အခန်း ၁၀၆
Vol. 11 Ch. 106
အခန်း (၁၀၆)
နောက်နှစ်ရက်တွင် ချန်ဟောက်ထျန်းသည် ပြဿနာရှာခြင်း မရှိတော့ဘဲ မိမိလုပ်ရမည့် ကိစ္စရပ်တိုင်းတွင် တက်ကြွစွာ ပါဝင်လုပ်ဆောင်တော့သည်။
ထိုအရာသည် ဝမ်လင်းလင်းနှင့် သူမ၏ အဖော်နှစ်ဦးကို အလွန် အံ့အားသင့်သွားစေ၏။
ရန်အာဟူသည် လင်းယန်၏ အနီးသို့ တိတ်တဆိတ် ချဉ်းကပ်ကာ သခင်လေး၏ စိတ်နေသဘောထား ဤမျှအထိ ထူးခြားဆန်းပြားစွာ ပြောင်းလဲသွားစေရန် မည်သည့်စကားများ ပြောခဲ့သနည်းဟု မေးမြန်းသည်။
လင်းယန်ကမူ မည်သည့်စကားမျှ ပြောကြားခဲ့ခြင်း မရှိကြောင်း ဆိုခဲ့၏။
“ဒီကောင့်ကို သရဲများ ဝင်ပူးနေတာများလား”
ရန်အာဟူသည် တစ်စုံတစ်ခုကို ရုတ်တရက် သဘောပေါက်သွားကာ လက်ဝါးချင်း ရိုက်ခတ်လိုက်ကာဆိုသည်။
“ဒါမှမဟုတ်ရင် လူတစ်ယောက်လုံး လုံးဝ တခြားစီ ဖြစ်သွားရတာ ဘာကြောင့်လဲ”
လင်းယန်သည် ကောင်းကင်သို့ ကြည့်ကာ စကားမဲ့နေလျက် ဆိုသည်။
“အပြင်က စိတ်ကူးယဉ် ဝတ္ထုတွေကို လျှော့ဖတ်စမ်းပါ”
“ကဲ... ပါမောက္ခထန်တို့ဆီကို အစားအစာတွေ မြန်မြန်သွားပို့ချေဦး၊ ဒီနေ့တော့ သူတို့အတွက် အာဟာရဖြစ်စေမယ့် စွပ်ပြုတ် ချက်ပေးထားတယ်၊ သူတို့ရဲ့ သုတေသန လုပ်ငန်းတွေ ဘယ်လောက်ထိ ခရီးပေါက်နေပြီလဲ မသိဘူး”
“အိုအိုင်... အိုအိုင်...”
ထိုထူးဆန်းသော အော်ဟစ်သံကို ကြားရသောအခါ လင်းယန်တစ်ယောက် ဆွံ့အသွားသည်။
ဤအသံသည် မျောက်အိုကြီးထံမှ ထွက်ပေါ်လာသော အသံဖြစ်လိမ့်မည်ဟု မည်သူက တွေးထင်မိပါအံ့နည်း။
ရန်အာဟူသည် အလုပ်အားလပ်ချိန်များတွင် ရင်ပြင်အတွင်း ဗီဒီယိုတိုများ ကြည့်လေ့ရှိရာ ထိုအလေ့အထကြောင့် မျောက်အိုကြီးသည်လည်း ဖုန်းကစားခြင်းအား စွဲလမ်းနှစ်သက်လာခဲ့သည်။
လင်းယန်၏ ဖုန်းသည် သူ မသိလိုက်ပါဘဲ အခိုးခံခဲ့ရ၏။
ဗီဒီယိုတိုများ ကြည့်ခြင်းမှာ အကြောင်းမဟုတ်သော်လည်း ဤမျောက်အိုကြီး၏ သင်ယူနိုင်စွမ်းမှာမူ အံ့မခန်း ထူးချွန်လွန်းလှသည်။
၎င်းသည် အင်တာနက်ပေါ်ရှိ ထူးဆန်းသော အသံဖိုင်များ နေ့စဉ်နှင့်အမျှ နားထောင်လေ့ရှိ၏။
ယခုထွက်ပေါ်လာသော အသံသည် လတ်တလော သင်ယူထားသော အသံတစ်ခု ဖြစ်သည်။
“ကဲပါ... တော်စမ်းပါတော့၊ မအော်ပါနဲ့တော့၊ နင့်ဘာသာနင် ပြန်နားထောင်ကြည့်ဦး၊ ဒီအသံက နားထောင်လို့ ကောင်းလို့လား”
မျောက်အိုကြီးသည် သူအား မကျေနပ်သကဲ့သို့ စိုက်ကြည့်လိုက်ပြီးနောက် စားပွဲပေါ်မှ ဖုန်း ဆွဲယူကာ အော်ဟစ်လေသည်။
“အိုအိုင်... အိုအိုင်”
‘ဒါက ဘာဖြစ်လို့လဲ၊ ဒါဟာ နတ်သက်ကြွေတဲ့ နတ်စောင်းသံပဲ မဟုတ်လား’
ရင်ပြင်အတွင်းရှိ အခြားသော ရွှေရောင်မျောက်များသည် နားရွက်များ ကုတ်ခြစ်လျက် မျောက်အိုကြီးအား ဝိုင်းအုံကြည့်နေကြ၏။
မျောက်အိုကြီး၏ ကျေးဇူးကြောင့် လင်းယန်၏ နေအိမ်သည် မျောက်ကမ္ဘာကြီးအဖြစ်သို့ ကူးပြောင်းလုနီးပါး ဖြစ်နေသည်။
နေ့စဉ်ရက်ဆက်ပင် ရွှေရောင်မျောက် အများအပြားသည် အိမ်အတွင်း လှည့်လည်သွားလာနေကြသည်။
ထိုရွှေရောင်မျောက်များ၏ မျက်နှာတွင် ကြည်ညိုလေးစားသော အရိပ်အယောင်များ ထင်ဟပ်နေ၏။
မျောက်မင်းသည် မျောက်မင်းပီသစွာ လူသားတို့၏ ဘာသာစကား သင်ယူနိုင်သည်။
အံ့ဩဖွယ်ရာ ကောင်းလှသည်။
ရန်အာဟူသည် ထိုမြင်ကွင်းအား ကြည့်ကာ အော်ဟစ်ရယ်မောလျက် ပြောသည်။
“ငါ ဒါကို ဗီဒီယိုရိုက်ပြီး အင်တာနက်ပေါ် တင်ရမယ်၊ အင်တာနက်အသုံးပြုသူတွေလည်း ပျော်ပျော်ပါးပါး ရယ်မောနိုင်ကြတာပေါ့”
“အိုအိုင်... အိုအိုင်”
မျောက်အိုကြီးသည် မြူးကြွသော တေးဂီတသံများနှင့်အတူ ပျော်ရွှင်စွာ ကခုန်သီဆိုလိုက်၏။
၎င်းသည် တေးဂီတ စည်းချက်အတိုင်း ခြေလက်များ လှုပ်ခါလျက် ထူးဆန်းသော အသံများ ပြုလုပ်နေတော့သည်။
၎င်း၏ ပုံသဏ္ဌာန်သည် မျောက်တစ်ကောင်နှင့် မတူတော့ဘဲ တစ်မျိုးတစ်ဖုံ ထူးခြားသော ဟဿရသ
ပေးစွမ်းနိုင်၏။
လင်းယန်သည် ဆက်ကြည့်ရန် စိတ်မသက်မသာ ဖြစ်သဖြင့် လှည့်ထွက်ခဲ့သည်။
ထို့နောက် နောက်ဖေးဥယျာဉ်ရှိ ၏ အခြေအနေအား သွားရောက်ကြည့်ရှုရန် ဆုံးဖြတ်လိုက်၏။
လွန်ခဲ့သော ရက်ပိုင်းတွင် လုပ်ငန်းဆောင်တာများဖြင့် အလွန် အလုပ်ရှုပ်နေခဲ့သဖြင့် ထိုရွှေလင်းယုန်ကြီးအား ဂရုစိုက်ရန် အချိန်မရှိခဲ့ပေ။
၎င်းသည် မည်သို့သော အခြေအနေရှိနေမည်နည်း။
အကယ်၍ ၎င်းတို့ သဘာဝတောတောင်ထဲသို့ ပြန်ထွက်ခွာသွားပါက ပိုမိုကောင်းမွန်လိမ့်မည်။
ရန်အာဟူသည် မိမိရိုက်ကူးထားသော ဗီဒီယိုအား တစ်ချက်နှိပ်၍ အင်တာနက်ပေါ်သို့ တင်လိုက်ကာ ဆိုသည်။
“ဒါက တကယ့်ကို ကောင်းလွန်းလို့ ပြင်ဆင်တည်းဖြတ်ဖို့တောင် မလိုတော့ဘူး”
ဗီဒီယို လွှင့်တင်ပြီးသည်နှင့် တစ်ပြိုင်နက် အင်တာနက်အသုံးပြုသူများထံမှ မှတ်ချက်များစွာ ရောက်လာတော့၏။
“ဒါက ရွှေရောင်မျောက်အစစ်လား၊ သူက ဘယ်အချိန်ကစပြီး အကဘုရင် ဖြစ်သွားတာလဲ”
“ဟာဗျာ... ရွှေရောင်မျောက်ကြီး ဗီဒီယိုတွေနဲ့ တိုက်ရိုက်ထုတ်လွှင့်မှုတွေထဲမှာ မပေါ်တာ ကြာနေတာ၊ မင်းတို့တွေ သူ့ကို လျှို့ဝှက်လေ့ကျင့်ရေး သင်တန်းကျောင်း လွှတ်ထားလို့ကိုး”
“မျောက်မင်းကို ဘယ်ကပြကွက်သင်တန်းကျောင်း ပို့လိုက်တာလဲ၊ သူ ကပြတာ တကယ် ညက်တာပဲ”
“အမှန်အတိုင်း ပြောရရင် ငါ့မိန်းမတောင် သူ ကပြသလောက် ခါးမလှုပ်နိုင်ဘူး၊”
“ဒါကတော့ နည်းနည်းလွန်သွားပြီ”
“ငါ့ရဲ့ ကော်ဂီခွေးလေးကိုပါ အဲဒီကို ပို့လို့ရမလား”
သို့သော် အင်တာနက်အသုံးပြုသူများ ပိုအံ့အားသင့်စေသည်မှာ ပတ်ဝန်းကျင်၌ ပျံ့နှံ့နေသော ရွှေရောင်မျောက် အများအပြား ဖြစ်သည်။
လင်းယန်၏ နေအိမ်၌ ဤမျှအထိ များပြားလှသော ရွှေရောင်မျောက်များ ယခင်က တစ်ကြိမ်မျှမမြင်ဖူးခဲ့ကြချေ။
“သူဌေးက ငါတို့ရဲ့ အကြံပြုချက်ကို တကယ်ပဲ နားထောင်ပြီးတော့ ယာတောအိမ်အပန်းဖြေစခန်းကို တိရစ္ဆာန်ရုံအဖြစ် ပြောင်းလဲတော့မှာလား”
“မဟုတ်သေးပါဘူး၊ ဒီရွှေရောင်မျောက်တွေက ဘယ်ကနေ ရောက်လာကြတာလဲ”
“ဒီမျောက်အိုကြီးက မျောက်မင်း ဖြစ်နိုင်တယ်လို့ မင်းတို့မထင်ဘူးလား၊ သူ ပထမဆုံး ပေါ်လာတုန်းကတည်းက ငါ တစ်ခုခု ထူးဆန်းနေတယ်လို့ ခံစားရတယ်၊ တိရစ္ဆာန်တစ်ကောင်က ရက်ပိုင်းလောက်တင်ပဲ ဒီလောက် ဒဏ်ရာအနာတရတွေ အမြဲရလာစရာ အကြောင်းမရှိဘူး၊ ဒါတွေက တိရစ္ဆာန်အချင်းချင်း တိုက်ခိုက်လို့ ရလာတဲ့ ဒဏ်ရာတွေပဲ၊ တိရစ္ဆာန်တွေရဲ့ နိယာမအရ နိုင်တဲ့သူက အရာရာကို စိုးမိုးပြီး ရှုံးတဲ့သူကတော့ ပျက်စီးရမြဲပဲလေ”
“ဘုရားရေ... အခုလို တွေးကြည့်တော့လည်း တကယ်ပဲ ဖြစ်နိုင်ခြေ ရှိတာပဲ”
“ဒါဆိုရင် ဒီရွှေရောင်မျောက်တွေအားလုံးက မျောက်အိုကြီးနဲ့အတူ လိုက်လာကြတာပေါ့”
“သူဌေး ဘယ်မှာလဲ သူဌေး ထွက်လာပြီး ရှင်းပြပေးပါဦး”
“သူဌေး ဒီည တိုက်ရိုက်ထုတ်လွှင့်မှု လုပ်နိုင်ပါ့မလား၊ သူဌေးရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကို စောင့်ရတာ တကယ့်ကို ခဲယဉ်းလွန်းတယ်၊ သူဌေးဆီကနေ ပစ္စည်းတစ်ခုခု ဝယ်ဖို့ တောင်းပန်နေရတာ ဒါ ပထမဆုံးအကြိမ်ပဲ”
“ပြီးခဲ့တဲ့အကြိမ်က တောဝက်ဘုရင် ထောက်ခံချက်ပေးထားတဲ့ ခွေးစာကို ဝယ်ကျွေးဖူးတယ်၊ တကယ့်ကို ကောင်းမွန်လွန်းလို့ ယုံကြည်စိတ်ချစွာ ဝယ်ယူနိုင်ပါတယ်”
ရန်အာဟူသည် အောက်ခြေရှိ မှတ်ချက်များ တစ်ချက်ကြည့်ပြီးနောက် စိတ်လှုပ်ရှားစွာ ဖုန်း ကိုင်ကာ လင်းယန်ထံသို့ ဆက်သွယ်လေသည်။
“သူဌေး... အင်တာနက်ပေါ်က လူတွေက ငါတို့အိမ်ထဲက မျောက်အိုကြီးကို မျောက်မင်းလို့ ပြောနေကြတယ်”
လင်းယန်သည် အံ့အားသင့်စွာ ကြည့်လျက် ဆိုသည်။
“အဲဒါက ဘာဆန်းလို့လဲ၊ မျောက်မင်းဖြစ်တာ သဘာဝကျတဲ့ ကိစ္စပဲ မဟုတ်ဘူးလား”
ရန်အာဟူသည် မျက်လုံးများ ဝိုင်းစက်သွားကာ ပြောသည်။
“ဘာက သဘာဝကျတာလဲ၊ရွှေရောင်မျောက်တွေရဲ့ ဘုရင်က ငါတို့ရဲ့ အိမ်ထဲမှာ ပေါ်လာတာလေ၊ ဒါက ဘယ်နေရာမှာမဆို သတင်းကြီး ဖြစ်သွားနိုင်တဲ့ ကိစ္စ မဟုတ်ဘူးလား၊ ဒါဆို မင်းက ငါတို့မျောက်ဟာ မျောက်မင်းဆိုတာကို ကြိုသိနေတာပေါ့”
လင်းယန်သည် ခေါင်းညိတ်ပြလျက် ပြော၏။
“သူတို့ဟာ မျောက်မင်း ဒါမှမဟုတ်ရင်လည်း အနိုင်ကျင့်ခံရတဲ့သူ ဖြစ်ရမယ်၊ မဟုတ်ရင် သူတို့က ဘာဖြစ်လို့ အမြဲတမ်း ဒဏ်ရာတွေနဲ့ ရောက်လာရမှာလဲ”
ရန်အာဟူသည် နှာခေါင်းတစ်ချက် ရှုံ့လိုက်ကာ ဆိုသည်။
“မင်းက ကြိုသိနေတာပေါ့၊ ဒါဆိုရင် ဘာဖြစ်လို့ ငါ့ကို မပြောခဲ့တာလဲ”
လင်းယန်သည် သစ်ပင်ထက်တွင် ရွှေလင်းယုန်ကြီး ရှိမရှိ မော့မော့ကြည့်ရင်း ရန်အာဟူအား ဂရုမစိုက်ဟန်ဖြင့် ပြန်ဖြေကြားလိုက်၏
“ပြောပြနေဖို့ လိုလို့လား၊ မင်းကို ပါမောက္ခထန်တို့ဆီ အစားအစာ သွားပို့ဖို့ ပြောထားတာကို မင်း ဘာလို့ ဒီမှာ ရှိနေသေးတာလဲ၊ ပြီးတော့ သွားတဲ့အခါ အပြင်မှာ ပျော်ပါးနေတဲ့ ကောင်တွေကိုပါ တစ်ပါတည်း ပြန်ခေါ်ခဲ့ဦး”
ထိုအခါမှ ရန်အာဟူသည် မလိုလားအပ်သော အမူအရာဖြင့် အလုပ်များ စလုပ်တော့သည်။
လင်းယန်သည် ရွှေလင်းယုန်ကြီးအား ရှာမတွေ့သဖြင့် ၎င်းအစား ဝဲဘက်ခြေဖဝါးအနီးသို့ ငန်းဖြူကြီး ရောက်ရှိလာသည်အား တွေ့ရ၏။
“ကွာ... ကွာ... ကွာ”
“ငါ့ကို အဲဒီလို လာပြီး အော်မနေနဲ့၊ မင်းရဲ့ အစ်ကိုကြီး ဘယ်ရောက်သွားလဲ၊ သူ့ရဲ့ အိမ်ကို ပြန်သွားပြီလား”
ငန်းဖြူကြီးသည် မိမိ၏ အတောင်ပံများ ဖြန့်ကာ လင်းယန်၏ ရှေ့၌ အကြိမ်အနည်းငယ် ခါးယမ်းပြလျက်
“ကွာ... ကွာ... ကွာ”
‘ကျွန်တော့်အစ်ကိုကြီးက သစ်ပင်ပေါ်မှာ အိပ်ပျော်နေတာလေ၊ အဖိုးကြီးယန်... မင်းက အသက်ကြီးလာလို့ မျက်စိမှုန်နေတာလား’
လင်းယန်မှာ ကြောင်အမ်းအမ်းဖြစ်သွားရသည်။
“ခဏမျှ ဆိုင်းပါဦး”
မိမိ၏ ငန်းသည် အဘယ်ကြောင့် ဤကဲ့သို့သော အခြေအနေသို့ ရောက်ရှိသွားရသနည်း။
ဤအပြုအမူများ မည်သည့်နေရာမှ သင်ယူခဲ့သနည်း။
“ဂါ... ဂါ... ဂါ”
‘ဒါကို သင်ယူနေဖို့ လိုသေးလို့လား၊ ကျွန်တော်က မွေးရာပါ ပါရမီရှင်ပဲလေ’
လင်းယန်သည် တုန်လှုပ်ချောက်ချားသွား၏။
လင်းယန်သည် စကားမဲ့ကာ ငြိမ်နေတော့သည်။
မိမိ၏ ငန်းဖြူကြီးသည် တစ်စုံတစ်ခု ထူးဆန်းနေပုံရသဖြင့် ဆရာဝန်ချမ်အား ခေါ်ကာ စစ်ဆေးကြည့်ခိုင်းလျှင် ကောင်းမည်လား တွေးမိသည်။
ထိုအချိန်တွင် စပါးခင်းအတွင်း၌ ပါမောက္ခထန်နှင့် အခြားသူများသည် ရန်အာဟူ ယူဆောင်လာသော အစားအစာများ သုံးဆောင်နေကြသည်။
“ရုံးလုပ်ငန်း သဘောအရတော့ ဒီစီမံကိန်းက တတ်နိုင်သမျှ မြန်မြန်ဆန်ဆန် ပြီးမြောက်စေချင်တာပေါ့၊ ဒါပေမဲ့ ပုဂ္ဂိုလ်ရေးအရတော့ ငါ ဒီနေရာမှာ တတ်နိုင်သမျှ ကြာကြာ နေထိုင်သွားချင်မိတယ်”
ပါမောက္ခထန်သည် ထိုစကားအား ထောက်ခံလေသည်။
ပုံမှန်အားဖြင့် ယဉ်ကျေးသိမ်မွေ့သော ပါမောက္ခကြီးသည် ယခုအခါ စကား မဆိုနိုင်တော့ဘဲ အစားအစာ သုံးဆောင်ခြင်း၌ အာရုံစိုက်နေတော့၏။
ပါမောက္ခချန်သည် လင်ဗန်းထဲရှိ နောက်ဆုံး ကြက်တောင်ပံအား စူးစိုက်ကြည့်ကာ ဆိုသည်။
“မင်းတို့နှစ်ယောက်လုံး ကြက်တောင်ပံတွေ စားပြီးကြပြီ၊ ဒါက ငါ့အလှည့်ပဲ၊ ဘယ်သူမှ လုလို့မရဘူး”
ထိုအခါ ကျောင်းသား သုံးဦးစလုံး ဆွံ့အသွားကြ၏။
မြောင်ဟွမ်သည် မိမိ၏ ပန်းကန်လုံးထဲရှိ ပုစွန်များကို တစ်ခဏအတွင်း စားပြီးနောက် ပြောသည်။
“တကယ်ပါပဲ... ပါမောက္ခချန်ရာ၊ ဒီလို ကိစ္စအသေးအမွှားလေးကိုတောင် လုနေရသေးလား၊ ကျွန်မတို့ကို ကျွေးဖို့ ဘာလို့ မပြောရတာလဲ၊ ကျွန်မတို့က လူငယ်လူရွယ်လေ၊ ပါမောက္ခတွေအနေနဲ့ ကျွန်မတို့လို ကျောင်းသားတွေကို ပိုပြီး ဂရုစိုက်သင့်တာပေါ့”
ပါမောက္ခထန်သည် မြောင်ဟွမ်အား စိတ်ပျက်လက်ပျက် အမူအရာဖြင့် တစ်ချက်ရိုက်လိုက်ကာ ပြော၏။
“စားဖို့ပဲ သိတယ်၊ စားဖို့ပဲ သိတယ်၊ မင်းတို့တွေ အချက်အလက်တွေကို သေချာ မှတ်တမ်းတင်ပြီးပြီလား၊ ဒီအချက်အလက်တွေ အားလုံးကို အင်တာနက်ပေါ် တင်ဖို့ မမေ့နဲ့ဦး၊ စိုက်ပျိုးရေးဗျူရိုက ငါတို့ရဲ့ အစီရင်ခံစာကို စောင့်ဆိုင်းနေကြတာ၊ ဒါပေမဲ့ တစ်ဖက်က ကြည့်ရင်လည်း ဒီစပါးပျိုးပင်တွေဟာ တကယ့်ကို ကောင်းမွန်စွာ ရှင်သန်ကြီးထွားနေကြတာပဲ”
ကျိုးကြောင်းဆင်ခြင်ရသော် လက်ရှိအချိန်တွင် ရာသီဥတုသည် တဖြည်းဖြည်း အေးလာပြီဖြစ်ရာ စပါးစိုက်ပျိုးရန်အတွက် သင့်လျော်သော အချိန်မဟုတ်ပေ။
ယခုကဲ့သို့ ရာသီဥတုမျိုးတွင် ဟင်းသီးဟင်းရွက်များ ဖန်လုံအိမ်အတွင်း စိုက်ပျိုးရမြဲဖြစ်ရာ စပါးပင်များအတွက်လည်း ဆိုဖွယ်ရာမရှိပေ။
သို့သော် ထိုစပါးပျိုးပင်များသည် ရာသီဥတု၏ သက်ရောက်မှုအား အနည်းငယ်မျှ မခံရသည့်အပြင် အချို့သော အပင်များ စပါးနှံများ ထွက်နေသည်။
“စပါးနှံထွက်နေတဲ့ စပါးပင်တွေကို ဓာတ်ပုံရိုက်ပြီး ပြန်ပို့လိုက်ဦး”
ပါမောက္ခထန်သည် တစ်စုံတစ်ခု သတိရသွားသည့်အလား မိမိ၏ ပန်းကန်အလွတ်အား အလျင်အမြန် ချထားလိုက်ကာ ဆို၏။
“မဟုတ်သေးဘူး... ငါ ဒီနေ့ မွန်းလွဲပိုင်းမှာ မလာတော့ဘူး၊ ငါ့မှာ အရေးကြီးတဲ့ကိစ္စတွေ ရှိသေးတယ်”
ပါမောက္ခထန်နှင့် ပါမောက္ခချန်တို့သည် လုံးဝ ဝေခွဲမရ ဖြစ်သွားကြသည်။
၎င်းတို့၏ အလုပ်မှာ ဤအလုပ်တစ်ခုတည်းဖြစ်ရာ ပါမောက္ခထန်အနေဖြင့် မည်သည့်အရေးကြီးသော ကိစ္စများ ရှိနေနိုင်ပါအံ့နည်း။
ပါမောက္ခထန်သည် ၎င်းတို့အား ရှင်းလင်းပြောကြားခြင်း မပြုတော့ဘဲ မိမိ၏ အဆောင်သို့ တစ်ဦးတည်း ပြန်ထွက်ခွာသွားတော့သည်။
ထို့နောက် မိမိ၏ လက်ပ်တော့ကွန်ပျူတာ ဖွင့်ကာ စာသားများ အသည်းအသန် စရိုက်နေတော့၏။