← Chapters

အခန်း ၅၂

Vol. 6 Ch. 52

အခန်း ၅၂

Vol. 6 Ch. 52

အခန်း (၅၂)

ချုံပုတ်ထူထူ သုံးခုခန့်ကို ဖြတ်ကျော်ပြီးနောက်တွင် လင်းယန်သည် ဟန်ဟော့တစ်ယောက် အဘယ်ကြောင့် ဤနေရာသို့ ရုတ်တရက် ရောက်ရှိလာရသနည်းဟူသော အကြောင်းရင်းကို နားလည်သဘောပေါက်သွားလေသည်။

မြေပြင်ပေါ်ရှိ သွေးစွန်းရာများမှာ ခြောက်ကပ်နေပြီ ဖြစ်၏။

ထိုသွေးရာများနောက်သို့ လိုက်ပါကြည့်ရှုရာ ညာဘက်ခြေထောက်တွင် ဒဏ်ရာရရှိထားသော ဝံပုလွေမလေးတစ်ကောင်ကို တွေ့ရှိရလေသည်။

ထိုစဉ် ဝံပုလွေမလေးသည် အလွန်အမင်း မျှော်လင့်ချက်ကင်းမဲ့နေဟန် တူသည်မှာ ၎င်း၏ ခြေထောက်တွင် သားကောင်ဖမ်းသည့် ထောင်ချောက်တစ်ခု မိနေသောကြောင့်ပင် ဖြစ်၏။

ထိုထောင်ချောက်သည် ၎င်းအား မလှုပ်ရှားနိုင်အောင် ချုပ်နှောင်ထားလေသည်။

အစောပိုင်းက ရုန်းကန်ခဲ့သဖြင့် ခြေသလုံးရှိ အသားများမှာ လန်ထွက်နေပြီး သွေးများမှာလည်း အဆက်မပြတ် စီးကျနေ၏။

သို့သော်လည်း ၎င်းတို့သည် ထိုထောင်ချောက်မှ လွတ်မြောက်အောင် မစွမ်းဆောင်နိုင်ခဲ့ကြပေ။

ဤ ဝံပုလွေမလေးသည် ဤနေရာတွင် ပိတ်မိနေသည်မှာ မည်မျှကြာပြီနည်းဆိုသည်ကို မည်သူမျှ မသိနိုင်ပါ။

၎င်းထံမှ စိတ်ပျက်အားလျော့ခြင်းနှင့် မျှော်လင့်ချက်မဲ့ခြင်း အငွေ့အသက်များ ထွက်ပေါ်နေလေသည်။

ဟန်ဟော့ကို မြင်လိုက်ရသောအခါ ၎င်း၏ မျက်ဝန်းများတွင် အရောင်တစ်ချက် တောက်ပသွားသော်လည်း

နောက်တစ်စက္ကန့်တွင် ထူးဆန်းသော လူသားတစ်ဦး ပေါ်လာသည်ကို တွေ့ရှိသွားရာ ဗီဇအရ နောက်သို့ ရှောင်တိမ်းလိုက်လေသည်။

“အူး... ဝူး”

ဝံပုလွေမလေး၏ မျက်နှာသည် ခက်ထန်သွားကာ လင်းယန်အား အနားသို့ မတိုးရန် ဟိန်းဟောက်၍ သတိပေးနေတော့သည်။

လင်းယန်သည် သံသယစိတ်ကြီးမားနေသော ထိုဝံပုလွေမလေးကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်မိ၏။

“ဒီတောင်ပေါ်က ထောင်ချောက်တွေကို ဘာလို့ အခုထိ ရှင်းမပစ်ရသေးတာလဲ၊ သစ်တောဦးစီးဌာနက ဝန်ထမ်းတွေ အချောင်ခိုကြပြန်ပြီ ထင်ပါရဲ့၊ ဒီထောင်ချောက်က တော်တော်ဟောင်းနေပြီပဲ၊ ဘယ်တုန်းက ထောင်ထားမှန်းတောင် မသိရဘူး”

လင်းယန်သည် မိမိ၏ မျက်နှာအမူအရာကို တတ်နိုင်သမျှ နူးညံ့အောင် ပြုပြင်ကာ ဆိုလေသည်။

“မလှုပ်နဲ့ဦး၊ ငါ မင်းကို ကူညီပြီး အဲဒီထောင်ချောက်ကို ဖြုတ်ပေးမယ်”

သို့သော်လည်း ဝံပုလွေမလေးမှာမူ ကျေးဇူးတင်ခြင်း မရှိပေ။

၎င်းတို့သည် လင်းယန်အား အမဲလိုက်ထွက်လာသော မုဆိုးတစ်ယောက်ဟု မှတ်ထင်နေဟန် တူ၏။

“အူး... ဝူး”

‘အရိုင်းအစိုင်း လူသားတွေ... ငါ့ကို ဒီအခြေအနေအထိ ရောက်အောင် လုပ်ခဲ့ကြတာ၊ ပြီးတော့ ဒီအသုံးမကျတဲ့ ဝံပုလွေကလည်း ရှိသေးတယ်၊ ငါကတော့ ငါ့မျိုးနွယ်ထဲက တစ်ကောင်က ကယ်မလားလို့ မှတ်နေတာ၊ တကယ်တော့ သူတို့က လူသားတွေရဲ့ အစေခံတွေ ဖြစ်နေတာပဲ၊ အကုန်လုံး ထွက်သွားကြစမ်း’

ဝံပုလွေမလေးသည် ကိုယ်ကို မတ်လိုက်ပြီး ထော့နဲ့ထော့နဲ့ဖြင့် ထွက်ခွာသွားလေသည်။

ညာဘက်ခြေထောက်ရှိ ဒဏ်ရာကြောင့် ၎င်းသည် ခြေတစ်လှမ်း လှမ်းတိုင်း အလွန်အမင်း နာကျင်မှုကို ခံစားနေရ၏။

၎င်း၏ အားနည်းနေသော အမူအရာက ပြင်းထန်သော ဝေဒနာကို အံတုနေရကြောင်း ဖော်ပြနေလေသည်။

ထိုအခြင်းအရာကို မြင်လိုက်ရသောအခါ ဟန်ဟော့သည် ချက်ချင်းပင် ဝံပုလွေမလေး၏ ရှေ့တွင် ပိတ်ရပ်ကာ ဟောင်လေသည်။

“ဝေါင်... ဝေါင်... ဝေါင်”

‘မင်းကို သွားခွင့်မပြုနိုင်ဘူး၊ ဒဏ်ရာက သွေးထွက်နေတာ မမြင်ဘူးလား၊ ဒီအတိုင်းသာ ဆက်သွားနေရင် မင်းရဲ့ ညာဘက်ခြေထောက်ကို ကယ်တင်နိုင်မှာ မဟုတ်တော့ဘူး’

ဝံပုလွေမလေး၏ ခက်ထန်သော မျက်လုံးများတွင် ဟန်ဟော့အပေါ် အထင်အမြင်သေးမှုများ ပြည့်နှက်နေလေသည်။

“အူး”

‘ဒီကနေ ဖယ်စမ်း၊ ငါကတော့ လူသားတွေ မွေးထားတဲ့ ခွေးလိုနေတဲ့ဝံပုလွေတွေ နဲ့ ဘယ်တော့မှ အတူတူ မနေနိုင်ဘူး၊ ဝံပုလွေမျိုးနွယ်ဆိုတာ အမြင့်မြတ်ဆုံးနဲ့ ဂုဏ်သိက္ခာအရှိဆုံး မျိုးနွယ်စုပဲ၊ ဘယ်လိုလုပ်ပြီး ကောက်ကျစ်တဲ့ လူသားတွေအပေါ် သစ္စာရှိနိုင်မှာလဲ’

လင်းယန်သည် နှုတ်ခမ်းကို မသိမသာ မဲ့မိ၏။

တိရစ္ဆာန်များ၏ ဆိုလိုရင်းကို နားလည်နိုင်သည်ဟု မိမိကိုယ်ကိုယ် တွေးတောမိသောအခါ တစ်ခါတစ်ရံတွင် စကားပြောရန်ပင် ခက်ခဲသွားရတတ်သည်။

ဤတိရစ္ဆာန်များသည် တကယ်ပင် အကဲပိုကြလေသည်။

“ကဲပါ... ကဲပါ... မြင့်မြတ်တာတွေ၊ မမြင့်မြတ်တာတွေ အသာထားပါဦး၊ အခု မင်းက သေတော့မှာကို အခုထိ မာန်တက်နေတုန်းပဲလား”

လင်းယန်သည် ရှေ့သို့ နှစ်လှမ်း တိုးလိုက်လေသည်။

ဝံပုလွေမလေးသည် အမွေးများ ထောင်ထလာကာ အထူးသတိထားရမည့် အနေအထားသို့ ရောက်ရှိသွား၏။

၎င်းသည် လင်းယန်အား အချိန်မရွေး ခုန်အုပ်ကာ ကိုက်သတ်တော့မည့်အတိုင်းပင်။

လင်းယန် အနားသို့ ကပ်ကြည့်လိုက်သောအခါ ဝံပုလွေမလေး၏ ညာဘက်ခြေထောက်ရှိ ဒဏ်ရာသည် ပုပ်စော်နံစပြုနေပြီး အမြန်ဆုံး ကုသရန် လိုအပ်နေကြောင်း တွေ့ရှိလိုက်ရသည်။

“ဟန်ဟော့၊ သူ့ကို ဖိထားလိုက်စမ်း”

အမိန့်ကို ရသည်နှင့် ဟန်ဟော့သည် ဝံပုလွေမလေးအပေါ်သို့ ခုန်အုပ်ကာ ဖိချလိုက်လေသည်။

တစ်နေ့နှင့် တစ်ညတိုင်အောင် ပိတ်မိနေခဲ့သော ဝံပုလွေမလေးသည် အားအင်ကုန်ခမ်းနေပြီ ဖြစ်၏။

ထို့ပြင် ဒဏ်ရာ ရရှိထားသောကြောင့်လည်း ခုခံနိုင်စွမ်း မရှိတော့ပေ။

၎င်းသည် မိမိ၏ ညာဘက်ခြေထောက်မှ ထောင်ချောက်ကို လူသားဖြစ်သူက ဖယ်ရှားပေးသည်ကိုသာ ကူကယ်ရာမဲ့စွာ ကြည့်နေရတော့သည်။

ထိုမျှမကသေးဘဲ ခြင်းတောင်းထဲမှ ရေဘူးကိုထုတ်ကာ ဒဏ်ရာပေါ်သို့ ရေများ လောင်းချလိုက်လေသည်။

“အူး... ဝူး”

ခြေထောက်မှ နာကျင်မှုကြောင့် ဝံပုလွေမလေးသည် ပြင်းထန်စွာ ရုန်းကန်တော့သည်။

‘လွှတ်စမ်း... လွှတ်စမ်း မင်းက ဝံပုလွေမျိုးနွယ်ရဲ့ သစ္စာဖောက်ပဲ၊ အစာတစ်လုပ်အတွက်နဲ့ လူသားတွေရဲ့ အစေခံ ဖြစ်သွားရတယ်ပေါ့၊ အခုတော့ လူသားတွေကို မျက်နှာလိုမျက်နှာရ ဖြစ်အောင် ကိုယ့်မျိုးနွယ်စုဝင်ကိုတောင် ပြန်နှိပ်စက်နေတာလား၊ မျှော်လင့်ထားတဲ့အတိုင်းပဲ၊ လူသားတွေနဲ့ နီးစပ်မှတော့ မျိုးရင်းဗီဇပျောက်ပြီပေါ့’

ဝံပုလွေမလေး မည်မျှပင် ရုန်းကန်ပါစေ ဟန်ဟော့သည် အရှိန်အဟုန်ကို လျှော့ချခြင်း မရှိပေ။

“ကဲ... အခု လွှတ်ပေးလိုက်လို့ ရပြီ”

လင်းယန်သည် ၎င်း၏ ဒဏ်ရာကို ကြည့်ကာ သက်ပြင်းချလိုက်ရင်း ဆိုလေသည်။

“ဒီနေ့ ဆေးမပါလာဘူး၊ ငါနဲ့အတူ အိမ်ကို လိုက်ခဲ့ပါလား၊ ငါ မင်းကို ပတ်တီးစည်းပေးမယ်”

ဟန်ဟော့ လွှတ်ပေးလိုက်သည်နှင့် တစ်ပြိုင်နက် ဝံပုလွေမလေးသည် ၎င်းတို့နှင့် မီတာ နှစ်ရာခန့်အကွာသို့ ပြေးထွက်သွားပြီး ခက်ထန်စွာ စိုက်ကြည့်နေတော့သည်။

‘ဒီလူသားက ငါ့ကို အိမ်ကို လိုက်ခဲ့ဖို့ ညာခေါ်နေတာ၊ ငါမသိဘူးလို့ မမှတ်နဲ့၊ မင်းတို့က ငါ့ကို ပြန်ခေါ်သွားပြီး အရှင်လတ်လတ် အရေခွံခွာဖို့ လုပ်နေတာမလား၊ တကယ့်ကို ရက်စက်တဲ့ နည်းလမ်းတွေပဲ’

ဝံပုလွေမလေးသည် သွားများကို စိကာ ၎င်းတို့နှစ်ဦးအား နှစ်ကြိမ်ခန့် ဟောင်လိုက်ပြီးနောက် မျက်စိရှေ့မှ ပျောက်ကွယ်သွားလေသည်။

လင်းယန်သည် စိတ်ပျက်လက်ပျက်ဖြင့် ဆို၏။

“ဘာမှ လုပ်လို့မရတော့ဘူး၊ ငါတို့ တတ်နိုင်သမျှ လုပ်ပေးခဲ့ပြီးပြီ၊ သူက ငါတို့ကို တော်တော် သံသယဝင်နေတာပဲ”

“ဒါပေမဲ့ ငါ နတ်ရေစင်နဲ့ သူ့ခြေထောက်ကို ပိုးသတ်ပေးလိုက်လို့ အဆင်ပြေသွားမှာပါ”

ဟန်ဟော့သည် ခေါင်းခါလိုက်ပြီး တောင်အောက်သို့ ဆင်းရန် လင်းယန်၏ အနားသို့ လျှောက်လာလေသည်။

သူသည် အလွန်အမင်း အလျင်လိုနေပုံရပြီး အရေးကြီးသော ကိစ္စတစ်ခုခု ရှိနေသကဲ့သို့ပင်။

“နည်းနည်းလောက် ဖြည်းဖြည်း မသွားနိုင်ဘူးလား”

လင်းယန်သည် မြန်မြန်ဆန်ဆန်ပင် ကန်စွန်းဥ ခြင်းတောင်းကို မကာ နောက်မှ လိုက်သွားလေသည်။

ယနေ့ လင်းယန်သည် မိမိ မှာ ဟန်ဟော့၏‌နောက်လိုက်ဟုပင် ခံစားနေရတော့သည်။

လင်းယန် အိမ်သို့ ပြန်ရောက်သောအခါ ရန်အာဟူသည် နောက်ဖေးတွင် ကြက်များကို ရေတွက်နေလေသည်။

“နှစ်ကောင်၊ သုံးကောင်၊ လေးကောင်၊ ငါးကောင်”

ရန်အာဟူသည် ရေတွက်ရင်းနှင့် ပိုမို စိုးရိမ်လာကာ ဆိုသည်။

“တစ်ခုခုတော့ မှားနေပြီ၊ ဘာလို့ ကြက်နှစ်ကောင် လျော့နေရတာလဲ၊ အဲဒါတွေက ဥဥတဲ့ မကြက်မတွေလေ”

“ဥခိုးဥဖို့အတွက် အပြင်မှာ သွားပုန်းနေတာများလား”

ကြက်မွေးဖူးသူတိုင်း ကြက်မများသည် တစ်ခါတစ်ရံတွင် စိတ်ကောက်တတ်ကြောင်း သိကြလေသည်။

ထိုသို့သော အချိန်မျိုးတွင် ၎င်းတို့သည် အပြင်ဘက်တွင် ပုန်းအောင်း၍ ဥ ဥတတ်ကြရာ ပိုင်ရှင်များအတွက် ရှာဖွေရ ခက်ခဲစေသည်။

အချို့သော ကြက်မများဆိုလျှင် အပြင်တွင် ခိုး၍ သားဖောက်ကာ သားငယ်များကိုပင် ခေါ်လာတတ်ကြသေးသည်။

လင်းယန်သည် ကန်စွန်းဥများကို ချလိုက်ပြီး မျက်နှာကို ရေအေးဖြင့် ဆေးလိုက်ရာ အနည်းငယ် နေသာထိုင်သာ ရှိသွားလေသည်။

“ကြက်တွေ လျော့နေတာလား”

ကျန်ရှိနေသော ကြက်များမှာ နောက်ဖေးခြံထဲတွင် နှံစားပြောင်းများကို စားနေကြ၏။

“ကုတ်... ကုတ်... ကုတ်”

၎င်းတို့၏ အဖော်နှစ်ကောင် ပျောက်ဆုံးနေခြင်းကို ၎င်းတို့ လုံးဝ သတိမထားမိကြပေ။

ရန်အာဟူသည် တည်ကြည်သော မျက်နှာထားဖြင့် ခေါင်းညိတ်ကာ ပြောသည်။

“သူဌေး၊ ကျွန်တော်တို့ မရှိတုန်း တစ်ယောက်ယောက်က နောက်ဖေးကနေ ခိုးဝင်ပြီး ကြက်တွေကို ခိုးသွားတာများလား၊ တောက်... ဥဥနေတဲ့ မကြက်မကြီးကိုမှ ခိုးသွားရတယ်လို့”

လင်းယန်က ခေါင်းခါပြကာ ဆို၏။

“အဲဒီလောက်အထိတော့ မဆိုးနိုင်ပါဘူး၊ ရွာထဲက အိမ်တိုင်းက ကြက်မွေးကြတာပဲ၊ ဘယ်သူက သူများအိမ်ထဲ ခိုးဝင်ပြီး ကြက်ခိုးမှာလဲ”

“ငါတို့ စီစီတီဗီတွေ တပ်ထားတာပဲ မဟုတ်လား၊ အဲဒီ စီစီတီဗီမှတ်တမ်းကိုပဲ စစ်ကြည့်လိုက်ပါလား”

ရန်အာဟူသည် မိမိ၏ နဖူးကို ရုတ်တရက် ရိုက်လိုက်ကာ ဆို၏၊

“ဟုတ်သားပဲ ၊ သူဌေးသာ သတိမပေးရင် ကျွန်တော် ဒါကို မေ့နေတော့မလို့၊ စီစီတီဗီမှတ်တမ်းကို စစ်ကြည့်လို့ ရတာပဲ”

လင်းယန်သည် ဘာမှမပြောဘဲ တိတ်ဆိတ်နေလေသည်။

သူသည် စကားပင် ပြောမထွက်တော့ပေ။

ဤမျှသော လစာနှင့် ငှားရမ်းထားသော ဝန်ထမ်းများသည် တစ်ခါတစ်ရံတွင် ထုံထုံအအ ဖြစ်နေတတ်သည်မှာ ပုံမှန်ပင် ဖြစ်၏။

ရန်အာဟူတစ်ယောက် စီစီတီဗီမှတ်တမ်းကို အာရုံစိုက် ကြည့်နေစဉ်တွင် လင်းယန်သည် ကန်စွန်းဥများကို ဆေးကြောလိုက်သည်။

ကန်စွန်းဥများ ဆေးကြောပြီးသွားသောအခါ အမွေးဝါမှာ ၎င်း၏ ဘေးတွင် အဆက်မပြတ် ဟောင်နေတော့သည်။

လင်းယန်သည် အမွေးဝါလေး ဗိုက်ဆာနေသည်ဟု ထင်မှတ်ကာ တစ်ခုခု ကျွေးရန် ပြင်လိုက်သော်လည်း အမွေးဝါသည် ၎င်းအား အသားခြောက်များ လှန်းထားသည့် ဝင်းထဲသို့ ဆွဲခေါ်သွားလေသည်။

“အသားနှစ်တုံးလည်း ပျောက်နေတာလား”

လင်းယန် မျက်မှောင်ကြုတ်လိုက်မိ၏။

ဤသူသည် ကြက်များကိုသာမက အသားများကိုပါ ခိုးယူသွားသည်လော။

၎င်းတို့သည် အသက်မွေးရန်ပင် မတတ်နိုင်တော့၍လော။မဟုတ်သေးပေ။

အမွေးဝါသည် လင်းယန်အား အောက်သို့ ငုံ့ကြည့်ရန် အချက်ပြလေသည်။

ထိုအခါမှသာ မြေပြင်ပေါ်တွင် လူသား၏ ခြေရာများ မဟုတ်ဘဲ ခွေးခြေရာများကို တွေ့ရှိလိုက်ရသည်။

ခွေးလား။

ဤအိမ်တွင် ဟန်ဟော့တစ်ကောင်တည်းသာ ရှိသည် မဟုတ်လော။

ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်ရာ ဟန်ဟော့သည် အမှန်ပင် ရှိမနေတော့ပေ။ ဟန်တော့သည် အသားခိုးစားတတ်နေပြီလော။

All Chapters