အခန်း (၇၈-၇၉)
Vol. 8 Ch. 78-79
အခန်း ၇၈ - ဝေကျန့်ကော်
"ငါ ကြည့်ပါရစေဦး၊ ဒါက အရေးမကြီးဘူး ဟုတ်လား။ ဒါ တကယ့်ကို ပြင်းထန်တဲ့ ဒဏ်ရာဗျ။"
ဒဏ်ရာကို အနည်းငယ် စစ်ဆေးပြီးနောက် ဆရာဝန်က အလန့်တကြား အော်ဟစ်လိုက်လေသည်။
ဝမ်ထောင်သည် ဝေကျန့်ကော်၏ ပေါင်တွင် ဒဏ်ရာရထားရုံသာမက ခန္ဓာကိုယ်ပေါ်တွင်လည်း တခြားဒဏ်ရာ အမြောက်အမြား ရှိနေသည်ကို မြင်တွေ့လိုက်ရ၏။ သူ၏ မျက်နှာသည် ဖြူဖျော့နေပြီး သွေးဘားတန်းမှာလည်း အလွန်စိုးရိမ်ရသော အခြေအနေသို့ ရောက်ရှိနေကာ 【၁၃၂/၆၃၅】 သာ ရှိတော့သည်။ သူ့၌ စွမ်းအင်ဘားတန်း မရှိသော်လည်း ဖုံးကွယ်နေသော အရည်အသွေးတစ်ခု ရှိနေသည်။
[ ဖုံးကွယ်နေသော အရည်အသွေး - စနစ်တကျစွန့်လွှတ်အနစ်နာခံခြင်း ]
[ စနစ်တကျစွန့်လွှတ်အနစ်နာခံခြင်း - လူအများအပြား စွန့်လွှတ်အနစ်နာခံလေလေ၊ မိမိ၏ အလားအလာကို ပိုမိုလှုံ့ဆော်ပေးနိုင်လေလေ ဖြစ်သည် ]
ဝေကျန့်ကော်၏ အမြင့်ဆုံးသွေးပမာဏ ခြောက်ရာကျော် ရှိနေခြင်းမှာ ဝမ်ထောင်ကို အနည်းငယ် အံ့အားသင့်စေခဲ့သည်၊ ဝမ်ထောင်ကိုယ်တိုင်ပင် တစ်ထောင်ကျော်မျှသာ ရှိသေးသောကြောင့် ဖြစ်၏။ ထို့ပြင် သူ၏ ဖုံးကွယ်နေသော အရည်အသွေးမှာလည်း တော်တော်လေး စိတ်ဝင်စားစရာ ကောင်းလှသည်၊ ၎င်းသည် တိုက်ခိုက်ရေးနှင့် သက်ဆိုင်သော အရည်အသွေးတစ်ခု ဖြစ်သော်လည်း အသင်းဖော်များကို စွန့်လွှတ်အနစ်နာခံရန် လိုအပ်ပေသည်... တခြားစစ်သားများအတွက်မူ ၎င်းတို့၏ သွေးပမာဏမှာ ၃၀၀ ခန့်သာ ရှိကြပြီး စွမ်းအင်ဘားတန်း သို့မဟုတ် ဖုံးကွယ်နေသော အရည်အသွေးများ မရှိကြပေ။
ဆရာဝန်သည် ဝေကျန့်ကော်၏ ဘေးနားမှ လိုက်ပါလာရင်း အနည်းငယ် စိုးရိမ်စွာဖြင့် ပြောလိုက်၏။
"ဝေတပ်ဖွဲ့ဝင်၊ ထုံဆေး ကုန်သွားပြီဗျ၊ မင်း..."
"ဟက်..ဘယ်သူက ထုံဆေး လိုလို့လဲ။ ငါ့ကို ဆေးလိပ်တစ်လိပ်ပဲ ပေးစမ်း။"
ဝေကျန့်ကော်က မောက်မာသောလေသံဖြင့် အရေးမကြီးသလိုပြောလိုက်သည်။
" ဘယ်သူ့မှာ ဆေးလိပ်ရှိလဲ။"
"ကျွန်တော့်မှာ မရှိဘူး။ မင်းတို့မှာရော ရှိလား။"
"ကျွန်တော့်မှာလည်း မရှိဘူး..."
စစ်သားအနည်းငယ်လုံးက ခေါင်းကို ခါယမ်းလိုက်ကြ၏။
"ဘယ်သူ့မှာ ဆေးလိပ်ရှိလဲ။ နှစ်လိပ်လောက် ခဏချေးပေးပါ၊ နောက်မှ ပြန်ပေးပါ့မယ်။"
ဆရာဝန်က ခန်းမထဲရှိ တခြားလူများကို လှမ်းအော်မေးလိုက်သည်။
ဆေးလိပ်များသည် လူကြိုက်များသော ပစ္စည်းများဖြစ်ကြပြီး စခန်းထဲတွင် အလွန်ဝယ်လိုအား မြင့်မားလှ၏။ လူတိုင်းက ခေါင်းခါပြလိုက်ကြသည်၊ ၎င်းတို့ကို မည်သူမဆို သိမ်းဆည်းထားရန် မဖြစ်နိုင်ပေ၊ အကယ်၍ ရှိခဲ့လျှင်လည်း အစောကတည်းက သောက်ပစ်ကြမည် ဖြစ်သည်။
"ထားလိုက်ပါတော့.. ဆေးလိပ်မရှိရင်လည်း ထားလိုက်တော့၊ ဟူး—"
ဝေကျန့်ကော်က လက်ကို လျင်မြန်စွာ ဝှေ့ယမ်းလိုက်သော်လည်း ၎င်းက ဒဏ်ရာကို ပိုမိုဆိုးရွားသွားစေသဖြင့် သူ၏ မျက်နှာသည် ချက်ချင်းပင် ဖြူဖျော့သွားရ၏။
ထိုအချိန်တွင် ဝမ်ထောင်သည် လူအုပ်ကို ကျော်ဖြတ်ကာ သူ၏အိတ်ကပ်ထဲမှ အသစ်စက်စက် မဖောက်ရသေးသော ဆေးလိပ်ဘူးတစ်ဘူးကို ထုတ်ယူလိုက်လေသည်။
"ကျွန်တော့်မှာ ရှိတယ်၊ သောက်မလား။"
ဝေကျန့်ကော်သည် ဆေးလိပ်ကို မြင်သောအခါ မျက်လုံးများ တောက်ပသွား၏။ ထို့နောက် သူက ဝမ်ထောင်ကို ကြည့်လိုက်ရာ သူ၏ အကြည့်များက စူးရှသွားရသည်။
ကမ္ဘာပျက်ကပ် စတင်ကတည်းက မိမိထက်ပင် ပိုမိုတောင့်တင်းခိုင်မာသော လူတစ်ဦးကို သူ ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်း ဖြစ်ပေသည်။
ဆရာဝန်သည် ဝမ်ထောင်တွင် ဆေးလိပ်ရှိသည်ကို မြင်သောအခါ လျင်မြန်စွာဝင် ပြောလိုက်၏။
"ရတယ်၊ ရတယ်.. နောက်မှ ပြန်ပေးပါ့မယ်။"
ဝမ်ထောင်က ဆေးလိပ်ကို သူ့ထံသို့ လှမ်းပစ်ပေးရန် ပြင်လိုက်စဉ် လူနာတင်စင်ပေါ်ရှိ ဝေကျန့်ကော်က ရုတ်တရက် စကားပြောလာလေသည်။
"ရဲဘော်၊ စကားစမြည်နည်းနည်း ပြောကြမလား။"
ဝမ်ထောင်က ခဏမျှ တွေးတောပြီးနောက် သဘောတူလိုက်၏။
"ကောင်းပြီ။"
သူသည် လူတန်း၏နောက်မှ ဆေးကုသခန်းထဲသို့ လိုက်လာခဲ့ပြီး စစ်သားနှစ်ဦးကမူ တံခါးဝတွင် စောင့်ကြပ်ရန် ကျန်ရစ်ခဲ့သည်။
ဆေးကုသခန်းသည် အလွန်ကြီးမားပြီး ဆေးရုံကုတင်တစ်ဆယ်ကျော် ရှိသော်လည်း ဆေးဘက်ဆိုင်ရာပစ္စည်းကိရိယာ များများစားစားမရှိသဖြင့် သိပ်ပြီးအားကိုးရပုံ မပေါ်ပေ။
"မင်းက လူသစ်လား၊ ရဲဘော်။"
"ဟုတ်တယ်။"
ဝမ်ထောင်က ဆေးလိပ်ကို ဝေကျန့်ကော်ဘက်ရှိ စစ်သားတစ်ဦးထံသို့ လှမ်းပစ်ပေးလိုက်၏။ စစ်သားက ၎င်းကို ဖမ်းယူပြီးနောက် ဆေးလိပ်ဘူးမှာ အသစ်စက်စက် မဖောက်ရသေးသည့်အပြင် သွေးကွက်များ မဆိုထားနှင့်၊ ဖုန်မှုန့်ပင် မရှိသည်ကို တွေ့လိုက်ရသည်။
စစ်သားက ၎င်းကို လျင်မြန်စွာ ဖောက်လိုက်ပြီး ဆေးလိပ်တစ်လိပ်ကို မိမိပါးစပ်တွင် ခဲကာ မီးညှိပေးပြီးနောက် ဝေကျန့်ကော်၏ ပါးစပ်ထဲသို့ ထည့်ပေးလိုက်၏။
"ဟူး— လန်းဆန်းသွားတာပဲ။"
ဝေကျန့်ကော်က ပြင်းပြင်းရှုလိုက်ရာ သူ၏ ဖြူဖျော့နေသော မျက်နှာပေါ်တွင် သွေးရောင် ပြန်လည်လွှမ်းမိုးလာပုံ ရပေသည်။
သူက ဝမ်ထောင်ကို ကြည့်ကာ ချောင်းဆိုးရင်း ကျယ်လောင်စွာ ရယ်မောလိုက်၏။
"အဟွတ်...အဟွတ်။ ငါက ဝေကျန့်ကော်ပါ။ ရွှေကျဲအသက်ရှင်ကျန်ရစ်သူစခန်းကနေ ကြိုဆိုပါတယ်။"
"မင်္ဂလာပါ၊ ကျွန်တော်က ဝမ်ထောင်ပါ။"
ဝမ်ထောင်က မနိမ့်မမြင့်သော အမူအရာဖြင့် ခေါင်းညိတ်လိုက်သည်။
ဝေကျန့်ကော်က စူးစမ်းလိုစိတ်ဖြင့် မေးလိုက်၏။
"ရဲဘော်၊ မင်း ဘယ်ကနေ လာတာလဲ။ မင်းက ဒီအနီးအနားက မဖြစ်နိုင်ဘူး မဟုတ်လား။"
ကမ္ဘာပျက်ကပ် စတင်ကတည်းက ဝေကျန့်ကော်သည် ဤဧရိယာတစ်ခုလုံးတွင် အမြဲတမ်းလိုလို လှုပ်ရှားခဲ့ပြီး အသက်ရှင်ကျန်ရစ်သူ အများအပြားကို မြင်တွေ့ခဲ့ဖူးသည်။ ဝမ်ထောင်၏ ခန္ဓာကိုယ် တည်ဆောက်ပုံအရ အကယ်၍ သူ ယခင်က မြင်ဖူးခဲ့မည်ဆိုပါက သေချာပေါက် အမှတ်ရနေမည် ဖြစ်၏။
"ဟက်ပီးနက်စ်လူနေအိမ်ရာကပါ။"
မည်သို့ပင်ဆိုစေ ဟက်ပီးနက်စ်လူနေအိမ်ရာမှ ပြောင်းရွှေ့တော့မည်ဖြစ်ရာ ဝမ်ထောင်က ဖုံးကွယ်မထားခဲ့ပေ။
"ဟက်ပီးနက်စ်လူနေအိမ်ရာက ဒီကနေ ငါးကီလိုမီတာ ဒါမှမဟုတ် ခြောက်ကီလိုမီတာလောက် ဝေးတာပဲ။ လမ်းခရီးမှာ မင်းအတွက် မလွယ်ကူခဲ့ဘူးလို့ ငါ ထင်တယ်နော်။"
ကမ္ဘာပျက်ကပ်ထဲတွင် တစ်ကီလိုမီတာ အကွာအဝေးသည် လူအများစုအတွက် သဘာဝအတားအဆီးတစ်ခုကဲ့သို့ ဖြစ်နေပြီး ငါးကီလိုမီတာ သို့မဟုတ် ခြောက်ကီလိုမီတာ အကွာအဝေးသည် အကြိမ်ပေါင်းများစွာ သေဆုံးရန် လုံလောက်လှပေသည်။
"တကယ်ပဲ မလွယ်ကူခဲ့ပါဘူး။ ကျွန်တော် အထူးဇွန်ဘီတစ်ကောင်နဲ့တောင် ဆုံခဲ့သေးတယ်..."
ဝမ်ထောင်က ပေါ့ပေါ့ပါးပါးပင် ပြောလိုက်၏။
ဤသည်ကို ကြားလိုက်ရသည့်အခါ ဝေကျန့်ကော်၏ မျက်လုံးများက ရုတ်တရက် ကျယ်ပြန့်သွားရသည်။
"အထူးဇွန်ဘီလား။ ဘယ်လိုမျိုး အထူးဇွန်ဘီလဲ။"
စစ်သားအနည်းငယ်လုံးက ဝမ်ထောင်ထံသို့ ချက်ချင်းပင် အကြည့်များ လွှဲပြောင်းလိုက်ကြပြီး ဝေကျန့်ကော်ကို ကုသပေးနေသော ဆရာဝန်ပင်လျှင် မသိစိတ်ဖြင့် ခေါင်းမော့ကာ သူ့ကို ကြည့်လိုက်မိသည်။
ဝမ်ထောင် ချက်ချင်း နားလည်သွား၏။ ဤလူများသည် အထူးဇွန်ဘီများကို မြင်တွေ့ဖူးကြပြီး ဇွန်ဘီအမြုတေများကိုပင် မြင်ဖူးကြပုံ ရပေသည်။
"အဲဒါက ခန္ဓာကိုယ် ပုံပျက်ပန်းပျက်ဖြစ်နေပြီး အရှိန်ပြင်းတိုးဝှေ့နိုင်တဲ့ ဇွန်ဘီတစ်ကောင်ပါ..."
ဝမ်ထောင်က အရှိန်ပြင်းတိုးဝှေ့သူ၏ ပုံပန်းသဏ္ဌာန်ကို အကျဉ်းချုံး၍ ဖော်ပြလိုက်သည်။
ရလဒ်အနေဖြင့် စစ်သားများသည် အံ့အားသင့်စွာဖြင့် တစ်ဦးကိုတစ်ဦး လှမ်းကြည့်လိုက်ကြ၏။
ဝေကျန့်ကော်၏ မျက်နှာပေါ်တွင် ရုတ်တရက် ဒေါသအရိပ်အယောင်များ ပေါ်လာရသည်။
"ငါက အဲဒီလို ဇွန်ဘီတစ်ကောင်ရဲ့ တိုက်ခိုက်မှုကြောင့် လွင့်ထွက်သွားတာ။ ငါတို့ ဆုံခဲ့တာ တစ်ကောင်တည်းတောင် ဖြစ်နိုင်တယ်နော်။"
"..."
ဝမ်ထောင်သည် အနည်းငယ် အံ့အားသင့်သွားသော်လည်း ထို့နောက် သဘာဝကျသည်ဟု ခံစားလိုက်ရသည်။
သူ ဆုံတွေ့ခဲ့သော အရှိန်ပြင်းတိုးဝှေ့သူ၏ ခန္ဓာကိုယ်ပေါ်တွင် သေနတ်ဒဏ်ရာ အနည်းငယ် ရှိနေခဲ့ရာ ၎င်းတို့သည် ဝေကျန့်ကော်နှင့် သူ၏လူများကြောင့် ဖြစ်နိုင်ပေသည်။
"အဲဒီအကောင်က တကယ်ကိုပဲ..."
ဝေကျန့်ကော်က သက်ပြင်းချလိုက်ပြီးနောက် ယခင်က သူတို့နှင့် ဘာဖြစ်ခဲ့သည်ကို ပြန်လည်ပြောပြလေသည်။
ဝေကျန့်ကော်နှင့် သူ၏အဖွဲ့သည် မနေ့နံနက်က ထောက်ပံ့ရေးပစ္စည်းများ ရှာဖွေရန် သူတို့၏အသင်းကို အပြင်သို့ ခေါ်ဆောင်သွားခဲ့ကြသည်။ သူတို့သည် လမ်းတစ်လျှောက်လုံး သတိထားခဲ့ကြသဖြင့် မည်သည့်အန္တရာယ်နှင့်မျှ မကြုံတွေ့ခဲ့ရပေ။
သို့သော် စူပါမားကတ်တစ်ခုတွင် ထောက်ပံ့ရေးပစ္စည်းများ ရှာဖွေနေစဉ် ဤအရှိန်ပြင်းတိုးဝှေ့သူနှင့် ရုတ်တရက် ဆုံတွေ့ခဲ့ရခြင်း ဖြစ်သည်။
အကယ်၍ သူတို့ ကြိုတင်ပြင်ဆင်ထားခဲ့မည်ဆိုပါက အရှိန်ပြင်းတိုးဝှေ့သူကို ကြောက်ရွံ့နေမည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ဇွန်ဘီက မည်မျှပင် သန်မာပါစေ၊ ကျည်ဆန်များထက် ပိုမိုသန်မာနိုင်မည်မဟုတ်ပါ။
သို့သော် ထိုအရှိန်ပြင်းတိုးဝှေ့ဇွန်ဘီက ရုတ်တရက် နံရံကို ဖြိုဖျက်ကာ ဘေးအခန်းမှနေ၍ အရှိန်ပြင်းပြင်းတိုးဝှေ့ တိုက်ခိုက်လာခဲ့ခြင်း ဖြစ်၏။
ဝေကျန့်ကော်သည် ကံဆိုးစွာဖြင့် အရှိန်ပြင်းတိုးဝှေ့သူ၏ တိုက်ခိုက်မှုကို တိုက်ရိုက်ခံလိုက်ရသဖြင့် လွင့်ထွက်သွားခဲ့ရသည်။
ဝမ်ထောင်ကိုယ်တိုင်ပင် သူ၏သွေးပမာဏဖြင့် အရှိန်ပြင်းတိုးဝှေ့သူ၏ တိုက်ခိုက်မှုကို တိုက်ရိုက်ရင်ဆိုင်ရန် မဝံ့ရဲလှပေ၊ ဝေကျန့်ကော်၏ သွေးပမာဏမှာမူ ဝမ်ထောင်လောက်ပင် မမြင့်မားလှချေ။
အကယ်၍ ဝေကျန့်ကော်သည် ဇွန်ဘီအမြောက်အမြားကို သတ်ဖြတ်ခဲ့ဖူးသဖြင့် သူ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုက သိသာစွာ တိုးတက်နေခြင်း မဟုတ်ခဲ့လျှင်၊ ၎င်းအပြင် အရှိန်ပြင်းတိုးဝှေ့သူက နံရံကို ဖြိုဖျက်ခဲ့ရသဖြင့် အရှိန်ပြင်းတိုက်ခိုက်ခြင်း၏ စွမ်းအားက အနည်းငယ် အားနည်းသွားခြင်း မဟုတ်ခဲ့လျှင်... တခြားလူသာဆိုပါက သေချာပေါက် အသက်ပျောက်သွားပေလိမ့်မည်။
ဝေကျန့်ကော်သည် တိုက်ခိုက်မှုကို ကြံ့ကြံ့ခံနိုင်ခဲ့သော်လည်း ထိုနေရာ၏ မြေမျက်နှာသွင်ပြင်က ကျဉ်းမြောင်းလှပြီး ဇွန်ဘီက သူ့ကို ထောင့်တစ်ခုတွင် ဖိညှပ်ထားသဖြင့် တခြားစစ်သားများသည် စည်းမဲ့ကမ်းမဲ့ သေနတ်မပစ်ရဲကြပေ။ ထို့နောက် သူသည် ဇွန်ဘီ၏ အကြိမ်ပေါင်းများစွာ ရိုက်နှက်မှုကို ခံလိုက်ရသဖြင့် မျက်စိတစ်မှိတ်အတွင်း သူ၏ အသက်တစ်ဝက်ခန့် ဆုံးရှုံးသွားခဲ့ရသည်... စိုးရိမ်ရသော အချိန်တွင် ဝေကျန့်ကော်သည် နာကျင်မှုကို အောင့်အီးကာ ခါးရှိ ပစ္စတိုသေနတ်ကို ဆွဲထုတ်၍ အရှိန်ပြင်းတိုးဝှေ့ဇွန်ဘီ၏ ခေါင်းကို ပစ်ခတ်ခဲ့၏။
အရှိန်ပြင်းတိုးဝှေ့ဇွန်ဘီသည် ကျည်ဆန်များကို ကာကွယ်ရန် သူ၏ ထူထဲသော လက်မောင်းကို မသိစိတ်ဖြင့် အသုံးပြုလိုက်သဖြင့် သူ့ကို လွှတ်ပေးလိုက်ရသည်။
ဝေကျန့်ကော်သည် အခွင့်အရေးကို အသုံးချကာ ဘေးဘက်သို့ ပုန်းအောင်းလိုက်ပြီးနောက် စစ်သားများက သူတို့၏ လက်နက်စွမ်းအားကို စတင်ဖွင့်ထုတ်လိုက်ကြတော့သည်။
အရှိန်ပြင်းတိုးဝှေ့သူတွင် အသိဉာဏ်အချို့ ရှိနေခြင်းလား သို့မဟုတ် လူသားတို့၏ဗီဇကြောင့်လား မသိရသော်လည်း ထိုကဲ့သို့သော လက်နက်စွမ်းအားနှင့် ရင်ဆိုင်ရသည့်အခါ ၎င်းက ထွက်ပြေးရန် ရွေးချယ်ခဲ့လေသည်။
စစ်သားများသည် သွေးဘားတန်းများကို မမြင်နိုင်ကြသဖြင့် အရှိန်ပြင်းတိုးဝှေ့သူတွင် သွေးပမာဏ မည်မျှကျန်ရှိနေသည်ကို မသိရှိကြပေ။ ထို့ပြင် ဝေကျန့်ကော်က ဘေးနားတွင် လဲကျနေဆဲဖြစ်ရာ သေနတ်သံများက ကျယ်လောင်လွန်းလှသဖြင့် သူတို့က လိုက်လံဖမ်းဆီးခြင်းကို စွန့်လွှတ်လိုက်ကြပြီး ဝေကျန့်ကော်ကို လျင်မြန်စွာ ထမ်းပိုးကာ ဆုတ်ခွာခဲ့ကြ၏။
သို့သော် အပြင်ဘက်တွင် ပြေးလွှားနိုင်ပြီး နံရံကို တွားတတ်နိုင်သော ဇွန်ဘီတစ်စု ရုတ်တရက် ပေါ်လာလိမ့်မည်ဟု မည်သူက ထင်မှတ်ထားပါမည်နည်း။
ဤဇွန်ဘီအုပ်စုသည် ၎င်းတို့အတွက် အရှိန်ပြင်းတိုးဝှေ့သူထက်ပင် ပိုမိုကြီးမားသော ခြိမ်းခြောက်မှု ဖြစ်လာခဲ့သည်။ အဘယ်ကြောင့်ဆိုသော် အရှိန်ပြင်းတိုးဝှေ့သူက တစ်ကောင်တည်းသာရှိသဖြင့် လက်နက်စွမ်းအားကို စုစည်းကာ ရှင်းလင်းနိုင်သော်လည်း ၎င်းတို့က 'အရူးဇွန်ဘီ' ဟု အမည်ပေးထားသော ဇွန်ဘီများမှာ အရေအတွက် အလွန်များပြားလှသည့်အပြင် သာမန်ဇွန်ဘီများကလည်း ဝိုင်းရံထားသဖြင့် သူတို့က ဆက်လက်တိုက်ခိုက်ရန် မဝံ့ရဲကြပေ။ လျင်မြန်စွာသာ ဆုတ်ခွာခဲ့ရသည်။
သူတို့ လာခဲ့သော လမ်းကြောင်းကို ဇွန်ဘီများက ပိတ်ဆို့ထားကြပြီး ၎င်းတို့သည် ဤမျှများပြားသော ဇွန်ဘီများကို စခန်းသို့ လမ်းပြမခေါ်ဆောင်ရဲကြသဖြင့် ယခင်က တည်ဆောက်ထားခဲ့သော သေးငယ်သည့် အရန်စခန်းတစ်ခုသို့ ပြေးလွှားကာ တစ်ညတာ ပုန်းအောင်းခဲ့ကြရသည်။
သို့သော်လည်း အပြင်ဘက်ရှိ ဇွန်ဘီများသည် အမှန်တကယ် ထွက်ခွာမသွားခဲ့ကြပေ။ ယနေ့မွန်းလွဲပိုင်းကျမှသာ သူတို့သည် နောက်ဆုံးတွင် ထွက်ခွာခွင့် အခွင့်အရေးကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်..။
. "ဟူး..နည်းနည်းတော့ နှမြောဖို့ကောင်းတာပေါ့။ တကယ်လို ငါတို့ အဲဒီအရှိန်ပြင်းတိုးဝှေ့သူကို သတ်နိုင်ခဲ့ရင် အလွန်ကောင်းမှာပဲ ၊ 'အရှိန်ပြင်းတိုးဝှေ့သူ' ဆိုတာ အဲဒီဇွန်ဘီရဲ့ နာမည်ပေါ့။ ဇွန်ဘီရဲ့ ခန္ဓာကိုယ်ထဲမှာ ကောင်းမွန်တဲ့ ပစ္စည်းတွေ ရှိတယ်။"
ဝေကျန့်ကော်က နှမြောတသသော အမူအရာဖြင့် သူ၏ နှုတ်ခမ်းကို သပ်လိုက်သည်။
"ဘာကောင်းတဲ့ ပစ္စည်းတွေလဲ။"
ဝမ်ထောင်က သိလျက်နှင့် မေးလိုက်၏။
ဝေကျန့်ကော်က ဝမ်ထောင်ကို တစ်ချက်ကြည့်လိုက်ပြီး ဆေးလိပ်ကို ပြင်းပြင်းရှုကာ ပြောလေသည်။
"ဇွန်ဘီအမြုတေတွေပေါ့။ ဒီလိုမျိုး အထူးဇွန်ဘီရဲ့ ခန္ဓာကိုယ်ထဲမှာ ဇွန်ဘီအမြုတေ ရှိတယ်။ တကယ်လို လူသားက ဒီအရာကို စားသုံးလိုက်ရင် သူတို့က စွမ်းရည်တစ်ခု ရရှိမှာဖြစ်ပြီး စွမ်းရည်ရှင်တစ်ယောက် ဖြစ်လာမှာ ။"
"စွမ်းရည်ရှင်တစ်ယောက်လား။"
"ဟုတ်တယ်၊ မင်း တွေးနေတဲ့ စွမ်းရည်ရှင်မျိုး အတိအကျပဲ။"
ဝေကျန့်ကော်က ဝမ်ထောင် ဘာတွေးနေသည်ကို သိရှိသကဲ့သို့ပင် အပိုင် ပြောလိုက်၏။
"ကျွန်တော်တို့ စခန်းမှာ စွမ်းရည်ရှင်တွေ ရှိလား။ သူတို့က ဘယ်လို အခွင့်အရေးမျိုး ရကြလဲ။"
ဝမ်ထောင်က စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
"ကျွန်တော်တို့ စခန်းမှာ လက်ရှိ စွမ်းရည်ရှင် မရှိသေးဘူး၊ ဒါပေမဲ့ ငါ တစ်ယောက်တော့ မြင်ဖူးတယ်၊ အခွင့်အရေးနဲ့ ပတ်သက်ရင်တော့..."
ဝေကျန့်ကော်က ခေတ္တမျှ ရပ်တန့်လိုက်ပြီးနောက် တည်ကြည်သော အမူအရာဖြင့် ပြောလေသည်။
"အကယ်၍ တစ်စုံတစ်ယောက်က စွမ်းရည်ရှင် ဖြစ်လာမယ်ဆိုရင် သူက ကော်မတီရဲ့ အဋ္ဌမမြောက် အဖွဲ့ဝင်အဖြစ် တိုက်ရိုက်တိုးမြှင့်ခံရမှာ ဖြစ်တယ် ၊ ဒါက ငါတို့ ကော်မတီဝင် ခုနစ်ယောက် အရင်က အတူတူ ဆွေးနွေးထားခဲ့ကြတဲ့ အရာပါပဲ။"
ဝမ်ထောင်သည် ခဏမျှ ကြောင်အသွားပြီးနောက် ပြတ်သားစွာ ပြောလိုက်၏။
"ကျွန်တော်က စွမ်းရည်ရှင်တစ်ယောက်ပါ။"
........
အခန်း (၇၉) - ငါက စွမ်းရည်ရှင်တစ်ယောက်ပဲ
"မင်းက စွမ်းရည်ရှင်တစ်ယောက်လား"
လူတိုင်းက မရည်ရွယ်ထားဘဲ အံ့သြတကြီး အော်ဟစ်လိုက်မိကြသည်။ ဝေကျန့်ကော်သည် ကုတင်ပေါ်မှ ရုန်းထကာ ထိုင်ရန်ပင် ကြိုးစားလိုက်သော်လည်း ကံကောင်းထောက်မစွာဖြင့် ဘေးမှလူများက သူ့ကို ပြန်ထိန်းထားပေးကြ၏။
"ဟုတ်ပါတယ်"
ဝမ်ထောင်က ခေါင်းထပ်မံခေါင်းညိတ်ပြလိုက်သည်။
သူက ပြောပြောဆိုဆိုဖြင့် သူ၏ ညာဘက်လက်ကို မြှောက်ကာ လက်ဖျောက်တစ်ချက် တီးလိုက်၏။
ဖြောက်....
ဝမ်ထောင်၏ လက်ဖျားများဆီမှ မျက်စိဖြင့် မြင်နိုင်သော လှိုင်းတွန့်တစ်ခုက အပြင်ဘက်သို့ ပြန့်ကားသွားသည်။ အနီးနားရှိ နံရံတွင် ချိတ်ဆွဲထားသော စုတ်ပြဲနေသည့် ပိုစတာတစ်ခုသည် လွင့်ခါသွားပြီးနောက် အပိုင်းပိုင်း စုတ်ပြဲပျက်စီးသွားလေသည်။
"စွမ်းရည်ကတော့ တုန်ခါလှိုင်းပဲ"
ဝမ်ထောင်က တည်ငြိမ်စွာ ပြောလိုက်၏။
လူတိုင်းက မျက်လုံးအစုံ ပြူးကျယ်လျက် ထိုအခြင်းအရာကို ကြည့်နေကြသည်။ ကြောင်အမ်းသွားသည့် တိတ်ဆိတ်မှု ခဏတာ ဖြစ်ပေါ်သွားပြီးနောက် သူတို့က စိတ်လှုပ်ရှားမှု၊ ဝမ်းသာအားရဖြစ်မှုများ ပြည့်နှက်နေသော မျက်နှာများဖြင့် ဝမ်ထောင်ကို ကြည့်လိုက်ကြ၏။
"သူက တကယ်ပဲ စွမ်းရည်ရှင်တစ်ယောက်ဟ"
"ငါတို့လည်း တကယ်ပဲ စွမ်းရည်ရှင်တွေ ဖြစ်လာနိုင်တာပေါ့"
"ဒီစွမ်းရည်က သေနတ်ထက် ပိုကောင်းသလိုပဲ။ ဘာသံမှလည်း မထွက်ဘူး၊ သေနတ်သံတွေက ကျယ်လွန်းတယ်..."
စစ်သားအချို့သည် စည်းကမ်း ထိန်းသိမ်းရန် ပင်ခက်ခဲသွားပြီး အချင်းချင်း စိတ်လှုပ်ရှားစွာ ဆူညံစွာပြောနေကြလေသည်။
ဆရာဝန်ချန်သည် ဝမ်ထောင်ကို ပိုမိုစိတ်လှုပ်ရှားကာ မျှော်လင့်ချက်ကြီးစွာဖြင့် ကြည့်လိုက်၏။
"ဟို မစ္စတာဝမ်၊ မင်းအနေနဲ့ စိတ်မရှိဘူးဆိုရင် ငါ့ကို နည်းနည်းလောက် သုတေသန— အော် မဟုတ်ပါဘူး၊ လေ့လာခွင့်ပြုမလား။ စိတ်မပူပါနဲ့၊ ငါ မင်းကို ဘာမှမလုပ်ပါဘူး"
"ငါ စိတ်ရှိတယ်"
"..."
"မင်းက ကိုယ် လူနာကိုပဲ ကိုယ်ကုသပေးစမ်းပါ"
ဝေကျန့်ကော်က ခေါင်းလှည့်ကာ သူ့ကို ဆူပူလိုက်သည်။ သူကိုယ်တိုင် ဆေးကုသမှု ခံယူနေရသည့် ဒဏ်ရာရလူနာ မဟုတ်သည့်အတိုင်းပင် ဖြစ်၏။ ထို့နောက် သူက ဝမ်ထောင်ဘက်သို့ ပြန်လှည့်ကာ ပြုံးပြလိုက်သည်။
"ရဲဘော်ဝမ်၊ ငါ မင်းကို မလိမ်ပါဘူး။ စွမ်းရည်ရှင်တစ်ယောက်က ငါတို့စခန်းမှာ နေဖို့ ဆန္ဒရှိမယ်ဆိုရင် ကော်မတီဝင်အဖြစ် တိုက်ရိုက် ရာထူးတိုးပေးလို့ ရတယ်"
ဝေကျန့်ကော်က သူ၏ အစောပိုင်းစကားများကို ပထမဆုံး အတည်ပြုလိုက်ပြီးနောက် တည်ကြည်သော မျက်နှာထားဖြင့် ထပ်ပြောလိုက်၏။
"ဒါပေမဲ့ ရှေးခေတ်ကတည်းက အခွင့်အရေးနဲ့ တာဝန်ဝတ္တရားဆိုတာ ညီတူညီမျှပဲ ရှိတယ်။ အခွင့်အရေးကို ခံစားရင် သက်ဆိုင်ရာ တာဝန်ဝတ္တရားတွေကိုလည်း သဘာဝကျကျ ထမ်းဆောင်ရမယ်။ အဲဒီလောက် အတွေးအခေါ်ပိုင်းဆိုင်ရာနိုးကြားမှုမျိုး မရှိရင်... ကော်မတီရဲ့ အဖွဲ့ဝင်တစ်ယောက် ဖြစ်လာဖို့ မဖြစ်နိုင်ဘူး"
ဝမ်ထောင်သည် ဝေကျန့်ကော်၏ စကားကြောင့် အံ့ဩမသွားပေ။ အဆုံးတွင်တော့ ဝေကျန့်ကော်သည် လုံခြုံရေးတပ်မတော်မှ ဖြစ်သဖြင့် သူ၏ အတွေးအခေါ်ပိုင်းဆိုင်ရာနိုးကြားမှုက သာမန်လူတစ်ဦးထက် များစွာ ပိုမိုမြင့်မားနေမည်သာ ဖြစ်သည်။
ဝမ်ထောင်သည် စွမ်းရည်ရှိနေသော်လည်း အသက်ရှင်ကျန်ရစ်သူများကို အနစ်နာခံကာ ကူညီပေးရန် စိတ်မရှိပေ။ သို့သော် ရှိခဲ့လျှင်ပင် ထိုအကူအညီသည် မိမိသဘောဆန္ဒအလျောက် ဖြစ်ရမည် ဖြစ်ပြီး မည်သူ့၏ ကလေးထိန်းမှ ဖြစ်လာမည်ဟု မဆိုလိုပေ။
ထို့ကြောင့် ဝမ်ထောင်က တိုက်ရိုက် မေးလိုက်၏။
"အခွင့်အရေးတွေက ဘာလဲ။ ပြီးတော့ တာဝန်ဝတ္တရားတွေကကော ဘာလဲ"
ဝေကျန့်ကော်က ဆေးလိပ်ကို တစ်ချက် ပြင်းပြင်းရှိုက်လိုက်ပြီးနောက် ပြောလိုက်သည်။
"ကော်မတီဝင်တစ်ယောက်က စခန်းထဲမှာရှိတဲ့ အရင်းအမြစ်အားလုံးကို ခံစားခွင့်ရှိတယ်။ တချို့သော အရေးကြီးတဲ့ အရင်းအမြစ်တွေအတွက်တော့ မသုံးစွဲခင် အခြားအဖွဲ့ဝင်တွေဆီမှာ စစ်ဆေးအတည်ပြုဖို့ပဲ လိုအပ်တယ်၊ ကန့်ကွက်မှုတွေ အများကြီးမရှိသရွေ့ပေါ့။ အဲဒါက အဖွဲ့ဝင်တစ်ယောက်ရဲ့ အခွင့်အရေးပဲ။ တာဝန်ဝတ္တရားတွေကတော့... တကယ်တော့ တော်တော်လေး ရိုးရှင်းပါတယ်။ ငါတို့စခန်းက ဘယ်သူ့ကိုမှ ဘာမှလုပ်ဖို့ အတင်းအကျပ် မခိုင်းပါဘူး။ ငါတို့လုပ်သမျှ အားလုံးက အကျိုးပြုအမှတ်ပေါ်မှာပဲ အခြေခံတယ်၊ ကော်မတီဝင်တွေအတွက်လည်း အပါအဝင်ပဲ"
"ဒါကြောင့် ကော်မတီအဖွဲ့ဝင်တစ်ယောက်ရဲ့ တာဝန်ကတော့ စခန်းကို လစဉ် အနည်းဆုံး အကျိုးပြုအမှတ် တစ်သောင်း ပံ့ပိုးပေးဖို့ပဲ။ စခန်းကို စောင့်ရှောက်တာပဲဖြစ်ဖြစ်၊ ပစ္စည်းတွေ ရှာဖွေဖို့ အပြင်ထွက်တာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် အသက်ရှင်ကျန်ရစ်သူအသစ်တွေကို ရှာဖွေတာပဲဖြစ်ဖြစ်— တစ်လကို အကျိုးပြုအမှတ် တစ်သောင်း ပံ့ပိုးပေးနိုင်သရွေ့ ဘာမဆို အဆင်ပြေတယ်။ တကယ်လို့ မင်း ဒီအခြေအနေကို မပြည့်မီဘူးဆိုရင် ကော်မတီဝင်ရာထူးကနေ အလိုအလျောက် သက်ဆင်းရမယ်လို့ အဓိပ္ပာယ်ရတယ်..."
ဝမ်ထောင်အနေနှင့် တစ်လလျှင် အကျိုးပြုအမှတ် တစ်သောင်းဟူသည် မများလှပေ ၊ ။ သူသည် ထိုအရာကို အားစိုက်စရာမလိုဘဲ ပြီးမြောက်အောင်မြင်နိုင်သည်။
သို့သော် ထိုအကျိုးပြုအမှတ်များကို လစဉ်အခြေခံဖြင့် တွက်ချက်ခြင်း ဖြစ်ပြီး ကမ္ဘာပျက်ကပ် စတင်ခဲ့သည်မှာ တစ်လခန့်သာ ရှိသေးရာ... သူတို့ ၎င်းကို အမှန်တကယ် အကြိမ်မည်မျှ ထိရောက်စွာ အကောင်အထည်ဖော်ပြီးပြီနည်း။
ဝမ်ထောင်၏ အတွေးကို သိနေသည့်အလား ဝေကျန့်ကော်က တိုက်ရိုက် ပြောလာ၏။
"ကော်မတီစနစ်နဲ့ အကျိုးပြုအမှတ်တွေက ငါတို့ မကြာသေးခင်ကမှ စဉ်းစားမိတဲ့ အရာတွေပဲ။ လက်ရှိမှာ စမ်းသပ်မောင်းနှင်မှု အဆင့်မှာပဲ ရှိသေးတော့ ပြဿနာတွေနဲ့ အားနည်းချက်အချို့ ရှိနိုင်တယ်။ ဒါပေမဲ့ ဒါက အပြည့်စုံဆုံး စနစ်တစ်ခု မဟုတ်နိုင်ပေမဲ့ ရွှေကျဲစခန်းအတွက်တော့ အသင့်တော်ဆုံး စနစ်ဖြစ်မယ်လို့ ငါ ယုံကြည်တယ်"
အတန်ငယ် စိတ်အားထက်သန်နေသော ဝေကျန့်ကော်ကို ကြည့်ရင်း ဝမ်ထောင်က မည်သည့်အမြင်မှ မပေးခဲ့ပေ။
စနစ်က အဆင်ပြေပုံရသော်လည်း ၎င်းသည် ကမ္ဘာပျက်ကပ် ဖြစ်သည်။ ဇွန်ဘီများ၊ အမည်မသိ သားရဲကောင်များနှင့် လူသားများအပါအဝင် မရေရာမှုများစွာ ရှိနေ၏။
ထို့ကြောင့် ဝမ်ထောင်သည် ၎င်းက ကောင်းသည် သို့မဟုတ် ဆိုးသည်ကို မပြောနိုင်ဘဲ တစ်လှမ်းချင်းစီသာ သွားနိုင်သည်။
"မင်း ဘယ်လိုထင်လဲ။ တကယ်လို့ မင်း လက်ခံနိုင်တယ်ဆိုရင် အခြားလူတွေ ပြန်လာတာနဲ့ မင်းကို ကော်မတီဝင်အဖြစ် တရားဝင် ရာထူးတိုးပေးမှာဖြစ်ပြီး အသေးစိတ်အချက်အလက်အားလုံးကို ရှင်းရှင်းလင်းလင်း ရှင်းပြပေးလိမ့်မယ်"
ဝမ်ထောင်ထံမှ မည်သည့်တုံ့ပြန်မှုမျှ မမြင်ရသဖြင့် ဝေကျန့်ကော်က အလျင်စလို အသံဖြင့် ပြောလိုက်၏။
"အဆင်ပြေပါတယ်"
ဝမ်ထောင်က ချက်ချင်း သဘောတူလိုက်သည်။
သူ့ကိုယ်သူ စွမ်းရည်ရှင်တစ်ဦးအဖြစ် ထုတ်ဖော်ပြသရခြင်း၏ ရည်ရွယ်ချက်မှာ ကော်မတီတွင် နေရာတစ်နေရာကို ရရှိရန် ဖြစ်လေသည်။
မိမိ၏ အစွမ်းအစကို ဖျောက်ထားမလား။ အမြဲတမ်း ဝှက်ဖဲတစ်ချပ် ထားရှိခြင်းက မရှိမဖြစ် လိုအပ်သဖြင့် သူ သေချာပေါက် ဖျောက်ထားမည် ဖြစ်သည်။ သို့သော် ကြွက်သား ပြရမည့်အချိန်တွင်မူ သူ ပြရမည်သာ ဖြစ်၏။
ဝမ်ထောင်သည် ရွှေကျဲစခန်းတွင် နေထိုင်ရန် ရည်ရွယ်ထားပြီး စခန်းကလည်း စွမ်းရည်ရှင်များကို အလွန်တန်ဖိုးထားကာ ကော်မတီဝင်နေရာကိုပင် တိုက်ရိုက် ပေးအပ်သည်။
အကယ်၍ သူသည် လက်ရှိ စွမ်းရည်ရှင် ရှားပါးမှုကို အခွင့်ကောင်းယူကာ ဤရာထူးကို မရယူထားပါက နောက်ပိုင်းတွင် စွမ်းရည်ရှင်များ ပိုမိုပေါ်ထွက်လာလျှင် သတ်မှတ်ချက်များ သေချာပေါက် တိုးလာလိမ့်မည် ဖြစ်သည်။
ဝမ်ထောင်သည် အာဏာကို အထူးတလည် မက်မောသူ မဟုတ်ပေ ၊ သို့သော် အရာရာကို ပုံသေမပြောနိုင်ပေ။
လက်ရှိတွင် သူသည် မိမိ၏ အစွမ်းအစကို မြှင့်တင်ရန်နှင့် ကမ္ဘာပျက်ကပ်တွင် ရှင်သန်ရန် အရင်းအနှီးကို တိုးမြှင့်ဖို့ ပစ္စည်းကိရိယာများကို ပိုမိုရှာဖွေရန်သာ လိုလားသည်။
သို့သော် ပိုမိုကောင်းမွန်စွာ နေထိုင်နိုင်မည့် အခွင့်အရေး ရှိနေပါက သူ၏ အလင်းရောင်ကို ဖုံးကွယ်ထားရန် မလိုအပ်ပေ။
ဥပမာအားဖြင့် ဤကော်မတီဝင်နေရာကို ယူလိုက်ခြင်းဖြင့်... သူသည် စခန်းထဲတွင်ပဲ အမြဲတမ်း နေထိုင်နိုင်မည် မဟုတ်ပေ။ သူသည် ဇွန်ဘီများကို သတ်ရန် အပြင်ထွက်ရမည်ဖြစ်ပြီး အမြုတေများရရှိကာ ပိုမိုသန်မာလာရန် လိုအပ်သည်။ ပိုမိုသန်မာလာစဉ် လမ်းခရီး၌ အကျိုးပြုအမှတ်များနှင့် လဲလှယ်ရန် ပစ္စည်းအချို့ကို ရှာဖွေခြင်းက ပြဿနာမဟုတ်ပေ။
ဝမ်ထောင်သည် ဝေကျန့်ကော်နှင့် ခဏမျှ ထပ်မံစကားပြောခဲ့သော်လည်း ဆရာဝန်၏ ဆေးဝါးများက အာနိသင်ပြလာသဖြင့် ဝေကျန့်ကော်သည် ပို၍ ငိုက်မြည်းလာသည်။ ဝမ်ထောင်က စကားဝိုင်းကို ရပ်တန့်ရန် ဦးစီးဦးဆောင် ပြုလုပ်လိုက်၏။
"ငါ မရတော့ဘူး... အရမ်းအိပ်ငိုက်လာပြီ။ ခဏလောက် အိပ်လိုက်ဦးမယ်..."
ဝေကျန့်ကော်သည် သူ၏ စတုတ္ထမြောက် ဆေးလိပ်တစ်ဝက်ကို သောက်ပြီးနောက် ဆေးရုံကုတင်ပေါ်တွင် အိပ်ပျော်သွားလေသည်။
အနီးနားရှိ စစ်သားတစ်ဦးက ဝေကျန့်ကော်၏ ဆေးလိပ်ကို ဂရုတစိုက် ငြှိမ်းသတ်ပေးပြီး အထုပ်ထဲသို့ ပြန်ထည့်ပေးလိုက်၏။
ဆရာဝန်က သူ၏ နဖူးမှ ချွေးများကို သုတ်လိုက်ရင်း စစ်သားကို ပြောလိုက်သည်။
"သူ လောလောဆယ် တည်ငြိမ်သွားပါပြီ။ ဝေတပ်ဖွဲ့ဝင်က အသက်အန္တရာယ်ရှိနိုင်တဲ့ဘေးကနေ ကျော်လွန်သွားပြီ ဖြစ်ပေမဲ့ ခဏလောက်တော့ အနားယူဖို့ လိုအပ်ပြီး အပြင်ကို ထပ်ထွက်နိုင်မှာ မဟုတ်သေးဘူး"
"ဆရာဝန်ချန်၊ မင်းရဲ့ ကြိုးစားအားထုတ်မှုအတွက် ကျေးဇူးတင်ပါတယ်"
စစ်သားက အလေးပြုခြင်း ပြုလုပ်လိုက်သည်။
"အေး..ဒါက ငါ့အလုပ်ပဲဥစ္စာ"
ဆရာဝန်က လက်ကို အမြန်ဆေးရန် သွားပြီးနောက် ဝမ်ထောင်ထံသို့ လာကာ သူ၏ လက်ကို ကမ်းပေးလိုက်၏။
"မင်္ဂလာပါ၊ ငါ့နာမည် ချန်ကျွမ်း ပါ။ ချန် က 'နားရွက်-အရှေ့ ချန်'၊ ကျွမ်း က 'သန်မာခြင်း ကျွမ်း' ပဲ"
ဝမ်ထောင်သည် ထိုလူ၏ ပိန်လှီပြီး ပဲပင်ပေါက်ကဲ့သို့ ခန္ဓာကိုယ်တည်ဆောက်ပုံကို ခဏမျှ စိုက်ကြည့်လိုက်ပြီးနောက် လက်ဆွဲနှုတ်ဆက်ရန် လက်ကို ဆန့်ထုတ်လိုက်သည်။
"မင်္ဂလာပါ၊ ဆရာဝန်ချန်"
"ဝမ်ထောင်၊ ငါ စွမ်းရည်ရှင်အစစ်ကို တစ်ခါမှ မမြင်ဖူးဘူး။ ငါ့ကို ခဏလောက် လေ့လာခွင့်ပြုဖို့ တကယ်ပဲ စဉ်းစားမပေးဘူးလား။ အဆုံးမှာတော့ စွမ်းရည်တွေဆိုတာ အသစ်ဖြစ်ပေါ်လာတဲ့ ဖြစ်စဉ်တစ်ခုပဲ။ မင်းကိုယ်တိုင်တောင် မသိတဲ့ အရာတွေ အများကြီး ရှိနိုင်တယ်၊ ဒါပေမဲ့ ငါတို့ အတူတူ လေ့လာဆွေးနွေးကြရင် အဖြေရှာနိုင်လိမ့်မယ်"
ချန်ကျွမ်းက လက်မလျှော့ချင်သေးပေ။
"လောလောဆယ်တော့ မရသေးပါဘူး"
ဝမ်ထောင်က ခေါင်းကို အမြန်ခါလိုက်သည်။ အကယ်၍ မင်းက အလှပန်းလေးတစ်ပွဲ ဖြစ်နေရင်တော့ တစ်မျိုးပေါ့။ ဒါပေမဲ့ လူကြီးအမျိုးသားတစ်ယောက်က သူ့ကို တစ်နေကုန် လေ့လာချင်နေတာက... ။
"ဒါနဲ့ မင်းက စွမ်းရည်ရှင်ကို တစ်ခါမှ မမြင်ဖူးဘူးလို့ ပြောတယ်နော်။ ဒါဆို ဝေတပ်ဖွဲ့ဝင် မြင်ခဲ့တဲ့ စွမ်းရည်ရှင်က ဘယ်သူလဲ"
ဝမ်ထောင်က သိလိုစိတ်ဖြင့် မေးလိုက်၏။
"ငါ တကယ် မမြင်ဖူးဘူး။ အဲဒါက ဝေတပ်ဖွဲ့ဝင် အပြင်မှာ မြင်ခဲ့တဲ့ လူတစ်ယောက်ပဲ။ သူ ပြောတာတော့ သံမဏိသံကူတိုင်ကို ကိုင်ပြီး ဇွန်ဘီအများကြီးကို တစ်ယောက်တည်း ရင်ဆိုင်နိုင်တဲ့ အရမ်းသန်မာတဲ့ လူတစ်ယောက်နဲ့ တွေ့ခဲ့တယ်တဲ့..."
"ဒီလိုလား... သူက အဲဒီလူကို စခန်းကို မဖိတ်ခေါ်ခဲ့ဘူးလား"
ဝမ်ထောင်က ထပ်မံမေးမြန်းလိုက်သည်။
"ဝေတပ်ဖွဲ့ဝင်က ဖိတ်ခဲ့တယ်လို့ ပြောတယ်၊ ဒါပေမဲ့ အဲဒီလူက စွမ်းရည်ရှင်တစ်ယောက် ဖြစ်နေတာပဲ။ ကမ္ဘာပျက်ကပ်ထဲမှာ လွတ်လွတ်လပ်လပ် သွားလာနိုင်တဲ့ လူတစ်ယောက်က သဘာဝကျကျပဲ ဒီကိုလာပြီး အကန့်အသတ်တွေ ခံချင်မှာ မဟုတ်ဘူးလေ..."
ချန်ကျွမ်း၏ လေသံက အနည်းငယ် မချိတင်ကဲ ဖြစ်နေ၏။
ဝမ်ထောင် ".. "
အကန့်အသတ် မခံချင်သည်မှာ သဘာဝပင်ဖြစ်သည်။ ရုတ်တရက် အထူးစွမ်းအားများ ရရှိပြီးနောက် မည်သူက ဘဝင်မမြင့်ဘဲ နေမည်နည်း။
အကယ်၍ ဝမ်ထောင်သည် အထူးဇွန်ဘီ အများအပြားနှင့် သွေးပမာဏ တစ်သောင်းရှိသော ထိုကြောက်မက်ဖွယ် သားရဲကောင်ကြီးကို မမြင်ခဲ့ရပါက သူကိုယ်တိုင်လည်း အနည်းငယ် ဘဝင်မြင့်မိနိုင်ပေသည်။
သို့သော် ကမ္ဘာပျက်ကပ်ထဲတွင် လွတ်လွတ်လပ်လပ် သွားလာနိုင်သည်ဟူသည်မှာ ချန်ကျွမ်း၏ စိတ်ကူးသက်သက်သာ ဖြစ်၏။ အထူးသဖြင့် မကြာသေးခင်က 'ရူးသွပ်ဇွန်ဘီ' များ ပေါ်ထွက်လာမှုကြောင့် ဝမ်ထောင်ကိုယ်တိုင်ပင် ထိုအရာများကို သေချာပေါက် ကိုင်တွယ်နိုင်သည်ဟု မပြောရဲတော့ပေ။
"အော်၊ ဟုတ်သားပဲ၊ မင်းရဲ့ စွမ်းရည်က ဘယ်လိုမျိုး ဖြစ်ပေါ်လာတာလဲဆိုတာ ပြောဖို့ အဆင်ပြေမလား။ ဇွန်ဘီအမြုတေကို စားလို့ ရလာတာလား"
ချန်ကျွမ်းသည် အခြားလူများအကြောင်းကို အာရုံမထားတော့ဘဲ သူ အဓိက စိတ်ဝင်စားသည့် မေးခွန်းကို အမြန်မေးလိုက်သည်။
ဆေးရုံကုတင်နှင့် မလှမ်းမကမ်းတွင် ရပ်နေသော စစ်သားများသည်လည်း နားစွင့်လိုက်ကြ၏။
ဝမ်ထောင်က တိုက်ရိုက် မဖြေဘဲ ထူးဆန်းသလို ပြန်ပြောလိုက်သည်။
"ဝေတပ်ဖွဲ့ဝင်က ခုနတင်ပဲ လူသားတွေဟာ ဇွန်ဘီအမြုတေကို စားရင် စွမ်းရည်ရှင်တွေ ဖြစ်လာတယ်လို့ ပြောသွားတယ် မဟုတ်ဘူးလား။ မင်းက ဘာလို့..."
"ဟီး..အဲဒါက ဒီလိုရှိတယ်။ အဲဒီကောက်ချက်က ငါတို့ရဲ့ တွေးဆချက်သက်သက်ပဲ။ ငါတို့ စမ်းသပ်မှုအချို့ လုပ်ခဲ့ဖူးတယ်၊ ဒါပေမဲ့... တစ်ခုမှ မအောင်မြင်ခဲ့ဘူး..."
ချန်ကျွမ်းက အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်နေသော မျက်နှာထား ရှိနေ၏။
"..."
ဒါဆို ဝေတပ်ဖွဲ့ဝင်ရဲ့ အစောပိုင်းက တည်ကြည်ပြတ်သားတဲ့ လေသံက ကြွားလုံးထုတ်နေတာ သက်သက်ပေါ့။
သို့သော် ဝမ်ထောင်သည် ချန်ကျွမ်း၏ စကားထဲမှ အရေးကြီးသော အချက်အလက်တစ်ခုကိုလည်း ကြားလိုက်ရသည်။
"မင်းတို့ စမ်းသပ်မှုတွေ လုပ်ခဲ့တယ် ဟုတ်လား။ ဒါဆို မင်းတို့ဆီမှာ ဇွန်ဘီအမြုတေတွေ အများကြီးရှိတယ်လို့ ဆိုလိုတာလား"
ဝမ်ထောင်က ချန်ကျွမ်းကို ကြည့်လိုက်၏။
"အများကြီးတော့ မဟုတ်နိုင်ပါဘူး၊ ဒါပေမဲ့ ငါတို့စခန်းမှာ လူတွေနဲ့ သေနတ်တွေ ရှိတယ်၊ ပြီးတော့ အထူးဇွန်ဘီ အနည်းငယ်ကိုလည်း သတ်ထားဖူးတယ်... ဘာလို့လဲ။ မင်းက ဇွန်ဘီအမြုတေတွေကို စိတ်ဝင်စားလို့လား"
ချန်ကျွမ်းက ထက်မြက်သူတစ်ဦး ဖြစ်သဖြင့် ဝမ်ထောင်က ထိုအမြုတေများကို အတော်လေး အာရုံစိုက်နေကြောင်း မြင်နိုင်သည်။
"သေချာတာပေါ့"
ဝမ်ထောင်က ပထမဆုံး ပွင့်ပွင့်လင်းလင်း ဝန်ခံလိုက်ပြီးနောက် ထပ်ပြောလိုက်၏။
"ငါ့ရဲ့ စွမ်းရည်က ဒီဇွန်ဘီအမြုတေတွေကို စားလို့ ရလာတာပဲ။ အကယ်၍ စွမ်းရည်ရှင်တစ်ယောက်က တူညီတဲ့ ဇွန်ဘီအမြုတေ အမျိုးအစားကို ဆက်စားမယ်ဆိုရင် သူတို့က ဆက်ပြီး သန်မာလာလိမ့်မယ်..."
"ဒါဆို မင်းက တကယ်ပဲ အမြုတေတွေကို စားတာပေါ့။ ပြီးတော့ ဆက်ပြီး သန်မာလာဦးမှာပေါ့"
ချန်ကျွမ်းနှင့် စစ်သားများ၏ မျက်နှာပေါ်တွင် မျှော်လင့်ရိပ်များ ပေါ်လာလေသည်။
"ဒါပေမဲ့၊ ဘေးထွက်ဆိုးကျိုးတွေ ရှိတယ်"
ဝမ်ထောင်က ရုတ်တရက် ထပ်လောင်းပြောလိုက်၏။
"ဟင်။ ဘေးထွက်ဆိုးကျိုး ဟုတ်လား။ ဘာဘေးထွက်ဆိုးကျိုးလဲ"
ချန်ကျွမ်းက အတန်ငယ် ကြောင်အမ်းသွားသည်။ သူက ဤပြဿနာကို ရှင်းရှင်းလင်းလင်း မသိထားသည်မှာ သေချာ၏။
"ငါလည်း အသေးစိတ်ကို အပြည့်အဝ မသေချာဘူး၊ ဒါပေမဲ့ မင်း ဒီလိုတွေးကြည့်လို့ ရတယ်၊ ဒီဇွန်ဘီအမြုတေတွေကို စားရင် စွမ်းရည်တွေ သေချာပေါက် ရလာလိမ့်မယ်၊ ပြီးတော့ ပိုစားလေ စွမ်းရည်က ပိုသန်မာလေပဲ။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ အညစ်အကြေးတွေက မင်းရဲ့ ခန္ဓာကိုယ်ထဲမှာ စုပုံလာလိမ့်မယ်။ အညစ်အကြေးတွေ များလွန်းရင် မင်းရဲ့ ခန္ဓာကိုယ်ကို ထိခိုက်စေပြီး ဇွန်ဘီတစ်ကောင်အဖြစ်တောင် ပြောင်းလဲသွားနိုင်တယ်"
ဝမ်ထောင်သည် ဇွန်ဘီအမြုတေကို စားခြင်းက စွမ်းရည်များ ရရှိစေနိုင်သည်ဟူသော အချက်ကို ဖုံးကွယ်ထားရန် အကြောင်းပြချက် မရှိပေ။ ဇွန်ဘီအမြုတေတစ်ခု ပေါ်လာသည်နှင့် လူများသည် ၎င်းကို မသိစိတ်အလျောက် စားချင်ကြမည်သာ ဖြစ်သဖြင့် ဖုံးကွယ်ထားရန် နည်းလမ်းမရှိပေ။
သို့သော် အကျိုးကျေးဇူးများကို ဖော်ပြရုံသာမက ဝမ်ထောင်သည် ဇွန်ဘီအမြုတေများ၏ အားနည်းချက်များကိုလည်း ထောက်ပြခဲ့သည်။ တစ်စုံတစ်ယောက်က ၎င်းတို့ကို စားရန် ရွေးချယ်သည်ဖြစ်စေ၊ မရွေးချယ်သည်ဖြစ်စေ ၎င်းသည် သူတို့၏ ကိစ္စသာ ဖြစ်ပြီး သူ့တွင် ဝင်ရောက်စွက်ဖက်ပိုင်ခွင့် မရှိပေ။ အလွန်ဆုံးအနေဖြင့် သူသည် ၎င်းတို့ကို ပေါင်းစပ်သည့်အခါ သတိထားရန် သတိပေးချက်တစ်ခုကိုသာ ပေးနိုင်လေသည်။
"အဲဒါက တော်တော်လေး ပြင်းထန်တာပဲ..."
ချန်ကျွမ်းက အတန်ငယ် တုန်လှုပ်သွား၏။
"ဒါက ပိုပြီး သန်မာလာဖို့အတွက် ပေးရတဲ့ တန်ဖိုးပဲ"
ဝမ်ထောင်က ပြတင်းပေါက်အပြင်ဘက်သို့ ကြည့်လိုက်ရာ သူ၏ လေသံတွင် ပင်ပန်းနွမ်းနယ်ရိပ် အနည်းငယ် ပါဝင်နေသည်။
သူကိုယ်တိုင် ထိုတန်ဖိုးကို ပေးဆောင်ရန် မလိုသော်လည်း ထိုအကြောင်းပြချက်ဖြင့် သူ့ကို သူ အနည်းငယ်ဟန်ကိုယ်ဖို့ ပြသခြင်းမျိုးကိုတော့ လုပ်ပြရပေလိမ့်မည်။
အနီးနားရှိ စစ်သားများသည် သူ့အပေါ် လေးစားကြည်ညိုစိတ်များ ရုတ်တရက် ဖြစ်ပေါ်လာကြလေသည်။
"ဒါဆို စွမ်းရည်တစ်ခု ရယူဖို့ မရယူဖို့က တကယ်ပဲ စဉ်းစားဖို့ လိုအပ်တာပေါ့"
ချန်ကျွမ်းက ရေရွတ်လိုက်၏။
"အဲဒီလောက်အထိတော့ မဟုတ်ပါဘူး။ အခွင့်အရေး ရှိရင် စွမ်းရည်ရှင်တစ်ယောက် ဖြစ်လာတာက အမြဲတမ်း ကောင်းပါတယ်။အရေးကြီးတဲ့အချက်က ပိုပြီး သန်မာလာဖို့ တန်ဖိုးတစ်ခု ပေးရမယ်ဆိုတာကို အမြဲတမ်း နားလည်ထားရမယ်။ ဒါ့အပြင် စွမ်းရည်တွေဆိုတာ မင်း အလိုရှိတိုင်း ရနိုင်တဲ့ အရာမဟုတ်ဘူး။ မင်းတို့လည်း စမ်းသပ်ပြီး ကျရှုံးခဲ့တာ မဟုတ်ဘူးလား"
"မင်း ပြောတာ အဓိပ္ပာယ်ရှိတယ်..."
"အော် ဟုတ်သားပဲ၊ ပြောဖို့ မေ့သွားတယ်။ ဇွန်ဘီအမြုတေ ပေါင်းစပ်ခြင်း ကျရှုံးခဲ့ရင်တောင် အညစ်အကြေးတွေက ခန္ဓာကိုယ်ထဲမှာ စုပုံနေဦးမှာပဲ"
"ဘုရားရေ၊ ငါ အဲဒါကို မသုံးခဲ့မိတာ ကံကောင်းတာပဲ။ ဒါပေမဲ့ သုံးခဲ့တဲ့ လူတွေကော အန္တရာယ်ရှိနိုင်မလား။ သူတို့က ဇွန်ဘီအမြုတေတွေကို စားခဲ့ပေမဲ့ ဘာစွမ်းရည်မှ မရခဲ့ဘူး..."
ချန်ကျွမ်းနှင့် စစ်သားများသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး သူတို့၏ မျက်လုံးများထဲတွင် စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေလေသည်။
ဝမ်ထောင်က ရှင်းပြလိုက်၏။
"လောလောဆယ်တော့ အဆင်ပြေပါတယ်။ အများကြီး စားမိရင်တော့ ပြဿနာတွေ ရှိလာနိုင်တယ်"
"ဒါဆိုရင်တော့ ကောင်းတာပေါ့"
ချန်ကျွမ်းက သက်ပြင်းတစ်ချက် ချလိုက်ပြီးနောက် ထပ်ပြောလိုက်သည်။
"ဒါပေမဲ့ ဇွန်ဘီအမြုတေကို စားပြီး စွမ်းရည်ရနိုင်တဲ့ အောင်မြင်နှုန်းက အရမ်းနည်းပုံရတယ်။ ငါတို့လူ သုံးယောက် စမ်းသပ်ခဲ့တာ တစ်ယောက်မှ မအောင်မြင်ဘူး..."
"..."
ဝမ်ထောင်သည် ထိုကံဆိုးသူ သုံးယောက် ပေါင်းစပ်ခဲ့သည့် အမြုတေများအားလုံးသည် အောင်မြင်နှုန်း ၅၀ ရာခိုင်နှုန်းအောက် ရှိသော အရာများ ဖြစ်လိမ့်မည်ဟု သံသယဝင်လိုက်မိသည်။
သို့သော် စမ်းသပ်မှုများအတွက် အမြုတေ သုံးခု ထုတ်ပေးနိုင်သည်ဟူသော အချက်သည် သူတို့၏ လက်ထဲတွင် အခြားအမြုတေများစွာ ရှိနေနိုင်သည်ဟု ဆိုလိုခြင်း ဖြစ်၏။
ကော်မတီဝင်တစ်ယောက် ဖြစ်လာပြီးနောက် သူသည်လည်း ထိုအမြုတေများကို သုံးစွဲနိုင်သင့်သည် မဟုတ်ပါလား။
ဝမ်ထောင်က စိတ်ထဲတွင် လျှို့ဝှက် တွေးတောလိုက်သည်။
ဝမ်ထောင် ကော်မတီဝင် ဖြစ်လာမည့် ကိစ္စနှင့် ပတ်သက်၍ ဝေကျန့်ကော်က သူခဏပြန်နိုးလာချိန်၌ လက်ရှိတွင် ကော်မတီဝင်အချို့ အပြင်ထွက်နေကြသဖြင့် သူတစ်ယောက်တည်း ဆုံးဖြတ်ချက် မချနိုင်ကြောင်း ပြောကြားခဲ့၏။ လူတိုင်း ပြန်လာသောအခါမှ သူတို့သည် ဝမ်ထောင်နှင့်အတူ အသေးစိတ်အချက်အလက်များကို ဆွေးနွေးကြလိမ့်မည်။ အကယ်၍ ဝမ်ထောင်တွင် ကန့်ကွက်စရာ မရှိပါက သူသည် စခန်းကော်မတီ၏ အဖွဲ့ဝင်တစ်ဦး တိုက်ရိုက် ဖြစ်လာမည် ဖြစ်သည်။
ဝမ်ထောင်သည် စခန်းရှိ ကော်မတီဝင် ခုနစ်ဦးအနက် လျှပ်စစ်ပိုင်းကို နားလည်သော ကော်မတီဝင်လျူနှင့် ဝန်ထမ်းရေးရာကို စီမံခန့်ခွဲသော ကော်မတီဝင်ကျိုးတို့မှလွဲ၍ ကျန်ငါးဦးစလုံးသည် ပစ္စည်းများ ရှာဖွေရန် အပြင်ထွက်ကြကြောင်း ထိုအချိန်မှသာ သိရှိခဲ့ရသည်။
ဒါက သူတို့က လုံးဝ အတ္တကင်းမဲ့ကြသည်ဟု ဆိုလိုခြင်း မဟုတ်ပေ။
ဝေကျန့်ကော်က ဝမ်ထောင်ကို ပွင့်ပွင့်လင်းလင်း ပြောပြခဲ့၏။ သူတို့ ပစ္စည်းများ ရှာဖွေရန် ရွေးချယ်ရခြင်းမှာ တစ်ဖက်က စခန်း၏ အကျိုးအတွက် ဖြစ်ပြီး တစ်ဖက်က အကျိုးပြုအမှတ်များ စုဆောင်းရန် ဖြစ်သော်လည်း ဇွန်ဘီများကို သတ်ခြင်းက သူတို့၏ အစွမ်းအစကို မြှင့်တင်ပေးနိုင်သောကြောင့်လည်း ဖြစ်သည်။
ဝေကျန့်ကော်နှင့် အခြားလူများသည် သွေးဘားတန်းများကို မမြင်နိုင်သော်လည်း သူတို့၏ သွေးပမာဏသည် ဇွန်ဘီများကို သတ်ခြင်းဖြင့် တိုးလာဦးမည်သာ ဖြစ်သည်။ အထူးသဖြင့် သွေးပမာဏက ရာဂဏန်းအပြည့်သို့ ရောက်ရှိသွားသောအခါ ရုပ်ပိုင်းဆိုင်ရာတိုးတက်မှု ဖြစ်စဉ်ကို သိသိသာသာ ခံစားရ၏။
သူတို့သည် သတ်ရန်အတွက် ဇွန်ဘီများကို တကူးတက လိုက်ရှာချင်မှ ရှာကြလိမ့်မည် ဖြစ်သော်လည်း သူတို့၏ လမ်းခရီးကို ပိတ်ဆို့ထားသည့် မည်သည့်ဇွန်ဘီကိုမဆို သေချာပေါက် အရေးယူကြလိမ့်မည်။ ပိုမိုသန်မာလာခြင်းနှင့် စခန်းအတွက် အကျိုးကျေးဇူးများ ဆောင်ကြဉ်းပေးခြင်းကို တစ်ပြိုင်နက်တည်း လုပ်ဆောင်နိုင်သည်။
ထို့အပြင် ဝေကျန့်ကော်သည် ကမ္ဘာပျက်ကပ်တွင် အစွမ်းအစသည် ရှင်သန်ခြင်း၏အခြေခံအုတ်မြစ် ဖြစ်ကြောင်း၊ အစွမ်းအစ မရှိဘဲနှင့် လေးစားမှုကို မရရှိနိုင်ကြောင်း ကောင်းစွာ သိရှိထား၏။
သူတို့တွင် သေနတ်များ ရှိသော်လည်း ကျည်ဆန်များကတော့ တစ်နေ့တွင် ကုန်ဆုံးသွားမည်သာ ဖြစ်သည်။
အကယ်၍ ကျည်ဆန်များ ကုန်ဆုံးသွားသည့် အချိန်တွင် သူတို့ကိုယ်တိုင်၌ လုံးဝဥဿုံ သန်မာမှု မရှိပါက တစ်စုံတစ်ယောက်က သူ့ကို ဖြုတ်ချပြီး နေရာလုရန် ကြိုးစားလာလိမ့်မည်ကို သူ သေချာပေါက် သိနေသည်။
ထို့ကြောင့် မိမိ၏ အစွမ်းအစကို မြှင့်တင်ရန်မှာ အရေးကြီးလှ၏။ ဝေကျန့်ကော်သည် ကော်မတီဝင်တစ်ဦး ဖြစ်သည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ သူသည် ပစ္စည်းများ ရှာဖွေရန် အပြင်ထွက်မည်ဖြစ်ပြီး လမ်းခရီး၌ ဇွန်ဘီများကို အမဲလိုက်မည် ဖြစ်သည်။
ဝမ်ထောင်က အလွန် သဘောတူမိသည်။ ကမ္ဘာပျက်ကပ်တွင် အစွမ်းအစသည် အရာအားလုံး ဖြစ်ပြီး ကျန်အရာအားလုံးက ဒုတိယနေရာတွင်သာ ရှိ၏။
ဝေကျန့်ကော် ပြန်လည် အိပ်ပျော်သွားပြီးနောက် ဝမ်ထောင်သည် ချန်ကျွမ်းနှင့် ခဏမျှ ထပ်မံ စကားပြောပြီးမှ ထွက်ခွာခဲ့သည်။
တကယ်တော့ သူသည် အချက်အလက်များ ပိုမိုစုဆောင်းလိုသော်လည်း ကံမကောင်းစွာဖြင့် ဤဆရာဝန်ချန်က သူ့ကို လေ့လာရန်သာ အမြဲတွေးနေသဖြင့် ဝမ်ထောင်ကို အလွန် စိတ်မသက်မသာ ဖြစ်စေသောကြောင့် လောလောဆယ် ဆုတ်ခွာခဲ့ရခြင်း ဖြစ်လေသည်။
သူ မထွက်ခွာမီ ချန်ကျွမ်းက ဝမ်ထောင်ကို ထိုညနေခင်းရှိ ကြိုဆိုပွဲအခမ်းအနားသို့ တက်ရောက်ရန် တိုက်တွန်းခဲ့ပြီး သူသည် စခန်းရှိ မိန်းကလေးများကြားတွင် သေချာပေါက် ရေပန်းစားလိမ့်မည် ဖြစ်ကြောင်း၊ အကယ်၍ လူပျိုဖြစ်ပါက အဖော်တစ်ယောက် ရှာဖွေထားခြင်းက ပိုကောင်းကြောင်း ပြောခဲ့၏။
ဝမ်ထောင်က စကားမဲ့စွာဖြင့် ခေါင်းခါလိုက်သည်။ သူက အဲဒီလို လူမျိုးလား။
သို့သော် သူသည် ထိုညနေခင်းတွင် သွားရန် စီစဉ်ထားဆဲ ဖြစ်သည်။ မိန်းကလေးများကြောင့် မဟုတ်ဘဲ အဓိကအားဖြင့် စခန်းရှိ အခြားလူများနှင့် သိကျွမ်းရန် ဖြစ်လေသည်။
မွန်းလွဲပိုင်းတွင် ဝမ်ထောင်သည် ပစ္စည်းများ ရှာဖွေရန် အလျင်စလို မထွက်ခဲ့ပေ။ ယင်းအစား သူသည် အခြေအနေအရပ်ရပ်ကို သိရှိစေရန် စခန်းပတ်ပတ်လည်တွင် လှည့်လည်သွားလာခဲ့ပြီး အစားအစာကူပွန်များကို သုံးကာ အစားအစာတစ်နပ်နှင့် လဲလှယ်ခဲ့သည်။ အစားအစာ၏ အရည်အသွေးကတော့... စား၍ရရုံပဲဟုသာ ဖော်ပြနိုင်သည်။
ညနေပိုင်းတွင် မိုးတိတ်သွား၏။
ဘက်စုံသုံးအဆောက်အအုံ ပြင်ပရှိ ရင်ပြင်တွင် လူနှစ်ရာကျော် အတူတူ စုဝေးနေကြရာ အတော်လေး အထင်ကြီးစရာ ကောင်းပုံရသည်။ အထူးသဖြင့် ဝမ်ထောင်သည် တစ်လခန့် လူအများကို မမြင်ခဲ့ရသဖြင့် တစ်ပြိုင်နက်တည်း လူအများကြီး မြင်တွေ့ရခြင်းက သူ့ကို "လူ့လောက" ၏ ခံစားချက်ကို ပေးစွမ်းလေသည်။
သို့သော် ဝမ်ထောင်၏ အကြည့်က ထိုလူများအပေါ်တွင် ကြာရှည်စွာ မတည်ရှိခဲ့ပေ။ သူက စခန်း၏ ပတ်လည်နယ်နိမိတ်တွင် ရှိသော မီးလင်းနေသည့် အရာများကို ကြည့်ရင်း အတော်လေး အံ့ဩမိသွား၏။
သူသည် ယခင်က အကယ်၍ သူကိုယ်တိုင် အသက်ရှင်ကျန်ရစ်သူ စခန်းတစ်ခု တည်ထောင်မည်ဆိုပါက ဇွန်ဘီများ မဝင်ရောက်နိုင်အောင် မည်သို့ ကာကွယ်မည်ကို စဉ်းစားဖူးသည်။ အရိုးရှင်းဆုံး နည်းလမ်းမှာ နံရံများ တည်ဆောက်ခြင်း ဖြစ်သင့်၏။
ကမ္ဘာပျက်ကပ် အစောပိုင်းတွင် နံရံများသည် ဇွန်ဘီများကို သေချာပေါက် တားဆီးနိုင်သည်။ ဒါပေမဲ့ ကမ္ဘာပျက်ကပ် တစ်လအကြာတွင် နံရံများသည် အလွန် ထိရောက်မှု မရှိတော့ပေ— သို့မဟုတ် နိမ့်သော နံရံများက မထိရောက်တော့ပေ— အဘယ်ကြောင့်ဆိုသော် နံရံကို တက်နိုင်သည့် ဇွန်ဘီများ ပေါ်လာသောကြောင့် ဖြစ်သည်။
ပိုမိုမြင့်မားပြီး ပိုမိုကြီးမားသော နံရံများကို တည်ဆောက်ခြင်းက သူတို့ကို ပိတ်ဆို့နိုင်ရမည် ဖြစ်သော်လည်း ထိုကဲ့သို့သော နံရံများကို တည်ဆောက်ရန် လူအင်အား အများကြီး လိုအပ်သည်။ သာမန် အသက်ရှင်ကျန်ရစ်သူ စခန်းများ၊ ဤရွှေကျဲစခန်း အပါအဝင် အခြေခံအဆောက်အအုံစီမံကိန်းများအတွက် လူအင်အား လုံလောက်စွာ မရှိကြပေ။
ထို့နောက် ဝမ်ထောင်က ဇွန်ဘီများသည် မီးကို ကြောက်ကြသဖြင့် အကယ်၍ အသက်ရှင်ကျန်ရစ်သူ စခန်း၏ ပတ်ပတ်လည်ကို မီးများဖြင့် ဝန်းရံထားပါက ဇွန်ဘီများ လာတော့မည် မဟုတ်ကြောင်း တွေးမိခဲ့သည်။
ဝမ်ထောင်သည် ဤအကြံဉာဏ်က ဖြစ်နိုင်ခြေရှိသည်ဟု ခံစားရသော်လည်း စမ်းသပ်ရန် အခွင့်အရေး မရှိခဲ့ပေ။
ယခုမူ ရွှေကျဲစခန်းက ထိုအရာကို ကွက်တိ လုပ်ဆောင်နေသည်ကို သူ မြင်တွေ့ရလေပြီ။
ဝမ်ထောင် ရောက်ရှိလာစဉ်က ရွှေကျဲစခန်း၏ ဝင်ပေါက်တွင် မီးလောင်ကျွမ်းထားသည့် အမှတ်အသားများ ရှိသော သံပုံးအများကြီးကို သူ သတိပြုမိခဲ့သည်။ ယခု ညအချိန် ရောက်လာသောအခါ ထိုသံပုံးများထဲတွင် မီးများ ညှိထားကြပြီး နံရံအချို့ပေါ်တွင်လည်း မီးတောက်များ လောင်ကျွမ်းနေ၏— စခန်းတစ်ခုလုံး မီးဖြင့် ဝန်းရံထားပုံရသည်။
စခန်း၏ အပြင်ဘက်တွင် ဇွန်ဘီအချို့သည် အလင်းရောင်ကို အာရုံခံမိသဖြင့် မသိစိတ်အလျောက် ချဉ်းကပ်လာချင်ကြသော်လည်း မီးတောက်များ၏ အပူရှိန်ကြောင့် ပြန်ဆုတ်သွားကြသည်။ သူတို့က ရှေ့သို့ မတိုးရဲကြဘဲ ဝေးကွာသော နေရာမှသာ ဟိန်းဟောက်နိုင်ကြလေသည်။
"ဟေး"
ချန်ကျွမ်းက ဝမ်ထောင်၏ ပုခုံးကို ပုတ်လိုက်၏။
"ဒီမီးတွေက တော်တော်လေး ကောင်းတယ် မဟုတ်လား။ ဇွန်ဘီတွေက မီးကို ကြောက်တယ်ဆိုတာ ငါတို့ မတော်တဆ သိရှိသွားတဲ့အခါ စခန်းကို မီးတောက်တွေနဲ့ ဝန်းရံထားတဲ့ ဒီနည်းလမ်းကို စဉ်းစားမိခဲ့တာပဲ။ ရလဒ်အနေနဲ့ ဒါက အရမ်း ပညာရှိတဲ့ ဆုံးဖြတ်ချက်တစ်ခု ဖြစ်ခဲ့တယ်။ မီးဆီက ထွက်တဲ့ အလင်းရောင်က ဇွန်ဘီတွေကို ဆွဲဆောင်လိမ့်မယ်လို့ မထင်နဲ့— အချို့ကို ဆွဲဆောင်နိုင်ပေမဲ့ သူတို့က ဒီဘက်ကို မလာရဲကြဘဲ မိုးလင်းတဲ့အခါ သဘာဝကျကျ ထွက်ခွာသွားကြလိမ့်မယ်။ မင်းလည်း သိတဲ့အတိုင်း ဇွန်ဘီတွေက ညဘက်မှာ ထူးထူးခြားခြား တက်ကြွကြတယ်။ အကယ်၍ ငါတို့ ဒါကို မလုပ်ခဲ့ရင် ငါတို့စခန်းရဲ့ နံရံတွေက သူတို့ကို တားဆီးနိုင်မှာ မဟုတ်ဘူး၊ အခုဆို နံရံတက်နိုင်တဲ့ 'ရူးသွပ်မိဇွန်ဘီ' တွေအကြောင်းတော့ မပြောနဲ့တော့..."
ချန်ကျွမ်း၏ အတန်ငယ် ဂုဏ်ယူနေသော မျက်နှာထားကို ကြည့်ရင်း ဝမ်ထောင်က ဇွန်ဘီများသည် မီးကို ကြောက်ကြောင်း သူ သိနှင့်ပြီးသား ဖြစ်ပြီး သူတို့ကို ပိတ်ဆို့ရန် မီးကို သုံးဖို့ စဉ်းစားခဲ့ဖူးကြောင်း ပြောကာ စိတ်အနှောင့်အယှက် မဖြစ်စေချင်တော့ပေ။
"ဒါက တကယ်ပဲ အထင်ကြီးစရာ ကောင်းပါတယ်"
ဝမ်ထောင်က ချီးကျူးလိုက်၏။
သူ၏ ချီးကျူးမှုကို ချန်ကျွမ်းက အလွန် သဘောကျသွားသည်။
ထိုအချိန်တွင် အမည်းရောင်ရဲဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦး ဝမ်ထောင်၏ ဘေးတွင် ပေါ်လာ၏။
"အယ်.. နင်က... ဒီနေ့လာတဲ့ လူသစ်လား"
ချန်ကျွမ်းသည် ဟန်ရွှေကို မြင်လိုက်ရသဖြင့် အံ့ဩသွားသည်။ သူ၏ မှတ်ဉာဏ်ထဲတွင် စခန်း၌ ထိုကဲ့သို့သော အမျိုးသမီးရဲအရာရှိ မရှိခဲ့ပေ။
"မင်္ဂလာပါ၊ ငါ့နာမည် ဟန်ရွှေ ပါ။ ငါ ဒီနေ့ မစ္စတာဝမ်ထောင်နဲ့အတူ စခန်းကို ရောက်လာတာပါ"
ဟန်ရွှေက ချန်ကျွမ်းနှင့် ပွင့်ပွင့်လင်းလင်း လက်ဆွဲနှုတ်ဆက်လိုက်သည်။
"မင်းတို့ အတူတူ လာကြတာလား။ ဇနီးမောင်နှံတွေလား"
ချန်ကျွမ်းက ဝမ်ထောင်နှင့် ဟန်ရွှေကို ကြည့်ရင်း သူတို့က လိုက်ဖက်ညီသည်ဟု တွေးမိ၏။
"မင်း နားလည်မှုလွဲသွားပြီ၊ ငါတို့က လမ်းမှာ ဆုံခဲ့ကြတာပဲ။ ဟန်ရွှေရဲ့ ခင်ပွန်းကလည်း ငါတို့စခန်းက လူတစ်ယောက် ဖြစ်ပုံရတယ်"
ဝမ်ထောင်က ဦးစီးဦးဆောင်ပြုကာ ရှင်းပြလိုက်သည်။
"အော်.. တောင်းပန်ပါတယ်၊ ငါ မှားသွားတယ်"
ချန်ကျွမ်းသည် သူ အမှားတစ်ခု လုပ်မိသွားကြောင်း သဘောပေါက်ပြီး အမြန် တောင်းပန်လိုက်၏။
ဟန်ရွှေက ဝမ်ထောင်ကို ပထမဆုံး အားနာသလို ပြုံးပြလိုက်ပြီးနောက် သူမ၏ မျက်နှာတွင် စိုးရိမ်ပူပန်မှုရိပ်များ ပေါ်လာလေသည်။
"ကျွန်မယောက်ျားက... အခုထိ ပြန်မလာသေးဘူး..."
.............