← Chapters

အခန်း (၈၄-၈၅)

Vol. 8 Ch. 84-85

အခန်း (၈၄-၈၅)

Vol. 8 Ch. 84-85

အခန်း (၈၄) - ရှန်းဟုန်ပင်း

"ငါ စိတ်မကောင်းပါဘူးကွာ"

ဝမ်ထောင် အနည်းငယ် အနေခက်သွားသလို ခံစားလိုက်ရ၏။

သူသည် ချန်ကျွမ်းကို စနောက်ရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သော်လည်း သူ သတ်ခဲ့သော အမျိုးသမီးဇွန်ဘီမှာ ချန်ကျွမ်း၏ စေ့စပ်ထားသူ ဖြစ်နေလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။ ဝမ်ထောင်သည် စီးကရက်တစ်လိပ်ကို ထုတ်ကာ ချန်ကျွမ်းထံသို့ ကမ်းပေးပြီး မီးညှိပေးလိုက်သည်။

" ရပါတယ်။ သူမနဲ့ အဆက်အသွယ် ပြတ်သွားကတည်းက ငါ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားပြီးသားပါ..၊ အမှန်တော့ သူမနဲ့ ငါနဲ့က အချစ်တွေ အများကြီး ရှိခဲ့တာ မဟုတ်ပါဘူး။ နှစ်သစ်ကူး မတိုင်ခင်တုန်းက တွေ့ဆုံပွဲကနေ သိခဲ့ကြတာ"

ချန်ကျွမ်းက စီးကရက်ကို ယူပြီး ပြင်းပြင်းရှုလိုက်၏။

"ငါတို့ကြားမှာ သံယောဇဉ် အများကြီး မရှိခဲ့ဘူးပဲ ပြောရမှာပေါ့ ။ ငါ့အသက်က ၃၃ နှစ်၊ သူမအသက်က ၃၀ နှစ်၊ နှစ်ယောက်စလုံးက လူပျိုလူလွတ်တွေ ဖြစ်နေပြီး အချင်းချင်းလည်း မမုန်းကြတာနဲ့ ဖူးစာဆုံခဲ့ကြတာပေါ့၊ ဒါပါပဲ။ လာမယ့်လ ဇွန်လထဲမှာ လက်ထပ်ဖို့ စီစဉ်ထားတာ။ သူမက သမီးလေးတစ်ယောက် လိုချင်တယ်လို့ ပြောဖူးတယ်၊ အသက်ကြီးမှ ကလေးယူရင် မကောင်းဘူးတဲ့လေ။ ငါလည်း သမီးလေးတွေကို သဘောကျပါတယ်၊ ဒါပေမဲ့ ငါက ကလေးနှစ်ယောက် လိုချင်တာ၊ အကောင်းဆုံးကတော့ သားတစ်ယောက် သမီးတစ်ယောက်ပေါ့။ ဒါပေမဲ့ သူမ ဆန္ဒကို ငါ လေးစားတယ်လေ၊ တကယ်လို့ သူမ မလိုချင်ရင်လည်း ငါတို့ မယူဖြစ်တော့ဘူး... ကမ္ဘာပျက်ကပ် မတိုင်ခင်တုန်းက ငါက ဆေးရုံမှရာနေပြီး သူမက ဆေးခန်းမှာနေတာ။ မနက်ခင်း ဖုန်းခေါ်ပြီးတာနဲ့ ဇွန်ဘီဗိုင်းရပ်စ် စပြီး ပျံ့နှံ့တော့တာပဲ။ ငါ သူမဆီ ပြန်ဆက်သွယ်ဖို့ ကြိုးစားပေမဲ့ ဘယ်လိုမှ ဆက်သွယ်လို့ မရတော့ဘူး..."

ဤနေရာသို့ ရောက်သောအခါ ချန်ကျွမ်းသည် ဝမ်ထောင်ထံမှ မျက်နှာကို ရုတ်တရက် လွှဲလိုက်ပြီး ပြော၏။

"ငါ လုပ်စရာ ရှိတာ ရုတ်တရက် သတိရလာလို့။ မင်း အရင်သွားပြီး အကျိုးပြုမှတ်တွေ သွားလဲလိုက်ဦး"

"ကောင်းပြီလေ"

ဝမ်ထောင်က မတ်တတ်ထရပ်ကာ ချန်ကျွမ်း၏ ပုခုံးကို နောက်ကနေ ပုတ်ပေးလိုက်ပြီး တန်းတန်းမတ်မတ် ထွက်ခွာခဲ့သည်။

ဝမ်ထောင် ထွက်သွားပြီးနောက် ချန်ကျွမ်းသည် ကြမ်းပြင်ပေါ်တွင် တဖြည်းဖြည်း ထိုင်ချလိုက်ပြီး သူ၏ မျက်လုံးများမှာ နီရဲနေလေသည်။

"ရှောင်ရုံ၊ ငါက အသုံးမကျတဲ့ကောင်ပါ..."

...ဝမ်ထောင်သည် စာရင်းပေါ်ရှိ ဆေးဝါးများကို ကြည့်ရင်း ချန်ကျွမ်း စောစောက ရှင်းပြခဲ့သော အသုံးဝင်ပုံများကို ပြန်လည် စဉ်းစားလိုက်၏။ မိမိအတွက် အသုံးဝင်လိမ့်မည်ဟု ထင်သော ဆေးဝါးများကို ချန်ထားပြီး ကျန်ရှိသောအရာများကိုမူ အကျိုးပြုမှတ်များနှင့် လဲလှယ်ရန် အပ်နှံဖို့ ရွေးချယ်လိုက်သည်။

"မစ္စတာဝမ်၊ ပြန်လာပြီလား"

အရင်းအမြစ်ဌာနမှ ကောချောင်သည် မြွေရေခွံအိတ်တစ်အိတ်ကို သယ်ဆောင်လာသော ဝမ်ထောင်ကို မြင်သောအခါ ရိုရိုသေသေဖြင့် ချက်ချင်း ပြေးလာ၏။

ဝမ်ထောင်အပြင် ဤနေရာ၌ အခြားလူအချို့လည်း ရှိနေကြပြီး ၎င်းတို့၏ ဝတ်စားဆင်ယင်မှုကို ကြည့်ရုံဖြင့် အမဲလိုက်သမားများ ဖြစ်ကြောင်း သိနိုင်သည်။ ၎င်းတို့သည် ဝမ်ထောင်ကို မြင်သောအခါ အနည်းငယ် အံ့ဩသွားကြ၏။

အမှန်တော့ ဝမ်ထောင်၏ ခန္ဓာကိုယ် တည်ဆောက်ပုံမှာ အမြင်အားဖြင့် အလွန် ထင်ရှားလွန်းလှသည်။ သူ တံခါးဝတွင် ရပ်နေချိန်၌ အခန်းတွင်းရှိ အလင်းရောင်ပင် ကွယ်သွားရ၏။

ဝမ်ထောင်က အိတ်ကို ကြမ်းပြင်ပေါ်သို့ ချလိုက်ပြီး ပြုံးလျက် ပြောသည်။

"ဒါတွေက အကျိုးပြုမှတ် ဘယ်လောက် ရမလဲ ကြည့်ပေးပါဦး"

"စိတ်ချပါဗျာ"

ကောချောင်က အိတ်ကို လျင်မြန်စွာ ဖွင့်လိုက်၏။ မူလက ရိက္ခာအိတ်ဟု ထင်ခဲ့သော်လည်း အတွင်းရှိ အရာများကို မြင်သောအခါ သူက အံ့ဩတုန်လှုပ်စွာ အော်ဟစ်လိုက်မိသည်။

"ဘုရားရေ၊ ဆေးဝါးတွေ ဒီလောက်တောင် အများကြီးလား"

အခြားလူများသည် ထိုအသံကို ကြားသဖြင့် လှည့်ကြည့်ကြရာ ဆေးဝါးများဖြင့် ပြည့်နှက်နေသော အိတ်ကို မြင်သောအခါ အားလုံးက မယုံကြည်နိုင် ဖြစ်သွားကြ၏။

"တောက်... အစ်ကိုကြီး၊ မင်းက တကယ် တော်တာပဲ။ ဆေးဝါးတွေ ဒီလောက်အများကြီး ရလာခဲ့တာလား"

၎င်းတို့ထဲမှ တစ်ယောက်က မသိစိတ်ကြောင့် လွှတ်ခနဲ ပြောလိုက်မိသည်။

"ဟင်၊ ဒါက အများကြီး ဟုတ်လို့လား"

ဝမ်ထောင်က အနည်းငယ် ဝေခွဲမရ ဖြစ်သွားပြီး ၎င်းက အမှန်အတိုင်းပင် ဖြစ်၏။ ဆေးခန်းတစ်ခုတွင် ဆေးဝါးများစွာ ရှိသင့်သည် မဟုတ်ပါလော။ သူသည် အခြားလူများ ချန်ထားခဲ့သော ဆေးဝါးများကိုသာ ကောက်ယူခဲ့ခြင်း ဖြစ်သဖြင့် ဤမျှသာ ရှိခြင်း ဖြစ်သည်။ ထို့ပြင် သူသည် မိမိအတွက်လည်း အစိတ်အပိုင်းအချို့ကို ချန်ထားခဲ့သေး၏။

ထိုလူစုမှာ ဝမ်ထောင်၏ စကားကြောင့် ဆွံ့အသွားကြပြီး သူက ကြွားဝါနေခြင်း ဟုတ်မဟုတ်ကိုမူ မသေချာကြပေ။

ဆေးဝါးများကို ရေတွက်နေသော ကောချောင်က လျင်မြန်စွာပင် ပြောလိုက်သည်။

"မစ္စတာဝမ်ထောင်က ကျွန်တော်တို့ စခန်းကို ရောက်တာ သုံးရက်ပဲ ရှိသေးလို့ အများကြီး မသိသေးတာပါဗျာ"

"ဒါကြောင့်ကိုး။ ငါလည်း စခန်းထဲမှာ မင်းကို မမြင်ဖူးပါဘူးလို့ တွေးနေတာ"

ထိုလူစုသည် အခြေအနေကို နားလည်သွားကြပြီး ၎င်းတို့ထဲမှ တစ်ယောက်က ရှင်းပြ၏။

"ဒါက ဆေးဝါး တော်တော် အများကြီးပဲဗျ။ ကျွန်တော်တို့ ရိက္ခာရှာထွက်တဲ့အခါ စခန်းကို ဗဟိုပြုပြီး စက်ဝိုင်းပုံစံ အပြင်ဘက်ကို တဖြည်းဖြည်း တိုးချဲ့ရှာရတာ။ အနီးနားက ဆေးခန်းတွေနဲ့ ဆေးဆိုင်တွေကတော့ ပြောင်သလင်းခါနေတာ ကြာပြီ။ ဒီလောက်အထိ ဆေးဝါးတွေ ကျန်နေဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ မင်းက တော်တော် ဝေးဝေးက ဆေးဆိုင် ဒါမှမဟုတ် ဆေးခန်းကို သွားခဲ့တာ ဖြစ်ရမယ် မဟုတ်လား"

ဝမ်ထောင်သည် အခြားလူများ ရိက္ခာရှာဖွေသည့်အခါ စက်ဝိုင်းပုံစံ တိုးချဲ့သွားကြကြောင်း သိလိုက်ရသည်။ သူကမူ ထိုသို့မဟုတ်ဘဲ တည်နေရာတစ်ခုကို တိုက်ရိုက် သတ်မှတ်ကာ ကားမောင်းသွားခြင်း ဖြစ်၏။

"ဒီလိုကိုး... ဒါက ပိုရွေ့ဆေးခန်းကနေ ရလာတာပါ"

ဝမ်ထောင်က ဖုံးကွယ်မထားပေ။

"အမလေး၊ အဲဒီလောက်အထိ ဝေးဝေး သွားခဲ့တာလား"

"ပိုရွေ့ဆေးခန်းဆိုတာ ကျွန်တော်တို့ စခန်းနဲ့ နှစ်ကီလိုမီတာ ဒါမှမဟုတ် သုံးကီလိုမီတာလောက် ဝေးတာ မဟုတ်လား"

"အံ့ဩဖို့ ကောင်းလိုက်တာ"

၎င်းတို့အားလုံး အလွန် တုန်လှုပ်သွားကြပြီး ထိုမျှ ဝေးလံသော နေရာသို့ သွားရန် ၎င်းတို့ မရဲကြပေ။ ၎င်းတို့သည် မိမိကိုယ်မိမိ လျင်မြန်စွာ မိတ်ဆက်ကြ၏။

"ဟေး အစ်ကို၊ အချင်းချင်း မိတ်ဆက်ရအောင်ပါ။ ငါ့နာမည်က ဖန်ယွမ်ကုန်း..."

စွမ်းရည်ရှိသော လူများသည် မည်သည့်အချိန်တွင်မဆို အမြဲတမ်း အလေးထားခြင်း ခံရမည် ဖြစ်သည်။

"မင်္ဂလာပါ၊ ငါက ဝမ်ထောင်ပါ"

ရိုးရှင်းသော မိတ်ဆက်မှုအပြီးတွင် ၎င်းတို့ ထွက်ခွာသွားကြ၏။ ၎င်းတို့သည် အပြင်ဘက်တွင် တစ်နေ့လုံး ကုန်ဆုံးခဲ့ရသဖြင့် ကောင်းကောင်း အနားယူရန် လိုအပ်နေပြီ ဖြစ်သည်။

ဝမ်ထောင်သည် ခေတ္တမျှ ထပ်မံ စောင့်ဆိုင်းပြီးနောက် ကောချောင်က ဂဏန်းတွက်စက်ကို အသုံးပြုရင်း ပြောသည်။

"မစ္စတာဝမ်၊ ခင်ဗျားအပ်နှံခဲ့တဲ့ ဆေးဝါးတွေကို စုစုပေါင်း အကျိုးပြုမှတ် ၃၁၂၃၀ နဲ့ လဲလှယ်နိုင်ပါတယ်ဗျာ..."

"ဟင်၊ သုံးသောင်းကျော်တောင်လား"

ဝမ်ထောင်က အနည်းငယ် အံ့ဩသွား၏။

ဤပမာဏမှာ သူ စိတ်ကူးထားသည်ထက်ပင် ပို၍ များပြားနေသည်။

"ကျွန်တော်တို့ စခန်းရဲ့ ပစ္စည်းလဲလှယ်နှုန်းက အမြဲတမ်း ပြောင်းလဲနေတာပါ။ အရင်းအမြစ်တစ်ခုက ပိုပြီး ရှားပါးလေလေ၊ အကျိုးပြုမှတ် ပိုရလေလေပဲ။ခငိဗျား ယူလာတဲ့ ဆေးဝါးအချို့က လောလောဆယ် ကျွန်တော်တို့ အလိုအပ်ဆုံး ဖြစ်နေတဲ့ အရာတွေ ဖြစ်နေလို့ပါ... ဒါတွေအားလုံးကို အကျိုးပြုမှတ်တွေနဲ့ပဲ လဲလှယ်မလားဗျာ"

ကောချောင်က လျင်မြန်စွာ ရှင်းပြသည်။

"အေး၊ အကုန်လဲလိုက်မယ်"

ဝမ်ထောင်က ခေါင်းညိတ်လိုက်၏။

ကောချောင်သည် စနစ်ပေါ်တွင် လုပ်ဆောင်ချက်အချို့ကို ချက်ချင်း လုပ်ဆောင်လိုက်သည်။

"မစ္စတာဝမ်၊ ခေတ္တလောက် စောင့်ပေးပါဦးဗျာ။ စနစ်က အတည်ပြုပြီးတာနဲ့ အကျိုးပြုမှတ်တွေက ခငိဗျားရဲ့ အကောင့်ထဲကို ရောက်သွားပါလိမ့်မယ်"

ဆယ်မိနစ်ခန့် ကြာပြီးနောက် ဝမ်ထောင်၏ ဖုန်း တုန်ခါလာ၏။ သူက "ရွှေကျဲစခန်း" အက်ပ်ကို ဖွင့်ကြည့်လိုက်ရာ အမှတ်များ ရောက်ရှိလာကြောင်း ပြသနေသည်။ သူ၏ စုစုပေါင်း အကျိုးပြုမှတ်မှာ "၃၁၂၄၀/၃၁၃၇၀" ဖြစ်သွားခဲ့ပြီ ဖြစ်သည်။

အကျိုးပြုမှတ်များ ရှိလာပြီ ဖြစ်သဖြင့် ဝမ်ထောင်သည် ၎င်းတို့ကို စတင် အသုံးပြုတော့မည် ဖြစ်ပြီး သိမ်းဆည်းထားရန် အကြောင်းမရှိပေ။

လဲလှယ်၍ မရသော သေနတ်များနှင့် ဟန့်တားဆေးများမှလွဲ၍ အခြားအရာ အားလုံးကို ရရှိနိုင်သည်။ သို့သော် လဲလှယ်နိုင်သော ပစ္စည်းစာရင်းမှာ အလွန် မရှည်လျားပေ။ ကောချောင်က ၎င်းတို့တွင် လောလောဆယ် ဤမျှသာ ရှိသေးပြီး နောင်တွင် ပို၍ ထည့်သွင်းနိုင်ကြောင်း ပြောပြသည်။

ထို့ကြောင့် ဝမ်ထောင်သည် ကြွေပြားပါဝင်သောခန္ဓာကိုယ်ကာကွယ်ရေးဝတ်စုံ သုံးစုံ၊ စွမ်းအားမြင့်ဝေါ်ကီတော်ကီ တစ်လုံးနှင့် မီးသတ်ပုဆိန် အနည်းငယ်ကို လဲလှယ်လိုက်၏။

ခန္ဓာကိုယ်ကာကွယ်ရေးဝတ်စုံသည် တိုက်ခိုက်မှုအချို့ကို ကာကွယ်နိုင်ရုံသာမက ပို၍ အရေးကြီးသည်မှာ လွင့်စင်လာသော ကျည်ဆန်များကို ကာကွယ်နိုင်ခြင်း ဖြစ်သည်။ လောလောဆယ် မည်သူမျှ ဝမ်ထောင်အပေါ် ရန်လိုခြင်း မရှိသော်လည်း နောင်တွင် ဤသို့ မဖြစ်နိုင်ဟု သူ အာမမခံနိုင်သဖြင့် ဘေးကင်းရန် ကြိုတင် ပြင်ဆင်ထားခြင်းက ပို၍ ကောင်းမွန်သည်။

စွမ်းအားမြင့်ဝေါ်ကီတော်ကီမှာမူ သူကိုယ်တိုင် အသုံးပြုရန် ဖြစ်ပြီး သူ၌ ရှိနေသောအဟောင်းများမှာ စွမ်းအားနိမ့်များ ဖြစ်ကြ၏။

မီးသတ်ပုဆိန်များအကြောင်းမူ ပြောနေရန် မလိုပေ။ ဝမ်ထောင်သည် ယခင်က ၎င်းတို့ကို ကိုယ်တိုင် ရှာဖွေနိုင်ခြင်း မရှိခဲ့ဘဲ ယခု အသုံးပြုနေသော အရာများမှာ စခန်းမှ လဲလှယ်ထားခြင်း ဖြစ်သည်။ ပုဆိန်အမြောက်အမြားကို ထပ်မံ မြင်တွေ့ရသဖြင့် သူက အားလုံးကို လဲလှယ်လိုက်၏။ ဝမ်ထောင်အတွက် ဤအရာများသည် သုံးနေကျပစ္စည်းများလို ဖြစ်နေကြပြီး တစ်ခု ပျက်စီးသွားပါက အပိုများ ရှိနေရမည် ဖြစ်သည်။ ထို့ပြင် ဝမ်ထောင်သည် ပုဆိန်ပစ်ပေါက်ခြင်းကို လေ့ကျင့်ချင်ပြီး သူ၏ လက်ရှိ ခွန်အားဖြင့် ပစ်ပေါက်ခြင်းနည်းစနစ်အချို့ကို မလေ့လာပါက ဖြုန်းတီးရာ ရောက်လိမ့်မည်။

အမှန်တော့ ဒူးလေး သို့မဟုတ် လေး ကဲ့သို့သော အဝေးပစ်လက်နက်များ ရှိနေပါက ပို၍ ကောင်းမွန်ပေမည် ။ အသုံးမပြုတတ်သည့်တိုင် သူ လေ့လာနိုင်၏။ အမှန်တော့ ၎င်းတို့သည် အသံတိတ်ပြီး သေနတ်များထက် အသေးစားတိုက်ပွဲများအတွက် ပို၍ သင့်တော်သည်။ သို့သော် ကံမကောင်းစွာဖြင့် ၎င်းတို့က လဲလှယ်နိုင်သော စာရင်းတွင် မရှိပေ။

၎င်းက ဖြစ်သင့်ပါ၏။ အမဲလိုက်သမားတစ်ဦးက ထိုကဲ့သို့သော အရာကို ရှာဖွေတွေ့ရှိပါက ၎င်းတို့သည် အပ်နှံခြင်း မပြုဘဲ မိမိအတွက်သာ သေချာပေါက် သိမ်းဆည်းထားမည် ဖြစ်သည်။

"နောက်မှ ငါ သတိထားပြီး ရှာကြည့်ရမယ်။ ရွှေကျဲခရိုင်လို ကြီးမားတဲ့ နေရာမျိုးမှာ ဒီလိုအရာတွေ ရှိနေသင့်တယ်..."

ဝမ်ထောင်သည် သူ၏ ပစ္စည်းများကို ယူကာ ထွက်ခွာတော့မည့် အချိန်တွင် ရုတ်တရက်—

ဒုန်း။ ဒုန်း။

စခန်း၏ အပြင်ဘက်မှ အသံနှစ်ချက် ထွက်ပေါ်လာသည်။

ဝမ်ထောင်က ကောချောင်ဘက်သို့ လှည့်ကာ မေးလိုက်၏။

"အပြင်က အသံကို ကြားလိုက်လား"

"ဟင်" ကောချောင်က မှင်သက်သွားသည်။

"ကျွန်တော် ဘာမှ မကြားမိပါဘူးဗျာ။ မိုးရွာသံပဲ ကြားရတယ်..."

ဝမ်ထောင်က ဘာမှ ထပ်မပြောဘဲ ပစ္စည်းများကို ယူကာ အပြင်သို့ ပြေးထွက်ခဲ့သည်။

ဘက်စုံသုံးအဆောက်အအုံသည် ဝင်ပေါက်နှင့် အနည်းငယ် ကွာဝေးသဖြင့် ဝမ်ထောင်သည် ကားမောင်းသွားခဲ့၏။ သူ ဝင်ပေါက်သို့ ရောက်သောအခါ စစ်သားတစ်စုသည် တည်ကြည်သော အမူအရာများဖြင့် ၎င်းတို့၏ သေနတ်များကို ပစ်ခတ်ပေါက်များမှတစ်ဆင့် ချိန်ရွယ်ထားသည်ကို မြင်လိုက်ရသည်။

ဝမ်ထောင်သည် မိုးထဲရေထဲ၌ ကားပေါ်မှ ဆင်းကာ လျင်မြန်စွာ မေးလိုက်၏။

"အပြင်မှာ ဘာဖြစ်လို့လဲ"

ဝမ်ထောင် ဖြစ်နေသည်ကို မြင်သောအခါ စစ်သားတစ်ယောက်က ကျယ်လောင်စွာ ပြန်ပြောသည်။

"စခန်းအပြင်ဘက်မှာ ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့တာ။ လောလောဆယ် အခြေအနေကို မသိရသေးဘူး"

ဤစကားကို ကြားသောအခါ ဝမ်ထောင်သည် မိမိ နားမကြားမှားခြင်း ဖြစ်ကြောင်း သိလိုက်ရပြီး အသံတစ်ခု အမှန်တကယ် ရှိနေခြင်း ဖြစ်၏။

"ဒိုင်း ဒိုင်း ဒိုင်း— ဒိုင်း ဒိုင်း ဒိုင်း— ဒုန်း"

ထိုအချိန်တွင်ပင် သေနတ်သံများနှင့် ပေါက်ကွဲသံများ အပြင်ဘက်မှ ထပ်မံ ထွက်ပေါ်လာပြန်သည်။

စစ်သားတစ်ယောက်က လျင်မြန်စွာ ပြောလိုက်၏။

"ဒါ ငါတို့လူတွေ ဖြစ်နိုင်တယ်"

လောလောဆယ် ဤနေရာ၌ ရိုင်ဖယ်သေနတ်များနှင့် စက်သေနတ်အသေးစားများကဲ့သို့သော သေနတ်များ ကိုင်ဆောင်ထားသူများမှာ ရွှေကျဲစခန်းမှ စစ်သားများသာ ဖြစ်ကြသည်။

ဝမ်ထောင်သည် ပတ်လည်တံတိုင်း၏ အစွန်းနားသို့ သွားပြီး ပစ်ခတ်ပေါက်တစ်ခုမှတစ်ဆင့် ကြည့်လိုက်ရာ အပြင်ဘက်တွင် ဇွန်ဘီများ မရှိဘဲ မိုးသည်းထန်စွာရွာသွန်းခြင်း၏ တဖွဲဖွဲကျသံသာ ရှိနေ၏။

မကြာမီ အခြားလူများလည်း ပြေးထွက်လာကြပြီး အများစုမှာ အမဲလိုက်သမားများနှင့် စစ်သားများ ဖြစ်ကြသည်။

ဟန်ရွှေလည်း ထိုနေရာ၌ ရှိနေပြီး သူမက ထီးတစ်လက်ဖြင့် ဝမ်ထောင်၏ ဘေးနားသို့ ရောက်လာ၏။

"ဘာဖြစ်နေလဲ သိလား"

"စောစောက အပြင်မှာ ပေါက်ကွဲမှုတစ်ခု ဖြစ်ပြီးတာနဲ့ သေနတ်သံတွေ ထွက်လာတာပဲ..."

ဝမ်ထောင်က အကျဉ်းချုပ် ရှင်းပြလိုက်သည်။

"သူတို့ မဟုတ်နိုင်ပါဘူးနော်..."

ဟန်ရွှေ၏ မျက်နှာပေါ်တွင် စိုးရိမ်ပူပန်သော အမူအရာတစ်ခု ပေါ်လာသည်။

"ဘယ်သူလဲ"

"ရှန်းဟုန်ပင်းနဲ့ သူ ဦးဆောင်တဲ့ အဖွဲ့လေ"

"သူကိုး..."

ရှန်းဟုန်ပင်းသည် စခန်း၏ ကော်မတီဝင် ခုနစ်ယောက်ထဲမှ တစ်ယောက် ဖြစ်သဖြင့် ဝမ်ထောင်သည် ထိုနာမည်ကို မှတ်မိနေသည်။ စီးပွားရေးလမ်းမတွင် ဇွန်ဘီများကို သေနတ်များဖြင့် ရှင်းလင်းပြီး ဟန်ရွှေ၏ ခင်ပွန်းအဖွဲ့ကို ကယ်တင်ခဲ့သော အဖွဲ့ကို ရှန်းဟုန်ပင်း ဦးဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ဝမ်ထောင် မကြာသေးမီက သိရှိခဲ့ရ၏။

"ငါ့ခင်ပွန်းလည်း သူတို့နဲ့ အတူ ရှိနေနိုင်တယ်..."

ဟန်ရွှေ၏ လက်သီးများမှာ တင်းတင်းဆုပ်ထားလျက် ရှိသည်။

ဝမ်ထောင်က ရုတ်တရက် တိုးတိုးလေး မေးလိုက်၏။

"မင်း အဲဒီဘက်က အခြေအနေကို ခံစားမိလား"

သူသည် ဟန်ရွှေ၏ စွမ်းရည်ကို သဘာဝအတိုင်း ရည်ညွှန်းခြင်း ဖြစ်သည်။

"မရဘူး၊ တော်တော် ဝေးလွန်းတယ်"

ဟန်ရွှေက ခေါင်းခါလိုက်ပြီး သူမက ကြိုးစားကြည့်ပြီး ဖြစ်၏။

သူမသည် အပြင်သို့ ထွက်၍ ကြည့်ရှုရန် သင့်မသင့် တွန့်ဆုတ်နေမိသည်။ အပြင်ဘက်တွင် လောလောဆယ် အန္တရာယ်များနေမည်မှာ သေချာသော်လည်း အမှန်တော့ သူမ၏ ခင်ပွန်းက ထိုနေရာ၌ ရှိနေနိုင်သည် မဟုတ်ပါလော... ထိုအချိန်တွင် စစ်သားတစ်ယောက် ပြေးလာပြီး အားလုံးကို ပြောလိုက်၏။

"ငါတို့ ဆက်သွယ်လို့ ရပြီ။ အပြင်မှာ ရှိနေတာ ကပ္ပတိန်ရှန်းရဲ့ အဖွဲ့ပဲ။ သူတို့ဆီကို မလာဖို့ ပြောထားတယ်၊ အလွန် အန္တရာယ်များလို့တဲ့။ သူတို့ဘာသာ ဝိုင်းရံပိတ်ဆို့ခြင်းကို ဖြတ်ကျော်နိုင်တယ်လို့ ပြောတယ်"

ဤစကားကို ကြားသောအခါ ဟန်ရွှေသည် စိတ်သက်သာရာ အနည်းငယ် ရသွား၏။

အခြား အမဲလိုက်သမားများလည်း အနည်းငယ် စိတ်အေးသွားကြသည်။

ပုံမှန်အားဖြင့် ပိတ်မိနေသူ မည်သူမဆို အကူအညီ တောင်းကြမည် ဖြစ်သည်။ ကပ္ပတိန်ရှန်းက မလာရန် ပြောထားသဖြင့် အခြေအနေမှာ ထိုမျှအထိ မဆိုးရွားသေးကြောင်း သက်သေပြနေ၏။ သူတို့တွင် လွတ်မြောက်ရန် အစီအစဉ် ရှိနေပြီးသား ဖြစ်နိုင်ပြီး အကယ်၍ တစ်ယောက်ယောက် ယခု သွားရောက်ပါက အမှန်တကယ် ကူညီရာမရောက်ဘဲ ဝန်ထုပ်ဝန်ပိုးသာ ဖြစ်လာနိုင်၏။

ဝမ်ထောင်နှင့် အခြား အမဲလိုက်သမားများ မထွက်ခွာကြဘဲ ပင်မဝင်ပေါက်တွင် ဆက်လက် စောင့်ဆိုင်းနေကြသည်။

မကြာမီ မျှော်စင်ပေါ်ရှိ စစ်သားများသည် လှုပ်ရှားမှုကို ပထမဦးစွာ သတိပြုမိကြ၏။

"ကပ္ပတိန်ရှန်း ပြန်လာပြီ"

ခေတ္တမျှ စောင့်ဆိုင်းပြီးနောက် လူအုပ်ကြီးသည် စခန်းဆီသို့ အရှိန်အဟုန်ဖြင့် မောင်းနှင်လာသော စစ်ဘက်ဆိုင်ရာယာဉ် သုံးစီးကို မြင်လိုက်ရသည်။ ၎င်းတို့၏ နောက်ကွယ်မှ ကပ်လျက် လိုက်ပါလာသူများမှာ အရှိန်ပြင်းစွာ ပြေးလွှားနေသော အရူးဇွန်ဘီဆယ်ကောင်ကျော်ခန့် ဖြစ်၏။

အသက်ရှင်ကျန်ရစ်သူများစခန်းတွင် ရေးသားမထားသော စည်းမျဉ်းတစ်ခု ရှိသည်။ အကယ်၍ မင်းသည် ဇွန်ဘီအမြောက်အမြား၏ လိုက်လံခြင်းကို ခံရပါက စခန်းဆီသို့ တန်းတန်းမတ်မတ် မပြေးပါနှင့်။ ၎င်းတို့ကို အရင်ဆုံး ဖျောက်ဖျက်ပစ်ရန် ကြိုးစားပါ။

အကယ်၍ ဇွန်ဘီအရေအတွက် မများပါက များစွာ အရေးမကြီးပေ။ အမှန်တော့ စခန်း၏ ပစ်ခတ်မှုစွမ်းအားမှာ ဟာသ မဟုတ်ပေ။

ယာဉ် သုံးစီး၏ နောက်ကွယ်တွင် အရူးဇွန်ဘီ တစ်ဆယ်ကျော်ခန့်သာ ရှိသဖြင့် အရေအတွက် မများလှရာ စခန်းသို့ တိုက်ရိုက် ပြန်လာခြင်းမှာ ပြဿနာ မရှိပေ။

ဝမ်ထောင်ကတော့ ဤအရူးဇွန်ဘီဆယ်ကောင်ကျော်ကို ရင်ဆိုင်ရာတွင် ရာခိုင်နှုန်းပြည့် အောင်ပွဲရမည်ဟု အာမမခံနိုင်ပေ။ သို့သော် ကျည်ဆန်မိုးများအောက်တွင် ဤအရူးဇွန်ဘီများသည် ခံနိုင်ရည် မရှိကြပါ။

ရှန်းဟုန်ပင်း၏ အဖွဲ့နှင့် စခန်းအတွင်းရှိ စစ်သားများ ပူးပေါင်း ပစ်ခတ်ကြသဖြင့် အရူးဇွန်ဘီဆယ်ကောင်ကျော်မှာ လုံးဝနီးပါး သုတ်သင်ခြင်း ခံလိုက်ရပြီး သုံးကောင်သာ လွတ်မြောက်သွားခဲ့သည်။

အခြားလူများက အောင်ပွဲအတွက် လက်သီးများကို မြှောက်ကြသော်လည်း ဝမ်ထောင်က မျက်မှောင်ကုတ်လိုက်၏။

ယခင်က ဟန်ရွှေ ကြုံတွေ့ခဲ့ရသော အရှိန်ပြင်းတိုးဝှေ့ဇွန်ဘီသည် ရည်ရွယ်ချက်ရှိရှိ ပုန်းကွယ်တတ်ပြီး ယခု ဤအရူးဇွန်ဘီ သုံးကောင်သည်လည်း အသိဉာဏ်ရှိရှိ ထွက်ပြေးသွားကြခြင်း ဖြစ်သည်။ ဇွန်ဘီများသည် ကြောက်စရာကောင်းသော်လည်း စဥ်းစားတွေးခေါ်နိုင်သော ဇွန်ဘီများမှာ ပို၍ပင် ကြောက်စရာကောင်၏။

ဂျိမ်း—

ပင်မဝင်ပေါက်သည် လျင်မြန်စွာ ပွင့်သွားပြီး ယာဉ် သုံးစီးသည် စခန်းအတွင်းသို့ အရှိန်လျှော့ခြင်း မရှိသလောက်ဖြင့် တိုးဝင်လာကာ မိုးကာအမိုးအောက်တွင် ဘရိတ်ကို ပြင်းပြင်းနင်း၍ တည်ငြိမ်စွာ ရပ်တန့်လိုက်သည်။

တံခါး ပြန်ပိတ်သွားသည်နှင့် စခန်းအတွင်းရှိ စစ်သားများနှင့် ဝန်ထမ်းများသည် ယာဉ်များနှင့် လူများကို စစ်ဆေးရန် အလောတကြီး ပြေးသွားကြ၏။

ကော်မတီဝင်တစ်ယောက် ပြန်လာသည့်တိုင်အောင် ယာဉ်တွင် ပုန်းကွယ်နေသော ဇွန်ဘီများ ရှိမရှိ စစ်ဆေးရမည် ဖြစ်သည်။ ၎င်းက မယုံကြည်ခြင်းကြောင့် မဟုတ်ဘဲ အကယ်၍ ဇွန်ဘီတစ်ကောင် သတိမထားမိဘဲ ခိုးဝင်သွားပါက စခန်းအတွက် ဘေးဒုက္ခအဆင့် ဖြစ်လာလိမ့်မည်။

ထို့ကြောင့် လူတိုင်းသည် စစ်ဆေးခြင်းကို ခံယူရမည် ဖြစ်သည်။ တစ်ခုတည်းသော ကွာခြားချက်မှာ သာမန်လူများကို တံခါးအပြင်ဘက်တွင် စစ်ဆေးပြီး အဆင့်အတန်း ရှိသူများကိုမူ အတွင်း၌ စစ်ဆေးနိုင်ခြင်း ဖြစ်၏။

ဤအချိန်တွင် ရှေ့ဆုံးယာဉ်၏ တံခါးပွင့်လာပြီး အမြင့် ၁.၇ မီတာခန့် ရှိကာ ထွားကြိုင်းသော ခန္ဓာကိုယ်နှင့် လက်နက်အပြည့်အစုံ တပ်ဆင်ထားသည့် အသက်သုံးဆယ် သို့မဟုတ် လေးဆယ်ဝန်းကျင် အရွယ်ရှိ လူတစ်ယောက် ထွက်လာသည်။

"တောက်"

သူက စိတ်ပျက်လက်ပျက်ဖြင့် သူ၏ ဆံပင်ပုံစံကို သပ်ချလိုက်ပြီး ကြမ်းပြင်ပေါ်ရှိ ကျောက်ခဲတစ်ခဲကို ကန်လိုက်၏။

"ဒါက ရှန်းဟုန်ပင်းပဲ"

ဟန်ရွှေက ဘေးမှနေ၍ မိတ်ဆက်ပေးသည်။

ဝမ်ထောင်က ခေါင်းညိတ်လိုက်ပြီး ရှန်းဟုန်ပင်း၏ အချက်အလက်များကို မြင်ရသဖြင့် အနည်းငယ် အံ့ဩသွား၏။

သွေးပမာဏ 【 ၇၂၁/၈၁၅ 】

【 ဖုံးကွယ်ထားသောအရည်အသွေး - ရဲစွမ်းသတ္တိရှိသော 】

【 ရဲစွမ်းသတ္တိရှိသော - အန္တရာယ်ကို မကြောက်ရွံ့တတ်ဘဲ တိုက်ပွဲ ကြာရှည်လေလေ ပိုမို သန်မာလာလေလေ ဖြစ်သည် 】

【 ခန္ဓာကိုယ်တွင်းအညစ်အကြေးများ - ၀% 】

ဝမ်ထောင်သည် ရှန်းဟုန်ပင်းက သူ ယခုအချိန်အထိ မြင်ဖူးသမျှထဲတွင် အသန်မာဆုံးလူ ဖြစ်နိုင်သည်ဟု ခံစားလိုက်ရသည်။

သွေးပမာဏ ရှစ်ရာကျော် ရှိနေသဖြင့် သူသည် အနည်းဆုံး ဇွန်ဘီ တစ်ရာခန့်ကို သတ်ခဲ့ဖူးရမည်။ သူက ဝမ်ထောင်၏ '၁၀၄၀' နှင့်ပင် သိပ် မဝေးတော့ပေ။

ဝမ်ထောင်တွင် သွေးပမာဏ ပိုများသော်လည်း သူသည် ဇွန်ဘီများကို သတ်ရန် ရည်ရွယ်ချက်ရှိရှိ အပြင်ထွက်ခဲ့ခြင်း ဖြစ်ပြီး ဇွန်ဘီများ မရှိသည့်တိုင်အောင် လိုက်လံ ရှာဖွေခဲ့ခြင်း ဖြစ်သည်။ အကြောင်းမှာ ဇွန်ဘီများကို သတ်ခြင်းက သူ၏ သွေးပမာဏအကန့်အသတ်ကို တိုးပွားစေပြီး ၎င်းတို့ထံမှ ပစ္စည်းများလည်း ရရှိနိုင်ကြောင်း ဝမ်ထောင် သိနေသောကြောင့် ဖြစ်၏။

စခန်းအတွင်းရှိ ရှန်းဟုန်ပင်း သို့မဟုတ် အခြားလူများသည်လည်း ဇွန်ဘီများကို သတ်ခြင်းဖြင့် မိမိကိုယ်မိမိ သန်မာလာကြောင်း ခံစားမိသော်လည်း ပစ္စည်းများ ကျဆင်းလာခြင်း မရှိသဖြင့် ၎င်းတို့သည် သတ်ရန်အတွက် ဇွန်ဘီများကို တကူးတက လိုက်ရှာကြမည် မဟုတ်ပေ။ ၎င်းတို့ အပြင်ထွက်ရသည့် အဓိက ရည်ရွယ်ချက်မှာ ရိက္ခာရှာဖွေရန်နှင့် အသက်ရှင်ကျန်ရစ်သူများကို ကယ်တင်ရန်သာ ဖြစ်၏... ထို့ကြောင့် ဝမ်ထောင်သည် ဤမျှ များပြားသော သွေးပမာဏကို မြင်ရသဖြင့် အလွန် အံ့ဩသွားခြင်း ဖြစ်သည်။

ထို့အပြင် သူသည် သွေးပမာဏကြောင့်သာ အံ့ဩရခြင်း မဟုတ်ဘဲ သူ၏ ဖုံးကွယ်ထားသောအရည်အသွေးနှင့် ခန္ဓာကိုယ်တွင်း အညစ်အကြေးများကြောင့်လည်း ဖြစ်၏။

ဝမ်ထောင်သည် 'ရဲစွမ်းသတ္တိရှိသော' ဟူသည်အရည်အသွေးမှာ တော်တော်လေး ကောင်းမွန်သည်ဟု ခံစားရပြီး ၎င်းက တိုက်ခိုက်ရေးစွမ်းရည်ကို တိုက်ရိုက် တိုးမြင့်ပေးသည့် ဂုဏ်သတ္တိတစ်ခု ဖြစ်ပုံရကာ သူ၌ သွေးပမာဏ ရှစ်ရာကျော် ရှိနေသည့် အကြောင်းရင်းလည်း ဖြစ်နိုင်၏။

ခန္ဓာကိုယ်တွင်း အညစ်အကြေးများအကြောင်းမူ သူသည် ဇွန်ဘီအမြုတေတစ်ခုနှင့် ပေါင်းစပ်ရန် ကြိုးစားခဲ့ဖူးသော်လည်း သူ၌ စွမ်းအင်ဘားတန်း မရှိသဖြင့် ပေါင်းစပ်ခြင်း ကျရှုံးခဲ့ကြောင်း ပြသနေ၏.။

သူက တော်တော်လေး ကြောက်စရာကောင်းတဲ့ လူစားပဲ။

ဝမ်ထောင်က စိတ်ထဲမှ ရေရွတ်လိုက်သည်။

အဖြူရောင်အန္တရာယ်ကာကွယ်ရေးဝတ်စုံ ဝတ်ဆင်ထားသော လူတစ်ယောက်သည် ရှန်းဟုန်ပင်း၏ မျက်လုံးများကို စစ်ဆေးရန် ထီးတစ်လက်ဖြင့် အလောတကြီး ပြေးလာ၏။ ကပ္ပတိန်သည် သူ၏ စိတ်ပျက်မှုကို ဝန်ထမ်းအပေါ် ပုံချခြင်း မပြုပေ။

အခြားလူများသည် မိုးသည်းထန်စွာ ရွာသွန်းခြင်းကို ဂရုမစိုက်ဘဲ ယာဉ်ပေါ်မှ တစ်ယောက်ပြီးတစ်ယောက် ဆင်းလာကြသည်။ ၎င်းတို့သည် ခေါင်းကို အနည်းငယ် ငုံ့ထားကြပြီး ဘာမှမပြောကြပေ။ ဝမ်ထောင်သည် ၎င်းတို့၏ စိတ်ဓာတ်များ အလွန် ကျဆင်းနေသည်ကို ခံစားမိသည်။

"ငါ့ယောက်ျား"

ဟန်ရွှေသည် ယာဉ်ပေါ်မှ ဆင်းလာသော လူရိပ်တစ်ခုကို မြင်သောအခါ စိတ်လှုပ်ရှားစွာဖြင့် ချက်ချင်း ပြေးသွား၏။

ဝမ်ထောင်က လှမ်းကြည့်လိုက်ရာ ၎င်းက ဟန်ရွှေ၏ ခင်ပွန်းဆန်းဝေကွမ် အမှန်ပင် ဖြစ်ပြီး အိုရင်းရင်းကလည်း သူ၏ ဘေးနားတွင် ရှိနေသည်။

ဆန်းဝေကွမ်နှင့် အိုရင်းရင်းတို့သည် ယာဉ်ပေါ်မှ ဆင်းချိန်တွင် အချင်းချင်း တွဲကူထားကြ၏။ နှစ်ယောက်စလုံးသည် အလွန်အမင်း ထိတ်လန့်သွားခဲ့ကြသကဲ့သို့ တုန်ရီပြီး ကြောက်ရွံ့နေပုံရသည်။

"ဝေကွမ်"

ဟန်ရွှေက ရုတ်တရက် အော်ခေါ်လိုက်၏။

ဆန်းဝေကွမ်သည် ထိုအသံကြောင့် လန့်သွားသည်။ သူက အသံလာရာဆီသို့ လျင်မြန်စွာ ကြည့်လိုက်ရာ ရဲဝတ်စုံ ဝတ်ဆင်ထားသော ဟန်ရွှေကို မြင်လိုက်ရ၏။

ဆန်းဝေကွမ်နှင့် အိုရင်းရင်း နှစ်ယောက်စလုံး မှင်သက်သွားကြသည်။

၎င်းတို့သည် မယုံကြည်နိုင်ဟန်ဖြင့် ၎င်းတို့၏ မျက်လုံးများကို ပွတ်ကြည့်ကြ၏။ ၎င်းတို့သည် ဟန်ရွှေကို ရွှေကျဲစခန်းတွင် မြင်တွေ့ရလိမ့်မည်ဟု ဘယ်သောအခါမှ မမျှော်လင့်ထားခဲ့ပေ။

ဟန်ရွှေလား... သူမ သေသွားပြီ မဟုတ်လား။

ဆန်းဝေကွမ်သည် မသိစိတ်ကြောင့် အိုရင်းရင်းကို ချက်ချင်း လွှတ်လိုက်သဖြင့် သူမမှာ လဲလုနီးပါး ဖြစ်သွားခဲ့သည်။

အိုရင်းရင်းကမူ ဒေါသ မထွက်ရဲပေ။ အမှန်တော့ ဟန်ရွှေက ၎င်းတို့ကို အခက်အခဲများကြားမှ လမ်းပြခေါ်ဆောင်ခဲ့သည့် မြင်ကွင်းများသည် သူမ၏ စိတ်ထဲတွင် လတ်ဆတ်နေဆဲ ဖြစ်ပြီး သူမက ဟန်ရွှေကို အနည်းငယ် ကြောက်ရွံ့နေဆဲ ဖြစ်၏။

"မင်း... မင်းက တကယ်ပဲ မသေသေးဘူးပဲ"

ဆန်းဝေကွမ်က မသိစိတ်ကြောင့် လွှတ်ခနဲ ပြောလိုက်မိသည်။ အစကား မှားသွားကြောင်း သိလိုက်ရသဖြင့် သူက လျင်မြန်စွာ ပြင်ပြော၏။

"ငါပြောတာက မင်း အသက်ရှင်နေတာကို မြင်ရတာ တကယ် ဝမ်းသာပါတယ်"

ဟန်ရွှေက အသေးစိတ်အချက်အလက်များကို ဂရုမစိုက်ပေ။ အမှန်တော့ ဆန်းဝေကွမ်က အိုရင်းရင်းကို လွှတ်လိုက်သည်ကို မြင်သောအခါ သူမက သူ့ကို အနည်းငယ်ပင် ကြိမ်းမောင်းလိုက်သေးသည်။

"ဝေကွမ်၊ နင် ဒီထက်မက ပိုပြီး သတိမထားနိုင်ဘူးလား။ နင့်ကြောင့် ရင်းရင်း လဲတော့မလိုတောင် ဖြစ်သွားတယ်"

"ငါ—"

ဆန်းဝေကွမ်သည် သူ၏ လက်ကို ဆန့်ထုတ်လိုက်ပြီး အိုရင်းရင်းကို တွဲရမလား၊ မတွဲရမလား ခေတ္တမျှ ဝေခွဲမရ ဖြစ်သွားသလို အိုရင်းရင်းကလည်း သူ၏ အကူအညီကို လက်ခံရမလား မသိ ဖြစ်နေ၏။

ဘေးတွင် ရပ်နေသော ဝမ်ထောင်သည် ၎င်းတို့၏ အနေခက်နေသော အမူအရာများကို တော်တော်လေး သဘောကျမိသည်။ ဆန်းဝေကွမ်နှင့် အိုရင်းရင်း နှစ်ယောက်စလုံးတွင် အပြစ်ရှိသလိုခံစားရသောစိတ်များ ရှိနေကြပြီး ဟန်ရွှေကို ရုတ်တရက် မြင်လိုက်ရသဖြင့် လုံးဝ လမ်းပျောက်နေကြခြင်းပင်။

ကံကောင်းစွာဖြင့် ဆန်းဝေကွမ် ဘာမှမဖြစ်သည်ကို မြင်ပြီးနောက် ဟန်ရွှေသည် အိုရင်းရင်းကို သူမကိုယ်တိုင် သွားရောက် တွဲကူလိုက်သည်။

"ကျွန်မတို့ စထွက်တုန်းက ခြောက်ယောက် ရှိတာ၊ အခုတော့ ကျွန်မတို့ သုံးယောက်ပဲ ရွှေကျဲစခန်းကို ရောက်နိုင်တော့တယ်။ ရှင်တို့ နှစ်ယောက် အသက်ရှင်နေတာကိုပဲ ဝမ်းသာရမယ်၊ မဟုတ်ရင် ကျွန်မတစ်ယောက်တည်း အထီးကျန်နေတော့မှာ..."

ဟန်ရွှေ၏ လေသံမှာ သက်ပြင်းချသံများဖြင့် ပြည့်နှက်နေ၏။

ဆန်းဝေကွမ်နှင့် အိုရင်းရင်း နှစ်ယောက်စလုံး ခေါင်းငုံ့ကာ တိတ်ဆိတ်နေကြသည်။

ဟန်ရွှေက ၎င်းတို့သည် စိတ်ဒဏ်ရာရနေကြခြင်း ဖြစ်သည်ဟု ထင်မှတ်ကာ သိပ် ဂရုမစိုက်မိပေ။

ဝန်ထမ်းတစ်ယောက် ရောက်လာပြီး ဆန်းဝေကွမ်နှင့် အိုရင်းရင်းတို့၏ မျက်လုံးများကို စစ်ဆေးလိုက်သည်။

"မင်းတို့ နှစ်ယောက်စလုံး ကင်းစင်ပါတယ်"

ဤစကားကို ကြားရသောအခါ ဟန်ရွှေသည် နောက်ဆုံး၌ လုံးဝ စိတ်အေးသွားတော့၏။ ထို့နောက် သူမက ၎င်းတို့နှစ်ဦးကို ဝမ်ထောင်ရှိရာသို့ ခေါ်ဆောင်လာပြီး အချင်းချင်း မိတ်ဆက်ပေးသည်။

"ဝမ်ထောင်၊ ဒါက ကျွန်မရဲ့ ခင်ပွန်း ဆန်းဝေကွမ်ပါ၊ ဒါကတော့ ကျွန်မရဲ့ မိတ်ဆွေ အိုရင်းရင်းပါ"

"ဝေကွမ်၊ ရင်းရင်း၊ ဒါက ဝမ်ထောင်။ သူက ကျွန်မကို ကယ်တင်ပြီး ရွှေကျဲစခန်းကို ခေါ်လာပေးတဲ့သူပဲ"

လူသားတစ်ယောက်နှင့် မတူလောက်အောင် သန်မာထွားကြိုင်းလှသော ဝမ်ထောင်ကို မြင်သောအခါ ဆန်းဝေကွမ်သည် မသိစိတ်ကြောင့် ဟန်ရွှေ၏ နောက်ကွယ်တွင် ပုန်းကွယ်လိုစိတ် ပေါက်သွား၏။

ရင်းရင်း၏ မျက်လုံးများမှာမူ ဝမ်ထောင်၏ ခန္ဓာကိုယ်ပေါ်ရှိ ထုထည်ကြီးမားသော ကြွက်သားများကို ကြည့်ရင်း ပြူးကျယ်သွားသည်။ တကယ်ပဲ ပြင်ပလောကတွင် ရုပ်ရှင်ထဲကလို ကြွက်သားအဖုအထစ်များနှင့် လူမျိုး ရှိနိုင်ပါ့မလား။

"မင်္ဂလာပါ"

ဝမ်ထောင်က တည်ငြိမ်စွာ ပြောလိုက်သည်။ ၎င်းတို့၏ သွေးဘားတန်းများမှာ အသီးသီး 【 ၅၀/၁၀၀ 】 နှင့် 【 ၄၇/၁၀၀ 】 ဖြစ်ကြရာ ၎င်းတို့သည် တော်တော်လေး ကောင်းမွန်စွာ ဖြတ်သန်းနိုင်ခဲ့ပုံရပြီး ပြင်းထန်သော ဒဏ်ရာများ ရရှိထားခြင်း မရှိပေ။

"မင်္ဂလာပါ၊ မင်္ဂလာပါဗျာ"

ဆန်းဝေကွမ်နှင့် အိုရင်းရင်းတို့က လျင်မြန်စွာ ပြန်လည် နှုတ်ဆက်ကြ၏။

ယခုအခါ ရှန်းဟုန်ပင်းနှင့် သူ၏ အဖွဲ့သည် စစ်ဆေးခြင်း ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။ ဝန်ထမ်းတစ်ယောက်က မေးလိုက်၏။

"ရှောင်ဝူ ဘယ်မှာလဲ"

စစ်သားများ တိတ်ဆိတ်သွားကြသည်။

ရှန်းဟုန်ပင်းက ကောင်းကင်ကြီးကို မော့ကြည့်ကာ ခက်ထန်သော လေသံဖြင့် ပြောလိုက်၏။

"သေပြီ"

"..."

ထိုအခါမှသာ ဝမ်ထောင်သည် ၎င်းတို့၏ စိတ်ဓာတ်များ အဘယ်ကြောင့် ဤမျှအထိ ကျဆင်းနေရသည်ကို နားလည်သွားတော့သည်။

ဟန်ရွှေက ဆန်းဝေကွမ်၏ အကျီကို ဆွဲကာ တိုးတိုးလေး မေးလိုက်၏။

"တကယ်ပဲ ဘာဖြစ်ခဲ့တာလဲ"

ဆန်းဝေကွမ်၏ ပါးစပ်မှာ တွန့်သွားပြီး သိသိသာသာ စိတ်ပျက်နေသော ရှန်းဟုန်ပင်းကို လှမ်းကြည့်ကာ စကားမပြောရဲ ဖြစ်နေသည်။

ထိုအစား အိုရင်းရင်းက ဟန်ရွှေ၏ နားနားသို့ ကပ်ကာ တိုးတိုးလေး ပြောပြ၏။

"ကျွန်မတို့ ပြန်လာတဲ့လမ်းမှာ အထူးဇွန်ဘီတစ်ကောင်နဲ့ ကြုံခဲ့တာ။ အဲဒီနောက်... အဲဒီနောက် ကပ္ပတိန်ရှန်းက အဲဒါကို လိုက်ပြီးသတ်ပစ်ချင်နေတာ။ ဒါပေမဲ့ ဇွန်ဘီက ကိုယ့်ကိုယ်ကိုယ်ဗုံးခွဲပြီးဖျက်ဆီးခဲ့တယ်... ရှောင်ဝူ ဆိုတဲ့ စစ်သားက အဲဒီ ပေါက်ကွဲမှုကြောင့် သေဆုံးသွားခဲ့တာ..."

ဝမ်ထောင်၏ မျက်ခုံးများမှာ ပင့်တက်သွား၏။

ကိုယ့်ကိုယ်ကိုယ်ဖောက်ခွဲဇွန်ဘီလား။ သူ ယမန်နေ့က မြင်ခဲ့ရသော ကောင် ဖြစ်နိုင်ပါ့မလား။

သို့သော် သူ ယခင်က ကိုယ့်ကိုယ်ကိုယ်ဖောက်ခွဲဇွန်ဘီကို မြင်ဖူးခဲ့ပြီး ၎င်း၏ ကိုယ့်ကိုယ်ကိုယ် ဗုံးခွဲမှုမှာ ဤမျှအထိ မပြင်းထန်ပေ။ သူသည် စခန်းအတွင်းမှနေ၍ပင် တိုးညင်းသော ပေါက်ကွဲသံကို ကြားခဲ့ရခြင်း ဖြစ်သည်။

ထိုအချိန်တွင် ဆန်းဝေကွမ်က တိုးတိုးလေး ညည်းလိုက်၏။

"အဲဒီစစ်သားအတွက် ကလဲ့စားချေဖို့ ကပ္ပတိန်ရှန်းက လက်လုပ်ဗုံးကို သုံးခဲ့တာ၊ ကျွန်တော်တို့အားလုံးလည်း သေလုနီးပါး ဖြစ်သွားခဲ့ရတယ်..."

ဝမ်ထောင် - "..."

-----

အခန်း (၈၅) - ကော်မတီဝင်ဝမ်ထောင်

ရွှေကျဲစခန်းတွင် အသက်ရှင်ကျန်ရစ်သူ ငါးရာကျော် ရှိသော်လည်း တိုက်ခိုက်ရေးစွမ်းရည်များ ရှိသူမှာ အများကြီး မရှိဘဲ အလွန်ဆုံး လူတစ်ရာခန့်သာ ရှိ၏။

ထိုလူတစ်ရာထဲတွင် ကော်မတီဝင် သုံးဦး အပါအဝင် လုံခြုံရေးတပ်မတော်မှ အဖွဲ့ဝင် ၁၈ ဦးသာ ရှိသည်။ ၎င်းတို့သည် လောလောဆယ် စခန်းတွင် အသန်မာဆုံးသော လူ ၁၈ ဦး ဖြစ်ကြ၏။

ယနေ့ အသက်စွန့်သွားခဲ့သော စစ်သားမှာ လုံခြုံရေးတပ်မတော်မှ အဖွဲ့ဝင်တစ်ဦး ဖြစ်သည်။

ပုဂ္ဂလိက ခံစားချက်အရ ဖြစ်စေ၊ စခန်း၏ အလုံးစုံ စွမ်းအားကို ထည့်သွင်းစဉ်းစား၍ ဖြစ်စေ လုံခြုံရေးတပ်မှ စစ်သားတစ်ဦး၏ အနစ်နာခံမှုမှာ လက်ခံနိုင်စရာ မရှိပေ။ အထူးသဖြင့် ဤကဲ့သို့အနစ်နာခံရမှုမှာ လုံးဝ မထင်မှတ်ထားသော အရာ​ကြောင့် ဖြစ်၏။

---

ဘက်စုံသုံးအဆောက်အအုံ၏ ဧည့်ခန်းမအတွင်း။

ရှန်းဟုန်ပင်း၏ အဖွဲ့နှင့်အတူ ဝမ်ထောင်လည်း ရှိနေပြီး ဝေကျန့်ကော် အပါအဝင် ကော်မတီဝင်အချို့လည်း ရောက်ရှိလာကြပြီ ဖြစ်သည်။

ကောချောင်နှင့် အခြား ဝန်ထမ်းများသည် ရရှိလာသော ပစ္စည်းများကို တိတ်ဆိတ်စွာ သိမ်းဆည်းနေကြ၏။ ရှန်းဟုန်ပင်းသည် ပြတင်းပေါက်နားတွင် ရပ်ရင်း သွေးစွန်းနေသော စီးကရက်တစ်လိပ်ကို ပြင်းပြင်းရှုနေသည်။

"တိတ်နေရုံနဲ့ ပြဿနာက ပြေလည်သွားမှာလား"

ဝေကျန့်ကော်သည် ယာယီဝှီးချဲပေါ်တွင် ထိုင်နေပြီး သူ၏ အမူအရာမှာ အလွန်ပင် ခက်ထန်နေ၏။

စစ်သားများသည် ခေါင်းငုံ့ကာ တိတ်ဆိတ်နေကြသည်။

ဝေကျန့်ကော်က ရှန်းဟုန်ပင်းကို မော့ကြည့်ပြီး စူးစူးရှရှ ပြောလိုက်၏။

"ရှန်းဟုန်ပင်း၊ အမှန်တကယ် ဘာဖြစ်ခဲ့တာလဲ။ ရှောင်ဝူ ဘာလို့ ဆုံးရှုံးသွားရတာလဲ"

ရှန်းဟုန်ပင်းက သူ၏ လက်သီးဖြင့် နံရံကို ပြင်းထန်စွာ ထုလိုက်ပြီးနောက် ဝေကျန့်ကော်ကို လှည့်၍ စိုက်ကြည့်လိုက်သည်။

"သူ မရှိတော့ဘူးဆိုမှတော့ မရှိတော့တာပဲပေါ့။ ဘာလို့ 'ဘာဖြစ်လို့လဲ' တွေ ဒီလောက်အများကြီး ရှိနေရတာလဲ"

ဝေကျန့်ကော်သည် ဒေါသကြောင့် ရင်ဘတ်တစ်ခုလုံး ပြင်းထန်စွာ နိမ့်ချည်မြင့်ချည် ဖြစ်သွားရ၏။

"ရှန်းဟုန်ပင်း။ မင်းက ဘယ်လို အမူအရာမျိုး လုပ်နေတာလဲ။ မင်းက စခန်းရဲ့ ကော်မတီဝင်တစ်ယောက် ဖြစ်သလို မင်းရဲ့ အဖွဲ့ခေါင်းဆောင်လည်း ဖြစ်တယ်။ မင်းရဲ့ အဖွဲ့ဝင် မရှိတော့တာကို မင်း တာဝန်ယူရမယ်။ မင်းရဲ့ အဖွဲ့ဝင်တွေအတွက် တာဝန်ရှိရုံတင်မကဘူး၊ စခန်းတစ်ခုလုံးအတွက်လည်း မင်းမှာ တာဝန်ရှိတယ်"

ဝေကျန့်ကော်၏ ဒေါသတကြီး အော်ဟစ်မှုကို ရင်ဆိုင်ရသော်လည်း ရှန်းဟုန်ပင်းသည် နောက်ဆုတ်ခြင်း မရှိဘဲ စိုက်ကြည့်နေ၏။

"ငါပဲ။ ငါ့ကြောင့် သူ သေသွားရတာ။ ဒီအဖြေကို မင်း ကျေနပ်ပြီလား၊ ဟမ်"

ခွပ်။

ရှန်းဟုန်ပင်းက နံရံကို နောက်တစ်ကြိမ် ပြင်းထန်စွာ ကန်လိုက်ပြန်သည်။

ဝေကျန့်ကော်က သူ၏ ဒေါသကို အတတ်နိုင်ဆုံး ထိန်းချုပ်ရင်း အသက်ကို ပြင်းပြင်းရှူလိုက်၏။

"အသေးစိတ်အချက်အလက်တွေ။ ငါ တိကျတဲ့ အသေးစိတ်အချက်အလက်တွေကို သိချင်တယ်"

ရှန်းဟုန်ပင်းက ဝေကျန့်ကော်ကို ထပ်မံ စိုက်ကြည့်ပြီး သူ၏ အဖွဲ့ဝင်တစ်ဦးကို လက်ညှိုးထိုးပြလိုက်သည်။

"မင်း၊ သူ့ကို ပြောပြလိုက်"

ထိုစစ်သားသည် ခေတ္တမျှ တွန့်ဆုတ်သွားသော်လည်း တိကျသော အခြေအနေကို ကျယ်လောင်စွာ ပြန်လည် ပြောပြတော့၏။

ယနေ့နံနက်တွင် ရှန်းဟုန်ပင်း၏ အဖွဲ့သည် ယခင်က ပိတ်မိနေခဲ့ရာမှ ပြန်လာရန်အခွင့် အရေးရရှိခဲ့သည်။

ပြန်လာသည့် ခရီးမှာ ဘေးကင်းပြီး မည်သည့်ဖြစ်ရပ်မျှ မရှိခဲ့ပေ။ သို့သော် ၎င်းတို့သည် ရွှေကျဲစခန်းနှင့် နီးကပ်လာသောအခါ ခန္ဓာကိုယ်တွင်း ကလီစာများ ပေါ်လွင်နေသော အထူးဇွန်ဘီတစ်ကောင်ကို ရုတ်တရက် လှမ်းမြင်လိုက်ရ၏။

၎င်းသည် ဤကဲ့သို့သော ဇွန်ဘီမျိုးကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်ပြီး ၎င်းတွင် မည်သည့် အစွမ်းထူးများ ရှိသည်ကို ၎င်းတို့ မသေချာကြပေ။ သို့သော် ၎င်းသည် အထူးဇွန်ဘီတစ်ကောင် ဖြစ်ကြောင်း ထင်ရှားပြီး အထူးဇွန်ဘီများသည် ဇွန်ဘီအမြုတေများကို ပေးစွမ်းနိုင်သည် မဟုတ်ပါလား။

ရှန်းဟုန်ပင်းသည် ဇွန်ဘီအမြုတေအချို့နှင့် ပေါင်းစပ်ခဲ့ဖူးပြီး ဝေကျန့်ကော် ပြောပြဖူးသော စွမ်းရည်ရှင်အကြောင်းကိုလည်း ကြားဖူးသည်။ တိကျသော သက်သေ မရှိသေးသည့်တိုင်အောင် ဇွန်ဘီအမြုတေများနှင့် ပေါင်းစပ်ခြင်းသည် အစွမ်းထူးတစ်ခု ရရှိရန်အတွက် သော့ချက် ဖြစ်ကြောင်း ရှန်းဟုန်ပင်း သိထား၏။

ထို့ကြောင့် လမ်းတွင် အထူးဇွန်ဘီတစ်ကောင်နှင့် ကြုံတွေ့ရသောအခါ ၎င်းကို လွှတ်ပေးရန် အကြောင်းမရှိပေ။

အထူးသဖြင့် ၎င်းတို့တွင် လူအင်အားနှင့် သေနတ်များ ရှိနေကြပြီး ၎င်းတို့၏ စွမ်းအားမှာလည်း လျှော့တွက်၍ မရနိုင်သောကြောင့် ဖြစ်သည်။

သို့သော် ဤအထူးဇွန်ဘီမှာ ဇွန်ဘီအုပ်ကြီး၏ အလယ်တွင် ရှိနေ၏။ ရှန်းဟုန်ပင်း အပြင်ထွက်နေခဲ့သည်မှာ ကြာပြီ ဖြစ်သဖြင့် ၎င်းတို့၏ ကျည်ဆန်များမှာ ကုန်လုနီးပါး ဖြစ်နေရာ တိုက်ရိုက် တိုက်ခိုက်ရန်မှာ မဖြစ်နိုင်ပေ။ ထို့ပြင် သေနတ်သံ အမြောက်အမြားသည် ဇွန်ဘီများကို ပို၍ ဆွဲဆောင်နိုင်ပြီး ၎င်းတို့၏ ကန့်သတ်ချက် ရှိသော ကျည်ဆန်များဖြင့်မူ ဘယ်လိုမှ မဖြစ်နိုင်ပေ။

ထို့ကြောင့် ရှန်းဟုန်ပင်းက စောင့်ဆိုင်းရန် ဆုံးဖြတ်လိုက်သည်။ ဇွန်ဘီများသည် အမြဲတမ်း လှုပ်ရှားနေကြသဖြင့် သူသည် ထိုအထူးဇွန်ဘီ တစ်ကောင်တည်း ရှိမည့် အခွင့်အရေးကို စောင့်ဆိုင်းလိုခြင်း ဖြစ်၏။

အကယ်၍ အထူးဇွန်ဘီသာ တစ်ကောင်တည်း ဖြစ်သွားပါက ၎င်းတို့ ဝိုင်းဝန်း တိုက်ခိုက်ပြီး လျင်မြန်စွာ သတ်ဖြတ်ကာ နောက်ဆုတ်ကြမည် ဖြစ်သည်။ ၎င်းတို့ သေနတ်များ အသုံးပြုရန်ပင် လိုအပ်မည် မဟုတ်ဘဲ ၎င်းတို့ စုစုပေါင်း ခြောက်ယောက် ရှိသဖြင့် မိုးသည်းထန်စွာ ရွာသွန်းခြင်းကို အခွင့်ကောင်းယူကာ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်နိုင်သည်။ လူတိုင်းက ၎င်းကို အကြိမ်အနည်းငယ်စီ ဓားဖြင့် ထိုးလိုက်ပါက ဇွန်ဘီက သေမသွားပေဘူးလား။

ခေတ္တမျှ စောင့်ဆိုင်းပြီးနောက် ရှန်းဟုန်ပင်းသည် ထိုအထူးဇွန်ဘီက အုပ်စုမှ ခွဲထွက်ကာ လမ်းကြားတစ်ခုအတွင်းသို့ တဖြည်းဖြည်း လျှောက်လှမ်းသွားသည်ကို ဝမ်းသာအားရ မြင်လိုက်ရ၏။

ရှန်းဟုန်ပင်းသည် သူ၏ အခွင့်အရေး ရောက်လာပြီ ဖြစ်ကြောင်း သိလိုက်သည်။

ထို့ကြောင့် သူက လူတိုင်းကို အဆင်သင့် ပြင်ခိုင်းပြီး တိုက်ခိုက်ရန် သူ၏ အမိန့်ကို စောင့်ဆိုင်းခိုင်းလိုက်၏။ ၎င်းတို့ထဲတွင် ရှောင်ဝူ အမည်ရှိသော စစ်သားမှာ ကိုယ့်ကိုယ်ကိုယ်ဖောက်ခွဲဇွန်ဘီနှင့် အနီးဆုံးတွင် ရှိနေခဲ့သည်။

ရှန်းဟုန်ပင်း၏ တိုက်ခိုက်ရန် အမိန့်ကို ရရှိပြီးနောက် ရှောင်ဝူသည် သေနတ်တပ်ဓားမြှောင် ပါရှိသော ရိုင်ဖယ်သေနတ်ကို ကိုင်ဆောင်ကာ ပထမဆုံး ပြေးဝင်သွားခဲ့သည်။

သူသည် ဇွန်ဘီ၏ နောက်မှ ပြင်းထန်စွာ ထိုးလိုက်သော်လည်း ထိုတိုက်ခိုက်မှုမှာ လုံးဝ နစ်ဝင်မသွားဘဲ တစ်ဝက်ပင်မစိုက်ဝင်အောင် ဖြစ်နေ၏။ သေနတ်တပ်ဓားမြှောင်မှာလည်း ညပ်လုနီးပါး ဖြစ်သွားခဲ့သည်။

ရှောင်ဝူသည် တစ်ဖက်လူ၏ ကာကွယ်ရေးစွမ်းအားကြောင့် အံ့ဩသွားသော်လည်း သူက ထိတ်လန့်မသွားပေ။ ၎င်းတို့သည် ကာကွယ်ရေးစွမ်းအား မြင့်မားသော အထူးဇွန်ဘီများနှင့် ယခင်က မကြုံဖူးခြင်း မဟုတ်ဘဲ ၎င်းတို့ ပူးပေါင်း တိုက်ခိုက်မှုအောက်တွင် ၎င်းတို့ သေဆုံးရမည်သာ ဖြစ်သည်။

ယခု သူ လုပ်ဆောင်ရန် လိုအပ်သည်မှာ အဖွဲ့ဝင်များ အတူတကွ တိုက်ခိုက်ရန် စောင့်ဆိုင်းခြင်းသာ ဖြစ်၏။

သို့သော် သူ သို့မဟုတ် သူ၏ အဖွဲ့ဝင်များ မျှော်လင့်မထားခဲ့သည်မှာ ထိုအထူးဇွန်ဘီသည် ဒဏ်ရာရရှိပြီးနောက် တိုက်ခိုက်ရန် မည်သည့် လှုပ်ရှားမှုမျှ မလုပ်ခဲ့ခြင်း ဖြစ်သည်။ ထိုအစား ၎င်း၏ ရင်ဘတ်ပေါ်ရှိ ကလီစာများသည် ဒေါသထွက်နေသကဲ့သို့ ပြင်းထန်စွာ နိမ့်ချည်မြင့်ချည် ဖြစ်လာပြီး ၎င်း၏ ရင်ဘတ်မှာ ပို၍ ပို၍ ကြီးမားလာခဲ့သည်။

ထို့နောက်... ဘုန်းဆိုသည့် အသံနှင့်အတူ ဇွန်ဘီမှာ ပေါက်ကွဲသွားတော့၏။

အားလုံး မှင်သက်သွားကြသည်။ ပေါက်ကွဲမှု၏ အသံပမာဏကို ထည့်မပြောသည့်တိုင်အောင် ရှောင်ဝူသည် ဇွန်ဘီ၏ ဘေးနားတွင် တိုက်ရိုက် ရှိနေခဲ့ခြင်း ဖြစ်သည် မဟုတ်ပါလော။

အခြားလူများ ပြန် ကြည့်လိုက်သောအခါ အထူးဇွန်ဘီနှင့် ရှောင်ဝူ နှစ်ယောက်စလုံး မရှိတော့ပေ။ ကြမ်းပြင်ပေါ်တွင် ကြေမွနေသော အသားစအချို့နှင့် သေနတ်တပ်ဓားမြှောင် တပ်ထားသော ရိုင်ဖယ်သေနတ် တစ်လက်သာ ကျန်ရှိတော့သည်။

၎င်းတို့ကို ဝမ်းနည်းရန် အခွင့်အရေးမရခဲ့ပါ ။အထူးဇွန်ဘီ၏ ကိုယ့်ကိုယ်ကိုယ်ဗုံးခွဲဖျက်ဆီးခြင်း အသံသည် အနီးနားရှိ ဇွန်ဘီများ၏ အာရုံစိုက်မှုကို ချက်ချင်း ဆွဲဆောင်လိုက်၏။ လျှပ်စီးကဲ့သို့ မြန်ဆန်လှသော ထိုအရူးဇွန်ဘီများသည်လည်း အသံကို ကြားသဖြင့် ပေါ်လာကြသည်။

ရှန်းဟုန်ပင်းက သူ၏ လူများကို ရှောင်ဝူ ချန်ထားခဲ့သော သေနတ်များနှင့် ပစ္စည်းများကို ကောက်ယူရန် အမိန့်ပေးလိုက်ပြီး ကြေမွနေသော အသားစများကြားတွင် တောက်ပစွာ လင်းလက်နေသော ဇွန်ဘီအမြုတေကိုလည်း ကောက်ယူခိုင်းလိုက်၏။

အမှန်တော့ ၎င်းတို့ ထိုအချိန်တွင် ထွက်ပြေးခဲ့ပါက ၎င်းတို့ အားလုံး ယာဉ်ပေါ်တွင် ရှိနေကြသဖြင့် လွတ်မြောက်ရန် အခွင့်အရေး တော်တော်လေး များပါသည်။

သို့သော် ဇွန်ဘီများကို ကြည့်ရင်း ရှန်းဟုန်ပင်းသည် ချက်ချင်း ထွက်မပြေးခဲ့ပေ။ ထိုအစား သူသည် လက်လုပ်ဗုံး သုံးလုံးကို ထုတ်လိုက်၏။ သူသည် ဤဇွန်ဘီများ အားလုံးကို ရှောင်ဝူအတွက် နာရေးလက်ဆောင်အဖြစ် သတ်ဖြတ်ပစ်လိုခြင်း ဖြစ်သည်။

လက်လုပ်ဗုံးများ၏ စွမ်းအားမှာ လက်ပစ်ဗုံးများထက် ပို၍ ကြီးမားသည်။ ဆယ်စက္ကန့် ခန့်ကြာပြီးနောက် စစ်သားများသည် ၎င်းတို့ကို ဇွန်ဘီအုပ်ကြီးထံသို့ ပစ်ပေါက်လိုက်ကြ၏။

နောက်ဆုံးတွင် ဗုံး သုံးလုံးထဲမှ နှစ်လုံးသာ ပေါက်ကွဲခဲ့ပြီး အခြားတစ်လုံးမှာမူ မပေါက်ကွဲဘဲ ဖြစ်နေခဲ့သည်။ ရလဒ်အနေဖြင့် ပျက်စီးဆုံးရှုံးမှုမှာ မျှော်လင့်ထားသည်ထက် များစွာ လျော့နည်းသွားခဲ့၏။

အခြား ရွေးချယ်စရာ မရှိသဖြင့် ထိုလူစုသည် ကျန်ရှိသော ဇွန်ဘီများကို သုတ်သင်ရန် ၎င်းတို့၏ သေနတ်များကို အသုံးပြုခဲ့ရသည်။ ကံကောင်းစွာဖြင့် ၎င်းတို့တွင် ကျည်ဆန်အချို့ ကျန်ရှိနေသေးပြီး လမ်းပေါ်ရှိ ဇွန်ဘီများကို လျင်မြန်စွာ ရှင်းလင်းလိုက်၏။ ရှန်းဟုန်ပင်းက မောင်းနှင်သူကို အမြန် မောင်းရန် ပြောလိုက်သည်။

ထိုအချိန်တွင်ပင် စောစောက မပေါက်ကွဲခဲ့သော ဗုံးမှာ နောက်ဆုံး၌ ပေါက်ကွဲသွားတော့၏။ ကံဆိုးချင်တော့ ထိုဗုံးမှာ ထိုအချိန်တွင် ၎င်းတို့၏ ယာဉ်နှင့် အနီးဆုံးတွင် ရှိနေခဲ့ခြင်း ဖြစ်သည်။

ယာဉ် သုံးစီးစလုံး တိမ်းမှောက်လုနီးပါး ဖြစ်သွားခဲ့ရ၏။

အကယ်၍ ဤယာဉ် သုံးစီးမှာ ပေါက်ကွဲမှုဒဏ်ခံစစ်ဘက်ဆိုင်ရာထရပ်ကားများ မဟုတ်ခဲ့ပါက သို့မဟုတ် ဗုံးနှင့် အနည်းငယ် ကွာဝေးခြင်း မရှိခဲ့ပါက တစ်ဖွဲ့လုံး ထိုနေရာ၌ပင် သေဆုံးသွားနိုင်ချေ ရှိပါသည်။

ဗုံးပေါက်ကွဲသံသည် သဘာဝအတိုင်း ဇွန်ဘီများကို ပို၍ ဆွဲဆောင်နိုင်သော်လည်း အနီးနားရှိ ဇွန်ဘီများကိုမူ ၎င်းတို့ ရှင်းလင်းပြီး ဖြစ်၏။ ဝေးလံသော နေရာမှ ဇွန်ဘီများ ရောက်ရှိလာရန် အချိန်အနည်းငယ် ကြာမြင့်မည် ဖြစ်သဖြင့် ရှန်းဟုန်ပင်းနှင့် အခြားလူများသည် ခေါင်းမူးဝေခြင်းကို အောင့်အည်းးခံကာ လျင်မြန်စွာ နောက်ဆုတ်ခဲ့ကြသည်။

နောက်ဆုံးတွင် ဇွန်ဘီများ ပိုမို ရောက်ရှိမလာမီ သူတို့သည် စခန်းအနီးအနားသို့ ပြန်လည် ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ သူတို့၏နောက်မှ အရှိန်ပြင်းစွာ လိုက်ပါလာသော အရူးဇွန်ဘီဆယ်ကောင်ကျော်ခန့်သာ ရှိပြီး ၎င်းတို့ကို စခန်းအတွင်းရှိ စစ်သားများက ပစ်ခတ်ကူညီထောက်ပံ့မှုဖြင့် လျင်မြန်စွာ ရှင်းလင်းပေးခဲ့ခြင်းပင်။

"ဒါက တိကျတဲ့ အခြေအနေပါပဲ"

ထိုစစ်သား၏ လေသံမှာ အနည်းငယ် ဝမ်းနည်းပူဆွေးမှုများ ပါရှိနေသည်။

အရာအားလုံးကို ကြားပြီးနောက် ဝေကျန့်ကော်သည် ရှန်းဟုန်ပင်းကို လက်ညှိုးထိုးပြရင်း သူ၏ ခန္ဓာကိုယ်မှာ ဒေါသကြောင့် တုန်ရီနေ၏။

"မင်း— မင်း—"

ဒါက လုံးဝ ရှောင်လွှဲလို့ ရနိုင်ခဲ့တဲ့ ကြေကွဲစရာ ဖြစ်ရပ်ပဲ။ သူတို့ တံခါးဝကို ရောက်နေပြီ ကို ခနလေးစောင့်လိုက်ရင် အဆင်ပြေသွားမှာပဲ။ ဒါပေမဲ့ မဟုတ်ဘူး၊ သူက ပြဿနာ သွားရှာခဲ့တာ။

ရှောင်ဝူကို သေစေခဲ့ရုံတင်မကဘူး၊ တစ်ဖွဲ့လုံးကိုပါ သေလုနီးပါး ဖြစ်အောင် လုပ်ခဲ့တာ။

အကယ်၍ အနီးနားတွင် လူအမြောက်အမြား ရှိမနေပါက သူသည် ပြင်းထန်စွာ ကြိမ်းမောင်းမိသည်မှာ ကြာပြီ ဖြစ်သည်။

တစ်ချိန်တည်းမှာပင် ဝေကျန့်ကော်၏ ဘေးတွင် ရပ်နေသော ကော်မတီဝင် လျူဟယ်သည် ဝမ်းနည်းနေသလို အနည်းငယ်လည်း အနေခက်နေ၏။ အဘယ်ကြောင့်ဆိုသော် ဤဗုံးများကို သူကိုယ်တိုင် ပြုလုပ်ခဲ့ခြင်းကြောင့် ဖြစ်သည်။ သူသည် ၎င်းတို့က ရာခိုင်နှုန်းပြည့် စိတ်ချရသည်ဟု အာမမခံနိုင်ကြောင်း ပြောခဲ့သော်လည်း သုံးလုံးတွင် တစ်လုံး မပေါက်ကွဲခြင်းမှာ မဖြစ်သင့်သော ကျရှုံးမှုနှုန်း ဖြစ်၏။

ကော်မတီဝင် ရန်ကျဲနှင့် ဖုန်းမင်းအန်တို့ကမူ ဘာမှသိပ်မပြောကြပေ။ ၄င်းက စခန်း၏ ကိစ္စ ဖြစ်သော်လည်း လုံခြုံရေးတပ်၏အတွင်းရေးလည်း ဖြစ်သဖြင့် ၎င်းတို့ ဝင်ရောက် စွက်ဖက်ရန် မလွယ်ကူပေ။ သို့သော် ၎င်းတို့နှစ်ဦးစလုံး၏ အမူအရာမှာ အလွန် ဝမ်းနည်းနေကြသည် ။ကမ္ဘာပျက်ကပ် စတင်ကတည်းက ယခုအချိန်အထိ အသက်ရှင်ကျန်ရစ်ခဲ့သော စစ်သည်တော်တိုင်းမှာ ရတနာများပင် ဖြစ်လေသည်။.

"ကပ္ပတိန်ရှန်း၊ ပစ္စည်းစာရင်း စစ်ဆေးတာ ပြီးပါပြီ..."

ကောချောင်က စာရင်းတစ်ခုကို ရှန်းဟုန်ပင်းထံသို့ သတိထားကာ ကမ်းပေးလိုက်၏။

ရှန်းဟုန်ပင်းက ၎င်းကို အမြန်ကြည့်ရှုပြီး သူ၏ နာမည်ကို လျင်မြန်စွာ လက်မှတ်ရေးထိုးလိုက်ကာ နောက်သို့ လှည့်မကြည့်ဘဲ မိုးထဲရေထဲသို့ လျှောက်ထွက်သွားတော့သည်။

"ကျန်တဲ့လူတွေလည်း သွားပြီး ကောင်းကောင်း အနားယူကြပါဦး"

ဝေကျန့်ကော်က အခြား စစ်သားလေးယောက်ကို ကြည့်ပြီး သက်ပြင်းချလိုက်၏။

"ဟုတ်ကဲ့ပါ ဆရာ"

စစ်သားများသည် ဝေကျန့်ကော်ကို ချက်ချင်း အလေးပြုလိုက်ကြသည်။ ၎င်းတို့ထဲမှ တစ်ယောက်က သူ၏ ကျောပိုးအိတ်ထဲမှ ပိတ်အိတ်ဖြင့် ထုပ်ထားသော အရာတစ်ခုကို ထုတ်ကာ ဝေကျန့်ကော်ထံသို့ ကမ်းပေးလိုက်၏။

"တပ်ဖွဲ့ခေါင်းဆောင်ဝေ၊ ဒါက အဲဒီ ဇွန်ဘီအမြုတေပါ..."

ဝေကျန့်ကော်က ၎င်းကို ယူလိုက်သည်။ သူသည် ဤဇွန်ဘီအမြုတေမှာ လေးလံနေပြီး သူ ယခင်က မြင်ဖူးသမျှသော ဇွန်ဘီအမြုတေများထက် ပို၍ လေးလံနေကြောင်း ခံစားလိုက်ရ၏။

"အားလုံးပဲ လူစုခွဲကြပါ"

ဝေကျန့်ကော်က သူ၏ လက်ကို ဝှေ့ယမ်းလိုက်သဖြင့် အခြား ကြည့်ရှုနေသူများသည် လျင်မြန်စွာ ထွက်ခွာသွားကြသည်။

ဝမ်ထောင်လည်း ထွက်ခွာတော့မည့် အချိန်တွင် ဝေကျန့်ကော်က သူ့ကို လှမ်းခေါ်လိုက်၏။

"ဝမ်ထောင်၊ ခေတ္တလောက် စောင့်ပါဦး"

ဝေကျန့်ကော်က သူ့ကို အချက်ပြလိုက်သည်။

ဝမ်ထောင်က ရပ်လိုက်၏။

ဟန်ရွှေက ဝမ်ထောင်ကို ခေါင်းညိတ်ပြလိုက်ပြီးနောက် ဆန်းဝေကွမ်နှင့် အိုရင်းရင်းတို့နှင့်အတူ ထွက်ခွာသွားခဲ့သည်။

၎င်းတို့ တံခါးအပြင်သို့ လျှောက်လှမ်းသွားချိန်တွင် ဆန်းဝေကွမ်၏ ညည်းတွားသံကို ဝမ်ထောင်က တိုးတိုးလေး ကြားလိုက်ရ၏။

"မိန်းမ၊ မင်း ငါ့ကို လိုက်ရှာနေတာလား။ မဟုတ်ဘူးလား။ မင်းက... မင်းက ငါ့ကို လုံးဝ ဂရုမစိုက်ဘူးပဲ။ ငါကတော့ မင်းအတွက် အများကြီး စိုးရိမ်နေခဲ့တာ..."

ဝမ်ထောင်က ခေါင်းခါလိုက်ပြီးနောက် ဝေကျန့်ကော်ကို ကြည့်လိုက်သည်။

"ရှန်းဟုန်ပင်းဆီ သွားရှာရအောင်။ ငါတို့ရဲ့ အဓိကကိစ္စကို မေ့လို့မရဘူး"

သူ ပြောဆိုသော အဓိကကိစ္စမှာ သဘာဝအတိုင်း ဝမ်ထောင် ကော်မတီဝင် ဖြစ်လာမည့် ကိစ္စ ဖြစ်၏။

၎င်းတို့၏ ဘေးတွင် ရှိနေသော လျူဟယ်၊ ရန်ကျဲနှင့် ဖုန်းမင်းအန်တို့သည် ဝမ်ထောင်ကို အနည်းငယ် စပ်စုလိုသော အမူအရာဖြင့် အကဲခတ်နေကြသည်။ ၎င်းတို့သည် ဝေကျန့်ကော်ထံမှ ဝမ်ထောင်က စွမ်းရည်ရှင်တစ်ဦး ဖြစ်ကြောင်း သတင်းရရှိထားပြီး ဖြစ်၏။ ၎င်းတို့သည် စွမ်းရည်ရှင်တစ်ဦးကို ယခင်က ဘယ်သောအခါမှ မမြင်ဖူးကြပေ...

"သူ့ဆီကို အခု သွားရှာတာက နည်းနည်း..."

ဝမ်ထောင်က အနည်းငယ် မျက်မှောင်ကုတ်လိုက်၏။

ရှန်းဟုန်ပင်းနှင့် ဝေကျန့်ကော်တို့ စောစောက အချင်းချင်း တိုက်ခိုက်နေကြသည်ကို မြင်တွေ့ရသဖြင့် ရှန်းဟုန်ပင်းသည် လောလောဆယ် ဒေါသထွက်နေဆဲ သို့မဟုတ် ဝမ်းနည်းနေဆဲ ဖြစ်နိုင်သည်။ ယခုအချိန်တွင် သူ့ထံ သွားရောက်ခြင်းမှာ အနည်းငယ် မသင့်တော်သလို ခံစားရ၏။

"စိတ်မပူပါနဲ့၊ သူက ငါ့ထက်တောင် စွမ်းရည်ရှင်တစ်ယောက်ကို ပိုပြီး မြင်ချင်နေတာ"

ဝေကျန့်ကော်က အဆင်ပြေကြောင်း ပြောသဖြင့် ဝမ်ထောင်က ဂရုမစိုက်တော့ပေ။ သို့သော် သူက ဝေကျန့်ကော်ကို စိုးရိမ်တကြီး ကြည့်လိုက်၏။

"မင်းရဲ့ ဒဏ်ရာက အဆင်ပြေရဲ့လား"

"ဒဏ်ရာအသေးစားလေးပါ။ သွားကြစို့"

လျူဟယ်က ဝေကျန့်ကော်၏ ဝှီးချဲကို တွန်းပေးလိုက်ပြီး ၎င်းတို့အနက်မှ အချို့သည် ဝမ်ထောင်နှင့်အတူ အခြား အဆောက်အအုံတစ်ခုသို့ သွားခဲ့ကြသည်။ ၎င်းတို့ ဝင်ရောက်သွားသည်နှင့်တစ်ပြိုင်နက် ထောင့်တစ်ခုတွင် ဆေးလိပ်သောက်နေသော ရှန်းဟုန်ပင်းကို မြင်လိုက်ရ၏။

"မင်းတို့အားလုံး အခု ဘာလို့ ဒီကို ရောက်လာကြတာလဲ။ ငါ့ကို ဆက်ပြီး ဝေဖန်ချင်လို့လား၊ ဒါမှမဟုတ် ငါ အရှက်ရတာကို လာကြည့်ကြတာလား"

ရှန်းဟုန်ပင်း၏ အမူအရာမှာ စိတ်မရှည်ခြင်းများဖြင့် ပြည့်နှက်နေ၏။

ဝေကျန့်ကော်က သူ၏ မေးခွန်းကို တိုက်ရိုက် မဖြေဘဲ ဝမ်ထောင်ကို လက်ညှိုးထိုးပြရင်း ပြောလိုက်သည်။

"သူက စွမ်းရည်ရှင်တစ်ယောက်ပဲ၊ ငါတို့စခန်းရဲ့ အဋ္ဌမမြောက် ကော်မတီဝင် ဖြစ်လာမယ့်သူပဲ။ မင်းမှာ ကန့်ကွက်စရာ ရှိလား"

"စွမ်းရည်ရှင် ဟုတ်လား"

ရှန်းဟုန်ပင်းသည် ခေတ္တမျှ မှင်သက်သွားပြီးနောက် စိတ်လှုပ်ရှားနေသော မျက်နှာဖြင့် ချက်ချင်း ပြေးလာကာ ဝမ်ထောင်ကို စိုက်ကြည့်လိုက်၏။

"မင်းက တကယ်ပဲ စွမ်းရည်ရှင်တစ်ယောက်လား"

ဝမ်ထောင်က စကားအများကြီး မပြောဘဲ သူ၏ အစွမ်းကို တိုက်ရိုက် သရုပ်ပြလိုက်သည်။

ယခင်အကြိမ်ကကဲ့သို့ပင် သူ၏ လက်ဖျစ်တစ်ချက်တီးလိုက်ရာ မြင်တွေ့နိုင်သော တုန်ခါမှုလှိုင်းတစ်ခုသည် သူ၏ လက်ထိပ်မှနေ၍ အပြင်ဘက်သို့ လှိုင်းထသွားခဲ့၏။ အတိုင်းအတာမှာ မကြီးမားသလို အလွန် အစွမ်းထက်ပုံ မပေါ်သော်လည်း ၎င်းက စစ်မှန်သော အစွမ်းတစ်ခု ဖြစ်သည်။

ဝမ်ထောင်တွင် သူ၏ အစွမ်းကို ဖော်ထုတ်ရန် နည်းလမ်းများစွာ ရှိသော်လည်း ဤနည်းလမ်းမှာ အမိုက်ဆုံး ဖြစ်သည်ဟု သူ ခံစားရ၏။

သို့သော် သူနှင့် အခြားလူများ အံ့ဩသွားရသည်မှာ ရှန်းဟုန်ပင်းက ဝမ်ထောင် ဖော်ထုတ်လိုက်သော တုန်ခါမှုလှိုင်းကို ရုတ်တရက် လက်ဖြင့် လှမ်းဖမ်းလိုက်ခြင်း ဖြစ်သည်။

"မလုပ်နဲ့—"

ဝမ်ထောင်၏ အော်ဟစ်သံ ပါးစပ်မှ မထွက်လာမီမှာပင် ရှန်းဟုန်ပင်းသည် ပေါက်ကွဲစေတတ်သော အရာတစ်ခုကို ဖမ်းမိလိုက်သကဲ့သို့ နောက်သို့ ရုတ်တရက် လဲကျသွားသည်ကို မြင်လိုက်ရ၏။

ဘုတ်—

သူသည် သူ၏ တင်ပါးဖြင့် ကြမ်းပြင်ပေါ်သို့ ပြင်းထန်စွာ ကျသွားပြီး သူ၏ မျက်နှာမှာ ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေကာ သွေးစအချို့သည် သူ၏ နှုတ်ခမ်းထောင့်မှ စိမ့်ထွက်လာသည်။

【 -၁၁၅ 】

【 ၆၀၆/၈၁၅ 】

ဝမ်ထောင်သည် အနည်းငယ် ဆွံ့အသွားရ၏။ ဒီလူက တကယ်အဆင်အခြင်မဲ့တာပဲ။ ဘာမှမမေးဘဲ ငါ့အစွမ်းကို လက်နဲ့တိုက်ရိုက် လှမ်းတားတာလား။

သူ၏ တုန်ခါမှုလှိုင်းမှာ သေးငယ်ပုံရသော်လည်း ၎င်း၏ စွမ်းအားမှာ စစ်မှန်လှသည်။ အမှန်တော့ သူက အကြိမ်များစွာ မလေ့ကျင့်ရသေးသဖြင့် ဤအရာမှာ သူ ထိန်းချုပ်နိုင်သော အားနည်းဆုံး အခြေအနေ ဖြစ်၏။

ထိုသို့ဖြစ်သည့်တိုင်အောင် ရှန်းဟုန်ပင်းသည် သွေးပမာဏအမှတ်များ တစ်ရာကျော် လျော့နည်းသွားခဲ့ပြီး အတွင်းဒဏ်ရာများပင်တိုက်ရိုက် ရရှိသွားခဲ့သည်။ ကံကောင်းစွာဖြင့် ၎င်းက တုန်ခါမှုလှိုင်း ဖြစ်နေခြင်းကြောင့် ဖြစ်ပြီး အကယ်၍ ဖြတ်တောက်နိုင်သော အစွမ်း သို့မဟုတ် အလားတူအရာမျိုး ဖြစ်ပါက ရှန်းဟုန်ပင်း၏ လက်မှာ သေချာပေါက် ပြတ်တောက်သွားလိမ့်မည် ဖြစ်၏...

"မင်း အဆင်ပြေရဲ့လား"

ရန်ကျဲက ရှန်းဟုန်ပင်းကို ထူရန် လျင်မြန်စွာ ပြေးသွားသည်။

"ငါ အဆင်ပြေပါတယ်... အဟွတ် အဟွတ်... ထွီ"

ရှန်းဟုန်ပင်းက သွေးစွန်းနေသော သလိပ်တစ်လုပ်ကို ထွေးထုတ်လိုက်ပြီးနောက် ဝမ်ထောင်ကို တောက်ပသော မျက်ဝန်းများဖြင့် စိုက်ကြည့်လိုက်၏။

"တကယ်ပဲ စွမ်းရည်ရှင်တစ်ယောက်ပဲ။ မင်း ဇွန်ဘီအမြုတေကို စားခဲ့တာလား။ စွမ်းရည်ရှင်တစ်ယောက် ဖြစ်ရတာ ဘယ်လို ခံစားရလဲ။ ကိုယ့်မှာ အစွမ်း ရှိမရှိကို ဘယ်လို သိနိုင်မလဲ"

ရှန်းဟုန်ပင်း၏ ပါးစပ်မှ မေးခွန်းများသည် စက်သေနတ်ပစ်ကဲ့သို့ ထွက်ပေါ်လာတော့သည်။

"..."

ဝမ်ထောင် အနည်းငယ် ဆွံ့အသွားသော်လည်း ဝေကျန့်ကော်က သူ့ကို ကယ်တင်ပေးလိုက်၏။

"မင်းမှာ ရှိတဲ့ မေးခွန်းတွေကို နောက်မှ သူ့ကို မေးလို့ရပါတယ်။ လောလောဆယ် ငါတို့မှာ အများသဘောတူရမယ့် ကိစ္စ ရှိတယ်— ရဲဘော်ဝမ်ထောင်က စခန်းရဲ့ အဋ္ဌမမြောက် ကော်မတီဝင် ဖြစ်လာမယ့်အပေါ် မင်းမှာ ကန့်ကွက်စရာ ရှိလား"

"ကန့်ကွက်စရာ မရှိဘူး၊ ဘာမှကန့်ကွက်စရာ မရှိဘူး။ စခန်းမှာ ရှိတဲ့ ဘယ်စွမ်းရည်ရှင်မဆို ကော်မတီဝင်အဖြစ် တိုက်ရိုက် မြှင့်တင်နိုင်တယ်လို့ ငါတို့ အစကတည်းက သဘောတူထားပြီးသားပဲ"

ရှန်းဟုန်ပင်းက ခေါင်းကို ထပ်ခါတလဲလဲ ညိတ်လိုက်၏။

"ကောင်းပြီ"

ဝေကျန့်ကော်က ခေါင်းညိတ်လိုက်ပြီးနောက် သူ၏ ဘေးတွင် ရှိနေသော လျူဟယ်၊ ရန်ကျဲနှင့် ဖုန်းမင်းအန်တို့ကို ကြည့်လိုက်သည်။

"ကျွန်တော်တို့လည်း ကန့်ကွက်စရာ မရှိပါဘူး"

၎င်းတို့ သုံးဦးစလုံးက တစ်ယောက်ပြီးတစ်ယောက် ပြောကြ၏။

"အရမ်းကောင်းတယ်"

ဝေကျန့်ကော်က ဝမ်ထောင်ကို ကြည့်ပြီး ပြောလိုက်သည်။

"ငါတို့ရဲ့ ကော်မတီ စည်းမျဉ်းတွေအရ အဓိက ကိစ္စရပ်တွေအပေါ် ဆုံးဖြတ်ချက်တွေအတွက် သုံးပုံနှစ်ပုံအများစု ရှိရင် လုံလောက်ပြီ။ ငါတို့မှာ အခု စုစုပေါင်း ကော်မတီဝင် ခုနစ်ယောက် ရှိနေလို့ ငါးယောက် သဘောတူရင် ရပြီ။ အခြား ကော်မတီဝင် နှစ်ယောက်ကတော့ အပြင်ရောက်နေပြီး ဒီမှာ ငါတို့ ငါးယောက်ပဲ ရှိပေမဲ့ ဒါက လုံလောက်ပါတယ်။ အခု ငါတို့ ငါးယောက်စလုံးက မင်းကို စခန်းကော်မတီရဲ့ အဖွဲ့ဝင်တစ်ယောက် ဖြစ်လာဖို့ သဘောတူကြတယ်။ မင်းကော သဘောတူရဲ့လား။ သဘာဝအတိုင်း မင်းရဲ့ သဘောထားကို အလောတကြီး မပြောပါနဲ့ဦး။ ငါ အရင်ဆုံး ကော်မတီဝင်တစ်ယောက်ရဲ့ တာဝန်တွေကို မင်းကို တိတိကျကျ ရှင်းပြမယ်..."

ဝေကျန့်ကော်က သက်ဆိုင်ရာ အခွင့်အရေးနှင့်တာဝန်ဝတ္တရားများအကြောင်းကို ပိုမို ပြောကြားပြီးနောက် အားလုံးက ဝမ်ထောင်ကို ကြည့်လိုက်ကြသည်။

"ကျွန်တော် သဘောတူပါတယ်"

ဖြောင်း ဖြောင်း ဖြောင်း။

အခြားလူများသည် လျင်မြန်စွာပင် လက်ခုပ်တီးလိုက်ကြ၏။

"ဂုဏ်ယူပါတယ်၊ ရဲဘော်ဝမ်ထောင်— အို မဟုတ်ဘူး၊ အခုကစပြီး ကော်မတီဝင်ဝမ်ထောင်ပေါ့"

ရန်ကျဲက ဝမ်ထောင်ကို အလွန် နွေးထွေးစွာဖြင့် လက်ဆွဲနှုတ်ဆက်လိုက်သည်။ သူသည် မူလက ရွှေကျဲခရိုင်၏ ဒုတိယခရိုင်တရားသူကြီး ဖြစ်သော်လည်း သူက ထို 'ဒုတိယ' ဆိုသည့် ဘွဲ့အမည်ကို အလွန် မသုံးစွဲဘဲ ကော်မတီဝင်ရန် ဟု ခေါ်ဆိုခြင်းကို ပို၍ အသားကျနေသူ ဖြစ်၏။ ဝမ်ထောင်လည်း ၎င်းကို သဘောကျလိမ့်မည်ဟု သူ ယုံကြည်သည်။

သေချာပေါက်ပင် ဝမ်ထောင်သည် ပြုံးရွှင်နေသော မျက်နှာဖြင့် ချက်ချင်း ပြောလိုက်၏။

"နောင်ကျရင် ကော်မတီဝင်ရန်အနေနဲ့ ကျွန်တော့်ကို လမ်းညွှန်ပေးပါဦးဗျာ"

အားလုံး အပြန်အလှန် နှုတ်ဆက်ကြပြီးနောက် ၎င်းတို့သည် ဝမ်ထောင်ကို ဘက်စုံသုံးအဆောက်အအုံ၏ အပေါ်ဆုံးထပ်သို့ ခေါ်ဆောင်လာခဲ့ကြသည်။ ဤနေရာသည် ကော်မတီဝင်များအတွက် သီးသန့် ရုံးခန်းဧရိယာ ဖြစ်ပြီး ရွှေကျဲစခန်းတစ်ခုလုံးကို စီးမိုးကြည့်ရှုနိုင်သည့် နေရာ ဖြစ်၏။

သို့သော် ပုံမှန်အားဖြင့် လူတိုင်း ဤနေရာတွင် ရှိနေခဲလှသည်။ အဘယ်ကြောင့်ဆိုသော် လူတိုင်းသည် ရိက္ခာရှာဖွေရန် အပြင်ထွက်နေကြခြင်း ဖြစ်စေ၊ အိမ်တွင် အနားယူနေကြခြင်း ဖြစ်စေ သို့မဟုတ် လှေကားတက်ရန် အလွန် မောပန်းနေကြခြင်းကြောင့် ဖြစ်စေ... ၎င်းက ကမ္ဘာပျက်ကပ် ဖြစ်ပြီး ရုံးခန်းထဲတွင် ထိုင်နေရုံဖြင့် အေးဆေးသော အလုပ်မျိုး မရှိပေ။ ကော်မတီဝင်များ အပါအဝင် လူတိုင်းသည် မိမိတို့၏ အခန်းကဏ္ဍအတိုင်း ပါဝင်ဆောင်ရွက်ကြရမည် ဖြစ်သည်။

အပေါ်ဆုံးထပ်ရှိ ခန်းမတွင် ထိုင်ခုံ ခုနစ်လုံး ပါရှိသော ဝိုင်းဖွဲ့စားပွဲ တစ်လုံး ရှိပြီး ၎င်းက ရွှေကျဲစခန်းတွင် အဆင့်အတန်း အမြင့်မားဆုံးသော လူ ခုနစ်ယောက်ကို ကိုယ်စားပြုသည်။

ရန်ကျဲက အခြား ထိုင်ခုံတစ်လုံးကို ယူလာပြီး ဝမ်ထောင်ကို ထိုင်ရန် ဖိတ်ခေါ်လိုက်၏။

အမှန်အတိုင်း ပြောရပါက ဤနေရာတွင် ထိုင်နေရခြင်းက လူတစ်ယောက်၏ ခံစားချက်တစ်ခုလုံးကို ပြောင်းလဲစေသည်။

သို့သော် ဝမ်ထောင်သည် ကမ္ဘာပျက်ကပ်တွင် အသက်ရှင်သန်ရန် သူ အားကိုးရသည့် အရာမှာ သူ၏ လက်ထဲတွင် ရှိသော စွမ်းအား ဖြစ်ကြောင်း မေ့လျော့မထားပေ။ အခြားလူများထက် သာလွန်နေသည်ဟူသော ဤခံစားချက်မှာ ခေတ္တမျှ ခံစားကြည့်ရန်သာ ဖြစ်ပြီး စွဲလမ်းသွားရန် မဟုတ်ပေ။

"အခြား ကော်မတီဝင် နှစ်ယောက်က အခုထိ ပြန်မလာသေးဘူးလား"

ဝမ်ထောင်က စပ်စုလိုစိတ်ဖြင့် မေးလိုက်၏။

မိမိကိုယ်တိုင် အပါအဝင် ရွှေကျဲစခန်းတွင် ယခုအခါ ကော်မတီဝင် ရှစ်ယောက် ရှိပြီ ဖြစ်သည်။ ၎င်းတို့မှာ ယခင် လုံခြုံရေးတပ်မှ ဝေကျန့်ကော်၊ ရှန်းဟုန်ပင်းနှင့် လူကန်၊ ယခင် ရဲတပ်ဖွဲ့ဌာနမှ ဖုန်းမင်းအန်နှင့် ဆုန့်ကျင့်ဟုန်၊ ဒုတိယခရိုင်တရားသူကြီးဟောင်း ရန်ကျဲ၊ အီလက်ထရွန်နစ်နည်းပညာကျွမ်းကျင်သူ လျူဟယ်နှင့် ဝမ်ထောင်ကိုယ်တိုင် ဖြစ်ကြ၏။

ဝမ်ထောင်သည် ၎င်းတို့ထဲမှ ငါးယောက်နှင့် တွေ့ဆုံပြီး ဖြစ်ရာ လူကန်နှင့် ဆုန့်ကျင့်ဟုန်သာ ကျန်ရှိတော့သည်။

လူကန်မှာ ဝမ်ထောင်နှင့် အသက်အရွယ်တူခန့် ရှိသော လူငယ်တစ်ဦး ဖြစ်ကြောင်း သူ ကြားသိရသည်။ ရှန်းဟုန်ပင်းနှင့် ဝေကျန့်ကော် နှစ်ယောက်စလုံးမှာ သူ၏ အထက်လူကြီးများ ဖြစ်ကြ၏။ သူသည် စခန်းတစ်ခုလုံးတွင် အသန်မာဆုံး ဖြစ်သော သူ၏ သေနတ်ပစ်ပညာကို အားကိုးခြင်းဖြင့် ကော်မတီဝင်တစ်ဦး ဖြစ်လာနိုင်ခဲ့ခြင်း ဖြစ်သည်။

ဆုန့်ကျင့်ဟုန်မှာမူ ဝါရင့်ရဲအရာရှိတစ်ဦး ဖြစ်ပြီး ဟန်ရွှေ၏ အထက်လူကြီးဟောင်း ဖြစ်သည်။ ဟန်ရွှေ၏ ပြောပြချက်အရ သူသည် မျိုးဆက်သစ်များကို လမ်းညွှန်ပေးရခြင်းကို နှစ်သက်သော အလွန် ကောင်းမွန်သည့် လူတစ်ယောက် ဖြစ်၏။ သူကိုယ်တိုင်လည်း အကျင့်ပျက်ခြစားမှု ကင်းရှင်းပြီး သူ၏ ဂုဏ်သတင်းမှာ လုပ်ငန်းခွင်အတွင်းနှင့် ပြင်ပတွင်ပါ အလွန် ကောင်းမွန်လှသည်။

ဝမ်ထောင်သည် ဤနှစ်ယောက်ကိုလည်း သိကျွမ်းလိုစိတ် ရှိနေသေး၏။

"လူကန်က မင်း ရောက်တဲ့နေ့ မနက်ပိုင်းမှာပဲ အပြင်ထွက်သွားတာ။ သူက အထူးဇွန်ဘီတွေကို အမဲလိုက်ဖို့ သွားတာ၊ ပြန်မလာတာ ရက်အနည်းငယ် ရှိပြီ"

ဝမ်ထောင်က အနည်းငယ် အံ့ဩသွားသည်။

အထူးဇွန်ဘီတွေကို အမဲလိုက်တာ ဟုတ်လား။ သူကိုယ်တိုင်ပင် အထူးဇွန်ဘီတွေကို အမဲလိုက်နိုင်သည်ဟု မပြောရဲဘဲ ၎င်းတို့နှင့် ကြုံတွေ့ရသောအခါမှသာ ကိုင်တွယ်နိုင်မလား ကြည့်ရှုခြင်း ဖြစ်သည်။

အခြားတစ်ယောက်ကမူ ၎င်းတို့ကို အမဲလိုက်ရန်အတွက် သီးသန့် အပြင်ထွက်ရဲတာလား။ သူ့ရဲ့စွမ်းအားက အထင်ကြီးစရာပဲ။

ဝေကျန့်ကော်သည် ဝမ်ထောင် တွေးတောနေသည်ကို သိပုံရပြီး ပြုံးလျက် ခေါင်းခါလိုက်၏။

" သူက အထူးဇွန်ဘီတွေကို အမဲလိုက်တယ်လို့ ပြောပေမဲ့ အမှန်တော့ သူ့ရဲ့ ကံကို စမ်းကြည့်တာပါ။ ရိက္ခာရှာဖွေရင်းနဲ့ ကြုံတွေ့ရမလား ကြည့်တာပေါ့။ သူက သေနတ်ပစ်ပညာ ကောင်းမွန်ပြီး ငါတို့စခန်းရဲ့ တစ်ဦးတည်းသော စနိုက်ပါသမား ဖြစ်နေလို့ အထူးဇွန်ဘီတစ်ကောင်နဲ့ ကြုံရတဲ့အခါ အဝေးကနေ စနိုက်ပါနဲ့ ပစ်နိုင်တာ။ ငါတို့ရဲ့ ဇွန်ဘီအမြုတေ အများစုကို သူပဲ ယူလာပေးတာပါ..."

"ဒါကလည်း တကယ်အထင်ကြီးစရာကောင်းပါတယ်"

ဝမ်ထောင်က အနည်းငယ် အားကျမိသည်။ စနိုက်ပါရိုင်ဖယ်လား ၊ သူလည်း တစ်လက် လိုချင်မိ၏။

"ဆုန့်ကျင့်ဟုန်အကြောင်း ပြောရရင်တော့ သူက အသက်ရှင်ကျန်ရစ်သူတွေကို ကယ်တင်ဖို့ သွားတာ။ နေရောင်ခြည်လူမှုအသိုက်အဝန်းက အသက်ရှင်ကျန်ရစ်သူတွေက ဝေါ်ကီတော်ကီကနေတစ်ဆင့် ငါတို့ကို ဆက်သွယ်လာခဲ့တာလေ။ သူတို့ ပိတ်မိနေကြပြီး အဲဒီက အန္တရာယ်က သိပ်မကြီးမားလို့ ဆုန့်ကျင့်ဟုန်ကိုယ်တိုင် အဖွဲ့ကို ဦးဆောင်ပြီး သွားခဲ့တာ။ ဒါပေမဲ့ အချိန်ကို တွက်ကြည့်ရင် သူ အခုလောက်ဆို ပြန်ရောက်နေသင့်ပြီ..."

ဝေကျန့်ကော်က အနည်းငယ် ဝေခွဲမရ ဖြစ်နေ၏။

"သူ့ကို မဆက်သွယ်ကြည့်ဘူးလား"

ဝမ်ထောင်က မေးလိုက်သည်။

"ယေဘုယျအားဖြင့် စခန်းက အပြင်ထွက်သွားတဲ့သူတွေကို ကြိုတင်ပြီး မဆက်သွယ်ပါဘူး။ အမှန်တော့ သူတို့ရဲ့ ဝေါ်ကီတော်ကီတွေက အမြဲတမ်း ဖွင့်ထားလို့ မရနိုင်ဘူးလေ..."

ဝေကျန့်ကော်က ရှင်းပြသည်။

"ဒါလည်း ဟုတ်တာပဲ"

ဤအချိန်တွင် ရန်ကျဲက ပြုံးလျက် ပြောလိုက်၏။

"အခြားလူတွေကို ထားလိုက်ပါဦး၊ ကော်မတီဝင်ဝမ်အနေနဲ့ စခန်းမှာ ရှိတဲ့ ဝန်ထမ်းတွေ အားလုံးရဲ့ ရှေ့မှောက်မှာ ဘယ်တော့လောက် ကိုယ်ထင်ပြဖို့ စီစဉ်ထားလဲ။ ကော်မတီဝင်တစ်ယောက်ကို လူတိုင်း သိထားဖို့ သေချာပေါက် လိုအပ်ပါတယ်"

"ဘယ်အချိန်မဆို အဆင်ပြေပါတယ်"

"ကောင်းပြီ၊ ငါ အချိန်ကို စစ်ဆေးလိုက်ဦးမယ်..."

ရန်ကျဲ သူ၏ စကားကို မဆုံးမီမှာပင် တံခါးဆီမှ ရုတ်တရက် ခေါက်သံ ထွက်ပေါ်လာသည်။

"အစီရင်ခံစာ ရှိပါတယ်"

"ဝင်ခဲ့ပါ"

စစ်သားတစ်ယောက်သည် ဝေကျန့်ကော်၏ ဘေးနားသို့ အပြေးကလေး ရောက်လာ၏။

"ဝေတပ်ဖွဲ့၊ နေရောင်ခြည်လူမှုအသိုက်အဝန်းက အသက်ရှင်ကျန်ရစ်သူတွေ ကျွန်တော်တို့ စခန်းကို ရောက်လာကြပါပြီ၊ ဒါပေမဲ့ ကော်မတီဝင် ဆုန့်ကျင့်ဟုန်ကတော့ ပြန်မလာသေးပါဘူး..."

"ဘာ.."

-------

All Chapters