← Chapters

အခန်း (၆၁-၆၂)

Vol. 7 Ch. 61-62

အခန်း (၆၁-၆၂)

Vol. 7 Ch. 61-62

အခန်း (၆၁)

လင်းရန်သည် ဟန်ဟော့နှင့် အမွေးဝါတို့အား တစ်ကောင်ချင်းစီ ဆူပူကြိမ်းမောင်းပြီးသောအခါ ထိုနှစ်ကောင်ကို နောက်ဖေးခြံထဲသို့ မောင်းထုတ်လိုက်သည်။ ထိုငန်းဖြူအုပ်ကြီးကို ခြံထဲ ပြန်ခေါ်မလာနိုင်မချင်း အိမ်ထဲသို့ ခြေဦးမလှည့်ရန် သူက ပြတ်ပြတ်သားသား အမိန့်ပေးလိုက်၏။ ထိုစဉ် ခြံပြင်ဘက်ဆီမှ မော်တော်ဆိုင်ကယ်တစ်စီး၏ စက်သံဟိန်းခနဲ ထွက်လာသည်။

ဆရာဝန်ချင် ရောက်ရှိလာပြီ ဖြစ်ပုံရ၏။ ဆရာဝန်ချင်ကို လူမှုကွန်ရက်တွင် သူငယ်ချင်းအဖြစ် အပ်ပြီးမှသာ လင်းရန်တစ်ယောက် သိလိုက်ရသည်မှာ ရုပ်ရည်သန့်ပြန့်၍ ယဉ်ကျေးသိမ်မွေ့ပုံရသော ထိုတိရစ္ဆာန်ဆေးကုဆရာဝန်သည် အမှန်တကယ်၌ မော်တော်ဆိုင်ကယ်အုပ်စုများနှင့်အတူ ဘားသွား၊ ကလပ်တက်ရသည်ကို နှစ်သက်သော အပျော်အပါးမက်သူတစ်ဦး ဖြစ်နေခြင်း ဖြစ်၏။

ထိုသည်မှာ လူမြင်ကွင်းပုံရိပ်နှင့် လက်တွေ့ဘဝ ထူးခြားစွာ ကွဲပြားခြားနားနေခြင်းလော။ ဆရာဝန်ချင်သည် ဆေးလွယ်အိတ်ကို ဆွဲကာ အိမ်ထဲသို့ လှမ်းဝင်လာ၍ နှုတ်ဆက်လိုက်သည်။

“မတွေ့ရတာ ကြာပြီနော်၊ ညီလေးလင်း”

“ဆရာဝန်ချင် ၊ လာပေးတဲ့အတွက် ကျေးဇူးပါဗျ”

ဆရာဝန်ချင်သည် လက်ခါပြကာ ပြောလိုက်၏။

“ဒါမျိုးတွေ အားနာမနေပါနဲ့၊ မင်း ဖုန်းတစ်ချက်ဆက်လိုက်ရုံပဲဟာကို”

ဘေးဘီကို ဝေ့ဝဲကြည့်ရှု၍ မေးမြန်းလိုက်သည်။

“ဒီမြေခွေးဖြူလေးကိုလည်း ဒီနေ့ တောင်ပေါ်မှာပဲ ကောက်ရလာတာလား၊ မြေခွေးမလည်း ရောက်နေတာလား”

လင်းရန်သည် သက်ပြင်းတစ်ချက်ချ၍ တတ်နိုင်သမျှ ဖြေရှင်းချက်ပေးသည့် မျက်နှာပေးဖြင့် ပုခုံးတွန့်ပြကာ ပြောဆိုသည်။

“ဒီနှစ်ကောင်စလုံးကို တောင်ပေါ်မှာ တစ်ပြိုင်တည်း ကောက်ရခဲ့တာဗျ၊ ဒါကြောင့် အတူတူ ခေါ်လာခဲ့တာ ဆရာပဲ ဒီမြေခွေးဖြူလေးကို ဘာဖြစ်နေလဲဆိုတာ အမြန်ဆုံး စစ်ဆေးပေးပါဦး၊ ကြည့်ရတာ ဒဏ်ရာပြင်းပြင်းထန်ထန် ရထားတဲ့ပုံပဲ ဒါပေမဲ့ ကျွန်တော် သေချာကြည့်တာတော့ ဘယ်နားမှာ ဒဏ်ရာရနေမှန်း ရှာမတွေ့ဘူး ဖြစ်နေတယ်”

နိုင်ငံတော်အဆင့် ကာကွယ်စောင့်ရှောက်ထားသော တောရိုင်းတိရစ္ဆာန် ဖြစ်သည့်အတွက် ထိုမြေခွေးဖြူလေး၏ အခြေအနေအား အလေးအနက်ထားရန် လိုအပ်လှသည်။ ဆရာဝန်ချင်သည် ထိုနေရာသို့ မလာရောက်မီ ညွှန်ကြားရေးမှူးလီထံသို့ ထိုကိစ္စကို သတင်းပို့ အကြောင်းကြားခဲ့၏။ ညွှန်ကြားရေးမှူးလီကလည်း အခြေအနေကို သေချာကျနစွာ စစ်ဆေးရန်နှင့် လိုအပ်လျှင် သစ်တောရေးရာဦးစီးဌာနထံမှ အချိန်မရွေး အကူအညီတောင်းခံနိုင်ကြောင်း မှာကြားထားခဲ့၏။

ဆရာဝန်ချင်သည် ဆေးလွယ်အိတ်ကို ဖွင့်ကာ မြေခွေးဖြူလေးကို အသေးစိတ် စတင်စစ်ဆေးသည်။ သူ၏ ကိုယ်ခန္ဓာပြင်ပတွင် ပြတ်ရှဒဏ်ရာ တစ်စုံတစ်ရာ မျှ မရှိသည်မှာ အမှန် ဖြစ်၏။ သူသည် မြေခွေးဖြူလေး၏ မျက်ခွံများအား အသာအယာ ဆွဲဖွင့်ကြည့်ပြီးသောအခါ သူ၏ နောက်ပိုင်းအင်္ဂါစပ် တစ်ဝိုက်ကို မလွတ်တမ်း သေချာစွာ ကြည့်ရှုစစ်ဆေးသည်။

ဆယ်မိနစ်ခန့် ကြာလွန်ပြီးသောအခါ ဆရာဝန်ချင်သည် လက်အိတ်ကို ချွတ်လိုက်၍ သူ၏ မျက်နှာအမူအရာမှာ အနည်းငယ် တည်တံ့လေးနက်သွားကာ ရှင်းပြလေသည်။

“ငါ့ရဲ့ ကနဦး အကဲဖြတ်ချက်အရဆိုရင်တော့ ဒီမြေခွေးဖြူလေးဟာ ဖျားနာပြီး ချောင်းဆိုးတဲ့ လက္ခဏာတွေ ပြနေတယ်၊ ပြီးတော့ ဆီးထဲမှာ သွေးပါပြီး ပရိုတင်းဓာတ်တွေ လွန်ကဲနေတဲ့ လက္ခဏာလည်း ရှိနေတယ်၊ ဒါ့အပြင် အစာမစားနိုင်တာ ကြာလှပြီဖြစ်လို့ အစာမဝင်ဘဲ အော့အန်တာတွေ ဖြစ်နေတာ ဒါကြောင့်မို့လည်း တစ်ကိုယ်လုံး အားအင်ကုန်ခမ်းပြီး နုန်းခွေနေရတာပေါ့”

အခြေအနေသည် ထိုမျှအထိ ပြင်းထန်လိမ့်မည်ဟု လင်းရန် မမျှော်လင့်ထားခဲ့မိချေ။

“တိတိကျကျဆိုရင် ဘာရောဂါလဲဗျ”

“စထရက်ပတိုကောကပ်စ် ဘက်တီးရီးယားပိုးကြောင့် ဖြစ်တဲ့ ကူးစက်ရောဂါ ဖြစ်ဖို့ ရာခိုင်နှုန်း တော်တော်များတယ်”

စထရက်ပတိုကောကပ်စ် ဘက်တီးရီးယားပိုးဝင်ခြင်း ဟူပါလော။ လင်းရန်သည် ထိုကဲ့သို့သော ဆေးပညာရပ်ဆိုင်ရာ အသုံးအနှုန်းများကို ဝေဝါးစွာသာ နားလည်နိုင်သည်။ သူတို့အနီးတွင် ရပ်နေသော ရန်အာဟူသည် လင်းရန်၏ ဇဝေဇဝါဖြစ်မှုအား ကိုယ်စားပြု၍ မေးမြန်းလိုက်သည်။

“စထရက်ပတိုကောကပ်စ် ဘက်တီးရီးယား ပိုးဝင်တယ်ဆိုတာ ဘာကို ပြောတာလဲ ဆရာ”

ဆရာဝန်ချင်သည် ပိုမိုရိုးရှင်းသော စကားလုံးများဖြင့် ရှင်းပြလေသည်။

“အရိုးရှင်းဆုံး ပြောရရင်တော့ စထရက်ပတိုကောကပ်စ် ဘက်တီးရီးယား ပိုးဝင်တဲ့ရောဂါဟာ ခန္ဓာကိုယ် ထွားထွားကျိုင်းကျိုင်းနဲ့ အရှိန်အဟုန်နဲ့ ကြီးထွားလာတဲ့ မြေခွေးပေါက်လေးတွေမှာ အဖြစ်များလေ့ရှိတယ်၊ ဒီအခြေအနေဟာ ယေဘုယျအားဖြင့် မြေခွေးလေးရဲ့ ခန္ဓာကိုယ် ကြီးထွားနှုန်းက မြန်ဆန်လွန်းပြီး ခုခံအားစနစ် အားနည်းနေချိန်၊ ပတ်ဝန်းကျင်မှာ ရှိနေတဲ့ စထရက်ပတိုကောကပ်စ် ဘက်တီးရီးယားပိုးက ဦးနှောက်မြှေးထဲအထိ ထိုးဖောက်ဝင်ရောက်သွားပြီး ရောဂါဝေဒနာ ခံစားရစေတာပဲ၊ ဒီလို ပိုးဝင်တဲ့ရောဂါမျိုးဟာ သေဆုံးမှုနှုန်း အလွန်မြင့်မားသလို နောက်ခြေနှစ်ဖက် အကြောသေသွားတာမျိုးတောင် ဖြစ်ပွားစေနိုင်တယ်”

လင်းရန်သည် ထိုစကားကို ကြားရသောအခါ အလွန်အမင်း တုန်လှုပ်ခြောက်ခြားသွား၍ ထိုရောဂါ၏ နောက်ဆက်တွဲ အကျိုးဆက်မှာ ထိုမျှအထိ ဆိုးရွားလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့မိချေ။

“ဒါဆို ကျွန်တော်တို့ ဘာဆက်လုပ်သင့်လဲ ဆရာဝန်ချင်၊ သူ့ကို အခုချက်ချင်းပဲ တိရစ္ဆာန်ဆေးရုံကြီးဆီ ပြောင်းရွှေ့ပေးရမလား”

ထိုနေရာတွင် ဆက်လက်ထားရှိ၍ မဖြစ်နိုင်တော့သည်မှာ ဧကန်မလွဲဖြစ်၏။ ဆရာဝန်ချင်၏ မျက်နှာသည် တည်ကြည်လေးနက်နေကာ နောက်ပြောင်ကျီစယ်လိုစိတ် အလျဉ်းမရှိတော့ဘဲ အလေးအနက် သတိပေးသည်။

“ဟုတ်တယ်၊ ဒီနေရာရဲ့ အခြေအနေက ရောဂါကုသဖို့အတွက် မသင့်တော်ဘူး၊ စထရက်ပတိုကောကပ်စ် ပိုးဝင်တာကို အမြစ်ပြတ် ကုသနိုင်ဖို့ဆိုရင် သန့်ရှင်းသပ်ရပ်ပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ပတ်ဝန်းကျင် ရှိရမယ်၊ ဒါမှသာ အချိန်နဲ့တစ်ပြေးညီ ပိုးသတ်သန့်စင်တာတွေ လုပ်နိုင်မှာဖြစ်သလို ကူးစက်မှု အရင်းအမြစ်ကိုလည်း ဖြတ်တောက်နိုင်ပြီး ၎င်းရဲ့ ကိုယ်ခံအားကို မြှင့်တင်ပေးနိုင်မှာ၊ ပြီးတော့ မင်းတို့လည်း ဒီမြေခွေးဖြူလေးနဲ့ ထိတွေ့မိထားတာဆိုတော့ အခုချက်ချင်း ကိုယ်ခန္ဓာကို ပိုးသတ်သန့်စင်ဖို့ လိုအပ်တယ်”

ရန်အာဟူသည် တံတွေးကို ခက်ခဲစွာ မြိုချလိုက်၍ သူ့အနေဖြင့် မြေခွေးလေးကို မထိတွေ့ခဲ့ခြင်းသည် ထိတွေ့မှုအောက်တွင် အကျုံးဝင်ပါသလားဟု စိုးရိမ်တကြီး တွေးတောမိနေသည်။

“ဒီရောဂါက လူတွေကိုပါ ကူးစက်နိုင်တာလားဗျ”

ဆရာဝန်ချင်သည် ခေါင်းညိတ်ပြ၍ ပြောလိုက်သည်။

“ကူးစက်နိုင်တာပေါ့၊ ဒါကြောင့် မင်းတို့လည်း အခုချက်ချင်း ပိုးသတ်ဆေးရည်နဲ့ သန့်စင်လိုက်တာ အကောင်းဆုံးပဲ၊ ငါ အခုပဲ ညွှန်ကြားရေးမှူးလီဆီ ဖုန်းဆက်ပြီး ဒီမြေခွေးဖြူလေးကို အထူးကုဆေးရုံဆီ ပြောင်းရွှေ့ဖို့ လူလွှတ်ခိုင်းလိုက်မယ်”

လင်းရန်သည် မြေခွေးဖြူလေး၏ ဘေးတွင် ဝပ်စင်းနေသော ဝံပုလွေမလေးကို လက်ညှိုးညွှန်ပြ၍ ပြော၏။

“ဒါဆိုရင် ဆရာ ဒီဝံပုလွေမလေးကိုပါ တစ်ပါတည်း ခေါ်သွားရလိမ့်မယ် ထင်တယ်”

“ဘာဖြစ်လို့လဲ”

ဆရာဝန်ချင်သည် နားမလည်နိုင်စွာဖြင့် မေးလိုက်၏။

“ဒီဝံပုလွေမလေးက ကြည့်ရတာ အတော်လေး ကျန်းမာသန်စွမ်းနေတဲ့ ပုံပဲဟာကို”

အမှန်စင်စစ်တွင် ထိုဝံပုလွေမလေး၏ နောက်ခြေထောက်သည် မနေ့က ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သော်လည်း လင်းရန်၏ ကြပ်မတ်ကုသမှုအောက်တွင် ယနေ့၌ မြင်သာထင်သာရှိသော ဒဏ်ရာဒဏ်ချက်များ ပျောက်ကွယ်လုနီးပါး ဖြစ်နေပြီ ဖြစ်သည်။ နတ်ရေစင်ကို အမြောက်အမြား သောက်သုံးခဲ့ရခြင်းကြောင့် သူ၏ ဒဏ်ရာကျက်နှုန်းနှင့် ကုသနိုင်စွမ်းမှာ အဆမတန် မြင့်မားသွားခဲ့၍ တိရစ္ဆာန်ဆေးကု ဆရာဝန်ချင်ပင်လျှင် ရုတ်တရက် သတိမမူမိခြင်း ဖြစ်သည်။

“သူတို့က အမြဲတမ်း အတူတူရှိနေကြတာဗျ၊ ဆရာက မြေခွေးဖြူလေး တစ်ကောင်တည်းကိုပဲ ခေါ်သွားမယ်ဆိုရင်တော့ အဆင်မပြေလောက်ဘူးဗျ၊ ဒါ့အပြင် သူတို့က အချိန်အတော်ကြာ အနီးကပ် နေထိုင်ခဲ့ကြတာဆိုတော့ ဒီစထရက်ပတိုကောကပ်စ်ပိုးက ဝံပုလွေမလေးဆီ ကူးစက်ထားတာ ရှိ၊ မရှိဆိုတာကို တပ်အပ်မပြောနိုင်ဘူး၊ ဒါကြောင့် သူ့ကိုပါ တစ်ပါတည်းခေါ်သွားပြီး ဆေးစစ်ချက် ယူကြည့်တာက အကောင်းဆုံးပဲ”

“ကောင်းပြီလေ”

ဆရာဝန်ချင်သည် ညွှန်ကြားရေးမှူးလီထံသို့ ချက်ချင်း ဖုန်းဆက်သွယ်လိုက်သည်။ ညွှန်ကြားရေးမှူးလီသည် အခြေအနေ အရပ်ရပ်ကို ကြားသိရပြီးသောအခါ လူများကို အမြန်ဆုံး စေလွှတ်ပေးမည်ဖြစ်ကြောင်း ကတိပြုခဲ့သည်။

နှစ်နာရီခန့် ကြာလွန်သောအခါ ထရပ်ကားတစ်စီးနှင့် ဗန်ကားတစ်စီးသည် လင်းရန်၏ အိမ်ရှေ့မျက်နှာစာတွင် ဆိုက်ရောက်လာသည်။ ဗန်ကားပေါ်မှ သစ်တောရေးရာဦးစီးဌာနမှ ဝန်ထမ်း လေးငါးဦးခန့် ဆင်းသက်လာကြ၏။ သူတို့သည် ထရပ်ကားပေါ်မှ သံလှောင်အိမ်ကြီး နှစ်လုံးအား မကာ ချလာကြ၍ လက်ထဲတွင်လည်း မေ့ဆေးသေနတ်များကို ကိုင်ဆောင်ထားကြသည်။

မြေခွေးများကို ချစ်စဖွယ်ကောင်း၍ အပြစ်ကင်းစင်သည်ဟု မထင်မှတ်လိုက်ပါနှင့်။ လက်တွေ့ဘဝတွင် သူတို့၌လည်း အတိုင်းအတာတစ်ခုအထိ ရန်မူလိုစိတ်နှင့် ရန်လိုမှုများ ရှိနေတတ်၍ သူတို့အနေဖြင့် ထိုသတ္တဝါနှစ်ကောင်ကို ဖမ်းဆီးခေါ်ဆောင်ရန် ပထမဆုံး စဉ်းစားမိသော နည်းလမ်းမှာ မေ့ဆေးပေးခြင်း ဖြစ်သည်။

လင်းရန်သည် မြေခွေးဖြူလေး၏ ဦးခေါင်းကို အသာအယာ ပွတ်သပ်ပေး၍ ဖျောင်းဖျပြောဆိုသည်။

“မင်း အခု နေမကောင်းဖြစ်နေတယ်၊ ဒီအစ်ကိုကြီးနဲ့အတူ ဆေးရုံကိုလိုက်သွားပြီး ဆရာဝန်နဲ့ ပြလိုက်ပါလား”

ထို့နောက် သူသည် ဝံပုလွေမလေးကို ကြည့်ကာ ပြောလိုက်သည်။

“ဒီနေရာရဲ့ ဆေးဝါးကုသမှု ပတ်ဝန်းကျင်က မြေခွေးလေးရဲ့ ရောဂါကို မကုနိုင်ဘူး၊ မင်းလည်း သူနဲ့အတူ ဆေးရုံကို လိုက်သွားပေးပါ”

ထိုအခိုက်အတန့်တွင် ဝံပုလွေမလေးသည်လည်း လင်းရန်၌ မကောင်းသော ရည်ရွယ်ချက် အလျှင်းမရှိကြောင်းကို ထိုးထွင်းသိမြင်ကာ နားလည်သွားခဲ့ပြီ ဖြစ်သည်။ သို့မဟုတ်လျှင် သူသည် မည်သည်ကြောင့် ထိုမျှအထိ အားစိုက်ထုတ်ကာ မြေခွေးလေးအတွက် ဆရာဝန်ကို အထူးတလည် ပင့်ဖိတ်ပေးပါအံ့နည်း။

အကယ်၍ ထိုလူသားသည် သူတို့အား အမဲလိုက်ရန်သာ အမှန်တကယ် အလိုရှိခဲ့လျှင် ထိုခြံဝင်းအတွင်းသို့ လှည့်ဖြားခေါ်ဆောင်လာသည့် ပထမဆုံး စက္ကန့်ပိုင်းတွင် ဖမ်းဆီးနိုင်ခဲ့မည် မဟုတ်လော။

ခဏမျှ စဉ်းစားတွေးတောပြီးသောအခါ ဝံပုလွေမလေးသည် လှောင်အိမ်ထဲသို့ မိမိအလိုအလျောက် အေးဆေးတည်ငြိမ်စွာ ဝင်ရောက်သွားသည်။ မြေခွေးဖြူလေးသည်လည်း သူ၏ နောက်ကွယ်မှ ထပ်ချပ်မကွာ လိုက်ပါသွား၏။

လက်ထဲတွင် မေ့ဆေးသေနတ်များကို ကိုင်ဆောင်ထားဆဲ ဖြစ်သော သစ်တောဌာန ဝန်ထမ်း လေးငါးဦးမှာ ထိုမြင်ကွင်းကို မြင်တွေ့လိုက်ရသောအခါ အံ့အားသင့်ကာ အကြံအမှိုင်ထွက်၍ ဆွံ့အသွားကြသည်။

ဝံပုလွေမလေးတစ်ကောင်နှင့် မြေခွေးတစ်ကောင်သည် လှောင်အိမ်ထဲသို့ မိမိတို့အစီအစဉ်ဖြင့် မိမိတို့ လမ်းလျှောက်ဝင်သွားကြသည် မဟုက်လော။ သူတို့၏ သက်တမ်းတစ်လျှောက်တွင် ထိုကဲ့သို့သော ထူးဆန်းထွေလာ ဖြစ်ရပ်မျိုးအား ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်း ဖြစ်၏။

ဝံပုလွေကဲ့သို့သော ရက်စက်ကြမ်းကြုတ်သည့် သတ္တဝါများနှင့် မြေခွေးကဲ့သို့သော ကောက်ကျစ်တတ်သည့် သတ္တဝါများသည် ထိုမျှအထိ ယဉ်ပါးသိမ်မွေ့နေစရာ အကြောင်းမရှိချေ မဟုတ်ပါလော။ သို့သော် သူတို့သည် လင်းရန်၏ စကားကို အလွန်အမင်း နာခံကြသည်။

ထိုသည်ကို ကြည့်ခြင်းအားဖြင့် လင်းရန်တွင် ထူးခြားသော တိရစ္ဆာန်ယဉ်ပါးအောင် ပြုလုပ်နိုင်စွမ်း အတတ်ပညာ ရှိနေသည်မှာ အမှန်ဖြစ်၏။ အကယ်၍ သာမန်အတတ်ပညာမျှသာ ဆိုလျှင် အရှေ့မြောက်ကျားကြီးတစ်ကောင်လုံးကို မည်သို့လျှင် ယဉ်ပါးအောင် ဆုံးမနိုင်ပါမည်နည်း။

မထွက်ခွာမီ စက္ကန့်ပိုင်းအလိုတွင် မြေခွေးမလေးသည် လင်းရန်အား နက်ရှိုင်းသော အကြည့်တစ်ချက်ဖြင့် စိုက်ကြည့်လိုက်သည်။ သူမသည် ထိုလူသားကို နောက်ဆုံးအကြိမ်အဖြစ် ယုံကြည်ကိုးစားရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်၏။

သို့သော် အကယ်၍ ထိုလူသားသည် သူမအား လှည့်ဖြားဖမ်းဆီးခဲ့ခြင်း ဖြစ်လျှင် သူမသည် အသက်နှင့်လဲ၍ဖြစ်စေ လှောင်အိမ်မှ ထွက်ပြေးလွတ်မြောက်အောင် ကြိုးပမ်းမည်ဖြစ်၍ သူ့ကိုလည်း အလွယ်တကူ ခွင့်လွှတ်မည် မဟုတ်ပေ။

လင်းရန်သည် ဝံပုလွေမလေး၏ မျက်နှာပေါ်တွင် ဖြတ်ပြေးသွားသော ခက်ထန်ရက်စက်သည့် အရိပ်အယောင်ကို မြင်တွေ့လိုက်ရသော်လည်း အနည်းငယ်မျှ ပြုံးလိုက်ရံသာ ပြုသည်။

သူသည် ဝန်ထမ်းများ လှောင်အိမ်တံခါးများကို ပိတ်ပြီးနောက် ထရပ်ကားပေါ်သို့ တင်ဆောင်နေသည်ကို ငေးမောကြည့်ရှုနေခဲ့သည်။ ဆရာဝန်ချင်သည် သက်ပြင်း ချလိုက်၍ လင်းယန်အား ပြောလိုက်၏။

“အခြေအနေတွေက ဒီလောက်အထိ ချောချောမွေ့မွေ့ ဖြစ်သွားလိမ့်မယ်လို့ ငါ မထင်ထားဘူး၊ ဒီကောင်လေးနှစ်ကောင်က မင်းစကားကို တော်တော်လေး နာခံကြတာပဲ၊ ဒါဆို ငါလည်း သွားတော့မယ် ဆေးရုံကို အမြန်ဆုံးပြန်ပြီး ခန္ဓာကိုယ်တစ်ခုလုံးကို ပိုးသတ်ဖို့ လိုသေးတယ်”

ဆရာဝန်တစ်ဦးဖြစ်သည့် အားလျော်စွာ သူသည်လည်း ထိုစထရက်ပတိုကောကပ်စ်ပိုး မိမိထံသို့ ကူးစက်ခံရမည်ကို အတော်လေး စိုးရိမ်မကင်း ဖြစ်မိနေခြင်း ဖြစ်၏။

လင်းရန်သည် ခေါင်းညိတ်ပြလိုက်၍ တစ်စုံတစ်ရာမျှ ထပ်မံ၍ စကားမဆိုတော့ချေ။

“ဝုတ်... ဝုတ်... ဝုတ်”

ဝေးကွာလှသော နေရာဆီမှ ခွေးဟောင်သံတစ်ချက် ကြောင့် ဆရာဝန်ချင်၏ ခြေလှမ်းများ တုန့်ခနဲ ရပ်တန့်သွားရသည်။ ဒေါ့ဂ်သည် သူ၏ အလုပ်တာဝန်များကို ပြီးမြောက်အောင် ဆောင်ရွက်ပြီးသောအခါ ပြန်လည်ရောက်ရှိလာချိန်တွင် ဝံပုလွေမလေးအား ထရပ်ကားပေါ်သို့ တင်ဆောင်သွားသည့် မြင်ကွင်းကို အချိန်ကိုက် မြင်တွေ့လိုက်ရခြင်း ဖြစ်၏။ သူမသည် သူ၏ နတ်ဘုရားမလေး မဟုတ်ပါလော။

‘မလုပ်ပါနဲ့...၊ မသွားပါနဲ့’

“ဝူး... ဝူး... ဝူး... ဝူး”

သူ၏ နတ်ဘုရားမလေး ထွက်ခွာသွားခဲ့ပြီ ဖြစ်၍ သူသည် နောက်နောင်တွင် ဘာကို မျှော်လင့်ချက်ထား၍ ဆက်လက် ရှင်သန်ရပါတော့အံ့နည်း။ တစ်ကောင်တည်း အထီးကျန်စွာ ကျန်ရစ်မည့် ခွေးတစ်ကောင်၏ ဘဝသည် မည်သို့လျှင် အဓိပ္ပာယ် ရှိပါတော့အံ့နည်း။

သူသည် သူ၏ ဘဝသက်တမ်းတစ်လျှောက်တွင် မိမိအမှန်တကယ် နှစ်သက်စွဲလမ်းရသော သူတစ်ဦးနှင့် နောက်ဆုံး၌ ဆုံတွေ့ခဲ့ရသော်လည်း ထိုအရာအား ဆွဲရုန်းထိန်းသိမ်းထားနိုင်စွမ်း မရှိခဲ့ချေ။

‘မဖြစ်ဘူး၊ သူ၏ နတ်ဘုရားမလေးကို လုယူ မသွားကြပါနဲ့’

ခွေးကြီး၏ လည်ချောင်းဝသည် အဆက်မပြတ် အော်ဟစ်ဟောင်လွန်း၍ နာကျင်ခြောက်ကပ်လုနီးပါး ဖြစ်နေသော်လည်း မည်သူတစ်ဦးတစ်ယောက်က မျှ သူ့အား အာရုံစိုက်ခြင်း မရှိကြချေ။ သူသည် ထရပ်ကားကြီး တရွေ့ရွေ့ မောင်းနှင်ထွက်ခွာသွားသည်ကိုသာ မတတ်သာဘဲ ငေးကြည့်နေခဲ့ရသည်။

သူသည် အားကုန်ရုန်း၍ ထရပ်ကားနောက်သို့ ပြေးလိုက်လေသည်။ သို့သော် ခွေးတစ်ကောင်၏ ခြေလှမ်းများသည် ဘီးလေးဘီးတပ် မော်တော်ယာဉ်တစ်စီး၏ အရှိန်အဟုန်ကို မည်သို့လျှင် အမီလိုက်နိုင်ပါအံ့နည်း။

လင်းရန်သည် ထိုမြင်ကွင်းကို ကြည့်ရှု၍ သူ၏ နှုတ်ခမ်းထောင့်များ တုန်ခါသွားကာ နှာခေါင်းရှုံ့ပြီး အေးစက်စက် စကားလုံးနှစ်လုံးကိုသာ ခပ်တိုးတိုး ရေရွတ်လိုက်တော့သည်။

“အချစ်ရူးကောင်”

အခန်း (၆၂)

ရန်အာဟူသည် တစ်ဟားဟားနှင့် အူလှိုက်သည်းလှိုက် ရယ်မောလွန်းသဖြင့် ဗိုက်နာလာသည်။

“အမေရေ ကယ်ပါဦး၊ ဒီခွေးကြီးကတော့ ငါ့ကို ရယ်လွန်းလို့ အသက်ထွက်အောင် လုပ်နေတာပဲ သူက ရွာထဲက သားပုလဲမလေးတွေကို စိတ်ဝင်စားတယ်ဆိုရင်တောင် ကျန်သေးတယ်၊ အခုတော့ တောရိုင်း ဝံပုလွေမလေးတစ်ကောင်ကိုမှ အရူးအမူး စွဲလမ်းရတယ်လို့ကွာ”

“ဟားဟားဟားဟား ရယ်ရလွန်းလို့ မျက်ရည်တောင် ထွက်တယ်ဗျာ”

ရန်အာဟူသည် မိမိခုနမှ ရိုက်ကူးထားသော ဗီဒီယိုမှတ်တမ်းများကို အင်တာနက်လူမှုကွန်ရက်ပေါ်သို့ တည်းဖြတ်တင်ဆက်ရန် စိတ်အားထက်သန်စွာ ဆုံးဖြတ်လိုက်သည်။ ထိုဗီဒီယိုဖိုင်သည် လှုမှုကွန်ယက်တွင် ဟိုးလေးတကျော် ရေပန်းစားသွားလိမ့်မည်ဟု သူ၏ စိတ်က ပြတ်သားစွာ အာရုံရနေမိ၏။

“သူဌေး ဒီနေ့ သစ်သီးပင်တွေ သွားဝယ်တာ အဆင်ပြေခဲ့ရဲ့လားဗျ၊ အချောသတ်နိုင်ခဲ့လား”

လင်းရန်သည် အိမ်ထဲသို့ လှမ်းဝင်ကာ ပြန်လည်ဖြေကြားသည်။

“အဆင်ပြေပြေပါပဲ၊ ရှောက်ချိုပင် နှစ်ရာကျော် ဝယ်ခဲ့တယ်”

“မနက်ဖြန်တော့ ရွာထဲက ဒေါ်လေးချန်အိမ်ကို သွားပြီး သူ့သားကို ကားနဲ့ သွားသယ်ခိုင်းရဦးမယ်၊ ဒါပေမဲ့ တို့နှစ်ယောက်တည်းနဲ့တော့ ဒီအပင်နှစ်ရာကျော်ကို တစ်ရက်တည်းနဲ့ စိုက်ပျိုးဖို့က ဘယ်လိုမှ မဖြစ်နိုင်ဘူး”

ထိုကိစ္စသည် လင်းရန်ကို အတော်လေး ဦးနှောက်ခြောက်စေသည်။ သူတို့သည် သာမန် ပျိုးပင်ပေါက်ကလေးများ မဟုတ်ကြချေ။ အကယ်၍ ပျိုးပင်လေးများသာ ဆိုလျှင် သူတို့နှစ်ဦး တက်ညီလက်ညီ စိုက်ပျိုးလျှင် တစ်ရက်တည်းနှင့် ပြီးစီးနိုင်သည်။

သို့သော် အခုဝယ်ယူလာသော ရှောက်ချိုပင်များသည် အရွယ်ရောက်ပြီးသူ အမျိုးသားတစ်ဦး၏ အရပ်အမောင်းခန့်အထိ ထွားကျိုင်းသောအပင်ကြီးများ ဖြစ်ကာ သူတို့နှစ်ယောက်တည်း အားထုတ်လျှင် မည်မျှအထိ အချိန်ကုန်လူပင်ပန်း ဖြစ်ရမည်နည်း။

ရန်အာဟူသည် အကြံပြုသည့်အနေဖြင့် ပြော၏။

“ရွာလူကြီးကို အကူအညီတောင်းကြည့်ရင်ကော မကောင်းဘူးလားဗျာ၊ ရွာလူကြီးကနေတစ်ဆင့် စည်းရုံးပြီး ရွာသားတွေ လာဝိုင်းစိုက်ပေးလို့ ရ၊ မရ မေးကြည့်ရအောင်”

လင်းရန်၏ မျက်နှာသည် ထိုစကားကြောင့် ဝင်းခနဲ တောက်ပသွားကာ ချီးကျူးလိုက်မိ၏။

“ဒါ တကယ်ကို ကောင်းတဲ့အကြံပဲ၊ မင်းဦးနှောက်က ဘယ်အချိန်ကစပြီး ဒီလောက်အထိ ထက်သွားတာလဲ”

ရန်အာဟူသည် မကျေမနပ်ဖြစ်ဟန်ဖြင့် ပြောလိုက်သည်။

“ကျွန်တော်က မွေးရာပါ ဉာဏ်ကောင်းပြီးသားပါဗျာ၊ အစ်ကိုကသာ ကျွန်တော့်ရဲ့ ပညာရှိအမြော်အမြင်ကို သတိမထားမိတာ”

“ခဏနေရင်တော့ ရွာလူကြီးအိမ်ကို သွားကြတာပေါ့၊ အခုလောလောဆယ် ဟန်ဟော့နဲ့ အမွေးဝါတို့ အလုပ်လုပ်ရဲ့လားဆိုတာ အရင်သွားကြည့်ရအောင်”

လင်းရန်သည် နောက်ဖေးခြံထဲတွင် ပိတ်လှောင်ထားသော ငန်းဖြူကြီးများကို တစ်ကောင်ချင်းစီ စနစ်တကျ ရေတွက်ကြည့်လိုက်သည်။

“ဟာ... ဘာလို့ တစ်ကောင် လိုနေတာလဲ”

လင်းရန်သည် သံသယစိတ်များဖြင့် ပြည့်နှက်သွားကာ ဒေါသတကြီး ရေရွတ်မိသည်။

“ငါ သိသားပဲ၊ ဒီကောင်နှစ်ကောင် အလုပ်ကို သေချာလုပ်မှာ မဟုတ်ဘူးဆိုတာ၊ လုံးဝကို အားကိုးလို့ မရတဲ့အကောင်တွေ”

သူသည် ထိုငန်းဖြူကြီးများကို အသားအဆီ ပြည့်ဝ၍ အရသာထူးကဲလှပစေရန် အထူးတလည် ပြုစုပျိုးထောင်ကျွေးမွေးထားခြင်း ဖြစ်သည်။ တစ်ကောင်မျှ ပျောက်ဆုံးသွားခြင်းသည် နှမြောတသစရာ အတိ ဖြစ်ရော့မည် မဟုတ်လော။ သူ၏ စိတ်ကူးထဲတွင် ရာသီဥတု အနည်းငယ် အေးမြလာလျှင် သံအိုးကြီးတွင် ဝဲဖြူငန်းသားကို အနံ့တထောင်းထောင်းဖြင့် ချက်ပြုတ်စားသောက်ရန် ရည်မှန်းချက် ရှိထားခဲ့သည် ဖြစ်၏။

“အပြင်ဘက်မှာ သွားရှာကြည့်ရအောင်၊ သိပ်တော့ ဝေးဝေးကွာကွာ ရောက်ဦးမှာ မဟုတ်ပါဘူး”

သူတို့နှစ်ဦးသည် အပြင်ဘက် ပတ်ဝန်းကျင် တစ်ဝိုက်လုံးကို ပိုက်စိပ်တိုက် ရှာဖွေခဲ့ကြသော်လည်း ငန်းဖြူကြီး၏ အရိပ်အယောင်မျှ ရှာမတွေ့ခဲ့ကြချေ။ ရန်အာဟူသည် ပူပြင်းလှသော ရာသီဥတုအောက်တွင် ချွေးဒေါပြဒေါဖြင့် မေးသည်။

“ရွာသားတစ်ယောက်ယောက်က အမှတ်မှားပြီး သူ့အိမ် ခေါ်သွားတာမျိုး ဖြစ်နိုင်မလား”

ရွာထဲတွင် ငန်းဖြူ မွေးမြူသူသည် သူတို့တစ်ဦးတည်း မဟုတ်သည်မှာ မှန်သော်လည်း ထိုမျှအထိ ထွားကျိုင်းဆူဖြိုးအောင် မွေးမြူနိုင်သူမှာ သူတို့မှတစ်ပါး မရှိချေ။ သို့ဖြစ်၍ ထိုသို့ မှားယွင်းဖမ်းဆီးသွားနိုင်ခြေကိုလည်း ချန်လှပ်ထား၍ မရနိုင်ပေ။

“အာဟူ၊ လင်းရန် မင်းတို့နှစ်ယောက် ဘာတွေ ပျာပျာသလဲ ရှာနေကြတာလဲ”

ခမောက်တစ်လုံးကို ဆောင်း၍ ပုခုံးပေါ်တွင် ပေါက်တူးကို ထမ်းကာ လျှောက်လှမ်းလာသော ရွာလူကြီးသည် သူတို့အနီးသို့ ရောက်ရှိလာသည်။ ကြည့်ရသည်မှာ သူသည် လယ်ကွင်းထဲမှ ခုတင် ပြန်လာခြင်း ဖြစ်ပုံရ၏။

ရန်အာဟူသည် အမောတကောဖြင့် လှမ်းမေးလိုက်သည်။

“ရွာလူကြီး လင်းရန်ရဲ့ငန်းဖြူကြီး တစ်ကောင် ပျောက်သွားလို့ဗျ၊ အဲဒါ လိုက်ရှာနေကြတာ ရွာလူကြီး လမ်းမှာ မြင်မိသေးလား”

“မင်းတို့ပြောတဲ့ လူမြင်ရင် လိုက်ဆိတ်တတ်တဲ့ ငန်းဖြူကြီးလား၊ အော် ငါတော့ မမြင်မိပါဘူး”

ရွာလူကြီး၏ မျက်နှာအမူအရာသည် ထူးဆန်းစွာ ပြောင်းလဲသွား၍ ထိုသို့ သတိပေးစကား ဆို၏။

“မင်းတို့မွေးထားတဲ့ ငန်းတွေက လူကို အဝေးက မြင်တာနဲ့ ပြေးဆိတ်တာ၊ သေချာကျနစွာ ထိန်းသိမ်းထားဦးမှပေါ့၊ ရွာထဲ လျှောက်သွားခွင့် မပြုနဲ့ဦး၊ အကယ်၍ ရွာသားတစ်ယောက်ယောက်ကို အနာတရဖြစ်အောင် ဆိတ်လိုက်ရင်တော့ မင်းတို့ ဒုက္ခရောက်ကုန်လိမ့်မယ်”

လင်းရန်သည် တည်တည်ငြိမ်ငြိမ်ဖြင့် ခေါင်းညိတ်ပြ၍ ပြောပြသည်။

“ပုံမှန်ဆိုရင်တော့ အိမ်နောက်ဖေးက ကွင်းပြင်ထဲမှာပဲ လွှတ်ထားတာပါဗျာ၊ ဒီနေ့ ဘာဖြစ်သွားလဲမသိဘူး၊ တစ်ကောင် ပျောက်ပြီး ပြန်မလာတော့တာ”

ရွာလူကြီး၏ မျက်နှာသည် ရုတ်ချည်း ပျာယာခတ်သွား၍ ခြေလှမ်းများကို သွက်သွက်လှမ်းကာ ပြောလိုက်၏။

“နေဦး ငါ အခုချက်ချင်း ကျေးရွာကော်မတီရုံးကို သွားပြီး မင်းအတွက် အသံချဲ့စက်နဲ့ ကြေညာပေးမယ်”

သူတို့ရွာသည် လွန်ခဲ့သောနှစ်ကမှ ကျေးရွာအသံချဲ့စက်စနစ်ကို တပ်ဆင်ထားခဲ့ခြင်း ဖြစ်၍ ကိစ္စရပ်တစ်ခုခု ရှိလျှင် အော်ဟစ်အကြောင်း ကြားလိုက်ရုံမျှဖြင့် တစ်ရွာလုံး အလွယ်တကူ ကြားသိနိုင်သည်။ အိမ်တိုင်ရာရောက် လိုက်လံအကြောင်းကြားရန် မလိုတော့သဖြင့် အလွန် အဆင်ပြေလှ၏။

ရန်အာဟူသည် အလျင်အမြန် ထွက်ခွာသွားသော ရွာလူကြီး၏ ကျောပြင်ကို ကြည့်၍ ခေါင်းကို ကုတ်ကာ ဝေခွဲမရစွာ ဆိုသည်။

“ရွာလူကြီးက တော်တော်လေး စိတ်အားထက်သန်တာပဲနော်၊ ငန်းတစ်ကောင် ပျောက်တာကို တစ်ရွာလုံး သိအောင် အော်ပေးမလို့တဲ့လား”

လင်းရန်၏ နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားကာ စိတ်ထဲမှ ရယ်ချင်စိတ်ကို အောင့်အီး၍

“ရွာလူကြီးက တို့ကို ငန်းဖြူ ကူရှာပေးဖို့ သွားတာ မဟုတ်ဘူးဟ၊ သူက ရွာသားတွေကို သတိပေးဖို့ သွားတာ”

“ဗျာ”

ရန်အာဟူသည် ပိုမို ဇဝေဇဝါ ဖြစ်သွားသည်။

“ဘာကို သတိပေးမှာလဲဗျ”

လင်းရန်သည် လွန်ခဲ့သော ရက်အနည်းငယ်ခန့် ရွာလူကြီးကို ငန်းဖြူကြီးများ လိုက်လံဆိတ်သဖြင့် သူတို့အိမ်ရှေ့မှ အသည်းအသန် ပြေးလွှားခဲ့ရကာ အရိုးအဆစ်များ ပြုတ်ထွက်လုနီးပါး ဖြစ်ခဲ့ရသော ဖြစ်ရပ်ဆိုးကို ပြန်လည်အမှတ်ရမိ၍ တည်ကြည်သော လေသံဖြင့် ပြောလိုက်သည်။

“ငါ မွေးထားတဲ့ ငန်းဖြူတွေက တခြားငန်းတွေထက် ပိုပြီး ရန်လိုတတ်တာကိုး၊ သူက ရွာသားတွေကို ဒဏ်ရာရမှာ စိုးရိမ်လို့ နှိုးဆော်တာ ဖြစ်လိမ့်မယ်”

ရန်အာဟူသည် ဆွံ့အသွားကာ စကားတစ်လုံးမျှ ထွက်မလာတော့ချေ။ မကြာမီအချိန်အတွင်းမှာ မလှမ်းမကမ်းဆီမှ အသံချဲ့စက်၏ ဆူညံသံ ထွက်ပေါ်လာတော့သည်။ တစ်ရွာလုံးတွင် လှုပ်လှုပ်ရွရွ ဖြစ်သွားခဲ့၍ လင်းရန်ကို မြင်တွေ့ရသော ရွာသားအချို့သည် အနီးသို့ လာရောက်ကာ အကျိုးအကြောင်း မေးမြန်းကြသည်။

သူတို့သည် လင်းရန်၏ ငန်းဖြူကြီးကို အမြန်ဆုံး တွေ့ရှိနိုင်ရန် ကူညီရှာဖွေပေးမည်ဖြစ်ကြောင်း ပြောဆိုကြသော်လည်း၊ ရန်အာဟူသည် ထိုရွာသားများသည် ငန်းဖြူကြီးကို ကူညီရှာဖွေပေးချင်သည်ထက် သူ၏ အန္တရာယ်ကို ကြောက်ရွံ့နေကြခြင်းသာ ဖြစ်သည်ဟု ခံစားမိသည်။

ထိုစဉ် ရွာတစ်ရွာလုံးကို ရိုက်ခတ်လှုပ်ခတ်သွားစေသော ငန်းဖြူကြီးသည် အမှန်စင်စစ်တွင် ရေကန်တစ်ခုအတွင်းရှိ ကျူပင်တောများကြား၌ ကိုယ်ယောင်ဖျောက်ကာ ပုန်းအောင်းနေခြင်း ဖြစ်သည်။ သူသည် မိမိ၏ ရှေ့မှောက်မှ ဖြတ်သန်းသွားသော လင်းရန်၏ ကျောပြင်ကို တိတ်တဆိတ် စောင်းငဲ့ကြည့်ရှုနေ၏။

‘ခွင့်လွှတ်ပါ သခင် ကျွန်တော်မျိုးက စာပေအနုပညာနဲ့ပြည့်စုံတဲ့နေရာဌာနဆီကို လှမ်းချီတော့မှာမလို့ပါ၊ သံအိုးကြီးထဲမှာ ဟင်းချက်ခံရမယ့် ဘဝမျိုးမှာ အဆုံးသတ်မခံနိုင်ပါဘူး’

လင်းရန်ကိုယ်တိုင်ပင်လျှင် သတိမမူမိခဲ့သည်မှာ နတ်ရေစင်ကို ကာလရှည်ကြာစွာ တိုက်ကျွေးခဲ့ခြင်းကြောင့် ထိုစမ်းရေကို အများဆုံး သောက်သုံးခဲ့ရသော ဝဲဖြူငန်းကြီးသည် မိမိကိုယ်ပိုင် အတွေးအခေါ်နှင့် သညာစိတ်တို့ နိုးထထက်မြက်လာခဲ့ပြီ ဖြစ်သည်။ သူသည် ဉာဏ်ပညာကင်းမဲ့သော သာမန်တိရစ္ဆာန် မဟုတ်တော့ချေ။

ဆူဖြိုးလှပသော ငန်းဖြူကြီး တစ်ကောင် အကြောင်းမဲ့ ပျောက်ဆုံးသွားခဲ့ရသဖြင့် လင်းရန်သည် စိတ်မကောင်းခြင်းကြီးစွာဖြင့် စိတ်ဓာတ်ကျနေမိသည်။ သို့သော် ရွာသားအများစုက မမြင်မိကြောင်း ပြောဆိုကြသည့်အတွက် ပျောက်ဆုံးခြင်းသာ ဖြစ်၍ သူသည် မည်သို့မျှ ဆက်လက်မတတ်နိုင်တော့ချေ။ လင်းရန်သည် ထိုကိစ္စကို စိတ်ထဲ၌ ဆက်လက်မထားတော့ဘဲ ရွာလူကြီးအား သစ်သီးပင်များ စိုက်ပျိုးလိုသည့် မိမိ၏ ဆန္ဒကိုသာ လှမ်း၍ တိုင်ပင်လိုက်သည်။

“ရွာထဲက လူတွေကို ကူညီခိုင်းချင်တာလား၊ ဒါက ပြဿနာမရှိပါဘူး”

ရွာလူကြီးသည် လက်ဖက်ရည်ကို တစ်ငုံ သောက်လိုက်ကာ နှေးကွေးစွာဖြင့် မေးသည်။

“အခုက လယ်ယာလုပ်ငန်းခွင် သိပ်မရှုပ်တဲ့ ရာသီပဲဥစ္စာ၊ မင်း လူဘယ်နှစ်ယောက်လောက် လိုချင်လို့လဲ”

လင်းရန်သည် ခဏမျှ စဉ်းစားကာ ဖြေ၏။

“ကျွန်တော် ရှောက်ချိုပင် နှစ်ရာကျော် ဝယ်ထားတာဆိုတော့ လူအင်အား နှစ်ဆယ်လောက် လိုလိမ့်မယ်ဗျ”

လူအင်အား နှစ်ဆယ်ခန့် ရှိလျှင် တစ်ရက်တည်းနှင့် အပြီးသတ် စိုက်ပျိုးနိုင်မည် ဖြစ်သည်။

“လုပ်အားခအတွက်တော့ စိုးရိမ်မနေပါနဲ့၊ ကျွန်တော် ဘယ်လိုမှ မတရားမလုပ်ပါဘူး”

ရွာလူကြီးသည် လက်ခါပြကာ ပြော၏။

“တို့တွေက တစ်ရွာတည်းသားတွေပဲဟာကို၊ လုပ်အားခတွေ ဘာတွေ ပြောမနေပါနဲ့”

“အလုပ်ပြီးတဲ့အခါကျရင် အားလုံးကို ထမင်းတစ်နပ်လောက် ကျွေးမွေးလိုက်ရင် ပြီးတာပဲ”

သို့သော် လင်းရန်သည် လုပ်အားခ ပေးချေရန်သာ အခိုင်အမာ ဆန္ဒရှိနေဆဲ ဖြစ်၏။

“ဒါပေါ့ဗျာ၊ ထမင်းလည်း ကျွေးရမှာပေါ့၊ လူတွေကို အလုပ်ခိုင်းပြီး ကျွေးမွေးဧည့်ခံခြင်း မရှိတာမျိုး ဘယ်လိုလုပ် ဖြစ်နိုင်ပါ့မလဲ၊ ကျွန်တော်တို့က တစ်ရွာတည်းသားတွေ ဖြစ်ပေမဲ့လည်း ရွာသားတွေရဲ့ စေတနာကို အလကားသက်သက် အမြတ်ထုတ်တာမျိုးတော့ မလုပ်ချင်ဘူးဗျ”

“အားလုံးမှာလည်း မိမိတို့ရဲ့ လယ်ယာလုပ်ငန်းခွင် အသီးသီး ရှိကြတာပဲ၊ ကျွန်တော့်ကိစ္စအတွက် အချိန်ပေးရတာနဲ့တင် အားနာလှပါပြီ၊ အကယ်၍ ကျွန်တော်က လုပ်အားခပါ မပေးဘူးဆိုရင် ကပ်စေးနှဲတဲ့ မြေရှင်ကြီး ဖြစ်သွားမှာပေါ့”

ရွာလူကြီးသည် ထိုစကားကို ကြားသောအခါ သက်ပြင်းချ၍ တတ်နိုင်သမျှ ညှိနှိုင်းသည်။

“မင်းကတော့ မင်းရဲ့ အဘိုးအတိုင်း ခေါင်းမာတဲ့ ကောင်လေးပဲ၊ ကောင်းပြီလေ မင်းက လုပ်အားခ ပေးချင်တယ်ဆိုရင်လည်း မင်းသဘောအတိုင်း သာ လုပ်တော့၊ မင်းရဲ့ စေတနာကို ပြသရုံလောက်ပဲ အနည်းငယ် ပေးလိုက်ပေါ့”

လင်းရန်သည် ခဏမျှ တွေးတောပြီးသောာအခါ ပြောလိုက်၏။

“ရွာလူကြီး ဒါဆိုရင် ဒီအလုပ်ကို လုပ်ကိုင်လိုတဲ့သူတွေကို ရှာဖွေပေးဖို့ လူကြီးမင်းကိုပဲ အားကိုးပါရစေ၊ တစ်ယောက်ကို တစ်ရက် လုပ်အားခ ယွမ်တစ်ရာ ပေးမယ့်အပြင် ထမင်းတစ်နပ်ပါ စီစဉ်ပေးပါမယ်”

ရွာလူကြီးသည် ထိုစကားကို ကြားရသောအခါ အံ့အားသင့်သွားကာ မျက်ခုံးပင့်၍ ဆုံးမစကား ပြောလိုက်၏။

“တစ်ရက်ကို ယွမ်တစ်ရာ ဟုတ်လား၊ မင်းက သစ်ပင်စိုက်တာပဲဥစ္စာ၊ အိမ်ဆောက်တာမှ မဟုတ်တာ၊ ဘာဖြစ်လို့ ဒီလောက်အထိ အများကြီး ပေးရမှာလဲ၊ မင်းကတော့ အိမ်ထောင်မှုကို ကိုယ်တိုင်မစီမံရသေးတော့ ကုန်ကျစရိတ် တန်ဖိုးကို မသိသေးဘူးပဲ”

“ဒီဘက်ခေတ်မှာ ငွေရှာရတာ မလွယ်ကူဘူးဟ၊ တစ်ရက်ကို ယွမ်ငါးဆယ် ပေးရင်တင်ပဲ အလကား ထမင်းကျွေးတာနဲ့ အတော်ပဲပေါ့”

ရွာလူကြီး၏ ဆုံးမဩဝါဒ စကားကို ကြားရသောအခါ လင်းရန်၏ စိတ်အစုံ၌ နွေးထွေးမှုအတိ ပြည့်နှက်သွားရ၏။ ရွာလူကြီးတွင် မကောင်းသော စေတနာ အလျှင်းမရှိကြောင်းနှင့် သူပြောသမျှ စကားလုံးတိုင်းသည် မိမိ၏ အကျိုးစီးပွားကိုသာ အလေးအနက် ငဲ့ညှာတွေးတောပေးခြင်း ဖြစ်ကြောင်း သူ ကောင်းစွာ သိရှိလှပေသည်။

ထိုသည်မှာ လူကြီးသူမတစ်ဦး၏ မေတ္တာရှေ့ထားသော သတိပေးချက် ဖြစ်၏။ ထိုမြင်ကွင်းသည် လင်းရန်အား ကွယ်လွန်သူ အဘိုးအိုကို ပြန်လည်လွမ်းဆွတ်မိစေသည်။ သို့သော် ရွာသားများအပေါ်တွင် အခကြေးငွေ နည်းပါးစွာဖြင့် အမြတ်ထုတ်ရန်လည်း သူ၏ စိတ်သည် လုံးဝ လက်မခံနိုင်ချေ။

“ကဲ ဒါဆိုရင် ဒီအတိုင်းပဲ ဆုံးဖြတ်လိုက်ပြီ၊ ငါ ဒီနေ့ညစာ စားပြီးတာနဲ့ သွားရောက် စုံစမ်းမေးမြန်းပေးမယ်၊ ဒီကိစ္စကို ငါ့လက်ထဲသာ အပ်ထားလိုက်၊ မင်း ဘာမှ ပူပန်မနေနဲ့တော့”

ရွာလူကြီးသည် လက်ခါပြကာ လင်းရန်အား စကားအချေအတင် ပြောဆိုခွင့် မပေးတော့ဘဲ ပြတ်သားစွာ ဆုံးဖြတ်ချက် ချလိုက်၏။ လင်းရန်၏ မျက်နှာပေါ်တွင် မတတ်သာသော အမူအရာလေး ထင်ဟပ်သွား၍ ရွာလူကြီး၏ သဘောထားအတိုင်းသာ လိုက်လျောရန် ခေါင်းညိတ် သဘောတူလိုက်ရတော့သည်။

All Chapters