အခန်း ၁၂
Vol. 2 Ch. 12
အခန်း (၁၂)
ထိုထုတ်ဖော်ပြောကြားချက်သည် အွန်လိုင်းအသုံးပြုသူများအကြား ရုတ်ချည်းပင် ရုတ်ရုတ်သဲသဲ ဖြစ်သွားစေသည်။
"ဒါက ဘာကိုဆိုလိုတာလဲ၊ သူ့စကားအရဆိုရင် အဲဒီကျားပေါက်လေးနှစ်ကောင်က လုပ်ကြံဇာတ်လမ်း လို့ဆိုလိုချင်တာလား"
"နေပါဦး၊ အဲဒီကျားပေါက်လေးနှစ်ကောင်ကို ကျားမကြီးတစ်ကောင်တည်းက မွေးတာမဟုတ်ဘူးလား"
"အဲဒီညက တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ကတည်းက တစ်ခုခုတော့ မှားနေပြီလို့ ငါခံစားမိသား၊ ဘယ်လိုမိခင်မျိုးက မိမိရင်သွေးကို သူစိမ်းတစ်ယောက်လက်ထဲ ထိုးအပ်ပါ့မလဲ၊ အထူးသဖြင့် ကျားမကြီးတစ်ကောင်က တစ်ခါမှမမြင်ဖူးတဲ့ လူသားတစ်ယောက်ကို ကလေးပေးတယ်ဆိုတာ ယုံတမ်းစကားလို ဖြစ်နေတယ်"
"အားလုံးကိုသုံးသပ်ကြည့်ရင်တော့ ကျားတွေက တောထဲကလာတာ မဟုတ်ဘူးဆိုတာ ဖြစ်နိုင်တယ်လို့ ငါထင်တယ်၊ ငါတို့အားလုံး သူတို့ခင်းထားတဲ့ ကစားပွဲထဲမှာ ကစားစရာဖြစ်နေကြတာလားမသိဘူး"
"ဘုရားရေ... ငါတို့အားလုံး အလှည့်စားခံလိုက်ရပြီပဲ"
"ဒါဆိုရင် အဲဒီကျားမကြီးက တောရိုင်းကျား မဟုတ်ဘူးပေါ့၊ ကျားပေါက်တွေကို ပေးတဲ့ဖြစ်ရပ်တစ်ခုလုံးက ကျကျနန စီစဉ်ထားတဲ့ ဇာတ်လမ်းတစ်ပုဒ် ဖြစ်နေတာပေါ့"
"ဒါကတော့ သေချာသလောက်ရှိတယ်၊ စဉ်းစားကြည့်လေ၊ အခုလိုမျိုး ကြိုတင်ဖန်တီးမထားဘူးဆိုရင် ဒီတိုက်ရိုက်ထုတ်လွှင့်မှုက ဒီလောက်အထိ လူကြိုက်များပါ့မလား"
"ဟုတ်တာပေါ့၊ အရှေ့မြောက်ကျား ပေါ်မလာခင်က လင်းယန်မှာ ဖန် အရေအတွက် တစ်ရာတောင် မပြည့်ဘူးလို့ ကြားတယ်"
"မှန်တယ်၊ ငါက အဲဒီဖန်တစ်ရာထဲက တစ်ယောက်ပဲ၊ သူက ညတိုင်း အရက်ရောင်းနေတာ၊ သူ ဘယ်လောက်ကြာကြာ ဆက်ရောင်းနိုင်မလဲဆိုတာ ကြည့်ချင်လို့သာ စောင့်ကြည့်နေတာ၊ တကယ်တော့ ပျင်းစရာကြီး"
"နေပါဦး၊ ပြိုင်ပွဲစီစဉ်တဲ့အဖွဲ့က ပြိုင်ပွဲဝင်ငါးယောက်လုံးက သာမန်လူတွေပါလို့ ပြောထားတာမဟုတ်ဘူးလား"
"အဲဒါ စီစဉ်သူတွေ ပြောခဲ့တဲ့စကားပဲ၊ ဇာတ်ကောင်တွေအားလုံးက လူမှုအဖွဲ့အစည်းရဲ့ အောက်ခြေမှာ ရုန်းကန်နေရတဲ့ သာမန်လူတန်းစားတွေပါတဲ့၊ အဲဒီလိုမဟုတ်ရင် ဒီအစီအစဉ်ကို ကြည့်ရတာ ဘာအဓိပ္ပာယ်ရှိတော့မှာလဲ"
"ဒါကတော့ အဆက်အသွယ်ရှိတဲ့သူတွေကို ဖိတ်ခေါပြီး ပါဝင်ခိုင်းတယ်ဆိုရင် လက်တစ်ဖျစ်တီးရုံနဲ့တင် ဆုငွေတွေကို သိမ်းပိုက်သွားနိုင်တာပေါ့"
"ဒါဆို ဒီလောက်အထိ ပြောနေကြတာ၊ အဲဒီ လင်းယန်ဆိုတဲ့လူက တကယ်တော့ဘယ်သူလဲ"
"အားလုံးပဲ စိတ်အေးအေးထားပြီး စဉ်းစားကြပါ၊ ကျွန်တော် တိရစ္ဆာန်ရုံမှာ အလုပ်လုပ်လာတာ ခြောက်နှစ်ရှိပြီ၊ တောရိုင်းကျားနဲ့ တိရစ္ဆာန်ရုံက ကျားကို တစ်ချက်ကြည့်ရုံနဲ့ ခွဲခြားနိုင်တယ်၊ အဲဒီညက ဗီဒီယိုကိုလည်း ကြည့်ပြီးပြီ၊ အဲဒါ လှောင်အိမ်ထဲက ကျားမဟုတ်တာ သေချာတယ်၊ ကျားမကြီးရဲ့ ဟန်ပန်က တောရိုင်းသဘာဝတွေ အပြည့်ရှိနေပြီး ကြည့်ရတာ ကြက်သီးတောင် ထမိတယ်"
"အပေါ်ကလူက လင်းယန်အတွက် အရင်းရှင်တွေ ငှားထားတဲ့ ဒလန်လားမသိဘူး၊ တောရိုင်းဆန်လိုက်တာတဲ့၊ တကယ်လို့သာ တောရိုင်းကျားဆိုရင် လင်းယန်ကို ဘာလို့ အရှင်လတ်လတ် ဝါးမစားတာလဲဆိုတာ ရှင်းပြစမ်းပါ"
"ဒါတောင် လင်းယန်အပေါ် အရမ်းကိုရင်းနှီးတဲ့အမူအရာ ပြနေသေးတယ်လေ"
"ဒီခေတ်မှာ ငွေရှိရင် သရဲကိုတင် ခိုင်းလို့ရတာမဟုတ်ဘူး၊ တိရစ္ဆာန်တွေကိုပါ ခိုင်းလို့ရနေပြီ ထင်တယ်"
"စီစဉ်သူတွေဘက်က ဒါနဲ့ပတ်သက်ပြီး ရှင်းလင်းချက် ပေးရမယ်၊ ငါတို့ အွန်လိုင်းအသုံးပြုသူတွေက အနုံအအတွေမဟုတ်ဘူး"
"@WhoWillHaveTheLastLaughOfficial"
တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေသူများသည် အစီအစဉ်၏ တရားဝင်အကောင့်ကို mentionခေါ်ပြီး မေးခွန်းထုတ်နေကြတော့သည်။
ကင်မရာမျက်ကွယ်နေရာတွင် ဝမ်တာ့လီသည် သူတို့၏လုပ်ရပ်ကို ယုံကြည်မှုအပြည့်ရှိသော အမူအရာကို ဆောင်ထားလေသည်။
"အားလုံးပဲ စိတ်မလောကြပါနဲ့.... အခု ကျွန်တော်တို့ ခြံထဲကို ရောက်နေပါပြီ၊ ဒါပေမဲ့ အွန်လိုင်းမှာ ဟိုးလေးတကျော်ဖြစ်နေတဲ့ ကျားပေါက်လေးနှစ်ကောင်ကိုတော့ မတွေ့ရသေးဘူး၊သူတို့ကို တစ်နေရာရာကို ခေါ်သွားပြီလားတော့ မသိဘူး"
ရုတ်တရက် ရှုလီသည် သူမ၏ နောက်ကျောဘက်သို့ လှည့်ကြည့်လိုက်ကာ တာ့လီကိုပြောလိုက်သည်။
"တာ့လီ၊ ငါတို့နောက်မှာ တစ်ခုခု လှုပ်ရှားနေသလိုပဲ၊ ကျားပေါက်လေးတွေက နောက်ဖေးခြံထဲမှာ ရှိနေတာများလား"
ဝမ်တာ့လီသည် သတိထားသော အမူအရာဖြင့် ပြောသည်။
"နောက်ဖေးခြံဘက်ကို သွားကြည့်ကြရအောင်"
အကယ်၍ လင်းယန်၏ အိမ်တွင် ကျားပေါက်များကို မတွေ့ရဘဲ အခြားတစ်နေရာတွင် ရှိနေကြောင်း ရိုက်ကူးနိုင်ခဲ့ပါက၊ လင်းယန်၏ နောက်ကွယ်တွင် လုပ်ကြံဖန်တီးပေးနေသော အရင်းရှင်များ ရှိနေကြောင်း သက်သေပြနိုင်မည်ဖြစ်သည်။ ထိုအခါ လင်းယန်က မည်သို့ပင် ဆင်ခြေပေးစေကာမူ အွန်လိုင်းအသုံးပြုသူတို့က ယုံကြည်ကြတော့မည် မဟုတ်ပေ။
ထိုအခါ ပရိတ်သတ်တို့သည် လင်းယန်နှင့် အရင်းရှင်တို့ ပူးပေါင်း၍ အကြောင်းပြချက် ပေးနေသည်ဟူ၍ ထင်မြင်ကြတော့ပေမည်။ ဤသည်မှာ ဝမ်တာ့လီ အလိုရှိနေသော အရာဖြစ်၏။
"ဝေါ့... ဝေါ့... ဝေါ့"
ဟန်ဟော့သည် လူအုပ်စု၏ ရှေ့မရုတ်တရက် ပိတ်ရပ်လိုက်လေသည်။ ၎င်းသည် သွားများကိုဖြဲ၍ ထိုသူတို့အား ဟောင်နေတော့သည်။ နောက်ဖေးခြံထဲသို့ မည်သူ့ကိုမျှ အခြေချခွင့် မပြုပေ။
ဝူအန်းသည် စိတ်မရှည်သောအသံဖြင့် ဆိုလိုက်သည်။
"ဒီခွေးသေကောင်၊ ဖယ်စမ်း"
ဝမ်တာ့လီသည် တိုက်ရိုက်ထုတ်လွှင့်နေဆဲ ဖြစ်သဖြင့် လူအများရှေ့တွင် မိမိ၏ ပုံရိပ်ကို ထိန်းသိမ်းရန် ဝူအန်းကို တိုးတိုးလေး သတိပေးလိုက်ရ၏။
ဝူအန်းသည် အမူအရာပြင်လိုက်ပြီး မေးလိုက်သည်။
"ဒီခွေးက လမ်းပိတ်နေရင် ငါတို့ ဘယ်လိုလုပ်ကြမလဲ"
"ကျွန်တော့်အထင်တော့ နောက်ဖေးခြံထဲမှာ တစ်ခုခု ထူးဆန်းတာရှိနေလို့ ဒီခွေးက လမ်းပိတ်နေတာ ဖြစ်ရမယ်၊ လင်းယန်က အိမ်စောင့်ဖို့အတွက် ဒီခွေးကို ထားခဲ့တာ ဖြစ်နိုင်တယ်"
ထိုစကားကို အားလုံးက သဘောတူကြသဖြင့် နောက်ဖေးခြံထဲတွင် မည်သည့်အရာများ ရှိနေသနည်းဆိုသည်ကို သိရန် ပြင်းပြသောဆန္ဒဖြင့် ရှေ့ဆက်ရန် ဆုံးဖြတ်လိုက်ကြသည်။
ရှုလီသည် ဆောင့်ကြောင့်ထိုင်လိုက်ကာ ပြောလိုက်သည်။
"ချစ်စရာကောင်းတဲ့ ဟတ်စကီးလေးပဲ၊ ငါလည်း ခွေးမွေးရတာ ဝါသနာပါတယ်၊ အထူးသဖြင့် ဟတ်စကီးနဲ့ ဂိုးလ်ဒန်း တွေကိုပေါ့၊ ခွေးဆိုတာ လူသားတွေရဲ့ အကောင်းဆုံးသူငယ်ချင်းပဲမဟုတ်လား"
"ငါတို့ကို လမ်းမပိတ်ပါနဲ့တော့လား၊ တို့တွေ ခဏလေးပဲ ဝင်ကြည့်ပြီး ပြန်ထွက်လာခဲ့ပါ့မယ်"
ရှုလီသည် အလွန်နူးညံ့သော အပြုံးဖြင့် ဟန်ဟော့၏အမွှေးများကို ပွတ်သပ်ရန် လက်လှမ်းလိုက်လေသည်။ သို့သော် ဟန်ဟော့သည် အလိုက်သင့် မနေဘဲ ပါးစပ်ကို ဟ၍ ရှုလီကို ကိုက်ရန် ကြိုးပမ်းလိုက်တော့သည်။
"အား"
ရှုလီသည် အော်ဟစ်လိုက်ပြီးနောက် သူမ၏ မျက်ဝန်းထဲမှ နူးညံ့မှုများ ပျောက်ကွယ်သွားကာ နက်ရှိုင်းသော ကြောက်ရွံ့မှုများ အစားထိုးဝင်ရောက်လာလေသည်။ အကယ်၍ သူမသာ အချိန်မီနောက်သို့ မဆုတ်လိုက်ပါက သူမ၏ လက်ဖဝါးသည် အကိုက်ခံလိုက်ရနိုင်ခြေရှိ၏။
သူမ၏ အဖြစ်အပျက်ကြောင့် ကျန်ရှိသော သူများသည်လည်း ရှေ့ဆက်ရန် တုံ့ဆိုင်းသွားကြတော့သည်။
သူတို့ မည်သို့ ဖြတ်ကျော်ရမည်ကို စဉ်းစားနေစဉ်မှာပင် နောက်ဖေးခြံအတွင်းမှ လှုပ်ရှားသံများသည် ပိုမိုကျယ်လောင်လာပြီး တစ်ဖြည်းဖြည်း နီးကပ်လာသည်။
"ဟင်း"
ပြင်းထန်လှသော အနံ့အသက်ဆိုးတစ်ခုသည် လူတိုင်း၏ နှာခေါင်းထဲသို့ တိုးဝင်လာတော့သည်။ ရှုလီနှင့် လီတင်းတို့၏ မျက်နှာများသည် ပျို့အန်ချင်သကဲ့သို့ ပုံပျက်သွားသည်။
"အော့..."
ထိုစဉ် နောက်ဖေးခြံ၏ သစ်သားတံခါးသည် ပြင်းထန်သောအားတစ်ခုဖြင့် ပွင့်ထွက်သွားကာ ပေါင်၅၀၀ခန့်ရှိသော အမွှေးအမျှင် မည်းနက်နေသည့် တောဝက်ကြီးတစ်ကောင်သည် လူတိုင်း၏ ရှေ့မှောက်သို့ရောက်ရှိလာလေသည်။
ထိုသူ လေးဦးလုံးသည် မျက်လုံးများ ပြူးကျယ်သွားကြကာ တစ်ပြိုင်နက်တည်းတွေးလိုက်မိကြသည်။
"ဒီခြံထဲမှာ ဘာလို့ တောဝက်ကြီး ရှိနေရတာလဲ"
၎င်းသည် အဘယ်ကြောင့် ဤမျှအထိ ကြီးမားနေရပါသနည်း။
"ဘာရပ်ကြည့်နေတာလဲ၊ ပြေးကြလေ"
ဝမ်တာလီက အော်ဟစ်လိုက်လေတော့သည်။