အခန်း ၁
Vol. 1 Ch. 1
အခန်း (၁)
“ဝိုင်တစ်ပုလင်းမှ ကိုးဆယ့်ကိုးယွမ်နော်၊ သောက်လိုက်တာနဲ့ နတ်ပြည်ရောက်သလို ခံစားရစေမှာဗျို့”
“နတ်သက်ကြွေတဲ့ အရသာကို ခံစားချင်ကြသလား၊ အခုပဲ မှာယူလိုက်ကြပါဦး မိတ်ဆွေတို့ရေ”
လင်းယန်သည် အားပါးတရ ပြောဆိုပြီးနောက် ဝိုင်အိုးထဲမှ တစ်ငုံသောက်လိုက်ကာ သူ့၏ရှေ့တွင်ရှိသော ကျောက်စားပွဲပေါ်သို့ ပြန်တင်လိုက်သည်။ ကျောက်စားပွဲပေါ်တွင် ကြည်လင်တောက်ပသော အနီရောင်ဝိုင်များ ဖြည့်ထားသည့် ခွက်အသေးလေးများစွာ ရှိနေ၏။
စားပွဲ၏ အရှေ့ဘက်တွင် မိုဘိုင်းဖုန်းတစ်လုံးကို ဒေါက်နှင့်သေသေချာချာ တပ်ဆင်ထားသည်။ မြင်တွေ့နေရသည့်ပုံစံအရ လင်းယန်သည် Live လွှင့်နေသော Streamer တစ်ယောက်ကဲ့သို့ဖြစ်နေပေ၏။
သို့သော်လည်း လက်တွေ့တွင် သူသည် တက္ကသိုလ်မှ ဘွဲ့ရသည်မှာမကြာသေးသော လူငယ်တစ်ယောက်ဖြစ်ကာ ‘ဘယ်သူ နောက်ဆုံးရယ်မောနိုင်မလဲ’
ဆိုသည့် ဖျော်ဖြေရေး အစီအစဉ်တွင် ပြိုင်ပွဲဝင်ထားသောသူတစ်ယောက်ဖြစ်သည်။
ထိုအစီအစဉ်သည် ပြီးခဲ့သောနှစ်မှစ၍ နာမည်ကြီးခဲ့သည်။ ပြိုင်ပွဲဝင် ၅ ယောက်အား ရင်းနှီးငွေ တစ်သိန်းစီပေး၍ နေရာတစ်ခုတည်းတွင် ကိုယ်ပိုင်စီးပွားရေး လုပ်ခိုင်းခြင်းဖြစ်၏။ တစ်နှစ်ပြည့်၍ အမြတ်ငွေ ကျပ်သိန်းနှစ်ရာ ကျော်သည့်သူများထဲမှ အဆင့်သတ်မှတ်၍ ပထမရရှိသောသူသည် ဆုကြေးငွေ သန်း ၃၀ ရရှိမည်။ အကယ်၍ ဝင်ငွေ သိန်းပေါင်းတစ်ထောင်ကျော် သွားနိုင်မည်ဆိုလျှင် ပို၍ထူးခြားဆန်းပြားသည့် ဆုကြီးရှိသည်ဟု ဆိုထားပါသေးသည်။
လွန်ခဲ့သော နှစ်လလောက်တွင် ထိုအစီအစဉ်အတွက် လူရွေးပွဲလုပ်သောအခါ တိုက်ဆိုင်စွာ
လင်းယန်၏ ဇာတိရွာလေးတွင် ပြုလုပ်သောကြောင့် အလုပ်လက်မဲ့ ဖြစ်နေသော လင်းယန်သည်
စာရင်းပေးလိုက်ကာ အမှတ်မထင် အရွေးခံလိုက်ရသည်။ တစ်သိန်းဖိုး သုံးဖြုန်းကာ ရွာသို့ပြန်၍ တစ်နှစ်ကြာ နေရမည်ဆိုသောကြောင့် အရှုံးမရှိပေ။
လင်းယန်သည် သူ၏အဘိုးနှင့်အတူ လယ်လုပ်ကာ ကြီးပြင်းလာသူဖြစ်သောကြောင့် ရွာတွင် မြေကွက်တစ်ကွက် ငှား၍ ‘လယ်တောအိမ်’ နာမည်နှင့် စားသောက်ဆိုင်လေး တစ်ဆိုင် ဖွင့်လိုက်လေ၏။ သို့သော် လွန်ခဲ့သော တစ်လခန့်တွင် သူ၏အဘိုး ချန်ထားခဲ့သော ရှေးဟောင်း ကျောက်စိမ်းဆွဲသီးလေးသည် ထူးဆန်းသောတန်ခိုးများ ရှိနေသည်ကိုသတိပြုမိသွားသည်။
ထိုထဲတွင် နတ်ရေစင်တွင်းရှိသော ထူးခြားသည့် လျှိ့ဝှက်နေရာတစ်ခု ပါနေသည်။ထိုရေစင်အား သောက်သောသူများသည် ကျန်းမာကြံ့ခိုင်၍ အသက်ရှည်စေကာ တိရစ္ဆာန်များ သောက်လျှင် လူများ၏ အမိန့်အား နားလည်နိုင်သည်အထိ ဉာဏ်ရည်ထက်မြက်၏။
လင်းယန် ဝတ်ထားသော ထိုဆွဲသီးသည် တိရစ္ဆာန်များနှင့် ဆက်သွယ်နိုင်သော စွမ်းအားများ ရှိ၏။
သူသည် မြို့တွင်နေခဲ့သောအခါ ကောက်ခဲ့သော
‘ဒမ်ဘတ်စ်’အမည်ပေးထားသော ဟတ်စကီခွေးကြီးသည် ထိုရေကို သောက်၍ သူ၏အပေါ်တွင် သစ္စာအရှိဆုံး ဖြစ်နေလေသည်။
လင်းယန်သည် ဝိုင်အိုးကိုဖွင့်ကာနောက်ထပ်တစ်ငုံထပ်၍ သောက်လိုက်၏။ သစ်သီးရနံ့ သင်းပျံ့ပျံ့နှင့်အတူ ပြင်းရှရှ အရက်နံ့လေးသည် နှာခေါင်းထဲသို့ တိုးဝင်လာသည်။ နတ်ရေစင်နှင့်ဖော်စပ်ကာ တစ်လလုံး အချိန်ပေး၍ စိမ်ထားရသောကြောင့် တန်ဖိုးရှိလှပေသည်။
အနားတွင် ထိုင်နေသော ဒမ်ဘတ်စ်သည် လျှာကြီးတန်းလန်းနှင့်သွားရည်များ တများများ ကျကာ
ဝိုင်အိုးအား ကြည့်၍ အငမ်းမရ ဖြစ်နေလေသည်။
“ဘာကြည့်နေတာလဲ ဒမ်ဘတ်စ်၊ နင် သုံးခွက်တောင် သောက်ပြီးပြီလေ၊ ထပ်လိုချင်သေးတာလား.. အရက်မူးပြီး သေသွားမှာ မကြောက်ဘူးလား”
“ဒါ နောက်ဆုံးတစ်ခွက်ပဲနော်၊ထပ်ပြီး လာကပ်နေရင်တော့ ငါ့လက်ဝါးနဲ့ နင့်ပါးနဲ့ တွေ့ရလိမ့်မယ်”
လင်းယန်သည် ဒမ်ဘတ်စ်အား ခြေထောက်နှင့် အသာတွန်းထုတ်၍ ဝိုင်တစ်ခွက်အား သူ၏ရှေ့သို့ ချပေးလိုက်၏။ ခွက်ကို ချလိုက်သည်နှင့် ဒမ်ဘတ်စ်သည် ခေါင်းကြီးနစ်ကာ အငမ်းမရဖြစ်စွာ သောက်လေသည်။
ဝိုင်ခွက်ထဲသို့ ခေါင်းစိုက်နေသော ဒမ်ဘတ်စ်အား ကြည့်ကာ လင်းယန် မျက်လုံးများအား ပွတ်သပ်ကြည့်မိသည်။
"သူ မူးနေလို့များလား၊ ဒီကောင့်အမွေးတွေက အနက်ရောင်မဟုတ်ဘူးလား၊ အခုတော့ ဘာလို့ မီးခိုးရောင်ဘက် ပြောင်းနေရတာလဲ၊ နယ်ကို ရောက်ကတည်းက အသားကောင်းကောင်း မကျွေးလို့ အာဟာရ ချို့တဲ့နေတာလား၊မနက်ဖြန်တော့ အရိုးလေးဘာလေး ဝယ်ကျွေးပြီး အသားလေးဘာလေး ချက်ကျွေးမှ ဖြစ်တော့မယ်"
Live ထဲတွင်ရှိသော လူအနည်းငယ်သည် ထိုလူနှင့် ခွေးအား ကြည့်၍ ပျင်းရိနေလေကြ၏။
“ဒီမှာ ခရီးသွားလည်း မရှိဘဲ ဘာလို့ ဆိုင်လာဖွင့်ထားတာလဲ၊ နောက်ဆုံးတော့ ဝိုင်ရောင်းချင်လို့ကို”
“ဒါတွေက အတုတွေ မဟုတ်ဘူးလား”
“မေးနေစရာ လိုသေးလို့လား၊ဘယ်ခွေးက အရက်သောက်မှာလဲ၊ ဒါတွေက သရုပ်ဆောင်နေတာပါကွာ”
“ကြည့်ရတာ လူရည်သန့်လေးမို့ အလားအလာရှိမယ် ထင်နေတာ၊ အခုတော့ ဟာသဖြစ်နေပြီ”
“တခြား ပြိုင်ပွဲဝင် လေးယောက်က ဝင်ငွေတွေ စရနေပြီ၊ ဒီလူကတော့ ရှုံးနေတုန်းပဲ”
“ပထမဆုံး ထွက်သွားရမယ့်သူက သူပဲ ဖြစ်လိမ့်မယ်၊တခြား Live သွားကြည့်ကြစို့”
“ဘေးက Live မှာ ရွာသားတွေအတွက် လယ်ယာထွက်ကုန်တွေ ရောင်းပေးနေတာ အရမ်းစည်ကားနေတယ်၊ဒီရွာက စပျစ်သီးတွေ အရမ်းကောင်းတယ်တဲ့၊ ငါလည်း သွားမှာလိုက်ဦးမယ်”
လင်းယန်သည် တက်လာသော ကွန်မန့်များအား ကြည့်၍ စိတ်ထဲတွင် ဒမ်ဘတ်စ် အမွေးအရောင် ပြောင်းနေသည်အား တွေးနေမိသည်။ ခဏနေမှပြန်၍ ရှင်းပြလိုက်ပါသည်။
“ကျွန်တော်ရောင်းတာ အတုမဟုတ်ပါဘူး၊ ကျွန်တော့်ခွေးက ဒီဝိုင်ကို သောက်တာက ဝိုင်က ထူးခြားလို့ပါ၊တိရစ္ဆာန်တွေတောင် ကြိုက်ကြတယ်ဗျ”
သို့သော်လည်း ကြည့်ရှုသူများသည် မယုံကြည်နိုင်ပေ။
“ထူးခြားတယ် ဟုတ်လား၊ နင့်ဝိုင်က မျောက်တွေစိမ်တဲ့ ‘မျောက်ဝိုင်’ လို့များ ထင်နေတာလား”
“ဒါက နတ်ဝိုင်ဗျ၊ မျောက်ဝိုင်တောင် ကျွန်တော့်ဝိုင်ကို မမီပါဘူး”
လင်းယန်သည် ချက်ချင်း တုံ့ပြန်လိုက်သော်လည်း မည်သူမျှမယုံကြသည့်အပြင် ‘လိမ်လည်နေတယ်’ ဟူ၍ ပြောနေကြလေ၏။
လင်းယန် စိတ်ပျက်သွားမိ၏။ မျောက်ဝိုင်သည် ကောင်းသော်လည်း သူ့၏ နတ်ဝိုင်အား မီရန်မဖြစ်နိုင်ပေ။သို့သော် အွန်လိုင်းပေါ်မှတစ်ဆင့် မည်သို့ သက်သေပြရမည်ကို သူ မပြောတတ်တော့ပေ။
ထိုအချိန်တွင်...
“ဝု... ဝု...”
“ကျိ... ကျိ...”
ဝိုင်သောက်၍ မှိန်းနေသော ဒမ်ဘတ်စ်သည် ရုတ်တရက် အကျယ်ကြီး ထဟောင်လေ၏။
“ဘာဖြစ်တာလဲ”
လင်းယန် သတိဝင်လာ၍ ကြည့်လိုက်သောအခါ ကျောက်စားပွဲပေါ်တွင် မျောက်အိုကြီးတစ်ကောင် မည်သည့်အချိန်ကတည်းက ရောက်နေသည်မသိ။
ထိုမျောက်ကြီး၏ တစ်ကိုယ်လုံး တွင် ဒဏ်ရာဒဏ်ချက်များနှင့် ပြည့်နှက်နေပြီး ညာဘက်ခြေထောက် တွင် သွေးမရပ်တမ်း ထွက်နေလေသည်။ မျက်လုံးများသည်လည်း ခက်ထန်နေဆဲဖြစ်၏။
ထိုမျောက်အိုကြီးသည် ဝိုင်ခွက်အား ကိုင်၍ အားပါးတရ သောက်နေ၏။ လူများ သိသွားပြီဆိုသည်နှင့် စားပွဲပေါ်မှ ဝိုင်အိုးကို ကောက်မ၍ သစ်ပင်ပေါ်သို့ လွှားခနဲ ခုန်တက်သွားပါသည်။သို့သော် ခြေထောက်မှ ဒဏ်ရာကြောင့် သွေးများပိုထွက်လာသောကြောင့် မျောက်အိုကြီးသည် နာကျင်စွာ အော်ဟစ်နေလေတော့သည်။
လင်းယန်၏ လက်ထဲတွင်ရှိသော မြေပဲစေ့လေးသည်ပင် တုန်သွားသည်။
“ရွှေရောင်မျောက်လား”
Live ထဲတွင်ရှိသော လူများသည်လည်း မျက်လုံးပြူးသွားကြသည်။
“နေဦး၊ ဒါ ရွှေရောင်မျောက်မဟုတ်လား”
“ဒါ ရုပ်ရှင်ရိုက်ကွင်းများလား”
“ဒါ Live လွှင့်နေတာလေဗျာ၊ ဘယ်လိုလုပ် အဲဒီလောက် အပြင်အတိုင်းတူအောင် လုပ်နိုင်မှာလဲ”
“ဒါ ရွှေရောင်မျောက်ဆိုတာ အမျိုးသားအဆင့် ကာကွယ်ထားတဲ့တိရစ္ဆာန်လေ”
“ဒဏ်ရာလည်း ရထားတယ်၊ သစ်တောဌာနကို အကြောင်းကြားသင့်တယ်”
လင်းယန်သည် ကွန်မန့်များအား ကြည့်ရန်အချိန်မရှိပေ။ ထိုမျောက်ကြီးသည် ဝိုင်နံ့ကြောင့် ရောက်လာသည်ကို သူ သိလိုက်သည်။ ဝိုင်သည် နတ်ရေစင်နှင့် စိမ်ထားခြင်းကြောင့်ဖြစ်၏။
မျောက်ကြီးသည် ဝိုင်ခိုးသွားသော်လည်း သူသည်
စိတ်မဆိုးပေ။ တောတောင်အား မှီခိုကြီးပြင်းလာသူဖြစ်သည့်အတွက် တိရစ္ဆာန်များကို သူချစ်သည်။
ထိုမျောက်ကြီး ဝိုင်သောက်ခြင်းသည် ကွန်မန့်ထဲမှ လူများကို ပါးရိုက်သကဲ့သို့ ဖြစ်သွားပေ၏။ ဝိုင်အတု ဖြစ်မဖြစ်ဆိုသည့် ပဟေဠိကို မျောက်ကြီးက ဖြေရှင်းပေးလိုက်ပေပြီ။
သို့သော် အရေးကြီးသည်မှာ မျောက်ကြီး၏ဒဏ်ရာအား ကုပေးရန်ဖြစ်သည်။ လင်းယန်သည် မျောက်ကြီးအား ကြည့်၍ လက်ယမ်းပြလိုက်သည်။
“ဆင်းလာခဲ့ပါ၊ ငါ မင်းဒဏ်ရာကို စည်းပေးမယ်”
Live ထဲတွင်ရှိသော လူများသည် ရယ်နေကြဆဲဖြစ်၏။
“ဒီ Streamer ကတော့ ရယ်ရတယ်၊ မျောက်နဲ့ စကားပြောနေတယ်”
“တိရစ္ဆာန်က လူစကား ဘယ်နားလည်ပါ့မလဲ”
သို့သော်မျောက်အိုကြီးသည် လင်းယန်စကားအား မကြားသကဲ့သို့ ဝိုင်အိုးအား ဖွင့်၍ ရနံ့ကို တဝကြီးရှူရှိုက်နေလေ၏။ ထို့နောက် အိုးထဲတွင်ရှိသော ဝိုင်များကို အကုန်မော့သောက်လိုက်လေသည်။
ကြည့်နေသည့် လူများအားလုံး အံ့သြသွားကြသည်။
“အံ့သြစရာပဲ၊ မျောက်က တကယ်ကြီး အရက်သောက်တာလား”
“ဝိုင်က တကယ်ပဲ ကောင်းလို့များလား”
တစ်အိုးလုံး ကုန်သွားသောအခါ မျောက်အိုကြီးသည် ထပ်၍လိုချင်သေးသောပုံစံနှင့် လင်းယန်အား စိုက်ကြည့်နေသည်။
လင်းယန်သည်မျက်ရိပ်ပြလိုက်သည်။
“ထပ်သောက်ချင်သေးလား”
“ဆင်းလာခဲ့လေ၊ ငါ ဒဏ်ရာကို စည်းပေးမယ်၊ ပြီးရင် ထပ်တိုက်မယ်”
ထိုစကားအား ကြားသောလူများသည် ထပ်ရယ်ကြပြန်၏။
“ဒီလူကတော့ တကယ်ပဲ၊ တောရိုင်းမျောက်ကို တစ်အိုးတည်းနဲ့ မျှားလို့ရမလား”
သို့သော် စက္ကန့်အနည်းငယ်ကြာသောအခါ..
“နေဦး၊ အဲဒီမျောက်ကြီး ဘာလုပ်နေတာလဲ”