အခန်း ၁၄၆
Vol. 15 Ch. 146
အခန်း (၁၄၆)
လင်းယန် ပခုံးတွန့်ပြလိုက်သည်။
“ဒါပေမဲ့ ပန်ဒါတွေက ပျားရည် မစားရဘူးလို့တော့ ဘယ်သူမှ မပြောထားဘူးလေ”
လင်းယန်သည် မြေပြင်ပေါ်တွင် ပြန့်ကျဲနေသော ပုလင်းများကို ကောက်ယူလိုက်သည်။ ထို့နောက် ပန်ဒါကြီး၏ ပါးစပ်တစ်ဝိုက်တွင် ပေကျံနေသော ပျားရည်များကို တဘက်ဖြင့် သုတ်ပေးလိုက်ပြီး ပြောလိုက်လေ၏။
“အပြင်ထွက်ပြီး ဝါးလေး ဘာလေး စားပါဦး”
ပန်ဒါကြီးသည် သူ၏ ဗိုက်ကို ပွတ်သပ်ရင်း ဖြည်းညင်းစွာ အပြင်ဘက်သို့ လျှောက်ထွက်သွားသည်။ ပျားရည်ကို အဝစားထားပြီးဖြစ်ရာ ဝါးကိုစားရန် သူ၌ စိတ်ဝင်စားမှု နည်းပါးနေလေပြီ။
သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ မရောက်လာမီအထိ လင်းယန်သည် ပန်ဒါကြီး၏ ကိုယ်ပေါ်ရှိ အညစ်အကြေးများကို သန့်စင်ပေးနေလိုက်သည်။
“မင်းကိုယ်ပေါ်က ရွှံ့တွေက ဟွမ်မောင်ထက်တောင် သန့်ရှင်းရတာ ပိုခက်သေးတယ်”
သို့သော်လည်း ဤပန်ဒါကြီးမှာ တောင်ပေါ်မှ ယခုလေးတင် ဆင်းလာခြင်းဖြစ်ရာ သူ နားလည်ပေးနိုင်ပေသည်။
နေ့လယ်ပိုင်းတွင် သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ ရောက်ရှိလာကြသည်။ ဤတစ်ခါတွင်လည်း ဆရာဝန်ချင်နှင့် အရင်တစ်ခေါက်က တိရစ္ဆာန်ရုံမှ ပြုစုစောင့်ရှောက်သူ နှစ်ဦးပင် ဖြစ်သည်။ လင်းယန်သည် ပန်ဒါပေါက်စလေး၏ အခြေအနေကို မေးမြန်းလိုက်၏။
ဆရာဝန်ချင်က သက်ပြင်းချလိုက်ပြီး ပြန်လည်မေးမြန်းလေ၏။
“ဒီနှစ်ရက်အတွင်း သူ သိပ်မစားဘူး၊ ပတ်ဝန်းကျင်အသစ်ကို ရောက်လာတာမို့လို့ မကျင့်သားရသေးတာ ဖြစ်မယ်၊ ဒီပန်ဒါကြီးက အဲဒီ ပန်ဒါပေါက်စလေးရဲ့ မိခင်ဆိုတာ သေချာရဲ့လား”
လင်းယန်က ခေါင်းညိတ်ပြလိုက်သည်။
“သေချာပါတယ်၊ ဒီပန်ဒါကြီးက သူ့ကလေးကို လိုက်ရှာရင်း ရောက်လာတာပါ”
သူသည် ပန်ဒါကြီး၏ ခေါင်းကို ပုတ်ပေးလိုက်ရင်း မှာကြားလိုက်သည်။
“ဒီဦးလေးတွေနဲ့ အတူလိုက်သွားလိုက်ပါ၊ သူတို့က မင်းရဲ့ ကလေးဆီ ခေါ်သွားပေးလိမ့်မယ်”
ပန်ဒါကြီးသည် သူတို့ကို သံသယဖြင့် ကြည့်ရှုကာ လင်းယန်ကိုလည်း အတူတူ လိုက်ပါစေချင်သည့်အလား အင်္ကျီကို လှမ်းဆွဲထားလေ၏။ ဤအပြုအမူကြောင့် လင်းယန်မှာ ရယ်ရခက် ငိုရခက် ဖြစ်သွားရသည်။
“ငါ မင်းတို့နဲ့ လိုက်လို့ မရဘူး၊ ငါ့မှာ လုပ်စရာတွေ ရှိသေးတယ်”
“မင်းရဲ့ ကလေးကို ရှာမတွေ့ချင်တော့ဘူးလား”
ပန်ဒါကြီး၏ မျက်လုံးများ လှည့်ပတ်ကြည့်ရှုနေပြီး နောက်ဆုံးတွင် လင်းယန်၏စကားကို နားထောင်ကာ ကားပေါ်သို့ တက်သွားလေတော့သည်။
ပန်ဒါကြီး ကားပေါ်တက်သွားသည်ကို မြင်လျှင် ပြုစုစောင့်ရှောက်သူနှစ်ဦးက လှောင်အိမ်တံခါးကို ချက်ချင်း ပိတ်လိုက်ကြ၏။
ဆရာဝန်ချင်က ပြုံးလိုက်ပြီး လင်းယန်၏ပခုံးကို ဖက်လိုက်လေ၏။
“နောက်ပိုင်းမှာ ဒီပန်ဒါကြီးကို တိရစ္ဆာန်ကာကွယ်စောင့်ရှောက်ရေးဌာနကို တိုက်ရိုက် ပို့ပေးပြီး သားအမိနှစ်ကောင် ပြန်ဆုံစည်းပေးလိုက်ပါ့မယ်၊ ခင်ဗျား နောက်ထပ်ကုသိုလ်တစ်ခု ထပ်လုပ်ပေးလိုက်တာပါပဲ”
လင်းယန်က မျက်စိစောင်းထိုးကြည့်လိုက်ပြီး ဆရာဝန်ချင်၏လက်ကို ရွံရှာသည့်အမူအရာဖြင့် ဖယ်ရှားလိုက်လေ၏။
“ဘာလို့ ‘တိရစ္ဆာန်ဆရာဝန်ချင်’ ဆိုတဲ့ စကားလုံးက နားထောင်ရတာ ဒီလောက်တောင် အဆင်မပြေဖြစ်ရတာလဲ”
“ကျွန်တော့်ကို တိရစ္ဆာန်ဆရာဝန်ချင်လို့ မခေါ်နဲ့လို့ ဘယ်နှခါ ပြောရမလဲ”
လင်းယန်၏ နှုတ်ခမ်းများ တွန့်ကွေးသွားပြီး ဆိုလိုက်လေသည်။
“ဟားဟားဟားဟား၊ သိပါပြီ၊ တိရစ္ဆာန်ဆရာဝန်ချင်ရေ... မြန်မြန်သွားတော့၊ အလုပ်မနောက်ကျစေနဲ့”
ဆရာဝန်ချင်မှာ မျက်နှာပျက်သွားကာ ထွက်ခွာသွားလေတော့သည်။
သူတို့ ထွက်ခွာသွားပြီးနောက် လင်းယန်သည် သူ၏ မိုးတွင်းစီးဖိနပ်ကို ဝတ်ဆင်ကာ လူလုပ်ရေကန်တစ်ဝိုက်ကို လမ်းလျှောက်ရန် ပြင်ဆင်လိုက်သည်။ သူနောက်ဆုံးအကြိမ် ရေကန်ဆီ သွားခဲ့သည်မှာ ငါးဖမ်းကန်ထဲသို့ ငါးကလေးများ ထည့်သွင်းစဉ်ကပင် ဖြစ်၏။
လူလုပ်ရေကန်ကိုလည်း ပုံမှန် ထိန်းသိမ်းစောင့်ရှောက်မှုများ လိုအပ်ပေသည်။
“အာဟူ၊ ငါခိုင်းထားတဲ့ ရေနေအပင်မျိုးစေ့တွေကို ရေကန်ထဲမှာ သွားကြဲထားလိုက်သေးလား”
ယန်အာဟူက သူ့ခေါင်းကိုသူ ကုတ်ရင်း မေးလိုက်လေသည်။
“ကြဲပြီးပါပြီ သူဌေး၊ ကျွန်တော် လုပ်တာကို မယုံလို့လား၊ ဒါပေမဲ့ ဒီမျိုးစေ့တွေကို ဘာလို့ ရေကန်ထဲ ပစ်ထည့်ရတာလဲ”
လင်းယန်က ရှင်းပြလိုက်လေ၏။
“ရေနေအပင်တွေက ရေအရည်အသွေးကို မြှင့်တင်ပေးနိုင်တယ်၊ အောက်ဆီဂျင် ပမာဏကို တိုးပွားစေပြီး ဂေဟစနစ် မျှတစေဖို့ အထောက်အကူ ဖြစ်စေတယ်”
ယန်အာဟူက နားလည်သလိုလိုဖြင့် ခေါင်းညိတ်လိုက်လေ၏။
“သူဌေး၊ အခု ရေကန်ဆီ သွားမလို့လား”
“အင်း၊ ပြီးခဲ့တဲ့တစ်ခေါက်က ငါထည့်လိုက်တဲ့ ငါးကလေးတွေ ဘယ်လောက်တောင် ကြီးလာပြီလဲဆိုတာ သွားကြည့်မလို့”
နောက်ဆုံးအကြိမ် ငါးကလေးများကို ရေကန်ထဲသို့ ထည့်သွင်းစဉ်က သူသည် နတ်ရေစင်ရေ များစွာကိုပါ ရောစပ်ထည့်သွင်းထားခဲ့သည်။
ထို့ကြောင့် ယခုအခါ လူလုပ်ရေကန်၏ ရေမှာ နတ်ရေစင်ရေနှင့် ရောစပ်ထားသကဲ့သို့ ဖြစ်နေပေသည်။
လင်းယန်သည် မိုးတွင်းစီးဖိနပ်ကို ဝတ်ဆင်ကာ ပိုက်ကွန်ကို ကိုင်ဆောင်၍ လူလုပ်ရေကန်ဆီသို့ ဖြည်းညင်းစွာ လျှောက်သွားလေ၏။
ထိုမြင်ကွင်းကို မြင်သောအခါ ဘဲငန်းဖြူကြီးမှာလည်း “ကွပ်... ကွပ်” ဟု အသံပြုလျက် နောက်မှ တကောက်ကောက် လိုက်ပါလာလေသည်။
လင်းယန်က နားမလည်စွာဖြင့် မေးလိုက်လေ၏။
“မင်း ဘာလို့ ငါ့နောက်ကနေ လိုက်လာတာလဲ”
ဘဲငန်းဖြူကြီးမှာ ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူဝင့်ကြွားစွာဖြင့် ဆိုလိုက်လေ၏။
“ကွပ်... ကွပ်... ကွပ်”
(ခင်ဗျားက စစ်ဆေးရေးသွားမှာ မဟုတ်ဘူးလား၊ ကျွန်တော်လည်း ခင်ဗျားနဲ့အတူတူ လိုက်စစ်ဆေးချင်လို့ပါ)
လင်းယန်၏ နှုတ်ခမ်းများ တွန့်ကွေးသွားပြီး ဘဲငန်းဖြူကြီးကို လျစ်လျူရှုထားလိုက်သည်။ တစ်ခါတစ်ရံတွင် သူသည် ဤဘဲငန်းဖြူကြီး၏ စိတ်ထဲတွင် ဘာတွေ တွေးနေသနည်းဆိုသည်ကို လုံးဝ နားမလည်နိုင်အောင် ဖြစ်ရ၏။
သူသည် အမြဲတမ်း မယုံနိုင်စရာ ကိစ္စရပ်များကို ပြုလုပ်တတ်သောကြောင့်ပင်။
မိနစ်ဝက်ခန့် လျှောက်လှမ်းပြီးနောက်တွင်တော့ သူတို့ လူလုပ်ရေကန်သို့ ရောက်ရှိလာခဲ့ကြသည်။ ကျယ်ပြန့်သော ရေပြင်ပေါ်တွင် ငါးများမှာ တစ်ခါတစ်ရံ ရေပေါ်သို့ ခုန်ပေါက်လိုက်ပြီး ရေစက်များ ပျံ့လွင့်သွားစေသည်။
လဝက်မပြည့်မီအချိန်အတွင်းမှာပင် လူလုပ်ရေကန်ရှိ ရေများမှာ ဤမျှလောက်အထိ ကြည်လင်သွားခဲ့ပြီ ဖြစ်သည်။ လင်းယန်သည် ပိုက်ကွန်ကို အသုံးပြု၍ ရေမျက်နှာပြင်ပေါ်တွင် ပေါ်နေသော ရေညှိများကို စတင် ဖယ်ရှားလိုက်လေ၏။
‘ရေညှိတွေက နည်းနည်းလေး များနေသလားလို့'
ရေညှိတွေ အလွန်အကျွံ ပေါက်ပွားခြင်းမှ ကာကွယ်ရန်အတွက် အပင်စားငါးကလေးများကို ပိုမိုထည့်သွင်းပေးရန် လိုအပ်နေကြောင်း သူ သဘောပေါက်လိုက်သည်။
ရေနေအပင်များကို အထင်မသေးသင့်ပေ။ အကယ်၍ သူတို့သာ အလွန်အကျွံ ပေါက်ပွားသွားပါက ရေအရည်အသွေးနှင့် ဂေဟစနစ်ကို ထိခိုက်စေလိမ့်မည် ဖြစ်သည်။
ရေညှိများ လွန်ကဲစွာ ပေါက်ပွားပါက ရေကို ပုပ်သိုးသွားစေပြီး ရေကြည်လင်မှုကို လျော့နည်းစေ၏။
သေဆုံးသွားသော ရေညှိများ ပုပ်သိုးသည့်အခါ ရေထဲရှိ အောက်ဆီဂျင်ကို စားသုံးသွားသဖြင့် ငါးများအတွက် အသက်ရှူရခက်ခဲသွားစေနိုင်သည်။
ထို့ကြောင့် ပုံမှန်သန့်ရှင်းရေးလုပ်ရန် လိုအပ်လေသည်။ သို့သော် လင်းယန်အနေဖြင့် ဤရေကန်ကို နေ့တိုင်း လာရောက်စောင့်ကြည့်နေ၍ မဖြစ်နိုင်ရာ ရေညှိရှင်းလင်းရေးလုပ်ငန်းစဉ်ကို အပင်စားငါးများ၏တာဝန်အဖြစ် အပ်နှင်းထားလိုက်ရတော့သည်။
“ကွပ်... ကွပ်... ကွပ်”
ဘဲငန်းဖြူကြီးသည် လူလုပ်ရေကန်ထဲသို့ တိုက်ရိုက်ခုန်ချလိုက်ရာ ရေကန်မျက်နှာပြင်ပေါ်ရှိ တောဘဲအချို့မှာ ကြောက်လန့်တကြား ပျံသန်းသွားကြလေ၏။
လင်းယန်မှာ ပြောစရာစကားပင် မရှိတော့ဘဲ သတိပေးလိုက်ရလေ၏။
“မင်းနည်းနည်းလောက် အသံတိတ်နေလို့ မရဘူးလား”
ဘဲငန်းဖြူကြီးမှာမူ သူ၏စကားကို လုံးဝဂရုမစိုက်ဘဲ လည်ပင်းကို ဆန့်တန်းကာ ပြန်အော်လိုက်လေ၏။
“ကွပ်... ကွပ်... ကွပ်”
(လွန်ခဲ့တဲ့ နှစ်ရက်က ငါ့အမျိုးတူတွေကို ဒီမှာတွေ့လိုက်သေးတယ်)
လင်းယန်က အံ့အားသင့်စွာဖြင့် ပြန်မေးလိုက်လေ၏။
“ဘယ်အမျိုးတူလဲ၊ ရွာထဲမှာ ဘဲငန်းဖြူတွေ အများကြီးမွေးထားပေမဲ့ ဒီလောက်အဝေးကြီးထိ သူတို့ လာမှာမဟုတ်ပါဘူး”
ဘဲငန်းဖြူကြီးမှာ ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြန်လည် တုံ့ပြန်လေ၏။
“ကွပ်... ကွပ်... ကွပ်”
(ဘဲငန်းဖြူဟုတ်လား၊ ငါက ဆွမ်း (Swan-ဟင်္သာ) တွေလေ၊ ငါ့လို လှပတဲ့ ဆွမ်းတွေ)
ယင်းကို ကြားလိုက်ရသောအခါ လင်းယန်မှာ ရယ်မောလိုက်ပြီး နောက်ပြောင်လိုက်လေ၏။
“မင်း ဘာပြောနေတာလဲဆိုတာရော မင်းသိရဲ့လား၊ မင်း ဘယ်တုန်းက ဆွမ်း ဖြစ်သွားတာလဲ၊ မင်းက သံအိုးကြီးနဲ့ ပေါင်းဖို့ အဆင်သင့် ဖြစ်နေတဲ့ ဘဲငန်းဖြူကြီး မဟုတ်ဘူးလား”
ဘဲငန်းဖြူကြီးမှာ မကျေမနပ်ဖြစ်ကာ တောင်ပံများကို ခတ်လိုက်ပြီး ငြင်းဆန်လိုက်လေ၏။
“ကွပ်... ကွပ်... ကွပ်”
(ငါက ဆွမ်းတစ်ကောင်ပါ၊ ခင်ဗျား မျက်စိကန်းနေတာ၊ ငါ့ကို တစ်လွဲမှတ်ထားတာ)
လင်းယန်မှာ ရယ်ရလွန်းသဖြင့်ရလွန်းသဖြင့် အသက်ရှူပင် ကြပ်လာခဲ့သည်။
“မင်း မောင်းမောင်းနဲ့အတူ ဗီဒီယိုတွေ အရမ်းကြည့်ပြီး ကိုယ့်ကိုယ်ကိုယ် ဘဲငန်းရုပ်ဆိုးလေးလို့ ထင်နေတာလား၊ ဘဲငန်းရုပ်ဆိုးလေးက ကြီးလာရင် ဆွမ်းဖြစ်လာတာ ဟုတ်ပါတယ်၊ ဒါပေမဲ့ မင်းကတော့ သေချာပေါက် ဘဲငန်းဖြူကြီးပါပဲ”
“ဒီရက်ပိုင်း မင်း အလုပ်မရှိရင် လူလုပ်ရေကန်ဘက်ကို ပြေးပြေးသွားနေတာကို ငါ သတိထားမိနေတာ၊ တကယ်တော့ မင်း ကိုယ့်အထောက်အထားကိုတောင် မေ့သွားတာကိုး”
“ဒီမှာ ပြဿနာမရှာပါနဲ့တော့”
လင်းယန်သည် ပိုက်ကွန်ဖြင့် ဘဲငန်းဖြူကြီးကို ခပ်ထုတ်လိုက်ပြီး ဆိုလိုက်၏။
“ဖယ်စမ်း၊ ငါ အလုပ်လုပ်နေတုန်း မနှောင့်ယှက်နဲ့”
ထို့နောက် သူသည် လူလုပ်ရေကန်မျက်နှာပြင်ပေါ်ရှိ ရေညှိများကို အားလုံး ဖယ်ရှားရှင်းလင်းလိုက်သည်။
သူ၏ လုပ်ငန်းတာဝန်မှာ အနည်းငယ်မျှ များပြားလှရာ အာဟူကို အစောကတည်းက ခေါ်လာခဲ့သင့်သည်ဟု သူ တွေးမိလိုက်သည်။
ရေမျက်နှာပြင်ပေါ်ရှိ ပေါင်းပင်များကို ရှင်းလင်းပြီးနောက် လင်းယန်သည် ဘဲငန်းဖြူကြီးကို အိမ်သို့ ပြန်ခေါ်ဆောင်သွားခဲ့သည်။
အမှန်စင်စစ် ဘဲငန်းဖြူကြီးမှာ ပြန်သွားရန် မလိုလားဘဲ သူ၏ အမျိုးတူများကို ဆက်လက် စောင့်မျှော်နေလိုသေးသည်။ သို့သော် လင်းယန်၏ဆုံးဖြတ်ချက်ကို မည်သူမျှ မလွန်ဆန်နိုင်ပေ။
“ဒီနေ့ နေ့လယ်ကျရင် ငါနဲ့အတူ သစ်သီးခြံဘက်ကို လိုက်ခဲ့ပါဦး၊ ဟို ပန်ဒါက ပျားရည်တွေ အကုန်စားသွားတာလေ၊ သစ်သီးခြံဘက်သွားပြီး ပျားတွေ ပျားရည် ဘယ်လောက် စုဆောင်းမိလဲဆိုတာ သွားကြည့်ကြတာပေါ့”
“ပျားရည် တစ်ပုလင်းလောက် ရပါ့မလားပဲ”
ပျားလေးများသာ ကြိုးစားကြပါစေကြောင်း သူ မျှော်လင့်လိုက်သည်။
ယန်အာဟူက စဉ်းပင်စဉ်းစားမနေဘဲ ပြောလိုက်လေ၏။
“ကျွန်တော် မလိုက်တော့ဘူး”
“အိမ်မှာ အိမ်စောင့်ဖို့ လူမလိုဘူးလား၊ ကျွန်တော် အိမ်မှာပဲ နေပြီး အိမ်စောင့်ဖို့သင့်တယ်လို့ထင်တယ်”
လင်းယန်က သရော်လိုက်လေ၏။
“မင်း အိမ်မှာနေပြီး အစာခိုးစားချင်လို့ မဟုတ်လား၊ အိမ်မှာရှိတဲ့ အစားအသောက်တွေ အကုန်လုံးနီးပါး မင်း ကုန်အောင်စားထားပြီးပြီ၊
မင်းသာ မလိုက်ရင်တော့ သစ်သီးခြံက ပျားရည်တွေနဲ့ပတ်သတ်ပြီး ဘာမှ ရမှာမဟုတ်တော့ဘူး”
ထိုစကားကို ကြားလိုက်ရသည့်အခါ ယန်အာဟူမှာ ချက်ချင်းပင် မတ်တတ်ရပ်လိုက်ပြီး စိတ်လှုပ်ရှားစွာ မေးမြန်းလိုက်လေ၏။
“ကျွန်တော် လိုက်မယ်၊ ဒီပျားရည်တွေကိုသုံးပြီး ပျားရည်ကိတ်မုန့်တွေ လုပ်လို့ ရမလား”
လင်းယန်က စိတ်ပျက်စွာဖြင့် ဆိုလိုက်လေ၏။
“မင်းက စားဖို့ကလွဲရင် တခြားဘာသိသေးလဲ”
နေ့လယ်စာ စားပြီးနောက် သူတို့နှစ်ဦးသည် သစ်သီးခြံသို့ အတူတူ ထွက်လာခဲ့ကြသည်။ နဂျီများကို နှိမ်နင်းပြီးနောက် ပျားလေးများသည် သူတို့၏ အလုပ်များကို ပုံမှန်အတိုင်း စတင် လုပ်ဆောင်နိုင်တော့မည်ဟု သူတို့ ထင်မှတ်ထားခဲ့၏။
သို့သော် ပျားအုံများမှာ မြေပြင်ပေါ်တွင် ပုံစံပျက်ယွင်းစွာ လဲကျနေသည်ကို တွေ့လိုက်ရသောအခါ လင်းယန်မှာ အံ့ဩတကြီး ဖြစ်သွားရသည်။
လင်းယန်သည် ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ သူ၏ မျက်လုံးများ ပြူးကျယ်သွားပြီး အော်ဟစ်လိုက်လေ၏။
“ငါတို့ရဲ့ သစ်သီးခြံကို သူခိုးတွေ လာခိုးသွားတာလား”
ယန်အာဟူမှာလည်း အကြီးအကျယ် တုန်လှုပ်သွားပြီး ဆိုလိုက်လေသည်။
“ဘယ်သူက ဒါကို လုပ်တာလဲ၊ Damn, သူခိုးတွေက ဒီလောက်တောင် ရဲတင်းတာလား၊ ပစ္စည်းတွေ ခိုးရုံတင်မကဘဲ တို့နေရာကိုပါ ဒီလောက်တောင် ရှုပ်ပွအောင် လုပ်သွားတာ”
ဤပျားအုံများတင်မကဘဲ အနီးအနားရှိ သစ်သီးပင်အချို့မှာလည်း ပြိုလဲကျနေသည်။
လင်းယန်သည် ထိုမြင်ကွင်းကို ကြည့်ရင်း အလွန်ပင် စိတ်မကောင်း ဖြစ်သွားရသည်။ ဤသစ်သီးပင်များကို သူတို့ အပင်ပန်းခံ စိုက်ပျိုးထားခဲ့ရခြင်းမဟုတ်လော။
လင်းယန်သည် စိတ်မကောင်းဖြစ်မှုကို အောင့်အီးထားကာ ပျားအုံများကို ပြန်လည် ထူမတ်ပေးလိုက်ပြီး ပတ်ဝန်းကျင်ရှိ ခြေရာများကို စစ်ဆေးကြည့်လိုက်သည်။
“ဒီခြေရာတွေက ဘာလို့ လူခြေရာနဲ့ မတူရတာလဲ”
၎င်းမှာ အရွယ်ရောက်ပြီးသား အမျိုးသားတစ်ဦး၏ လက်ဖဝါးလောက်ပင် မကြီးမားလှပေ။
၎င်းမှာ တိရစ္ဆာန်တစ်ကောင်၏ လုပ်ရပ်နှင့် ပိုမိုတူညီနေသည်။
ယန်အာဟူက ခေတ္တမျှ ကြည့်ပြီးနောက် ဆိုလိုက်လေ၏။
“ဒါတွေက ဂြိုဟ်သားတွေရဲ့ ခြေရာများ ဖြစ်မလား”
လင်းယန်၏ နှုတ်ခမ်းများ တွန့်ကွေးသွားပြီး
“ဒီခြေရာတွေက တိရစ္ဆာန်တစ်ကောင်ရဲ့ ခြေရာတွေနဲ့ ပိုတူတယ်လို့ မင်း မထင်ဘူးလား”
“သိပ္ပံပညာကို ယုံကြည်ရမယ်လို့ ငါ ဘယ်နှခါပြောရမလဲ၊ ဂြိုဟ်သားတွေက ဘယ်လိုလုပ်ပြီး ဒီနေရာ ရောက်လာမှာလဲ”
ပျားအုံအနီးအနားရှိ မြေပြင်ပေါ်တွင် လက်ချောင်းငါးချောင်းပါရှိသော ခြေရာများ ပြန့်ကျဲနေသည်။ ၎င်းမှာ မည်သည့်သတ္တဝါက ဖန်တီးခဲ့သည်ကို မသဲကွဲသော်လည်း လူသားများ၏ လုပ်ရပ်မဟုတ်ကြောင်းမူ ရာနှုန်းပြည့် သေချာနေပေ၏။