← Chapters

အခန်း ၁၃၁

Vol. 14 Ch. 131

အခန်း ၁၃၁

Vol. 14 Ch. 131

အခန်း (၁၃၁)

လွန်ခဲ့သည့်နှစ်ရက်တာကာလအတွင်း လင်းယန်တစ်ယောက် ယန်အာဟူကိုခေါ်ကာ သစ်သီးခြံထဲ၌ ပျားအုံများ ဆောက်လုပ်နေခဲ့သည်။

ထို့နောက် သူတို့နှစ်ဦးသည် ယူရီယာအပင်ငယ်လေးများကို ပြောင်းရွှေ့စိုက်ပျိုးကာ ပျားလေးများ ပျားရည်လာစုပ်မည့်အချိန်ကို စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေရုံသာ ဖြစ်၏။

ယင်းအပြင် သူက ရွှေလင်းယုန်ကြီး၏ အနီးနားတွင် ဂျာဖယ်ကွန်သိမ်းငှက်ဇနီးမောင်နှံအတွက် အသိုက်တစ်ခုကိုပါ တည်ဆောက်ပေးခဲ့သေးသည်။

သို့သော် ရုတ်တရက်ရောက်လာသော အိမ်နီးချင်းအသစ်များကြောင့် ရွှေလင်းယုန်ကြီးမှာ အနည်းငယ် စိတ်အလိုမကျဖြစ်နေပုံရ၏။

သိမ်းငှက်ဇနီးမောင်နှံ မရောက်လာခင်အချိန်အထိ ဤသစ်ပင်ကြီးတစ်ပင်လုံးကို သူတစ်ကောင်တည်းသာ ကြီးစိုးခွင့်ရခဲ့သည် မဟုတ်ပါလား။

မည်သို့ပင်ဆိုစေ ဆန္ဒပြရုံသက်သက်ဖြင့် ဖြေရှင်း၍မရနိုင်သော ကိစ္စရပ်များလည်း ရှိနေတတ်ပေသည်။

လင်းယန်က နဖူးမှစီးကျလာသော ချွေးစက်များကို သပ်ချလိုက်ရင်း လက်ထဲမှ ဂေါ်ပြားကို အောက်ချကာ ညည်းတွားလိုက်၏။

“အခုတော့ ယူရီယာပင်လေးတွေ စိုက်လို့ ပြီးသွားခဲ့ပြီ၊ ငါတို့နှစ်ယောက်တည်း ဒီအလုပ်တွေကို လုပ်ရတာ နည်းနည်းတော့ ပင်ပန်းလွန်းတယ်”

ထိုစကားကိုကြားလိုက်ရချိန်တွင် ယန်အာဟူမှာ မျက်ရည်ကျမတတ် ဝမ်းသာသွားခဲ့သည်။

“သူဌေးရာ... နောက်ဆုံးတော့လည်း ခင်ဗျားသဘောပေါက်သွားပြီပဲ၊ စိတ်မပူပါနဲ့၊ ကျွန်တော် ဟွမ်မောင်တို့ကို ပြောထားပြီးပြီ၊ နောက်ရက်အနည်းငယ်ကြာရင် ကျွန်တော့်အိမ်က စပါးတွေရိတ်သိမ်းတဲ့အခါ သူတို့လာပြီး ကူညီပေးကြလိမ့်မယ်”

“ငါတို့ သဘောတူထားတဲ့ လုပ်အားခက တစ်ရက်ကို ယွမ် ၁၅၀ မလား”

လင်းယန်က ခေါင်းခါယမ်းလိုက်ကာ ပေါက်ပြားကို ပခုံးပေါ်ထမ်းတင်ရင်း အိမ်ဆီသို့ ခြေလှမ်းပြင်လိုက်သည်။

“အဲဒီစျေးက နည်းနည်းနည်းနေတယ်၊ စပါးရိတ်တယ်ဆိုတာ ပင်ပန်းတဲ့အလုပ်ပဲလေ၊ သူတို့ကို တစ်ရက် ယွမ် ၂၀၀ ပေးလိုက်ပါ၊ ငါတို့ အလုပ်များနေချိန်ဆိုရင် ဒီမှာ ထမင်းကျွေးနိုင်မှာ မဟုတ်ဘူး၊ ဒါကြောင့် သူတို့ဘာသာသူတို့ပဲ အဆင်ပြေအောင် စီစဉ်ကြပါစေ”

“ကောင်းပါပြီ၊ ကျွန်တော် သူတို့ကို အကြောင်းကြားလိုက်ပါ့မယ်၊ သူတို့ဘက်ကလည်း ဘာမှကန့်ကွက်စရာ ရှိမှာမဟုတ်ပါဘူး”

နောက်ထပ် နှစ်ရက်ခန့် မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့ပြန်သည်။

လင်းယန် အိမ်သို့ပြန်ရောက်လာချိန်တွင် ခြံဝင်းအတွင်း၌ ရွာသူကြီးတစ်ယောက် လက်ဖက်ရည်သောက်ရင်း ထိုင်နေသည်ကို တွေ့လိုက်ရ၏။

သူ့ဘေးတွင်တော့ ရဲဝတ်စုံဝတ်ဆင်ထားသော အမျိုးသားနှစ်ဦးလည်း ရှိနေသည်။

လင်းယန်ကို မြင်သည်နှင့် သူတို့မှာ အလောတကြီး မတ်တတ်ရပ်လိုက်ကြ၏။

“လင်းယန်၊ မင်းဘယ်တွေသွားနေတာလဲ၊ ဖုန်းဆက်လို့လည်းမရဘူး၊ ငါတော့ တော်တော်လေး စိတ်ပူသွားတာ၊ မင်းနဲ့ အရေးတကြီး ပြောစရာကိစ္စလေးရှိနေလို့”

လင်းယန်က အနည်းငယ် ကြောင်အမ်းအမ်းဖြင့် မေးလိုက်သည်။

“ရွာသူကြီး၊ ကျွန်တော့်ကို ဘာကိစ္စများ အရေးတကြီးလိုအပ်လို့လဲ၊ ခြံထဲသွားနေတာ ဖုန်းက ဘက်ထရီကုန်နေလို့ အိမ်မှာအားသွင်းထားခဲ့တာ”

ပုံမှန်အားဖြင့် သူ့ကို ရုတ်တရက်လာရှာမည့်သူဟူ၍ မရှိတတ်ပေ။ ထို့ကြောင့် ဖုန်းယူသွားသည်ဖြစ်စေ၊ မယူသွားသည်ဖြစ်စေ သိပ်တော့ အရေးမကြီးလှပေ။

သို့သော် ယနေ့ ဖုန်းမယူသွားမိသည့်အချိန်မှ တိုက်တိုက်ဆိုင်ဆိုင် ရွာသူကြီးက အရေးတကြီးလာရှာနေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

ရွာသူကြီးက ရဲဝတ်စုံဝတ် အမျိုးသားနှစ်ဦးကို လင်းယန်နှင့် မိတ်ဆက်ပေးလိုက်သည်

“ဒီနှစ်ယောက်က မြို့နယ်ပြည်သူ့လုံခြုံရေးဗျူရိုက ရဲမှူးကျန်းနဲ့ ရဲမှူးလီတို့ပဲ၊ သူတို့က မင်းဆီကနေ အကူအညီတစ်ခုလောက် တောင်းချင်လို့တဲ့”

လင်းယန်က အခြေအနေကို ကောင်းကောင်းနားမလည်နိုင်သေးသဖြင့် သူတို့ကို ကြည့်လိုက်သည်။

“မင်္ဂလာပါ ရဲဘော်တို့၊ အရင်ဆုံး ထိုင်ကြပါဦး၊ ကျွန်တော် ရေနွေးလေး သွားယူပေးမယ်၊ ဒီက လက်ဖက်ရည်တွေက အေးစက်နေပြီမို့ မသောက်ကြနဲ့တော့”

ရဲမှူးကျန်းမှာ လေးထောင့်စပ်စပ် မျက်နှာပေါက်မျိုးရှိပြီး မပြုံးဘဲနေလျှင် အလွန်တည်ကြည်လေးနက်သည့်ရုပ်သွင် ရှိပေ၏။

“မင်းက ရဲဘော်လင်းယန်မလား၊ ဒုက္ခမခံပါနဲ့တော့၊ ဒီကိစ္စက တော်တော်လေးအရေးကြီးနေလို့ပါ၊ မင်း ငါတို့နဲ့အတူ လိုက်ခဲ့ပေးနိုင်မလားဆိုတာ လာမေးတာ”

ရဲမှူးလီက ခေါင်းညိတ်ထောက်ခံရင်း ဝင်ပြောလိုက်သည်။

“ဒီအနီးနားက တောင်တန်းတွေရဲ့ အခြေအနေကို မင်းတော်တော်လေးကျွမ်းကျင်တယ်လို့ ကြားတယ်”

ဘာတွေဖြစ်ပျက်နေမှန်း မသိရသေးသော်လည်း လင်းယန်က အမှန်အတိုင်းပင် ဖြေကြားလိုက်၏။

“ကျွန်တော် ငယ်ငယ်လေးကတည်းက အဘိုးအိမ်မှာ ကြီးပြင်းလာခဲ့တာပါ၊ ပြီးတော့ ဒီလပိုင်းတွေမှာလည်း တောင်ပေါ်ကို မကြာခဏ တက်ဖြစ်နေတယ်၊

အထူးတလည် ကျွမ်းကျင်လှတယ်လို့တော့ မပြောလိုပေမဲ့ လမ်းမပျောက်နိုင်ဘူးလို့တော့ ရဲရဲကြီး ပြောရဲတယ်”

ရဲမှူးလီနှင့် ရဲမှူးကျန်းတို့ အချင်းချင်း အဓိပ္ပါယ်ပါပါ မျက်လုံးချင်းဆုံလိုက်ကြပြီးနောက် ရဲမှူးကျန်းက ဖြည်းညင်းစွာ ရှင်းပြလာသည်။

“ဒီလိုပါ၊ လောင်တောင်တန်းက မကြာသေးခင်ကမှ အွန်လိုင်းပေါ်မှာ ရုတ်တရက် နာမည်ကြီးလာတာကြောင့် စူးစမ်းလေ့လာရေးအဖွဲ့တစ်ဖွဲ့က အဲဒီတောင်ပေါ်ကို သွားခဲ့ကြတယ်၊

ဒါပေမဲ့ လောင်တောင်ပေါ် ရောက်သွားပြီးတဲ့နောက် သူတို့နဲ့ လုံးဝ အဆက်အသွယ်ပြတ်တောက်သွားပြီ”

“ပရိသတ်တွေရဲ့ သတင်းပေးပို့မှုတွေကြောင့်သာ ဒီကိစ္စကို ငါတို့ သတိထားမိခဲ့တာ၊ သူတို့ အဆက်အသွယ်ပြတ်သွားတာ အခုဆို နှစ်ရက်တောင် ရှိနေပြီမို့ အခြေအနေက တော်တော်လေး စိုးရိမ်ရတယ်၊

ဒါကြောင့် တောင်ရဲ့အနေအထားကို ကောင်းကောင်းသိတဲ့သူတစ်ယောက် ငါတို့နဲ့အတူ တောင်ပေါ်လိုက်ပြီး ရှာဖွေပေးဖို့ မျှော်လင့်နေတာပါ”

ရှီးရွှေရွာလေး၏ နောက်ကျောဘက်တွင် တောင်တန်းတစ်သိန်း ဟုခေါ်သော တောင်ကြောကြီးများ တည်ရှိလေသည်။

လင်းယန် မကြာခဏသွားလေ့ရှိသော တောင်မှာ လူနေအိမ်ခြေ အနည်းငယ် ရှိနေသေး၏။

သို့သော် လောင်တောင်တန်းကမူ အနီးအနားရှိ ရွာသူရွာသားများ လုံး၀ရှောင်ကြဉ်ကြသော နေရာတစ်ခုဖြစ်သည်။

ဒဏ္ဍာရီလာပုံပြင်များအရ လောင်တောင်တန်းတွင် ဝက်ဝံနက်နှင့် ကျားကဲ့သို့သော ကြမ်းကြုတ်သည့် သားရဲတိရစ္ဆာန်များ မရေမတွက်နိုင်အောင် ရှိနေသည်ဟု ဆိုကြ၏။

ဤနေရာသည် လုံးဝကို ဖွံ့ဖြိုးတိုးတက်မှုမရှိသေးသော တောနက်ကြီးတစ်ခုသာ ဖြစ်သည်။

ထို့ကြောင့်ပင် အန္တရာယ်များနှင့် ပြည့်နှက်နေရခြင်း ဖြစ်ပေသည်။

လောင်တောင်တန်း မည်သို့မည်ပုံ နာမည်ကြီးလာကြောင်း ယန်အာဟူ ပြောပြဖူးသည်ကို လင်းယန် ကြားခဲ့ဖူးသည်။

လူငယ်တစ်ဦးက လောင်တောင်တန်းအပေါ်မှ ဒရုန်းပျံသန်းရင်း ထိုနေရာလေး၏ လျှို့ဝှက်ဆန်းကြယ်မှုကို သတိထားမိသွားကာ အွန်လိုင်းပေါ်သို့ ဗီဒီယိုတင်လိုက်ရာမှ မထင်မှတ်ဘဲ လူသိများလာခြင်းဖြစ်ပုံရ၏။

အွန်လိုင်းအသုံးပြုသူများကလည်း ဤလျှို့ဝှက်ဆန်းကြယ်သော နေရာလေးအပေါ် စိတ်ဝင်စားမှု မြင့်တက်လာခဲ့ကြသည်။

သို့သော် လောင်တောင်တန်းကို စူးစမ်းလေ့လာရန် အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းခြင်းမှာမူ ရဲတင်းလွန်းသည့် လုပ်ရပ်တစ်ခု ဖြစ်သည်။

“ဒီစူးစမ်းလေ့လာရေးအဖွဲ့မှာ လူဘယ်နှယောက် ပါသွားတာလဲ”

ရဲမှူးကျန်းက ပြန်ဖြေလာသည်။

“ငါတို့ရထားတဲ့ အချက်အလက်တွေအရတော့ အမျိုးသမီးနှစ်ယောက်နဲ့ အမျိုးသားလေးယောက် စုစုပေါင်း ခြောက်ယောက်ရှိတယ်”

“သူတို့အားလုံးက နိုင်ငံခြားသားတွေချည်းပဲ”

ထိုစကားကိုကြားလိုက်ရသောအခါ လင်းယန်၏ နှုတ်ခမ်းများ အနည်းငယ် တွန့်ကွေးသွားလေသည်။ သေလမ်းကို ရှာနေသော နိုင်ငံခြားသားများက ဤနေရာအထိပင် ရောက်လာကြသည်လော။

သူတို့နှင့် အဆက်အသွယ်ပြတ်တောက်နေသည်မှာ နှစ်ရက်ပင် ရှိနေပြီဖြစ်ရာ ထိုလူများ အသက်ရှင်လျက် ရှိနေနိုင်ခြေမှာ အလွန်နည်းပါးလှသည်ဟု သူခံစားမိ၏။

သူငယ်စဉ်ကတည်းက အဘိုးဖြစ်သူက လောင်တောင်တန်းအနီးသို့ လုံးဝ မသွားရန် အမြဲသတိပေးခဲ့ဖူးသည်။

တိရစ္ဆာန်များသည် ယေဘုယျအားဖြင့် လူကိုမစားတတ်သော်လည်း လူသားများနှင့် ကာလကြာရှည်စွာ အဆက်အသွယ်မရှိခဲ့ခြင်းကြောင့် သူစိမ်းများ ဝင်ရောက်လာသည့်အခါ ရန်ပြုတိုက်ခိုက်ရန် ဝန်လေးမည်မဟုတ်ပေ။

“အခု သံရုံးဘက်ကလည်း အသက်ရှင်လျက်ဖြစ်စေ၊ သေဆုံးလျက်ဖြစ်စေ နှစ်ရက်အတွင်း ရှာတွေ့ရမယ်ဆိုပြီး ငါတို့ကို အဆက်မပြတ်ဖိအားပေးနေတယ်”

“ငါတို့ဘက်ကလည်း ရှာဖွေရေးအဖွဲ့ နှစ်ဖွဲ့ ဖွဲ့ပြီး ဝင်ရှာခဲ့ပေမဲ့ လောင်တောင်တန်းရဲ့ မြေပြင်အနေအထားက ရှုပ်ထွေးလွန်းတယ်၊

သူ့ရဲ့ ထူးခြားတဲ့ သံလိုက်စက်ကွင်းကြောင့် အထဲမှာ သံလိုက်အိမ်မြှောင်တွေက လုံးဝ အလုပ်မလုပ်တော့ဘူး”

“ငါတို့အဖွဲ့နှစ်ဖွဲ့တောင် အထဲမှာ လမ်းပျောက်မလို ဖြစ်ခဲ့ရတယ်”

ရဲမှူးလီက ဒေါသတကြီးဖြင့် ဝင်ပြောလာပြန်သည်။

“ဒီနိုင်ငံခြားသားတွေက ပြဿနာရှာချင်နေတာပဲ၊ စိတ်လှုပ်ရှားစရာကောင်းတာကို သဘောကျရင် သူတို့နိုင်ငံမှာပဲ သူတို့ရှာကြပေါ့၊ ငါတို့နိုင်ငံကို ဘာလို့လာကြတာလဲ၊ ငါတို့ကို ဒုက္ခလာပေးနေတာ သက်သက်ပဲ”

ရဲမှူးကျန်းက ရဲမှူးလီကို ကြည့်ကာ ထိုသို့သောစကားများ ထပ်မပြောရန် မျက်လုံးဖြင့် သတိပေးလိုက်၏။

နိုင်ငံတကာ စည်းလုံးညီညွတ်ရေးကို ထိခိုက်စေမည့် ဤကဲ့သို့သော စကားမျိုး အပြင်သို့ ပေါက်ကြားသွားပါက အခြေအနေမကောင်းနိုင်ပေ။

ထို့ကြောင့် ရဲမှူးလီမှာ ပါးစပ်ပိတ်ထားလိုက်ရတော့သည်။

“ကောင်းပြီ၊ ကျွန်တော်တို့ ဒီနေ့ပဲ တောင်ပေါ်တက်ကြမှာလား”

ရဲမှူးကျန်းက ခေါင်းညိတ်ပြလိုက်သည်။

“ဒီကိစ္စက တော်တော်လေးအရေးကြီးတယ်၊ အဲဒီအဖွဲ့ကို စောစောရှာတွေ့လေ ပိုကောင်းလေပဲ၊ စောစောရှာတွေ့ရင် အသက်ရှင်နိုင်ခြေပိုများတာပေါ့”

“ဒီအဖွဲ့က နိုင်ငံခြားမှာ နာမည်ကြီးအဖွဲ့ဖြစ်နေတော့ အွန်လိုင်းပေါ်က လူပြောအများဆုံး သတင်းတွေကလည်း သူတို့အကြောင်းချည်းပဲ၊

ငါတို့ခံစားနေရတဲ့ ဖိအားက သံရုံးကတင်မကဘူး၊ အွန်လိုင်းပေါ်က ပြည်သူတွေရဲ့ ထင်မြင်ချက်တွေကပါ ဖိအားဖြစ်နေတာ”

“ဒါဆို ကျွန်တော် ပြင်ဆင်စရာရှိတာပြင်ဆင်ပြီး ခင်ဗျားတို့နဲ့အတူ လိုက်ခဲ့ပါ့မယ်”

လင်းယန်သည် တောင်တက်ရန် သင့်လျော်သောအဝတ်အစားများကို လဲလှယ်ဝတ်ဆင်လိုက်ပြီး သူ့ခြင်းတောင်းထဲသို့ တံစဉ်တစ်ခုကိုထည့်ကာ ခွေးကြီးကို ခေါ်လိုက်လေသည်။

ထောင့်ကျကျ နေရာလေးတွင် အနားယူနေသော ခွေးကြီးကို ရဲမှူးကျန်း သတိထားမိသွား၏။

“မင်းအိမ်မှာ ဝံပုလွေနှစ်ကောင်တောင် မွေးထားတာလား”

ခုနက သူဝင်လာစဉ်က ဝံပုလွေမတစ်ကောင်ကို တွေ့ခဲ့ရပြီး ယခု ဤအကောင်မှာ ဝံပုလွေထီး ဖြစ်နေသည်။

ထို့အပြင် ခြံနောက်ဖေးတွင် တောဝက်တစ်ကောင်နှင့် အရှေ့မြောက်ကျား နှစ်ကောင်ကိုပါ တွေ့ခဲ့ရသေး၏။

သစ်ပင်ပေါ်တွင် တွယ်တက်နေသည့် ရွှေရောင်မျောက်ဝံတစ်ကောင်လည်း ရှိနေသေးသည်။

ဤအိမ်ရှိ တိရစ္ဆာန်များကို ကြည့်ရုံမျှဖြင့် ရဲမှူးကျန်းတစ်ယောက် ရေတွက်၍ပင် မကုန်နိုင်တော့သလို ခံစားလိုက်ရ၏။

သို့တိုင် ရွာသူကြီးကမူ ဤနေရာသည် တိရစ္ဆာန်ရုံမဟုတ်ဘဲ ယာတောအိမ်လေးမျှသာဖြစ်သည်ဟု ပြောခဲ့သေး၏။

ထို့ကြောင့် ရဲမှူးကျန်းမှာ အတော်လေး အံ့ဩသွားခဲ့ရသည်။

ယာတောအိမ်လေးတစ်ခုက နိုင်ငံတော်အဆင့် အကာအကွယ်ပေးထားရသော တိရစ္ဆာန်များကို ဤမျှများပြားစွာ မွေးမြူထားနိုင်သည်လော။

တရားဝင် လုပ်ထုံးလုပ်နည်းများနှင့်အညီ လုပ်ဆောင်ထားခြင်းများ ရှိသည်လော။

အံ့သြစရာကောင်းသည်မှာ ရွာသူကြီး၏စကားက အမှန်ပင်ဖြစ်သည်။

လင်းယန်က ခွေးကြီး၏ခေါင်းကို သပ်ပေးလိုက်သည်။

“ဒီအကောင်က ဟက်စကီခွေးလေးပါ၊ ကျွန်တော် ဘွဲ့ရစအချိန်က လမ်းပေါ်ကနေ ကောက်ရခဲ့တာ”

ထိုအဖြေကို ကြားလိုက်ရသောအခါ ရဲမှူးကျန်းနှင့် ရဲမှူးလီတို့မှာ ခွေးကြီးကို ထပ်ခါတလဲလဲ ကြည့်မိသွားကြသည်။

ဤအကောင်၏ မျက်လုံးများမှာ ခွေးတစ်ကောင်ထက်စာလျှင် အလွန်စူးရှလွန်းနေပြီး ဝံပုလွေတစ်ကောင်နှင့် ပိုတူနေသည်ဟု သူတို့ အမြဲခံစားနေရ၏။

သို့သော် လင်းယန်က ဟက်စကီဟု ပြောနေမှတော့ ဟက်စကီပင် ဖြစ်ရပေမည်။

ဝံပုလွေနှင့် ပိုတူနေခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။

“ရွာသူကြီး၊ ကျွန်တော် သူတို့နဲ့အတူ တောင်ပေါ် လိုက်သွားလိုက်ပါဦးမယ်၊ ခဏနေ အာဟူကိုတွေ့ရင် ကျွန်တော့်ကိုယ်စား ပြောပေးလိုက်ပါဦး၊

ဒီနေ့ ကျွန်တော် စောစောပြန်ရောက်လာနိုင်မှာ မဟုတ်ဘူးလို့”

ရွာသူကြီးက ခေါင်းညိတ်လိုက်သည်။

“ကောင်းပါပြီ၊ သွားသာသွားပါ၊ ဘာမှစိတ်မပူနဲ့”

ရဲမှူးကျန်းက ဖုန်းတစ်ချက်ဆက်လိုက်ရာ ရွာသူကြီးအိမ်တွင် ကျန်ရစ်နေခဲ့သော ရဲအရာရှိများ ချက်ချင်းပင် လင်းယန်၏အိမ်ဆီသို့ ရောက်ရှိလာကြ၏။

သူတို့ ယာယီဖွဲ့စည်းထားသော ဤရှာဖွေကယ်ဆယ်ရေးအဖွဲ့တွင် လူနှစ်ဆယ်ခန့်ပါဝင်လေသည်။

ရဲမှူးကျန်းနှင့် ရဲမှူးလီတို့က လူဆယ်ယောက်စီကို အသီးသီးဦးဆောင်ခဲ့ကြ၏။

“ဒီဘက်လမ်းကနေ တောင်ပေါ်တက်ကြရအောင်၊ ဒီတောင်ကိုကျော်သွားရင် အဲဒီအနောက်က လောင်တောင်တန်းပဲ”

ရဲမှူးလီက စပ်စုလိုစိတ်ဖြင့် မေးလိုက်လေ၏။

“မင်း ဒီခွေးကြီးကိုပါ ခေါ်သွားမလို့လား”

လင်းယန်က ခေါင်းညိတ်ပြလေသည်။

“ခွေးတွေရဲ့ အနံ့ခံနိုင်စွမ်းက လူတွေထက် ပိုပြီးထက်မြက်တယ်လေ၊ သူက အရင်ဆုံးရှာတွေ့သွားနိုင်တ်”

“တကယ်တော့ အစက ငါတို့လည်း ရှာဖွေကယ်ဆယ်ရေးခွေးတွေ ခေါ်လာခဲ့သေးတယ်၊ ဒါပေမဲ့ ဘာမှအသုံးမဝင်ခဲ့ဘူး၊

ပြီးတော့ အဲဒီရှာဖွေရေးခွေးတွေက လောင်တောင်တန်းထဲကို ရောက်သွားတာနဲ့ တော်တော်လေး ကြောက်လန့်နေကြတာ”

ထို့ကြောင့်ပင် ယခုတစ်ကြိမ်တွင် ရှာဖွေရေးခွေးများကို သူတို့ ခေါ်မလာခဲ့ခြင်းဖြစ်သည်။

လင်းယန်က ခွေးကြီး၏ခေါင်းကို ပုတ်ပေးရင်း ပြုံးကာ ပြောလိုက်သည်။

“ဒီခွေးကြီးက ကျွန်တော်နဲ့အတူ တောင်ပေါ်ကို အကြိမ်ကြိမ်ရောက်ဖူးတယ်၊ သူကတော့ ကြောက်လန့်နေမှာမဟုတ်ပါဘူး”

All Chapters