အခန်း ၁၂၅
Vol. 13 Ch. 125
အခန်း (၁၂၅)
ရန်အာဟူသည် သူ၏လက်နှိပ်ဓာတ်မီးရောင်အား ထိုအရာပေါ်သို့ ထိုးပြလိုက်ရာ ချက်ချင်း ထိတ်လန့်တုန်လှုပ်သွားသည်။
ထိုအကောင်ငယ်လေးသည် စကြဝဠာတစ်ခုလုံးတွင် ရှားပါးလှသော ပန်ဒါကြီးနှင့် အလွန်တရာ တူညီနေသည်မဟုတ်ပါလော။
“သူဌေး၊ မြန်မြန်ထွက်ခဲ့ပါဦး၊ ဒုက္ခတော့ရောက်ပြီ၊ ကျွန်တော်တို့ ခြံဝင်းတံခါးဝမှာ ပန်ဒါကြီးတစ်ကောင် ရောက်နေတယ်”
ရန်အာဟူသည် ထိုည၌ အရက်တစ်စက်မျှ မသောက်ထားကြောင်း သေချာသဖြင့် မျက်စိမှားခြင်း လုံးဝမဖြစ်နိုင်ပေ။
ဆံပင်များ အခြောက်ခံပြီးခါစဖြစ်သော လင်းယန်သည် အပြေးအလွှား ထွက်လာခဲ့ကာ မေးမြန်းလေသည်။
“ဘာတွေ အော်ဟစ်ဆူညံနေတာလဲ၊ ဘယ်ခြံဝင်းလဲ၊ ဘယ်ပန်ဒါလဲ၊ သူဌေးရှေ့က အကောင်ကို ကြည့်လိုက်စမ်းပါ၊ ဒါ ပန်ဒါကြီးတစ်ကောင် မဟုတ်ဘူးလား”
လင်းယန်သည် စူးစိုက်ကြည့်လိုက်ရာ သူမ၏မျက်ဝန်းများသည် အနည်းငယ် ကျယ်သွားလေသည်။ အဖြူနှင့်အမဲရောင် ကတ္တီပါအမွှေးအမျှင်များဖြင့် လုံးထွေးနေသော ထိုသတ္တဝါငယ်သည် ၎င်း၏ ဝိုင်းစက်နေသောမျက်ဝန်းများဖြင့် သူတို့နှစ်ဦးကို စိုက်ကြည့်နေ၏။
လင်းယန်သည် မျက်တောင်တခတ်ခတ်ဖြင့် ညည်းတွဲနေသည်။
“နေဦး၊ ငါတို့အိမ်ရှေ့မှာ ပန်ဒါတစ်ကောင်က ဘာလို့ရှိနေရတာလဲ”
ထိုသို့ စဉ်းစားခန်းဖွင့်နေစဉ် ဆက်မေးသည်။
“ဒါက ဘယ်လိုဖြစ်ရတာလဲ”
ရန်အာဟူသည် ခေါင်းခါလျက် ဆိုသည်။
“သူဌေးပဲ ကျွန်တော့်ကို ရွာလူကြီးကို အိမ်ပြန်ပို့ခိုင်းတာမဟုတ်လား၊ ရွာလူကြီးကို ပြန်ပို့ပြီးတော့ ကျွန်တော့်အဒေါ်က ရေနွေးကြမ်းတစ်ခွက် သောက်ဦးဆိုပြီး အတင်းဆွဲထားလို့ ကြာသွားတာ၊ ပြန်ရောက်လာတဲ့အခါ တံခါးဝမှာ ဒီပန်ဒါလေးကို တွေ့ရလိမ့်မယ်လို့ ဘယ်ထင်ပါ့မလဲ”
ဤပန်ဒါလေးသည် အလွန်ကြီးမားခြင်းမရှိဘဲ သက်တမ်းအားဖြင့် လအနည်းငယ်မျှသာ ရှိဦးမည်ဟု ခန့်မှန်းရသည်။
လင်းယန်သည် သက်ပြင်းအရှည်ကြီးတစ်ချက် ချလိုက်ကာ တံခါးဝတွင် ဝိုင်းစက်စွာ ရှိနေသော ပန်ဒါရုပ်တုသဖွယ် သတ္တဝါငယ်လေးအား ပွေ့ချီကာ ဆိုသည်။
“အထဲဝင်ပြီးမှ စကားပြောကြတာပေါ့”
“ငါလည်း ခြံဝင်းတံခါးဝမှာ စီစီတီဗီကင်မရာတစ်လုံး တပ်ထားခဲ့သင့်တာ”
အဓိကအချက်မှာ အခြားသူတစ်ပါး၏ အိမ်တံခါးဝသို့ ပန်ဒါဝက်ဝံတစ်ကောင်အား လာရောက်စွန့်ပစ်လိမ့်မည်ဟု မည်သူမျှ စိတ်ကူးယဉ်နိုင်မည်မဟုတ်ပေ။
၎င်းသည် တောရိုင်းတိရစ္ဆာန်များ တောပြိုတောင်ပြိုခြင်း သို့မဟုတ် ဘေးအန္တရာယ်တစ်ခုခု ဖြစ်ခဲ့ခြင်းမျိုးလည်း မဟုတ်ပေ။
လင်းယန်နှင့် ရန်အာဟူတို့သည် မိမိတို့ရှေ့မှ ပန်ဒါလေးအား မျက်လုံးအဝိုင်းသားဖြင့် စိုက်ကြည့်နေကြသည်။
ရန်အာဟူသည် လက်နှစ်ဖက်ဖြန့်ပြကာ မေးသည်။
“သူဌေး၊ အခု ကျွန်တော်တို့ ဘာလုပ်ကြမလဲ”
လင်းယန်သည် သက်ပြင်းချလျက် ညည်းတွားရင်း မိမိ၏ဖုန်းထုတ်လိုက်ကာ ဆိုသည်။
“ဘာလုပ်ရဦးမှာလဲ၊ ဒါပေါ့၊ ညွှန်ကြားရေးမှူးလီကို ဖုန်းဆက်ရမှာပေါ့”
စကားစုသည် အလွန်ရိုးအီနေသော စကားစုတစ်ခု ဖြစ်နေတော့သည်။
“ရှောင်လင်း ၊ ဒီလောက် ညဉ့်နက်သန်းခေါင်ကြီးမှာ ငါ့ဆီ ဖုန်းဆက်ရတဲ့ အကြောင်းအရင်း ရှိလို့လား”
ညွှန်ကြားရေးမှူးလီသည် အိပ်စက်အနားယူနေပြီဖြစ်သော်လည်း လင်းယန်၏ ဖုန်းခေါ်ဆိုသံကြောင့် နိုးထလာခဲ့ခြင်း ဖြစ်သည်။
“ညွှန်ကြားရေးမှူးလီ၊ မင်းယုံချင်မှယုံပါလိမ့်မယ်၊ တစ်ယောက်ယောက်က ကျွန်တော့်ရဲ့ ခြံဝင်းတံခါးဝမှာ ပန်ဒါတစ်ကောင် လာပစ်ထားခဲ့တယ်၊ အတိအကျ ပြောရရင်တော့ ပန်ဒါရင်သွေးငယ်လေးတစ်ကောင်ပေါ့”
ထိုစကားလုံးများသည် ညွှန်ကြားရေးမှူးလီ၏ စိတ်ထဲမှ အိပ်ချင်မူးတူးဖြစ်နေမှုများ အကုန်အစင် မောင်းထုတ်လိုက်သဖြင့် သူသည် ချက်ချင်း ထိုင်မိလျက်သား ဖြစ်သွားကာ မေးသည်။
“မင်း ဘာပြောလိုက်တယ်တုန်း၊ တစ်ယောက်ယောက်က မင်းရဲ့ အိမ်တံခါးဝမှာ ပန်ဒါပေါက်စလေးကို လာပစ်သွားတယ်ဟုတ်လား၊ မင်း အိပ်မှုံစုတ်ဖွားနဲ့ အိပ်မက်မက်ပြီး ပြောနေတာတော့ မဟုတ်ပါဘူးနော်”
ညွှန်ကြားရေးမှူးလီ ဤမျှအထိ ထိတ်လန့်တုန်လှုပ်သွားရခြင်းမှာ မဆန်းပေ။ အကြောင်းမှာ ဤဖြစ်ရပ်တစ်ခုလုံးသည် ယုံကြည်နိုင်ဖွယ်ရာ လုံးဝမရှိလောက်အောင် ထူးဆန်းလွန်းသောကြောင့် ဖြစ်သည်။
“ကျွန်တော် အိပ်မက်မက်နေတာ မဟုတ်ပါဘူး၊ ဒီပန်ဒါပေါက်စလေးက အခု ခြံဝင်းထဲမှာ ရောက်နေတာ၊ ညွှန်မှူးရဲ့လူအချို့ကို လွှတ်လိုက်ချင်သလား”
မိမိပြောဆိုသော စကားများ မှန်ကန်ကြောင်း သက်သေပြရန်အတွက် လင်းယန်သည် ဖုန်း၏ကင်မရာအား တမင်တကာ ဖွင့်လိုက်ကာ ၎င်း၏ နှာခေါင်းမှ တရှူးရှူးအသက်ရှူသံများနှင့်အတူ မိမိ၏ခြေထောက်ကို ဖက်တွယ်ထားသော ပန်ဒါပေါက်စလေး၏ ပုံရိပ်အား ဗီဒီယိုရိုက်ကူး၍ ညွှန်ကြားရေးမှူးလီထံ ပြသလိုက်သည်။
ညွှန်ကြားရေးမှူးလီသည် ဗီဒီယိုထဲတွင် ကယောင်ကတမ်းနှင့် ဝေခွဲမရဖြစ်နေသော ပန်ဒါပေါက်စလေးအား ကြည့်ရင်း စိတ်လှုပ်ရှားမှု အမျိုးမျိုး ရောပြွမ်းနေတော့သည်။
သူသည် မည်သို့ ပြန်ပြောရမည်အား မသိတော့ပေ။
ပန်ဒါဝက်ဝံများသည် ၎င်းတို့၏ တိုင်းပြည်တွင် မျိုးပွားရန် ခဲယဉ်းလှသဖြင့် ကောင်ရေအနည်းငယ်သာ ရှိတော့သောကြောင့် အမျိုးသားအဆင့် ရတနာအဖြစ် သတ်မှတ်ခြင်းခံထားရသည်။
ရှားပါးသောအရာများသည် တန်ဖိုးကြီးမားလှသည်မဟုတ်ပါလော။
ဤမျှအထိ ချစ်စဖွယ်ကောင်းသော ပန်ဒါပေါက်စလေးသည် လင်းယန်၏အိမ်သို့ မည်သို့သောနည်းဖြင့် ရောက်ရှိလာရသနည်း။
ညွှန်ကြားရေးမှူးလီသည် မိမိ၏ခေါင်းကို စားပွဲဖြင့် စောင့်ပစ်ချင်စိတ် ပေါက်သွားသော်လည်း အဖြေကို ရှာမတွေ့နိုင်ခဲ့ပေ။
ဤပန်ဒါပေါက်စလေးသည် တောင်ပေါ်မှ မိမိဘာသာ မိမိ ဆင်းသက်လာခြင်းမျိုးမူ လုံးဝမဖြစ်နိုင်ပေ။
သူတို့သည် အနီးနားရှိ တောင်တန်းများအား စောင့်ကြည့်စစ်ဆေးခဲ့ရာ ပန်ဒါများ လှုပ်ရှားသွားလာသည့် အရိပ်အယောင်မျှ မတွေ့ရှိခဲ့ပေ။
တောင်ပေါ်ကျေးလက်ရှိ တောရိုင်းပန်ဒါများသည် သဘာဝဘေးမဲ့တောအတွင်း၌သာ ရှိကြ၍ ထိုတောရိုင်းပန်ဒါများအားလုံးသည် အရွယ်ရောက်ပြီးသား အကောင်ကြီးများ ဖြစ်ကြသည်။
၎င်းတို့တွင် ရင်သွေးငယ်များ ရရှိထားကြောင်း အရိပ်အယောင်လည်း ယနေ့တိုင် မရှိသေးပေ။
“လင်းယန်၊ ဒါက ကိစ္စသေးသေးလေး မဟုတ်ဘူး၊ ငါ အခုချက်ချင်းပဲ ပန်ဒါပေါက်စလေးကို လာခေါ်ဖို့ လူလွှတ်လိုက်မယ်၊ မင်း သူ့ကို နာရီအနည်းငယ်လောက် စောင့်ရှောက်ပေးထားပါဦး”
ဖုန်းချပြီးနောက် လင်းယန်သည် စိတ်ပျက်လက်ပျက် လေသံဖြင့် ပန်ဒါပေါက်စလေးအား ပွေ့ချီကာ မေးလိုက်သည်။
“ဟေ့ကောင်လေး၊ ငါ့ရဲ့ ဘောင်းဘီကို ကိုက်နေတာကို ရပ်လို့မရဘူးလား”
ရန်အာဟူသည် ဘေးမှမှတ်ချက်ပြသည်။
“ဒီကောင်လေး ဗိုက်ဆာနေတာများလား”
“ဒါဆိုရင် မင်း ဘာလို့ အနီးနားကနေ လတ်ဆတ်တဲ့ ဝါးပင်နုနုတချို့ကို သွားခူးပေးလိုက်လေ”
ရန်အာဟူသည် မျက်လုံးအဝိုင်းသားဖြင့် ဖြစ်သွား၏။
မိမိသည် မည်သို့သော အကြောင်းကြောင့် အချိန်ပို အလုပ်ဆင်းနေရသနည်း။
ယခုအချိန်သည် အိပ်စက်ရမည့် အချိန်မဟုတ်ပါလော။
သို့သော် သူသည် ထိုစကားအား ထုတ်ပြောဆိုရန် မလိုတော့ပေ။
ပန်ဒါပေါက်စလေးသည် ကမ္ဘာသစ်တစ်ခုအား ရှာဖွေတွေ့ရှိသွားသည့်အလား ဘေးပတ်ဝန်းကျင်အား တရှုံ့ရှုံ့နမ်းရင်း လင်းယန်၏လက်ထဲမှ ရုန်းကန်ဆင်းသက်သွားသည်။
၎င်းသည် ရိုးအေးလှသော ခွေးအင်တုံရှိရာနေရာအား တိကျစွာ ရှာဖွေတွေ့ရှိသွားကာ ဟန်ဟော့၏ခွေးအင်တုံထဲရှိ ရေများအား အကုန်သောက်သုံးပစ်လိုက်တော့သည်။
“ဪ... နင် ရေဆာနေတာကိုး၊ ကောင်လေးရဲ့”
လင်းယန်သည် သန့်ရှင်းသော ခွက်တစ်ခုအား ယူ၍ ပန်ဒါပေါက်စလေးအတွက် ရေ ထပ်ဖြည့်ပေးလိုက်ရင်း ဆိုသည်။
“နင်က စကားသိပ်မပြောတဲ့ ကလေးတစ်ယောက်ပဲဆိုတာ ငါသိလိုက်ပြီ”
ရေသောက်ပြီးနောက် ပန်ဒါပေါက်စလေးသည် မိမိ၏ဝမ်းဗိုက်အား ကျေနပ် အားရစွာ ပွတ်သပ်လျက် မြေပြင်ပေါ်တွင် လိမ့်လှိမ့်ထိုးနေပြီးနောက် လင်းယန်အား တမ်းတမ်းတတဖြင့် စိုက်ကြည့်နေသည်။
“နင် ဗိုက်ဆာနေပြီလား”
ပန်ဒါပေါက်စလေးသည် ညည်းညူသံတစ်ချက် ပြုလိုက်၏။
လင်းယန်သည် ရန်အာဟူ၏ တင်ပါးအား ခြေထောက်ဖြင့် ကန်ကျောက်လိုက်ကာ ဆိုသည်။
“မြန်မြန်သွားပြီး နုပျိုတဲ့ ဝါးမျှစ်အချို့ကို သွားခူးစမ်းပါ၊ မဟုတ်ရင် အမျိုးသားအဆင့်ရတနာလေး ငတ်ပြတ်သွားလို့ ညွှန်ကြားရေးမှူးလီက မင်းကို ဆဲဆိုကြိမ်းမောင်းရင် မင်းအသက်ထွက်သွားလိမ့်မယ်”
ရန်အာဟူသည် မိမိ၏တင်ပါးအား ပွတ်သပ်ရင်း ညည်းတွဲသည်။
“ဒါက အဓိပ္ပာယ်မရှိလိုက်တာ၊ ဘာလို့ ကျွန်တော်ပဲ အမြဲတမ်း အချိန်ပို အလုပ်ဆင်းနေရတာလဲ”
သူသည် တတွတ်တွတ်ဖြင့် ညည်းညူမြည်တမ်းနေသော်လည်း ရန်အာဟူသည် ညွှန်ကြားချက်အတိုင်း ထိုတာဝန်အား ဆက်ထမ်းဆောင်ရန် ထွက်ခွာသွားသည်။
မိမိတို့တွင် တခြားရွေးချယ်စရာ လုံးဝမရှိပေ။
အကြောင်းမှာ ထိုသတ္တဝါသည် အမျိုးသားအဆင့် ရတနာတစ်ပါး ဖြစ်နေသောကြောင့်ဖြစ်သည်။
အကယ်၍ ဤသတ္တဝါသည် ငန်းဖြူကြီး ဖြစ်ခဲ့လျှင် သူလုံးဝ အလျော့ပေးလိမ့်မည်မဟုတ်ပေ။