အခန်း ၉၄
Vol. 10 Ch. 94
အခန်း (၉၄)
‘ဘယ်သူက နောက်ဆုံးအထိ ရယ်မောနိုင်မလဲ’ အစီအစဉ်၏ ရိုက်ကူးရေးအဖွဲ့သည် ရှီးရွှေကျေးရွာ ၌ စခန်းချရိုက်ကူး၏။
ထိုအစီအစဉ်၏ ဒါရိုက်တာကြီးသည် ရံဖန်ရံခါမှသာ ရောက်ရှိလာတတ်သည်။
အချိန်အတော်များများတွင် စခန်း၌ အမြဲရှိသူမှာ လက်ထောက်ဒါရိုက်တာဆုန်ပင်။
ဝမ်တာ့လီသည် အားလပ်သည့် အချိန်တိုင်းတွင် ဒါရိုက်တာဆုန်နှင့်အတူ စစ်တုရင်ကစားရန် သွားလေ့ ရှိ၏။
ထိုသို့ ဒါရိုက်တာဆုန်အနီးတွင် အဖော်ပြုပေးရင်း အချိန်ကုန်လွန်စေရုံမျှမက အစီအစဉ်နှင့် ပတ်သက်သည့် သတင်းအချက်အလက်များ စုံစမ်းထောက်လှမ်းနိုင်သည်။
“ယခုအပတ် အစီအစဉ်မှာ ပါဝင်ခွင့်ရတဲ့ မင်းတို့တွေကတော့ တကယ်ပဲ ကံကောင်းကြတာပဲ”
ဒါရိုက်တာဆုန်သည် ရွာသူရွာသားများ ပေးထားသည့် ဆန်အရက်အား တစ်ငုံသောက်လိုက်၍ စကားပြောသောအခါ အသံများ အနည်းငယ် တုန်ရီနေသည်။
ထို အရက်ရှိန်ကြောင့် လေချဉ်တက်နေစဉ် သူ ဆက်၍ ဆိုသည်။
“ပြီးခဲ့တဲ့ အပတ်က ဒီအစီအစဉ်မှာ ပါဝင်ခဲ့တဲ့ ပြိုင်ပွဲဝင်တွေတုန်းကတော့ မင်းတို့လို ကံကောင်းတာမျိုး မရှိခဲ့ဘူး”
အရုပ်ရွှေ့နေသော ဝမ်တာ့လီသည် ထိုစကား ကြားကြားချင်း နားစွင့်လိုက်ကာ စူးစမ်းသည်။
“ဒါရိုက်တာဆုန်၊ အဲဒါ ဘာကို ဆိုလိုတာလဲခင်ဗျာ၊ ရိုက်ကူးရေးအဖွဲ့က ကျွန်တော်တို့အတွက် တခြား အံ့ဩစရာ အစီအစဉ်တွေ ပြင်ဆင်ထားလို့လား”
ဒါရိုက်တာဆုန်သည် ခပ်တိုးတိုး ရယ်မောလိုက်ကာ ပြောသည်။
“မင်း ခန့်မှန်းတာ မှန်တယ် လူလေးဝမ်၊ အဲဒါက မင်းတို့အတွက် အံ့ဩစရာ အစီအစဉ် ဖြစ်တာ သေချာတာပေါ့၊ လာမယ့်လမှာ ဒီရှီရွှေကျေးရွာမှာ ဖျော်ဖြေရေးအစီအစဉ်တစ်ခု လာပြီး ရိုက်ကူးဖို့ ရှိတယ်၊ လဝက်လောက် ကြာမယ်လို့ ကြားမိတယ်၊ ငါတို့ ရိုက်ကူးရေးအဖွဲ့က အဲဒီဘက်က အဖွဲ့နဲ့ ညှိနှိုင်းပြီးပြီ၊ သူတို့ရဲ့ ဧည့်သည်တော်တွေကို ငါတို့အဖွဲ့ဆီမှာ အထူးဧည့်သည်တော်တွေအဖြစ် ပါဝင်ဖို့ ဖိတ်ခေါ်မှာ ဖြစ်တယ်၊ ဒါက မင်းတို့ပြိုင်ပွဲဝင်တွေအတွက် အခွင့်အရေးကောင်းတစ်ခုပဲ၊ ဟိုဘက်မှာလည်း ပြိုင်ပွဲဝင် ငါးယောက် ရှိတယ်၊ ဒါပေမဲ့ သူတို့က ဘယ်သူနဲ့ လက်တွဲဖော်အဖြစ် ရွေးချယ်မလဲဆိုတာကတော့ သူတို့ရဲ့ သဘောပဲမို့ ငါတို့ ဝင်ရောက် စွက်ဖက်လို့ မရဘူး”
ထိုစကား ကြားရသောအခါ ဝမ်တာ့လီသည် အတိုင်းအထက်အလွန် ဝမ်းမြောက် စိတ်လှုပ်ရှားသွားတော့သည်။
ကြယ်ပွင့်စုံလင်လှသော အနုပညာရှင်များအဖွဲ့ကြီးသည် ဤနေရာတွင် လာရောက် ရိုက်ကူးမည်လော။ ထို့ပြင် မိမိတို့နှင့် လက်တွဲဖော်အဖြစ် ရွေးချယ်နိုင်ပါသေးသည်လော။
ဒါသည် တန်ဖိုးမဖြတ်နိုင်သော ရွှေဂူကြီးအား ရရှိမည့် အခွင့်အရေးပင် ဖြစ်တော့သည်။
အကယ်၍ ချန်ဟောက်ထျန်း အောင်မြင်ခဲ့လျှင် လင်းယန်သည် ဤပြိုင်ပွဲတွင် အသာစီးရတော့မည်မဟုတ်။
ထိုကြောင့် ဖျော်ဖြေရေးအစီအစဉ် ရိုက်ကူးရေးအဖွဲ့ ရောက်ရှိလာသောအခါ မိမိတို့ဘက်ကို ဦးစားပေး ရွေးချယ်ကြမည်မှာ မြေကြီးလက်ခတ်မလွဲပင်ဖြစ်သည်။
ထိုအခါ အနုပညာရှင် ငါးဦးစလုံးသည် မိမိတို့နှင့် အရင်ဆုံး လက်တွဲရန် ရွေးချယ်ကြလိမ့်မည်။
ထိုသို့ တွေးတောမိရုံမျှဖြင့် ဝမ်တာ့လီသည် စိတ်ထဲ အလွန် ကျေနပ် အားရနေသည်။
ဒါသည် မကြာသေးမီကာလအတွင်း ရရှိခဲ့သော သတင်းကောင်း အနည်းငယ်ထဲမှ တစ်ခုပင် ဖြစ်၏။
ဤအချိန်တွင် ဒါရိုက်တာဆုန်သည် အလွန် မူးနေကာ မိမိ၏ ကစားကွက်များ မည်သည့်နေရာသို့ ရွှေ့ရမည် မသိနိုင်တော့ပေ။
ဝမ်တာ့လီ၏ စစ်မှန်သော ရည်ရွယ်ချက်သည် ဤကစားပွဲတွင် မဟုတ်သကဲ့သို့ နိုင်ရှုံးအပေါ်တွင်လည်း အရေးစိုက်ခြင်းမရှိဘဲ ဒါရိုက်တာဆုန်အား အဖော်ပြုပေးရန်သာ ဖြစ်သည်။
“ဒါရိုက်တာဆုန်က သတင်းစုံတာပဲ၊ ဒါရိုက်တာကြီးသာ မပြောပြရင် ကျွန်တော် ဒီအကြောင်းကို ဒီလောက်စောစော သိရမှာ မဟုတ်ဘူး၊ အဲဒီ အနုပညာရှင် ငါးယောက်က ဘယ်သူတွေလဲဆိုတာ သိရသေးလားခင်ဗျာ”
ဒါရိုက်တာဆုန်သည် ခေါင်း ခါယမ်းလိုက်ကာ ပြောသည်။
“အဲဒါတော့ ငါလည်း မသိဘူး၊ အို... ကြည့်စမ်း၊ မင်း ပြန်ရှုံးသွားပြန်ပြီ၊ ဟားဟားဟား... မောင်ဝမ်၊ မင်းကို ငါ အမြဲ ပြောဖူးတယ် မဟုတ်လား၊ စစ်တုရင်ကစားတဲ့အခါ အာရုံစူးစိုက်မှု ရှိရမယ်လို့”
“ဒါရိုက်တာဆုန်က တော်လွန်းလို့ပါဗျာ၊ ကျွန်တော် ကစားတိုင်း တစ်ခါမှ မနိုင်ဖူးသေးဘူး၊ လာမယ့်အပတ်က လအလိုက် အနှစ်ချုပ် အစီရင်ခံစာ တင်ရမယ့် အချိန်မဟုတ်လား၊ ဒါရိုက်တာကြီး အလုပ်ရှုပ်နေလိမ့်မယ်လို့ ထင်ပါတယ်၊ ဒါကြောင့် အနှောင့်အယှက် မဖြစ်စေဖို့ လာမယ့် ရက်ပိုင်းတွေမှာ ကျွန်တော် စစ်တုရင်လာမကစားတော့ဘူးနော်”
ဝမ်တာ့လီသည် ပြုံးလျက် ဆင်ခြေပေးကာ ထိုနေရာမှ အလျင်အမြန် ထွက်လာခဲ့သည်။
ထို့နောက် ဝမ်တာ့လီသည် ထိုသတင်း လီတင်းအား ပြန် ပြောပြသည်။
သူတို့၏ မူလ လေးယောက်အဖွဲ့တွင် ယခုအခါ သူနှင့် လီတင်း နှစ်ယောက်သာ ကျန်တော့၏။
ဝူအန်းသည် သူရဲဘောကြောင်သူတစ်ဦး ဖြစ်သွားကာ အရေးကြီးသည့် ကိစ္စမှလွဲ၍ မည်သည့်အခါမျှ အပြင်ထွက်မလာတော့ပေ။
ရှုလီကမူ လင်းယန်သည် လူကောင်းတစ်ဦး ဖြစ်ကြောင်း အခိုင်အမာ ယုံသွားခဲ့သဖြင့် သူတို့၏ အစီအစဉ်များတွင် နောက်ထပ် ပါဝင်ရန် ငြင်းဆန်ခဲ့သည်။
လီတင်းသည် ထိုသတင်းအား ကြားရလျှင် အလွန် စိတ်လှုပ်ရှားသွားကာ မေးသည်။
“ဒါရိုက်တာဆုန်က မင်းကို ကိုယ်တိုင် တကယ် ပြောပြခဲ့တာလား၊ ဟုတ်တယ်၊ မင်း အခုကတည်းက စပြီး ပြင်ဆင်ထားသင့်တယ်၊ ဒီအချိန်အတွင်းမှာ ဆိုရှယ်မီဒီယာတွေမှာ လူကြိုက်များလာအောင် လုပ်ရမယ်၊ အဲဒီ အနုပညာရှင်တွေကလည်း လူကြိုက်များလေ ပိုကြိုက်လေပဲ၊ အကယ်၍ ငါတို့ကသာ လူသိများနေရင် သူတို့က ငါတို့ကိုပဲ ဦးစားပေး ရွေးချယ်ကြလိမ့်မယ်၊ အဲဒီအခါ ငါတို့ကလည်း သူတို့ရဲ့ အရှိန်အဝါကို အမှီပြုပြီး ပိုပြီး ထင်ရှားလာနိုင်တာပေါ့”
ဝမ်တာ့လီသည် အနုပညာလောကထဲမှ လူတစ်ယောက် မဟုတ်သော်လည်း ထိုသဘောတရားကိုမူ ကောင်းကောင်း နားလည်၏။ အနုပညာလော၏သဘာဝသည် အပြန်အလှန် အကျိုးပြုနေကြခြင်း ဖြစ်သည်။
လူကြိုက်များ ထင်ရှားစေရန်အတွက် သူတို့သည် ရန်သူတော်ကြီးများနှင့်ပင် ရင်းနှီးသော မိတ်ဆွေများ ဖြစ်အောင် လုပ်ဆောင်နိုင်ကြသည်။
ထိုသို့ လုပ်ဆောင်ခြင်းမှတစ်ပါး အခြားနည်းလမ်းမရှိပေ၊ အကြောင်းမှာ ယခုခေတ်ကာလသည် လူထုစိတ်ဝင်စားမှုအား ငွေကြေးအဖြစ် ပြောင်းလဲနိုင်သည့် ခေတ်ကာလ ဖြစ်သည်။
“ဒါနဲ့... မင်း ထင်သလား၊ အဲဒီ ဘာမှမသိတဲ့ ကောင်က ငါတို့ ခိုင်းတဲ့အတိုင်း တကယ် လုပ်နိုင်ပါ့မလား၊ သူက သိပ်ပြီး ဉာဏ်ကောင်းပုံမရဘူး၊ ငါတို့ကို ဖွင့်ချပစ်လိုက်မှာပဲ စိုးရိမ်မိတယ်”
လီတင်း ဆို၏။
ဤအစီအစဉ်သည် ပြိုင်ဆိုင်မှုအား ခွင့်ပြုထားသော်လည်း မရိုးမသားဖြင့် မလိုမုန်းထား ပြိုင်ဆိုင်ခြင်းအား ခွင့်မပြုပေ။
အကယ်၍ ရိုက်ကူးရေးအဖွဲ့သည် ဤကဲ့သို့သော ကိစ္စအား သိရှိသွားပါက ပြိုင်ပွဲမှ ထုတ်ပယ်ခံရပေလိမ့်မည်။
ဝမ်တာ့လီသည် မျက်မှောင်ကြုတ်ကာ ဆိုသည်။
“သူ့ကို အဲဒီ ဆေးထုပ်ငယ်လေး ယူသွားပြီး အရှေ့မြောက်ကျား ရဲ့ အစာထဲကို တိတ်တဆိတ် ထည့်ခိုင်းရုံပဲဥစ္စာ၊ ဒါက ဘာခက်ခဲလို့လဲ၊ စိတ်အေးအေးထားပါ၊ အကယ်၍ အောင်မြင်ခဲ့ရင် လာမယ့် ရက်ပိုင်းအတွင်းမှာ ထူးခြားမှုတွေကို ငါတို့ မြင်ရတော့မှာ၊ တကယ်လို့ အဆင်မပြေခဲ့ရင်လည်း တခြား နည်းလမ်းတွေကို ငါတို့ ထပ်ပြီး စဉ်းစားကြတာပေါ့”
သို့သော် ဝမ်တာလီသည် အကောင်းမြင်စိတ် ရှိနေဆဲ ဖြစ်ကာ ပြောသည်။
“ငါ့အထင်တော့ ဒီကိစ္စက ဘာပြဿနာမှ ရှိလာမှာ မဟုတ်ဘူး”
အခြားတစ်ဖက်တွင်မူ ချန်ဟောက်ထျန်းသည် ထိုညတွင် ရန်အာဟူနှင့်အတူ အိပ်ရရန် မျှော်လင့်ထားသော်လည်း ဖြစ်မလာခဲ့ပေ။
သူသည် ကုတင်ပေါ်တွင် ကွေးကွေးလေး ဝပ်နေရင်း စောင် တင်းတင်း ဆွဲခြုံထားကာ အသံပင် မထွက်ရဲဘဲ ရှိနေသည်။
အရှေ့မြောက်ကျားကြီး အခန်းထဲသို့ ဝင်လာကာ မိမိအား ကလဲ့စားချေမည်ကို အလွန် ကြောက်ရွံ့နေမိ၏။
ထိုသို့ ကြောက်ရွံ့နေမိသဖြင့် ထိုညတွင် သူ ကောင်းစွာ အိပ်ခွင့် မရခဲ့ပေ။
ပြီးခဲ့သည့် ညကကဲ့သို့ အချိန်အတော်များများတွင် အိမ်မက်ဆိုးများသာ အဆက်မပြတ် မက်နေခဲ့သည်။
သို့သော် ယခုအကြိမ် ခြားနားချက်မှာ မိမိ၏ အိမ်မက်ထဲ၌ အရှေ့မြောက်ကျားကြီးကိုသာ မြင်မက်နေခြင်း ဖြစ်၏။
ထို့ကြောင့် နောက်တစ်နေ့ နံနက်တွင် ချန်ဟောက်ထျန်း နိုးလာသောအခါ မျက်ကွင်းများ ညိုမည်းနေကာ အရှေ့မြောက်ကျားကြီးအား ကြည့်သည့် သူ၏ အကြည့်များတွင် ရန်ငြိုး အာဃာတများ ပြည့်နှက်နေသည်။
“ဒီအရှေ့မြောက်ကျားကြီးကို တစ်နေရာရာကို မောင်းထုတ်ပေးလို့ မရဘူးလား”
ချန်ဟောက်ထျန်းသည် ဝင်းခြံထဲတွင် အော်ဟစ်နေသည်။
မကြာသေးမှီက အိပ်ရာထလာသော ဝမ်လင်းလင်းသည် သူ၏ အနောက်မှနေ၍ ကန်ကျောက်လိုက်သည်။
“နင်က တစ်နေ့လုံး ဘာတွေ အော်ဟစ်နေတာလဲ၊ မနက်စောစောစီးစီး ဒီမှာ အော်ဟစ်မနေနဲ့၊ နင် အိပ်မပျော်ရုံနဲ့ တခြားလူတွေကိုပါ အိပ်ခွင့်မပေးချင်ဘူးလား”
ချန်ဟောက်ထျန်းသည် မိမိကိုယ်ကိုယ် လွန်စွာ မချိတင်ကဲ ဖြစ်တော့သည်။
သူသည် ဤနေရာအား အနည်းငယ်မျှ မနှစ်သက်သည့်အပြင် မည်သူကမျှ သူ့အား ဂရုမစိုက်ကြပေ။
“အစ်ကိုလင်း၊ ကျွန်တော်တို့ ဒီနေ့ တစ်နေ့လုံး တောင်ပေါ်မှာပဲ နေကြမှာလား”
ဝမ်လင်းလင်းသည် မျက်နှာသစ်ပြီးနောက် အလွန် စိတ်လှုပ်ရှားနေ၏။
အကြောင်းမှာ မနေ့ညက လင်းယန်သည် ယနေ့တွင် တောင်ပေါ်သို့သွားကြမည့်အကြောင်း ပြောခဲ့ခြင်း ကြောင့် ဖြစ်သည်။
လင်းယန်သည် ခေါင်းညိတ်ပြလိုက်ကာဆိုသည်။
“တောင်ပေါ်ကို တက်နိုင်ဖို့ ခန္ဓာကိုယ်က ခွင့်ပြုတယ်ဆိုရင်တော့ ဟုတ်တာပေါ့၊ ဒါပေမဲ့ အဓိက အရေးကြီးတာကတော့ မင်းတို့ ရေနဲ့ အစားအစာကို လုံလောက်အောင် ပြင်ဆင်ရမယ်၊ အိမ်မှာရှိတဲ့ ဘယ်အစားအစာကိုမဆို ယူသွားလို့ ရတယ်၊ ဒါမှမဟုတ် ဘာစားချင်လဲဆိုတာ ငါ့ကို ပြောပြရင်လည်း ငါ ပြင်ဆင်ပေးနိုင်တယ်”
ထိုစကား ကြားလျှင် ဝမ်လင်းလင်းသည် ဝမ်းမြောက်ဝမ်းသာ ဖြစ်ကာ ခုန်ပေါက်လျက် အော်ဟစ်တော့သည်။
“အစ်ကိုလင်း သက်တော်ရာကျော် ရှည်ပါစေ”
ချန်ဟောက်ထျန်း တစ်ယောက်သည် ဘာမှမသိဘဲ ကြောင်အမ်းအမ်း ဖြစ်နေရကာ မေးသည်။
“ဒီနေ့ တောင်ပေါ်တက်မယ်လို့ ဘယ်တုန်းက ပြောလိုက်တာလဲ”
မနေ့က ထိုသတင်းအား ပြောနေစဉ် ချန်ဟောက်ထျန်းသည် အိပ်ပျော်နေသဖြင့် သူတစ်ယောက်တည်း ထိုအကြောင်းအား မသိပေ။
“မင်း ကောင်းကောင်း မနားရဘူးလို့ ပြောထားတယ် မဟုတ်လား၊ အိမ်မှာပဲ တစ်ယောက်တည်း ကျန်ခဲ့ပြီး နားချင်ရင်လည်းနားပေါ့၊ ဒါက အိမ်စောင့်ဖို့ အခွင့်အရေးကောင်းပဲ၊ ဘာပဲဖြစ်ဖြစ် တောင်ပေါ်တက်ရတာက ပင်ပန်းတဲ့ အလုပ်မို့လို့ မင်းလို သခင်လေးတစ်ယောက်ကတော့ ဒီလို ဆင်းရဲဒုက္ခမျိုးကို ခံနိုင်ရည် ရှိမှာ မဟုတ်ပါဘူး၊ ဝင်းခြံထဲမှာပဲ လှဲနေပြီး ဖုန်းသုံးနေတာက ပိုမကောင်းဘူးလား”
ချန်ဟောက်ထျန်းသည် အစပိုင်းတွင် ထိုအစီအစဉ်သည် အလွန် ကောင်းမွန်သော ရွေးချယ်မှု ဖြစ်ကြောင်း တွေးမိ၏။
သူသည် တောင်ပေါ်သို့ တက်ရောက်ကာ ခြင်အကိုက်မခံလိုပေ။ ပြီးခဲ့သည့် နှစ်ရက်တွင် ရွာထဲမှ ခြင်များကြောင့် သူသည် အသားများ နာကျင်လှသည်အထိ အကိုက်ခံရသည်။
ထူးဆန်းသည်မှာ ထိုခြင်များသည် သူ့အား ရွေးချယ ကိုက်ကြ၍ ဝမ်လင်းလင်းနှင့် ရှောင်စစ်ယွီတို့အား လုံးဝ အနှောင့်အယှက် မပြုကြပေ။
သို့သော် သူသည် ရုတ်တရက် အရှေ့မြောက်ကျားကြီးအား မြင်လိုက်ရသောအခါ စိတ်များ ချက်ချင်း ပြောင်းသွားသည်။
တောင်ပေါ်သို့ သွားရခြင်းသည် အလွန် ကောင်းမွန်လှသည်။
အကယ်၍ မိမိတစ်ယောက်တည်း အိမ်တွင် ကျန်ခဲ့စဉ် အရှေ့မြောက်ကျားကြီးသည် ရုတ်တရက် သောင်းကျန်းလာ၍ မိမိအား သတ်ဖြတ်ပစ်လိုက်လျှင် မည်သို့ လုပ်မည်နည်း။
ထိုသို့ ဖြစ်လာပါက မည်သူမျှ ကူညီနိုင်မည် မဟုတ်သဖြင့် မျှော်လင့်ချက် လုံးဝ ကင်းမဲ့ရမည့် အခြေအနေဆိုးကြီး ဖြစ်သွားပေလိမ့်မည်။