အခန်း ၃၀
Vol. 3 Ch. 30
အခန်း (၃၀)
“သိပ်မဆိုးပါဘူးဗျာ၊ ဒီလောက်ကတော့ သာမန်ပါပဲ”
လင်းယန်သည် သူ၏လက်မောင်းအား အသာအယာ ဆန့်ထုတ်ပေးလိုက်၍ ရှောင်ကျွီဟွားသည် လည်ပင်းထက်မှတစ်ဆင့် လက်မောင်းပေါ်သို့ ချောချောချုချု ဆင်းသွားတော့သည်။
“ကြည့်စမ်းပါဦး၊ ဒီကောင်လေးက တကယ်ကို အသိဉာဏ်ရှိတာဗျ”
လင်းယန်၏ စကားအဆုံးတွင် ချောင်ရှီဖုန်းသည် ဆွံ့အ၍ ဘာပြောရမှန်းမသိ ဖြစ်နေ၏။ တိုက်ရိုက်ထုတ်လွှင့်မှုအား ကြည့်ရှုနေကြသည့် ပရိသတ်များသည်လည်း ထိုနည်းတူ တိတ်ဆိတ်သွားကြသည်။
မြွေများတွင် အသိဉာဏ်ရှိသည်ဟု ဆိုစမှတ်ပြုကြသည်မှာ မှန်သော်လည်း ယခုကဲ့သို့ အဆိပ်ပြင်းမြွေကြီးတစ်ကောင်သည် လူနှင့်ထိုမျှ ယဉ်ပါးနေသည်ကို မြင်တွေ့ရခြင်းမှာ အံ့ဩဖွယ် ဖြစ်၏။ သို့သော် လူတိုင်းသည် ထိုမြွေကြီးထက် ကျားပေါက်လေးများကို ကြည့်ချင်နေကြသည်။
လင်းယန် ပြန်ရောက်လာသည်အား မြင်သောအခါ ကျားမကြီး၏ မျက်ဝန်းများတွင် အားကိုးရာ ရလိုက်သကဲ့သို့ တောက်ပလာ၏။ နတ်ရေစင်၏ အာနိသင်ကြောင့် သူမ၏ အခြေအနေသည် သိသိသာသာ ကောင်းမွန်လာခြင်းဖြစ်ကြောင်း လင်းယန် ရိပ်မိလိုက်သည်။ ထူးခြားသည်မှာ အမြဲတမ်း ဆော့ကစားတတ်ကြသော ကျားပေါက်လေးနှစ်ကောင်မှာ ယနေ့တွင် ငြိမ်သက်၍ မိခင်ဖြစ်သူ၏ ဘေးတွင် အေးချမ်းစွာ လဲလျောင်းနေကြသည်။
မကြာမီ ကောင်းကင်ထက်မှ ရဟတ်ယာဉ် ပျံသန်းသံအား ကြားလိုက်ရ၏။ ညွှန်ကြားရေးမှူးလီ စေလွှတ်လိုက်သော ကယ်ဆယ်ရေးအဖွဲ့ ရောက်ရှိလာပြီဖြစ်ကြောင်း လင်းယန် သိလိုက်သည်။
“ငါတို့ မြန်မြန် ပြန်ဆုံကြလိမ့်မယ်လို့ မထင်ထားဘူးဗျာ”
တိမွေးကု ဆရာဝန်သည် လင်းယန်ကို မြင်သောအခါ ရင်းနှီးစွာ ပြုံးပြလိုက်၏။
“ကျွန်တော့်စိတ်ကြိုက်ဆိုရင်တော့ ခင်ဗျားနဲ့ ဒီလောက်စောစော မဆုံချင်သေးဘူးဗျ၊ ကဲ... မြန်မြန်သွားပြီး ကျားမကြီးရဲ့ ဒဏ်ရာကို စစ်ဆေးပေးပါဦး၊ ခင်ဗျားက ဒီနယ်ပယ်မှာ ကျွမ်းကျင်သူပဲ မဟုတ်လား”
လင်းယန်သည် သက်ပြင်းတစ်ချက်အား အသာအယာ ချလိုက်ကာ တိုက်တွန်းလိုက်လေသည်။
ပညာရှင်သည် သူ၏ ဆေးအိတ်ကို အမြန်ဆွဲကာ ကျားမကြီးထံသို့ ချဉ်းကပ်သွားသည်။ ယခင်ကဆိုလျှင် မည်သည့် ကာကွယ်မှုမျှမပါဘဲ တောရိုင်းကျားကြီးတစ်ကောင်အနီးသို့ မည်သူမျှ ချဉ်းကပ်ရဲကြမည် မဟုတ်ပေ။ သို့သော် ယခုအခါတွင် ထိုပညာရှင်သည် လင်းယန်၏ အမာခံပရိသတ်တစ်ဦး ဖြစ်နေပြီဖြစ်၍ လင်းယန် ဘေးတွင် ရှိနေသရွေ့ ကျားမကြီးသည် သူ့အား ရန်ပြုလိမ့်မည်မဟုတ်ဟု အခိုင်အမာ ယုံကြည်နေသည်။
ဒဏ်ရာအား အသေအချာ စစ်ဆေးပြီးနောက် တိမွေးကု ဆရာဝန်မှာ မျက်နှာတည်တည်နှင့် မေးလိုက်လေသည်။
“ငါ့မှာ သတင်းကောင်းတစ်ခုနဲ့ သတင်းဆိုးတစ်ခု ရှိတယ်၊ ဘယ်ဟာကို အရင်ကြားချင်လဲ”
ချောင်ရှီဖုန်းသည် ထိုစကားကြောင့် ရင်တထိတ်ထိတ် ဖြစ်သွားကာ စိုးရိမ်တကြီး မေးမြန်းတော့၏။
“ဒဏ်ရာက အဲဒီလောက်တောင် ပြင်းထန်လို့လား”
လင်းယန်သည် တည်ငြိမ်စွာဖြင့် မေးလိုက်လေသည်။
“သတင်းကောင်းက ဘာလဲ”
“သတင်းကောင်းကတော့ သေနတ်နဲ့ အပစ်ခံထားရပေမဲ့ သူ့ရဲ့ စိတ်ဓာတ်က တော်တော်လေး ကြံ့ခိုင်နေတုန်းပဲ၊ အနားယူတာ သေချာလုပ်မယ်ဆိုရင် တစ်လအတွင်း ပြန်ကောင်းလာနိုင်တယ်”
ထိုစကားကြောင့် ချောင်ရှီဖုန်းသည် သက်ပြင်းချနိုင်သွားသော်လည်း လင်းယန်သည် ထိုအဖြေကို ကြိုတင်ခန့်မှန်းထားပြီးသား ဖြစ်၏။ သူ တိုက်ကျွေးထားသော နတ်ရေစင်သည် ကျားမကြီးအား ယခုအချိန်အထိ တောင့်ခံနိုင်အောင် စွမ်းဆောင်ပေးထားခြင်း ဖြစ်သည် မဟုတ်လော။
“သတင်းဆိုးကိုလည်း ပြောပါဦး”
ပညာရှင်သည် သက်ပြင်းချရင်း ဆိုလေသည်။
“သတင်းဆိုးကတော့ ကျည်ဆန်က သူ့ခန္ဓာကိုယ်ထဲမှာ ကျန်နေသေးတာပဲ၊ အဲဒီသတ္တုစတွေကို ထုတ်ဖို့ဆိုရင် သူ့ကို မေ့ဆေးပေးဖို့ လိုလိမ့်မယ်”
လင်းယန်သည် တစ်ဖက်လူ ဆိုလိုရင်းကို ချက်ချင်း သဘောပေါက်လိုက်၏။
“ခင်ဗျား မေ့ဆေး လုံလုံလောက်လောက် ယူမလာဘူး မဟုတ်လား”
“ဟုတ်တယ်၊ ငါ့ဆေးအိတ်ထဲမှာ ပါလာတဲ့ မေ့ဆေးက သူ့ကို လုံးဝ သတိလစ်သွားအောင် လုပ်ဖို့ မလုံလောက်ဘူး၊ တခြားသူတွေကို ထပ်လွှတ်ခိုင်းလို့ ရပေမဲ့ အချိန်ကတော့ ကြာသွားလိမ့်မယ်၊ အဲဒီအချိန်အထိ သူ တောင့်ခံနိုင်မလားဆိုတာ ငါ အာမမခံနိုင်ဘူး”
လင်းယန် မျက်မှောင်ကြုတ်သွားသည်အား မြင်သောအခါ ပညာရှင်သည် အကြံပြုလေသည်။
“ငါ့ကို အဲဒီလိုကြည့်မနေပါနဲ့ဗျာ၊ သူ့အခြေအနေက ဒီလောက်အထိ ဆိုးရွားနေလိမ့်မယ်လို့ ငါလည်း မမျှော်လင့်ထားဘူးလေ၊ ဒါမှမဟုတ် ငါ့လုပ်ဖော်ကိုင်ဖက်တွေကို အမြန်ဆုံး မေ့ဆေး လာပို့ခိုင်းလိုက်မလား”
လင်းယန်သည် ကျားမကြီး၏ အားနည်းနေသော ပုံစံကို ကြည့်လိုက်၏။ နတ်ရေစင်ကြောင့် အသက်ရှူနိုင်သေးသော်လည်း သူမသည် ပြင်းထန်သော နာကျင်မှုအား ခံစားနေရသည်ကို လင်းယန် သိမြင်နေသည်။
“မေ့ဆေး မသုံးဘဲနဲ့ပဲ ကျည်ဆန်ကို တိုက်ရိုက် ထုတ်လိုက်ကြရအောင်”
လင်းယန်၏ စကားကြောင့် ပညာရှင်နှင့် ချောင်ရှီဖုန်းတို့မှာ မှင်သက်သွားကြတော့သည်။
“မင်း ရူးနေတာလား၊ မေ့ဆေးမပါဘဲ လုပ်ရင် ကျားမကြီး စိတ်ရိုင်းဝင်လာတဲ့အချိန် ငါတို့ သုံးယောက်လုံး ဒီနေ့ ဒီမှာတင် အသက်ပျောက်သွားနိုင်တယ်”
တိမွေးကု ဆရာဝန်သည် ကန့်ကွက်လေသည်။ချောင်ရှီဖုန်းသည်လည်း အားဖြည့်ပြောဆိုလေသည်။
“ဟုတ်တယ်၊ တောရိုင်းအရှေ့မြောက်ကျားတစ်ကောင်က နာကျင်မှုကြောင့် သောင်းကျန်းလာပြီဆိုရင် ဘယ်သူမှ ထိန်းနိုင်မှာ မဟုတ်ဘူး၊ ဒီလိုမျိုး စွန့်စားဖို့ မသင့်ဘူးဗျ”
လင်းယန်သည် ကျားမကြီး၏ အမွေးအမျှင်များအား အသာအယာ ပွတ်သပ်ပေးရင်း ခိုင်မာစွာ ဆိုလိုက်၏။
“ကျားမကြီး သောင်းကျန်းလာမှာ မဟုတ်ဘူးဆိုတာကို ကျွန်တော် ယုံကြည်တယ်”
တည်ငြိမ်၍ ယုံကြည်ချက်အပြည့်ရှိသော သူ၏ အသံမှာ ကြည့်ရှုနေသူတိုင်း၏ စိတ်နှလုံးကို လွှမ်းမိုးသွားတော့သည်။
“ဒီ Host က တကယ်ကြီး ပြောနေတာလား ၊ သူကပဲ တဇွတ်ထိုးဆန်တာလား၊ ဒါမှမဟုတ် ကျားကြီးတစ်ကောင် သောင်းကျန်းရင် ဘယ်လောက်ကြောက်ဖို့ကောင်းလဲဆိုတာ မသိတာလား”
“ဘာလို့မှန်းမသိဘူး၊ သူ အဲဒီလိုပြောလိုက်ရင် ငါကတော့ ယုံချင်စိတ် ပေါက်လာတယ်”
“ဒါပေမဲ့ သူ့ရဲ့ ဆန္ဒတစ်ခုတည်းနဲ့ တခြားလူ နှစ်ယောက်ရဲ့ အသက်ကို ရင်းလို့ မရဘူးလေ”
“ကျားမကြီးက တကယ်ကို အားနည်းနေပုံရတယ်နော်”
“သူ့မှာ ကျားမကြီးကို ငြိမ်အောင်လုပ်နိုင်တဲ့ နည်းလမ်းရှိလို့ပဲ နေမှာပါ”
“မေ့ဆေးမပါဘဲ ကျည်ဆန်ထုတ်တာကို ငြိမ်ခံနေမယ့် တောရိုင်းတိရစ္ဆာန်ဆိုတာ အိပ်မက်ထဲမှာပဲ ရှိမှာပါ”
“မင်း တကယ်ပဲ သေချာလား”
ပရိသတ်အများစုသည် ကန့်ကွက်နေကြသော်လည်း လင်းယန်၏ ယုံကြည်ချက်ရှိသော မျက်နှာပေးကြောင့် ပညာရှင်သည် တုံ့ဆိုင်းသွားကာ မေးလိုက်သည်။
လင်းယန်သည် ကျားမကြီးအား ကြင်နာစွာ ကြည့်၍ ဆိုလေသည်။
“မင်း နာကျင်နေရတာကို ငါ သိပါတယ်၊ ဒါပေမဲ့ ဒီကျည်ဆန်စတွေက မင်းကိုယ်ထဲမှာ ရှိနေသရွေ့ မင်း ပိုပြီး အားနည်းလာလိမ့်မယ်၊ ခဏလေးပဲ အောင့်ခံထားပါ၊ ဆရာဝန်က အဲဒီကျည်ဆန်တွေကို ထုတ်ပေးလိမ့်မယ်”
“ဝူး”
ကျားမကြီးသည် လင်းယန်၏ စကားအား နားလည်သကဲ့သို့ တိုးညင်းစွာ အော်မြည်လိုက်၏။
“ကျွန်တော် သေချာပါတယ်၊ စလိုက်ကြရအောင်”
လင်းယန်သည် သူ၏ လက်မောင်းပေါ်ရှိ ရှောင်ကျွီဟွားအား ချောင်ရှီဖုန်းအား ခေတ္တအပ်ရန် ကြည့်လိုက်သော်လည်း တစ်ဖက်လူ ကြောက်ရွံ့နေသည်ကို မြင်သောအခါ အနီးရှိ သစ်ပင်ပေါ်သို့သာ တင်ပေးလိုက်သည်။
တိမွေးကု ဆရာဝန်နှင့်အတူ ပါလာသော အဖွဲ့သားများသည်လည်း အခြေအနေကို စောင့်ကြည့်ရန် ဝိုင်းရံထားကြ၏။
လင်းယန်၏ ငြိမ်းချမ်းသော အထိအတွေ့ကြောင့် ကျားမကြီးသည် မြေပြင်ပေါ်တွင် မလှုပ်မယှက် လဲလျောင်းနေသည်။ ပညာရှင်သည် ဆေးပစ္စည်းများအား ပိုးသတ်ပြီးနောက် ခွဲစိတ်ရန် ပြင်ဆင်လိုက်သည်။
တစ်ဖက်တွင်လည်း သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးလီ၏ ရုံးခန်းအတွင်း၌ ညွှန်ကြားရေးမှူးနှင့် ရှောင်ဝမ်တို့သည် လင်းယန်၏ တိုက်ရိုက်ထုတ်လွှင့်မှုအား စိုးရိမ်တကြီး စောင့်ကြည့်နေကြ၏။
“ဒါက တကယ်ကို မဖြစ်သင့်တဲ့ ကိစ္စပဲ၊ အသက်ရှိတဲ့ကျားပါးစပ်ထဲကိုဝင်ပြီး သွား နုတ်ဖို့ ကြိုးစားနေသလိုပဲ”
ညွှန်ကြားရေးမှူးလီသည် လင်းယန်အတွက် စိုးရိမ်လွန်းသဖြင့် ဖုန်းဆက်၍ တားမြစ်ရန် ကြိုးစားသော်လည်း ဆက်သွယ်၍ မရချေ။ ပညာရှင်၏ ဖုန်းသည်လည်း မည်သည့်နေရာတွင် ကျန်ခဲ့သည်မသိဘဲ အကြောင်းပြန်မှု မရှိပေ။
“မရတော့ဘူး၊ လူတွေ ထပ်လွှတ်လိုက်ဦး၊ ကျားကြီး တကယ်လို့ သောင်းကျန်းလာခဲ့ရင် အချိန်မီ ထိန်းချုပ်နိုင်အောင် လုပ်ရမယ်”
ညွှန်ကြားရေးမှူးသည် အမိန့်ပေးလေသည်။
ရှောင်ဝမ်သည် အနည်းငယ် ပို၍ တည်ငြိမ်နေသည်။ လင်းယန်၏ တိုက်ရိုက်ထုတ်လွှင့်မှုများကို အမြဲမပြတ် ကြည့်ရှုလာခဲ့သူဖြစ်ရာ ဘာမှမဖြစ်နိုင်ကြောင်း သူ ယုံကြည်နေ၏။
“ညွှန်ကြားရေးမှူး... ကျားမကြီးက ရှောင်လင်းအပေါ်မှာ တကယ်ကို ယုံကြည်မှု ရှိနေပုံရတယ်ဗျ”
ညွှန်ကြားရေးမှူးလီသည် သက်ပြင်းချရင်း ပြောလိုက်၏။
“ဒါ ငါ့ရဲ့ ပေါ့ဆမှုလည်း ပါတာပေါ့၊ ပြီးခဲ့တဲ့တစ်ခေါက်က သူ့ကို ဘေးကင်းရာဇုန်အထိ ပြန်ပို့ခဲ့ပေမဲ့ အခု တောထဲမှာ ဒဏ်ရာရသွားတယ်ဆိုတော့”
“ဒါ ညွှန်ကြားရေးမှူး အမှား မဟုတ်ပါဘူး၊ ယုတ်မာတဲ့ အမဲလိုက်သမားတွေရဲ့ အမှားပါ”
ရှောင်ဝမ်သည် ညွှန်ကြားရေးမှူးလီအား နှစ်သိမ့်လေသည်။
“ဒီလူတွေကို မဖမ်းမိသရွေ့ ကျားမကြီးကို တောထဲ ပြန်လွှတ်ဖို့ မဖြစ်နိုင်တော့ဘူး၊ ဒါပေမဲ့ ကျားမကြီးကို ဘယ်မှာ ထားပြီး ဆေးကုပေးမလဲဆိုတာက ပြဿနာပဲ”
ရှောင်ဝမ်၏ မျက်လုံးများ ဝင်းလက်သွားကာ ပြောလိုက်၏။
“ညွှန်ကြားရေးမှူး... အဲဒီအတွက် အသင့်တော်ဆုံးသူက ကျွန်တော်တို့ ရှေ့မှာတင် ရှိနေတာ မဟုတ်လား”
“မင်းက ရှောင်လင်းကို ပြောတာလား”
ညွှန်ကြားရေးမှူးလီသည် ပြန်လည် မေးခွန်းထုတ်လိုက်ပါတော့သည်။