အခန်း (၈၂-၈၃)
Vol. 8 Ch. 82-83
အခန်း ၈၂ - ဈေးဝယ်စင်တာအတွင်းမှ အသက်ရှင်ကျန်ရစ်သူများ
"ဒီလောက် မြန်တာလား"
ဝမ်ထောင် အလွန်အံ့သြသွားသည်။ အစားအစာဖိသိပ်စက်ကို ထုတ်လုပ်စဉ်ကကဲ့သို့ အချိန်အတန်ကြာလိမ့်မည်ဟု သူ ထင်မှတ်ထားခဲ့သော်လည်း ယခုလို ချက်ချင်း ပြီးဆုံးသွားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။
【 အရှိန်ပြင်းညာဘက်လက်မောင်း - မာကျောသော အသွင်အပြင်ရှိပြီး ဓားနှင့် သေနတ်များကို ကာကွယ်နိုင်သည်။ တာရှည်ခံမှု +၁၀၊ ကာကွယ်ရေးစွမ်းအား +၁၀ 】
၎င်းသည် လက်ဖျံတွင် ဝတ်ဆင်ရသော အမည်းရောင်၊ ဘယ်ညာမညီညာသည့် မာကျောသော လက်မောင်းကာတစ်ခု ဖြစ်သည်။ သတ္တုနှင့် တူသော်လည်း အလွန်ပေါ့ပါးလှပေသည်။
လက်မောင်းကာ၏ အရွယ်အစားကို စိတ်ကြိုက် ညှိယူနိုင်၏။ အနည်းငယ် ညှိယူပြီးနောက် ဝမ်ထောင်သည် သူ၏ညာဘက်လက်မောင်းမှ သံမဏိပြားကို ဖြုတ်လိုက်ပြီး လက်မောင်းကာကို ဝတ်ဆင်လိုက်သည်။
"ဟင်"
၎င်းကို ဝတ်ဆင်ပြီးနောက် ခံစားချက်ကြောင့် ဝမ်ထောင် အံ့အားသင့်သွားရသည်။
သူ၏လက်မောင်းတွင် စာအုပ်များ သို့မဟုတ် သံမဏိပြားများကို ချည်နှောင်ထားစဉ်က ၎င်းတို့၏ တည်ရှိမှုကို ပြတ်ပြတ်သားသား ခံစားနေရခြင်း ဖြစ်သည်။ မည်မျှပင် သေသပ်စွာ ချည်နှောင်ထားပါစေ၊ မည်မျှပင် လူသားအင်္ဂါအစိတ်အပိုင်းနှင့် အဆင်ပြေအောင်ပုံစံထုတ်လုပ်မှု ရှိပါစေ ၎င်းတို့သည် သူ၏ လှုပ်ရှားမှုများကို အတိုင်းအတာတစ်ခုအထိ အဟန့်အတား ဖြစ်စေခဲ့သည်။
သို့သော် ဤလက်မောင်းကာကို ဝတ်ဆင်ပြီးနောက်တွင်မူ ၎င်း၏တည်ရှိမှုမှာ ပြင်းထန်ခြင်းမရှိဘဲ ဝတ်ဆင်ထားကြောင်းကိုသာ သာမန်မျှ သိရှိစေသည်။ ပို၍အရေးကြီးသည်မှာ ၎င်းသည် သူ၏လှုပ်ရှားမှုများကို လုံးဝ သက်ရောက်မှုမရှိခြင်းပင် ဖြစ်၏။ ဤဒီဇိုင်းသည် အမှန်တကယ်ပင် အံ့မခန်းလှပေ။
၎င်းကို "အရှိန်ပြင်းညာဘက်လက်မောင်း" ဟု ခေါ်ဆိုခြင်းမှာ မဆန်းပါချေ။ ၎င်းသည် ညာဘက်လက်မောင်းအတွက် သီးသန့် ထုတ်လုပ်ထားခြင်း ဖြစ်သည်။ အကယ်၍ ဘယ်ဘက်လက်မောင်းသို့ ပြောင်းလဲဝတ်ဆင်ပါက ဤကဲ့သို့သော အကျိုးသက်ရောက်မှုမျိုး ရှိလာမည်မဟုတ်ပေ။
"ကာကွယ်ရေးစွမ်းအားက ဘယ်လိုရှိလဲဆိုတာပဲ မသိရသေးတာ..."
ဝမ်ထောင် ဓားမြှောင်တစ်လက်ကို ဆွဲထုတ်ပြီး လက်မောင်းကာကို အသာအယာ ခြစ်ကြည့်လိုက်သော်လည်း မည်သည့်အမှတ်အသားမျှ ထင်ကျန်ရစ်ခြင်းမရှိချေ။ သူ အားထည့်လိုက်သော်လည်း အမှတ်အသား ရှိမလာခဲ့ပါချေ။ ဓားမြှောင်ဖြင့် တိုက်ရိုက် ခုတ်လိုက်သည့်တိုင်အောင် လက်မောင်းကာသည် လုံးဝ ပျက်စီးခြင်းမရှိဘဲ တည်ရှိနေဆဲ ဖြစ်သည်။ သူသည် ထိခိုက်မှုကိုပင် မသိသာလောက်အောင် ခံစားရသည်။
"ဒါက အတော်လေး ကောင်းတာပဲ..."
ခေတ္တမျှ စဉ်းစားပြီးနောက် ဝမ်ထောင်သည် လက်မောင်းကာကို ဖြုတ်၍ မြေပြင်ပေါ်သို့ တင်လိုက်ပြီးနောက် မီးသတ်ပုဆိန်ကို ကိုင်ကာ အားပြင်းပြင်းဖြင့် ခုတ်ချလိုက်သည်။
ဒုန်း။
မြေပြင်မှ ဖုန်မှုန့်များ လွင့်ပျံသွားသော်လည်း လက်မောင်းကာသည် အစင်းကြောင်း တစ်ကြောင်းမျှပင် မရှိဘဲ ခိုင်မာစွာရှိနေဆဲ ဖြစ်သည်။
"တကယ့် ပစ္စည်းကောင်းပဲ"
ဝမ်ထောင် အတိုင်းထက်အလွန် ဝမ်းမြောက်သွားခဲ့သည်။
အရှိန်ပြင်းညာဘက်လက်မောင်း၏ ကာကွယ်ရေးစွမ်းအားသည် သံမဏိပြားထက်ပင် ပိုမိုသန်မာပုံရပေသည်။ ထို့ပြင် သုံးရသည်မှာလည်း သံမဏိပြားထက် အဆပေါင်းများစွာ ပိုမိုကောင်းမွန်လေသည်။
ဝမ်ထောင်က လက်မောင်းကာကို အမြန် ပြန်လည်ဝတ်ဆင်လိုက်ပြီးနောက် သူ၏ လုံခြုံရေးဝန်ထမ်းယူနီဖောင်း ဂျာကင်အင်္ကျီကို ဝတ်ဆင်ကာ အတွင်းရှိ လက်မောင်းကာကို ဖုံးကွယ်လိုက်သည်။ သူ၏လက်ဖျံတွင် မည်သည့်အရာမျှ ဝတ်ဆင်မထားသကဲ့သို့ ပြန်ဖြစ်သွားသည်။
"ကာကွယ်ရေးစွမ်းအားကတော့ ပြဿနာမရှိဘူး။ အခု တိုက်ခိုက်ရေးထိရောက်မှုကို ကြည့်ရအောင်..."
ဈေးဝယ်စင်တာအတွင်း၌ ဇွန်ဘီများ ရှိမနေသော်လည်း လက်တွေ့တိုက်ပွဲ စမ်းသပ်မှုအတွက် ၎င်းတို့ကို သတ်ဖြတ်ရန် မလိုအပ်ပါချေ။ ဆိုင်၏အပြင်ဘက်တွင် လုံးဝန်းသော ကျောက်တိုင်တုံးတစ်ခု ရှိနေသဖြင့် သူသည် ပုဆိန်ကို လွှဲကာ တိုက်ခိုက်သည့်လှုပ်ရှားမှုတစ်ခု ပြုလုပ်လိုက်သည်။
ဝှစ်.. ဒုန်း။
ကျောက်တိုင်တုံးမှ အပိုင်းအစကြီးတစ်ခုသည် ချက်ချင်း ကွဲထွက်သွားခဲ့သည်။
သူ၏လက်ဝါးမှာ အနည်းငယ် ထုံကျင်သွားသဖြင့် ဝမ်ထောင် ဆွံ့အသွားရသည်။
နေပါဦး... သူသည် လှုပ်ရှားမည့်အမူအရာကိုသာ ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး အမှန်တကယ် ခုတ်ချရန် ရည်ရွယ်ခဲ့ခြင်း မဟုတ်ချေ။
ဘာဖြစ်သွားတာလဲ။တိုင်ကဘာလို့ ထိလ်ုကိသလိုအသံမြည်သွားပြီး ပဲ့ကျသွားတာလဲ ။
ဝမ်ထောင်က ချက်ချင်းဆိုသလို အခန်းအတွင်းသို့ အမြန် ပုန်းကွယ်လိုက်သည်။ ခေတ္တမျှ စောင့်ဆိုင်းပြီး ထိုအသံကြောင့် ဇွန်ဘီများ ရောက်ရှိမလာကြောင်း သေချာစေပြီးနောက် သူသည် အရှိန်ပြင်းညာဘက်လက်မောင်းကို ထိတွေ့ကာ အခြေအနေကို စမ်းသပ်ရန်အတွက် ပုဆိန်ကို အမြန် အကြိမ်အနည်းငယ် ထပ်မံ လွှဲကြည့်လိုက်သည်။ ယခုတစ်ကြိမ်တွင်မူ သူသည် ကျောက်တိုင်တုံးကို ပစ်မှတ်မထားဘဲ အခန်းအတွင်းရှိ အဝတ်အထည်များကိုသာ ပစ်မှတ်ထားခဲ့သည်။
ဝူး... ဖတ်။
မိနစ်အနည်းငယ်မျှ စမ်းသပ်ပြီးနောက် ဝမ်ထောင်၏ မျက်ဝန်းများ တောက်ပသွားခဲ့သည်။
"ငါ နားလည်သွားပြီ... ဒါကြောင့်မို့လို့ အရှိန်ပြင်းညာဘက်လက်မောင်းလို့ ခေါ်တာကိုး"
ဝမ်ထောင်သည် ဤအရှိန်ပြင်းညာဘက်လက်မောင်းကို ဝတ်ဆင်ပြီးနောက် လက်သီးထိုးခြင်း သို့မဟုတ် ပုဆိန်လွှဲခြင်းကဲ့သို့သော မြန်ဆန်သည့် လှုပ်ရှားမှုများကို ပြုလုပ်ပါက လက်မောင်းကာသည် ထိုလှုပ်ရှားမှုအတွက် စွမ်းအားနှင့် အရှိန်မြှင့်တင်မှု အတိုင်းအတာတစ်ခုအထိ ပံ့ပိုးပေးနိုင်ကြောင်း ရှာဖွေတွေ့ရှိခဲ့သည်။
ထိုမြှင့်တင်မှု မည်မျှအထိ ရှိသည်ကို သူ အတိအကျ မသိသော်လည်း သူ၏ ကိုယ်ပိုင်စွမ်းဆောင်ရည်ထက် သိသိသာသာ ပိုမိုမြင့်မားနေခြင်း ဖြစ်၏။
ဥပမာအားဖြင့် သူသည် ယခင်က ဇွန်ဘီတစ်ကောင်အား ပုဆိန်တစ်ချက် လွှဲခြင်းဖြင့် သွေးပမာဏ ၅၀၀ ခန့် လျှော့ချနိုင်ခဲ့ပါက ယခုအခါ ၆၀၀၊ ၇၀၀ သို့မဟုတ် ၈၀၀ ခန့်အထိပင် လျှော့ချနိုင်ပေလိမ့်မည်။
ဝမ်ထောင်သည် အရှိန်ပြင်းညာဘက်လက်မောင်းကို သေသေချာချာ လေ့လာကြည့်ရာ လက်မောင်းကာအတွင်းရှိ သေးငယ်သော ယန္တရားတစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။ ၎င်းကို ဖွင့်ကြည့်လိုက်သောအခါ အတွင်း၌ ဘက်ထရီတစ်လုံး ရှိနေသည်ကို တွေ့ရ၏။ ၎င်းသည် ဇွန်ဘီများထံမှ သူ ရရှိခဲ့သော ခေတ်မီနည်းပညာသုံး ဘက်ထရီမျိုး ဖြစ်ပေသည်။
"ဒါက လျှပ်စစ်စွမ်းအင်နဲ့ လည်ပတ်တာကိုး။ ထုတ်လုပ်ရေးပစ္စည်းတွေမှာ ကေဘယ်ကြိုးတွေ၊ လျှပ်စစ်အစိတ်အပိုင်းတွေနဲ့ ဘက်ထရီတွေ ဘာလို့ လိုအပ်လဲဆိုတာ မဆန်းတော့ပါဘူး... ဒါက ဘယ်လို နည်းပညာလဲ"
သူသည် လက်မောင်းကာကို ပျော်ရွှင်စွာ ပြန်လည်ဝတ်ဆင်လိုက်သည်။
ဤအရာသည် စက်ရုပ်အရိုးစုနှင့် ဆင်တူသည်ဟုပင် သူ ခံစားလိုက်ရသည်။ အကယ်၍ ဤညာဘက်လက်မောင်းအပြင် ဘယ်ဘက်လက်မောင်း၊ ခြေထောက်ကာနှင့် ရင်ဘတ်ကာများသာ ရှိနေပါက သူသည် စစ်မှန်သော စက်ရုပ်အရိုးစုကြီးတစ်ခုကို ဖန်တီးနိုင်မည်မဟုတ်ပါလား။
"ငါ ဘာတွေ တွေးနေတာလဲ..."
ဝမ်ထောင် ခေါင်းယမ်းလိုက်မိသည်။
ထိုအရာများ ရှိနေဦးတော့ ယခုအချိန်တွင် သူ၏အတွက် အလွန်ဝေးကွာနေဆဲ ဖြစ်သဖြင့် အများကြီး တွေးတောနေရန် မလိုအပ်သေးချေ။
စိတ်လှုပ်ရှားမှုများကို အနည်းငယ် တည်ငြိမ်အောင် ပြုလုပ်ပြီးနောက် ဝမ်ထောင်သည် ဝေါ်ကီတော်ကီကို ထုတ်ယူကာ တင်ယွီချင်ထံသို့ ဆက်သွယ်ရန် ကြိုးစားလိုက်သည်။
ဤဈေးဝယ်စင်တာသည် ဟက်ပီးနက်စ်လူနေအိမ်ရာနှင့် သုံးကီလိုမီတာခန့် ကွာဝေးလှသည်။ သီအိုရီအရ ၎င်းတို့သည် ဆက်သွယ်နိုင်ရမည် ဖြစ်ပြီး လက်ထဲရှိ ဝေါ်ကီတော်ကီ၏ အရည်အသွေးပေါ်တွင်သာ မူတည်ပေသည်။
"ငါပါ... ကြားရလား... ငါပါ..."
"ရှဲ... ရှဲ..."
လျှပ်စစ်သံနှောင့်ယှက်မှုအချို့ ရှိပြီးနောက် အသံတစ်သံသည် လျှပ်စစ်လှိုင်းများနှင့်အတူ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
"ဝမ်ထောင်... ဝမ်ထောင်လား... ရှဲ..."
အသံသည် အနည်းငယ် တိမ်ဝင်နေသော်လည်း တင်ယွီချင်၏ အသံဖြစ်ကြောင်း ဝမ်ထောင် ခွဲခြားနိုင်ပေသည်။
ထို့ကြောင့် သူသည် အခန်းပြင်ပသို့ လမ်းလျှောက်ထွက်လာခဲ့ပြီး နေရာကို ညှိယူလိုက်ရာ နောက်ဆုံးတွင် ပြတင်းပေါက်တစ်ခုအနီး၌ အတော်လေး ရှင်းလင်းသော အပြန်အလှန် စကားပြောသံကို ကြားလိုက်ရသည်။
"ဝမ်ထောင်... နင့်ဘက်မှာ အခြေအနေ ဘယ်လိုရှိလဲ၊ ဘေးကင်းရဲ့လား"
တင်ယွီချင်၏ အသံတွင် စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေသည်။ ဝမ်ထောင် ထွက်ခွာသွားပြီးကတည်းက သူမသည် ဝေါ်ကီတော်ကီကို မပိတ်ဘဲ သူ့ထံမှ သတင်းစကားကို အမြဲတမ်း စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။
"စိတ်ချပါ မရီး... ငါ အဆင်ပြေပါတယ်။ ငါ ဒီမှာ ဘေးကင်းပါတယ်။ မရီးကော... အိမ်မှာ အားလုံး အဆင်ပြေရဲ့လား"
တင်ယွီချင်၏ အသံကို ကြားရသဖြင့် သူမသည် အတော်လေး ဘေးကင်းကြောင်း ဝမ်ထောင် ခံစားလိုက်ရသည်။
တင်ယွီချင်က သူမသည် အိမ်တွင် အလွန်ဘေးကင်းစွာ ရှိနေပြီး ဇွန်ဘီများ သို့မဟုတ် အစားအစာအကျပ်အတည်း မရှိကြောင်း ပြောခဲ့သည်။ သူမသည် အိမ်တွင် တစ်ဦးတည်း ရှိနေသဖြင့် အနည်းငယ် ကြောက်ရွံ့နေခြင်းသာ ဖြစ်၏။ အမှန်တိုင်းပြောရလျှင် ဝမ်ထောင် မိမိအား စွန့်ပစ်သွားမည်ကို သူမ စိုးရိမ်နေခြင်း ဖြစ်သော်လည်း တိုက်ရိုက်ပြောရန်မူ ရှက်ရွံ့နေခဲ့သည်။
"စိတ်ချပါ မရီး... ဖြစ်နိုင်ရင်... ရက်နည်းနည်းကြာရင် ငါ ပြန်လာပြီး မရီးကို ရွှေကျဲအသက်ရှင်ကျန်ရစ်သူစခန်းဆီ ခေါ်သွားမယ်"
လွန်ခဲ့သော နှစ်ရက်အတွင်း စောင့်ကြည့်လေ့လာခဲ့ပြီးနောက် ရွှေကျဲစခန်းသည် အတော်လေး ကောင်းမွန်ကြောင်း ဝမ်ထောင် ခံစားရသည်၊ အနည်းဆုံးအနေဖြင့် ထိုနေရာတွင် နေထိုင်ခြင်းသည် သူ၏အတွက် ပြဿနာမရှိချေ။
သူ၏ ကော်မတီဝင် အဆင့်အတန်း ခိုင်မာသွားပြီး စခန်းအတွင်းရှိ အထက်တန်းလွှာများထဲမှ တစ်ဦး ဖြစ်လာသည့်အခါမှသာ သူသည် တင်ယွီချင်အား သွားရောက်ခေါ်ဆောင်မည် ဖြစ်သည်။
ပြောရလျှင် ကော်မတီဝင် အဆင့်အတန်း မရှိလျှင်ပင် ဝမ်ထောင်အား များစွာ သက်ရောက်မှု ရှိမည်မဟုတ်ပါချေ၊ သူသည် မိမိ၏ ကိုယ်ပိုင်စွမ်းအားကိုသာ အမြဲတမ်း အားကိုးသူ ဖြစ်သည်။ သို့သော် ဤအဆင့်အတန်း ရှိခြင်းက ပိုမို အဆင်ပြေစေနိုင်သဖြင့် သူသည် နောက်ထပ် နှစ်ရက်ခန့် စောင့်ဆိုင်းရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်၏။
"ကောင်းပါပြီ... နင် ပြန်လာမှာကို ငါ အိမ်မှာ စောင့်နေမယ်"
တင်ယွီချင်နှင့် ခေတ္တမျှ စကားပြောဆိုပြီးနောက် ဝမ်ထောင်သည် ဖုန်းခေါ်ဆိုမှုကို ဦးစွာ အဆုံးသတ်လိုက်သည်။
"အရှိန်ပြင်းညာဘက်လက်မောင်းကိုလည်း ထုတ်လုပ်ပြီးပြီ၊ တင်ယွီချင်ရဲ့ အခြေအနေကိုလည်း စစ်ဆေးပြီးပြီ။ ငါ ပိုရွေ့ဆေးခန်းဆီ သွားတာက ပိုကောင်းလိမ့်မယ်၊ အဲဒီနေရာက ဒီကနေ သိပ်မဝေးဘူး။ လမ်းမှာ အထူးဇွန်ဘီတစ်ကောင်ကောင်နဲ့ ကြုံတွေ့ရဖို့ မျှော်လင့်ရတာပဲ..."
စိတ်ထဲတွင် တွေးတောရင်း ဝမ်ထောင်သည် သူ၏လက်နက်များကို ပြန်လည်ကိုင်ဆောင်ကာ ထွက်ခွာရန် ပြင်ဆင်လိုက်သည်။
ရုတ်တရက် သူ၏နားထဲတွင် အသံတစ်ခု ကြားလိုက်ရ၏။
"အပေါ်ထပ်မှာ လှုပ်ရှားမှု ရှိနေတယ်"
ဝမ်ထောင် ပုန်းကွယ်ရန်အတွက် ထောင့်တစ်ခုကို အမြန် ရှာဖွေလိုက်ပြီး မားကတ်၏ လှေကားကို စူးစိုက်ကြည့်ရှုလိုက်သည်။
စက္ကန့်တစ်ဆယ်ခန့်အကြာတွင် လှေကားထစ်လမ်းကြောင်းမှ မသင်္ကာဖွယ်ကောင်းသော လူရိပ်တစ်ခု ပေါ်လာခဲ့သည်။
သူသည် သံမှိုရိုက်ထားသောဘေ့စ်ဘောတုတ်တစ်ချောင်းကို ကိုင်ဆောင်ထားပြီး ပထမထပ်သို့ သတိကြီးစွာဖြင့် ဆင်းလာခဲ့သည်။ သူ၏ဦးခေါင်းထက်တွင် စိမ်းလန်းသော သွေးဘားတန်းတစ်ခု ရှိနေပြီး ၎င်းမှာ 【 ၁၁၅/၁၁၅ 】 ဖြစ်၏။
"အသက်ရှင်ကျန်ရစ်သူတစ်ယောက်လား"
ဝမ်ထောင် မျက်မှောင်ကုတ်လိုက်မိသည်။
သူသည် ယခုနက ဇွန်ဘီတစ်ကောင်ဟု ထင်မှတ်ထားခဲ့သော်လည်း လူတစ်ဦး ဖြစ်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။
ထိုလူသည် သံမှိုရိုက်ထားသောဘေ့စ်ဘောတုတ်ကို တင်းကျပ်စွာ ကိုင်ဆောင်ထားပြီး ပတ်ဝန်းကျင်ကို ရှာဖွေနေသည့် အမူအရာကို ကြည့်ခြင်းဖြင့် ဤလူသည် မကောင်းသောအကြံ ရှိနေကြောင်း ဝမ်ထောင် ခံစားလိုက်ရသည်။
"သူ့ရဲ့ အမူအရာကို ကြည့်ရင် သူ ငါ့ကို မြင်တွေ့ထားတာ ထင်ရှားတယ်။ ငါ မားကတ်ထဲ ဝင်လာပြီးကတည်းက မထွက်သွားသေးတာကို သူ သိနေတာ၊ သူ ကင်မရာတွေကို ကြည့်နိုင်တာ ဒါမှမဟုတ် ရင်ပြင်မှာ ငါ ဇွန်ဘီတွေကို သတ်နေတာကို မြင်တွေ့ခဲ့တာ ဖြစ်ရမယ်..."
ဝမ်ထောင် မားကတ်၏ ပထမထပ် မျက်နှာကြက်ကို လှမ်းကြည့်လိုက်သည်။ ကင်မရာအချို့ ရှိနေသော်လည်း ဝါယာကြိုးအချို့ ဖြတ်တောက်ခံထားရပြီး မားကတ်တွင် လျှပ်စစ်စွမ်းင်လည်း ရှိမနေချေ။ ဤနေရာရှိ စောင့်ကြည့်ကွပ်ကဲမှုစနစ်သည် အလုပ်လုပ်နိုင်စရာ အကြောင်းမရှိပါချေ။
ထို့ကြောင့် ထိုလူသည် သူ ဇွန်ဘီများကို သတ်ဖြတ်နေသည်ကို မြင်တွေ့ခဲ့ခြင်း ဖြစ်ရမည်ဟု ဝမ်ထောင် ခန့်မှန်းလိုက်သည်။
အကယ်၍ ထိုလူသည် ကောင်းသောရည်ရွယ်ချက် ရှိပါက သူသည် အောက်သို့ ဆင်းလာပြီးနောက် အော်ဟစ်နှုတ်ဆက်သင့်ပြီး ယခုကဲ့သို့ လက်နက်ကိုင်ဆောင်ကာ မသိမသာ ရှာဖွေနေမည်မဟုတ်ပါချေ။
"သူ ဘာလုပ်ချင်လဲဆိုတာ ငါ မသိဘူး... သူ့ကို ဖမ်းဆီးပြီး မေးမြန်းလိုက်ရင် သိရမှာပဲ"
ဝမ်ထောင်သည် အခြားသူများကို အဆိုးဆုံးဟု သတ်မှတ်ရန် မတွန့်ဆုတ်ပါချေ၊ အထူးသဖြင့် ကမ္ဘာပျက်ကပ်ကာလတွင် ဖြစ်၏။ သတိထားခြင်းက အမြဲတမ်း အကောင်းဆုံး ဖြစ်သည်။
ထိုလူသည် မိမိထံသို့ တဖြည်းဖြည်း ချဉ်းကပ်လာသည်ကို စောင့်ကြည့်ရင်း ဝမ်ထောင်သည် မှန်ငယ်တစ်ခုကို မြေပြင်ပေါ်တွင် ထားရှိလိုက်သည်။ ထို့နောက် သူသည် နံရံနောက်ကွယ်တွင် မလှုပ်မယှက် ရပ်နေခဲ့၏။
မှန်ထဲမှတစ်ဆင့် ထိုလူ ချဉ်းကပ်လာသည်ကို စောင့်ကြည့်နေပြီး သူသည် ထောင့်တစ်ခုအကွာသို့ ရောက်ရှိလာသောအခါ ဝမ်ထောင်သည် ထိုလူ၏ နောက်ကွယ်မှ ရုတ်တရက် ခုန်ထွက်လိုက်ပြီး သူ၏ လည်ပင်းကို ညှစ်ကာ လက်နက်ကို လုယူလိုက်သည်။
"အု..."
ထိုလူ၏ မျက်ဝန်းများ ချက်ချင်း ပြူးကျယ်သွားပြီး မျက်နှာတွင် ကြောက်ရွံ့မှုများ ပြည့်နှက်သွားခဲ့သည်။ သူ၏လက်များသည် ဝမ်ထောင်၏ လက်မောင်းများကို ဆွဲကိုင်ရန် ကြိုးစားနေပြီး ခန္ဓာကိုယ်သည် အတင်းအကြပ် ရုန်းကန်လျက် ခြေထောက်များဖြင့် ကန်ကျောက်နေခဲ့သည်။
သို့သော် သူသည် သံညှပ်ကြီးတစ်ခုအတွင်း မိနေသကဲ့သို့ ခံစားရပြီး မည်သည့် ရုန်းကန်မှုမျိုးမဆို အလဟဿ ဖြစ်ကာ သူ လှုပ်ရှားလေလေ ပိုမို တင်းကျပ်လာလေလေပင်။
သူ၏ အမြင်အာရုံများ မည်းမှောင်လုနီးပါး ဖြစ်လာစဉ်မှာပင် လည်ပင်းပေါ်ရှိ တင်းကျပ်မှုသည် ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။
"အဟွတ်... အဟွတ်... ဟူး... အဟွတ်... အဟွတ်..."
အထောက်အပံ့မရှိဘဲ ထိုလူသည် မြေပြင်ပေါ်သို့ ချက်ချင်း ဒူးထောက်လဲကျသွားပြီး သူ၏ လည်ပင်းကို ဆုပ်ကိုင်ကာ အန်ချရန် ကြိုးစားနေခဲ့သည်။
သို့သော် သူ အသက်၀၀ မရှူနိုင်မီမှာပင် ကြီးမားသော လက်တစ်ဖက်သည် ရုတ်တရက် ပေါ်လာပြီး သူ၏ ကော်လာကို ဆွဲကိုင်ကာ မြှောက်တင်လိုက်၏။
မိမိအရှေ့ရှိ လူကို ကြည့်လိုက်ရာ အမည်းရောင် တိုက်ပွဲဝင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ခေါင်းခွံပုံမျက်နှာဖုံး၊ အဝါရောင်မျက်မှန် တပ်ဆင်ထားကာ အရပ် ၁.၈ မီတာကျော် မြင့်မားပြီး အလွန် ထွားကျိုင်းလှပေရာ သူသည် ကြောက်လန့်လွန်းသဖြင့် ဆီးပင် ထွက်လုနီးပါး ဖြစ်သွားခဲ့သည်။
"အဟွတ်... အဟွတ်... ကျွန်တော့်ကို မသတ်ပါနဲ့... အဟွတ်... ကျွန်တော်..."
ဝမ်ထောင်သည် သူ၏ အခြားလက်တစ်ဖက်ဖြင့် ထိုလူ၏ မျက်နှာအရှေ့တွင် ဘေ့စ်ဘောတုတ်ကို လွှဲလိုက်ပြီးနောက် အေးစက်သော လေသံဖြင့် ပြောခဲ့သည်။
"မင်း ဘာလုပ်ဖို့ ကြိုးစားနေတာလဲ၊ ငါ့ကို ချောင်းပြီးတိုက်ခိုက်မလို့လား"
"မဟုတ်ပါဘူး... မဟုတ်ပါဘူး။ ဒီမှာ လူရှိနေမှန်း ကျွန်တော် တကယ် မသိတာပါ..."
ထိုလူက အမြန် ရှင်းပြလေသည်။
သို့သော် ဤစကားကို ကြားသောအခါ ဝမ်ထောင်၏ မျက်နှာ ပိုမိုတင်းမာသွားခဲ့သည်။
ဤလူသည် သူ့ကို ပြတ်ပြတ်သားသား မြင်တွေ့ထားပါလျက် ဖုံးကွယ်ရန် ကြိုးစားနေဆဲ ဟုတ်လား။ ဤလူသည် မကောင်းသောအကြံ ရှိနေသည်မှာ သေချာလှသည်။
ဝမ်ထောင်သည် ဘေ့စ်ဘောတုတ်၏ အောက်ခြေဖြင့် ထိုလူ၏ ရင်ဘတ်ကို ဆောင့်ထိုးထည့်လိုက်၏။
"ဒုတ်.."
"အု... အား..."
ထိုလူ၏ မျက်နှာသည် ချက်ချင်း ဖြူလျော်သွားပြီး မျက်ရည်များမှာမူ ဆည်ကျိုးသကဲ့သို့ စီးကျလာခဲ့သည်။
ဝမ်ထောင်သည် လူစားလဲ သရုပ်ဆောင်အဖြစ် လုပ်ကိုင်စဉ်က ဒုတ်နှင့် တုတ်ရှည် အပါအဝင် ကာကွယ်ရေးဝတ်စုံမဲ့ လက်နက်များကို လေ့ကျင့်ထားသော ဆရာကြီးများနှင့် ထိတွေ့ခဲ့ဖူးသည်။
ဆရာကြီးက လက်တွေ့တိုက်ပွဲတွင် လူသစ်တစ်ဦးအတွက် ဒုတ်ကို လွှဲ၍ ရိုက်ခြင်းသည် အကောင်းဆုံး သရုပ်ဆောင်ကွက် မဟုတ်ကြောင်း ပြောခဲ့ဖူးသည်။ အကြောင်းမူကား ဒုတ်များသည် ယေဘုယျအားဖြင့် ရှည်လျားသဖြင့် လွှဲသည့်အရှိန်မှာ မြန်ဆန်မည်မဟုတ်ဘဲ အလွယ်တကူ ရှောင်တိမ်းနိုင်သောကြောင့် ဖြစ်၏။ ထို့ပြင် လူသားတို့၏ စွမ်းအားသည် ကန့်သတ်ချက် ရှိသဖြင့် ရိုက်မိလျှင်ပင် ထိခိုက်မှု အများကြီး ရှိမည်မဟုတ်ပါချေ။
သို့သော် "ထိုးစိုက်ခြင်း" မှာမူ ကွဲပြားလှပေသည်။ တစ်ဖက်လူ၏ ရင်ဘတ်ကို အားပြင်းပြင်းဖြင့် ထိုးစိုက်လိုက်ပါက ကျွမ်းကျင်သော လေ့ကျင့်မှု သို့မဟုတ် ကာကွယ်ရေးဝတ်စုံ မရှိလျှင် မည်သူမျှ တောင့်ခံနိုင်မည်မဟုတ်ပါချေ။
ဝမ်ထောင်သည် မည်သည့်အခါမျှ ရန်ပွဲများတွင် မပါဝင်ခဲ့ဖူးဘဲ သူ၏ လှုပ်ရှားမှုများသည် အထူးစီစဉ်ထားသော အရာများသာ ဖြစ်သဖြင့် လက်တွေ့တိုက်ပွဲအတွက် အခွင့်အရေး အများကြီး မရှိခဲ့ချေ။ ယခုအခါ သူ အနည်းငယ် စမ်းသပ်ကြည့်ရာတွင်မူ ဆရာကြီးသည် အမှန်တကယ်ပင် ဆရာကြီးဖြစ်ကြောင်း ပြောရပေမည်၊ ထိုအသာအယာ ထိုးစိုက်ခြင်းသည်ပင် အမှန်တကယ် တောင့်ခံရန် မလွယ်ကူလှပေ။
"ငါ မင်းကို နောက်ဆုံးတစ်ကြိမ် ထပ်မေးမယ်၊ မင်း ဘာလို့ ငါ့ကို ချောင်း တိုက်ဖို့ ကြိုးစားတာလဲ"
ဝမ်ထောင်သည် သူ၏ကားကို ရင်ပြင်ပြင်ပတွင် ရပ်တန့်ထားခဲ့ခြင်း ဖြစ်ရာ ဤကုန်တိုက်ဟောင်းနေရာမှ မြင်တွေ့နိုင်စရာ အကြောင်းမရှိပါချေ။ သူ ဇွန်ဘီများကို သတ်ရန် လာသောအခါတွင်လည်း အခြား ထောက်ပံ့ရေးပစ္စည်းများကို ယူဆောင်လာခဲ့ခြင်း မရှိချေ။ ထို့ကြောင့် မားကတ်အတွင်းရှိ အသက်ရှင်ကျန်ရစ်သူများ၏ အမြင်တွင် သူသည် မည်သည့် ပစ္စည်းမျှမရှိသော သာမန်လူတစ်ဦးသာ ဖြစ်သင့်ပေသည်။ တစ်ဖက်လူအနေဖြင့် သူ့ကို ချောင်းမြောင်း တိုက်ခိုက်ရန် အကြောင်းမရှိပါ။
ထို့ကြောင့်ဝမ်ထောင် နားမလည်နိုင်ဖြစ်နေပြီး အဖြေကို သိချင်နေသည်။
"ကျွန်တော်... ကျွန်တော် တကယ်ပဲ... ချောင်းပြီးတိုက်ဖို့ မရည်ရွယ်ပါဘူး..."
ထိုလူက ဝန်ခံခြင်းမရှိသေးချေ။
ခေါင်းမာနေတုန်းပဲလား။
ဝမ်ထောင်သည် ထိုလူ ခေါင်းမာနေသည်ဟု ထင်မှတ်ပြီး သူ့ကို နောက်တစ်ကြိမ် ထပ်မံ ထိုးစိုက်ရန် ပြင်ဆင်လိုက်သည်။ သို့သော် သူ၏ ကြောက်လန့်နေသော မျက်နှာအမူအရာကြားတွင် နာကျင်ခံခက်မှုအချို့ကို မြင်တွေ့ရသဖြင့် ဝမ်ထောင် ခေတ္တရပ်တန့်ပြီး သူ့ကို လွှတ်ပေးလိုက်၏။
"မင်းနာမည် ဘယ်လိုခေါ်လဲ"
"ကျွန်တော်... အဟွတ်... ကျွန်တော့်နာမည်က ယန်လောင်ချီ ပါ... ကျွန်တော် တကယ်ပဲ ခင်ဗျားကို ချောင်းတိုက်တာ မဟုတ်ပါဘူး..."
ယန်လောင်ချီ မြေပြင်ပေါ်သို့ ထပ်မံ ဒူးထောက်လဲကျသွားပြီး သူ၏ရင်ဘတ်ကို ဆုပ်ကိုင်ကာ ချောင်းဆိုးနေခဲ့သည်။ သူသည် အလွန် နာကျင်နေရခြင်း ဖြစ်၏။
ဝမ်ထောင်က ပုဆိန်ဖြင့် ဇွန်ဘီများ၏ ဦးခေါင်းကို ရိုက်ခွဲနေသည်ကို သူသည် အပေါ်ထပ်မှနေ၍ပြတ်ပြတ်သားသား မြင်တွေ့ခဲ့လေ၏။၊ ဝမ်ထောင်သည် ရင်ပြင်အတွင်းရှိ ဇွန်ဘီများကို တူထုဂိမ်း ကစားနေသကဲ့သို့ ကိုင်တွယ်ခဲ့ခြင်း ဖြစ်သည်။
ဇွန်ဘီများနှင့် အမှန်တကယ် တိုက်ခိုက်ဖူးသူများသာ ဝမ်ထောင် မည်မျှအထိ သန်မာကြောင်း ကောင်းစွာ နားလည်နိုင်ပေလိမ့်မည်။ ဝမ်ထောင်တစ်ဦးတည်းကပင် ၎င်းတို့အုပ်စုတစ်ခုလုံးကို အလွယ်တကူ နှိမ်နင်းနိုင်၏။
ဤကဲ့သို့သော စွမ်းအားရှင်တစ်ဦးနှင့် ရင်ဆိုင်ရပါက သူသည် သတ္တိ အဆတစ်ရာမက ရှိနေဦးတော့ သူ့ကို ထိခိုက်ရန် ရဲဝံ့မည်မဟုတ်ပါချေ။
သူ မသိမသာ ဆင်းလာရသည့် အကြောင်းရင်းမှာ ဝမ်ထောင် မားကတ်အတွင်းသို့ ဝင်ရောက်လာသည်ကို အပေါ်ထပ်မှ မြင်တွေ့ခဲ့ရသော်လည်း ထိုလူသည် အပေါ်သို့ တက်မလာခဲ့သောကြောင့် ဖြစ်၏။
၎င်းတို့၏ အကြီးအကဲသည် ဝမ်ထောင် အောက်ထပ်တွင် ဘာလုပ်နေသည်ကို မသိရှိရဘဲ ဝမ်ထောင် အခြားထွက်ပေါက်မှ ထွက်ခွာသွားခြင်း ရှိမရှိကိုလည်း မသေချာသဖြင့် သူ့အား အခြေအနေကို စစ်ဆေးရန် စေလွှတ်ခဲ့ခြင်း ဖြစ်သည်။
နောက်ဆုံးတွင် သူသည် ထိုလူကို သေသေချာချာ မမြင်ရသေးမီမှာပင် မည်သည့်အရာကိုမျှ ရှင်းပြခွင့်မရဘဲ ဖမ်းဆီးခြင်း ခံခဲ့ရသည်။
ထို တိုတောင်းလှသော မိနစ်ပိုင်းအတွင်း ယန်လောင်ချီသည် သူ သေဆုံးလုနီးပါး ဖြစ်ခဲ့ရသည်ဟု ခံစားလိုက်ရသည်။
မိစ္ဆာ... ဤလူသည် အမှန်တကယ်ပင် မိစ္ဆာတစ်ကောင် ဖြစ်ပေသည်။
"မင်း ငါ့ကို တကယ်ပဲ ချောင်းတိုက်တာ မဟုတ်ဘူးလား"
ဝမ်ထောင် အနည်းငယ် စကားမဲ့သွားရသော်လည်း နောင်တရခြင်းမျိုး မရှိပါချေ။ အမှန်တရားမှာ ဤလူသည် လိမ်လည်ပြောဆိုခဲ့ခြင်း ဖြစ်ပြီး အကယ်၍ ချောင်းမြောင်း တိုက်ခိုက်ခြင်း မဟုတ်လျှင်ပင် ကောင်းသောအကြံ ရှိနေမည်မဟုတ်ပါချေ။
"ငါ မင်းကို ရှင်းပြဖို့ အခွင့်အရေး ပေးမယ်။ တပယ်လို့ မင်းရဲ့ အကြောင်းပြချက်က ငါ့ကို မကျေနပ်စေဘူးဆိုရင်တော့ အခြေအနေတွေက... မကောင်းဖြစ်သွားလိမ့်မယ်"
ဝမ်ထောင် သူ၏လက်ထဲရှိ သံမှိုရိုက်ထားသောဘေ့စ်ဘောတုတ်ကို လွှဲလိုက်ပြီး အေးစက်သော လေသံဖြင့် ပြောခဲ့သည်။
"အဟွတ်... အဟွတ်..."
ယန်လောင်ချီ စိုးရိမ်ပူပန်သွားခဲ့သည်။ ဝမ်ထောင်က "မကောင်းဖြစ်သွားလိမ့်မယ်" ဟု မည်သည်ကို ဆိုလိုကြောင်း တိကျစွာ မပြောသော်လည်း သူသည် မစွန့်စားရဲပါချေ။ ဤတိုတောင်းလှသော အချိန်အတွင်း ထိတွေ့မှုအရ ဤလူသည် အမှန်တကယ်ပင် အလွယ်တကူ ဆော့ကစားရမည့်သူ မဟုတ်ကြောင်း သူသိထားသည်။ သို့သော် ကောင်းမွန်သော ဆင်ခြေတစ်ခု ရှာဖွေရန်မှာ လည်း မလွယ်ကူလှပေ၊ သူသည် မိမိ၏ အကြီးအကဲက သူ့ကို သီးသန့် စောင့်ကြည့်ခိုင်းနေခြင်း ဖြစ်ကြောင်း တိုက်ရိုက် ပြောဆို၍ မရပါချေ။
အကြီးအကဲ... ဟုတ်ပြီ။
ယန်လောင်ချီ ရုတ်တရက် စိတ်ကူးတစ်ခု ရရှိသွားခဲ့သည်။
"အဟွတ်... ဒီလိုပါဗျာ။ ကျွန်တော်တို့ရဲ့ အကြီးအကဲက ခင်ဗျားလာတာကို မြင်ပြီး ကျွန်တော့်ကို အပေါ်ကို ဖိတ်ခေါ်ခိုင်းလိုက်တာပါ။ ဟုတ်ပါတယ်... ဖိတ်ခေါ်တာပါ၊ ကျွန်တော် ခင်ဗျားကို အပေါ်ကို ဖိတ်ခေါ်ဖို့ လာခဲ့တာပါ"
ယန်လောင်ချီ ဤဆင်ခြေကို အလွန် ကျေနပ်သွားခဲ့သည်။ သူသည် ချောင်းမြောင်း တိုက်ခိုက်ရန် လာခြင်းမဟုတ်ဘဲ ထိုလူအား အပေါ်သို့ ဖိတ်ခေါ်ရန် လာခြင်း ဖြစ်၏။ ဤလူသန်ကြီးက နားလည်မှုလွဲသွားခြင်း ဖြစ်ပေသည်။
ဤအခြေအနေမျိုးတွင် သူသည် တောင်းပန်စကားကို မမျှော်လင့်ရဲပါချေ၊ ထိုလူက သူ့အား နှိပ်စက်ခြင်း မပြုရန်သာ မျှော်လင့်နိုင်တော့သည်။
"အော်... အကြီးအကဲ ဟုတ်လား... ဖိတ်ခေါ်တာလား... မင်းတို့ဆီမှာ လူ ဘယ်နှစ်ယောက် ရှိလဲ"
ဝမ်ထောင် တိုက်ရိုက် မေးမြန်းလိုက်၏။
"ကျွန်တော်တို့ရဲ့ အကြီးအကဲ နာမည်က ကောရှင်း ပါ။ သူက အရင်က ဒီမှာ အဝတ်အထည် စီးပွားရေး လုပ်ခဲ့တာပါ။ ကျွန်တော်က သူ့ရဲ့ ဝန်ထမ်းပါ။ ကျွန်တော်တို့ဆီမှာ စုစုပေါင်း လူလေးယောက် ရှိပါတယ်၊ အပေါ်ဆုံးထပ်မှာ ရှိနေကြတာပါ။ ကျွန်တော်တို့ အကြီးအကဲက ခင်ဗျားကို အပေါ်ထပ်ကို ဖိတ်ခေါ်ပြီး စကားပြောချင်လို့ပါ..."
ယန်လောင်ချီ မည်သည့်အရာကိုမျှ မဖုံးကွယ်ရဲဘဲ အချက်အလက်များကို အမြန် ပြောပြလိုက်သည်။ သို့သော် ဖိတ်ခေါ်ခြင်းဟူသည်မှာ လိမ်လည်မှုတစ်ခု ဖြစ်ပြီး ဝမ်ထောင်အနေဖြင့် သေချာပေါက် သွားရဲမည်မဟုတ်ဟု သူ ခံစားလိုက်ရ၏.။ ဝမ်ထောင်ကတော့ ထိုလူသည် အမှန်တရားအားလုံးကို ပြောဆိုနေခြင်း မဟုတ်ကြောင်း သိနေလေသည်။
သို့သော် ယခုအခါ သူ၏တွင် သွေးပမာဏ တစ်ထောင်ကျော် ရှိနေပြီး စွမ်းရည်တစ်ခု၊ ခန္ဓာကိုယ်ပေါ်တွင် သံမဏိပြားများ၊ အရှိန်ပြင်းညာဘက်လက်မောင်းနှင့် ခါးတွင် ထိုးထည့်ထားသော ကျည်ဆန်အပြည့်ပါသည့် ပစ္စတိုသေနတ်တစ်လက် ရှိနေ၏။..လက်ရှိစွမ်းအားဖြင့် သူသည် အချို့သော ဇွန်ဘီသားရဲကောင်ကြီးများကို အနိုင်မယူနိုင်ဦးတော့ သာမန်လူအနည်းငယ်ကို ကိုင်တွယ်ရန်မှာ ခက်ခဲမည်မဟုတ်ပါချေ။ ထို့ပြင် ဝမ်ထောင်သည် ဤပထမထပ်တွင် ဘာဖြစ်ပျက်ခဲ့သလဲ၊ ဤနေရာသို့ အထူးဇွန်ဘီများ ရောက်ရှိခဲ့ဖူးသလား ဆိုသည်ကို သိချင်သည်။
ထို့အပြင် အကယ်၍ သူက နားလည်မှုလွဲသွားခြင်း ဖြစ်ပြီး ဤအသက်ရှင်ကျန်ရစ်သူများသည် အမှန်တကယ်ပင် ကောင်းမွန်သော လူများ ဖြစ်ကြပါက သူသည် ၎င်းတို့အား စခန်းသို့ ခေါ်ဆောင်သွားနိုင်လေသည်။ အသက်ရှင်ကျန်ရစ်သူတစ်ဦးကို ခေါ်ဆောင်လာခြင်းက သူ့အား အကျိုးပြုမှတ် အတိုင်းအတာတစ်ခုအထိ ရရှိစေနိုင်မည်ဖြစ်ပြီး တစ်ဖက်လူများကိုလည်း ကူညီရာရောက်၏။
"လမ်းပြပါ"
ဝမ်ထောင်က မေးဆတ်ပြလိုက်သည်။
"ဗျာ... အော်... ဟုတ်ကဲ့ပါ... ကောင်းပါပြီ..."
ယန်လောင်ချီ စိတ်ပျက်သွားလေသည်။ ဤလူသန်ကြီးက အမှန်တကယ်ပင် အပေါ်သို့ တက်ချင်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပါ။ သူ ပြန်ရောက်သည့်အခါ အကြီးအကဲက သူ့အား အရှင်လတ်လတ် အရေခွံဆုတ်လိမ့်မည်ကို စိုးရိမ်မိသော်လည်း ဝမ်ထောင်အား ရုန်းကန်ရန် သတ္တိ ရှိမနေချေ။ ထို့ကြောင့် သူသည် စိတ်ပျက်လက်ပျက်ဖြင့် ဝမ်ထောင်အား အပေါ်ထပ်သို့ ဦးဆောင်ခေါ်သွားခဲ့ရသည်။
ဝမ်ထောင်သည် ယန်လောင်ချီ၏ နောက်မှ အေးဆေးစွာ လိုက်ပါလာခဲ့ပြီး စိတ်ကို အမြင့်ဆုံး အခြေအနေတွင် ထားထားသည်။ သူသည် ဤအသက်ရှင်ကျန်ရစ်သူများကို ကိုင်တွယ်နိုင်သည်ဟု ခံစားရသော်လည်း ပေါ့ဆမည်တော့ မဟုတ်ပါ။
ကုန်တိုက်ဟောင်း၏ လှေကားတွဲသည် ကျယ်ဝန်းပြီး ခိုင်ခံကောင်းမွန်လေသည်။ အဆင့်အနည်းငယ် တက်ပြီးနောက် ဝမ်ထောင်သည် အပေါ်ထပ်ရှိ လူများကို မြင်တွေ့လိုက်ရ၏။
စုစုပေါင်း လူသုံးဦး ရှိနေပြီး ၎င်းမှာ ယန်လောင်ချီ ပြောခဲ့သော အရေအတွက်နှင့် ကိုက်ညီသည်။ ဤလူများသည် ဒုတ်များနှင့် သံပိုက်များကဲ့သို့သော လက်နက်များကို ကိုင်ဆောင်ထားကြ၏။
ဝမ်ထောင် တက်လာသည်ကို မြင်သောအခါ ၎င်းတို့ သိသိသာသာ အံ့သြသွားကြပြီး ၎င်းတို့၏ အလယ်တွင် ရှိနေသော အရပ် ၁.၇ မီတာခန့် ရှိသည့် ထိပ်ပြောင်လူဝကြီးဆီသို့ အကြည့်များကို လှည့်လိုက်ကြသည်။
ထိပ်ပြောင်လူဝကြီးသည် ယန်လောင်ချီအား ဒေါသတကြီး စိုက်ကြည့်လိုက်ပြီးနောက် သူ၏ အသားထူသော မျက်နှာတွင် လွန်စွာ ယဉ်ကျေးသော အပြုံးတစ်ခု ပေါ်လာခဲ့သည်။
"မင်္ဂလာပါ... ကျွန်တော့်နာမည် ကောရှင်း ပါ။ ကျွန်တော် အရင်က ဒီမှာ အဝတ်အထည် စီးပွားရေး အနည်းငယ် လုပ်ခဲ့ဖူးပါတယ်..."
သူ အနားသို့ ချဉ်းကပ်လာသောအခါ ဝမ်ထောင်သည် ကောရှင်း၏ ပေါ်ထွက်နေသော အရေပြားများပေါ်တွင် တက်တူးများ ပြည့်နှက်နေသည်ကို သတိပြုမိလိုက်သည်။
ဝမ်ထောင်သည် တက်တူးများအပေါ် ခွဲခြားဆက်ဆံခြင်းမျိုး မရှိသော်လည်း စီးပွားရေးသမားတစ်ဦးအတွက် ဤမျှအထိ ပြင်းထန်သော တက်တူးများ ရှိနေခြင်းမှာ—သူသည် အမှန်တကယ်ပင် တရားဝင်စီးပွားရေး လုပ်ကိုင်ခဲ့ခြင်း ဟုတ်ပါ့မလားဟု သံသာဝင်စရာပင်။
"မင်္ဂလာပါ... ကျွန်တော်က ချန်ကျွမ်း ပါ"
ဝမ်ထောင် နာမည်တစ်ခုကို လုပ်ကြံ၍ ပြောဆိုလိုက်၏။
"ကြိုဆိုပါတယ်... ကြိုဆိုပါတယ်"
ထိပ်ပြောင်ကြီးက ခပ်လှမ်းလှမ်းမှနေ၍ လက်နှစ်ဖက်စလုံးကို ဆန့်ထုတ်လိုက်သည်။ ဝမ်ထောင်ကလည်း သူ့အား အသိအမှတ်ပြုသောအားဖြင့် လက်ဆွဲနှုတ်ဆက်ရန် လက်ကို ဆန့်ထုတ်လိုက်၏။
ထိပ်ပြောင်ကြီးသည် ဝမ်ထောင်၏ အနားသို့ ရောက်ရှိလာသောအခါ ဖိအားတစ်ခုကို ချက်ချင်း ခံစားလိုက်ရသည်။ အထူးသဖြင့် ဝမ်ထောင်၏ ခါးတွင် ချိတ်ဆွဲထားသော သွေးကွက်များပါသည့် ပုဆိန်ကို မြင်တွေ့ရသောအခါ သူသည် ထိုပုဆိန်တစ်ချက်ကိုပင် တောင့်ခံနိုင်မည်မဟုတ်ဟု ခံစားလိုက်ရသည်..။
အခြားသူများအတွက်မူ ဤခံစားချက်သည် ပိုမို ပြင်းထန်သည်။ ၎င်းတို့၏ အမြင်တွင် ၎င်းတို့၏ အကြီးအကဲသည် ထွားကျိုင်းပြီး ကြွက်သားများရှိကာ အတော်လေး ကြောက်မက်ဖွယ်ကောင်းသော လူတစ်ဦး ဖြစ်သည်။ သို့သော် ဝမ်ထောင်နှင့် နှိုင်းယှဉ်ပါက ၎င်းသည် မှော်စရာအသေးစားလေးက မှော်စရာအကြီးစားကြီးနှင့် ကြုံတွေ့ရသကဲ့သို့ ရှိနေသည်။ ၎င်းတို့ အကြီးအကဲ၏ ခန္ဓာကိုယ် တည်ဆောက်ပုံသည် ဝမ်ထောင်ထက် အနည်းဆုံး အရွယ်အစား နှစ်ဆင့်ခန့် သေးငယ်နေ၏။ အထူးသဖြင့် ဝမ်ထောင်၏ မျက်နှာပေါ်ရှိ ခေါင်းခွံပုံမျက်နှာဖုံးနှင့် ခါးတွင် ချိတ်ဆွဲထားသော သွေးကွက်များပါသည့် ပုဆိန်များကြောင့်... သူသည် ရုပ်ရှင်ထဲမှ လူဆိုးကြီးတစ်ဦးနှင့် အမှန်တကယ်ပင် တူညီနေလေသည်။
"လာပါ... အထဲကို ကြွပါ"
ထိပ်ပြောင်ကြီးက ဝမ်ထောင်အား တံခါးဖွင့်လှစ်ထားသော ခန်းမကြီးတစ်ခုအတွင်းသို့ တက်ကြွစွာ ဦးဆောင်ခေါ်သွားခဲ့သည်။
ဝမ်ထောင်သည် ပတ်ဝန်းကျင် အခြေအနေကို သတိကြီးစွာဖြင့် လေ့လာကြည့်နေပြီး အထူးသဖြင့် ထိုလူအုပ်ကို ဖြစ်၏။ ၎င်းတို့ထဲတွင် စွမ်းရည်ရှင်တစ်ဦးမျှ ရှိမနေသကဲ့သို့ ဖုံးကွယ်ထားသောအရည်အသွေးများ ရှိသူလည်း ရှိမနေချေ။ သို့သော် ၎င်းတို့အားလုံးသည် ဇွန်ဘီများကို အတိုင်းအတာတစ်ခုအထိ သတ်ဖြတ်ဖူးကြပြီး သွေးပမာဏမှာတစ်ရာဝန်းကျင်တွင်သာ ရှိကြသည်။
သွေးပမာဏ အများဆုံး ရှိသူမှာ ၎င်းတို့၏ အကြီးအကဲ ဖြစ်ပြီး ၎င်းမှာ 【 ၂၀၅/၂၀၅ 】 ဖြစ်၏။ ၎င်းက သူသည် ဇွန်ဘီ အကောင်နှစ်ဆယ်ခန့် သတ်ဖြတ်ဖူးကြောင်း ဖော်ပြနေခြင်းပင်။
တတိယထပ်၏ ဖွဲ့စည်းပုံသည် ပထမထပ်နှင့် ဆင်တူပြီး အပိုင်းအမျိုးမျိုး ခွဲခြားထားသည်။ သို့သော် အခြားသော နေရာများကိုမူ ပစ္စည်းများဖြင့် ပိတ်ဆို့ထားခြင်း ဖြစ်၏။ ဘယ်ဘက်နှင့် ညာဘက်ရှိ အပိုင်းများကိုသာ သွားလာနိုင်ပေသည်။
ညာဘက်တွင်မူ ထိပ်ပြောင်ကြီးနှင့် သူ၏အုပ်စု ရှိနေသော ခန်းမ ဖြစ်၏။
ဘယ်ဘက်တွင်မူ သံချေးတက်နေသောသံကြိုးဖြင့် ခတ်ထားသည့် သံတံခါးငယ်တစ်ခု ရှိနေပြီး ၎င်းသည် ကုန်လှောင်ရုံတစ်ခုနှင့် တူသည်။ ဝမ်ထောင်သည် ထိုသံတံခါးကို တစ်ချက် ကြည့်ရှုလိုက်ပြီးနောက် ထိပ်ပြောင်ကြီး၏ နောက်မှ ခန်းမဆီသို့ လိုက်သွားခဲ့သည်။
-------
အခန်း (၈၃) - သူမက ငါ့ဇနီးလောင်းပဲ
ခန်းမထဲတွင် ပိုးသတ်ဆေးနံ့များ နံစော်နေသဖြင့် ဝမ်ထောင်သည် မျက်နှာဖုံး တပ်ထားသည့်တိုင် ထိုအနံ့ကို မရှောင်လွှဲနိုင်ပေ။
"မစ္စတာချန်၊ ရေနည်းနည်းလောက် သောက်မလား"
ကောရှင်းသည် ဆေးသုတ်ရာများ ကွာကျနေသော ရေဂျားတစ်ခုနှင့် ဝါကြင့်ကြင့် သို့မဟုတ် ဖြူဖျော့ဖျော့ ဖြစ်နေသည့် ဖန်ခွက်တစ်ခုကို ကိုင်ထားရင်း ဝမ်ထောင်ကို မေးသည်။
"မသောက်ဘူး"
ဝမ်ထောင်က ခန်းမပတ်ပတ်လည်ကို ကြည့်လိုက်၏။
ခန်းမ၏ အလှဆင်မှုမှာ အလွန်ခေတ်နောက်ကျနေပြီး လွန်ခဲ့သော နှစ်သုံးဆယ်ခန့်က စတိုင်မျိုး ဖြစ်သည်။ အဝတ်အစား အများအပြားကို အိပ်ရာလုပ်ရန်အတွက် သုံးထားသကဲ့သို့ စည်းမဲ့ကမ်းမဲ့ ပုံထားပြီး ၎င်းတို့ လေးယောက်သည် ဤနေရာ၌ အိပ်စက်ကြပုံရသည်။
ခန်းမမှာ ထောင့်မှန်စတုဂံပုံစံ ဖြစ်၏။ လူအချို့သည် အလင်းရောင် ပိုကောင်းသည့် အဆုံးတစ်ဖက်တွင် ရှိနေကြပြီး အခြားအဆုံးတစ်ဖက်မှာမူ မှောင်မည်းနေသဖြင့် အတွင်း၌ ဘာရှိသည်ကို မမြင်နိုင်ပေ။
"မင်းတို့က ကမ္ဘာပျက်ကပ်ထဲမှာ ဒီလောက် သက်သောင့်သက်သာ နေနိုင်တာ တော်တော်လေး အထင်ကြီးဖို့ ကောင်းတာပဲ"
ဝမ်ထောင်က တည်ငြိမ်စွာ ပြောလိုက်သည်။
ဤလေးယောက်စလုံးသည် သွေးဘားတန်းအပြည့်ရှိနေကြရာ ဤကမ္ဘာပျက်ကပ်အတွင်း တော်တော်လေး ကောင်းမွန်သည်ဟု ဆိုရမည်။ အမှန်တော့ ရွှေကျဲစခန်းတွင်ပင် လူအများအပြားသည် သွေးဘားတန်းက အားနည်းနေကြဆဲ ဖြစ်၏။
"ကံကောင်းလို့ပါဗျာ။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ ရိက္ခာတွေလည်း ကုန်တော့မယ်။ ဘယ်ကနေ သွားရှာရမလဲဆိုတာ စိတ်ပူနေရတုန်းပဲ..."
ကောရှင်းက စိုးရိမ်ပူပန်သော အမူအရာဖြင့် သူ၏ ကတုံးခေါင်းကို ပွတ်ရင်း ပြောသည်။
ဝမ်ထောင်က ကောရှင်းကို အကဲခတ်သလို စိုက်ကြည့်လိုက်၏။
သူသည် ဝမ်ထောင်က သူ၏ ရိက္ခာများကို လုယူသွားမည်ကို ကြောက်နေခြင်းလား။ တစ်နည်းအားဖြင့် သူတို့တွင် ရိက္ခာများစွာ ကျန်ရှိနေသေးခြင်း ဖြစ်နိုင်၏။
ကောရှင်း၏ ခန္ဓာကိုယ်သည် ရုတ်တရက် တောင့်တင်းသွားလေသည်။
ဝမ်ထောင်၏မျက်လုံးများကို သူ၏ ဝါကျင်ကျင် မျက်မှန်များကြောင့် အနည်းငယ် ကွယ်နေသော်လည်း ကောရှင်းမှာ သားကောင်ကို စိုက်ကြည့်နေသည့် အမဲလိုက်သတ္တဝါတစ်ကောင်၏ ကြည့်ခြင်းကို ခံနေရသကဲ့သို့ ခံစားလိုက်ရပြီး သူ၏ ခန္ဓာကိုယ်အတွင်းရှိ သွေးများပင် ခဲမတတ် ဖြစ်သွား၏။
ဤခံစားချက်သည်... လွန်ခဲ့သော အချိန်က ထိုဇွန်ဘီ၏ အကြည့်ကို ခံရစဉ်ကနှင့် အတူတူပင် ဖြစ်နေသည်။
ကောရှင်းသည် ကမ္ဘာပျက်ကပ်ထဲတွင် အသက်ရှင်သန်နိုင်ရန် သူ၏ ဆဌမအာရုံကို များစွာ အားကိုးခဲ့ရသည်။ သူက ရှေ့တွင် ရှိနေသော လူသည် အလွန် အန္တရာယ်များကြောင်း ခံစားမိနေ၏။ သူ ယခင်က မြင်ဖူးခဲ့သမျှထက်ပင် ပို၍ အန္တရာယ်များလေသည်။
ဝမ်ထောင်က အကြည့်ကို လွှဲလိုက်ပြီး ပြတင်းပေါက်နားသို့ လျှောက်သွားကာ လိုက်ကာများကို ဖယ်လိုက်၏။ ဤနေရာမှနေ၍ ရင်ပြင်၏ အစိတ်အပိုင်းအချို့ကို မြင်နိုင်ပြီး သူ ယခင်က သတ်ခဲ့သော ဇွန်ဘီများသည် ထိုနေရာ၌ လဲလျောင်းနေဆဲ ဖြစ်သည်။
"ကျွန်တော် စောစောက မစ္စတာချန်ရဲ့ စွမ်းဆောင်ရည်ကို မတော်တဆ မြင်လိုက်ရလို့ တကယ်ပဲ အံ့ဩမှင်သက်သွားရတယ်ဗျာ။ အဲဒီအချိန်တုန်းက မစ္စတာချန်ကိုသာ ဒီနေရာကို ဖိတ်ခေါ်နိုင်ရင် တစ်သက်စာ ဂုဏ်ယူစရာ ဖြစ်မှာပဲလို့ တွေးမိတယ်။ အခုလို တိုက်တိုက်ဆိုင်ဆိုင် ဖြစ်လာလိမ့်မယ်လို့ ဘယ်သူ ထင်မှာလဲ"
ကောရှင်းက လျင်မြန်စွာပင် ဖားရိုက်တော့သည်။
ဤစကားကို ကြားသောအခါ ယန်လောင်ချီသည် မစ္စတာချန်ကို ခေါ်လာခဲ့သူမှာ မိမိဖြစ်ကြောင်း ပြောချင်စိတ် ပေါက်သွား၏။ သို့သော် သူ၏ အကြီးအကဲက ရုတ်တရက် လှည့်ကြည့်ပြီး ဒေါသတကြီး စိုက်ကြည့်လိုက်သည်ကို မြင်သောအခါ ယန်လောင်ချီ ကျောချမ်းသွားလေသည်။
သွားပြီ၊ အကြီးအကဲက လိမ်ညာနေတာပဲ။
ယန်လောင်ချီသည် စိတ်ထဲမှ ညည်းတွားလိုက်၏။ မစ္စတာချန် ထွက်သွားပြီးနောက် သူ ဒုက္ခရောက်တော့မည်ကို သူ သိလိုက်သည်။
ထိုလူသည် မိမိကို ဖားနေခြင်း ဖြစ်ကြောင်း ဝမ်ထောင် သိသော်လည်း ဤကဲ့သို့သော စကားများသည် နားထောင်ရ ကောင်းသည်ကိုမူ သူ ဝန်ခံရမည်။ သူ ယခင်က ဤကဲ့သို့ မခံစားဖူးပေ။ တီဗီထဲက ရာထူးကြီးသူများ ဘေးတွင် ကပ်ဖားကောင် တစ်ယောက် သို့မဟုတ် နှစ်ယောက် အမြဲရှိနေသည်မှာ မဆန်းပေ။
သိူ့သော် ထိုသို့တွေးနေသော်လည်း ဝမ်ထောင်၏ အမူအရာက ပြောင်းလဲမသွားပေ။ ပြင်ပကမ္ဘာတွင် နှစ်ပေါင်းများစွာ ရုန်းကန်ခဲ့ရသဖြင့် သူသည် တည်ငြိမ်မှု အတိုင်းအတာတစ်ခုကို မွေးမြူထားနိုင်ခဲ့ပြီ ဖြစ်သည်။
"ဒါဆို ငါ ဤနေရာကို လှည့်ပတ်ကြည့်ချင်တယ်၊ မင်းတို့ စိတ်မရှိဘူးမလား"
ဝမ်ထောင်က ရုတ်တရက် ပြောလိုက်၏။
"...စိတ်မရှိပါဘူး၊ စိတ်မရှိပါဘူးဗျာ။ ကျွန်တော်ကိုယ်တိုင် လိုက်ပြပါ့မယ်"
ကောရှင်း၏ မျက်နှာပေါ်တွင် ငိုမဲ့မဲ့ အပြုံးတစ်ခု ပေါ်လာပြီး သူကိုယ်တိုင် လမ်းပြလေသည်။
ဝမ်ထောင်သည် အလောတကြီးမရှိဘဲ နောက်က လိုက်လာရင်း ပတ်ဝန်းကျင်ကို လေ့လာကာ ပေါ့ပေါ့ပါးပါးပင် မေးလိုက်၏။
"အောက်ထပ်မှာ ဘာတွေဖြစ်ခဲ့တာလဲ။ ဘာလို့ အဲဒီလောက်အထိ ပျက်စီးသွားရတာလဲ"
ဤအကြောင်းကို ပြောလိုက်သောအခါ ကောရှင်း၏ မျက်နှာပေါ်တွင် ရုတ်တရက် ကြောက်ရွံ့တုန်လှုပ်မှု အမူအရာတစ်ခု ပေါ်လာလေသည်။
"မစ္စတာချန် မသိလို့ပါ၊ လွန်ခဲ့တဲ့ လဝက်လောက်က ဈေးဝယ်စင်တာထဲမှာ အလွန်ကြောက်စရာကောင်းတဲ့ဇွန်ဘီတစ်ကောင် ပေါ်လာခဲ့တယ်။ အဲဒီကောင်က အမြင့် သုံးမီတာ ဒါမှမဟုတ် လေးမီတာလောက် ရှိပုံရပြီး တစ်ကိုယ်လုံး ကြွက်သားတွေကြီးပဲ။ မြင်သမျှ အရာအားလုံးကို ရိုက်ခွဲပစ်တာ၊ ဈေးဝယ်စင်တာ တစ်ခုလုံးကို ဖြိုချလုနီးပါး ဖြစ်သွားခဲ့တယ်။ တကယ်လို့ တစ်ခုခုက သူ့ကို ဆွဲဆောင်သွားလို့သာပဲ၊ မဟုတ်ရင် ကျွန်တော်တို့လည်း ကုန်ပြီ..."
"သုံးမီတာ ဒါမှမဟုတ် လေးမီတာ..."
ဝမ်ထောင်၏ အမူအရာသည် ချက်ချင်း တည်တံ့သွားလေသည်။
ထိုမျှ အရွယ်အစားရှိသော ဇွန်ဘီသည် အနည်းငယ် ကြောက်စရာကောင်း၏။ သူ ယခင်က မြင်ဖူးသမျှထဲတွင် အကြီးဆုံးဇွန်ဘီမှာ သွေးဆာသူ သို့မဟုတ် တူကိုင်ဇွန်ဘီ ဖြစ်သည်။ ၎င်းတို့၏ အမြင့်မှာ နှစ်မီတာကျော်ရုံသာ ရှိသော်လည်း အလွန်သန်မာပြီး ဝမ်ထောင်ကို ဖိအားများစွာ ပေးနိုင်ခဲ့သည်။
သုံးမီတာ သို့မဟုတ် လေးမီတာ မြင့်သော ဇွန်ဘီဆိုလျှင် မည်မျှကြီးမားမည်ကို ဝမ်ထောင် စိတ်ပင် မကူးရဲပေ။
ဝမ်ထောင်က ကောရှင်းကို ထပ်မံ ကြည့်လိုက်၏။ သူ၏ ကြောက်ရွံ့နေသော အမူအရာမှာ ဟန်ဆောင်နေခြင်း မဟုတ်ပုံရသလို ပထမထပ်မှ ပျက်စီးမှုများက အလွန် ထင်ရှားနေသဖြင့် ဤကဲ့သို့သော အရာကို လိမ်ပြောရန် မလိုပေ။
"ဒါဆို မင်းတို့က တော်တော် ကံကောင်းတာပဲ"
ဝမ်ထောင်က မှတ်ချက်ချလိုက်သည်။
"ဟုတ်ပါတယ်၊ ကျွန်တော်တို့ အခုထိ အသက်ရှင်နေတာ ကံတော်တော် ကောင်းလို့ပါပဲ"
ကောရှင်းက အနည်းငယ် ဂုဏ်ယူသော လေသံဖြင့် ပြော၏။
သို့သော် ဝမ်ထောင် ကြည့်နေသည့် နေရာကို သူ သတိထားမိသောအခါ သူ၏ အမူအရာမှာ ချက်ချင်း ပြန်၍ အနေခက်သွားလေသည်။
"မင်းတို့ လေးယောက်က စားနိုင်သောက်နိုင် ရှိလှချည်လား။ ရိက္ခာတွေ ဒီလောက် အများကြီး ကျန်နေသေးတာကို ကုန်တော့မယ်လို့ ပြောနေတာလား"
ညစ်ပတ်နေသော ဆန်၊ ဂျုံမှုန့်၊ မုန့်များနှင့် အခြားရိက္ခာပုံကြီးကို ကြည့်ရင်း ဝမ်ထောင်က လှောင်ပြောင်သလို ပြောလိုက်၏။
"ကြိုတင် ပြင်ဆင်ထားတဲ့ သဘောပါ၊ ကြိုတင် ပြင်ဆင်ထားတာပါဗျာ"
ဝမ်ထောင်က သူ၏ ရိက္ခာများကို စိုက်ကြည့်နေသည်ကို မြင်သောအခါ ကောရှင်း၏ မျက်နှာတွင် နှမြောတသသော အမူအရာ ပေါ်လာသော်လည်း သူက ရက်ရောဟန်ဆောင်ကာ ပြောလိုက်သည်။
"မစ္စတာချန်၊ ဆုံတွေ့ရတာ ရေစက်ပါပဲ။ ဒီလို ကမ္ဘာပျက်ကပ်ထဲမှာ ဆုံတွေ့ရတာ တော်တော်လေး တိုက်ဆိုင်တာပဲဗျာ။ ခင်ဗျားမှာ ဘာပစ္စည်းမှ ယူမလာတာကို ကြည့်ရင် ရိက္ခာလာရှာတာ ဖြစ်ရမယ် မဟုတ်လား။ ကျွန်တော် အများကြီး မပြောတော့ပါဘူး၊ ကြိုက်တဲ့အိတ်တစ်အိတ်ကို ယူသွားပါဗျာ။ ကျွန်တော် ကောရှင်းက မိတ်ဆွေဖွဲ့တဲ့ အနေနဲ့ လက်ဆောင်ပေးတယ်လို့ သဘောထားလိုက်ပါ"
ဝမ်ထောင်က သူ့ကို အံ့ဩသလို ကြည့်လိုက်၏။
ဒီလူက တော်တော်လေး အကွက်မြင်တာပဲ။
ထိုလူက အလိုက်သိနေသဖြင့် ဝမ်ထောင်သည် သူ၏ စေတနာကို ငြင်းပယ်ရန် မသင့်တော်ဟု ခံစားလိုက်ရသည်။
"မင်း၊ သွားပြီး တစ်အိတ် ရွေးလိုက်"
ဝမ်ထောင်က ယန်လောင်ချီကို ကြည့်ရင်း ပြောလိုက်သည်။
"..."
ယန်လောင်ချီသည် မိမိထံသို့ ကျရောက်လာသော လူသတ်လိုသည့် အကြည့်ကို ချက်ချင်း ခံစားလိုက်ရ၏။
သူသည် သူ၏ အကြီးအကဲကို စိုက်မကြည့်ရဲဘဲ လေးလံသော စိတ်နှလုံးဖြင့် ရိက္ခာများရှိရာသို့ လျှောက်သွားကာ ရွေးချယ်ရတော့သည်။
ဝမ်ထောင်က ရိက္ခာများကို ဂရုမစိုက်ပေ။ သူ၏ မျက်လုံးများသည် မှောင်မိုက်မှုတွင် တဖြည်းဖြည်း အသားကျလာသဖြင့် ပတ်ဝန်းကျင်ကို လှည့်ပတ် ကြည့်လိုက်၏။
ဝမ်ထောင်သည် ဤနေရာ၌ တိုက်ပွဲဖြစ်ပွားခဲ့သည့် အမှတ်အသား အများအပြား ရှိနေသည်ကို ရှင်းလင်းစွာ ခံစားမိသည်။ ဇွန်ဘီများထံမှ ဟုတ်မဟုတ် မသိရသော သွေးမည်းအချို့လည်း ရှိနေ၏။ ထို့ပြင် ပိုးသတ်ဆေးဖြင့်ပင် မဖုံးကွယ်နိုင်သော ထူးဆန်းသည့် အနံ့တစ်ခုလည်း ဤနေရာ၌ ရှိနေသည်။
ခန်းမ၏ ဤအဆုံးတွင် မူလက အလှဆင်ရန်အတွက် ရည်ရွယ်ထားသော ပွင့်လင်းမြင်သာသည့် ပြကွက်စင် အချို့ ရှိသော်လည်း ယခုအခါ ၎င်းတို့ထဲတွင် အိမ်သာသုံးစက္ကူ၊ ဝက်အူလှည့်နှင့် စုတ်ပြဲနေသော အဝတ်အစားများကဲ့သို့သော အမှိုက်မျိုးစုံဖြင့် ပြည့်နေလေသည်။ အိမ်သာသုံးစက္ကူပေါ်တွင် သွေးမည်းအချို့ ရှိနေသဖြင့် ဝမ်ထောင်က ရွံရှာစွာ ကြည့်လိုက်၏။
ဝမ်ထောင်သည် ဤပစ္စည်းသေးသေးလေးများကို ပို၍ စိတ်ဝင်စားနေသည်ကို မြင်သောအခါ ကောရှင်းသည် စိတ်သက်သာရာ ရသွားပုံရသည်။ ထို့နောက် ဝမ်ထောင် မကြည့်မိခိုက်တွင် သူက ယန်လောင်ချီ၏ တင်ပါးကို ပြင်းပြင်းထန်ထန် ကန်လိုက်ပြီး 'အဟောင်းတစ်အိတ်ပဲ ရွေးစမ်း၊ မင်းက တကယ်ပဲ အကောင်းဆုံးအိတ်ကို ပေးမလို့လား' ဟု ပြောနေသကဲ့သို့ ဒေါသတကြီး ကြည့်လိုက်၏။
ယန်လောင်ချီက ခံပြင်းသော အမူအရာဖြင့် 'အရိုက်ခံရတာ အကြီးအကဲ မဟုတ်ဘူးလေ...' ဟု တွေးသည်။
ဝမ်ထောင်သည် ပတ်ဝန်းကျင်ကို ကြည့်ရုံသာ ကြည့်နေခြင်း ဖြစ်သည်။ သူ အပေါ်ထပ်သို့ တက်လာရသည့် အကြောင်းရင်းမှာ တစ်ချက်အနေဖြင့် ထိုလူ ဘာကြံစည်နေသလဲ၊ မိမိကို ရန်ပြုရန် ရည်ရွယ်ချက် ရှိမရှိ သိလိုသောကြောင့် ဖြစ်သည်။ ဒုတိယအချက်အနေဖြင့် ဤလူများထဲမှ တစ်ယောက်ယောက်ကို အသက်ရှင်ကျန်ရစ်သူများစခန်းသို့ ခေါ်ယူရန် ထိုက်တန်မှု ရှိမရှိ သိလိုသောကြောင့် ဖြစ်ပြီး ၎င်းက သူ၏ အကျိုးပြုရမှတ်များကို စုဆောင်းရန်လည်း ကူညီပေးလိမ့်မည်။
သို့သော် ဤကဲ့သို့ ရိုးရှင်းသော ဆက်ဆံမှုအပြီးတွင် ဝမ်ထောင်သည် ရွေးချယ်မှု နှစ်ခုစလုံးကို ပယ်ဖျက်လိုက်ပြီ ဖြစ်သည်။
ဤလူများထဲမှ မည်သူမျှ အမှန်အတိုင်း မပြောကြသလို လူကောင်းများလည်း ဟုတ်ပုံမရပေ။ ဝမ်ထောင်အနေဖြင့် ၎င်းတို့ကို စခန်းသို့ ခေါ်သွားရန် ဘယ်လိုမှ မဖြစ်နိုင်ပါ။
"ဟင်"
ရုတ်တရက် ဝမ်ထောင်သည် စင်ပေါ်ရှိ သတ္တုတံဆိပ်ပြားငယ်တစ်ခုကို သတိပြုမိသွားသည်။ တံဆိပ်ပြားပေါ်တွင် ဂဏန်းခြောက်လုံးပါသော နံပါတ်စဉ်တစ်ခု ရှိနေပြီး ၎င်းက အနည်းငယ် ရင်းနှီးနေသလို ခံစားရ၏။
"မစ္စတာချန်၊ ကျွန်တော် ခင်ဗျားအတွက် တစ်အိတ် ရွေးပေးပြီးပြီဗျာ"
ဒေါင့်တစ်နေရာမှ ယန်လောင်ချီ၏ တုန်ရီနေသော အသံ ထွက်ပေါ်လာသည်။
ဝမ်ထောင်က ခေါင်းလှည့်ကြည့်လိုက်ရာ ယန်လောင်ချီကို ဒေါသတကြီး စိုက်ကြည့်နေသော ကောရှင်းသည် ချက်ချင်းပင် အပြုံးတစ်ခုကို ဖန်တီးလိုက်၏။
"မစ္စတာချန်၊ ဒါက ကျွန်တော့်ရဲ့ စေတနာမို့လို့ ကျေးဇူးပြုပြီး လက်ခံပေးပါဗျာ"
ဝမ်ထောင်သည် သပ်ရပ်စွာ ထုပ်ပိုးထားသော ၁၀ ကီလိုဂရမ်ခန့်ရှိသည့် ဆန်အိတ်ကို ကြည့်ကာ တွန့်ဆုတ်မှုမရှိဘဲ လက်ခံလိုက်ပြီး ထွက်ပေါက်ဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားလေသည်။
"ကောင်းပြီ၊ ဒါဆို ငါ မင်းတို့ကို နောက်ထပ် မနှောင့်ယှက်တော့ဘူး"
ဝမ်ထောင် ထွက်သွားတော့မည်ကို မြင်သောအခါ ကောရှင်းသည် လုံးဝ စိတ်သက်သာရာ ရသွား၏။
"မစ္စတာချန်၊ ရေစက်ရှိရင် ပြန်ဆုံကြတာပေါ့ဗျာ"
ဝမ်ထောင်က သူ့ကို ပြန်ကြည့်ကာ ဘာမှမပြောဘဲ အောက်ထပ်သို့ တန်းတန်းမတ်မတ် ဆင်းသွားလေသည်။
ဝမ်ထောင် ဈေးဝယ်စင်တာမှ ထွက်ခွာပြီး မိုးထဲသို့ လျှောက်သွားသည့် အချိန်အထိ ကောရှင်းနှင့် သူ၏ လူများသည် တစ်ပြိုင်နက်တည်း စိတ်လျော့လိုက်ပုံရပြီး အားလုံးက သက်ပြင်းချလိုက်ကြ၏။
"ဟူး—"
"အဲဒီလူက ငါ့ကို ဖိအားတွေ အများကြီး ပေးလွန်းတယ်။ သူ အဲဒီမှာ ရပ်နေတုန်းက ငါ အသက်တောင် မရှုရဲဘူး"
"ဘယ်သူကကော ရှုရဲမှာလဲ။ ငါဆို သူ့ကို စိုက်တောင် မကြည့်ရဲဘူး..."
နောက်လိုက်သုံးယောက်သည် အချင်းချင်း တိုးတိုးတိတ်တိတ် ပြောလိုက်ကြသည်။
"သူက ခန္ဓာကိုယ် နည်းနည်း ပိုကြီးတာ မဟုတ်ဘူးလား။ အဲဒါက မင်းတို့ကို ကြောက်သွားစေတာလား။ မင်းတို့ အသုံးမကျတဲ့ကောင်တွေ"
ကောရှင်းက ဒေါသတကြီးဆဲလေ၏။
နောက်လိုက်များသည် ချက်ချင်း စကားစဖြတ်လိုက်ကြသည်။ ယန်လောင်ချီကတော့ 'အကြီးအကဲလည်း စောစောက အဲဒီလို အမူအရာ မဟုတ်ပါဘူး' ဟု ပြောချင်နေမိသည်။
"ထားလိုက်တော့၊ အခု သူ ထွက်သွားပြီဆိုတော့ သူ့အကြောင်း စိတ်မပူနဲ့တော့။ တောက်...သွားပြီး ငါတို့ရဲ့ ကုန်ပစ္စည်းတွေထဲက တစ်ယောက်ကို ခေါ်လာခဲ့စမ်း။ ငါ စိတ်ထွက်ပေါက် ရှာဖို့ လိုတယ်၊ စောစောက ထိကြောက်လန့်တုန်းပဲ— မြန်မြန် သွားစမ်း"
နောက်လိုက် သုံးယောက်သည် လှေကား၏ ဘယ်ဘက်ရှိ သံချေးတက်နေသော သံကြိုးဖြင့် သော့ခတ်ထားသည့် တံခါးကြီးဆီသို့ ချက်ချင်း သွားကြပြီး သော့ဖြင့် ဖွင့်လိုက်ကြ၏။
ဂျုန်း—
သံတံခါးသည် စွဲကပ်သံတစ်ခုကို မြည်စေပြီး အတွင်း၌ မှောင်မည်းနေသည်။
တစ်ယောက်က လက်နှိပ်ဓာတ်မီးဖြင့် အတွင်းသို့ လျှောက်သွားပြီး ကျန်နှစ်ယောက်က နောက်မှ လိုက်သွား၏။
"အီး အင်း—အင်း "
ဂိုဒေါင်အတွင်းမှ ရုတ်တရက် အသံဗလံများ ထွက်ပေါ်လာပြီးနောက် ခန္ဓာကိုယ်တစ်ခုလုံး ဗလာကျင်းနေကာ အမာရွတ်များဖြင့် ပြည့်နှက်နေပြီး သံကြိုးများဖြင့် ချည်နှောင်ကာ ပါးစပ်ကို တိပ်ဖြင့် ပိတ်ထားသည့် ထုံထိုင်းသော အမူအရာနှင့် အမျိုးသမီးတစ်ဦးကို ဆွဲထုတ်လာကြသည်။
"အကြီးအကဲ၊ နောက်တစ်ယောက် သေသွားပြန်ပြီ..."
လက်ပါးစေတစ်ယောက်က ပျာပျာသလဲ ပြောလိုက်၏။
"တောက်၊ တော်တော် အသုံးမကျတဲ့ကောင်မတွေ"
ကောရှင်းက အသံတိုးတိုးဖြင့် ဆဲလိုက်ပြီးနောက် နောက်လိုက်ကို ကြိမ်းမောင်းလိုက်သည်။
"မြန်မြန်လုပ်စမ်း"
နောင်လိုက်များသည် အမျိုးသမီး နှစ်ဦးကို ရိက္ခာများ သိုလှောင်ထားရာ နေရာသို့ လျင်မြန်စွာ ခေါ်ဆောင်လာခဲ့ကြသည်။ ရိက္ခာများကို မြင်သောအခါ အမျိုးသမီးများ၏ မျက်လုံးထဲတွင် စိတ်လှုပ်ရှားသောအရိပ်အယောင်တစ်ခု ဖြတ်ပြေးသွား၏။
လက်အောက်ငယ်သားတစ်ဦးက အမျိုးသမီး၏ ခြေလက်များကို သံကြိုးများဖြင့် ကြမ်းပြင်တွင် ချည်နှောင်လိုက်ပြီးနောက် သူမ၏ ရှေ့တွင် ဂျုံမှုန့်ဖြူ ပါသော ဇလုံငယ်တစ်ခုကို ချထားလိုက်သည်။ ရှေ့မှ ရိက္ခာကို မြင်သောအခါ အမျိုးသမီးသည် ချက်ချင်းပင် ကြမ်းပြင်ပေါ်၌ ခွေးတစ်ကောင်ကဲ့သို့ တွားသွားကာ သူမ၏ လျှာဖြင့် လျက်တော့သည်။
ကောရှင်းသည် သူ၏ ခါးပတ်ကို လျှော့လိုက်ပြီး ရက်စက်သော အမူအရာဖြင့် အမျိုးသမီး၏ နောက်သို့ လျှောက်သွားကာ သူ၏ လက်အောက်ငယ်သားကို အမိန့်ပေးလိုက်၏။
"ငါ့ကို ဆူးချွန်တွေ ပါတဲ့ သစ်သားတုတ်တွေ ယူခဲ့စမ်း"
.သည်းထန်စွာ ရွာသွန်းနေသော မိုးထဲတွင် ဝမ်ထောင်သည် ဈေးဝယ်စင်တာ၏ တတိယထပ်ကို လေးနက်စွာ ပြန်လှည့်ကြည့်လိုက်သည်။
ထို့နောက်မှသာ သူ၏ ကားဆီသို့ ပြန်လာခဲ့၏။
"ဒီလူတွေ တစ်ခုခု မှားနေတယ်..."
ဝမ်ထောင်သည် အပေါ်ထပ်တွင် စောစောက ဖြစ်ပျက်ခဲ့သမျှကို ပြန်လည် စဉ်းစားမိသည်။ ထိုလူများသည် မိမိအား တစ်ခုခုကို သိသိသာသာ ဖုံးကွယ်နေကြခြင်း ဖြစ်သည်။ ပထမတော့ ဝမ်ထောင်က ရိက္ခာများဟု ထင်ခဲ့သော်လည်း နောက်ပိုင်းတွင် ထိုသို့ မဟုတ်နိုင်ကြောင်း သူ သိလိုက်ရ၏။
ဝမ်ထောင်သည် ဂဏန်းခြောက်လုံး ပါရှိသော သတ္တုပြားတစ်ခုကို သူ၏ အိတ်ကပ်ထဲမှ ထုတ်လိုက်သည်။ သူသည် ဤအရာကို ကောရှင်း၏ နေရာတွင် တွေ့ရှိခဲ့သဖြင့် ယူဆောင်လာခဲ့ခြင်း ဖြစ်သည်။
ဝမ်ထောင်သည် ခိုးယူခြင်းကို ဝါသနာပါ၍ မဟုတ်သော်လည်း ဤပစ္စည်းကို ယခင်က မြင်ဖူးခဲ့သည်။ နံပါတ်များမှလွဲ၍ ၎င်း၏ အရောင်နှင့် အရွယ်အစားမှာ ဟန်ရွေ့၏ ရင်ဘတ်ပေါ်ရှိ ရဲတံဆိပ်နှင့် ထပ်တူပင် ဖြစ်၏။ ၄င်းက သေချာပေါက် ရဲတံဆိပ်တစ်ခု ဖြစ်သည်။
ကောရှင်းနှင့် သူ၏ အုပ်စုက ၎င်းကို ရှာဖွေတွေ့ရှိခဲ့ခြင်းလော သို့မဟုတ်... မည်သည့် ဖြစ်နိုင်ခြေပင် ဖြစ်ပါစေ ကောရှင်းတွင် သေနတ် ရှိနေနိုင်၏။
ဝမ်ထောင်သည် သန်မာသော်လည်း ကျည်ဆန်များကို ခံနိုင်ရည် ရှိလိမ့်မည်ဟု ဘယ်သောအခါမှ မတွေးဖူးပေ။ ကျည်ဆန်များသည် သူ၏ အသက်အန္တရာယ်အတွက် ကြီးမားသော ခြိမ်းခြောက်မှုတစ်ခု ဖြစ်နေဆဲ ဖြစ်သည်။
သို့သော် အကယ်၍ သူတို့ သတိမထားမိခိုက်တွင် ဖမ်းဆီးနိုင်ပါက ဝမ်ထောင်သည် သူ၏ တုန်ခါမှုလှိုင်းကို အသုံးပြု၍ ၎င်းတို့ကို ချက်ချင်း အောင်နိုင်လိမ့်မည်ဟု ခံစားမိသည်။ ထို့အပြင် အခြားအရေးကြီးသော အကြောင်းရင်းတစ်ခုလည်း ရှိသေး၏။ ကောရှင်းက ဤနေရာတွင် ယခင်က အမြင့် သုံးမီတာ သို့မဟုတ် လေးမီတာ ရှိသော ဇွန်ဘီတစ်ကောင် ရှိခဲ့ကြောင်း ပြောခဲ့သည်။
ထိုကဲ့သို့သော ဇွန်ဘီတစ်ကောင် ပိုင်ဆိုင်မည့် ဖျက်ဆီးအားကို သုံးသပ်ကြည့်လျှင် ဝမ်ထောင်သည် မိမိအနေဖြင့် ၎င်း၏ ပြိုင်ဘက် မဟုတ်ကြောင်း သေချာပေါက် ခံစားမိသည်။ အကယ်၍ သေနတ်သံက ထိုဇွန်ဘီကို ဆွဲဆောင်သွားပါက သူ ဒုက္ခရောက်လိမ့်မည်။
ထို့ကြောင့် ရဲတံဆိပ်ကို ရှာဖွေတွေ့ရှိပြီးနောက် ဝမ်ထောင်သည် ဘေးကင်းစေရန် အလို့ငှာ ပြတ်ပြတ်သားသား ဆုတ်ခွာခဲ့ခြင်း ဖြစ်သည်။
ဝမ်ထောင်သည် ယန်လောင်ချီ၏ နောက်သို့ လိုက်၍ အပေါ်ထပ်သို့ တက်ခဲ့သည့် သူ၏ လုပ်ရပ်မှာ အနည်းငယ် မဆင်မခြင် ဖြစ်သွားခဲ့သည်ဟုပင် ခံစားလိုက်ရ၏။
"ငါ သတိဝီရိယ မရှိသေးဘူးပဲ။ ငါ့မှာ ခွန်အားနည်းနည်း ရှိရုံနဲ့ တော်တော်လေး မာနထောင်လွှားသွားခဲ့တာပဲ... နောက်တစ်ကြိမ်ကျရင် ပိုပြီး သတိထားရမယ်"
ဝူး..ဝူး
ကားသည် ဈေးဝယ်စင်တာကို ကျော်ဖြတ်ကာ ပိုရွေ့ဆေးခန်းဆီသို့ ဦးတည်မောင်းနှင်သွားလေသည်။
ဤနေရာတွင် ကြောက်စရာကောင်းသော ဇွန်ဘီတစ်ကောင် ရှိနေနိုင်သည်ကို ထည့်သွင်းစဉ်းစားပြီး ဝမ်ထောင်သည် ကားကို အလွန် မြန်မြန် မမောင်းရဲဘဲ လမ်းအဝေးကြီးမှပင် ပတ်မောင်းခဲ့၏။
ညနေစောင်းအချိန်တွင် သူသည် ပိုရွေ့ဆေးခန်းကို အဆုံးစွန်၌ မြင်လိုက်ရသည်။
ပိုရွေ့ဆေးခန်းသည် လမ်းဆုံငယ်တစ်ခု၏ ဘေးနားတွင် တည်ရှိသဖြင့် တည်နေရာ တော်တော်လေး ကောင်းမွန်သည်။ ထို့ပြင် ပတ်ဝန်းကျင်တွင် ကားအများအပြား မရှိဘဲ လမ်းမမှာ တော်တော်လေး ရှင်းလင်းနေ၏။
ဆေးခန်း၏ သံပတ်တံခါးမှာ ပိတ်ထားသဖြင့် အတွင်းပိုင်းအခြေအနေကိုတော့ သူ မသိရသေးပါ ။ သို့သော်လည်း အပြင်ဘက် လမ်းမပေါ်တွင် ပိတ်ဆို့နေသော ဇွန်ဘီဆယ်ကောင်ကျော်ခန့် ရှိနေသည်။
ဝမ်ထောင်သည် မူလက ၎င်းတို့ကို ချက်ချင်းပင် နတ်ရွာစံခိုင်းချင်သော်လည်း တွန့်ဆုတ်နေပြီးနောက် ကား၏ ပစ္စည်းထည့်သည့် အကန့်ထဲမှ မီးပုလင်း အချို့ကို ထုတ်လိုက်၏။
မီးလောင်၍ သေဆုံးသွားသော ဇွန်ဘီများသည် သူ၏ သတ်ဖြတ်မှုစာရင်းတွင် အဘယ်ကြောင့် ထည့်သွင်းခြင်း မခံရဘဲ သေနတ်ဖြင့် ပစ်သတ်ခံရသူများသာ ထည့်သွင်းခံရသနည်းဟူသည်ကို ဝမ်ထောင် အမြဲတမ်း နားမလည်နိုင် ဖြစ်ခဲ့သဖြင့် ယခု ၎င်းကို စမ်းသပ်ရန် စီစဉ်ခြင်း ဖြစ်သည်။
ဤနေရာမှာ သွားလာရ လွယ်ကူသော လမ်းဆုံတစ်ခု ဖြစ်သဖြင့် အကယ်၍ မည်သည့် မခံမရပ်နိုင်သော အန္တရာယ်မျိုးမဆို ပေါ်လာပါက သူသည် ကားကို အချိန်မရွေး မောင်းထွက်သွားနိုင်သည်။ ထို့ပြင် သူသည် လောလောဆယ် ရိက္ခာရှာဖွေခြင်း လုပ်ငန်းကို အပြီးသတ်ထားပြီ ဖြစ်သဖြင့် ဤဇွန်ဘီများကို သူ၏ စမ်းသပ်မှုအတွက် အသုံးပြုနိုင်၏။
နာရီဝက်ခန့် ကြာပြီးနောက် ဝမ်ထောင်သည် နောက်ဆုံးဇွန်ဘီကို သူ၏ ပုဆိန်ဖြင့် သတ်လိုက်ပြီးနောက် ကျဆင်းလာသော ပစ္စည်းများကို သိမ်းဆည်းလိုက်သည်။
"ဒါကြောင့် ဖြစ်ရမယ်..."
စမ်းသပ်မှုအပြီးတွင် ဝမ်ထောင်သည် နားလည်သဘောပေါက်သွားသည့် ခံစားချက်တစ်ခုကို ရရှိလိုက်၏။
ရိုးရိုးရှင်းရှင်း ပြောရလျှင် သူကိုယ်တိုင် ချက်ချင်း သတ်လိုက်သော ဇွန်ဘီများသာ သူ၏ သတ်ဖြတ်မှုအဖြစ် ရေတွက်ခြင်း ခံရမည် ဖြစ်သည်။ မီးပုလင်းများသည် ဇွန်ဘီများကို မီးလောင်၍ သေစေရန် အချိန်အလွန် ကြာမြင့်သဖြင့် ၎င်းတို့က သူ၏ သတ်ဖြတ်မှုအဖြစ် မရေတွက်ခြင်း ဖြစ်၏။
ဤ "ချက်ချင်း" ဆိုသည့် အချိန်မှာ မည်မျှ ကြာမြင့်သနည်းဟူသည်ကို ဝမ်ထောင် မစမ်းသပ်ရသေးသော်လည်း ၎င်းက အလွန်တိုတောင်းသော အချိန်ကာလတစ်ခု ဖြစ်သည်မှာ အသေအချာပင် ဖြစ်သည်။
နောင်တွင် မီးပုလင်းများကို အသုံးပြုသည့်အခါ ဇွန်ဘီများ မီးလောင်၍ မသေဆုံးမီ ၎င်းတို့ကို သတ်ပစ်ရန် ကြိုးစားရမည်။ ဟုတ်ပါသည်၊ အကယ်၍ အခွင့်အရေး မရှိပါက သူသည် ထိုအတိုင်းသာ လွှတ်ထားလိုက်မည် ဖြစ်သည်။ အမှန်တော့ မီးသည် မိတ်ဆွေနှင့် ရန်သူကို ခွဲခြားတတ်သည် မဟုတ်ပေ။
လမ်းမပေါ်ရှိ ဇွန်ဘီများကို ရှင်းလင်းပြီးနောက် ဝမ်ထောင်သည် သူ၏ လက်နက်ကို ကိုင်ဆောင်ကာ ပိုရွေ့ဆေးခန်းသို့ ရောက်ရှိလာခဲ့၏။
ဆေးခန်း၏ သံပတ်တံခါးမှာ တစ်ဝက်ခန့် ပွင့်နေသဖြင့် ဝမ်ထောင်အတွက် အားစိုက်ထုတ်စရာသိပ်မလိုခဲ့ပေ။ မဟုတ်လျှင် သံပတ်တံခါး ဖွင့်သံက အလွန် ကျယ်လောင်သွားနိုင်၏။ သူက လက်နှိပ်ဓာတ်မီးဖြင့် အတွင်းသို့ ထိုးကြည့်လိုက်ပြီး ဇွန်ဘီများ မရှိကြောင်း အတည်ပြုပြီးနောက် အတွင်းသို့ လှစ်ခနဲတိုးဝင်လိုက်သည်။
ဆေးခန်းအတွင်းရှိ အခြေအနေမှာ ဝမ်ထောင် စိတ်ကူးထားသည်ထက် ပို၍ ဆိုးရွားနေသည်။ စင်အချို့နှင့် သေတ္တာအလွတ်အချို့သည် ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲနေပြီး ဆေးဝါးများစွာလည်း ကျန်ရှိမနေတော့ပေ။ သိသာထင်ရှားသည်မှာ ဤနေရာသည် လုယက်ခြင်း ခံထားရပြီး ဖြစ်၏။
ဝမ်ထောင် မအံ့ဩသွားပါ။ ဆေးခန်း၏ တည်နေရာမှာ အလွန် ထင်ရှားလှပြီး ကမ္ဘာပျက်ကပ် စတင်ခဲ့သည်မှာ တစ်လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သဖြင့် အသက်ရှင်ကျန်ရစ်သူများ၏ လုယက်ခြင်းကို ခံရသည်မှာ ပုံမှန်ပင် ဖြစ်သည်။
ဝမ်ထောင်က ကြမ်းပြင်ပေါ်ရှိ ဆေးဝါးအားလုံးကို ကောက်ယူလိုက်၏။ ဆေးဝါးများသည် ယခုအခါ အလွန် အဖိုးတန်လှသဖြင့် အလဟဿ မဖြစ်စေနိုင်ပေ။
ဆေးခန်းမှာ သိပ်မကြီးမားပေ။ ပထမထပ်တွင် ဧည့်ခန်းမ၊ သန့်စင်ခန်းနှင့် ဆေးရုံကုတင် အနည်းငယ် ပါရှိသော အခန်းငယ်တစ်ခု ရှိသည်။ ဒုတိယထပ်မှာမူ သိုလှောင်ရုံနှင့် အနားယူရန် နေရာ ဖြစ်ပုံရ၏။
ပထမထပ်ကို ရှာဖွေပြီးနောက် ဘာမှ ကျန်ရစ်ခြင်း မရှိကြောင်း သေချာစေကာ ဝမ်ထောင် ဒုတိယထပ်သို့ တက်လာခဲ့သည်။
"ဟင်၊ တံခါးက သော့ခတ်ထားတာပဲ..."
သူက တံခါးကို တွန်းကြည့်သော်လည်း ပွင့်မလာပေ။
သော့ဖွင့်ကိရိယာများကို ထုတ်လိုက်ပြီး သော့ကို အနည်းငယ် လှည့်ပတ် ကလိလိုက်မှ ကလစ်ခနဲ အသံနှင့်အတူ သော့ပွင့်သွားလေသည်။
အပေါ်ထပ်ရှိ အခန်းမှာ စင်္ကြံလမ်းထက် များစွာ ပို၍ လင်းထိန်နေ၏။ တစ်ချက် ကြည့်လိုက်ရုံဖြင့် ဝမ်ထောင်သည် မလှမ်းမကမ်းရှိ အမှုဆောင်ထိုင်ခုံပေါ်တွင် ထိုင်နေသည့်
ဂျာကင်အဖြူနှင့် နှာခေါင်းပိတ်ကို ဝတ်ဆင်ထားပြီး ဆွဲဆောင်မှုရှိသော... အမျိုးသမီးဇွန်ဘီတစ်ကောင်ကို မြင်လိုက်ရသည်။
【 ၅၀၀/၅၀၀ 】
"ဂါး..ဂီး...ဂစ်ဂစ်ဂစ်..."
ဝမ်ထောင်ကို မြင်ပြီးနောက် အမျိုးသမီးဇွန်ဘီသည် ချက်ချင်းပင် သူမ၏ ခန္ဓာကိုယ်ကို တွန့်လိမ်ကာ မတ်တတ်ထရပ်လိုက်၏။
၎င်းက သာမန်ဇွန်ဘီတစ်ကောင်မျှသာ ဖြစ်သည်။ ဝမ်ထောင်သည် လျင်မြန်စွာ လျှောက်သွားပြီး သူ၏ ပုဆိန်ကို လွှဲခုတ်လိုက်၏။
ဒုတ်..
【 -၅၀၀ 】
【 ၀/၅၀၀ 】
လွယ်ကူသော ချက်ချင်းသတ်ဖြတ်မှု ဖြစ်ပြီး သူက ကျဆင်းလာသော ပစ္စည်းကို တိုက်ရိုက် သိမ်းဆည်းလိုက်သည်။
【 ရရှိသည် - ဆေးသေတ္တာ*၁ 】
【 ဆေးသေတ္တာ - ၁၀ စက္ကန့်အတွင်း သွေးပမာဏ ၁၀၀ ကို ပြန်လည် ဖြည့်တင်းပေးနိုင်သည် (ပြတ်တောက်သွားသော ခြေလက်များကိုမူ ပြန်လည် မွေးဖွားပေးနိုင်ခြင်း မရှိပါ) 】
"ဟင်"
ဝမ်ထောင်သည် ဤအမျိုးသမီးဆရာဝန်ဇွန်ဘီကို သတ်ခြင်းဖြင့် ဆေးသေတ္တာတစ်ခု ကျဆင်းလာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ သူ ပို၍ မမျှော်လင့်ထားသည်မှာ ဤဆေးသေတ္တာသည် လေထီးဖြင့်ချပေးသောပစ္စည်းထုပ်များတွင် သူ ရှာဖွေတွေ့ရှိခဲ့သည့် အရာများနှင့် မတူညီခြင်း ဖြစ်သည်။ ဤအရာက ၁၀ စက္ကန့်အတွင်း သွေးပမာဏ ၁၀၀ ကို ချက်ချင်း ပြန်လည် ဖြည့်တင်းပေးနိုင်၏။
သွေးပမာဏသည် ကျန်းမာရေးကို ကိုယ်စားပြုသဖြင့် သွေးပမာဏ ၁၀၀ ပြန်လည် ဖြည့်တင်းပေးခြင်းသည် မိမိ၏ ကျန်းမာရေးကို ပြန်လည် ဖြည့်တင်းပေးခြင်း ဖြစ်သည်။
ပြတ်တောက်သွားသော ခြေလက်များကို ပြန်လည် မွေးဖွားပေးနိုင်ခြင်း မရှိဟု ဖော်ပြထားသော်လည်း ဤအရာကပင် အလွန် အထင်ကြီးစရာ ကောင်းနေလေပြီ။
ပုံမှန်အားဖြင့်ဆိုလျှင် သွေးပမာဏကို ပြန်လည် ဖြည့်တင်းလိုပါက ကုသခြင်း၊ စားသောက်ခြင်း၊ အနားယူခြင်း သို့မဟုတ် လူသားသွေးထုပ်ဖြစ်သည့် တင်ယွီချင်းနှင့် အတူအိပ်စက်ခြင်းကိုသာ အားကိုးနိုင်မည် ဖြစ်သည်။
ထိုနည်းလမ်းများသည် အလွန် နှေးကွေးပြီး အဆင်မပြေပေ။ သို့သော် ဤဆေးသေတ္တာသည် ဆယ်စက္ကန့်သာ ကြာမြင့်ရုံတင်မကဘဲ ဟင်းလင်းပြင်ကျောပိုးအိတ်ထဲတွင်လည်း သိမ်းဆည်းထားနိုင်၏။ ဤအရာက တော်တော်လေး အဆင်ပြေလွန်းသည်။
တစ်နည်းအားဖြင့် ဤအရာက ဗိုင်းရပ်ဟန့်တားဆေးကဲ့သို့ပင် ဖြစ်ပြီး ဒုတိယအသက်တစ်ခု ရှိနေသကဲ့သို့ပင်။
"တစ်နည်းပြောရရင် ဆရာဝန်ဇွန်ဘီတွေကို သတ်ရင် ဆေးသေတ္တာတွေ ကျလာနိုင်တာပေါ့။ အဲဒါက ၁၀၀ ရာခိုင်နှုန်း ကျဆင်းနှုန်း ဟုတ်မဟုတ် ငါ မသိပေမဲ့ အခွင့်အရေး ရှိရုံနဲ့တင် ငါ့အတွက် စွန့်စားရကျိုး နပ်ပါတယ်..."
ချန်ကျွမ်းသည် ရွှေကျဲခရိုင်ပထမဆေးရုံတွင် ဇွန်ဘီအများအပြား ရှိကြောင်း ဝမ်ထောင်ကို ယခင်က ပြောပြဖူးသည်။ ထိုနေရာတွင် အထူးဇွန်ဘီ အများအပြား ရှိနေပြီး အလွန် အန္တရာယ်များသော်လည်း ဆရာဝန်ဇွန်ဘီများလည်း အမြောက်အမြား ရှိနေမည်မှာ အသေအချာပင် ဖြစ်၏။ ထိုအရာအားလုံးက ဆေးသေတ္တာများ ဖြစ်ကြသည်။
"အခွင့်အရေး ရှိမရှိ သိရအောင် နောက်မှ ပထမဆေးရုံဆီကို တစ်ခေါက်လောက် သွားရမယ်..."
ဆေးခန်း၏ ဒုတိယထပ်တွင် ရုံးခန်းငယ်တစ်ခု၊ အိပ်ခန်းတစ်ခုနှင့် ဂိုဒေါင်တစ်ခု ရှိသည်။
လက်ပ်တော့ပ်တစ်ခုနှင့် လက်ကိုင်ဖုန်းတစ်ခုမှလွဲ၍ ရုံးခန်းထဲတွင် တန်ဖိုးရှိသော အရာများစွာ မရှိပေ။ အိပ်ခန်းထဲတွင်လည်း အဝတ်အစား အချို့သာ ရှိပြီး အခြားဘာမှမရှိပေ။
ဂိုဒေါင်ငယ်မှာ သော့ခတ်ထားသော်လည်း သော့ကို လွယ်ကူစွာပင် ကလိဖွင့်လိုက်ပြီးနောက် အတွင်း၌ ဆေးဝါးသေတ္တာ အချို့နှင့် ဆေးဘက်ဆိုင်ရာကိရိယာ အချို့ကို မြင်လိုက်ရသဖြင့် ဝမ်ထောင်က သဘောကျစွာ ရယ်မောရင်း ၎င်းတို့အားလုံးကို ယူဆောင်လိုက်လေ၏။
ဝမ်ထောင်အနေဖြင့် ဤပစ္စည်းအားလုံးကို ကားထဲသို့ တင်ရန် မိနစ်နှစ်ဆယ်ခန့် ကြာမြင့်ခဲ့သည်။ သို့သော် ထိုအချိန်တွင် နေဝင်သွားခဲ့ပြီ ဖြစ်၏။ ဘေးကင်းစေရန် အလို့ငှာ ဝမ်ထောင်သည် ယနေ့ညတွင် ဤနေရာ၌သာ အနားယူရန်နှင့် မနက်ဖြန်မနက်မှ ထွက်ခွာရန် ဆုံးဖြတ်လိုက်သည်။
ကံကောင်းစွာဖြင့် ညဉ့်သည် ဘာပြဿနာမျှမရှိဘဲ ကုန်ဆုံးသွားခဲ့၏။
နံနက်ခင်းတွင် နိုးလာပြီးနောက် အာဟာရပျော်ရည် အနည်းငယ်ကို သောက်သုံးကာ ဝမ်ထောင်သည် ဆေးခန်းမှ ထွက်ခွာခဲ့သည်။
ပြင်ပတွင် မိုးရွာနေဆဲ ဖြစ်ပြီး သည်းထန်စွာ ရွာခြင်းမဟုတ်သော်လည်း ခရီးသွားရန်အတွက် တော်တော်လေး သင့်တော်၏။
သူ ရွှေကျဲတက္ကသိုလ်ကို မြင်လိုက်ရချိန်တွင် ဆယ်နာရီ ထိုးနေပြီ ဖြစ်သည်။
စခန်းသို့ မဝင်မီ ဝမ်ထောင်သည် ယမန်နေ့က ကိုယ့်ကိုယ်ကိုယ်ဖောက်ခွဲဇွန်ဘီ ရှိနေဆဲ ဟုတ်မဟုတ် သိနိုင်ရန် ၎င်း၏ တည်နေရာကို သေချာ စစ်ဆေးလိုက်၏။
"ဟင်၊ မရှိတော့ဘူးလား"
လမ်းမပေါ်တွင် ပြန့်ကျဲနေသော ဇွန်ဘီအနည်းငယ်သာ ကျန်ရှိတော့ပြီး ကိုယ့်ကိုယ်ကိုယ်ဖောက်ခွဲဇွန်ဘီမှာမူ ထိုနေရာ၌ မရှိတော့ပေ။
"ထားလိုက်ပါတော့၊ မရှိရင်လည်း ပြီးတာပါပဲ"
ထိုကိုယ့်ကိုယ်ကိုယ်ဖောက်ခွဲဇွန်ဘီကို သတ်ရန်မှာ သူ၏ အတွက်လည်း အလုပ်ရှုပ်စရာ ဖြစ်လိမ့်မည်။
စခန်းသို့ ပြန်ရောက်ပြီးနောက် ဝမ်ထောင်သည် ရိက္ခာများကို အလောတကြီး အပ်နှံခြင်းမပြုဘဲ ချန်ကျွမ်းကို တွေ့ရန် ပထမဦးစွာ သွားခဲ့သည်။
ချန်ကျွမ်း မည်သည့် ဆေးဝါးများ လိုအပ်သည်ကို ပထမဦးစွာ ကြည့်ရှုလိုပြီး အချို့ကို အပ်နှံကာ ကျန်ရှိသော အရာများကိုမူ မိမိကိုယ်တိုင် သိမ်းဆည်းထားရန် ဝမ်ထောင်က စီစဉ်ခြင်း ဖြစ်၏။
"မင်း ဘေးကင်းကင်းနဲ့ ပြန်ရောက်လာတာကို မြင်ရလို့ ငါ စိတ်အေးသွားပြီ"
ချန်ကျွမ်းသည် ဝမ်ထောင်ကို မြင်သောအခါ သူ၏ ရင်ဘတ်ကို လက်သီးဖြင့် ချက်ချင်း ပုတ်လိုက်သည်။
"မင်း ဘာဆေးတွေ လိုလဲ ကြည့်လိုက်ဦး။ ငါ မင်းကို စာရင်းပေးမယ်"
ဝမ်ထောင်သည် သူ ကြိုတင် ပြင်ဆင်ထားသောစာရင်းကို ချန်ကျွမ်းထံသို့ ပေးလိုက်၏။
"မင်းက တကယ်ပဲ ပိုရွေ့ဆေးခန်းကို သွားခဲ့တာလား။ အထင်ကြီးဖို့ ကောင်းလိုက်တာ။ ငါ အခြား အမဲလိုက်သမားတွေကိုလည်း ပြောဖူးပေမဲ့ ဘယ်သူမှ မသွားရဲကြဘူး..."
ချန်ကျွမ်း၏ အမူအရာတွင် ဝမ်းသာအားရ ဖြစ်မှုများဖြင့် ပြည့်နှက်နေသည်။
"လမ်းကြုံလို့ပါ၊ ပြီးတော့ ငါ ကံကောင်းသွားတယ်။ အဲဒီမှာ ဇွန်ဘီ အများကြီး မရှိဘူး"
ဝမ်ထောင်က အများကြီး ရှင်းမပြပေ။
"ငါ ဒါတွေ လိုချင်တယ်၊ ပြီးတော့ ဒီဆေးက..." ချန်ကျွမ်းက ဆေးဝါးအချို့၏ အသုံးဝင်ပုံများကို ဝမ်ထောင်အား ရှင်းပြရင်း မေးလိုက်၏။"ဒါနဲ့ ပိုရွေ့ဆေးခန်းရဲ့ အတွင်းပိုင်းက ဘယ်လိုလဲ"
"ရှုပ်ပွနေတာပဲ၊ အကုန် လုယက်ခံထားရတယ်။ ဒါပေမဲ့... အပေါ်ထပ်မှာ ခန္ဓာကိုယ် အချိုးအစား မိုက်တဲ့ အမျိုးသမီးဆရာဝန်တစ်ယောက် ရှိနေတယ်"
ဝမ်ထောင်က သူ့ကို စနောက်လိုသဖြင့် မျက်ခုံးပင့်ကာ ပြောလိုက်၏။
"ဗျာ၊ အမျိုးသမီးဆရာဝန် ဟုတ်လား။ သူမ ဘယ်မှာလဲ"
ချန်ကျွမ်းက ပျာပျာသလဲ မေးသည်။
"ငါ သူမရဲ့ ခေါင်းကို ခွဲပစ်လိုက်ပြီ—"
ဝမ်ထောင်က ရည်ရွယ်ချက်ရှိရှိ ခေတ္တရပ်လိုက်ပြီးမှ ထပ်ဖြည့်ပြောလိုက်သည်။
"သူမက ဇွန်ဘီ ဖြစ်နေလို့ပါ"
"..."
ချန်ကျွမ်းသည် ပါးစပ်အဟောင်းသား ဖြစ်သွားပြီး ရုတ်တရက် တိတ်ဆိတ်သွားလေသည်။
ထို့နောက် သူက ဝမ်ထောင်ကို စိတ်မကောင်းစွာ ကြည့်ရင်း ပြောလိုက်၏။
"သူမက... ငါ့ရဲ့ဇနီးလောင်းလေ။ ကမ္ဘာပျက်ကပ် မတိုင်ခင် တစ်ပတ်အလိုမှာ ငါတို့ စေ့စပ်ထားခဲ့ကြတာ..."
"..."
........