← Chapters

အခန်း ၄၁၄

Vol. 42 Ch. 414

အခန်း ၄၁၄

Vol. 42 Ch. 414

အခန်း ။ ၄၁၄

ယခုအချိန်တွင် နတ်ဘုရားအဆင့်ရှိ ဂြိုဟ်သားသတ္တဝါတို့သည် အပြာရောင်ကြယ်ပေါ်သို့ ဆင်းသက်နိုင်ခြင်း မရှိတော့ပေ။ အံ့ဖွယ်အဖွဲ့သာ ဤနေရာတွင် စခန်းချနေမည်ဆိုပါက လူတို့၏ လုံခြုံရေးမှာ အာမခံချက်ရှိနေပြီ ဖြစ်သည်။

ထို့အပြင် လက်ရှိ ဂြိုဟ်ပြင်ပရှိစစ်မြေပြင်တွင် နတ်ဘုရားအဆင့် သတ္တဝါများသာမက သွေးစွမ်းအင် တစ်သန်းကျော်သည့် သတ္တဝါများကိုပင် တွေ့မြင်ရခဲလှပြီ ဖြစ်သည်။

ထို့နောက် လီယန်က စူးစမ်းသော အကြည့်ဖြင့် ဆက်မေးလိုက်သည်။

"မင်းကရော ဘယ်လိုရှိလဲ"

ရွှီရန်က သူ့ကိုယ်သူ လက်ညှိုးထိုးကာ "ကျွန်တော်လား" ဟု ပြန်မေးသည်။

"ကျွန်တော့်ရဲ့ လက်ရှိ သွေးစွမ်းအင်နဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှုက ခုနစ်သန်းအထိ ရောက်ရှိသွားပါပြီ"

ခုနစ်သန်း…..

ဤကိန်းဂဏန်း ထွက်ပေါ်လာချိန်တွင် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားပြီး လူတိုင်း၏ အသက်ရှူသံများပင် ရပ်တန့်သွားကြသည်။

ကျောင်းအုပ်ကြီးမှာမူ ထိတ်လန့်လွန်း၍ လဲကျလုမတတ် ဖြစ်သွားရာ ချင်ရီဟိုက အမြန်ဆွဲထိန်းလိုက်ရသည်။

"ဒါဆို... တိုက်ခိုက်စွမ်းအားကရော ဘယ်လောက်ရှိမလဲ"

လီယန်က ဆက်မေးသည်။

ရွှီရန်က ခဏမျှ စဉ်းစားပြီးနောက်၊ "သွေးစွမ်းအင်နဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှု ခုနစ်သန်း၊ စူပါပေါက်ကွဲမှုဓားချက်နဲ့ ယုံကြည်ခြင်းမျိုးစေ့တို့ ပေါင်းစပ်လိုက်မယ်ဆိုရင် သွေးစွမ်းအင် ၅၆ သန်းရှိတဲ့ သတ္တဝါတွေကို ကျွန်တော် သတ်ဖြတ်နိုင်ပါတယ်။ စက္ကူလူသားတပ်ဖွဲ့ကဆိုရင် သွေးစွမ်းအင် ၄၀ သန်းရှိတဲ့ ရန်သူတွေကို ချက်ချင်း အနိုင်ယူနိုင်ပါတယ်" ဟု ဖြေလိုက်သည်။

ဤစကားသံ ထွက်ပေါ်လာသည်နှင့် ပရိသတ်တစ်ခုလုံး တိတ်ဆိတ်သွားပြန်သည်။ သူတို့သည် စိတ်ထဲတွင် ကြိုတင်ပြင်ဆင်ထားကြသော်လည်း ဤကိန်းဂဏန်းများကိုမူ နားနှင့်မဆံ့အောင် ဖြစ်နေကြသည်။ ၅၆ သန်းနှင့် ၄၀ သန်းဟူသည် သူတို့တစ်သက်တာတွင် စိတ်ကူးပင် ယဉ်ဖူးခြင်းမရှိသော ကိန်းဂဏန်းများ ဖြစ်သည်။

ရွှီရန်တို့အဖွဲ့ မပေါ်ပေါက်ခင်ကဆိုလျှင် စစ်သည်စုများသည် သွေးစွမ်းအင် ၅ သန်း၊ ၆ သန်းရှိသည့် သတ္တဝါများကို ရင်ဆိုင်ရာတွင် အမှားအယွင်းမရှိစေရန် အထူးသတိထား၍ တိုက်ခိုက်ကြရသည်။ ယခုမူ ရွှီရန်၏ ပါးစပ်မှ ထွက်လာသော ဤစကားများကြောင့် သူတို့ လုံးဝ အံ့အားသင့်နေကြသည်။

သို့သော် ခဏအကြာတွင် မီးထောင်ချောက်စစ်သည်စုနှင့် ဝိညာဉ်ထိန်းချုပ်စစ်သည်စုတို့က ဝမ်းမြောက်စွာ ရယ်မောလိုက်ကြသည်။

"ကောင်းပြီ ကောင်းပြီ မင်းတို့ အံ့ဖွယ်အဖွဲ့က တကယ်တော်တယ်"

"ဒီလိုဆိုရင် ငါတို့ အနားယူလို့ရပြီ။ ယဲ့ဖျင်ရဲ့ အနားယူတဲ့ဘဝကို ငါ အားကျမိတာ။ အခုတော့ ငါတို့အလှည့်ပဲ"

ရွှီရန်ကဲ့သို့သော သူမျိုးက ဝါးယားပြည်နှင့် အပြာရောင်ကြယ်ကို စောင့်ရှောက်ပေးနေသည့်အတွက် သူတို့ စိုးရိမ်စရာ ဘာမှမရှိတော့ပေ။

ကျားမလေးက ရှေ့ကို တက်လာကာ ယုံကြည်ချက်ရှိရှိ ပြောလိုက်သည်။

"အကြီးအကဲတို့က လူသားတွေအတွက် အများကြီး ပေးဆပ်ခဲ့ပြီးပါပြီ။ အခုတော့ ကျွန်မတို့ ရှိနေပြီဖြစ်လို့ စိတ်ချလက်ချ အနားယူနိုင်ပါပြီ"

ကျားမလေး၏ စကားကြောင့် နောက်ကလိုက်ပါလာသော မှော်မှန်ဘီလူးအဖွဲ့၏ တိုက်ခိုက်လိုစိတ်များ ပြင်းထန်လာသည်။ မှော်မှန်ဘီလူးအဖွဲ့မှာ အံ့ဖွယ်အဖွဲ့နှင့်အတူ လေ့ကျင့်ခဲ့ကြသော်လည်း သူတို့နှစ်ဖွဲ့ကြားတွင် ကွာဟချက်မှာ ကောင်းကင်နှင့်မြေကြီးသဖွယ် ဖြစ်နေသည်။ ထိုအခါ မှော်မှန်ဘီလူးအဖွဲ့၏ ခေါင်းဆောင် ချင်ရီဟိုက "ငါတို့နဲ့ သူတို့ကြား ကွာဟချက်က ကြီးမားပေမဲ့ သူတို့မှာ သူတို့လမ်း၊ ငါတို့မှာ ငါတို့လမ်း ရှိတယ်။ ငါတို့ရဲ့လမ်းအတိုင်း ခိုင်ခိုင်မာမာ လျှောက်လှမ်းဖို့ပဲ လိုတယ်" ဟု ပြောဆိုကာ အဖွဲ့ဝင်များ၏ စိတ်ဓာတ်ကို ပြန်လည် မြှင့်တင်ပေးလိုက်သည်။

ရွှီရန်က ကျားမလေး၏ ခေါင်းကို ပုတ်ရင်း "ကျားမလေး ဒီလိုစကားမျိုး ပြောလိမ့်မယ်လို့ မထင်ထားခဲ့ဘူး" ဟု ပြောရာ ကျားမလေးက ရှက်ရွံ့စွာ ခေါင်းငုံ့သွားသည်။

စင်စစ်အားဖြင့် ရွှီရန်မှာ အရာအားလုံးကို ထုတ်မပြောခဲ့ပေ။ သူပြောခဲ့သည်မှာ ပျက်သုဉ်းစေသည့် တံဆိပ်မပါဘဲ ပုံမှန်တိုက်ခိုက်မှုသာ ဖြစ်သည်။

အကယ်၍သာ ထိုတံဆိပ်ဖြင့် ပေါင်းစပ်လိုက်မည်ဆိုလျှင် သူသည် သွေးစွမ်းအင် ၉၀ သန်းရှိသည့် သတ္တဝါကိုပင် တစ်ဦးတည်း သတ်ဖြတ်နိုင်မည်ပင်။

ထို့အပြင် အဖွဲ့သားများ၏ မြှင့်တင်မှုများပါ ပေါင်းစပ်လိုက်လျှင် သွေးစွမ်းအင် သန်း ၁၀၀ ကျော်အထိ ရောက်ရှိကာ အမြင့်ဆုံး အာဏာရှင်(ထိပ်သီးတစ်ပါး)များကိုပင် ထိခိုက်မှု ဖြစ်စေနိုင်သည်။

ထိုအချိန်တွင် ဂြိုဟ်ပြင်ပရှိစစ်မြေပြင်၏ မှောင်မိုက်သော နေရာတစ်ခုတွင် တောင်ကြီးတစ်ခု တည်ရှိနေသည်။

ရွှီရန်တို့အဖွဲ့ လျှို့ဝှက်နယ်ပယ်မှ ထွက်လာပြီးနောက်တွင် ထိုတောင်ကြီးမှာ အပြင်းအထန် တုန်ခါလာသည်။

ခဏအကြာတွင် တောင်ကြီးပေါ်၌ အနက်ရောင် အငွေ့အသက်များ ပြည့်နှက်လာပြီး တောင်မျက်နှာပြင်တွင် သွေးနီရောင်စာတန်းများ ထွက်ပေါ်လာသည်။

"အာဏာရှင် ကျဆုံးခြင်း"

ထိုစာတန်းများ ထွက်ပေါ်လာခြင်းက အားလုံးကို ထိတ်လန့်တုန်လှုပ်သွားစေတော့သည်။

(မှတ်ချက်- ရှေ့အပိုင်းမှာ top one လို့ရေးထားတာကြောင့် ထိပ်သီးတစ်ပါးလို့ရေးထားတာပါ။ အခုကျ supreme ဖြစ်သွားတော့ နောက်အပိုင်းတွေကျရင် အာဏာရှင်လို့ပဲဆက်ပြန်မယ်နော်။ ဒါကပိုပြီးဖတ်ရတာချောမွေ့မယ်လို့ထင်လို့ပါ စာဖတ်သူလေးတို့….)

All Chapters