ဒီဇာတ်လမ်းလေးရဲ့ Mc ဟာ ရိုးရိုးရှင်းရှင်း ယာတောအိမ်လေးတစ်လုံး ဖွင့်ခဲ့ပေမယ့်လည်း လာလည်တဲ့သူများက လူမဟုတ်ဘဲ ထူးထူးဆန်းဆန်း တောရိုင်းတိရိစ္ဆာန်တွေကြီးဖြစ်ကာ ယာတောအိမ်မှ တိရိစ္ဆာန်ရုံအလား ဖြစ်လာသောအခါ။ Mc လင်းယန်ရဲ့ တစ်လွဲဟာသတွေ၊ ကျေးလက်ဒေသ အေးချမ်းမှုတွေ၊ လူနဲ့တိရိစ္ဆာန်တွေကြားက ချစ်ခင်ကြင်နာမှုတွေနဲ့ ထူးထူးဆန်းဆန်း ဟာသဆန်ဆန် စာစဉ်လေးမလို့ တစ်ခွီးခွီးရယ်နေရမှာ အသေအချာပါပဲ။ ***** "တိရိစ္ဆာန်ရုံ မဟုတ်ပါဘူးဆိုနေမှ..." "နောက်ဆုံးရယ်ရမည့်သူ" အမည်ရှိတဲ့ စွန့်ဦးတီထွင်မှု ရုပ်သံအစီအစဉ်ကြီး စတင်ထုတ်လွှင့်နေပါပြီ။ ပြိုင်ပွဲဝင်တစ်ဦးဖြစ်သည့် လင်းယန်က ဇာတိရွာကို ပြန်သွားပြီး ယာတောအိမ်လေးတစ်ခု ရိုးရိုးရှင်းရှင်း စတင်ဖွင့်လှစ်လိုက်လေ၏။ မူလရည်ရွယ်ချက်ကတော့ ရိုးရိုးရှင်းရှင်း မြေလေးစိုက်ပျိုး၊ ထွက်လာတဲ့ စိုက်ပျိုးရေးထွက်ကုန်လေးတွေ ရောင်းချပြီး အေးအေးချမ်းချမ်း နေထိုင်ဖို့ပါပဲ။ ဒါပေမဲ့ ပထမဆုံးရောက်လာတဲ့ ဧည့်သည်က ရွှေရောင်မျောက်ဝံကြီး ဖြစ်နေလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ။ အဲဒီနောက်မှာတော့ ဧည့်သည်တွေ ဆက်တိုက် ရောက်လာပါတော့တယ်။ ကျားကြီး ဆင်းလာတယ်၊ တောဝက်ဘုရင်ကြီး ရောက်လာတယ်၊ ကျိုးရှန်းမြွေဟောက်ကြီး လာလည်တယ်၊ စသဖြင့် မျိုးစုံလှတဲ့ တောရိုင်းတိရစ္ဆာန်တွေ ယာတောအိမ်လေးဆီ စုပြုံရောက်ရှိလာကြပါတော့တယ်။ တစ်နှစ်ကြာပြီးတဲ့နောက်... အစီအစဉ်ရဲ့ ဆုကြေးငွေတွေကို လက်ဝယ်ပိုင်ဆိုင်သွားတဲ့ လင်းယန်ဆီ သတင်းထောက်တွေ အပြေးအလွှား ရောက်လာကြတော့တယ်။ "ရှင် ဒီလောက်အောင်မြင်တဲ့ တိရစ္ဆာန်ရုံကြီးတစ်ခု ဖွင့်လှစ်နိုင်တဲ့ နောက်ကွယ်မှာ ဘာလျှို့ဝှက်ချက်တွေများ ရှိနေမလဲရှင့်" သတင်းထောက်၏ အမေးကြောင့် လင်းယန်ခမျာ ခေါင်းကုတ်ချင်သွားလေ၏။ "ကျွန်တော်ဖွင့်ထားတာ တိရစ္ဆာန်ရုံ မဟုတ်ဘူး၊ ယာတောအိမ်၊ ယာတောအိမ်လို့..."

