အခန်း ၈၈
Vol. 9 Ch. 88
အခန်း (၈၈)
လင်းယန်က လမ်းဘေးမှ တောကြက်မောက်စင်ပန်း အနည်းငယ်ကို ခူးယူလိုက်ပြီး ကျွမ်းကျင်ပိုင်နိုင်စွာဖြင့် ပန်းသရဖူလေး တစ်ခုအဖြစ် သေသပ်လှပစွာ ရက်လုပ်လိုက်လေသည်။
ရှောင်စီယွီမှာ ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ သူမ၏ မျက်ဝန်းများ အရောင်လက်သွားပြီး သူ့လက်ထဲရှိ ပန်းသရဖူလေးကို မျက်တောင်မခတ်တမ်း ငေးမောကြည့်ရှုနေမိ၏။
လင်းယန်က သူမ၏ အကြည့်များကို သတိထားမိသွားပြီး ပန်းသရဖူလေးကို သူမထံသို့ တိုက်ရိုက်ပင် ကမ်းပေးလိုက်လေသည်။
“ဒါက ခင်ဗျားအတွက်ပါ”
ရှောင်စီယွီမှာ ခေတ္တမျှ ကြောင်အမ်းအမ်း ဖြစ်သွားပြီးနောက် သူမ၏ မျက်နှာထက်ရှိ အပြုံးများက ပိုမိုတောက်ပလာခဲ့သည်။ သူမက မယုံနိုင်ဟန်ဖြင့် မေးလိုက်၏။
“ဒါက တကယ်ကြီး ကျွန်မအတွက်လား”
“ဟုတ်တယ်လေ၊ အလှလေးအတွက် ပန်းလေးတွေပေါ့”
ထိုစကားကို ကြားလိုက်ရသောအခါ သူမက ရှက်သွေးဖြာစွာဖြင့် ပန်းသရဖူလေးကို လက်ခံယူလိုက်ပြီး သူမခေါင်းပေါ်တွင် အသာအယာ တင်လိုက်လေသည်။
သူမက ဘေးနားရှိ ဝမ်လင်းလင်းဘက်သို့ လှည့်ကာ ပြုံးပြလိုက်သည်။
“ကြည့်ကောင်းရဲ့လား၊ လင်းလင်း”
ရှောင်စီယွီမှာ သိမ်မွေ့နူးညံ့သော မိန်းကလေးမျိုးဖြစ်ပြီး အထူးသဖြင့် သူမ၏ တလက်လက် တောက်ပနေသော မျက်ဝန်းလေးများက အလွန်ဆွဲဆောင်မှု ရှိလှသည်။
သူမ ပြုံးလိုက်သောအခါ သူမ၏ မျက်ဝန်းများက ပို၍ပင် တောက်ပလာကာ တစ်ကမ္ဘာလုံးကိုပင် အသက်ဝင်သွားစေသကဲ့သို့ ရှိလေသည်။
ဝမ်လင်းလင်းမှာ ငေးမောသွားကာ ရေရွတ်လိုက်မိ၏။
“အရမ်းကို ကြည့်ကောင်းတာပဲ”
သူမကိုယ်တိုင်လည်း ထိုကဲ့သို့သော ပန်းသရဖူလေးမျိုး လိုချင်သော်လည်း လင်းယန်အား သူမအတွက်ပါ တစ်ခုလုပ်ပေးရန် တောင်းဆိုဖို့ရာ အလွန်ရှက်နေမိသည်။
ထို့ကြောင့် သူမဘာသာ သူမ ကြက်မောက်စင်ပန်းအနည်းငယ်ကို ခူးယူလိုက်ပြီး ရမ်းသမ်းစမ်းသပ်ကာ ရက်လုပ်နေလေတော့သည်။
ချန်ဟောက်ထျန်းက ဤအခြေအနေကို မြင်သောအခါ အလျင်အမြန် ဝင်ပြောလိုက်လေသည်။
“ဒါက ပန်းသရဖူလေးတစ်ခုပဲဟာကို၊ လင်းလင်း၊ နင့်အတွက် ငါလုပ်ပေးမယ်”
သူက စောစောက လင်းယန် ရက်လုပ်သွားပုံကို ပြန်လည်မှတ်ကာ အတုခိုး၍ စတင်လုပ်ဆောင်လေတော့သည်။
နောက်ဆုံးရလဒ်အနေဖြင့်တော့ သူက ပန်းအစုအထွေးကြီးတစ်ခုကို အောင်မြင်စွာ ဖန်တီးနိုင်ခဲ့လေသည်။
ဝမ်လင်းလင်းမှာ ဆွံ့အသွားရလေသည်။
ချန်ဟောက်ထျန်းမှာ ပြာယာခတ်သွား၏။
“မဟုတ်သေးပါဘူး၊ စောစောက သူလုပ်တာ ဒီလိုပုံစံပဲဆိုတာ ငါသေချာ မြင်လိုက်ပါသေးတယ်”
ဝမ်လင်းလင်းက သက်ပြင်းချလိုက်ပြီး သူ့အား အရူးတစ်ယောက်ကို ကြည့်သကဲ့သို့ ကြည့်လိုက်လေသည်။
“ထားလိုက်ပါတော့၊ နင့်ကို တကယ် အားကိုးလို့မရပါဘူး”
“လင်းလင်း၊ ခဏလေး စောင့်ဦးလေ၊ ငါ သေချာပေါက် လုပ်နိုင်ပါတယ်”
ဝမ်လင်းလင်းက ဆက်၍ပင် မကြည့်ရက်တော့လောက်အောင် ဖြစ်နေကြောင်း သူမ၏အမူအရာက ဖော်ပြနေ၏။
‘သူ့ဆီကနေ ဘာမှကို မမျှော်လင့်ခဲ့သင့်ဘူး’
လင်းယန်က အနောက်မှ ဆူညံပွက်လောရိုက်နေသော ထိုနှစ်ဦးကို လျစ်လျူရှုလိုက်ပြီး ရှောင်စီယွီနှင့် ပခုံးချင်းယှဉ်ကာ သစ်အယ်ပင်များရှိရာသို့ လျှောက်လာခဲ့လေသည်။
“ဒီအရှေ့မှာက တောင်ပေါ်တက်တဲ့ လမ်းပဲ၊ ဒီနေ့တော့ ငါတို့ တောင်ပေါ်ကို မတက်တော့ဘူး၊ တောင်ခြေမှာပဲ သစ်အယ်သီး ခူးကြတာပေါ့”
ဤလမ်းတိုလေးကို လျှောက်လာရုံမျှဖြင့်ပင် သူတို့သုံးယောက်စလုံး ပင်ပန်းနွမ်းနယ်နေကြသည်ကို သူ တွေ့မြင်ခဲ့ရသည်။ အကယ်၍ တောင်ပေါ်သာ ဆက်တက်ပါက အပြန်တွင် သူတို့လမ်းပင်လျှောက်နိုင်တော့မည် မဟုတ်ချေ။
ပိုင်မောင်နှင့် ဟွမ်မောင်တို့မှာ အနီးအနားတွင် လိပ်ပြာများကို လိုက်လံဖမ်းဆီးနေကြလေသည်။ ဤအကောင်ပေါက်လေး နှစ်ကောင်မှာ လိပ်ပြာဖမ်းရသည်ကို တကယ်ပင် အလွန်နှစ်သက်ကြပုံရ၏။
ထို့နောက် လင်းယန်က လူစုကို ဦးဆောင်ကာ သစ်အယ်သီးများကို စတင်ခူးဆွတ်ကြလေသည်။
“သစ်အယ်သီးခွံက ဆူးတွေမစူးမိအောင် အားလုံးပဲ ဂရုစိုက်ကြပါနော်”
လင်းယန်က ခြင်းတောင်းထဲမှ ညှပ်ကလေးတစ်ခုကို ထုတ်ယူလိုက်ပြီး အားလုံးကို လက်တွေ့ ပြသလိုက်လေသည်။
ဝမ်လင်းလင်းမှာ အနည်းငယ် အဆန်းတကြယ်ဖြစ်နေ၏။
“သစ်အယ်သီးတွေက ဆူးခွံတွေထဲမှာ ရှိတာလား၊ ကျွန်မက သစ်အယ်သီးတွေက ဒီအတိုင်းကြီးပဲလို့ အမြဲထင်နေခဲ့တာ၊ အပြင်ဘက်မှာ အခွံတစ်ထပ် ရှိလိမ့်ဦးမယ်လို့ လုံးဝ မထင်ထားခဲ့ဘူး”
ရှောင်စီယွီက ပြုံးလိုက်လေသည်။
“ဆူးမစူးမိအောင် သတိထားရမယ်နော်”
နှစ်ယောက်လုံး အတွေ့အကြုံမရှိသည်ချင်းအတူတူမှာပင် ရှောင်စီယွီမှာ သစ်အယ်သီးများကို ဆူးခွံများထဲမှ ကျွမ်းကျင်ပိုင်နိုင်စွာ မည်သို့ထုတ်ယူရမည်ကို ဝမ်လင်းလင်းထက် လျင်လျင်မြန်မြန်ပဲ သင်ယူတတ်မြောက်သွားလေသည်။
ဝမ်လင်းလင်းမှာ ထိုမြင်ကွင်းကို မြင်သောအခါ အလွန်အမင်း အံ့အားသင့်သွားပြီး နှုတ်ခမ်းလေးကို စူကာ ညည်းတွားလိုက်၏။
“စီယွီ၊ နင်က အရာအားလုံးကို ဘယ်လိုလုပ် ဒီလောက် မြန်မြန်ဆန်ဆန် သင်ယူနိုင်ရတာလဲ”
လင်းယန်က အကြံပြုလိုက်လေသည်။
“ခင်ဗျားတို့ သုံးယောက် တစ်နာရီအတွင်း ဘယ်သူ သစ်အယ်သီးအများဆုံး ခူးနိုင်မလဲဆိုတဲ့ ပြိုင်ပွဲလေးတစ်ခု လုပ်ကြည့်ကြမလား”
ရန်အာဟူက ပထမဆုံး ထောက်ခံအားပေးလိုက်၏။
“ကျွန်တော်နဲ့ ပရိသတ်တွေက ဒိုင်လူကြီးတွေ လုပ်ပေးမယ်လေ”
“ပြိုင်ပွဲတစ်ခု ဆိုတော့လည်း ဆုပေးဒဏ်ပေး အစီအစဉ်တော့ ရှိရမှာပေါ့၊ ဒီပြိုင်ပွဲမှာ နောက်ဆုံးရတဲ့သူက အိမ်ပြန်ရောက်ရင် ထမင်းချက်ဖို့ မီးမွှေးပေးရမယ်ဆိုရင် ဘယ်လိုလဲ”
ထိုသို့ပြောလိုက်စဉ် ရန်အာဟူက ချန်ဟောက်ထျန်းကို အဓိပ္ပာယ်ပါပါ မျက်စပစ်ပြလိုက်လေသည်။
“ဘာလို့ အဲ့ဒီလို မျက်လုံးမျိုးနဲ့ လာကြည့်နေရတာလဲ၊ ငါက ဘယ်လိုလုပ် နောက်ဆုံးနေရာရနိုင်မှာလဲ”
နတ်သမီးလေး၏ ရှေ့မှောက်တွင် သူ လုံးဝ အားနည်းချက်ပြသ၍ မဖြစ်ချေ။
ရန်အာဟူက ပေါ့ပေါ့ဆဆပင် ခေါင်းညိတ်ပြလိုက်၏။
“အင်းပါ အင်းပါ၊ နောက်ဆုံးနေရာ မဟုတ်ပါဘူး၊ မင်းက သေချာပေါက် ပထမနေရာ ရမှာပါ၊ ဘာပဲဖြစ်ဖြစ် ငါတို့ရဲ့ သခင်လေးချန်က သူလုပ်သမျှအရာတိုင်းမှာ အမြဲတမ်းတော်နေတတ်တာပဲလေ”
ချန်ဟောက်ထျန်းမှာ ဆွံ့အသွားရလေသည်။
‘တောက်... ဘယ်လိုလုပ်ရမလဲ၊ သူက ငါ့ကို ခနဲ့နေသလို ခံစားနေရတယ်’
“ဒါဆို ဒိုင်လူကြီးရန်ရဲ့သဘောကရော၊ ဆုကြေးကို ဘာပေးသင့်တယ်လို့ ထင်လဲ”
လင်းယန်က တက်ကြွစွာ မေးမြန်းလိုက်သည်။
ရန်အာဟူက ပြန်ဖြေလေသည်။
“ကျွန်တော်က ဘယ်လိုလုပ် ဆုံးဖြတ်ချက်ချလို့ရမှာလဲ၊ သေချာပေါက် သူဌေးလင်းကပဲ ဆုံးဖြတ်ရမှာပေါ့”
လင်းယန်က တခစ်ခစ် ရယ်မောလိုက်၏။
“ဒီလိုဆိုမှတော့ ဒီပြိုင်ပွဲမှာ ပထမရတဲ့သူက အဘိုးရဲ့ ယာတောအိမ်ကို ကျိုးကြောင်းဆီလျော်တဲ့ တောင်းဆိုမှုတစ်ခုခု တောင်းဆိုခွင့်ရှိတယ်၊ အဘိုးရဲ့ ယာတောအိမ်ရဲ့ သူဌေးတစ်ယောက်အနေနဲ့ ဒီတောင်းဆိုမှုကို ဖြည့်ဆည်းပေးမယ်”
ထိုစကားကို ကြားလိုက်ရသည်နှင့် ချန်ဟောက်ထျန်းမှာ ချက်ချင်းပင် စိတ်ဝင်စားသွားလေတော့သည်။
“မင်းကိုယ်တိုင်ပြောတာနော်”
‘ဒီပြိုင်ပွဲရဲ့ ပထမနေရာဆိုတာ တခြားဘယ်သူမှ မဟုတ်ဘူး၊ ငါပဲ ဖြစ်ရမယ်’
‘ငါ ပထမရတဲ့အခါ ဟိုဆိုက်ဘေးရီးယားကျားကြီးကို လှောင်အိမ်ထဲ ထည့်ခိုင်းပစ်မယ်၊ ဘယ်သူကများ ဆိုက်ဘေးရီးယား ကျားတစ်ကောင်ကို ကိုယ့်အိမ်မှာ ကိုယ် မွေးထားမှာလဲ၊ မနေ့ညကဆိုရင် အဲ့ဒီ ဆိုက်ဘေးရီးယား ကျားကြီးက ရုတ်တရက် ဝင်လာပြီး ငါ့ကို အပိုင်းပိုင်းအစစ ကိုက်ဖြတ်နေတယ်လို့တောင် အိပ်မက် မက်ခဲ့သေးတယ်၊ ပြီးတော့ ဟို ကျိန်စာသင့်နေတဲ့ ဟတ်စကီကြီးရောပဲ၊ တခြားဘာမှ မလုပ်ခင် သူတို့ကို သုံးရက်သုံးညလောက် အစာမကျွေးဘဲ ထားပစ်ရမယ်’
ချန်ဟောက်ထျန်းတစ်ယောက် ရုတ်တရက်ကြီး စွမ်းအင်တွေ အပြည့်ဖြစ်လာသည်ကို ဝမ်လင်းလင်းနှင့် ရှောင်စီယွီတို့ နားမလည်နိုင်အောင် ဖြစ်နေကြလေသည်။
သို့သော် ထိုအရာက ဝမ်လင်းလင်း၏ အနိုင်ရလိုစိတ်ကိုလည်း လှုံ့ဆော်ပေးလိုက်သကဲ့သို့ ဖြစ်သွား၏။
ဝမ်လင်းလင်းနှင့် ချန်ဟောက်ထျန်းတို့၏ အနည်းငယ် ကပျာကယာနိုင်သော လှုပ်ရှားမှုများနှင့် ယှဉ်လိုက်ပါက လင်းယန်နှင့် ရှောင်စီယွီတို့မှာ များစွာ ပို၍ အေးဆေးတည်ငြိမ်နေကြလေသည်။
အပြည့်အဝ ပွင့်အာမနေသေးသော သစ်အယ်သီးဆူးခွံများကိုမူ လင်းယန်က ဆူးခွံကို လက်ဖြင့် ကိုင်ထားကာ ညှပ်ကိုအသုံးပြု၍ ကျန်တစ်ဝက်ကို ဟပေးလိုက်ပြီး အတွင်းမှ သစ်အယ်သီးကို အလွယ်တကူ ထုတ်ယူလိုက်လေသည်။
“ဝါး... ဒီနားတဝိုက်က သစ်ပင်တွေအားလုံးက သစ်အယ်ပင်တွေချည်းပဲလား”
ဝမ်လင်းလင်းက မော့ကြည့်လိုက်ရာ သစ်ပင်ပေါ်ရှိ သစ်အယ်သီးများမှာ လေပြေတစ်ချက် တိုက်လိုက်ရုံဖြင့် အကုန်လုံး ကြွေကျလာတော့မည့်အလား တပြွတ်တခဲ တွဲလွဲခိုနေကြသည်ကို မြင်တွေ့လိုက်ရသည်။
“ဟုတ်တယ်၊ ဒီနေရာတဝိုက်မှာ သစ်အယ်ပင် နှစ်ဆယ်၊ သုံးဆယ်လောက် ရှိတယ်၊ ပိုပြီးခူးလို့ရတယ်၊ သစ်အယ်သီးတွေက အလွယ်တကူ မပျက်စီးတတ်လို့ အိမ်ပြန်သယ်သွားတာအဆင်ပြေတယ်”
ချန်ဟောက်ထျန်းက မထီမဲ့မြင်ဟန်ဖြင့် ဝင်ရောက်ပြောဆိုလိုက်သည်။
“ငါ့မိသားစုက ဒီလိုအရာမျိုးကို စားချင်တယ်ဆိုရင် အိမ်အကူကို ဈေးဝယ်စင်တာမှာ သွားပြီး နိုင်ငံခြားကတင်သွင်းတဲ့ အသီးတွေကို တိုက်ရိုက်ဝယ်ခိုင်းလိုက်ရုံပဲ၊ ကိုယ့်ဘာသာကိုယ် အခွံနွှာနေစရာတောင် မလိုဘူး၊ အိမ်အကူက အားလုံး အသင့်လုပ်ပေးပြီးသား”
သူက ဤစကားများကြောင့် လူတိုင်း၏ အားကျမှုကို ရရှိလိမ့်မည်ဟု မူလက ထင်မှတ်ထားခဲ့သော်လည်း အားလုံးမှာ ခေါင်းငုံ့ကာ သစ်အယ်သီးများကိုသာ အာရုံစိုက်ခူးဆွတ်နေကြပြီး မည်သူကမျှ သူ့ကို ဂရုမစိုက်ကြသည်ကို တွေ့လိုက်ရလေ၏။
‘တောက်စ်...၊ ကျောင်းမှာတုန်းကတော့ ဒီလိုမှ မဟုတ်ခဲ့တာ’
ကျောင်းမှာတုန်းက သူသည် တကယ်ကို လက်ဖွာတတ်သဖြင့် လူအများက သူ့ကို ဖားယားချင်ကြပြီး သူ့အနားရှိ လူအများစုမှာလည်း အပေါ်ယံ သူငယ်ချင်းများသာ ဖြစ်ကြသည်။
သို့သော် ယခု ဤတောင်ပေါ်ရွာငယ်လေးတွင်တော့ သူ၏ အကျင့်ဆိုးများကို မည်သူကများ အလိုလိုက် အရေးတယူလုပ်ပေးမည်နည်း။
“နင်တို့က ဘယ်လိုလုပ် ဒီလောက်တောင် မြန်မြန်ခူးနိုင်ရတာလဲ”
အားလုံး၏ ခြင်းတောင်းများထဲတွင် သစ်အယ်သီးများ တစ်ထပ်စာခန့် ပြည့်နေပြီဖြစ်သော်လည်း ချန်ဟောက်ထျန်းက သူ့ခြင်းတောင်းထဲတွင်မူ ဟိုတစ်လုံး ဒီတစ်လုံးသာ ကျဲတဲတဲ ရှိနေသေးသည်ကို မြင်သောအခါ အံ့အားသင့်စွာဖြင့် မေးလိုက်လေသည်။
“ကျေးဇူးပြုပြီး သခင်လေးချန် တိတ်တိတ်လေးနေပြီးခူးလို့ရမလား၊ နင်က ဒီအချိန်တစ်လျှောက်လုံး နင့်အိမ်က အိမ်အကူအကြောင်းကိုပဲ ကြွားလုံးထုတ်နေတာလေ၊ နင် သစ်အယ်သီးမရတာ ဘာဆန်းလို့လဲ”
ဝမ်လင်းလင်းက ခနဲ့တဲ့တဲ့ လေသံဖြင့် ပြန်လည်တုံ့ပြန်လိုက်၏။
ချန်ဟောက်ထျန်းက မကျေမနပ်ဖြင့် ငြင်းဆန်လိုက်သည်။
“ဒီနားက သစ်အယ်သီးတွေကို နင်တို့အကုန်ခူးလိုက်လို့ ဖြစ်ရမယ်၊ ငါ ဟိုဘက်သွားခူးမယ်”
သူပြောသည်ကို မည်သူကမျှ ဂရုမစိုက်ကြချေ။
သူ မည်သည့်နေရာသွားခူးမည်ဆိုသည်ကိုလည်း ဘယ်သူကမျှ စိတ်မဝင်စားကြပေ။
ဖယ်ကြဉ်ခံလိုက်ရသော ချန်ဟောက်ထျန်းမှာ ဆန့်ကျင်ဘက် လမ်းကြောင်းဆီသို့ ခြေဆောင့်ကာ တစ်ကိုယ်တည်းဒေါသတကြီးထွက်သွားရုံမှတပါး အခြားရွေးချယ်စရာမရှိတော့ချေ။
လင်းယန်က ထိုနေရာသို့ တစ်ချက်လှမ်းကြည့်လိုက်ရာ ထိုနေရာမှာလည်း သစ်အယ်ပင်များဖြင့် ပြည့်နှက်နေပြီး ပြောမပလောက်အောင် အန္တရာယ်မရှိနိုင်ကြောင်း တွေ့ရှိရသည်။
ထို့ကြောင့် သူက ချန်ဟောက်ထျန်းကို သူ့သဘောအတိုင်း သွားခွင့်ပြုလိုက်လေသည်။
အင်တာနက်အသုံးပြုသူများမှာ မြေပြင်ပေါ်ရှိ လုံးဝန်းနေသော သစ်အယ်သီးများကို မြင်တွေ့ရသောအခါ သူတို့၏ အားကျမှုများကို စတင်ဖော်ပြလာကြလေတော့သည်။
“သူဌေးလင်းက တကယ်ကို သဘောကောင်းတဲ့လူပဲ၊ ဧည့်သည်တွေကို သစ်အယ်သီးခူးတဲ့အတွေ့အကြုံတောင် ရအောင်လုပ်ပေးသေးတယ်”
“ဒီသစ်အယ်သီးတွေကို ဘယ်သူမှမခူးကြဘူးလား၊ ဒါက တကယ်ကို သဘာဝတရားကပေးတဲ့ လက်ဆောင်တွေကို ဖြုန်းတီးပစ်တာပဲ”
“ဒီရွာသားတွေက တကယ် ကံကောင်းနေတာကို မသိကြဘူး၊ ငါတို့တိုက်အောက်မှာ ရောင်းတဲ့ သစ်အယ်သီးဆိုရင် တစ်ပေါင်ကို ယွမ်ဆယ်ကျပ်တောင် ပေးရတာ၊ ဒီတစ်ခြံလုံးဆိုရင် ဘယ်လောက်တောင် တန်ဖိုးရှိလိုက်မလဲ”
“ဝါး... အဲ့ဒီလောက်တောင် ဈေးကြီးတာလား”
“အခု သစ်အယ်သီးက အဲ့ဒီဈေးပဲလေ၊ ဒါတောင် အခွံပါသေးလို့၊ အခွံမပါဘူးဆိုရင် ပိုပြီးတောင် ဈေးကြီးသေးတယ်”
“ဒါကိုမြင်တော့ ငါတောင် သစ်အယ်သီးခူးဖို့ ဇာတိရွာကို ပြန်ချင်စိတ်ပေါက်လာပြီ”
“တကယ်ပါပဲ၊ လူတိုင်းက လွတ်လပ်မှုကို တောင့်တကြတာပဲ၊ ရုံးမှာ နေ့တိုင်း ဒီစုတ်ပြတ်နေတဲ့ ကွန်ပျူတာကြီးကို မျက်နှာမူနေရတာဆိုတော့ သူဌေးလင်းရဲ့ ဘဝကို တကယ် အားကျမိတယ်”
နာရီဝက်မပြည့်မီ အချိန်အတွင်းမှာပင် လူတိုင်းမှာ အပြည့်အဝ ရိတ်သိမ်းခူးဆွတ်နိုင်ခဲ့ကြလေပြီ။
ဝမ်လင်းလင်းက သူမ၏ ခြင်းတောင်းကို လှုပ်ခါလိုက်ပြီး ရှောင်စီယွီနှင့်အတူ သူမ၏ အသီးအနှံများကို တစ်ခြင်းတည်းပေါင်းထားလိုက်လေသည်။
“စီယွီ၊ ဒီသစ်အယ်သီးတွေအကုန်လုံးကို ငါ့မိဘတွေပါ မြည်းကြည့်လို့ရအောင် အိမ်ပြန်သယ်သွားမယ်”
“တကယ်ကောင်းတာပေါ့ လင်းလင်း၊ နင်က ဒီလောက်တောင် အများကြီး ခူးလိုက်နိုင်တာလား၊ အနည်းဆုံး နှစ်ပိဿာ၊ သုံးပိဿာလောက်တော့ရှိမယ်နော်”
ဝမ်လင်းလင်း၏ မျက်နှာပေါ်တွင် ပြုံးရွှင်နေပြီး သူမ၏ မျက်ဝန်းများထဲတွင် ဂုဏ်ယူဝင့်ကြွားမှု အရိပ်အယောင်လေးများ ပါဝင်နေ၏။
“နှစ်ပိဿာ၊ သုံးပိဿာလောက်မကဘူးလို့ ငါထင်တယ်”
“ဟယ်... စီယွီ၊ နင်လည်း အများကြီးခူးထားတာပဲ၊ ငါ ကြည့်ရသလောက်တော့ ပထမနေရာက ငါတို့နှစ်ယောက်ထဲက တစ်ယောက်ယောက် သေချာပေါက် ဖြစ်မှာပဲ၊ ဟို သခင်လေး ချန်ဟောက်ထျန်းဆိုတာက ဘာများအသုံးကျလို့လဲ”
ပြောရင်းဆိုရင်းနှင့်ပင် ထိုသူမှာ ရုတ်တရက် ပေါ်လာလေတော့သည်။
“လင်းလင်း၊ စီယွီ...”
“ဒီမှာ ကြည့်ကြပါဦး၊ ငါ သစ်အယ်သီးတွေ တစ်တောင်းလုံးအပြည့် ခူးလာတယ်ဟေ့”