းရောင်တောင်တန်းကြီးတွေက တစ်ဖက်မှာ ကာစီးလို့။ တခြားတစ်ဖက်မှာတော့ ငွေရောင်လှိုင်းတွေ တလိပ်လိပ်နဲ့ပင်လယ်ပြင်ကြီးရှိလို့နေတယ်။

တောင်ကုန်းတွေထက်မှာတော့ ပြဒါးနီရောင်သစ်သားမုဒ်ဝတွေနဲ့ ဂျပန်စတိုင်နတ်ကွန်းတချို့တလေကို မြင်နေရတာပေါ့။

“အီဇုမိုကျောင်းတော်ရဲ့ဌာနခွဲတစ်ခုလို့မပြောရဘူး၊ လေထုထဲမှာ နတ်ဝိညာဥ်တွေရဲ့စွမ်းအားတွေနဲ့ ပြည့်နှက်နေတာပဲ။”

ဂျပန်နိုင်ငံက ရှင်တိုဘာသာကိုးကွယ်တဲ့နိုင်ငံပါ။ သူတို့မှာလည်း ဂရိနဲ့ရောမပါသီနွန်တွေလို သဘာဝနိယာမတွေကိုထိန်းချုပ်တဲ့ နေနတ်ဘုရားမ အမထရာစု၊ လနတ်ဘုရား ဆုခုရိုမီနဲ့ မုန်တိုင်း နတ်ဘုရားဆူဆာနိုတို့လို နတ်ဘုရားကြီးတွေရှိပေမဲ့ ဒေသခံ အများစုကတော့ သူတို့ဆိုင်ရာဆိုင်ရာမြို့တွေမှာရှိတဲ့ တောစောင့်နတ်၊ တောင်စောင့်နတ်လိုမျိုး သေးငယ်တဲ့ နတ်ဝိညာဥ်တွေကို ပိုမိုအလေးထားပူဇော်ပသကြတယ်။

ဥရောပလိုမျိုး ဘာသာမဲ့ဂိုဏ်းနဲ့တစ်ဆူတည်းသောဘုရား ကိုးကွယ်မှုများလာတဲ့နေရာနဲ့ယှဥ်ရင် ဂျပန်ရဲ့နယ်ဒေသတွေက နတ်ဘုရားတွေနဲ့ပိုပြီး ဆက်နွယ်မှုရှိနေသေးတဲ့အတွက်ကြောင့် သန့်စင်တဲ့ဝိညာဥ်စွမ်းအားတွေနဲ့ ပြည့်နှက်နေပါတယ်။ ဒါကြောင့် ဒီဒေသက မှော်ဆရာတွေက သာမန်ထက်ပိုသန်မာကြတယ်။

“ဒါကြောင့်လည်း ရိုမြူလက်ချက်ကျောင်းက ဒီနေရာကို အဓိက စစ်မြေပြင်အဖြစ်သတ်မှတ်ထားတာကိုး။ ဒီကကိုးကွယ်သူတွေကို သူတို့ရဲ့နတ်ဘုရားကိုပြောင်းကိုးကွယ်ခိုင်းနိုင်ရင် သူတို့တွေလည်း စွမ်းအားကြီးလာလိမ့်မယ်။”

နက်ဆန်က သက်ပြင်းချလိုက်ပြီး လမ်းမတန်းပေါ်က ရားမန် ခေါက်ဆွဲဆိုင်တစ်ခုရှေ့မှာရပ်လိုက်တယ်။ ခေါက်ဆွဲဆိုင်ထဲမှာ သွားတွေကျိုးတိုးကျဲတဲသာရှိတော့တဲ့ အဖိုးအိုတစ်ယောက်က ညနေခင်းရောင်းဖို့အတွက် စွပ်ပြုတ်အိုးကို ပြင်ဆင်လို့။

“ဆယ်ဗီသာ ငါနဲ့ပါလာရင်တော့ သဘောကျမှာပဲ။” နက်ဆန်ရဲ့ စကားကိုကြားရတော့ အရိပ်ထဲမှာပုန်းအောင်းနေတဲ့ နာတာရှာဆီက ရယ်သံနည်းနည်းထွက်လာတယ်။ ဒါပေမဲ့ သူက ချက်ချင်းတည်ကြည်သွားပြီး

“သခင်၊ အလုပ်ကိစ္စအကြောင်း ပြောရမယ်ဆိုရင်တော့ ဒီမြို့ထဲကို ရိုမြူလက်ချက်ကျောင်းကလူတွေအများကြီး ရောက်နေပြီးပြီ။ ကြည့်ရတာ ဌာနခွဲသိမ်းတိုက်ပွဲ ကျင်းပချင်နေတဲ့ပုံပဲ။”

နက်ဆန်က ဆိုင်ထဲမဝင်ခင် မျက်လုံးကိုမှေးလိုက်တယ်။ နာတာရှာကလည်း တိတ်တဆိတ်ထုတ်သုံးထားတဲ့ နတ်ဘုရားခန္ဓာကိုယ်တောင်ပံတွေကနေတစ်ဆင့်ရရှိတဲ့ အသံ​ခြေရာခံစနစ်အမြင်ကို နက်ဆန်နဲ့မျှဝေလိုက်တယ်။ လမ်းရဲ့ထောင့်တိုင်းမှာ ဘုန်းတော်ကြီး အဝတ်အစားဝတ်ဆင်ထားပြီး လှံကိုင်ထားတဲ့ စစ်သည်တွေနဲ့ အွန်မျိုဂျီလိုဝတ်ဆင်ထားတဲ့လူတွေရာနဲ့ချီပြီး နေရယူထားကြတယ်။ အရပ်သားတွေကတော့ လုံးဝသတိထားမိကြပုံမပေါ်ဘူး။

“သူတို့ အရပ်သားတွေကို ဂရုမစိုက်ကြဘူးလား။” နက်ဆန်က စိတ်ထဲ မသိုးမသန့်ဖြစ်သွားပေမဲ့ ဆိုင်ရှေ့မှာဆက်ရပ်နေရင် ထင်းထင်းကြီးဖြစ်နေမှာစိုးရိမ်တဲ့အတွက် ဆိုင်ထဲကို ဝင်လိုက်တယ်။

“ယာမာဂူချီရားမန်ဆိုင်ကနေ ကြိုဆိုပါတယ်...” ဆိုင်ရှင်ဖိုးဖိုးက ဆိုင်ထဲသူဝင်လာတာကိုသတိထားမိပြီး နှုတ်ဆက်လိုက်ပေမဲ့ နက်ဆန်ရဲ့အပြာရောင်မျက်လုံးတွေကိုမြင်တော့ နည်းနည်း ထိတ်လန့်သွားပြီး...

“ဝါတာရှီ... နိုး... နိုး.... အင်္ဂလိပ်....”

“အဖိုး၊ ကျွန်တော် ဂျပန်လိုနားလည်တယ်။” နက်ဆန်က ပြုံးပြရင်း ပြောလိုက်တယ်။ အဖိုးကြီးလည်း မျက်လုံးပြူးသွားတော့တာပေါ့။

“ကောင်လေး... အသားက အမဲသားလား၊ ဝက်ဝမ်းသားလား။”

“အမဲသားပဲပေးပါ... မျှစ်နည်းနည်းနဲ့ ပင်လယ်ရေညှိလေးပါပါရင် ကောင်းမှာပဲ။”

“ခဏတော့စောင့်ကွ၊ ဟင်းရည်အသင့်မဖြစ်သေးဘူး။”

အဖိုးကြီးကပြောလိုက်ပြီး လုပ်စရာရှိတာကိုဆက်လုပ်တယ်။ နက်ဆန်ကတော့ ထိုင်ခုံအလွတ်တစ်ခုမှာဝင်ထိုင်လိုက်ပြီးတော့ နာတာရှာနဲ့ဆက်သွယ်လိုက်တယ်။

“သခင်၊ အီဇုမိုဘုရားကျောင်းက ဂျပန်အစိုးရရဲ့သဘာဝလွန်ဗျူရိုအောက်မှာ လှုပ်ရှားနေတာမဟုတ်ဘူး။ ထုံးတမ်းစဥ်လာတွေအရ နေနတ်ဘုရားမရဲ့သားတော်ဖြစ်တဲ့ ဧကရာဇ်ကပဲသူတို့ကို အမိန့်ပေးနိုင်တာ။ ဒါပေမဲ့ ဂျပန်ဧကရာဇ်က ဘာအာဏာမှမရှိတာကြာပြီ။ နတ်ဆရာဂိုဏ်းချုပ်တွေကပဲ အာဏာရှိတော့တာ။ ဗျူရိုကတော့လား၊ အားနည်းလွန်းတယ်...”

“ဌာနခွဲကိုသိမ်းမှာဆိုတော့ နှစ်ဖက်စလုံးက ဆီးနိတ်တာတွေနဲ့ ညီမျှတဲ့သူတွေလည်းရောက်နေမှာပဲမဟုတ်လား။ မင်းရဲ့သတင်း အရဆိုရင် ရိုမြူလက်တပ်မှူးတွေက အယ်ဒါအဆင့်မှာရှိသင့်နေပြီ။ အီဇုမိုတွေက ရှုံးကိုရှုံးလိမ့်မယ်။ ပြီးတော့ ဒီကပြည်သူတွေလဲ...”

အီဇုမိုဘုရားကျောင်းက ပြည်သူတွေကို ကာကွယ်ဖို့မစဥ်းစားသလို ကာကွယ်နိုင်စွမ်းလည်းမရှိတော့တာ သိသာတယ်။ စစ်ပွဲစတာနဲ့ သေဆုံးသူတွေရှိလာမှာဖြစ်တဲ့အပြင် ရှုံးနိမ့်ပြီးနောက်မှာဆိုရင် ဦးနောက်အဆေးခံရတော့မှာ။

“သခင်၊ ကျွန်မတို့ ဘာလို့ဒီကိုလာလဲဆိုတာ မမေ့ပါနဲ့။ အခုတိုက်ပွဲမှာ ဝင်ပါမိရင် သခင့်အတွက်အန္တရာယ်ရှိတယ်။ အထူးသဖြင့် သခင့်ရဲ့လက်အောက်ခံမစုံဘဲ အားနည်းနေတဲ့ အခြေအနေကို ရန်သူတွေတွေ့သွားရင်ပေါ့။”

“ဒီလိုနဲ့ပဲ... ဘာမှမလုပ်ဘဲ ထိုင်ကြည့်နေရမှာလား။”

ဆိုင်ရှင်အဖိုးအိုက ခေါက်ဆွဲပန်းကန်လုံးကို လာချပေးတဲ့အတွက် နက်ဆန်နဲ့နာတာရှာ စကားစပြတ်သွားတယ်။ အနည်းငယ် နောက်ကျိတဲ့ အမဲသားခေါက်ဆွဲဟင်းရည်ရယ်၊ ခေါက်ဆွဲဖက် အလုံးကြီးကြီးပေါ်မှာတင်ထားတဲ့ အမဲသားလွှာပါးပါးပြုတ်ရယ်ကို မြင်ရရုံနဲ့တင် စားချင်စဖွယ်ဖြစ်နေပြီ။ ဆီသတ်ထားတဲ့ချင်းနံနဲ့ ကြက်သွန်မြိတ်ရနံတို့ပေါင်းလိုက်ချိန်မှာတော့ အတိုင်းထက် အလွန်ပါပဲ။

“စားပါတော့မယ်....” နက်ဆန်က သူလေ့လာထားတဲ့အတိုင်းပဲ တူကိုလက်မနောက်မှာညှပ်လိုက်ပြီး လက်အုပ်ချီကာ စားစရာကို အရိုအသေပေးလိုက်တယ်။ အဲဒီနောက် ခေါက်ဆွဲအသားကို အရသာခံပြီးစစားနေပြီ။ စိတ်ကတော့ နာတာရှာနဲ့ဆက်သွယ် နေဆဲပါပဲ။

“ဒါပေမဲ့ စိတ်မပူပါနဲ့၊ သခင်ဝင်ပါစရာမလိုသလို တိုက်ပွဲကိုလည်း ဝင်စွက်ဖက်ရာမရောက်မယ့် ဖြေရှင်းနည်း ကျွန်မမှာရှိပါတယ်။ ငါးမိနစ်လောက်ပဲ အချိန်ပေးပါ....”

“ကောင်းပြီ၊ ငါမင်းကို ယုံတယ်။”

နက်ဆန်ဆီကနေ ခွင့်ပြုချက်ရတာနဲ့အရိပ်ထဲကနေ ကျီးနက် တစ်ကောင်ထွက်လာခဲ့တယ်။ ရွှေလမင်းမျက်နှာဖုံးနဲ့ဆက်သွယ်ပြီး နောက်ပိုင်းမှာတော့ သူ့အစေခံတွေဟာ နေရောင်နဲ့တိုက်ရိုက် ထိတွေ့တာကို အတိုင်းအတာတစ်ခုအထိ ကြောက်စရာမလိုတော့ဘူး။ အလားတူပဲ သူတို့ရဲ့စွမ်းအားတွေ တိုးတက်လာခဲ့တယ်လေ။

နက်ဆန်က ခေါက်ဆွဲဆိုင်ထဲမှာထမင်းစားနေချိန်မှာ ကျီးငှက်က ဆိုင်အပြင်ဘက်ကိုပျံသန်းသွားပြီး မြို့ကိုအပေါ်စီးကနေငုံကြည့် လိုက်တယ်။

မြို့ထဲလမ်းမပေါ်မှာတော့ ဧရာမမြင်းပျံကြီးကိုစီးထားတဲ့ ငွေ​ရောင် ချပ်ဝတ်တန်ဆာကိုဝတ်ဆင်ထားတဲ့ နတ်မြင်းပျံတပ်မတပ်မှူးကြီး ဂျူလီယာဟာ ထီးစောင်းထားတဲ့အိုမျိုဂျီတစ်ယောက်နဲ့ မျက်နှာချင်း ဆိုင်ပြီးတော့ရပ်နေတယ်။

ဒီလူတွေက မြို့ထဲမှာရှိနေပေမဲ့ သာမန်လူတွေက အခုအချိန်မှာ တိုက်ပွဲတစ်ခုဖြစ်တော့မယ်မှန်း သတိထားမိကြပုံပေါ်ပေမဲ့ သဘာဝလွန် အင်အားစုတွေ အဖြစ်လို့မမြင်ကြတဲ့ပုံပဲ။ အဲဒီအစား ယာကူဇာတွေတိုက်ခိုက်တော့မှာကို မြင်ရသလိုမျိုး အိမ်ထဲဝင်ပြီး တံခါးတွေပိတ် ပြတင်းပေါက်တွေကနေတစ်ဆင့် အပြင်ကို ချောင်းကြည့်တာမျိုးပဲရှိကြတာ။ ထူးခြားတဲ့ မှော်အတတ်တစ်ခုနဲ့ သာမန်လူတွေရဲ့အမြင်ကို လှည့်စားထားခဲ့ပုံပဲ။

ဂျူလီယာက လက်ထဲက သံဆူးလက်နက်ကို အသင့်ပြင်လိုက်ပြီး အိုမျိုဂျီပညာရှင်ကို ထီမထင်သလို ကြည့်လိုက်တယ်။

“အင်အားချင်းမမျှတာ အသိသာကြီးပဲ။ အခုချက်ချင်း လက်နက်ချပြီး နင်တို့ရဲ့အယူမှားတွေကိုစွန့်လွှတ်မယ်ဆိုရင် ဘုရားသခင်ရဲ့ခွင့်လွှတ်မှုကိုရလိမ့်မယ်။”

ထီးစောင်းထားတဲ့ အသက်ငါးဆယ်ကျော်အရွယ် အွန်မျိုဂျီ ပညာရှင်ကလည်းရယ်မောလိုက်ပြီး...

“ဘုရားကျောင်းကတပ်မှူးတစ်ယောက်က အယ်ဒါအဆင့်ကို ရောက်သွားလိမ့်မယ်လို့မထင်ဘူး။ ဒါပေမဲ့ ဒီနေရာက ငါ့ရဲ့ နယ်မြေပဲ။ ဒီနယ်မြေကိုခုခံဖို့ ငါ့မှာနည်းလမ်းပေါင်းစုံရှိတယ်။ လာခဲ့စမ်း....” လူကြီးက ထီးကိုဖွင့်လိုက်ပြီးကြုံးဝါးတယ်။

ဝှစ်... ဝှစ်... ဝှစ်....

မြို့ထဲက အိမ်တိုင်းအိမ်တိုင်းမှာရှိတဲ့ လူပုံစံညှပ်ထားတဲ့ စက္ကူအဆောင်လေးတွေက အွန်မျိုဂျီဆီပြေးလာကြပြီး ကွန်ယက်တစ်ခုကိုဖွဲ့စည်းလိုက်တယ်။

“ငါက အီဇုမိုနတ်ကျောင်းရဲ့အွန်မျိုဂျီဌာနခွဲခေါင်းဆောင် အာခဲမိချိ ဒန်ဇိုပဲ။ တွေ့ရတာ ဝမ်းသာပါတယ်။”

ဂျူလီယာကတော့ အဲဒီလူကိုအထင်သေးတဲ့မျက်လုံးတွေနဲ့ ကြည့်လိုက်တယ်။ တစ်မြို့လုံးကစက္ကူအဆောင်ထောင်ချီက သူ့ကိုကြောက်ရွံစေပုံမရဘူး။ အဲဒီအစား သူ့ရဲ့အညိုရောင် မျက်နှာပေါ်မှာ ခနဲ့တဲ့တဲ့အပြုံးပေါ်လာတယ်။

“ငါက သခင်နီကိုလပ်ရဲ့ဂုဏ်သရေအတွက်တိုက်ခိုက်နေတဲ့ တပ်မှူးဂျူလီယာပဲ။ နင့်ကိုသတ်မယ့်သူရဲ့နာမည်ကို သေချာမှတ်ထား။”

အဲဒီနောက်တော့ သူတို့နှစ်ယောက်ကတစ်ယောက်ကိုတစ်ယောက် သတ်ဖြတ်ဖို့ပြင်ကြတယ်။ ကျန်တဲ့တပ်ဖွဲ့ဝင်တွေကလည်း စတိုက်တော့မယ်။ ဒါပေမဲ့ အဲဒီအချိန်မှာပဲ ကောင်းကင်ပေါ်မှာ ရှိနေတဲ့ကျီးကန်းက ပိုမြင့်မြင့်ပျံလိုက်ပြီး တိမ်တိုက်တွေထဲကို ထိုးဖောက်ဝင်ရောက်သွားကာ ကောင်းကင်ယံထက်မှာ နာတာရှာအဖြစ်ပြောင်းလဲသွားတယ်။ အဲဒီနောက် တောင်ပံခြောက်ခုပွင့်လာပြီး နတ်တေးသံတစ်ချက်ကိုသီဆိုတယ်။

မြို့ထဲကအဖွဲ့တွေကတော့ သူတို့တိုက်ပွဲကိုသူတို့အာရုံစိုက်နေ ခဲ့ကြတဲ့အတွက်ကြောင့် ကောင်းကင်ပေါ်က အပြောင်းအလဲကို သတိမထားခဲ့မိဘူး။ ဒါပေမဲ့စက္ကန့်အနည်းငယ်အကြာမှာပဲ မိုးအုံ့လာပြီး မိုးတွေသည်းသည်းမည်းမည်းရွာချတယ်။ ကောင်းကင်ကြီးတစ်ခုလုံးမှောင်မိုက်သွားပြီး လှိုင်းတံပိုးတွေ ပြင်းထန်လာတော့တာပေါ့။

အဲဒီနောက်တော့....

ဂျိန်း....

မိုးကြိုးတစ်ချက်က သံချပ်ကာတွေဝတ်ဆင်ထားတဲ့ တပ်မှူး ဂျူလီယာပေါ်တည့်တည့်ကျဆင်းသွားပြီး နတ်မြင်းပျံကြီး ဟီသံတစ်ချက်နဲ့အတူ အသက်ပျောက်သွားတယ်။ ဂျူလီယာ ကိုယ်တိုင်လည်း နတ်ချပ်ဝတ်တွေကာကွယ်ပေးထားလို့ အသက်ပျောက်မသွားပေမဲ့ ဒဏ်ရာအကြီးအကျယ် ရသွားတော့တာပေါ့။

“စစ်နတ်ဘုရားဆူဆာနိုဆီက ကောင်းချီးပဲ။ နတ်ဘုရားရဲ့လေတွေ ရောက်လာပြီ။ ရန်သူတွေကိုသတ်...”

အီဇုမိုဘုရားကျောင်းဘက်ကလူတွေက ရုတ်တရက်ရာသီဥတု အပြောင်းအလဲကို သူတို့နတ်ဘုရားတွေရဲ့ကောင်းချီးအဖြစ် ထင်မြင်သွားပြီး အရှေ့ကိုနင်းတက်လာတယ်။ ဘုရားကျောင်း စစ်တပ်ကြီးကလည်း လေ့ကျင့်သားဝနေလို့ ချက်ချင်း ပြိုလဲမသွားပေမဲ့ ခေါင်းဆောင်ထိခိုက်သွားတဲ့အတွက်ကြောင့် ဌာနခွဲကိုသိမ်းဖို့ထက် နောက်ဆုတ်ဖို့ကိုပဲ ဗျူဟာပြောင်းသွားတယ်။

“ခေါင်းဆောင်ကိုကာကွယ်ကြ၊ အခြေစိုက်စခန်းကိုပြန်ဆုတ်။”

...

“စားလို့ကောင်းခဲ့ပါတယ်။”

တခြားတစ်ဖက်မှာတော့ နက်ဆန်က စားလို့ပြီးပြီဖြစ်ပြီးတော့ ငွေရှင်းဖို့ ပြင်နေပါပြီ။ ကျီးငှက်ကလေးက ဆိုင်ထဲပြန်ဝင်လာပြီး နက်ဆန့်ရဲ့ပခုံးမှာလာနားတယ်။

“အရှင်၊ ဒီကိစ္စပြီးသွားရင် အချိန်တစ်ခဏလောက် ကျွန်မ ပြန်နိုးလာမှာမဟုတ်တော့ဘူး။ မုန်တိုင်းတစ်ခုကိုဆင့်ခေါ်တာ လွယ်တဲ့အရာမဟုတ်ဘူးလေ။”

“နားလည်ပြီ၊ ကောင်းကောင်းနားပါ။” နက်ဆန်က ငှက်ကို သူ့အရိပ်ထဲ ပြန်ဝင်ခွင့်ပေးလိုက်တယ်။

ငွေရှင်းပြီးတဲ့နောက်မှာတော့ နက်ဆန်က ဘာမှမဖြစ်တဲ့အတိုင်းပဲ ဆိုင်အပြင်ကို လျှောက်ထွက်သွားတယ်။ ဘုရားကျောင်းတပ်တွေ ပြန်ဆုတ်သွားပြီဖြစ်ပြီး အွန်မျိုဂျီတွေက နယ်မြေရှင်းနေတယ်။ အနည်းဆုံးတော့ အချိန်တစ်ခုအတွင်း ဒီမှာတိုက်ပွဲဖြစ်ဦးမှာ မဟုတ်ပါဘူး။

သူကတော့ သံသယမဝင်စေဖို့ သာမန်ကမ္ဘာလှည့်ခရီးသည်လို ဟန်ဆောင်ရင်းနဲ့ရေတွင်းပျက်ရှိတဲ့ နတ်ကွန်းဆီကို ခရီးဆက်လာခဲ့တာပေါ့။

တောင်အတက် အနီရောင်မုဒ်ဝကြီးတွေကိုဖြတ်ပြီး ကျောက် လှေကားအဆုံးက နတ်ကွန်းအဝင်ဝကိုဖြတ်တော့ ဘေးကနေ ဝင်မယ့်အစား သူကနတ်ဝင်ပေါက်ကနေ ဝင်လိုက်တယ်။ တစ်ချိန်တည်းမှာပဲ ကြီးမားတဲ့ဖိအားကြီးတစ်ခုက သူ့အပေါ်ကို ကျဆင်းလာခဲ့တယ်။

“တောင်စောင့်နတ်ရဲ့အမျက်ဒေါသ....” နက်ဆန် စိတ်ထဲ ထင့်ခနဲဖြစ်သွားတယ်။ ဒီထုံးတမ်းက တမင်သက်သက် ဒေသခံ နတ်တွေကိုရန်စနေသလိုပဲ။ လက်ရှိနက်ဆန်ရဲ့အဆင့်မှာ တောင်စောင့်နတ်ဝိညာဥ်လောက်ကိုကြောက်စရာမလိုပေမဲ့ မလိုလားအပ်ဘဲ နတ်တွေနဲ့ရန်ငြိုးဖွဲ့တာမကောင်းဘူး။

လောလောဆယ်တော့ နက်ဆန်ကဖိအားကိုလစ်လျူရှုပြီး နတ်ကွန်းထဲကိုဆက်ဝင်တယ်။ နတ်ကွန်းမုဒ်အစောင့် ခြင်္သေ့ရုပ်ကြီးတွေက သူ့ကိုစိုက်ကြည့်နေသလိုခံစားရပေမဲ့ နောက်တစ်ဆင့်လုပ်စရာအတိုင်းပဲ နတ်ကွန်းရေနဲ့ကိုယ်လက် ဆေးကြောလိုက်ပါတယ်။

အဲဒီနောက်တော့ နတ်ကွန်းရဲ့ပင်မအဆောင်နတ်ကွန်းတံခါးက အလိုလိုပွင့်လာပြီး အတွင်းထဲကနေ ရွှေရောင်အလင်းတွေ ဖြာထွက်နေတဲ့တည်ရှိမှုတစ်ခုက သူ့ကိုကြည့်နေတာမြင်ရတယ်။

“နတ်ဝိညာဥ်....” နက်ဆန်က တီးတိုးရေရွတ်လိုက်ပေမဲ့အဲဒီအရာကို ဆက်စိုက်ကြည့်မနေဘဲ အလှူခံပုံးထဲကို ငွေအကြွေတချို့ထည့်ကာ နတ်ကွန်းခေါင်းလောင်းကိုခေါက်လိုက်တယ်။

“ငါဒီကိုလာတာ မဟာပညာရှင်ဆဲမဲရဲ့အမိန့်နဲ့ပဲ။ ရေတွင်းထဲကို ငါဆင်းဖို့လိုတယ်။”

ချောက်.....

အဲဒီနောက်တော့ နတ်ကွန်းတံခါးပြန်ပိတ်သွားပြီး သူ့အပေါ်ကို ကျဆင်းနေတဲ့ဖိအားတွေလည်း ပျောက်ကွယ်သွားပါတယ်။ အားလုံး ပြီးဆုံးသွားပြီးနောက်မှာတော့ နက်ဆန်က နတ်ကွန်း ရင်ပြင်မှာရှိနေတဲ့ အက်ကွဲနေတဲ့ရေတွင်းကိုကြည့်လိုက်ပါပြီ။

“အခုတော့ ခုန်ဆင်းဖို့ပဲကျန်တော့တယ်။”

All Chapters