← Chapters

အခန်း ၁၀၅

Vol. 11 Ch. 105

အခန်း ၁၀၅

Vol. 11 Ch. 105

အခန်း (၁၀၅)

မျောက်အိုကြီး တောင်ပေါ်မှ တစ်ဖန်ပြန် ဆင်းလာသောအခါ ရန်အာဟူသည် ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားသည်။

အဘယ်ကြောင့်ဆိုသော် ထိုကောင်သည် မိမိ၏ မျောက်အုပ်အဆွေအမျိုးများကိုပါ တစ်ပါတည်း ခေါ်ဆောင်လာသောကြောင့် ဖြစ်၏။

ထိုအရာသည် ရန်အာဟူ၏ လုပ်ငန်းတာဝန်များကို လျော့ပါးစေခဲ့သည်။

ယခုအခါတွင် သူသည် မှီထိုင်ကုလားထိုင်ပေါ် သက်သောင့်သက်သာ လှဲလျောင်းနေရုံမျှဖြင့် မျောက်များကို ညွှန်ကြားကာ အလုပ်ခိုင်းစေနိုင်ခဲ့ပြီ ဖြစ်သည်။

ရန်အာဟူသည် လက်မောင်းကို ခေါင်းအုံးလျက် ကျေနပ်အားရစွာဖြင့် သက်ပြင်းချရင်း ညည်းတွဲ ပြောဆိုသည်။

“ငါ့ဘဝလိုမျိုး ဘယ်သူကများ အပူအပင်မရှိ လွတ်လပ်ပေါ့ပါးနိုင်ပါဦးမလဲ၊ လူတစ်ယောက်က အချိန်မတိုင်ခင် ခေါင်းဆောင်နေရာကို ရောက်သွားရင် ဘာလုပ်ရမလဲဆိုတာ ဒီအိမ်ကလူတွေထဲမှာ နားလည်တဲ့သူ ရှိသလားဟင်”

ထိုမြင်ကွင်းအား ကြည့်၍ ဝမ်လင်းလင်းသည် သူ၏ ကုလားထိုင်အား ခြေထောက်ဖြင့် ခေါက်ကာ မေးလိုက်၏။

“ဟိုဘက်မှာ ချန်ဟောက်ထျန်းတစ်ယောက် သံသယဖြစ်စရာကောင်းအောင် ဘာတွေလုပ်နေလဲဆိုတာ ရှင် သတိထားမိလား”

ယနေ့နံနက်ပိုင်းတွင် သူတို့ အိပ်ရာမှ နိုးထလာကြသောအခါ ချန်ဟောက်ထျန်းသည် ကျားမကြီး၏ ရှေ့တွင် မသင်္ကာဖွယ်ရာ ဆောင့်ကြောင့်ထိုင်လျက် တစ်ယောက်တည်း ရေရွတ်နေကြောင်း တွေ့ခဲ့ကြသည်။

ဤသည်မှာ ထိုသခင်လေးအနေဖြင့် ဤမျှ စောစောစီးစီး အိပ်ရာထခြင်းသည် ပထမဆုံးအကြိမ် ဖြစ်သည်။

“မင်းက အဲဒီလောက်တောင် သိချင်နေရင်လည်း အနားကိုသွားပြီး မေးကြည့်ပါလား”

ဝမ်လင်းလင်းသည် မျက်စောင်းထိုးလိုက်ကာ ပြန်ပြောသည်။

“မသွားပါဘူး၊ အခုအချိန်မှာ သူ့ကို တစ်ခွန်းမှတောင် စကားမပြောချင်ဘူး”

“လှုပ်ပြီ၊ နောက်ဆုံးတော့ လှုပ်သွားပြီ”

ချန်ဟောက်ထျန်းသည် ခြေထောက်များ ထုံကျင်လာသည်အထိ အချိန်အတော်ကြာအောင် ဆောင့်ကြောင့်ထိုင်နေခဲ့ခြင်း ဖြစ်၏။

မနေ့ညက တောင်ပေါ်မှ ပြန်လာခဲ့ပြီးနောက် သူသည် ဝက်ဝံကြီး၏ ဝါးမြိုခြင်း ခံရလုနီးပါး ဖြစ်ခဲ့ရသည့် မိမိ၏ ပုံရိပ်အား စိတ်ထဲတွင် ထပ်တလဲလဲ ပုံဖော်တွေးတောနေခဲ့သည်။

ထိုမျောက်ကြီး၏ လုပ်ရပ်သည် ချန်ဟောက်ထျန်း၏အမြင်အားပြောင်းလဲ‌‌စေခဲ့သည်။

တိရစ္ဆာန်များသည် လူသားများကို တကယ် ကယ်တင်တတ်ကြပါသလော။

ထိုကဲ့သို့သော ရိုင်းစိုင်း ရိုးအလှသည့် သတ္တဝါများသည် လူသားများကဲ့သို့ တွေးတောဆင်ခြင်နိုင်စွမ်း ရှိကြပါသလော။

ချန်ဟောက်ထျန်းသည် လင်းယန် မွေးထားသော တိရစ္ဆာန်များအား သက်ရှိသတ္တဝါများကဲ့သို့ တစ်ကြိမ်တစ်ခါမျှ မဆက်ဆံခဲ့ဖူးချေ။

သူကဲ့သို့ ချမ်းသာကြွယ်ဝသည့် သခင်လေးတစ်ယောက်၏ အမြင်တွင် ထိုအရာများသည် လူသားများ၏ အဖျော်ဖြေခံ သက်မဲ့ တိရစ္ဆာန်များမျှသာ ဖြစ်သည်။

အကယ်၍ ထိုတိရစ္ဆာန်များသည် လူသားများကို ပျော်ရွှင်စေနိုင်လျှင် ၎င်းတို့သည် အသုံးဝင်ကြောင်း သတ်မှတ်နိုင်၏။

သို့သော် မနေ့ကမူ သူ၏ စိတ်ကူးများ ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။

ထိုသတ္တဝါများသည် ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူသားများအပေါ်တွင် မှီခိုနေကြရခြင်း မဟုတ်ပေ။

၎င်းတို့သည် လူသားများကဲ့သို့ ဤကမ္ဘာမြေပေါ်တွင် အတူတကွ ယှဉ်တွဲနေထိုင်နိုင်ကြသည်။

မိမိအနေဖြင့် ဤကဲ့သို့ သိမြင်နားလည်လာရခြင်းမှာ မျောက်အိုကြီး၏ အသက်ကယ်တင်ပေးခဲ့သော ကျေးဇူးကြောင့် ဖြစ်၏။

ချန်ဟောက်ထျန်းသည် အခြားတစ်ဖက်၌ အရာဝတ္ထုများ နေလှန်းနေသော လင်းယန်၏ အနားသို့ ချဉ်းကပ်သွားကာ ထစ်ထစ်ငေါ့ငေါ့ဖြင့် မေးလိုက်သည်။

“ငါတို့ စကားခဏလောက် ပြောလို့ရမလား”

လင်းယန်သည် အံ့အားသင့်စွာ မျက်ခုံးပင့်လျက် ပြန်မေးလိုက်၏။

“မင်းက... ငါနဲ့ ပြောချင်တာလား”

“အင်း”

ချန်ဟောက်ထျန်းသည် တုံ့ဆိုင်းစွာဖြင့် ခေါင်းညိတ်ပြကာ ဆိုသည်။

“ငါ မင်းကို ပြောပြချင်တဲ့ အကြောင်းအရာတစ်ခု ရှိလို့ပါ”

“ပြောလေ၊ ပြောစရာရှိတာ ပြောပါ”

လင်းယန်သည် မိမိလုပ်နေသော အလုပ်များ ရပ်တန့်ခြင်းမရှိပေ။ နောက်ထပ် နှစ်ရက်ခန့်တွင် မိုးရွာသွန်းမည့် အလားအလာရှိနေသဖြင့် ယနေ့တွင် သစ်သီးဝလံအားလုံး ခြောက်သွေ့အောင် လှန်းရမည် ဖြစ်သည်။ သို့မဟုတ်ပါက သစ်သီးများ ပုပ်သိုး၍ မှိုတက်သွားနိုင်၏။

“အဲဒါက... အရင်တုန်းက ငါ အဲဒီအရှေ့မြောက်ကျားရဲ့ အစားအစာထဲမှာ ဆေးမှုန့်တစ်ခုခု ထည့်ခဲ့မိတယ်”

လင်းယန်သည် ထိုနေ့က အစားအစာများ စစ်ဆေးရန်အတွက် ရွာလူကြီးထံသို့ ပို့ထားသော်လည်း စစ်ဆေးချက်ရလဒ်မှာမူ ထွက်ပေါ်မလာသေးချေ။ သူသည် ချန်ဟောက်ထျန်းကိုယ်တိုင် ဤကဲ့သို့ ဝန်ခံလာလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။

လင်းယန် စကားမပြောနိုင်ခင် ချန်ဟောက်ထျန်းသည် အလောတကြီးဖြင့် ဆိုသည်။

“အဲဒီတုန်းက ငါ တကယ်ပဲ အများကြီး မတွေးမိခဲ့ပါဘူး၊ စိတ်လိုက်မာန်ပါနဲ့ ကလဲ့စားချေချင်တဲ့ စိတ်တစ်ခုတည်းကြောင့် လုပ်မိသွားတာပါ၊ အဲဒီအရှေ့မြောက်ကျားက ငါ့ကို သေမတတ် ခြောက်လှန့်ခဲ့တာကိုး၊ အဲဒီလူနှစ်ယောက်ကလည်း ငါ့ကို ပြောတယ်၊ ဒီအရာက အရှေ့မြောက်ကျားကို ရူးသွပ်သောင်းကျန်းရုံပဲ ဖြစ်စေမှာ၊ သူ့အတွက် တခြားအန္တရာယ် မရှိပါဘူးတဲ့”

အမှန်မှာ အခြားသော အန္တရာယ်များ ရှိနေလျှင် ထိုအချိန်က ချန်ဟောက်ထျန်းသည် ဂရုစိုက်နေမည် မဟုတ်ပေ။

သူ၏ အမြင်တွင် ထိုရိုင်းစိုင်းသော သားရဲတိရစ္ဆာန်များအားလုံး သေကျေပျက်စီးသွားခြင်းသည် အကောင်းဆုံး ဖြစ်၏။

မည်သို့ပင်ဖြစ်စေ ထိုအရာသည် သူနှင့် သိပ်သက်ဆိုင်လှသည် မဟုတ်ပေ။

သို့သော် ယခုအခါ၌ သူသည် ထိုကဲ့သို့ မတွေးတော့ပေ။ အထူးသဖြင့် လွန်ခဲ့သော နှစ်ရက်အတွင်း လင်းယန်နှင့် ထိုတိရစ္ဆာန်များအကြား ဆက်ဆံရေးကို မြင်တွေ့ခဲ့ရပြီးနောက်ပိုင်း ဖြစ်သည်။ ဘာသာစကား ကွဲပြားခြားနားမှုမှအပ ၎င်းတို့သည် မိတ်ဆွေသူငယ်ချင်းများကဲ့သို့ ရင်းနှီးစွာ နေထိုင်ကြသည်အား သူ အာရုံခံစားမိလာခဲ့သည်။

လင်းယန်သည် တည်ငြိမ်အေးဆေးစွာဖြင့် မေးလိုက်၏။

“အဲဒီတုန်းကတည်းက ဒါ မင်းလက်ချက်ဆိုတာ ငါ ရိပ်မိပါတယ်၊ ဒါနဲ့ အဲဒီလူတွေက ဘယ်သူတွေလဲ၊ တစ်ယောက်ယောက်က မင်းကို မြှောက်ပင့်ပေးလိုက်တာလား”

ချန်ဟောက်ထျန်းသည် ခေါင်းငုံ့လိုက်ကာ ပြောလိုက်သည်။

“သူတို့က ဒီရွာက တခြားပြိုင်ပွဲဝင် နှစ်ယောက်ပါ၊ ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ်ယောက်၊ ငါလည်း သူတို့နာမည်တွေကို မသိဘူး၊ ငါ... ကျားမကြီးကိုလည်း တောင်းပန်ပြီးပါပြီ”

သူ၏ မျက်နှာအမူအရာသည် အလွန်ပင် နာကျင်ခံခက်နေပုံဖြင့် ဆိုသည်။

“လွန်ခဲ့တဲ့ နှစ်ရက်လုံးလုံး အိပ်မက်မက်တိုင်း ဒီအကြောင်းတွေချင်ပဲ မက်နေခဲ့တာ၊ အထူးသဖြင့် မနေ့ညက ကျားမကြီး အစားအစာ အဆိပ်သင့်ပြီး သေဆုံးသွားတယ်လို့ အိပ်မက်မက်တဲ့အခါလည်း ငါ တကယ်ကို စိတ်မကောင်းဖြစ်ရပါတယ်”

မနေ့ကအထိ ထိုတိရစ္ဆာန်များ ရှိနေခြင်းသည် အလွန် ရွံရှာမုန်းတီးနေခဲ့သော ချန်ဟောက်ထျန်းသည် အဘယ်ကြောင့် တစ်ညတာအတွင်း ဤမျှလောက်အထိ ပြောင်းလဲသွားရသည်အား လင်းယန် ကောင်းကောင်း နားမလည်နိုင် ဖြစ်ရသည်။

ချန်ဟောက်ထျန်းသည် လင်းယန်၏ ဇဝေဇဝါဖြစ်မှုအား ရိပ်မိပုံရသဖြင့် သက်ပြင်းတစ်ချက်ချကာ ဆိုသည်။

“အရင်တုန်းက ငါ အရမ်း မာနထောင်လွှားခဲ့မိတာ၊ ကမ္ဘာမြေကြီးက လူသားတွေအတွက်ပဲ သက်သက်ပိုင်ဆိုင်တာလို့ အမြဲ ထင်ခဲ့တာ၊ ဘာပဲပြောပြော လူသားတွေမှာ မြင့်မားတဲ့ နည်းပညာယဉ်ကျေးမှု ရှိတာပဲလေ၊ ဒီတော့ ဒီသားရဲတွေ ဘယ်လောက်ပဲ ရက်စက်ကြမ်းကြုတ်ပါစေဦးတော့၊ လူသားတွေရဲ့ နှိမ်နင်းမှုကိုပဲ ခံကြရမှာ မဟုတ်လား၊ ဒါပေမဲ့ မနေ့က ငါ သေလုမျောပါး ဖြစ်ပြီးတဲ့နောက်မှာတော့ လူသားတွေဟာ ဉာဏ်ပညာအားဖြင့် အရာရာကို ထိန်းချုပ်နိုင်တယ်ဆိုပေမဲ့ ဉာဏ်ပညာဆိုတာ လူသားတွေဆီမှာပဲ ရှိတာမဟုတ်ဘူးဆိုတာ ငါ သဘောပေါက်သွားခဲ့တယ်၊ ဥပမာအားဖြင့် အဲဒီမျောက်အိုကြီးပေါ့၊ သူ့မှာ တော်တော့်ကို ဉာဏ်ပညာရှိတယ်လို့ ငါ ထင်တယ်”

လင်းယန်သည် လက်ပြန်ထောင်ကာ လေ့ကျင့်ခန်းလုပ်နေသော မျောက်အိုကြီးအား လှမ်းကြည့်လိုက်ရာ သူ၏ နှုတ်ခမ်းများ တွန့်ကွေးသွားသည်။ ထိုမျောက်အိုကြီးနှင့် ပတ်သက်၍ ချန်ဟောက်ထျန်း ပြောဆိုချက်အား သူ အမှန်တကယ် သဘောမတူနိုင်ပေ။

သို့သော် ထိုသခင်လေးသည် ထိုကဲ့သို့ တွေးနေသည်ဖြစ်ရာ ထိုအတိုင်းသာ တွေးတောပါစေတော့ဟု လွှတ်ထားလိုက်၏။

“မင်း ကျားမကြီးကို တောင်းပန်ပြီးပြီဆိုရင်တော့ ငါ့ကို ထပ်ပြီး တောင်းပန်နေဖို့ မလိုတော့ပါဘူး”

ကံကောင်းထောက်မစွာဖြင့် တိရစ္ဆာန်များ၏ အနံ့ခံအာရုံသည် အမြဲတမ်း ပိုထက်မြက်လှသည်။ ထို့ပြင် ကျားမကြီးနှင့် အခြားတိရစ္ဆာန်များသည် ဆန်းကြယ်သော ရေစင်အား အချိန်အကြာကြီး သောက်သုံးခဲ့ကြသဖြင့် ဉာဏ်ပညာများ ပွင့်လင်းနေကြသည်။

သို့သော် အစားအစာတွင် ပုံမှန်မဟုတ်သော အနံ့အသက် ရရှိပါက ၎င်းတို့သည် ပါးစပ်ထဲသို့ မိုက်မိုက်ကန်းကန်း ထည့်သွင်းစားသောက်ကြမည် မဟုတ်ပေ။

ချန်ဟောက်ထျန်းသည် အပြစ်မကင်းသော မျက်နှာအမူအရာဖြင့် မေးလိုက်သည်။

“သူ ငါ့ကို ခွင့်လွှတ်ပေးမှာပါနော်”

လင်းယန်သည် ပြုံးလျက် သူ၏ ပခုံးအား ပုတ်ပေးရင်း ဆိုသည်။

“တောင်းပန်ရုံတင်ဆိုရင်တော့ မလုံလောက်သေးဘူး၊ မင်းရဲ့ လုပ်ရပ်နဲ့ သက်သေပြဖို့ လိုသေးတယ်၊ အခုကစပြီး ကျားမကြီးကို အစာကျွေးရမယ့် တာဝန်ကို မင်းဆီ လွှဲပေးလိုက်မယ်၊ ဘာပဲဖြစ်ဖြစ် မင်းက ငါ့ရဲ့ လယ်တောအိမ်ဂေဟာမှာ နောက်ထပ် လေးရက်တောင် နေရဦးမှာဆိုတော့ ကျားမကြီးစိတ်ပြေအောင် သေချာလေး လုပ်ပေါ့”

ချန်ဟောက်ထျန်းသည် ခေါင်းညိတ်ပြကာ ကတိပြုလိုက်၏။

“ဒီတစ်ကြိမ်တော့ ငါ သေချာပေါက် ကောင်းကောင်း လုပ်ပါ့မယ်”

ခြံဝင်း၏ အခြားတစ်ဖက်ရှိ ဝမ်လင်းလင်းနှင့် ရန်အာဟူတို့သည် ထိုမြင်ကွင်းအားကြည့်ကာ အလွန် ဇဝေဇဝါ ဖြစ်နေကြသည်။

“အဲဒီနှစ်ယောက်က ဘယ်အချိန်ကတည်းက ဒီလောက်တောင် ရင်းနှီးသွားကြတာလဲ”

ရန်အာဟူ မေးခွန်းထုတ်လိုက်သည်။

ဝမ်လင်းလင်းသည်လည်း နားမလည်နိုင် ဖြစ်ကာ ဆိုသည်။

“အရင်တုန်းက အဲဒီနှစ်ယောက် ဒီလောက် စကားတွေအများကြီး ပြောတာမျိုး တစ်ခါမှ မမြင်ဖူးဘူး”

ရန်အာဟူသည် ကုလားထိုင်ပေါ်မှ ရုတ်တရက် ထထိုင်လိုက်ကာ အလန့်တကြား ရေရွတ်လိုက်၏။

“ဟေ့လူ... ဒီကောင်လေးက ငါ့ရဲ့ ရာထူးနေရာကို လုဖို့ ကြိုးစားနေတာလား မသိဘူး”

ဝမ်လင်းလင်း၏ နှုတ်ခမ်းများ တွန့်ကွေးသွားကာ ဘာပြောရမှန်းမသိ ဖြစ်သွားသည်။

သူမအနေဖြင့် ထိုမျှအထိ ဆိုးရွားလိမ့်မည်ကြောင်း မထင်မှတ်ချေ။

ဤသခင်လေးသည် အခြားသူတစ်ပါးအောက်၌ အလုပ်အကျွေးပြုမည့် လူစားမျိုး လုံးဝမဟုတ်ပေ။

သူသည် လင်းယန်နှင့် ရန်အာဟူတို့ကိုသာ မိမိအတွက် အလုပ်အကျွေးပြုစေချင်သည့် ဆန္ဒရှိသူ ဖြစ်သည်။

“ရှင်ကတော့ အတွေးလွန်နေပြန်ပြီ”

ရန်အာဟူသည် တည်ကြည်လေးနက်သော မျက်နှာအမူအရာဖြင့် ကြုံးဝါးလိုက်သည်။

“တွေးလွန်တာ ဘာရှိလို့လဲ၊ အွန်လိုင်းပေါ်က လူတွေအများကြီးက ငါ့ရဲ့ အလုပ်အကိုင်ကို မျက်စိကျနေပြီး ငါ့နေရာကို အစားထိုးဖို့ ချောင်းနေကြတာ မင်း သိရဲ့လား၊ ငါကတော့ သူတို့ကို လုံးဝ အခွင့်အရေးပေးမှာ မဟုတ်ဘူး၊ ငါကသာ လင်းယန်ရဲ့ ယာတောအိမ်ဂေဟာမှာ အကောင်းဆုံးနဲ့ အားအကိုးရဆုံး အလုပ်သမားကြီး ဖြစ်တယ်”

ထို့ကြောင့် လင်းယန်သည် ချန်ဟောက်ထျန်းအား အစာကျွေးနည်းကို ရှင်းပြဆဲ ဖြစ်သော်လည်း ရန်အာဟူသည် ရုတ်တရက် စိတ်ဖောက်ပြန်သွားသကဲ့သို့ ပြုမူကာ မျောက်များ တန်းစီခိုင်းလျက် လုပ်လက်စ အလုပ်များကို ရပ်တန့်စေခဲ့သည်။

ထို့နောက် သူကိုယ်တိုင် အပတ်တကုတ် ကြိုးစားပမ်းစားဖြင့် အလုပ်ထဲသို့ တိုးဝင်လုပ်ကိုင်တော့သည်။

လင်းယန်သည် လုံးဝ ဝေခွဲမရ ဖြစ်သွားကာ မေးမြန်းလိုက်၏။

“မင်းက အလုပ်အပျင်းဆုံး လူမဟုတ်ဘူးလား”

ရန်အာဟူသည် မကျေမနပ်ဖြင့် ပြန်လည်ချေပသည်။

“အပျင်းဆုံးလို့ ဘာလို့ ပြောရတာလဲ၊ ငါက အဓိပ္ပာယ်ရှိရှိနဲ့ အကြိုးစားဆုံးသူပါ၊ ဒီမျောက်တွေက ငါ့လောက် သေတ္တာကိုအသေးစိတ် ကျကျနန လုပ်နိုင်ပါ့မလား၊ လင်းယန်ရဲ့ လယ်တောအိမ်ဂေဟာသာ မရှိရင် ငါ့လို အဖိုးတန်တဲ့ လက်ထောက်ကောင်းတစ်ယောက်ကတော့ ဘာမှ အရာထင်မှာ မဟုတ်ဘူး”

ဝမ်လင်းလင်းသည် ရယ်ရလွန်းသဖြင့် မတ်တပ် မရပ်နိုင်တော့ပေ။

လင်းယန်သည် အံ့အားသင့်လျက် ကြည့်နေမိသည်။

ပျင်းရိခြင်းကို အလွန်နှစ်သက်ပါလျက်နှင့် တိရစ္ဆာန်တစ်ကောင်ကဲ့သို့ အလုပ် ဖိဖိစီးစီး လုပ်ကိုင်ရန် ရွေးချယ်ခဲ့သော လူတစ်ယောက်ကို တွေ့ရှိရခြင်းမှာ ယခုအကြိမ်သည် ပထမဦးဆုံး ဖြစ်သည်။

All Chapters